........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Dec 12, 2012

ရှင်သီဝလိ ဂါထာတော် ဖြစ်စဉ်

ဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်ကပင် ဖြစ်ပါသည်။ မြတ်စွာဘုရား၏ ဆွေတော်၊ မျိုးတော် ဖြစ်သော ကောလိယ သာကီဝင် မင်းသားနှင့် သုပ္ပ၀ါသာ ဖြစ်သော မင်းသမီးတို့သည် ရှင်သီဝလိ မထေရ်မြတ်၏ ခမည်းတော်နှင့် မယ်တော် မိဘနှစ်ပါး ဖြစ်လေသည်။

ရှင်သီဝလိ မထေရ်မြတ်အလောင်း သန္ဓေတော် ခ,နေစဉ်မှာပင် ပစ္စည်းဘဏ္ဍာ ရတနာ ရွေငွေ ဆက်သကြသူ များပြားလျက် လာဘ်ရွှင်ခြင်း၏အစ နိမိတ်ပြခဲ့သည်။

ပစ္စည်းဥစ္စာ ရတနာ ဘဏ္ဍာတိုက်တွင်းမှ ထုတ်ယူ သုံးစွဲသော်လည်း ပြည့်မြဲ ပြည့်လျက်သား၊ ကုန်ခန်းသွားသည် မရှိ။ လာဘ်လာဘ ပြည့်ဝခြင်းဖြင့် ကောင်းခြင်းများစွာ အကျိုးပြုခဲ့လေ၏။

သို့သော် ၁၀-လနှင့်လည်း မဖွား၊ ၂၀-လနှင့်လည်း မဖွားဘဲ သမားတော်ကြီးးများပင် ဉာဏ်မြင်သမျှ ရောဂါ ရှာကြသော်လည်း ရောဂါမတွေ့၊ ဝေဒနာ မရှိ၊ ခုနှစ်နှစ်တိတိ ကြာလေတော့သည်။

ထိုခုနှစ်နှစ်မှ လွန်မြောက် ခုနှစ်လ ရောက်သောအခါမှာမူ သုပ္ပ၀ါသာ မင်းသမီးမှာ ကမ္မဇလေ လူပ်ရှားပြီး တအားပင် ဗိုက်နာလာသော်ငြား မွေးဖွားမည့်ပုံ မပေါ်၊ အချီတော်၊ အချော့တော် နန်းတော်မှာ ခစားကြကုန်သော သမားအကျော် ဟူးရာတော်များနှင့်တကွ လက်သည်းတော် မောင်းမများ ပြုစုကြငြား သော်လည်း ထူး၍သက်သာ ဖြစ်မလာဘဲ နာမြဲနာနေရာ ခုနှစ်ရက်ပြည့်သည့်နေ့၌ မအောင့်နိုင်ဘဲ ကောလိယမင်းသားကို မြတ်စွာဘုရားထံ စေလွှတ်၍ ဝေဒနာကို ကယ်မတော်မူပါရန် လျှောက်တင်ခိုင်းလေသည်။

ကောလိယ မင်းသားလည်း မြတ်စွာဘုရား၏ နှမတော်တော်သော သုပ္ပ၀ါသာ မင်းသမီး၏ အဖြစ်ကို သွားရောက် လျှောက်ထားရာ -

“သုပ္ပ၀ါသာသည် သားရတနာကို ချမ်းသာစွာ ဖွားမြင်လိမ့်မည်”ဟု အမိန့်တော် ရှိလိုက်ရာ ကောလိယ မင်းသားအိမ်တော် ပြန်ရောက်သော အခါ သုပ္ပ၀ါသာသည် သားရတနာကို ဖွားမြင်ပြီး ဖြစ်နေသည်ကို ၀မ်းမြောက်စွာ တွေ့ရလေတော့သည်။

မြတ်စွာဘုရားက ချမ်းသာစွာ မွေးဖွားလိမ့်မည်ဟု ပြောသော စကားအရ “သီဝလိ” ဟူသော အမည်ကို ပေးလိုက်ကြလေသည်။

အမိဝမ်းတွင်းမှာ ခုနှစ်နှစ်၊ ခုနှစ်လ၊ ခုနှစ်ရက်တိတိ နေခဲ့ရသော သီဝလိ သတို့သားမှာ မွေးဖွား သန့်စင် သည်နှင့် တစ်ပြိုင်နက် ခုနှစ်နှစ်အရွယ်ပမာဏ ရုတ်တရက် ပြောင်းလဲခဲ့သည် ဖြစ်ရာ သိတတ်၊ ရှက်တတ်သော အရွယ်တော်သို့ ရောက်ရှိလာခဲ့လေသည်။

မီးဖွားသန့်စင်ပြီး ခုနှစ်ရက် ကျော်လွန်သော အခါ မြတ်စွာဘုရားနှင့် သံဃာတော်များအား အိမ်တော်သို့ ပင့်ဖိတ်ပြီး သီဝလိကလေးအတွက် ဆွမ်းကပ် လှူဒါန်းကြသည်။

ထိုဆွမ်းကပ် လှူပွဲတွင် ရှင်သာရိပုတ္တရာက အမိဝမ်းတွင်း၌ ပဋိသန္ဓေ နေရခြင်း ဒုက္ခကို သိပါလျှင် တရားချမ်းသာ ရရန် ရဟန်းပြုသင့်ကြောင်း တရားဟောလေရာ သီဝလိ သတို့သားမှာ မိဘ နှစ်ပါးထံ ခွင့်ပန်၍ သာသနာ့အမွေ ခံယူလေတော့သည်။

