........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Dec 18, 2012

၂၀၁၂ ခုနှစ်မှာ ကမ္ဘာကြီး တကယ်ပျက်မှာလား


အရှင်သိရီဒတ္တာလင်္ကာရ
(ဒွိပိဋကဓရ ဒွိပိဋက ကောဝိဒ)
အတွဲအမှတ် (၂၄ ၊ အမှတ် ၄၆၂)
ယခုတလော အင်တာနက်၊ စာနယ်ဇင်း၊ ရုပ်ရှင်နှင့် ပလူပျံနေသော ကောလာဟလပညာရှင်အချို့တို့၏ ပယောဂ ကြောင့် ၂၀၁၂ ခုနှစ် ၁၂ လမြောက်ဖြစ် သည့် ဒီဇင်ဘာလ ၁၂ ရက်တွင် ကမ္ဘာ လောကကြီး အမှန်တကယ် ပျက်တော့ မှာလားဟူသည့် စိုးရိမ်ကြောင့်ကြမှု များလူအတော်များများတွင် ဖြစ်နေကြသည်ဟုကြားသိရပေသည်။ ထို့ပြင် ယခုအခါသဘာဝဘေးဒဏ်တို့ကလည်း ဟိုနေရာဖြစ်လိုက် ဒီနေရာဖြစ်လိုက် နှင့် ဆိုးဆိုးရွားရွား ဖြစ်ပေါ်လျက်ရှိပြီး လူပေါင်းများစွာ သေကျေပျက်စီးနေကြ သည်ကိုလည်း တွေ့မြင်ကြား သိနေ ကြရပြန်သည်။ မြွေပူရာကင်းမှောင့်ဆိုသလို Cancer, AIDS, Bird Flu, A(H1N1)စသည့် ရောဂါဆန်း ရောဂါဆိုးအမျိုးမျိုးတို့ကလည်း လူ့ဘုံလောက ကို နေ့စဉ်နှင့်အမျှဆိုသလို ခြိမ်းခြောက် နေကြပြန်ပါသည်။
ထိုမျှသာမက ထူးထူးဆန်းဆန်း အဖြစ်အပျက်များကလည်း ကမ္ဘာ တစ်လွှားတွင် တစ်နေ့တစ်မျိုး မရိုးရ အောင် ဖြစ်ပေါ်နေကြပြန်ရာ ထင်ရာ မြင်ရာ အတိတ်နိမိတ်ကောက် ဟော ပြောတတ်သူအချို့ကြောင့် လူအများ အဖို့ သို့လော သို့လောနှင့် ပူပန်သောက ဖြစ်စရာ တွေ ထပ်ဆင့်လာရပြန်ပေသည်။
ထိုထိုသော အကြောင်းအရပ်တို့ကို သံသယအတွေးများနှင့် မေးလျှောက် လာသည့် ပုဂ္ဂိုလ်ကြီးငယ် အသီးသီး အတွက်သာမက လူအ များ၏ ထိတ်လန့် စိုးရိမ်မှု ပြေပြောက်စေရန် ရည်သန် လျက် ဤဆောင်းပါးကို ရေးသားလိုက် ရပေသည်။
ကမ္ဘာဟူသောစကားသည် ကပ္ပ ဟူသော ပါဠိဘာသာမှ ဆင်းသက်လာ သော စကားဖြစ်၏။ နှစ်ပေါင်းမည်မျှ ကြာသည်ဟု ဂဏန်းချ၍ မရေတွက်မသတ်မှတ်နိုင်၊ ကြံဆ၍သာ သိနိုင် သော အချိန်ကာလ အပိုင်းအခြားတစ်ခုကို ဆိုလို၏။ အလျား၊ အနံ၊ အမြင့်အားဖြင့် တစ် ယူဇနာ(ရှစ်မိုင်ခန့်) စီ ရှိသော ဂိုဒေါင်ကြီးအတွင်း၌ အလွန် သေးငယ်လှသော မုန်ညင်းစေ့တို့ကို အပြည့်ထည့်ထားပြီးလျှင် အနှစ်တစ် ရာ တစ်ခါပြည့်မှတစ်စေ့ထုတ်ယူပစ်သဖြင့် ထိုမုန်ညှင်းစေ့အပုံကြီး ကုန်သွားသော်လည်း ကပ္ပ(ကမ္ဘာ)ဟုခေါ်သော အချိန် ကာလကား ကုန်ဆုံးသည်မဟုတ်သေး။ ထို့ထက် အနည်းငယ်ကြာသေး၏ဟု ကြံဆ၍ သိအပ်ကြောင်း ထေရ၀ါဒ ကျမ်းစာများ၌ မိန့်ဆိုကြ၏။ ဤ စကား ရပ်ကိုထောက်ဆ၍ ပါဠိလို ကပ္ပ၊ မြန်မာလို ကမ္ဘာဟူသည်မှာ ရှည်လျား လှစွာသော အချိန်ကာလတစ်ခုကို ဆိုလို၏။
