........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Mar 31, 2014

“အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး”

လူမျိုးတိုင်း ဘာသာဝင်တိုင်းသည် မိမိတို့၏ အမျိုး ဘာသာ သာသနာကို စောင့်ရှောက်ကြသည်။ စောင့်ရှောက်ဖို့ တာဝန်လည်းရှိသည်။ ယနေ့ ကမ္ဘာပေါ်ရှိ ဘာသာတို့တွင် ခရစ်ယာန်ဘာသာဝင်၊ အစ္စလာမ်ဘာသာဝင...် တို့သည် အခြားဘာသာဝင်တို့ထက် ပို၍ မိမိဘာသာ တိုးတက်ရေးကို ဆောင်ရွက်ကြသည်။ ထို့ကြောင့် ယင်းဘာသာတို့သည် အခြားဘာသာတို့ထက် ပိုမိုတိုးတက်နေခြင်း ကျယ်ပြန့်နေခြင်းဖြစ်သည်။
ဗုဒ္ဓဘာသာဝင်များသည် မိမိတို့၏ ဘာသာတိုးတက်ရေးကို ဆောင်ရွက်မှု ဘာသာ သာသနာ စောင့်ရှောက်မှု အားနည်းသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်ဦးရေ တဖြည်းဖြည်း လျော့နည်းနေခြင်းဖြစ်သည်။

“မြန်မာလူမျိုးများ၏ စိတ်ဓာတ်”

မြန်မာလူမျိုးများသည် ဗြဟ္မစိုရ်တရား လက်ကိုင်ထားသူများဖြစ်၍ တိုင်းခြားသား လူမျိုးခြား ဘာသာခြားများ မိမိနိုင်ငံအတွင်းသို့ ရောက်ရှိလာခြင်းကို လက်ခံ ကြိုဆိုခဲ့ကြသည်။ မည်သူ့ကိုမဆို ဆွေမျိုးရင်းချာပမာ တစ်လှေထဲစီး တစ်ခရီးထဲသွား အတူလက်တွဲ နေထိုင်ခဲ့ကြသည်။ မိမိနိုင်ငံ မိမိဒေသသို့ ရောက်လာသူများ၏ ဘာသာအယူဝါဒ ကိုးကွယ်ဆည်းကပ်မှု မှန်သမျှကို နှောက်ယှက်ဟန့်တားခဲ့ခြင်း မရှိခဲ့ကြ။

“ယနေ့ အခြေအနေ”

မြန်မာ့ အမျိုး ဘာသာ သာသနာ အခြေအနေကို လေ့လာသုံးသပ်ကြည့်မည်ဆိုလျှင် ဗုဒ္ဓဘာသာဝင် အသိုက်အဝန်းကြား၌ အားကောင်းနေသည်ဟု ထင်နေကြသော်လည်း အထင်နှင့်အမြင် တက်တက်စင် ကွာဟ နေပေပြီ။
ဗုဒ္ဓဘာသာဝင် ရှေးလူကြီးများလည်း သေဆုံးကုန်သဖြင့် တဖြည်းဖြည်း လျော့နည်းသွားကုန်ကြပြီ။
လူငယ်တွေပိုင်းမှာလည်း ဝိုးတိုးဝါးတား ဘာသာလဝါ မိရိုးဖလာ ဗုဒ္ဓဘာသာတွေသာ များနေကြပြီ။
ဘာသာအခြေခံ အားနည်းသဖြင့် ဘာသာခြားများ စည်းရုံးမှုနောက်သို့ ကောက်ကောက်ပါသွားကြပြီ။
ဘာသာခြားနှင့် လက်ထပ်သော အမျိုးသမီးများမှာဆိုလျှင် လုံးဝလောက် ဘာသာခြားဖက် ပြောင်းသွားကြပေပြီ။ အချို့ အမျိုးသမီးများလည်း နိုင်ထက်စီးနင်း သူတို့ဘာသာထဲသို့ သွတ်သွင်းခြင်းခံကြ ရရှာသည်။

ဗုဒ္ဓဘာသာ ခေါင်းဆောင်များကလည်း ခေတ်အမြင်မရှိခြင်း၊ အမြင်ကျဉ်းခြင်း ကိုယ့်ကိုယ်ကို အထင်ကြီးခြင်း၊ ပရဟိတစိတ်ဓာတ် ခေါင်းပါးခြင်း ပေးဆပ်မှုထက် ရယူမှုကိုသာ ဦးစားပေးခြင်း အနစ်နာခံလိုစိတ် နည်းပါးခြင်း စသည်တို့ကြောင့် ဘာသာဝင်အသစ် စည်းရုံးနိုင်ဖို့ နေနေသာသာ ဘာသာဝင်ဟောင်း မဆုံးရှုံးအောင်ပင် မစွမ်းဆောင်နိုင်ကြတော့။

ထိုအခြေအနေများကြောင့် အားမကိုးလောက်သည့် ဗုဒ္ဓဘာသာကို စွန့်ပယ်ကျောခိုင်းကာ အခြားဘာသာဖက် သို့ ပြောင်းသွားကြခြင်း အချို့လည်း အတင်းအကြမ် ဝါးမျိုခံရခြင်းကြောင့်
ကချင် ကယား ကရင် ချင်း မွန် ရခိုင် စသော နယ်စွန်နယ်ဖျားများ၌ ဗုဒ္ဓဘာသာ ပျောက်သလောက်ဖြစ်သွား ကြပြီး ယင်းဒေသများ၌ ရွာလုံးကျွတ် ဗုဒ္ဓဘာသာ မဟုတ်တော့။ ထို့ကြောင့်-

ဗုဒ္ဓဘာသာ ရှင်လူအများက သတိတရား ထားသင့်ပြီ….။
အခြားဘာသာ တိုးတက်ရေးကို အခြားသူများ ဆောင်ရွက်သည်။
ဗုဒ္ဓဘာသာ တို့တတွေအများက သွေးအေးလို့ မနေသင့်ပြီ။
သွေးအေးနေရင် သာသနာပျောက်လို့ လူမျိုးပျောက်ဖို့ ကြုံလိမ့်မည်။
နှိုးဆော်ပါသည် အကျိုးမျှော်ကာရည်။
တို့ဘာသာရေး တို့မျှော်တွေးလို့ တိုအလေးပေးသင့်ပြီ။

စသော နှိုးဆော်သံ သီချင်း ကဗျာကိုလည်း သတိပြုစေချင်ပါသည်။
သွေးအေးနေခဲ့ခြင်းကြောင့် တချိန်က ဗုဒ္ဓဘာသာ အလွန်ထင်ရှားခဲ့သည့် အိန္ဒိယ၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား စော နိုင်ငံများ၌ ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓဘာသာ လူမျိုး ပျက်သုဉ်းသွားကြပြီ။

“အားလုံး နာလည်စေချင်သည်”

အမျိုး ဘာသာ သာသနာ ချစ်မြတ်နိုးသူတိုင်း မိမိ၏ အမျိုး ဘာသာ သာသနာကို ကာကွယ်ရမည့် တာဝန်ရှိကြ သည့်အားလျော်စွာ ဟိန္ဒူ ခရစ်ယာန် အစ္စလာမ် စသော ဘာသာများ၌ သူတို့ဘာသာ ဦးဆောင်သူတို့က
သူတို့ဘာသာဆိုင်ရာ ဘာသာ သာသနာ စောင့်ရှောက်ရေး ဥပဒေများ ပြဋ္ဌာန်းထားခဲ့ကြသည်။

အဆိုပါ ဟိန္ဒူ ခရစ်ယာန် အစ္စလာမ်စသော ဘာသာများအတွက် သူတို့ဘာသာဆိုင်ရာ ဘာသာ သာသနာ စောင့်ရှောက်ရေး ဥပဒေများ ပြဋ္ဌာန်းထားခဲ့ကြသည်ကို ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများက ဟန့်တားမှု နှောက်ယှက်မှု လုံးဝ မပြုခဲ့ကြပါ။
ယခု မြန်မာ့ ဗုဒ္ဓဘာသာ သာသနာ တာဝန်သိသူတို့က မိမိတာဝန်ကို ယူသောအနေဖြင့်
၁။ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး။
၂။ အမျိုးစောင့် ဥပဒေပေါ်ထွန်းရေး။
ဟူသော လုပ်ငန်းကြီး ၂-ရပ်ကို ပထမဦးစားပေး အနေဖြင့် ဆောင်ရွက်လာသောအခါကျမှ အချို့သော အခြားဘာသာဝင်များက လူ့အခွင့်အရေး ချိုးဖောက်သည်ဟု ပြောဆိုလာကြခြင်းသည် တရားနည်းလမ်း ကျပါသလား၊ အဆုံးအဖြတ်ပေးကြပါ။

အဆိုပါ လုပ်ငန်းကြီး ၂-ရပ်သည် လိုအပ်နေသော မိမိခြံစည်းရိုးကို မိမိကာခြင်းသာဖြစ်သည်။ မိမိခြံစည်ရိုး မိမိကားခြင်းသည် တာဝန်သိသူတိုင်း ယူရမည့် တန်းတူညီမျှ အခွင့်အရေး ယူခြင်းသာဖြစ်သည်။ သူများခြံစည်း ရိုးကို သွားဖျက်တာလည်း မဟုတ်၊ သူများ အခွင့်အရေးကို ဖျက်ဆီးတာလည်း မဟုတ်ပါ။ ကိုယ့်အခွင့်အရေးကိုမျှ ကိုယ်ယူခွင့် မရှိတော့လျှင် သေဖို့သာ ကောင်းတော့သည်။ အသက်ရှင် မနေသင့်တော့ပေ။

“အမျိုးစောင့်ဥပဒေ၏ ရည်ရွယ်ချက်”

အမျိုးစောင့်ဥပဒေကဲ့သို့သော ဥပဒေသည်
၁။ မြန်မာ့တိုင်းရင်းသူ တိုင်းရင်းသားများကို ဘာသာခြား လူမျိုးများက ထင်သလို မစော်ကားနိုင်ရန်သာ ဖြစ်သည်။
၂။ ကိုယ့်အတွက် အကာအကွယ်သာဖြစ်၍ အခြားလူမျိုး အခြားဘာသာကို နှောက်ယှက်ဟန့်တားရန်မဟုတ်။
၃။ အာဏာရှင်အတွက် ကိုယ်စားပြုလည်းမဟုတ်။
၎။ ဒီမိုကရေစီ လမ်းကြောင်းအတွက် အနှောက်အရှက် အဟန့်အတား သဘောလုံးဝါမပါ။
၅။ အခြားဘာသာများနှင့် တန်းတူအခွင့်အရေး ရယူခြင်းများသာဖြစ်သည်။ အခွင့်အရေး ပိုယူခြင်းမဟုတ်။
၆။ အမျိုးစောင့်ဥပဒေကြောင့် အာဏာရှင်လမ်းကြောင်း၊ ဒီမိုကရေစီလမ်းကြောင်း၊ နိုင်ငံရေးလမ်းကြောင်း၊ ပါတီလမ်းကြောင်း စသည်စသည် မည်သည့်လမ်းကြောင်းကိုမျှ ထိခိုက်နစ်နာမှု မရှိနိုင်။

