........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Dec 27, 2012

အဆုံးအမ ကဗျာများ

အိုးမဖုတ်ခင် အိုးလုပ်စဉ်ဝယ်

အိုးတွင်နှိပ်ခတ် တံဆိပ်မှတ်ကား

မပြတ်မစဲ အိုးပင်ကွဲလည်း

အမြဲမသွေ တည်ရှိနေသို့

ထိုထိုသွေးသား ကလေးများသို့

ဘုရားတံဆိပ် ဘာသာစိတ်ကို

ခပ်နှိပ်နိုင်မှ သက်ဆုံးကျအောင်

ဗုဒ္ဓ၀ါဒီ စွဲ၍တည်မည်

ကိုယ်စီတံဆိပ် ခပ်နှိပ်သောဝ်။ ။


သံဝေဂလင်္ကာ

၁။ လူတို့နေရာ၊ ဤဌာနာ၊ တဏှာအုပ်စိုးသည်၊

၂။ တဏှာစေရာ၊ မနေသာ၊ ဖွေရှာဆက်ရသည်၊

၃။ တကယ့်အရေး၊ တကယ့်ဘေး၊ ဘယ်သွေးဘယ်သား၊ မကယ်နိုင်ပြီ၊

၎။ ရသည့်ဥစ္စာ၊ ချစ်သူပါ၊ စွန့်ခွာသွားရမည်၊

၅။ ငါနှင့်ရွယ်တူ၊ ငါ့အောက်လူ၊ ကြီးသူသေကများလှပြီ၊

၆။ ခဏမဆဲ၊ အိုစမြဲ၊ ငါလဲသေဘက်နီးခဲ့ပြီ၊

၇။ ဇရာမီးတောင်၊ ကိုယ်ထဲလောင်၊ သေအောင်မြိုက်တော့မည်၊

၈။ မသေရခင်၊ သွားလမ်းစဉ်၊ ကြိုတင်ပြင်သင့်သည်၊

၉။ ဒါန၊ သီလ၊ ဘာဝနာ လမ်းသာထွင်လိမ့်မည်၊

၁၀။ မဂ္ဂင်ဖောင်ကြီး၊ အမြန်စီးခရီး၊ ထွက်တော့မည်၊


လူ့ဘုံထုံးစံကဲ့ရဲ့ဒဏ်ဖြင်၊့

ရန်မာန်ပိတ်သဲခရီးခဲ၌၊

စိတ်ဇွဲသန်သန် နောက်မပြန်ဘဲ၊

ရဲမာန်ရဲသွေးရဲစိတ်မွေးလျက်၊

ရဲသွေးနီနီစီရရီဖြင့်၊

ဦးတည်မပျက်၊ ရှေ့သို့ဆက်လော့။


ကိုယ်တည်းတစ်ယောက်

ချမ်သာရောက်ဘို့

ခုလောက် ကြိုးကုတ်

အားမထုတ်ဘူး၊

ဗုဒ္ဓမြတ်စွာသာသနာ၏

ရှေးခါဘိုးဘ လက်ထက်ကလျှင်

ရသည့်တန်ခိုး ထက်မငြိုးအောင်

အားကြိုးမာန်တက် ငါဆောင်ရွက်သည်၊

ဆက်လက်တည်တံ့ ပါစေသော်။


ဒို့မြေဌာနီ ရှေးခါစီဝယ်၊ မထေရ်အပေါင်း စံရာကျောင်းမှ

ငြိမ်းငြောင်းသာယာ မိန့်အာဏာကို၊ ရပ်ရွာလူများ လွန်လေးစားခဲ့၊

ခုကားသို့နှယ် မဟုတ်ကွယ်၍ နယ်ပယ်ပွားစီး သားသမီးတို့၊

ဘုန်းကြီးကျောင်းတွင် စာမသင်တော့။

ထို့ပြင် မြို့နေ ကလေးတွေက၊ ဒို့မေဘာသာ ဒို့မေစာကို

သင်ရာကောင်းမျှ မထင်ကြဘဲ ပြင်ကလာပေး စာပထွေးကို

အလေးဂရု အရေးပြု၏။

ယခုလိုသာ နှစ်ပေါင်းကြာလျှင်၊ မြန်မာပြည်ဖွား တိုင်းရင်းသားတို့

ဘုရားကိုစွန့် တရားစွန့်၍၊ စွန့်လိမ်မှန်စွာ မြတ်သံဃာတည်း။

ထိုအခါလူများ ကိုယ်ကျင့်အားဖြင့်၊ တရားမပါ အမှားစာကြောင့်၊