သို့သော် အစရှိလျှင် အဆုံးရှိစမြဲ၊ အဖြစ်ရှိလျှင် အပျက်ရှိစမြဲ ဖြစ်ရကား ထိုကမ္ဘာတစ်ခု၏ သက်တမ်းကို ဗုဒ္ဓ အစရှိသော ပညာရှိတို့၏ အဆိုအမိန့် အတိုင်း လေ့လာကြည့်ကြပါစို့။
ထိုကပ်ကမ္ဘာသည်
၁။ ပျက်စီးနေဆဲအနေအထား အချိန် ကာလ သံဝဋ္ဋကပ်၊
၂။ တစ်စုံတစ်ခုဖြစ်ပေါ်မှု မရှိသေး ဘဲ အပျက်အတိုင်း တည်ရှိနေသော အချိန်ကာလ သံဝဋ္ဋဌာယီကပ်၊
၃။ ပြန်လည်ထူထောင်ရေးကာလ ၀ိဝဋ္ဋကပ်၊
၎။ ထူထောင်ပြီးသည့်အတိုင်း တည် မြဲနေဆဲကာလ ၀ိဝဋ္ဋဌာယီကပ်
ဟု လေးမျိုးရှိ၏။
ထိုကပ်လေးမျိုး၏ အချိန်ကာလ သက်တမ်းကို အတိအကျ ဂဏန်းချ၍ ရေတွက်သတ်မှတ် မရသောကြောင့် အသင်္ချေယျကပ် ဟု ခေါ် ၏။
ထိုအသင်္ချေယျကပ်လေးမျိုးတို့တွင် ကမ္ဘာဖျက်မိုးရွာသည်မှစ၍ မီးကြောင့် ပျက်မည့် ကမ္ဘာဖြစ်လျှင် မီးလျှံရပ်စဲ သည့်တိုင်အောင် ရေ ကြောင့် ပျက်မည့် ကမ္ဘာဖြစ်လျှင် ရေရပ်စဲသည့်တိုင် အောင်၊ လေကြောင့်ပျက်မည့် ကမ္ဘာ ဖြစ်လျှင် လေရပ်စဲသည့်တိုင်အောင် သော ကာလသည် သံဝဋ္ဋကပ် (ပျက်ဆဲ ကပ်) မည်၏။
မီး၊ ရေ၊ လေ တစ်ခုခုကြောင့် ပျက်စီး ပြီးသည်မှစ၍ ကမ္ဘာပြုမိုး ရွာသည့် တိုင်အောင်သော ကာလသည် သံဝဋ္ဋဌာယီကပ် (အပျက်အ တိုင်း တည်နေ သောကာလ) မည်၏။
ကမ္ဘာပြုမိုး ရွာသည်မှစ၍ လောက ကြီး၌ နေ၊ လ၊ နက္ခတ်၊ ကြယ်တာရာ တို့ ပေါ်ထွက်လာသည့်တိုင်အောင် သောကာလသည် ၀ိဝဋ္ဋ ကပ် (ထူထောင် ရေးကာလ)မည်၏။
နေ၊ လ၊ နက္ခတ်၊ ကြယ်တာရာတို့ ပေါ်ထွက်ပြီးသည်မှစ၍ နောက်ထပ် တစ်ဖန် ကမ္ဘာဖျက်မိုးရွာသည့်တိုင် အောင်သော ကာလသည် ၀ိဝဋ္ဋဌာယီ ကပ် (ဖွံ့ဖြိုးပြီးကာလ)မည်၏။ ယခု လက်ရှိ အချိန်ကာလပိုင်းသည် ၀ိဝဋ္ဋ ဌာယီကပ် အသင်္ချေယျကပ်ဖြစ်၏။
ထိုအသင်္ချေယျကပ်လေးကပ်ကိုပေါင်းမှမဟာကပ်(တစ်ကမ္ဘာ)ဖြစ်၏။ ဆိုလိုသည်မှာ ကမ္ဘာတစ်ခု၏ အနေအထားသည်ပျက်ဆဲကာလ၊ အပျက်အတိုင်း တည်ရှိကာလ၊ ထူထောင်နေဆဲ ကာလ၊ ထူထောင်ပြီး ဖွံ့ဖြိုးပြီးကာလဟု အချိန်ပိုင်းလေးခုဖြင့်ပါဝင်ဖွဲ့စည်းထားခြင်း ဖြစ်သည်ဟု ဆိုလို၏။