“အမျိုးစောင့်ဥပဒေ မလိုလားသူများ”

ဖော်ပြခဲ့သည့်အတိုင်း အမျိုးစောင့်ဥပဒေသည် မြန်မာနိုင်ငံနှင့် စပ်ဆိုင်သူ မည်သူ့ကိုမျှ ထိခိုက်နစ်နာမှု မရှိခြင်းကြောင့် မြန်မာ့ အမျိုး ဘာသာ သာသနာ ချစ်မြတ်နိုးသူတိုင်း မလွဲမသွေ လက်ခံကြမည်သာ ဖြစ်သည်။
သို့သော် မြန်မာ့ အမျိုး ဘာသာ သာသနာကို စော်ကားလိုသူ လွှမ်းမိုးလိုသူ ဝါးမျိုလိုသူ ပျက်သုဉ်းစေလိုသူ လူမျိုးခြား ဘာသာခြားများကတော့ သူတို့ထင်သလို စော်ကားခွင့်မရမှာစိုး၍ အမျိုးစောင့်ဥပဒေမဖြစ်ပေါ်ရေး အမျိုးစောင့်ဥပဒေ ပျက်သုဉ်းရေးကို နည်းအမျိုးမျိုးဖြင့် ကြိုးစားကြမည်သာဖြစ်သည်။

မိမိနိုင်ငံသား ဖြစ်စေကာမူ
၁။ ဘာသာခြား လူမျိုးခြားတို့၏ အထောက်အပံ့ခံများ။
၂။ ဘာသာခြား လူမျိုးခြားများအတွက် အကျိုးဆောင်ပေးနေသူများ။
၃။ မိမိ အမျိုး ဘာသာ သာသနာ ဖျက်ဆီးလိုသူများ။
၎။ အမေကျော် ဒွေးတော်လွမ်းသူများ။
၅။ မိမိ အမျိုးဘာသာထက် လူမျိုးခြား ဘာသာခြားများကိုသာ ချစ်မြတ်နိုးသူများ။
၆။ သူခိုးလက် ဓားရိုးကမ်းသူများ။
၇။ ကိုယ်ကျိုးရှာ နိုင်ငံရေး လုပ်စားသူများ။
၈။ ဂဃနဏ မသိသူများ ပုဂ္ဂိုလ်စွဲ နားယောင်နေသူများ
စသည်စသည်တို့ကတော့ အမျိုးစောင့်ဥပဒေ မဖြစ်ပေါ်ရေး အမျိုးစောင့်ဥပဒေ ပျက်သုဉ်းရေးကို နည်းအမျိုးမျိုး ဖြင့် ကြိုးစားကြနေကြသည်။ ဘုမသိ ဘမသိ အမျိုးဖျက် ဘာသာဖျက် စာရင်းမဝင်မိစေရန် သတိထားကြပါလေ။

အရှင်တိလောကာဘိဝံသ(အင်းစိန်)
တပေါင်းလပြည့်ကျော် ၄-ရက်၊ ၁၃၇၅(မတ်လ-၁၉၊ ၂၀၁၄)၊ ဗုဒ္ဓဟူးနေ့။

ဇာတိဒုက္ခ

ဇာတိဒုက္ခ

အမိဝမ်းခေါင်း၌ ရှေးဦးစွာ ရုပ်သစ် နာမ်သစ်တရားတွေ ဖြစ်ပေါ်မှုကို ဇာတိ-ဟုဆိုရသည်။ ရုပ်တရားတို့ ရှေးဦးစွာ ဖြစ်ပေါ်မှုကို ရုပ်၏ ဇာတိ၊ နာမ်တရားတို့ ရှေးဦးစွာ ဖြစ်ပေါ်မှုကို နာမ်၏ ဇာတိ၊ ဤသို့ ဇာတိ နှစ်မျိုးရှိသည်။ ထိုရုပ်သစ် နာမ်သစ် အစရှေး...ဦးစွာ ဖြစ်ခြင်းဟူသော ပဋိသန္ဓေတည်နေရသူမှာ အမိဝမ်းခေါင်း၌ အမိ၏ အစာဟောင်းအိမ်၌ ထိုင်၍ အစာသစ်အိမ်ကို ခေါင်းဖြင့် ရွက်လျက်-
* စာဟောင်း စာသစ်၊ အောက်ထက်ဝန်းရံ- ဆိုသည့်အရ နေရပေသည်။

ကြပဒုမ္မာ ကြာပုဏ္ဍရိက် စသော နှစ်သက်ဖွယ်ကောင်းသော အနံ့ရှိသော သန့်ရှင်းသောဌာန၌ ဖြစ်ရသည် မဟုတ်၊ စင်စစ် များစွာသော အညစ်အကြေးတို့ဖြင့်၎င်း၊ မကောင်းသော အနံ့တို့ဖြင့်၎င်း၊ ပြည့်သောသူငယ်အိမ်၌ အမိ၏ ကိုယ်ဝန်ဆောင် သွေးကို၎င်း၊ မိဘ နှစ်ဦးတို့၏ အညစ်အကြေး သုက်သွေးကို၎င်း မှီ၍ အလွန်ကျဉ်းမြောင်း ကျပ်တည်းစွာသော အရပ်၌ ငါးပုပ် အမဲပုပ်တို့ကို မှီ၍ဖြစ်သော ပိုးလောက်ကဲ့သို့-
* ပုပ်နှံညှီလောင်း၊ ကျဉ်းမြောင်းမဲမိုက်၊ မိဝမ်းတိုက်ဝယ်၊ ဘင်၌လောက်လို-ဆိုသည့်အရ ဖြစ်ရပေသည်။

အမိကျောဘက်ကို မျက်နှာမူ၍ ဒူးနှစ်လုံးတို့၏အကြား၌ ခေါင်းကိုထားလျက် မေးအောက်၌ လက်နှစ်ဘက်ဆုပ်၍ သစ်ငုတ်တိုပေါ်၌ မျောက်အိုသည် ကုပ်ကုပ်လေး နေသလို-
* ကျောကိုဝမ်းပြု၊ ဒူးနှစ်ခုကြား၊ ဦးခေါင်းထားလျက်၊ မေးဖျားလက်ဆုပ်၊ သစ်ငုတ်တိုမှာ၊ မျောက်အိုကုပ်သည့်နှယ်-ဆိုသည့်အရ နေရပေသည်။

ထိုနေရာ၌ ကိုးလ ဆယ်လ လေးတန်လေးဘက်ကို မလှုပ်မလှဲ့ ကွေးလျက်သာ အလွန်ဆင်းရဲစွာ နေရသောကြောင့် အမိ၏ ၀မ်းခေါင်းကို ဒရီမုခဇာတ်-အဋ္ဌကထာ၌ သာယာမှု ကင်းသော ငရဲဟူ၍၄င်း၊ လေးတန်လေးဘက် ကွေးလျက်နေရသော စတုကုဋ္ဋိက ငရဲဟူ၍၄င်း ပြဆိုထားပါသည်။ အမိသည် လျင်စွာ သွားလာခြင်း၊ တိမ်းပါးချွတ်ချော်ခြင်း စသည်ဖြစ်သောအခါ သေသောက်ကြူး လက်တွင်းသို့ သက်ဆင်းရောက်၍နေသော ဆိတ်-သူငယ်ကဲ့သို့၎င်း၊ မြွေ-အလမ္ပာယ်ဆရာသည် မြွေကိုဖမ်း၍ အမျိုးမျိုး နှိပ်စက် ညှဉ်းပန်းခြင်း၊ အစာငတ်ခြင်း စသည်ကြောင့် အလမ္ပယ်ဆရာမိသော မြွေ၏ မချိမဆန့် ဖြစ်နေရသကဲ့သို့၎င်း-
* မလှုပ်မရှက်၊ သေသောက်လက်ဝယ်၊ ဆိတ်သူငယ်လို၊ အလမ္ပာယ်မိ၊ မြွေငယ်ချိသို့-ဆိုသည့်အရ ဖြစ်ရပါသည်။

အမိသည် စပ်သောအစာကို စားသောအခါ၌ လှံထိုး၍ ဆားပက်ခြင်းကို ခံရသူကဲ့သို့၎င်း၊ ပူသောအစာကို စားသောအခါ ဥဿဒ ငရဲငယ်၌ ခံရသကဲ့သို့၎င်း၊ အမိသည် အလွန်အေးသော အစာများကို စားမိသောအခါ၌ လောကန္တရိတ်ငရဲ၌ ခံနေရသူကဲ့သို့၎င်း၊ သေလုမတတ် ကိုယ်သား တဆတ်ဆတ်ဖြင့် ကြီးစွာသောဆင်းရဲကို -
* အမိ စပ်-ခါး၊ ပူ-အေး-စားလည်း၊ ကိုယ်သားဆတ်ဆတ်၊ သက်ပြတ်တစေ၊ ဆယ်လနေ၍-ဆိုသည့်အရ ခံစားရချေသည်။

ဤအဆိုများကိုထောက်ထား၍ မိခင်ဖြစ်သူများ ရှောင်ရှားမှုကို ပြုကြပါလေ။ ထို့နောက် ကမ္မဇလေ လှုပ်ရှားတိုက်ခတ်သဖြင့် စောက်ထိုးမိုးမျှော် ခြေကား-အထက်၊ ခေါင်းကား-အောက်သို့ လှည့်ရပြီးနောက် မဂ်ဝသို့ရောက်သောအခါ သေးငယ်သော သံကောက်ပေါက် (သော့ပေါက်) မှ ဆင်ပြောင်ကြီးကို ဆွဲထုတ်ရသကဲ့သို့၎င်း၊ သံဘောင်ကြီးဖြင့် အကြိတ်ခံရသကဲ့သို့၎င်း၊ ဆင်းရဲကြီးလှ၏။ ကောင်းစွာမမွေးဖွားနိုင်ပါလျှင် မိခင်ချမ်းသာ ပြီးရော, ကလေး ဘယ်လို ဖြစ်ဖြစ်-ဟူ၍ ဆိုကြသေး၏။ အမိဝမ်းတိုက်၌ လေမျှ မတိုက်ရသဖြင့် အလွန်နူးညံ့လှသော သူငယ်ကို ညှပ်ဖြင့် ဆွဲထုတ်ရသည်ကိုလည်း ကြားဖူး၏။ မည်မျှ ဆင်းရဲပါမည်နည်း။ အပြင်သို့ ရောက်သောအခါလည်း ကြမ်းတမ်းသော အ၀တ်-စသည်ဖြင့် ထိပါးကိုင်တွယ်မှုကြောင့် အပ်ဖြင့် အဆွခံရသကဲ့သို့ ဆင်းရဲလှ၏။
ကြီးပြန်သောအခါလည်း အိုရ, နာရ, သေရ စသည်ဖြင့် ဆင်းရဲကြီးစွာ တွေ့ကြရ ကြုံကြရပြန်၏။
* လေကမ္မဇ၊ ဦးဇောက်ချသား၊ မဂ်ဝသို့ရောက်၊ သံကောက်ပေါက်ဝယ်၊ ဆွဲမြှောက်ဆင်ပြောင်၊ သံဘောင်ကြိတ်ခြေ၊ ပုံနေရယိက၊ ပြင်သို့ကျလည်း၊ အပ်ဆွသည့်ဟန်၊ ကြီးပြန် ဒုက္ခ၊ ပြစ်များလှသည်၊ မူလဇာတိ မြစ်ရင်းတည်း။