များစွာ ခုထက် တိုး၍ပျက်လိမ့်။

သို့တွက်များပြား ဘုန်းဘုရားတို့၊ တရားကိုယ်ကျင့် လုံအောင်ကျင့်၍၊

မလင့်စေရ ကိုယ်ဒေသ၌ သိပ္ပ ၀ိဇ္ဖာ ပြသင့်ရာကို၊ ကောင်းစွာပိုင်ပိုင် ပြသနိုင်မှ

ဘုန်းလှိုင် ဟောပြ သြ၀ါဒကို၊ စိတ်ကကြည်ဖြူ လိုက်နာယူ၍၊

ကိုယ်မှု နှုတ်ပြောင်း၊ စိတ်လည်း ကောင်းလိမ့်။

အကောင်း မကောင်း အကြောင်းကြောင်းကို၊ သောင်းပြောင်း ကုန်စင် အစုံမြင်၍၊

ထေရ်ရှင် ရှေ့သွား၊ ဘုန်းအများ၏ တရားစဉ်နှင့် အဆင့်သင့်သား၊

ရှင်ကျင့်ဝတ်ခေါ် ရှေးစာတော်ကို၊ ခေတ်ပေါ် လှစ်ဆင့်၊ စုံအောင်ဖွင့်သည်

မျိုးနှင့် သာသနာ တည်ကြောင်းတည်း။


လိုက်နာရန် သံပေါက်လင်္ကာ

အိပ်ရာ ၀င်သော် သတိရလို့ ဗုဒ္ဓ ဓမ္မ သံဃရယ်။

ကိုးကွယ်ပါတယ် စိတ်မှာ ညွတ်လို့ နှုတ်ပါ တွတ်တွတ် ရွတ်ရတယ်။

အိပ်ရာထပြန် တဖန်ထပ်၍ မှန်မှန်မပြတ် ရွတ်ပါ့ကွယ်

ဘေးအန္တရာယ် ရန်စွယ်ကင်းလို့ ကောင်းခြင်း သုခ ရလိမ့်မယ်။

ဗုဒ္ဓ ကြောင်းရာ ကောင်းစွာ သိမှ ဗုဒ္ဓကိုလည်း ကြည်ညိုမည်။

ကြည်ညိုသူက ဟောညွန်ပြမှ စိတ်ကနှစ်ခြိုက် လိုက်ကြသည်။

ဂုဏ်တော်တန်တန် မှန်မှန်ရလို့ ခဏခဏ ရွတ်သင့်သည်။

အကျိုးနှင့်ကံ ဝေဘန်တတ်မှ ကံကောင်း ကံမြတ်ပြုလိမ့်မည်။

သရဏဂုံ တည်ရုံမျှဖြင့် ဥပါသက ဖြစ်ပါပြီ။

ကိုယ်ကျင့် သိက္ခာ လုံခြုံကြဘို့ ငါးပါးသီလ ပဉ္စသီ။

ဒုစရိုတ်တွေ ရှောင်သွေခွဲလို့ သုစရိုတ်လဲ စုံအညီ။

ဆွမ်းပန်း ရေတော် မီးတော်ကပ်၍ နေ့စဉ်မလပ် ပြုသင့်သည်။

သိရုံမျှနှယ် တယ်မကောင်းဘု့၊ လူကောင်းဖြစ်ဘို့ လိုကြတယ်။

လူကောင်းဖြစ်အောင် ဆရာမြတ်သို့ မကြာကပ်လို့ မေးပါ့ကွယ်။

မေးသော် ဖြေရန် ဆရာကောင်းလဲ တရွာတကျောင်း ရှိသင့်တယ်။

တရားစစ်မှန် ကျင့်ကြံကြမှ ချမ်းသာသုခ ရနိုင်မည်။

တရားတုတွေ ကျင့်နေကြလို့ ဆင်းရဲဒုက္ခ ရောက်ရသည်။

ယခုတဖန် အမှန်လမ်းသို့ အမြန်လှမ်းဘို့ ချိန်တော်ပြီ။

သို့မှ တိုင်းပြည် ဘာသာရေးကြောင့် သာယအေးဆေး ရှိလိမ့်မည်။


ဗုဒ္ဓမြတ်စွာ လောင်းလျာတုန်းက နောက်ဆုံးအထိ ပါရမီ၊

လူနတ်များစွာ ချမ်းသာရေးမို့ အသက်ပေးလို့ ဖြည့်ခဲ့သည်၊

