........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Dec 12, 2012

သာသနာငါးထောင်

ဆရာတော်ဘုရား
သာသနာငါးထောင်ပဲ တည်မယ်လို့ မြတ်စွာဘုရား ဗျာဒိတ်ပေး တော်မူခဲ့ပါသလား။ သာသနာ ၂၅၀၀ ကျော်လျှင် သိကြားမင်း၏ သာသနာဆိုတာ ဟုတ်ပါသလား၊ မြတ်စွာဘုရားက သိကြားမင်းကို သာသနာ ၂၅၀၀ နောက်ပိုင်း စောင့်ရှောက်ပါလို့ မှာတော်မူခဲ့ပါသလား ဘုရား။ ကျေးဇူးပြု၍ ဖြေကြားပေးပါရန် တောင်းပန်အပ်ပါသည်။
မောင်ကြည်မိုး
လားရှိုး


ဤပြဿနာမှာ ထေရ၀ါဒ ဗုဒ္ဓသာသနာတွင် ထပ်ခါတလဲလဲ ပေါ်ပေါက်နေကျ ပြဿနာပင်ဖြစ်လေသည်။ ကုန်းဘောင်ခေတ် ၀ိနိစ္ဆယ စာပေတို့တွင် မကြာမကြာ ဖြေရှင်း ရေးသားကြသည်ကို တွေ့ရပေ သည်။ မြန်မာသက္ကရာဇ် ၁၂၃၁-ခုနှစ် နယုန်လဆန်း ၁၅-ရက် နေ့စွဲဖြင့် ဖြေဆိုထားသော လုံးတော်ဆရာတော်ဘုရားကြီး၏ ပကိဏ္ဏက၀ိသဇ္ဇနာ ကျမ်းတွင်လည်း အကျယ်တ၀င့် ဖြေဆိုထားသည်ကို ဖတ်ရ၏။ လုံးတော်ဆရာတော်ကြီးက `သာသနာတော် ငါးထောင်ဟူ၍ ဘုရားဟောပါဠိပိဋကတ်တော်အရ သုတ္တန်ပိဋကတ် ကျမ်းတော်တို့တွင် မလာ မရှိရကား သာသနာတော် ငါးထောင်ပါဠိကို ပိဋကတ်တော်မှာ မရှာ သင့်။ သဖန်းပွင့်ကို ရှာသကဲ့သို့ တွေ့မြင်ရာသောသဘောပင် မဟုတ်၊ ယင်းသို့ဖြစ်လျက် အနက်သဘာဝ ဒေသနာတော်၏ အရအကျကို မထောက်ဆ မဆင်ခြင်၊ မမြော်မြင် မစဉ်းစားနိုင်ကြသဖြင့် ပညာနုလှသော ဗာလသောတုဇန အပ္ပညာဏတ ပုဂ္ဂိုလ်ငယ်များက မစဉ်းစား မဆင်ခြင်ဖြင့် မြင်မြင်ဝါးဝါး ၁၈-ပါးသော ဘေဒကကရကိုမျှမထောက် မကြောက်မလန့် ၀ံ့ဝံ့စားစား ဘုရားဟောကျမ်းဂန် ဝေးလေပြန်သော် သဘောယုတ္တိ ရှိ,မရှိ မှန်,မမှန်ကို ဉာဏ်နည်းသူဖြစ်၍လည်း မမြင်၊ အမုန်ယစ်သော တောဆင်ကို ချွန်းမတင်ဘဲ လွှတ်သကဲ့သို့ ကယောင် ချောက်ချား မာန်ထောင်လွှားလျက် ငါးထောင်သာသနာ အမိန့်တော် ဒေသနာ သည်မှာရှိ၏ဟု ဆိုမိဆိုရာ ဆိုကြရှာပေသည်´ စသည်ဖြင့် အကျယ် ဆုံးဖြတ်တော်မူခဲ့လေသည်။