( လင်္ကာ )
စာဟောင်းစာသစ်၊ အောက်ထက်ဝန်းရံ၊ ပုပ်နှံညှီလောင်း၊ ကျဉ်းမြောင်းမဲမိုက်၊ မိဝမ်းတိုက်ဝယ်၊ ဘင်၌လောက်လို၊ ကျောကိုဝမ်းပြု၊ ဒူးနှစ်ခုကြား၊ ဦးခေါင်းထားလျက်၊ မေးဖျားလက်ဆုပ်၊ သစ်ငုတ်တိုမှာ၊ မျောက်အိုကုပ်သည့်နှယ်၊ မလှုပ်မရှက်၊ သေသောက်လက်ဝယ်၊ ဆိတ်သူငယ်လို၊ အလမ္ပါယ်မိ၊ မြွေငယ်ချိသို့၊ အမိ စပ်း-ခါး၊ ပူ-အေး-စားလည်း၊ ကိုယ်သားဆတ်ဆတ်၊ သက်ပြတ်တစေ၊ ဆယ်လနေ၍၊ လေကမ္မဇ၊ ဦးဇောက်ချသား၊ မဂ်ဝသို့ရောက်၊ သံကောက်ပေါက်ဝယ်၊ ဆွဲမြှောက်ဆင်ပြောင်၊ သံဘောင်ကြိတ်ခြေ၊ ပုံနေရယိက၊ ပြင်သို့ကျလည်း၊ အပ်ဆွသည့်ဟန်၊ ကြီးပြန်ဒုက္ခ၊ ပြစ်များလှသည်၊ မူလဇာတိမြစ်ရင်းတည်း။

မှတ်ချက်။
ဇာတိ ပဋိသန္ဓေနေမှု ဆင်းရဲစစ် ဆင်းရဲမှန် ဒုက္ခသစ္စာတရားဖြင့် ဘ၀သစ်ကို ထူထောင်ကြပြီးလျှင် ချစ်သူတို့နှင့် အတူမနေရ ဒုက္ခသစ္စာ။ မုန်းသူတို့နှင့် အတူနေရ ဒုက္ခသစ္စာ။ လိုတာမရ ဒုက္ခသစ္စာ။ အိုရမှု ဒုက္ခသစ္စာ။ နာရမှု ဒုက္ခသစ္စာ။ သေရမှု ဆင်းရဲစစ် ဆင်းရဲမှန် ဒုက္ခသစ္စာဖြင့်ပင် တဘ၀နောက်ဆုံး နိဂုံးအုပ်ကြရလေသည်။

တဖန် ထိုကဲ့သို့ ဒုက္ခသစ္စာနှင့် တွေ့ကြရဦးမည်ဖြစ်သော ငရဲဟူသော အမိဝမ်းခေါင်း၌ ကိန်းအောင်းရမည်ကို အကြောက်ကြီး ကြောက်ကြလျက် သံဝေဂဉာဏ်သို့ရောက်၍ နိဗ္ဗာန်သို့ပေါက်အောင် သတိဆောင်ကာ သဒ္ဓါစေတနာ ရှေ့သွား ပုညတရားတို့ကို စွမ်းအားထုတ်၍ ပြုလုပ်နိုင်ကြပါစေကုန်သတည်း။

နိရောဓ ၇-မျိုး


နိရောဓ ဟူသည်
၁။ တဒင်္ဂ နိရောဓ
၂။ ၀ိက္ခမ္ဘန နိရောဓ
၃။ သမုစ္ဆေဒ နိရောဓ
၎။ ပဋိပဿဒ္ဓိ နိရောဓ
၅။ ခဏဘင်္ဂ နိရောဓ
၆။ သညာဝေဒယိတ နိရောဓ
၇။ သစ္စ နိရောဓ
ဟူ၍ အချုပ်အချာအားဖြင့် ၇-ပါးရှိသည်။ ထို ၇-ပါးတို့တွင် ခဏဘင်္ဂ နိရောဓသည် ဥပ္ပါဒခဏဘင်္ဂ နိရောဓ, အနုပ္ပါဒခဏဘင်္ဂ နိရောဓ-ဟူ၍ သတ္တိအားဖြင့် နှစ်ပါးဖြစ်လာသည်။ ထို့ကြောင့် နိရောဓ ၈-ပါး သိဖွယ်များ ဖြစ်လာသည်။

၁။ တဒင်္ဂ နိရောဓ ( ပဋိသမ္ဘိဒါမဂ္ဂ အဋ္ဌကထာ ဒုတွဲ နှာ-၅၃ )
ထိုရှစ်ပါးတွင် ထိုထို ကာမကုသိုလ်တည်းဟူသော အကြောင်းအစိတ်ဖြစ်ခိုက် ထိုထိုအကုသိုလ်တရားတို့၏ မဖြစ်ဘဲ ချုပ်ငြိမ်း၍နေခြင်းသည် ( တဒင်္ဂ-ထိုထိုကာမကုသိုလ်တည်းဟူသော အစိတ်အကြောင်းကြောင့်၊ နိရောဓ-ထိုထိုအကုသိုလ်တို့၏ ချုပ်ငြိမ်းခြင်းဖြစ်သောကြောင့် ) တဒင်္ဂနိရောဓ မည်၏။

( ဥပမာ )
လျှပ်စစ်လက်ခိုက် အမိုက်မှောင် ကင်းပျောက်သကဲ့သို့ မှတ်အပ်၏။

( ဆောင် )
လျှပ်စစ်လက်က၊ အမှောင် ပ,သို့၊ ကာမကုသိုလ်၊ ပယ်ခွင်းဖြိုကြောင့်၊ ထိုထို ပါပ၊ ချုပ်ငြိမ်းရ၊ ခေါ်ကြ တဒင်္ဂနိရောဓတည်း။

၂။ ၀ိက္ခမ္ဘန နိရောဓ ( ပဋိသမ္ဘိဒါမဂ္ဂ အဋ္ဌကထာ ဒုတွဲ နှာ-၁၂၁ )
ဈာန်ရပုဂ္ဂိုလ်များ၌ ဈာန်စိတ် တကြိမ်ဖြစ်ပြီးသည်မှစ၍ ဈာန်မလျောမကျမချင်း နီဝရဏတရားတို့၏ မဖြစ်ဘဲ ခွါရှဲ၍နေခြင်းသည် ( ၀ိက္ခမ္ဘန-ခွါသောအားဖြင့်၊ နိရောဓ-ချုပ်ငြိမ်းခြင်းကြောင့် ) ၀ိက္ခမ္ဘန နိရောဓ မည်၏။

( ဥပမာ )
ရေကန်၌ရှိသော မှော်များကို အိုးဖြင့် ဖယ်ရှား ပုတ်ခန်လိုက်သည်ရှိသော် ပုတ်ခတ်ခြင်း၏အဟုတ် မကုန်သေးသမျှ မှော်များခွါရှဲ၍ နေဘိသကဲ့သို့ မှတ်အပ်၏။

( ဆောင် )
အိုးဖြင့်ပယ်ရှား၊ မှော်ခွါသွားသို့၊ ဈာန်များဖြစ်က၊ နီဝရဏတို့၊ ကွာကြသောအား၊ ချုပ်ငြိမ်းငြား၊ မှတ်သား ၀ိက္ခမ္ဘန နိရောဓတည်း။

၃။ သမုစ္ဆေဒ နိရောဓ ( ပဋိသမ္ဘိဒါမ၈္ဂ အဋ္ဌကထာ ဒုတွဲ-နှာ ၁၂၁ )
မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်များ၌ မဂ်စိတ်ဖြစ်ခိုက် မဂ်လေးပါးတို့၏ အသီးသီးသော အစွမ်းသတ္တိ အရှိန်အစော် အာနုဘော်ကြောင့် ထိုက်သည်အားလျော်စွာ အနုသယတို့၏ နောင်တဖန်မဖြစ်နိုင်ဘဲ အမြစ်အရင်း အကြွင်းမရှိ ကင်းပြတ်ချုပ်ငြိမ်း ရုပ်သိမ်းခြင်းသည် ( သမုစ္ဆေဒ-အကြွင်းမဲ့ ဖြစ်သောအားဖြင့်၊ နိရောဓ-ချုပ်ငြိမ်းခြင်းကြောင့် ) သမုစ္ဆေဒ နိရောဓ မည်၏။

( ဥပမာ )
မိုးကြိုးကျရာဖြစ်သော သစ်ပင်ကြီးငယ် အသွယ်သွယ်တို့သည် တကြိမ်တည်း၌ပင် နောင်တဖန် စည်ပင်ပေါက်ရောက်နိုင်ခြင်းမရှိဘဲ အမြစ်အရင်းနှင့်တကွ သေကြေပျက်စီးခြင်းကဲ့သို့ မှတ်အပ်၏။

( ဆောင်)
မိုးကြိုးကျက၊ ပင်ရုက္ခတို့၊ မြစ်မျှမကျန်၊ ပျက်စီးဟန်သို့၊ မဂ်ဉာဏ်ဖြစ်က၊ နုသယတို့၊ ပျက်ကြလေခြင်း၊ ချုပ်ငြိမ်းခြင်းသည်၊ မယွင်း သမုစ္ဆေဒ နိရောဓတည်း။

၎။ ပဋိပဿဒ္ဓိ နိရောဓ ( ပဋိသမ္ဘိဒါမဂ္ဂ အဋ္ဌကထာ ဒုတွဲ-နှာ ၅၃ )
ဖလဋ္ဌာန်ပုဂ္ဂိုလ်များ၌ ဖိုလ်စိတ်၏ အရှိန်အစော် အာနုဘော်ကြောင့် ကိလေသာတို့၏ အခိုးအငွေ့များ ထပ်မံချုပ်ငြိမ်း ရုပ်သိမ်းခြင်းသည် ( ပဋိပဿဒ္ဓိ-ငြိမ်းသောအားဖြင့်၊ နိရောဓ-ချုပ်ငြိမ်းခြင်းကြောင့် ) ပဋိပဿဒ္ဓိ နိရောဓ မည်၏။