ဗုဒ္ဓမြတ်စွာ သာသနာအတွက်မို့ ငါပါ အသက်ဆုံးစေမည်၊

နာက်မဆုတ်ပေါင် ခုလိုတွေးလို့ ကုသိုလ်ရေးမို့ ကြိုးစားမည်။

(  ဒို့လဲ ကြိုးစားမည်။ )


အရှင်ဇနကာဘိဝံသ





                      မိုးကုတ်ဆရာတော်ကြီး၏ သံဝေဂကဗျာ

လောကဇာတ်ခုံ ၊ ဤလူ့ဘုံ၌
မျိုးစုံကကြ ၊ မာန်မာနနှင့်
ငါကရာဇာ ၊ ငါဟာသူဌေး ၊ ငါပဂေးဟု
ငါသွေးတက်ကြွ ၊ လူ့ဗာလတို့၊
များလှဖြာဖြာ၊ အ၀ိဇ္ဇာနှင့် ၊
တဏှာဘီလူး ၊ အမှောင့်ပူး၍
ကျူးကျူးကျော်ကျော် ၊ ဂုဏ်ကိုဖေါ်လျှက်
မော်မော် မောက်မောက် ၊ ငါတစ်ယောက်သာ
မိုးအောက်တစ်လွှား ၊ ရွှေကိုယ်လားဟု
ထင်မှားမလွဲ ၊ သို့စဉ်စွဲလည်း ………..
ဇာတ်ပွဲပြီးက ၊ ပြေဖုံးချသော်
သုဘရာဇာ ၊ မြေအောက်မှာပင်
ဘာသာလူမျိုး ၊ ချိန်မထိုးပဲ
ပုတ်သိုးခန္ဓာ ၊ မြုပ်ရရှာသည်
ဘယ်မှာ ငါဟု ရှိအံ့နည်း …… ။

                    ပြန်ခဲ့ပါတော့ သားတော် မောင်ပဉ္ဇင်းဘုရား

စာပေ ပရိယတ်
ကျမ်းဂန် တတ်မှ
မြင့်မြတ် ပေမီ
ကြံတွေး ရည်၍
ထိုဤ မြို့သို့ သားတော်ပို့သည်
လွမ်းလို့ နေရပါတယ်ဘုရား။
ဖခမည်းနှင့် သားကြီးမယ်တော်
နေ့စဉ်မျှော်၍………
ပေါ်လာလိမ့်နိုး လာလိမ့်နိုးဖြင့်
လက်ချိုးရေတွက် နေရပါတယ်ဘုရား။
မြေးသားနုထွေး ငယ်နုသေးသည့်
ကလေးအများ ချောင်းကြိုကြားမှာ
ငါးရှာ ဖားရိုက် ကစားလိုက်နှင့်
ငယ်ခိုက်ချိန်သေး စာနှင့်ဝေးသည်
တွေးရင်း ရင်လေးနေမိပါတယ်ဘုရား…..
ရပ်သူရွာသား လူအများမှာ
တရားရေအေး တိုက်ကျွေးမည့်သူ မရှိမူ၍
လူသည် လူ့အသိ မရှိကြတော့ပါဘုရား………
သားတော်ငယ်ပေါင်း ရွာကကျောင်းမှာ
ကျောင်းသားကိုပင် မတွေ့မြင်ခဲ့
ကိုရင် ဘယ်မှာ ဖြစ်ထွန်းပါလိမ့်
သာမဏေ၀ါဝင်း မရှိလျင်းသော်
ပဉ္ဇင်းဘယ်မှာ ဖြစ်ထွန်းပါလိမ့်
ပင်မှာသတ်သတ် ခက်လက်မဖြာ
သာသနာလျှင် ရောင်ဝါမလင်းနိုင်တော့ပါဘုရား။
သာသနာရင်းမြစ် တောကဖြစ်လျှက်
တောပစ် မြို့ပေါ် သားတော်ပျော်သည်
တော်မတော်ပင် ကြံတွေးဆင်၍
လျှင်လျှင်မြန်မြန် တောရပ်ထံသို့
ပြန်ခဲ့ပါတော့ သားတော် မောင်ပဉ္ဇင်းဘုရား……..
                                                                                                                (အမည်မသိ ဆရာတော်)