ထိုမှတစ်ပါး အမရပူရ မဟာသကျသီဟတိုက်နေ ဦးဝဏ္ဏာစာရ အမည်ရှိသောပုဂ္ဂိုလ်က သာသနာငါးထောင်ရှိကြောင်း၊ နေတ္တိကျမ်း သာသနာဟာရခန်း၌ ဘုရားဟောတော်မူကြောင်း ဖော်ပြဟောကြား ခဲ့သည်ဟု ဆိုသောစကားအရလည်း ဆရာတော်ကြီးများက ချေဖျက် ဆုံးဖြတ်တော်မူကြသည်။
ထိုစကားနှင့်စပ်၍ ဂုဏာဘိလင်္ကာရ သဒ္ဓမ္မဇောတိကဓဇရာဇဂုရု ဘွဲ့တံဆိပ်တော်ရ ပရိယတ္တိဆေက ပိဋကတ္တယကောဝိဒ နိကာယန္တရ ၀ိနယဓရ လဇ္ဇီပေသလ ကုက္ကုစ္စက သိက္ခာကာမ ပုရိသဝေပုလ္လ သတိမန္တ ဗျတ္တိ ပဋိဗလ မင်းတုန်းမင်းဆရာတော် ဖြစ်တော်မူသည့် လုံးတော်ဆရာတော်ကြီးက သာသနာငါးထောင်ဟူ၍ ဘုရားဟောပါဠိ ပိဋကတ်တော်မှာ မလာမရှိ၊ ဦးဝဏ္ဏာစာရ ကိုးကားထောက်ထားသော နေတ္တိကျမ်းလည်း ဘုရားဟောမဟုတ်၊ နေတ္တိကျမ်း၌ `အနုဇာနာမိ ဘိက္ခဝေ´ ဟူသော ဤပါဠိသည် မရှိသင့်ဟူ၍ အကျဉ်းသင်္ခေပအားဖြင့် မိန့်တော်မူသည်။ (မှတ်ချက်။ ဆဋ္ဌသံဂါယနာမူ နေတ္တိကျမ်းတွင်လည်း ထိုပါဠိမပါရှိပေ။)
သာသနာငါးထောင်စကား ဖြစ်ပေါ်လာပုံမှာ ၀ိနည်းစူဠ၀ါပါဠိတော် ဘိက္ခုနီခန္ဓကတွင် `သစေ အာနန္ဒ နာလဘိဿ---´စသည်ဖြင့် မိထွေးတော်ဂေါတမီ ဘိက္ခုနီအဖြစ် တောင်းပန်ရာတွင် ဝေသာလီ ပြည်၌ အရှင်အာနန္ဒာက ကူညီတောင်းပန်ရာ၌ မြတ်စွာဘုရားက ဘိက္ခုနီအဖြစ် ပယ်မြစ်သော စကားတော်အရပင် ဖြစ်ပေသည်။
မိထွေးတော်ဂေါတမီက `သာဓု ဘန္တေ လဗ္ဘေယျ မာတုဂါမော တထာဂတပ္ပဝေဒိတေ ဓမ္မ၀ိနယေ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇံ´ဟု `မြတ်စွာဘုရားသာသနာတော်၌ မာတုဂါမသည် လူ့ဘောင်မှ ရဟန်း ဘောင်သို့ ၀င်ရောက်ခွင့်ပြုတော်မူပါ´ဟု လျှောက်ထားတောင်းပန်လျှင် မြတ်စွာဘုရားသည် `ဂေါတမီ..သင်သည် မာတုဂါမအား ငါဘုရား အဆုံးအမတော်တည်း ဟူသော ဓမ္မ၀ိနယသာသနာတော်၌ ရဟန်း အဖြစ်ကို မနှစ်သက်လင့်ဟု´`အလံ ဂေါတမီ၊ မာ တေ ရုစိ မာတုဂါမော တထာဂတပ္ပဝေဒိတေ ဓမ္မ၀ိနယေ´ စသည်ဖြင့် ပယ်တော်မူသည်။