ရှင်သာရိပုတ္တာရာသည် သီဝလိ သတို့သားကလေးကို တစပဉ္စက ကမ္မဋ္ဌာန်းပေး၍ ဆင်ခြင်စေကာ ဆံချပေးလေရာ ဆံချပြီးသည်နှင့် တပြိုင်နက် အာသဝေါ ကုန်ခန်း၍ ရဟန္တာ ဖြစ်သွားလေတော့သည်။

လှူဒါန်းသူပေါများလှ၍ လာဘ်လာဘ ရွှင်လန်းသဖြင့် ဧတဒဂ်ရ မဟာသာဝက အပါအ၀င် “လာဘ်လာဘ ဧတဒဂ်ရ ရှင်သီဝလိ” ဟု မြတ်စွာဘုရားက အသိအမှတ်ပြု မိန့်တော်မူသည်က စ၍ “ရှင်သီဝလိ ပရိတ်ဂါထာ မန္တန်တော်”ဟု ဖြစ်ပေါ်ရွတ်ဆို ပွားများခဲ့ကြပါသတည်း။

ရှင်သီဝလိဂါထာပါဠိ
၁။ သီဝလိ စ မဟာနာမံ၊
သဗ္ဗလာဘံ ဘ၀ိဿတိ။
ထေရဿ အာနုဘာဝေန၊
သဗ္ဗေ ဟောန္တု ပိယံ မမ။

၂။ သီဝလိ စ မဟာဝီရော၊
ယေယေ ပဿန္တု မံ ပိယံ။
တေတေ ပဿန္တု ပရမံ၊
ဇနပဒါ ပူဇယန္တု။

၃။ သီဝလိ စ နာမ ထေရေန။
မမသိသေ ဌပေတွာန။
ဇမ္ဗုဒီပ မဏ္ဍလေန၊
ဇယောမန္တာ သုခါဝဟံ။

၎။ သီဝလိ စ မဟာနာမံ၊
ဣန္ဒာဒေ၀ါ သဗြဟ္မကာ။
မနုဿပုရိသော ဣတ္ထိ၊
မဟာလာဘံ ဘ၀ိဿတိ။

၅။ သီဝလိ စ မဟာလောဘံ၊
နာနာဒေတိ ၀ရံ ၀ရံ။
ဣဒမ္ပိ ပူဇိတံ ဒေတိ၊
မဟာသုခံ ဘ၀ိဿတိ။

၆။ ၀ဏ္ဏံ ဒန္ထံ သုခံ ကိတ္တိ၊
အနာမယံ ဘဝေ ဘဝေ။
တ၀ရုက္ခေ ဒေ၀ဓိတာ၊
သဗ္ဗကောဓံ ၀ိနဿန္တု။

၇။ သီဝလိ စ မဟာလာဘံ၊
သဗ္ဗလာဘံ ဘ၀ိဿတိ။
ထေရဿ အာနုဘာဝေန၊
သဒါ ဟောတု ပိယံ မမ။

၈။ သီဝလိစ မဟာထေရော၊
ယေ ယေ ပဿန္တု မံ ပိယံ။
တေ တေ ပဿန္တု မံ ပိယံ၊
ဇနပ္ပဒါ ပူဇယန္တု။

၉။ သီဝလိ စ မဟာထေရော၊
မမ သိသေ ဌပေတွာန။
မန္တိတေဇ ဇယောမန္တံ၊
အဟံ ၀န္ဒာမိ သဗ္ဗဒါ။

၁၀။ သီဝလိ စ မဟာထေရော၊
ဒေ၀မနုဿ ပူဇိတော။
သောရဟော ပစ္စယာဒီနံ၊
မဟာလာဘံ ကရောတု မေ။

ရှင်သီဝလိ ပရိတ်တော် ရွတ်ဖတ်ရခြင်း၏အကျိုး

ရှင်သီဝလိပရိတ်တော်ကို နေ့စဉ်မပြတ် ရွတ်ဖတ် ပွားများ သရဇ္ဈာယ်ခြင်း အားဖြင့် ဒိဋ္ဌဓမ္မလာဘ်လာဘ ရွှင်လန်းစေသည်။ လူ နတ် ချစ်ခင် နှစ်သက်စေသည်။ ခရီးသွားလာ ရောက်ရာဒေသ အရပ်များမှာ ငတ်မွတ် ခေါင်းပါးခြင်း ဒုက္ခ မကြုံရချေ။ မီးမဖွားနိုင်သူများကို အင်္ဂုလိမာလသုတ်တော် ရွတ်၍ မီးဖွားသကဲ့သို့ပင် ရှင်သီဝလိ ဂါထာတော်မြတ်ကို ရွတ်ဖတ်သရဇ္ဈာယ် ပေးခြင်းဖြင့် မီးဖွားနိုင်ကြောင်း ရှေးဆရာကြီးများ အမှာစကား ရှိခဲ့ဖူးလေသည်။

အထက်ဖော်ပြပါ ရှင်သီဝလိဂါထာတော်ပါဠိတော်ကို ရွတ်ဖတ်ရန် အသံထွက်နှင့် စာလုံးပေါင်းများ အခက်ခဲရှိနေပါက အောက်တွင်ဖော်ပြထားသော လင့်ခ်လေးကနေ တစ်ဆင့် မိမိရှာဖွေလိုသောစာလုံး အက္ခရာစဉ်အလိုက် သွားရောက်ရှာဖွေ လေ့လာ ဖတ်ရူနိုင်ပါတယ်ရှင်။

No comments:

Post a Comment