လူကြီးလူကောင်းဖြစ်ဖို့ထက်

စိတ်ကြီးစိတ်ကောင်းထားနိုင်ဖို့က

ပိုပြီးအရေးကြီးလှပါတယ်………..

                                                  အနှိုင်းမဲ့ရနံ့

လူတစ်ယောက်ဟာ
ရုပ်ဘယ်လောက်ချောချော
ကိုယ်ကျင့်တရားမကောင်းရင်
လုံးဝကျက်သရေမရှိပါဘူး
လူတစ်ယောက်ရဲ့
ဂုဏ်သတင်းပျံ့မွှေးမှုကို
ရေရှည်တည်တံ့အောင်
ထိန်းသိမ်းနိုင်တာ
ကိုယ်ကျင့်တရားရနံ့
တစ်ခုပဲရှိပါတယ်။       ။

                                          ဘ၀ဆည်းဆာ မိုးချုပ်လာ

အများမုန်းစရာပ
ခါးကုန်းလို့ဆံကေဖြူ
အသက်ကြီးပြန်တော့
ပျက်စီးခန္ဓာကိုယ်က
အိုဒဏ်နာ ရန်ရှာချက်ကယ်ကြောင့်
ခွေယိုင်ကာ နေထိုင်ခက်လှတယ်
နှောက်ယှက် ဘေးထူ
မကြားပါ နားမှာလေးတဲ့ပြင်
အားမပါ သွားလာနှေးပါဘိ
ဝါးတောင်ဝှေး ဖေးတွယ်ကူ
ရှေးငယ်မူနှင့်လွန်ကွာဝေး
အရိုးပဒေသာ အဘိုးဝေဒနာက
လေအလာ ကြွေကာ သက်ရှာမယ့်
နွေအခါ ရွှေဝါရွက်လိုပ
မြေအလွှာ ခွေကာစက်တော့မည်ထင့်
ချောင်းတဟက်ဟက်ကယ်နှင့်
အပြောင်း ခက်ပါဘိ
အိုကွယ်…….စောင်းလျှက်မှိတ်မှေး။     ။
                                ကဗျာဆရာ လှသိန်းဝင်(ကနီ)

                                           တောင်ခုထွေရေခုနှစ်ထပ်

“ဇရာမရဏ၊ ဒုက္ခ၀ဋ်တွင်း၊ အိုရခြင်းနှင့်၊ သေမင်းလွတ်အောင်၊ ဘယ်သို့ရှောင်အံ့၊ တောင်ခုနှစ်ထွေ၊
ရေခုနှစ်ထပ်၊ လေးကျွန်းရပ်ခွင်၊ ကောင်းကင်သမုဒ္ဒရာ၊ စကြာဝဠာမြေထဲ၊ ပုန်းခိုလွှဲလည်း၊ အမြဲမချွတ်၊
သေဘေးဝဋ်က၊ မလွတ်ဘို့သာ၊ မလွဲရာတည့်။           ။