သို့သော် အရှင်အာနန္ဒာက သုံးကြိမ်တိုင်တိုင် ကူညီတောင်းပန်ပြီးနောက် အရှင်အာနန္ဒာသည် မူတစ်မျိုးပြောင်း၍ `မြတ်စွာဘုရား မာတုဂါမသည် ဘုရားအဆုံးအမတော် တည်းဟူသော ဓမ္မ၀ိနယသာသနာတော်၌ ရဟန်းအဖြစ်ကိုရသဖြင့် သောတာပတ္တိမဂ်၊ သောတာပတ္တိဖိုလ်၊ သကဒါဂါမိမဂ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိမဂ်၊ အနာဂါမိဖိုလ်၊ အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုခြင်းငှာ ထိုက်ပါ၏လော´ဟု မေးလျှောက်လေလျှင် `အာနန္ဒာ၊ မျက်မှောက် ပြုခြင်းငှာ ထိုက်၏´ ဟု မိန့်တော်မူသဖြင့် `မြတ်စွာဘုရား ဤသို့ထိုက်ပါလျှင် မိထွေးတော်ဖြစ်သော မဟာမဇာပတိ ဂေါတမီသည် မြတ်စွာဘုရားအား အလွန်ကျေဇူးများပါ၏။ မယ်တော်ကွယ်လွန်သဖြင့် မိထွေးတော်သည်ပင် ကိုယ်တော်ကို နို့ရည်တိုက် ကျွေးမွေးပြုစု စောင့်ရှောက်ရ၏။
ထို့ကြောင့် မာတုဂါမသည် ဘုရားအဆုံးအမတော်တည်းဟူသော ဓမ္မ၀ိနယ သာသနာတော်၌ ရဟန်းအဖြစ်ကို ရပါမည့်အကြောင်း´ ထပ်လောင်းတောင်းပန်ရာတွင် `ဂရုဓမ်ရှစ်ပါး တရားကို မဟာပဇာပတိဂေါတမီသည် အကယ်၍ အသက်ထက်ဆုံး ၀န်ခံကာ ကျင့်ကြံနိုင်လျှင် မဟာမဇာပတိ ဂေါတမီသည် ရဟန်းဖြစ်စေလော့´ ဟု မိန့်တော်မူလေသည်။
ထို့နောက် `သစေ အာနန္ဒ နာလဘိဿ မာတုဂါမော တထာဂတပ္ပဝေဒိတေ ဓမ္မ၀ိနယေ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇံ္ဇ´ စသည်ဖြင့် `အာနန္ဒာ၊ အကြင်အမျိုး၌ မိန်းမများသဖြင့် ယောက်ျားတို့သည် နည်းကုန်၏။ ထိုအမျိုး၌ အိုးဖြင့်မီးတောက်ကိုထည့်၍ ပစ္စည်းဥစ္စာကို ရှာဖွေ ခိုးယူကုန်သော သူခိုးတို့သည် နှိပ်စက် ဖျက်ဆီး နိုင်ရာသကဲ့သို့ လည်းကောင်း၊ သလေးခင်း ကြံခင်းတို့၌ ပိုးတို့သည် ကိုက်ခြင်းကြောင့် သေတဋ္ဌိက မဉ္ဇိဋ္ဌိကမည်သော အနာတို့ နှိပ်စက်လတ်သော် ရှည်မြင့်စွာ မသုံးဆောင် မခံစားရ၊ တစ်ခဏချင်း ယိုယွင်းပျက်စီးလေသကဲ့သို့ လည်းကောင်း၊ ထို့အတူ မာတုဂါမသည် ငါဘုရားအဆုံးအမတော် တည်းဟူသော ဓမ္မ၀ိနယသာသနာ၌ ရဟန်းအဖြစ်ကို ရခြင်းကြောင့် ငါဘုရား၏ အဆုံးအမတော်တည်းဟူသော ဓမ္မ၀ိနယသာသနာတော်သည် အနှစ်ငါးရာသာ တည်လတ္တံ့။