( ဥပမာ)
မီးလောင်ပြင်ကို ရေဖြင့် ထပ်မံလောင်းသတ်က မီး၏အခိုးအငွေ့ အရှိန်အစော်ကင်း၍ အေးမြခြင်းသို့ ရောက်သကဲ့သို့ မှတ်အပ်၏။

( ဆောင် )
မီးလောင်ပြင်ကို၊ သန့်စင်ဇလာ၊ ဖြန်းလောင်းပါက၊ ရှိန်ဝါပူငွေ့၊ မြူမတွေ့သို့၊ မဂ်ရေနောက်ပေ၊ ဖိုလ်များ ရေကြောင့်၊ ကိလေပူငွေ့၊ မြူမတွေ့၊ မရွေ့ ပဋိပဿဒ္ဓိ နိရောဓတည်း။

၅။ ဥပ္ပါဒခဏဘဂ် နိရောဓ ( ပဋသမ္ဘိဒါမဂ္ဂ အဋ္ဌကထာ ဒုတွဲ-နှာ ၂၈၄ )
ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာတို့၏ စုတိစိတ်တော်မှ တပါးသော အလုံးစုံသောစိတ်တို့၏ ဘင်ခဏ၌ နောက်နောက်စိတ်တို့၏ ဖြစ်ပေါ်လာရန် အနန္တရ၊ သမနန္တရ၊ နတ္ထိ၊ ၀ိဂတ စသော သတ္တိတို့ဖြင့် ကျေးဇူးပြုလျက် ချုပ်ငြိမ်းခြင်းသည် ( ဥပ္ပါဒ-နောက်စိတ်များစွာ ဖြစ်ပေါ်လာရန် ကျေးဇူးပြုလျက်၊ ခဏ-ခဏငယ်သုံးပါးတို့တွင်၊ ဘင်္ဂ-ဘင်ခဏ၌၊ နိရောဓ-ချုပ်ငြိမ်းခြင်းကြောင့် ) ဥပ္ပါဒခဏဘင်္ဂ နိရောဓ မည်၏။

( ဥပမာ )
စကြာမင်း နတ်ရွာစံခြင်းသည် သားကြီးဥပရာဇာ မင်းဖြစ်ရန် ကျေးဇူးပြုသကဲ့သို့ မှတ်အပ်၏။

( ဆောင် )
စကြာမင်းဖျား၊ နတ်ရွာလားက၊ သားမောင်အသော့၊ မင်းဖြစ်တော့ဟု၊ ဆိုသောအလား၊ နောက်စိတ်များ၏၊ ပေါက်ဖွားလာဖို့၊ ရှေ့စိတ်တို့၏၊ ချို့ချို့ယွင်းယွင်း၊ ချုပ်ပျက်ခြင်းသည်၊ ထင်လင်း ဥပ္ပါဒခဏဘင်္ဂ နိရောဓတည်း။

၆။ အနုပ္ပါဒခဏဘင်္ဂ နိရောဓ
ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာတို့၏ စုတိစိတ်၏ ဘင်ခဏ၌ နောက်နောက်သောစိတ်များ ဖြစ်ပေါ်လာရန် အနန္တရ၊ သမနန္တရ၊ နတ္ထိ၊ ၀ိဂတ စသော သတ္တိတို့ဖြင့် ကျေးဇူးမပြုဘဲ မိမိ၏အကြောင်းကုန်၍သာ ချုပ်ငြိမ်းခြင်းသည် ( အနုပ္ပါဒ-နောက်စိတ်များ ဖြစ်ပေါ်လာရန် ကျေးဇူးမပြုဘဲ၊ ခဏ-ခဏငယ်သုံးပါးတို့တွင်၊ ဘင်္ဂ-ဘင်ခဏ၌၊ နိရောဓ-ချုပ်ငြိမ်းခြင်းကြောင့် ) အနုပ္ပါဒခဏဘင်္ဂ နိရောဓ မည်၏။

( ဥပမာ )
မီးဇာနှင့်ဆီ ကုန်၍ မီး၏ငြိမ်းခြင်းသည် မည်သည့်အရာဝတ္ထုကိုမျှ ဖြစ်ပေါ်လာရန် ကျေးဇူးပြုဘဲ မိမိ၏အကြောင်းကုန်၍သာ ငြိမ်းဘိသကဲ့သို့ မှတ်အပ်၏။

( ဆောင် )
ဆီနှင့်မီးဇာ၊ ကုန်ခဲ့ရာကြောင့်၊ လျင်စွာငြိမ်းပေ၊ မီးအနေသို့၊ ကိလေကမ္မ။ ဒွေဝဋ္ဋတို့၊ ကုန်ကြတုံလျှင်း၊ ချုပ်ငြိမ်းခြင်းသည်၊ မယွင်း အနုပ္ပါဒခဏဘင်္ဂ နိရောဓတည်း။

၇။ သညာဝေဒယိတ နိရောဓ ( ပဋိသမ္ဘိဒါမဂ္ဂ အဋ္ဌကထာ ပတွဲ-နှာ ၂၄၈ )
သမာပတ်ရှစ်ပါး ရပြီးသော ကာမ ရူပ အနာဂါမ် ရဟန္တာပုဂ္ဂိုလ်များ၌ နိရောဓသမာပတ်သို့ ရောက်ရန် ဈာန်ဝင်စားနည်း အမျိုးမျိုးတို့ဖြင့် ၀င်စားခြင်းကြောင့် ကာမဘုံ၌ ခုနစ်ရက်၊ ရူပဘုံ၌ အလိုရှိသမျှ စိတ် စေတသိက် စိတ္တဇရုပ်တို့၏ မဖြစ်ဘဲ ချုပ်ငြိမ်း ရုပ်သိမ်းနေခြင်းသည် ( သညာဝေဒယိတ-သညာ ဝေဒနာ အဦးရှိသော စိတ် စေတသိက် စိတ္တဇရုပ်တို့၏၊ နိရောဓ-မဖြစ်ဘဲ ချုပ်ငြိမ်း ရုပ်သိမ်းခြင်းကြောင့် ) သညာဝေဒယိတ နိရောဓ မည်၏။

( ဥပမာ )
ယခုခေတ် မေ့ဆေးပေးကြရာ၌ မေ့ဆေး၏ အစွမ်းသတ္တိအားလျော်စွာ ဆရာဝန်အလိုရှိသမျှ မေ့မြော၍နေဘိသကဲ့သို့ မှတ်အပ်၏။

( ဆောင် )
ဈာန်ရနာဂါမ်၊ အရဟံတို့၊ ဈာန်အာနုဘော်၊ ရှိန်အစော်ကြောင့်၊ နှစ်ဖော်စိတ်စေ၊ စိတ္တဇေ၏၊ ကာမေ သတ္တ၊ ဘုံရူပ၌၊ လိုသမျှမငြင်း၊ ချုပ်ငြိမ်းခြင်းသည်၊ မယွင်း သညာဝေဒယိတ နိရောဓတည်း။

၈။ သစ္စ နိရောဓ
သစ္စနိရောဓဟူသည် ပရမတ်လေးပါးတို့တွင် စိတ် စေတသိက် ရုပ် ပရမတ်တို့သည် မိမိ မိမိတို့၏ သဘောလက္ခဏာအားဖြင့် အသီးသီး သာသနာတွင်း သာသနာပ ဘယ်ကာလ၌မဆို အဟုတ်အမှန် ဧကန်စင်စစ် ရှိနေကြဘိသကဲ့သို့ ထို့အတူ မိမိ၏ ငြိမ်းအေးခြင်းဟူသော သန္တိသဘောဖြင့် အသီးအခြား သာသနာတွင်း သာသနာပ ဘယ်ကာလ၌မဆို အဟုတ်အမှန် ဧကန်စင်စစ် ရှိနေကြသော ရှေ့သုံးပါးတို့နှင့် မရောမယှက် သက်သက်သော အသင်္ခတဓာတ် ပရမတ်တမျိုးသည် ( သစ္စ-မှန်ကန်တည့်မတ်သော၊ နိရောဓ-အနုသယကိလေသာတို့၏ ချုပ်ငြိမ်းကြောင်းဖြစ်သောကြာင့် ) သစ္စ နိရောဓ မည်၏။

( ဥပမာ )
အစွမ်းသတ္တိ ထက်မြက်လှသော ဆေးဝါးမန္တရားသည် ကြီးကျယ်ပြင်းပြလှသော ရောဂါဝေဒနာ အဖြာဖြာတို့၏ ကင်းပျောက်ပျက်စီးကြောင်း ဖြစ်ဘိသကဲ့သို့ မှတ်အပ်၏။

( ဆောင် )
စိတ် စေ ရုပ်များ၊ သဘောအားဖြင့်၊ သီးခြားတုံလျက်၊ စဉ်အဆက်ဖြင့်၊ ပျက်ကာ ဖြစ်ကာ၊ ရှိနေပါသို့၊ ပမာထိုနဲ၊ ဖြစ်ပျက်စဲလျက်၊ အမြဲမကွာ၊ ရှိနေပါ၍၊ ဘယ်ခါမဆို၊ သူထိုထိုတို့၊ မဂ် ဖိုလ် ရက၊ ပစ္စက္ခဖြင့်၊ အနုသယပေါင်း၊ ချုပ်ငြိမ်းကြောင်းသည်၊ မှတ်ကြောင်း သစ္စနိရောဓတည်း။

( ပြည်-ဇောတိကာရုံ ဆရာတော် )

မီး ၁၁-ပါး အလောင်နည်းအောင် သတိဆောင်

လူဖြစ်လာလျှင် လူတိုင်း မီး ၁၁-ပါးကို တွေ့ကြုံရမည်မှာ သေချာပါသည်။
အရိယာပုဂ္ဂိုလ်များလည်း ထိုမီးများမှ မလွတ်နိုင်။ သို့သော် အချို့ကိုသာ ခံစားရပြီး အချို့ကို လုံးဝ မခံစားရပေ။ ကမ္မဋ္ဌာန်းဝိပဿနာ လေ့ကျင့်ပြီး ရင့်ကျက်နေသူများလည်း ထိုမီးများမှ မလွတ်ကင်းနိုင်။ သို့သော် ခံနိုင်ရည်ရှိ၏။ သက်သာ၏။ ဘ၀လမ်း မလွဲအောင် စောင့်ရှောက်ထိမ်းချုပ်နိုင်စွမ်း ရှိ၏။ ပူလောင်မှု နည်းပါးပါ၏။
...
ထိုမီး ၁၁-ပါးကား-
၁။ လောဘမီး-လိုချင်တပ်မက်ခြင်း။
၂။ ဒေါသမီး-စိတ်ဆိုးစိတ်ပျက်ခြင်း။
၃။ မောဟမီး-အမှန်အတိုင်း မသိခြင်း။
၎။ ဇာတိမီး-ဘ၀အသစ် ပဋိသန္ဓေနေရခြင်း။
၅။ ဇရာမီး-အိုမင်းမစွမ်း ဖြစ်ရခြင်း။
၆။ မရဏမီး-သေပျက်ရခြင်း။
၇။ သောကမီး-စိုးရိမ်ပူပန်ရခြင်း။
၈။ ပရိဒေ၀မီး-ငိုကြွေးရခြင်း။
၉။ ဒုက္ခမီး-ကိုယ်ဆင်းရဲရခြင်း။
၁၀။ ဒေါမနဿမီး-စိတ်ဆင်းရဲရခြင်း။
၁၁။ ဥပါယာသမီး-ပြင်းစွာပူဆွေးရခြင်း။