                             စင်္ကြသွားခြင်းအကြောင့် ရနိုင်သောအကျိုး (၅) မျိုး

ပဉ္စိမေ ဘိက္ခဝေ ။လ။ စင်္ကမေအာနိသံသာ။
                                                ( အင်္ဂုတ္ထိုရ် ပါဠိတော်-ပဉ္စကနိပါတ်)
ဆောင်။         ။ ခရီးသွားနိုင်၊ ကြံ့ခိုင်အားအင်၊ ကင်းစင်ရောဂါ၊ အစာကြေကျက်
                     မပျက်သမာဓိ၊ ငါးပါးရှိ၊ သွားသည့် စင်္ကြံအကျိုးတည်း။         ။

                                       သိင်္ဂါလောဝါဒသုတ်လာ အရပ် (၆) ပါး

“ လှည်းဘီးပြင်က၊ နားစောင့်ချသို့
မိဘနှင့်သား၊ မယားနှင့်လင်၊ အရှင်နှင့်ကျွန်
ထေရ်မွန်ဒကာ၊ မိတ်သဟာနှင့်၊ ဆရာတပည့်၊
တည့်တည့်မချွတ်၊ ကျင့်ဝတ်စုံလင်၊ ဖြူစင်သန့်မှု၊
ရှင်လည်းမကွေ၊ သေလည်းမကွာ၊ နတ်ရွာလူ့ပြည့်၊
လှည့်လည်အတူ၊ ခံစားမူကာ၊ နိဗ္ဗူရွှေပြည်ဝင်အံ့သည်တည်း။”
                                                                    ( သုတ္တန်ပိဋကတ်၊သုတ်ပါထေယျ ပါဠိတော် )

          ဗုဒ္ဓမြတ်စွာက သိင်္ဂါပါလသတို့သားအား “အရပ်ခြောက်ပါးဆိုတာ ဒါကိုပြောတာ” လို့ 

ရှင်းပြခဲ့သောတရားကို ရှေးဆရာများက ကဗျာသီကုံးထားခြင်းပင် ဖြစ်သည်။

                                          ပျိုရွယ်သူတွေ ဆင်ခြင်စရာ

                                                   ပျိုရွယ်တုန်းက             ကိုယ်လုံးကိုယ်ရေ
အသက်ကြီးတော့       ပျက်စိးကာကြွေ
ပါးချောင်ကျလို့           ရွက်တွေလိမ်ခွေ
ငယ်ရွယ်ပြီး     အမယ်ကြီးဖြစ်ရပေ ။
ငါ့မြေးတို့ရဲ့    ညည်းတို့အကုန်
ဟောဒီမြင်လား                   အဘွားဖြစ်ပုံ
သွားတွေကျိုးလို့         တစ်မျိုးတစ်ဖုံ
နားကထိုင်း     ခါးကိုင်းပါလို့ကြုံ
ငါဟဲ့ငါဟဲ့        မာတဲ့ရုပ်ရေ
သေမင်းခြေရင်း         ခွေစင်းကာနေ
ထောက်ကြွထောက်ကြွ          မောက်လှတာတွေ
ခိုင်မမြဲ                    ယိုင်လဲပါလို့သေ။        ။
                                                           (ဆရာကြီး ဒဂုန်ဦးထွန်းမြင့်၏ အစ်ကို ဦးညွှန့်မောင်ကြီး )

                           မေတ္တာပွားများခြင်းအကျိုး
မေတ္တာပွားများ၊ အကျိုးကားမူ၊ အိပ်မူချမ်းသာ၊ နိုးကာသုခ
ကောင်းပြအိပ်မက်၊ နှစ်သက်လူတို့၊ နတ်တို့ချစ်ခင်၊
နတ်ပင်စောင့်နေ၊ မီးရေမဖျက်၊ ငြိမ်သက်တည်ကြည်၊
ကြည်လင်မျက်နှာ၊ သေကာမမှိုင်၊ ဗြဟ္မာတိုင်သား၊
ဆယ့်တစ်ပါးသည်၊ မေတ္တာပွားများအကျိုးတည်း။    ။
 