အာနန္ဒာ၊ အကြင်လယ်လုပ် ယောက်ျားသည် ကြီးစွာသော တစ်ဖက်ဆည်ကန်၌ ကန်သင်းလယ်ပေါင်တို့ကို မဖို့မဆည်ခဲ့သော် ရေတို့သည် တစ်ပေါက်တစ်စက်မျှ မကျန်မကြွင်း စီးဆင်းယိုထွက် လေရာ၏။ ရေမလွန်မီ ရှေးအဖို့ကာလက ကြီးစွာသော ကန်သင်း ကန်ပေါင်ကို ဆည်ဖို့တက်သက် ဖွဲ့ယှက်ခိုက်လုံစွာ ရှိခဲ့မူကား ရေတို့သည် မဆင်းမသက် မထွက်မယို အလိုရှိတိုင်းသာ ရှည်ကြာကာလ သုံးဆောင်ရသကဲ့သို့ ထို့အတူ အာနန္ဒာ၊ ငါဘုရားသည် မဆွကပင် ထိုဘိက္ခုနီမတို့အား ဂရုဓမ္မတရား ရှစ်ပါးကို အသက်ထက်ဆုံး စောင့်ရှောက်စေခြင်းငှာ ပညတ်တော်မူရကား ငါဘုရား၏ ပညတ်တော် တည်းဟူသော ဓမ္မ၀ိနယ ဗြဟ္မစရိယသဒ္ဓမ္မသည် အနှစ်တစ်ထောင် တည်ပြန့်လတ္တံ့´ဟု `သေယျထာပိ အာနန္ဒ ပုရိသော မဟာတဠာကဿ ပဋိကစ္စေ၀ အာဠိံ ဗန္ဓေယျ ယာဝ ဥဒကဿ အနတိက္ကမာယ၊´ စသည် ဟောကြားတော်မူလေသည်။
ထိုစကားတော်လာ အနှစ်တစ်ထောင်ဟူသည်ကို အဋ္ဌကထာ ဆရာတော်များက ပဋိသမ္ဘိဒါ ပဘေဒပတ္တရဟန္တာခေတ် (အကောင်းဆုံး ရဟန္တာမြတ်များရှိသောခေတ်) ဖြစ်ကြောင်း မိန့်ဆိုထားပေသည်။ (ခုဒ္ဒကနိကာယ် ၀ိနည်းစူဠ၀ါ ဘိက္ခုနီခန္ဓက)။ ထို့ထက်အလွန် သုက္ခ ၀ိပဿက ရဟန္တာခေတ်တစ်ထောင်၊ အနာဂါမ်ခေတ်တစ်ထောင်၊ သကဒါဂါမ်ခေတ်တစ်ထောင်၊ သောတာပန်ခေတ်တစ်ထောင်အားဖြင့် သာသနာငါးထောင် တည်လတ္တံ့ဟု-
`၀ဿသဟဿမ္ပိစေတံ ပဋိသမ္ဘိဒါပဘေဒပတ္တ ခီဏာသ၀ ၀သေန ၀ုတ္တံ၊ တတော ပန ဥတ္တရိ သုက္ခ၀ိပဿက ခီဏာသ၀ ၀သေန..´
ဒီဃနိကာယ် သုတ်ပါထေယျ သမ္ပသာဒနီယသုတ် အဋ္ဌကထာ၊ သံယုတ္တနိကာယ် သဂါထာဝဂ္ဂသံယုတ်အဋ္ဌကထာ ဆရာတို့အလိုအားဖြင့် ရှေးဦးစွာ ပဋိသမ္ဘိဒါပတ္တရဟန္တာခေတ် တစ်ထောင်၊ ဆဠာဘိညရဟန္တာခေတ်တစ်ထောင်၊ တေ၀ိဇ္ဇာရဟန္တာခေတ်တစ်ထောင်၊ သုက္ခ၀ိပဿကရဟန္တာခေတ်တစ်ထောင်၊ ပါတိမောက္ခသံဝရခေတ်တစ်ထောင် အားဖြင့် သာသနာတော် ငါးထောင်တည်လတ္တံ့ဟု- `ပဋိသမ္ဘိဒါပတ္တေဟိ ၀ဿသဟဿံ ဆဠဘိညေဟိ ၀ဿသဟဿံ..´စသည်ဖြင့် ဖွင့်ဆိုတော်မူကြသည်။(ဒီဋ္ဌ ၃၊၈၃၊သဋ္ဌ ၁၊ ၃၅)
အင်္ဂုတ္တရနိကာယ်အဋ္ဌကထာ၊ ခုဒ္ဒနိကာယ်(၀ိနည်း) သမ္မောဟ၀ိနောဒနီအဋ္ဌကထာ ဆရာတို့၏ အလို့အားဖြင့် မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်စံတော်မူသည့်နောက် ပဋိသမ္ဘိဒါပတ္တ ရဟန္တာခေတ်တစ်ထောင်၊ ဆဠဘိညရဟန္တာခေတ်တစ်ထောင်၊ တေ၀ိဇ္ဇာရဟန္တာခေတ် တစ်ထောင်၊ သုက္ခ၀ိပဿကရဟန္တာခေတ်တစ်ထောင်၊ အနာဂါမ်၊ သကဒါဂါမ်၊ သောတာပန် ခေတ်တစ်ထောင် အားဖြင့် သာသနာငါးထောင် ပြဆိုတော်မူခဲ့ကြသည်။