ဇာတိမီးကို တွေ့ကြုံခဲ့ပြီး ဇရာမီးကို တွေ့နေကြပြီ။ မရဏမီးကို တွေ့ရမည်မှာလည်း သေချာသည်။
လပိုင်း နှစ်ပိုင်းသာ လိုတော့သည်။ ကျန်မီး ၈-ပါးကို ပူလောင်မှုသက်သာအောင် ပြင်ဆင်ရပါမည်။
ရုပ်ပျက် ဆင်းပျက် မခံရအောင် ကြိုးစားကြရပါမည်။ လိုလားတောင့်တတတ်သော လောဘမီးကို ထိန်းသိမ်းပါ။ ကုသိုလ်ကံပေးသမျှ အေးကြမှတော်မည်ဟု သဘောထားရန်လိုသည်။ သို့သော် မိမိစွမ်းအားရှိသမျှ လုပ်နိုင်ခွင့် ရှိသမျှကိုကား လုပ်ဆောင်ရပါမည်။ ကြိုးစားပါလျက် စိတ်ကူးရှိသလောက် ခရီးမရောက်လျှင် ကံတရားကိုသာ သုံးသပ်၍ စိတ်ကို ဖြေရပါမည်။

ဒေါသမီးကို မေတ္တာဓာတ်ဖြင့် ထိန်းချုပ်ရပါမည်။ ဒေါသစိတ်ပေါ်လာသည်နှင့် တပြိုင်နက် ချက်ချင်းသတိပြုကာ ကောင်းသောအာရုံဘက်သို့ လမ်းပြောင်းပေးရပါမည်။
မောဟမီးကို စာကောင်းစာမွန်များ ဖတ်ရှုလေ့လာခြင်း၊ ပညာရှိများ သူတော်ကောင်းများကို ဆည်းကပ်ဆွေးနွေးခြင်း၊ စဉ်းစားတွေးခေါ်ဉာဏ် မွေးမြူလေ့ကျင့်ခြင်းဖြင့် ပြုပြင်ရပါမည်။

ကျန်မီးများကို ကမ္မဋ္ဌာန်းဝိပဿနာ ဘာဝနာကို လေ့ကျက်ပွားများခြင်းဖြင့် ကုစားလျှင် သက်သာနိုင်ပါသည်။ စိတ်ကို လက္ခဏာရေးသုံးပါးဖြင့်၎င်း၊ ၀ိပဿနာဖြင့်၎င်း၊ ထုံမွှမ်း၍ အပ္ပမာဒေန သမ္ပာဒေထ-ဟူသော မြတ်ဗုဒ္ဓ၏ အဆုံးအမကို လိုက်နာကာ ပူလောင်မှုနည်းပါးအောင် လေ့ကျင့်ကြရပါမည်။ မမေ့မလျော့သော သတိတရားဖြင့် ကြိုးစားဆောင်ရွက်တော်မူနိုင်ကြပါစေ။