                    သာသနာကွယ်ကြောင်း တရားငါးပါး
 
အင်္ဂုတ္ထိုရ်လာ၊ သာသနာကွယ်ကြောင်း၊ တရားပေါင်းကား၊
ရဟန်းများတို့၊ တရားမနာ၊ စာပေမသင်၊ နှုတ်တွင်မဆောင်၊
သိအောင်မမှတ်၊ ပဋိပတ်ကွာ၊ ထိုငါးဖြာတည်း။
နောင်လာထို့ပြင်၊ စာသင်ပယ်လျှော့၊ ကျယ်မဟောကြ၊ ကျယ်
မချနှင့်၊ ကျယ်စွာမအံ၊ မကြံ မစည်၊ ထိုငါးလီတည်း။
ဝါတနည်းမှာ၊ အက္ခရာပုဒ်ပြတ်၊ လေ့ကျက်သင်ကြ၊ ဆုံးမ မယူ၊
စာချသူရှား၊ လဘ်များအောင်ကြံ၊ ခိုက်ရန်ကွဲပြား၊ ထိုငါးပါး
သည်၊ ဘုရားသာသနာ၊ ကွယ်ကြောင်းတည်း။
                           ရဟန်းကျင့်ဝတ်(၆)ပါး
မကောင်းမြစ်တား၊ ကောင်းရာညွှန်လစ်၊ အသစ်ဟောကြူး၊
နာဘူးထပ်မံ၊ နတ်ထံတင်ရာ၊ မေတ္တာလည်းပြု၊ ထိုခြောက်ခု၊
ပြုကျင့်ရဟန်းမှာ။
                        ကျောင်းထိုင်အင်္ဂါ (၅) ပါး
ဆယ်ဝါပြည့်တင်း၊ ၀ိဘင်းနှစ်ဖြာ၊ ကမ္မာ ကမ္မ၊ ခန္ဓကပုဒ်၊
နာမ်ရုပ်ပိုင်ပိုင်၊ ဟောပြနိုင်၊ ကျောင်းထိုင် ငါးအင်္ဂါ။
အို...မိန်းကလေး
(မောင်ရည်သွေး)
     အိုမိန်းကလေး၊….
သင့်အတွေးကား၊
ရှေ့ရေးမထင်၊
နောင်ရေးငင်၍၊
ခုတွင်မလပ်၊
သင့်စိတ်ဓာတ်၏၊
တည့်မတ်ခိုင်မာ-
ရှိတုန်းမှာ။
အိုမိန်းကလေး၊…
နှလုံးအေးဖို့၊
အတွေးသံသရာ၊
မချဲ့ပါနဲ့၊
တိတ်မှာဖြစ်ရပ်၊
ပြန်မစပ်နဲ့၊
နာဂတ်ကြောင်းရာ၊
မမျှော်ပါနဲ့၊
ဖြစ်လာအခိုက်၊
ကြုံအကြိုက်မို့၊
အားစိုက်၍သာ--
ကြိုးစားပါ။
အိုမိန်းကလေး၊…
ဉာဏ်ဖြင့်မြှေး၍၊
ရှည်ဝေးလှစွာ၊
သံသရာမှ၊
ခုခါနောက်နှောင်း၊
ဘယ်လိုကောင်းဖို့၊
အကြောင်းကိုယ့်ကံ၊
ကိုယ်သာဖန်မို့၊
ဖြစ်ပြန်ပျက်ပြန်၊
လောကဓံ၏၊
ကြိမ်ဖန်သင့်ကား၊
ကြုံလာငြားခဲ့၊
အမှားလည်းပါ၊
မှန်လည်းပါ၍၊
နှစ်ဖြာရှိမြဲ၊
သဘောဘဲမို့၊
စိတ်ထဲစွဲထင်၊
ဆွေးမဝင်နဲ့၊
အသင်လူသား၊
သင့်စွမ်းအားဖြင့်၊
ကြိုးစား၍သာ-
ရှေ့ဆက်ပါ။    ။

No comments:

Post a Comment