အကောင်းဆုံး အမြတ်ဆုံး ရဟန္တာခေတ်မှ တဆင့်စီ တဆင့်စီ တစ်ထောင်စီ သတ်မှတ်၍ လျော့ကျသွားပုံကို ပြရာပြပုံချင်း မတူညီသော်လည်း အားလုံးယုတ္တိတန်သော အဆိုအမိန့်ချည်းပင်ဖြစ်သည်။ ထိုအဆိုအမိန့်များအရ ယခုလက်ရှိအချိန်မှာ ပဋိသမ္ဘိဒါပတ္တ ရဟန္တာခေတ်၊ ဆဠဘိညရဟန္တာခေတ်တို့ ပြီးဆုံး၍ တေ၀ိဇ္ဇာခေါ် ၀ိဇ္ဇာသုံးပါး (ပုဗ္ဗေနိဝါသဉာဏ်၊ ဒိဗ္ဗစက္ခုဉာဏ်နှင့် အာသ၀က္ခယဉာဏ်) ရဟန္တာများရှိနိုင်သေးကြောင်းကို သိမှတ်၍ အကောင်းဆုံးအခြေအနေသို့ ရောက်အောင် ကျင့်သုံးနိုင်ရန် အရေးကြီးလှပေသည်။
သာသနာငါးထောင်ဟူသောစကားရှိလျှင် ထို၏ထက်ဝက် သာသနာ ၂၅၀၀ လည်း မုချရှိရပေတော့မည်။ ထို့ကြောင့်ပင်လျှင် သာသနာ ၂၅၀၀ ပြည့်ဖြစ်သော မြန်မာသက္ကရာဇ် ၁၃၁၈ ခုနှစ်၊ ကဆုန်လပြည့်က မြန်မာနိုင်ငံတွင် သာသနာ ၂၅၀၀ ပွဲကြီးကို ဆင်နွှဲခဲ့ကြသည် မဟုတ်ပါလော။ ထိုအချိန်ကလည်း သာသနာတစ်ဝက် မင်းကောင်းတစ်ဆက်၊ သာသနာ ၂၅၀၀ သိကြားသာသနာဟူသော စကားများ ခေတ်စားခဲ့ပြီး ပညာရှင်များကလည်း ဆောင်းပါးအသီးသီးတို့ဖြင့် တင်ပြခဲ့ကြကာ သိကြားသာသနာဟူ၍ မရှိကြောင်း ရှင်းလင်းခဲ့ကြပါသည်။
မြတ်စွာဘုရားက သိကြားမင်းအား သာသနာကို အပ်နှင်းခဲ့သော စကားတော်သည် လည်း ပိဋကတ်တော်တွင်မရှိ။ သာသနာ ၂၃၆ တွင် သီဟိုဠ်ကျွန်း တမ္ဗပါဏိသို့ အရှင်မဟိန္ဒ သာသနာပြုကြွရာတွင် အဖော်အဖြစ် ကူညီရန်မျှသာ အရိပ်အမြွက် စကားရှိပေသည်။ ထို့ကြောင့် သာသနာတစ်ဝက် ၂၅၀၀ သည် သိကြားသာသနာဖြစ်သည် ဟူသော စကားတို့ကို မမှတ်သားသင့်ဟု ပြောလိုပါသည်။
မြတ်သတိဝါဒီ မဂ္ဂဇင်း
ဇူလိုင်လ၊ ၂၀၀၁ ခုနှစ်။
(ရဝေထွန်း-၏ အနာဂတ်ကာလ မပွင့်သေးသော ဘုရားများအား ရှိခိုးသင့် ရှိမခိုးသင့် နှင့် ဘာသာရေးဖြတ်ထုံးများ- စာအုပ်မှ)

No comments:

Post a Comment