Mar 28, 2014

အရှင်သာရိပုတ္တရာ သို့မဟုတ် မိုးလောက်မြင့်မား၍ မြေကြီးလိုနှိမ်ချသူ

သူတော်ကောင်း နှလုံးသားတွေထဲမှာ အရှင်သာရိပုတ္တရာ မထေရ်ကဲ့သို့ နှလုံးသားကို ဖူးမြော်ကြည်ညိုရတာဟာ အားရကျေနပ်စရာ အကောင်းဆုံး ဖြစ်ပါတယ်။ ကြယ်တာရာ တွေ စုံလင်တဲ့ညချမ်းမှာ ကောင်းကင်ပြင်ကြီးကို မော်ကြည့်မိတဲ့အခါ သောကြာကြယ်လို့ခေါ်တဲ့ သောက်ရှူးကြယ်ကြီးကို ကြယ်တာရာတွေထဲမှာ ထူးခြားတောက်ပစွာ တွေ့မြင်ရသလို အရှင်သာရိပုတ္တရာလည်း သူတော်ကောင်း အစားစားတွေထဲမှာ ကိုယ်ကျင့်တ၇ားအရရော စိတ်နေ သဘောထားအရနဲ့ အသိဉာဏ်ပညာအရာမှာပါ ထူးချွန်တောက် ပြောင်လှ ပါတယ်။
အရှင်သာရိပုတ္တရာလောင်း(သုရုစိရသေ့)ဟာ လွန်ခဲ့တဲ့တစ်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကာလတုန်းက အနောမဒဿီ မြတ်စွာဘုရားရှင်ရဲ့ လက်ယာတော်ရံ နိသဘမထေရ်ကို အားကျကြည်ညိုပြီး လက်ယာတော်ရံ အဂ္ဂသာဝကဆုကို ပန်ဆင်တော်မူခဲ့တာပါ။ စာရေးသူတို့ရဲ့ ရှင်တော်ဘုရား လက်ထက်ရောက် တဲ့အခါ ရာဇဂြိုဟ်ပြည် အနီးနားက ဥပတိဿရွာမှာ ရွာသူကြီး ၀င်္ကန္တပုဏား ကြီးနဲ့ ရူပသာရီပုဏေးမကြီးတို့ရဲ့ သားကြီးသြရသ ဥပတိဿလုလင် ဖြစ်လာပြီး ရဟန်းပြုတော်မူတဲ့အခါ မယ်တော်ရဲ့ အမည်ကို အစွဲပြုကာ အရှင်သာရိပုတ္တရာ လို့ အမည်တွင် ထင်ရှားတော်မူခဲ့တာ ဖြစ်ပါတယ်။
undefined
ကနဦးအစမှာတော့ ဥပတိဿလုလင်ဟာ မသေရာ တရားကို ရှာဖို့ အတွက် သိဉ္စည်းဆရာကြီးအထံမှာ ပရိဗိုဇ်လုပ်ပြီး နေပါတယ်။ ဒါပေမယ့် သိဉ္စည်းဆရာကြီးဆီမှာ မသေရာတရား မရှိမှန်း သိရတဲ့အတွက် ရာဇဂြိုဟ် မြို့တွင်း မြိုံပြင်ထွက်ကာ မသေရာတရားရှာဖွေရာ ပဉ္စ၀ဂ္ဂီ အ၀င်အပါ အရှင်အဿဇိ ရဟန္တာမထေရ်ကို ဖူးတွေ့ရပြီး အကျဉ်းမျှဟောပြတဲ့ ယေဓမ္မာ ဟေတုပ္ပဘာဝါ ဂါထာထက်ဝက်ကို ကြားနာရရုံနဲ့ သောတာပန် အရိယာ ဖြစ်ခဲ့ ပါတယ်။ အဲဒီနေ့မှာပဲ မြတ်စွာဘုရား သီတင်းသုံးတော်မူရာ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်ကို ရောက်ရှိလာပြီး ဧဟိဘိက္ခု အဖြစ်ကို ရရှိခဲ့ပါတယ်။ ရဟန်းဖြစ်ပြီးနောက် ၁၅-ရက်အကြာ မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပိုတွဲလပြည့်နေ့မှာ အရှင်သာရိပုတ္တရာမထေရ်မြတ်ဟာ ရဟန္တာဖြစ်တော်မူပြီး သာဝကဉာဏ် အတွက် အထွတ်အထိပ်သို့ ရောက်တော်မူကာ လက်ယာတော်ရံ အဂ္ဂသာဝကအရာကို ရရှိတော်မူခဲ့ပါတယ်။
အရှင်သာရိပုတ္တရာ ဟာ စကြာဝဠာတုက်တစ်သောင်းမှာ ဘုရားရှင်က လွဲလို့ ဉာဏ်ပညာအကြီးမားဆုံးမထေရ်မြတ်တစ်ပါး ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံး မှာ ရွာချတဲ့ မိုးရေစက် မိုးရေပေါက်တွေကိုတောင် ရေတွက်နိုင်တဲ့ ပညာရှိပါတယ်။ လူပြည့်မှာရှိတဲ့ အဘိဓမ္မာတရားတော်တွေဟာ အရှင်သာရိပုတ္တရာမထေရ်မြတ်ရဲ့ ဉာဏ်ပညာကြီးမားတော်မူမှု အမှတ်သင်္ကေတ တစ်ခု ဖြစ်ပါတယ်။
အရှင်သာရိပုတ္တရာမထေရ်မြတ်ရဲ့ အသားအရေဟာ ရွှေအဆင်းကဲ့သို့ ၀ါဝင်းတော်မူပြီး အဂ္ဂသာဝကဖြစ်တော်မူချိန်မှာ သက်တော် ၃၆ နှစ်ခန့် ရှိပါပြီ။ အရှင်သာရိပုတ္တရာဟာ ယခုဘ၀လိုပဲ ဘ၀သံသရာမှာ ဘ၀ပေါင်း ၅၀၀ရာ တိတိ ရသေ့ရဟန်းပြုတော်မူခဲ့ပါတယ်။ အရှင်သာရိပုတ္တရာကို အကြောင်းပြုပြီး ရှင်ရဟန်းအဖြစ် ရောက်ကြသူတွေဟာ ညီတော်(၃)ဦး၊ ညီမတော်(၃)ယောက် အပါအ၀င် မရေမတွက်နိုင်လောက်အောင် များပြားလှပါတယ်။ အရှင်သာရိ ပုတ္တရာ မထေရ်မြတ် ဟောကြားတော်မူတဲ့ တရားဒေသနာတော်ကို နာယူရလို့ သစ္စာလေးပါး သိမြင်ကြသူတွေဟာ အင်္ဂုတ္တရနိကာယ်ကျမ်းလာ "သမစိတ္တ သုတ္တန်"ဟောကြားတော်မူသောနေ့မှာပဲ နတ်ဗြဟ္မာ ကုဋေတစ်သိန်း အရဟတ္တဖိုလ်ဆိုက်ရောက်ပြီး အောက်မဂ် ၃-ပါးဆိုက်ရောက်တဲ့ နတ်ဗြဟ္မာတွေဆိုတာ မရေတွက်နိုင်လောက်အောင် များပြားပါတယ်။ ယုတ်စွအဆုံး အရှင်သာရိပုတ္တရာ မထေရ်မြတ်ကို သဒ္ဓါကြည်ညိုရုံမျှနဲ့ နတ်ပြည်ရောက်ကြတဲ့ မိသားစုအရေ အတွက်ဟာ ရှစ်သောင်းမျှရှိကြောင်း ပိဋကစာပေမှာ မှတ်တမ်းတင်ဖော်ပြထားပါ တယ်။
အရှင်သာရိပုတ္တရာဟာ ရှင်တော်ဘုရားပြီးရင် ဒုတိယအကြီးအကဲဖြစ်တာ နဲ့အညီ သံဃအဖွဲ့အစည်းအပေါ်မှာ အထူးကြောင့်ကျစိုက်ပြီး၊ စောင့်ရှောက်တော်မူတတ်ပါတယ်။ ရဟန်းသံဃာအားလုံးနောက်မှ ဆွမ်းခံဝင်ပါတယ်။ ရဟန်းသံဃာအားလုံး ဆွမ်းခံကြွသွားတဲ့အခါ ကျောင်းစဉ်လှည့်ကာ တံမြက် လှည်းသင့်ရာ လှည်းကျင်းပြီး အမှိုက်ကျုံးသင့်ရာမှာ ကျုံးတော်မူပါတယ်။ အသုံးအဆောင်ပစ္စည်းတွေကို နေရာတကျ ထားသိုကာ အမြင်မတော်တာတွေ ကိုလည်း ဖြုတ်သိမ်းပြုပြင်တော်မူပါတယ်။ မကျန်းမာသူ ဂိလာနပုဂ္ဂိုလ်တွေကို ဆေးဝါးဓာတ်စာ လို မလို မေးတော်မူပြီး ရအောင်လည်း ရှာဖွေပေးတော်မူပါ တယ်။ သူနာပြု ပုဂ္ဂိုလ်တွေကိုလည်း ပြုစုစောင့်ရှောက်ချင်လာအောင် အားပေး စကားပြောကြားတတ်ပါတယ်။
မြတ်စွာဘုရား ဒေသစာရီ ကြွချီတော်မူတဲ့အခါမှာလည်း နောက်ပါ သံဃာတော်တွေရဲ့ လိုအပ်ချက်တွေကို အစ်ကိုကြီးတစ်ဦးပမာ ဖေးမကူညီ ဖြည့်ဆည်းပေးတော်မူပါတယ်။ ခရီးပင်ပန်းလို့ နွမ်းနယ် ညောင်းညာတက်သူ တွေကိုလည်း ဆီ၊ နနွင်း စတာတွေနဲ့ ဆုပ်နယ်ပြီး သက်သာ ကျန်းမာလာအောင် ပြုစုတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ သံဃာတော်တွေဟာ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကို မိခင်ကြီးတစ်ဦးလို ချစ်ခင်ကြည်ညို အားကိုး တတ်ကြပါတယ်။
တစ်ခါတစ်ရံမှာတော့ အရှင်သာရိပုတ္တရာဟာ သာသနာတော်မှာ မပျော် ပိုက်တဲ့ ရှင်ငယ်၊ ရဟန်းငယ်တွေကို ပျော်မွေ့အောင်၊ ပျော်မွေ့တဲ့ ရှင် ရဟန်းတွေ ကိုလည်း ပုထုဇဉ်မှ သောတာပန်ဖြစ်အောင် သောတာပန်မှ ရဟန္တာဖြစ်အောင် အကြိမ်ပေါင်းများစွာ အထပ်ထပ် တရားဟောပြတတ်ပါတယ်။ ဒီလိုနည်းနဲ့ ရဟန္တာဖြစ်တော်မူတဲ့သူတွေလည်း မနည်းလှပါဘူး။ ဒီလိုအခါမျိုးမှာတော့ အရှင် သာရိပုတ္တရာ မထေရ်မြတ်ဟာ သံဃာတော်တွေအဖို့ ဖခင်ရင်းလို တစ်မျိုး၊ ဆရာ ရင်းလိုတစ်သွယ် အင်မတန် လေးစား ကြည်ညိုဖွယ် ကောင်းလှပါတယ်။
သမ္ဘာရင့် ကျွမ်းကျင်တဲ့ ရတနာကုန်သည်တစ်ဦးဟာ စံချိန်မီ အရည် အသွေး ပြည့် ကျောက်မျက်ကောင်းကို တွေ့ရရင် အင်မတန် မြတ်နိုးတန်ဖိုး ထားတတ်သလို ပညာအရာမှာ အင်မတန် မြတ်နိုးတန်ဖိုးထားတတ်သလို ပညာ အရာမှာ ဧတဒဂ်ဘွဲ့ရပြီး အဂ္ဂသာဝက ဖြစ်တော်မူတဲ့ အရှင်သာရိပုတ္တရာ မထေရ် ဟာလည်း အကြားအမြင်များပြီး ဉာဏ်ပညာ ထူးချွန်တဲ့ ပညာရှိသူတော်ကောင်း ကို ဖူးတွေ့ရရင် လွန်စွာ အရေးထား မြတ်နိုးတော်မူတတ်ပါတယ်။