ထိုအသင်္ချေယျလေးကပ်တို့တွင် ယခု လက်ရှိ ၀ိဝဋ္ဋဌာယီ အသင်္ချေယျကပ် ဦးစအခါက(တစ်နည်းကမ္ဘာဦးအခါက)လူတို့သည် အသက် အသင်္ချေတည်နေကြရကုန်၏။ ကာလရှည်လျားလတ်သော်လောဘ၊ဒေါသစသော ကုသိုလ်တရားများ တိုးပွားဖျက်ဆီးသဖြင့် တဖြည်း ဖြည်းဆုတ်ယုတ်ကာ အသက် ၁၀ နှစ်တမ်းတိုင်အောင် ရောက်လာ၏။ ဤသို့ ဆုတ်ယုတ်လာ သော အချိန်ကာလကိုဆုတ်ကပ်ဟု ခေါ် ၏။ ထိုအခါ ရောဂါဘယ ဘေးဆိုး ကြီး၊ ခေတ်မီလက်နက်ဘေးဆိုးကြီး၊ ငတ်မွတ်ခေါင်းပါးမှု ဘေးဆိုးကြီး တစ်မျိုးမျိုး (ကပ်ကြီးသုံးပါး တစ်ပါးပါး) ကျရောက်၍ မကောင်းသူတွေမှန်သမျှ သေကျေပျက်စီးကြရကုန်၏။ အသက် တစ်ရာတမ်းအောက် ၁၀ နှစ်တမ်း တစ်ဝိုက် ဆီတွင် လောဘ၊ ဒေါသ၊ မောဟ အကုသိုလ်တရားများ မည်မျှ သောင်းကျန်းလာသနည်းဟူမူ လိင်တူ ချင်း ဆက်ဆံမှု၊ ဖခင်နှင့်သမီး၊ သားနှင့် အမိ ဖောက်ပြန်မှု၊ အချိန်မရွေး၊ နေရာ မရွေး အရှက်မရှိသော သောင်းကျန်းမှု တို့သည် လောကဓလေ့(ဖက်ရှင်)တစ်ခု ကဲ့သို့ ဖြစ်လာ၏။သူသတ်လက်နက် တွေ အလိုလို အလျှံအပယ်ပေါများပြီး လူသားအချင်းချင်း တိရစ္ဆာန်ကဲ့သို့ ရက် ရက်စက်စက်သတ်ဖြတ် ကြ၏။ မြို့ရွာ တွေ ပျက်စီးကြကုန်၏။ သူတော်ကောင်း စိတ်ဓာတ်ရှိသူ အချို့သောလူတို့သည် "ငါတို့ကလည်း ဘယ်သူ့ကိုမှလည်း မ သတ်လို၊ငါတို့ကိုလည်းဘယ်သူကမှမသတ်ကြပါစေနဲ့"ဟု မေတ္တာတရားရှေးရှုကာဘေးလွတ်ရာပြေးကြပြီး ချုံပုတ်၊တောအုပ်၊ကျောက် ဂူ၊တောင်ကြားစသည်တို့၌ ပုန်းအောင်းနေထိုင် ကြကုန်၏။ နောက်ဆုံး ခုနစ်ရက် လူ သတ်ပွဲကြီးပြီး၍ မသေမပျောက် ကျန် ရစ်ခဲ့သော ထိုလူသားအနည်းငယ်သည် သေကျေ ပျက်စီးသွားကြသောလူတွေ ကိုကြည့်ပြီး အလွန်အမင်း ကြောက်ရွံ့ ထိတ်လန့်ကာ အချင်းချင်း လည်ပင်း ဖက်၍ "ဒို့ အသက်ရှည်နေကြသေး တယ်နော်။ ဒို့ မသေကြသေးဘူးနော်" ဟု ၀မ်းမြောက်ဝမ်းသာဖြစ်ကြကုန်၏။ တစ်ဦးနှင့် တစ်ဦးချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ ကူညီဖေးမ စောင့်ရှောက်ကြ ရင်း စိတ်ဓာတ်ယဉ်ကျေးမှု ဗြဟ္မစိုရ် တရားများ ပြန်လည်ထွန်းကား လာသည်နှင့်အမျှထိုလူတို့၏ အသက်တမ်းလည်း သားစဉ်မြေးဆက် တစ်ဆတက်တစ်ဆ တိုးတက်ကာ အသက်အသင်္ချေ တိုင်အောင် ရှည်လာကြပြန်၏။ ဤသို့ ၁၀နှစ်တမ်းမှ အသင်္ချေယျတမ်းအထိ အသက်တမ်းပြန်တက်လာသောအချိန်ကာလကိုတက်ကပ်ဟု ခေါ်၏။
ဤသို့သော ဆုတ်ကပ် တက်ကပ်တစ်စုံကို အန္တရကပ် တစ်ကပ်ဟု ခေါ်၏။ ထိုကဲ့ သို့သော အန္တရကပ်ပေါင်း ၆၄ ကပ်ပြည့်လျှင်လက်ရှိ ၀ိဝဋ္ဋဌာယီ အသင်္ချေယျ ကပ်ကမ္ဘာသည် ကုန်ဆုံးတော့၏။ ကမ္ဘာ ပျက်တော့မည်ဖြစ်၏။ သံဝဋ္ဋအသင်္ချေ ယျကပ်၊ သံဝဋ္ဋဌာယီ အသင်္ချေ ယျကပ်၊ ၀ိဝဋ္ဋအသင်္ချေယျကပ်တို့၌ကား သတ္တ၀ါ များ လူ့ပြည် နတ်ပြည် မရှိခြင်းကြောင့် တက်ကပ်၊ ဆုတ်ကပ် အစုံတည်းဟူ သော အန္တရကပ်တို့ဖြင့် မသတ်မှတ် မပိုင်းခြားနိုင်သော်လည်း ၀ိဝဋ္ဋဌာယီ အသင်္ချေယျကပ်နှင့် အချိန်ကာလ တူညီ၏ဟု မှတ်ယူရမည်ဖြစ်၏။
ဝိ၀ဋ္ဋဌာယီ အသင်္ချေယျကပ် (လက် ရှိ ကမ္ဘာကြီး) ပျက်ခါနီးလျှင် သတ္တ၀ါတို့ သည် လွန်စွာ တရားမဲ့ကြသည်ဟု ဆို၏။ အမေကို မယား လုပ်၊သားကိုလင်လုပ်သည့် အခြေအနေအထိ ဆိုးရွားလာကြ၏။ ဟိရီဩတ္တပ္ပတရားများ လုံးဝကင်းမဲ့ကြ၏။ မေတ္တာတရား၊ အကြင်နာ တရား၊ချမ်းသာသူကို ကြည် ဖြူနိုင်သော မုဒိတာတရားများ ခန်း ခြောက်လာကြ၏။ လူလူချင်း ညှဉ်းဆဲ ကြ၏။ တစ်ယောက်စားရတစ် ယောက် မနာလိုမရှုစိမ့်ဖြစ်ကြ၏။ ထိုခေတ်အခါ မှာ ပေါ်ထွန်းသော ၀ါဒဆိုးကြောင့် တရားမဲ့ခြင်းကပင်လျှင် ဂုဏ်ရှိသော လုပ်ရပ် ဖြစ် နေတတ်၏။ သို့သော် ကမ္ဘာမပျက်ခင် အနှစ်တစ်သိန်းက ကြို တင်၍ "ကမ္ဘာကြီး လုံးဝပျက်စီးတော့ မည်တဲ့"ဟူသော ကောလာဟလ ပေါ်ပေါက်လာမည်ဖြစ်၏။ ထိုအခါ လောကဗျူဟာနတ်များက လူ့ပြည် တွင် လှည့်လည်၍ "အို...လူသားတို့ နောင်အနှစ်တစ်သိန်းလွန် မြောက်သောအခါ ဤကမ္ဘာကြီးပျက်စီးတော့ မည်၊ ပင်လယ်သမုဒ္ဒရာ၊ မြေ၊ မြင့်မိုရ်တောင်နှင့်တကွ ကမ္ဘာ့အဆောင်အယောင်အားလုံး လူသားအချင်းချင်းမေတ္တာထားကြပါ။ဗြဟ္မစိုရ်တရား လက်ကိုင်ထားပွားများကြပါ။လူကြီးမိဘရိုသေကြပါ၊ ပြုစုလုပ်ကျွေးကြပါ၊ကုသိုလ် ကောင်းမှုပြုကြပါ"ဟု သတိ ပေး နှိုးဆော်ကြွေးကြော် တိုက်တွန်း ကြလေ၏။
ထိုအခါ လူသားတို့နှင့်တကွ အချို့နတ်များပင် တုန်လှုပ်ချောက်ချားသံဝေဂပွားလျက် မဟုတ်တရုတ် တရားမဲ့ ၀ါဒများကိုစွန့်ပယ်လျက် ဗြဟ္မစိုရ် တရား လက်ကိုင်ထားကာ တရားဖက် ကြပြန်သောကြောင့် သေလျင် အထက် ဘုံများသို့ ရောက်ကြရလေသည်။
နောက်ဆုံး၌လူ့ဘုံ၊နတ်ဘုံနှင့် ပထမဈာန်ဗြဟ္မာ့ဘုံတို့ရှိ သတ္တ၀ါ အများသည် ကမ္ဘာပျက်မည့်ဘေးမှ လွတ်မြောက်ရာအထက်ဗြဟ္မာ့ပြည် တို့ ၌ ဗြဟ္မာများသာ ဖြစ်ကြရလေသည်။ myanmar.mmtimesမှကူးယူဖော်ပြသည်။

No comments:

Post a Comment