တစ်ချိန်မှာ ဓမ္မကထိကအရာ ဧတဒဂ်ဘွဲ့ ရတော်မူတဲ့ အရှင်ပုဏမထေရ် ကိုတွေ့တော်မူတဲ့အခါ အရှင်သာရိပုတ္တရာမထေရ်က ၀ိသုဒ္ဓိ ၇ ပါးကို မေးတော်မူ ပါတယ်။ အရှင်ပုဏမထေရ်က အာဇာနည်မြင်းကတဲ့ ရထား ၇ စီးနဲ့ ဥပမာပြုပြီး ပြည့်စုံရှင်းလင်းစွာ ပြန်လည်ဖြေကြားတော်မူပါတယ်။ အရှင်ပုဏမထေရ်ရဲ့ အဖြေ စကားကို နာကြားတော်မူရတဲ့အခါ အရှင်သာရိပုတ္တရာမထေရ်က ဒီလို မေးတိုင်း အဖြေကောင်းပေးနိုင်တဲ့ ပညာရှင်ပုဂ္ဂိုလ်မျိုးကို တစ်ကျောင်းထဲ အတူနေရုံမျှနဲ့ မကျေနပ်နိုင်ဘဲ မေးလိုတဲ့ အခါတိုင်း မကြာမတင် မဆိုင်းမတွ အဖြေရနိုင်ဖို့ ဦးခေါင်းပေါ်တင်ပြီး ခေါင်းခုနဲ့ အမြဲရွက်ထားချင်တယ်လို့ အမိန့်ရှိတော်မူပါ တယ်။
အရှင်သာရိပုတ္တရာ မထေရ်မြတ်ရဲ့ သီလ သမာဓိ ပညာ ဂုဏ်သိက္ခာ တောင်ထွတ်တော်ဟာ ကြီးကျယ်မြင့်မားတော်မူသလောက် မိမိကိုယ်ကို မိမိ နှိမ်ချမှု၊ စိတ်နေသဘောထားကြီးမြတ်မှု ချိုင့်ဝှမ်းကြီကလည်း အင်မတန် ကျယ် ၀န်း နက်ရှိုင်းတော်မူလှပါတယ်။
တစ်နေ့မှာ အရှင်သာရိပုတ္တရာမထေရ်ဟာ အမှတ်တမဲ့ သင်္ကန်းကိုင် တော်မူတဲ့ခါ သင်္ကန်းအစွန်းအနားက မညီမညာ ဖြစ်နေပါတယ်။ အဲဒါကို ရှင်သာမဏေဖြစ်စ ၇-နှစ်အရွယ် ကိုရင်ငယ်ကလေးတစ်ပါးက မြင်တွေ့သွားရာ "အရှင်ဘုရား သင်္ကန်းကို ညီညီညာညာ ၀တ်ရုံသင့်ပါတယ်ဘုရား"လို့ လက်အုပ်ချီပြီး လျှောက်ထားပါတယ်။ အဲဒီအခါ အရှင်သာရိပုတ္တရာမထေရ်က မိမိသင်္ကန်း မညီမညာတာကို သင့်တော်တဲ့နေရာမှာ ကောင်းမွန်စွာ ပြင်ဝတ်ပြီး ကိုရင်ထံ ပြန်လာကာ "ဒီလောက်ဆို သင့်တော်ပါပြီလား"လို့ ဆရာအရာမှာထားပြီး တလေး တစား တုံ့ပြန်တော်မူခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကလေးကို အခြေခံကာ နောင်တစ်ချိန်မှာ အရှင်သာရိပုတ္တရာမထေရ်မြတ်က"ဒီနေ့မှာပဲ သာမဏေ ဖြစ်စ ၇-နှစ်အရွယ် ကိုရင်ငယ်ကလေးက ဆိုဆုံးမလာသည့်ဖြစ်စေ သူတော်ကောင်း တွေရဲ့ ဆိုဆုံးမမှုမှန်သမျှကို ဦးထိပ်တင်ပြီး ခံယူပါတယ်။ ကိုယ့်အမှားကို ထောက်ပြပြီး ဆုံးမသွန်သင်တတ်သူဆရာကို ရွှေအိုးကို လက်ညှိုးထိုး ညွှန်ပြ ပေးသူလို မြတ်နိုးတန်ဖိုးထားပြီး ဆည်းကပ်ပါတယ်"လို့ ဥဒါန်းကျူးရင့်ကာ မိန့်ကြားတော်မူခဲ့ပါတယ်။
တကယ်တော့ သူတော်ကောင်းတွေရဲ့ နှလုံးသားဆိုတာ ၀ါးရုံပင်မြင့်မြင့် ကြီးတွေလိုပဲ အထက်ကို ပိုမြင့်မားလေ အောက်ကို ပိုမိုညွတ်ကိုင်းလေ ဖြစ်ပါတယ်။ ဒီလို နှလုံးသားမျိုး ရှိတော်မူခဲ့လို့လည်း အရှင်သာရိပုတ္တရာမထေရ် မြတ်ကြီးဟာ ရှင်ပဏ္ဍိတ၊ ရှင်သုခ၊ ရှင်တိဿ စတဲ့ ၇-နှစ်အရွယ် သားတပည့် ရဟန္တာ ကိုရင်ငယ်လေးတွေရဲ့ အင်မတန် ချစ်ခင်မြတ်နိုးအားကိုးထိုက်တဲ့ ဥပဇ္ဈယ် ဆရာ ဖခင်ကြီးတစ်ဦး ဖြစ်တော်မူခဲ့တာပါ။
အရှင်သာရိပုတ္တရာရဲ့ နှလုံးသား ပင်လယ်ပြင်ကြီးဟာ မေတ္တာရေထုကြီးနဲ့ အတိုင်းအဆမရှိ ကျယ်ပြောနက်ရှိုင်းတော်မူသလို သူတစ်ထူးရဲ့ ကျေးဇူးတရားကို သိတော်မူတတ်ခြင်းဆိုတဲ့ လှိုင်းတံပိုးတွေကလည်း လွန်စွာကြီးမားများပြားလှ ပါတယ်။
တစ်ချိန်က သာဝတ္ထိမြို့မှာ "ရာဓ"အမည်ရတဲ့ ပုဏားအိုကြီးတစ်ဦးဟာ အထီးကျန်မွဲ သူဆင်းရဲဖြစ်တာမို့ ဇေတ၀န်ကျောင်းတော်မှာ ရဟန်းတော်တွေကို မှီပြီး နေထိုင်ရပါတယ်။ ပုဏားကြီးက ရဟန်းဝတ်လိုပေမယ့် ရဟန်းတော်တွေက "အသက်အရွယ်ကြီးပြီး ၀ိနည်းသိက္ခာပုဒ်တွေ ထိန်းသိမ်းနိုင်မယ် မထင်တာနဲ့" စားစရာ၊ နေစရာနဲ့ ၀တ်စရာတွေ ပေးကြပေမယ့် ရဟန်းပြုမပေးကြဘူး၊ ရဟန်းပြု ချင်ပေမယ့် ပြုခွင့်မရတဲ့ ရာဓပုဏားကြီးဟာ တစ်နေ့တခြား ကြုံလှီပိန်ချုံးလာ ပါတယ်။ တစ်နေ့ မြတ်စွာဘုရားနဲ့ တွေ့တော်မူလို့ ပုဏားကြီးရဲ့ အဖြစ်ကို စုံစမ်း မေးမြန်းသိတော်မူတဲ့အခါ သံဃာအားလုံးကို ကျောင်းဆောင်ထဲ စုဝေးစေပြီး ရှင်တော်ဘုရားက"ဘယ်သူဟာ ဒီရာဓပုဏားကြီး ပြုခဲ့ဖူးတဲ့ ကျေးဇူးကို အမှတ် ရကြသလဲ"လို့ မေးတော်မူပါတယ်။
အဲဒီအခါ အရှင်သာရိပုတ္တရာမထေရ်က"တပည့်တော် ရာပုဏားကြီးရဲ့ ကျေးဇူးကို သတိရပါကြောင်း"လျှောက်ထားတော်မူပါတယ်။ ရှင်တော်ဘုရားက "ဘယ်လိုကျေးဇူးပြုဖူးသလဲ"လို့ ထပ်ဆင့်မေးတော်မူတဲ့အခါ အရှင်သာရိပုတ္တရာ မထေရ်မြတ်က "တပည့်တော် တစ်ချိန်က သူ့အိမ်ရှေ့မှာ ဆွမ်းခံရပ်တော့ ဆွမ်း တစ်ဇွန်း လောင်းလှူဖူးပါတယ်။ အဲဒီကျေးဇူးကို တပည့်တော် မမေ့ပါဘူးဘုရား" လို့ ပြန်လည် လျှောက်ထားတော်မူပါတယ်။ "အေး…. ချစ်သားလို ကျေးဇူးသိ တတ်တဲ့ ပုဂ္ဂိုလ်ရှိပါလျှက် ဒီပုဏားကြီး ဘာဖြစ်လို့ ရဟန်းအဖြစ်ကို မရနိုင်သ လဲ"လို့ ဘုရားရှင်က မိန့်တော်မူတဲ့အခါ အရှင်သာရိပုတ္တရာမထေရ်မြတ်ဟာ မြတ်စွာဘုရားထံ ခွင့်ပန်ပြီး ရာဓပုဏားကြီးကို ရဟန်းပြုပေးတော်မူပါတယ်။
ရဟန်းပြုပေးတော်မူပြီးနောက် အရှင်သာရိပုတ္တရာ မထေရ်ဟာ ရာဓရဟန်းကြီးကို နောက်ပါရဟန်းအဖြစ် မိမိသွားလေရာကို ခေါ်ဆောင်တော် မူကာ မိမိအတွက် ရရှိတဲ့ ဆွမ်းကောင်း နေရာကောင်းနဲ့တကွ အဆုံးအမ သြ၀ါဒ တွေကို မပြတ်ပေးသနားတော်မူပြီး စောင့်ရှောက်တော်မူတာမို့ မကြာခင်မှာပဲ ရာဓပုဏားကြီးဟာ ရဟန်းကိစ္စပြီးလို့ ဧတဒဂ်ရ ရဟန္တာအရှင်မြတ်ကြီးတစ်ပါး ဖြစ်တော်မူခဲ့ပါတယ်။ "တစ်လုပ်စားဖူး သူ့ကျေးဇူး"ဆိုတဲ့ ဥဒါန်းစကားလေးဟာ အရှင်သာရိပုတ္တရာမထေရ်မြတ်ရဲ့ သူတော်ကောင်းနှလုံးသားက စတင်ပေါက်ဖွား လာခဲ့ရတာပါ။
သူတစ်ထူးရဲ့ ကျေးဇူးကို သိတော်မူတတ်ရာမှာ စံချိန်တင်တော်မူခဲ့တဲ့ အရှင်သာရိပုတ္တရာမထေရ်မြတ်ဟာ မိမိကို လောကုတ္တရာအသိဉာဏ်ရအောင် ကျေးဇူးပြုတော်မူခဲ့တဲ့ အရှင်အဿဇိမထေရ် ဂုဏ်ကျေးဇူးကို နေ့ညဥ့်မပြတ် သတိရတော်မူတတ်တာမို့ ကျိန်းစက်တော်မူတဲ့အခါတိုင်း အရှင်အဿဇိမထေရ် သီတင်းသုံးတော်မူရာ အရပ်ကို ရှိခိုးပြီး အရှင်မြတ်ရှိတော်မူရာဘက်ကို ဦးခေါင်း ပြုကာ တစ်ဘ၀တာလုံး သက်ဝင်လှုပ်ရှားနေပြီး နောက်ဆုံး ပရိနိဗ္ဗာန်ဝင်စံကာနီး ၀မ်းသွေးသွန်တဲ့ ဝေဒနာတွေ ဖိစီးနေတဲ့ကြားက မယ်တော်ရူပသာရီ ပုဏေး မကြီးရဲ့ မွေးကျေးဇူးကို သောတာပတ္တိမဂ်ဉာဏ်၊ ဖိုလ်ဉာဏ်နဲ့ အကျေအလည် ပေးဆပ်ပြီးမှပဲ ရပ်တံ့သွားတော်မူပါတယ်။
သူတစ်ပါးကို မိမိက အရင်ဦးအောာင် ကျေးဇူးပြုခြင်း၊ သူတစ်ပါးတို့ ပြုခဲ့ ဖူးသော ကျေးဇူးကို တုံ့ပြန်သိတတ်၊ ကျေးဇူးဆပ်ခြင်းဆိုတဲ့ ရွှေရောင်လွှမ်းတဲ့ ဒီအကျင့်မြတ်တွေဟာ သူတော်ကောင်းနှလုံးသားဆိုတဲ့ ပတ္တမြားရတနာကို ရှုမငြီးနိုင်အောင် ပိုမိုတင့်တယ်တောက်ပစေပါတယ်။
အရှင်သာရိပုတ္တရာမထေရ်မြတ်ဟာ ဉာဏ်ပညာအရာမှာ ဧတဒဂ်ရသ လို(အကယ်၍ ပေးအပ်ရိုးထုံးစံသာရှိမယ်ဆိုရင်)သည်းခံခြင်းအရာ မှာလည်း ဧတဒဂ်ရတော်မူနိုင်ပါတယ်။ အမျက်ဒေါသမရှိ၊ မာန်မာနကင်းတော် မူတဲ့နေရာ မှာ အရှင်မြတ်ကို ဘယ်သူမှ လိုက်လို့မမှီနိုင်ပါဘူး။ အရှင်သာရိပုတ္တရာ မထေရ် ဟာ မဟာပထ၀ီမြေကြီးပမာ သည်းခံနိုင်သူဖြစ်သလို ခြေသုတ်ပုဆိုး မြွေစွယ် ကျိုးနဲ့ ဦးချိုကျိုးတဲ့နွားလားပမာ မာန်မာကင်းသူလည်း ဖြစ်တော်မူပါတယ်။ တောင်းရမ်းစားသူ ဒွန်းစဏ္ဍားရဲ့ သားတစ်ဦးလို မိမိကိုယ်ကို နှိပ်ချတဲ့ စိတ်ထား လည်း ရှိတော်မူပါတယ်။
အပူအရှုပ်နဲ့ လူလုပ်နေကြတဲ့ အန္ဓပုထုဇဉ်တွေဟာ ဘေးဒုက္ခအပူတွေ၊ ပြဿနာအရှုပ်တွေကို ဖန်တီးပြီး အရှင်သာရိပုတ္တရာမထေရ်မြတ် စွပ်စွဲရန် လုပ်တတ်တယ်။ တစ်ခါတစ်ရံ ဘာမှမတုံပြန်ဘဲ သည်းခံတတ်သလို တစ်ခါတစ်ရံ ကျတော့ တည်ငြိမ်ရဲဝံ့စွာ ဖြေရှင်းတတ်ပါတယ်။ တစ်ခါတုန်းက ဆိုရင် ရှင်တော်ဘုရားထံ မဟုတ်မတရား စွပ်စွဲတိုင်ကြားခဲ့တဲ့ ရဟန်းငယ်တစ်ပါး ကြောင့် အရှင်သာရိပုတ္တရာမထေရ်မြတ်ဟာ သံဃပရိသတ်အလယ်မှာ မိမိရဲ့ စိတ်နေသဘောထားနဲ့ ကိုယ်ကျင့်တရားကို ရဲရဲတောက် ထုတ်ဖော်လျှောက် ထားခဲ့ပါတယ်။ အရှင်မြတ်ရဲ့ လျှောက်ထားချက်ကို ကြားနာရတဲ့အခါ ပုထုဇဉ် ရဟန်းတွေဟာ မျက်ရည်မဆည်နိုင်ဖြစ်ကြရပြီး ၊ ရဟန္တာအရှင်ြ်မတ်တွေက ဓမ္မ သံဝေဂ ရတော်မူကြပကါတယ်။ မဟာပထ၀ီမြေကြီးကတော့ မခံနိုင်တော့တဲ့ အဆုံး ၉-ကြိမ်၊၉-ခါ တုန်လှုပ်ခဲ့ရပါတယ်။
ဒီလို ဂုဏ်သတင်းပျံ့မွှေးတော်မူတဲ့ မထေရ်မြတ်ရဲ့ အကြောင်းကို အယူဝါဒ မတူသူ ပုဏားတစ်ဦးက ကြားသိရတဲ့အခါ မယုံကြည်တာမို့ ဆွမ်းခံဝင်နေတဲ့ အရှင်မြတ်ရဲ့ နောက်က လိုက်သွားပြီး အရှင်မြတ်ရဲ့ ကျောကုန်းအလယ်ကို လက်ဝါးနဲ့ ပြင်းထန်စွာ ရိုက်နှက်ပုတ်ခတ်ပါတယ်။ အရှင်သာရိပုတ္တရာ ဟာ"ဘာဖြစ်တာလဲလို့တောင် လှည့်ကြည့်တော်မမူဘဲ ကြွမြဲကြွတော်မူပါတယ်။ အဲဒီအခါ ရိုက်နှက်လိုက်မိတဲ့ ပုဏားဟာ နောင်တတရားနဲ့ ပူလောင်လာပြီး" သည်းခံခြင်းဂုဏ်နဲ့ ပြည့်စုံတော်မူတဲ့ အရှင်မြတ်ဟာ အံ့သြဖွယ်ကောင်းပါပေ စွ" လို့ ကြည်ညိုတော်မူကာ အရှင်သာရိပုတ္တရာမထေရ်မြတ်ရဲ့ ခြေတော်ရင်းမှာ ၀ပ်စင်းပြီး" အရှင်ဘုရား တပည့်တော်အား သည်းခံခွင့်လွှတ်တော်မူပါ"လို့ လျှောက်ထားပါတယ်။
မထေရ်မြတ်က "ဒါဟာ ဘာလဲ"လို့ မေးတော်မူတဲ့အခါ "တပည့်တော် စပ်းသပ်လိုတာနဲ့ အရှင်ဘုရားကို ရိုက်နှက်မိတာပါဘုရား"လို့ ပုဏားက လျှောက်ထားပါတယ်။ "ရှိပါစေ၊ သင့်ကို ငါ သည်းခံပါတယ်"လို့ အရှင်သာရိပုတ္တ ရာက မိန့်ကြားတော်မူတဲ့အခါ ပုဏားဟာ အရှင်မြတ်ကို နေအိမ်သို့ ရိုသေစွာ ပင့်ဆောင်ပြီး ဆွမ်းလုပ်ကျွေးပါတယ်။ အဲဒီအချိန်မှာပဲ တခြားလူတွေဟာ စိတ်ဆိုးပြီး "ဒီပုဏားဟာ အပြစ်မရှိတဲ့ ငါတို့ရဲ့အရှင်မြတ်ကို ရိုက်တယ်၊ သူ့ကို ဆုံးမရမယ်၊ ဒီနေရာမှာပဲ သေအောင်သတ်မယ်"လို့ တုတ်ဓား စတာတွေကိုင်ပြီး ပုဏားရဲ့အိမ်တံခါးဝမှာ စုဝေးနေကြတယ်။
ဆွမ်းကိစ္စပြီးတဲ့အခါ အရှင်သာရိပုတ္တရာမထေရ်ဟာ ပုဏားကို သပိတ် အကိုင်ခိုင်းပြီး အိမ်က ထွက်တော်မူလာတယ်။ လူအုပ်ကို တွေ့တာမို့" ဒကာတို့ အဲဒါက ဘာသဘောလဲ"လို့ မေးမြန်းတဲ့အခါ "အရှင်ဘုရားကို ရိုက်နှက်တဲ့ ဒီပုဏားမိုက်ကို ဆုံးမပေးကြမလို့ပါဘုရား"လို့ လျှောက်ထားကြတယ်။ "ဒကာတို့ ဒီပုဏားက သင်တို့ ရိုက်တာမဟုတ် ငါ့ကိုရိုက်တာဖြစ်တယ်။ အခု ဒီပုဏားက ငါ့ကို ခွင့်လွှတ်ဖို့ လျှောက်ထားတောင်းပန်ပြီးပြီ။ သင်ဒကာတို့ အိမ်ပြန်ကြ"လို့ အရှင်သာရိပုတ္တရာက တိုက်တွန်းပြီး ပုဏားကိုလည်း အိမ်ပြန်စေကာ ကျောင်း တော်ကို ပြန်ကြွလာတော်မူပါတယ်။
သည်းခံခြင်းတရားနဲ့ သူတော်ကောင်းနှလုံးသားဆိုတာ " ရေကန်နဲ့ကြာ" လိုပါပဲ။ အချင်းချင်း အပြန်အလှန် အလှဆင်ပေးနေတဲ့ အရာတွေပါ။ သူတော် ကောင်းနှလုံးသားဆိုတဲ့ အေးမြကြည်လင်တဲ့ မေတ္တာရေစင်ကြောင့် တည်ငြိမ် လှပတဲ့ ခန္တီကြာပန်းတွေ ပွင့်လန်းလာသလို၊ ခန္တီကြာဝန်းတွေရဲ့ တည်ငြိမ်လှပမှု အရှိန်အ၀ါကြောင့်လည်း သူတော်ကောင်း နှလုံးသားဆိုတဲ့ ရေကန်ဟာ ပိုမိုထည် ၀ါ ကျက်သရေဖြာ လှပလာရပါတယ်။
ဉာဏ်ပညာကို မြတ်နိုးပြီး အဆုံးအမတရားကို ဦးထိပ်ထားတတ်သော၊ သူတစ်ထူးကျေးဇူးတရားကို သိမှတ်ပေးဆပ်တတ်သော၊ အမျက်မပါ မာနမရှိ ပကတိ သည်းခံတတ်သော သူတော်ကောင်းနှလုံးသားပိုင်ရှင် အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးဟာ မဟာသက္ကရာဇ် ၁၄၈-ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ ဖွားရာဇာတိ နာလကရွာမှာ ပရိနိဗ္ဗာန် ၀င်စံတော်မူခဲ့ပါတယ်။
သက်တော်(၈၀)၀ါတော်(၄၄)၀ါအတွင်း သတ္တလောကရဲ့ အကျိုးစီးပွားကို စွမ်းစွမ်းတမံ ဆောင်ရွက်တော်မူရင်း မထေရ်မြတ် ဟောကြားတော်မူအပ်တဲ့ တရားတော်တွေဟာ နိကာယ်ငါးရပ်၊ ပိဋကတ်တော်မှာ အင်မတန်များပြားတော်မူ လှပါတယ်။ ပဋိသမ္ဘီဒါမဂ်ပါဠိတော်၊ မဟာနိဒ္ဒေသပါဠိတော်၊ စူဠနိဒ္ဒေသပါဠိတော် တွေဟာ ကျမ်းစာအနေနဲ့ ထင်ရှားပြီး သာရိပုတ္တထေရ ဂါထာတော်တွေဟာ "ကိုယ်တိုင်ရေး ထေရုပ္ပတ္တိကျမ်းစာ"ဖြစ်သလို"တရားဟင်းလေးအိုးကြီး"လို့လည်း ဓမ္မရသစုံလင်စွာ ပါဝင်တော်မူပါတယ်။
တစ်ချိန်က ရှင်တော်ဘုရားဟာ အနီးမှာရှိတဲ့ အရှင်အာနန္ဒာကို "အာနန္ဒာ သူတစ်ပါးတွေက သာရိပုတ္တရာကို နှစ်သစ်ကြည်ညိုကြတယ်၊ သင်ကကော သာရိ ပုတ္တရာကို နှစ်သစ်သဘောကျရဲ့လား"လို့ မေးတော်မူပါတယ်။ အဲဒီအခါ အရှင် အာနန္ဒာဟာ" ဒီနေ့ ဇမ္ဗူဒိပ်ကျွန်းရဲ့ အလံတံခွန်သဖွယ်ဖြစ်တဲ့ သပြေပင်ကြီးကို လှုပ်ခါပြရတော့မယ်၊ ဒါမှမဟုတတ် တိမ်တိုက်ကြားထဲက လပြည့်ဝန်းကြီးကို ထုတ်ဆောင်ပြရတော့မယ်"ဆိုပြီး ၀မ်းသာရွှင်ပြစွာနဲ့ အရှင်သာရိပုတ္တရာရဲ့ သူတော်ကောင်းဂုဏ်ရည် ၁၆ မျိုးကို ထုတ်ဖော်လျှောက်ထားတော်မူပါတယ်။
ပြီးမှ နိဂုံးချုပ်အနေနဲ့ "မြတ်စွာဘုရား၊ လောကမှာ လူဖျင်းလူအ၊ စိတ်ယုတ် မာရှိသူ၊ မိုက်လုံးကြီးသူ၊ ရူးသွပ်နေသူမဟုတ်ရင် ဘယ်သူမဆို အရှင်သာရိ ပုတ္တရာကို နှစ်သက်ကြည်ညိုကျြမှာပါဘုရား"လို့ လျှောက်ထားလိုက်ပါတယ်။ စာရေးသူလည်း အရှင်အာနန္ဒာရဲ့ တန်ဖိုးကြီးလေးမြတ်လှတဲ့ ဒီမှတ်ချက်မိန့်ခွန်း တော်နဲပပဲ တုနှိုင်း၍မမီတဲ့ သူတော်ကောင်းဂုဏ်ရည်ပိုင်ရှင် ပညာအရာ ဧတဒဂ်ရ အဂ္ဂသာဝက မထေရ်မြတ်ကြီးကို လေးမြတ်ကော်ရော်ရှိခိုး ပူဇော်လိုက်ပါတယ်။
ကျမ်းကိုး
၁။ အင်္ဂုတ္ထိုရ်အဋ္ဌကထာ (ပထမတွဲ)
၂။အပါဒါန်အဋ္ဌကထာ(ပထမတွဲ)
၃။ ဓမ္မပဒ အဋ္ဌကထာ(ပ+ဒု)
၎။သံယုတ် အဋ္ဌကထာ(ဒုတိယတွဲ)
၅။ မူလပဏာသ အဋ္ဌကထာ(ဆဋ္ဌမတွဲ)
၆။မဟာဗုဒ္ဓ၀င်ကျမ်း(ဆဋ္ဌမတွဲ)
တော်ဝင်နွယ်
အရှင်သာရိပုတ္တရာ သို့မဟုတ် မိုးလောက်မြင့်မား၍ မြေကြီးလိုနှိမ်ချသူ
Asian Sariputtara (အရှင်သာရိပုတ္တရာ သို့မဟုတ် မိုးလောက်မြင့်မား၍ မြေကြီးလိုနှိမ်ချသူ) by Dhamma Yanant (တော်ဝင်နွယ်)
အရှင်သာရိပုတ္တရာ နှင့်သက်ဆိုင်သော ဓမ္မမှတ်စု

ဗုဒ္ဓဘာသာဝင်တွေ မရှိတဲ့ဘုရားကို ကိုးကွယ်နေကြတာလား?

“သူတို့ကိုးကွယ်တဲ့ ဘုရားသခင်ဆိုတာ အခုထိ ကောင်းကင်ဘုံနန်းမှာ ရှိနေတယ်။ ပြီးတော့
သူတို့ဘုရားသခင်က ကိုးကွယ်ဆည်းကပ်လာသူတိုင်းကို ရှိသမျှ အပြစ်တွေလည်း ဆေးကြော ဖယ်
ရှားပေးမယ်။ ဆင်းရဲဒုက္ခတွေ ကင်းဝေးစေမယ်။ ချမ်းသာသုခတွေနဲ့ ပြည့်စုံအောင်လည်း အစစ တာဝန်ယူတယ်” ဆိုတဲ့ အာမခံချက်အပြည့်ရှိကြောင်းတွေကို သူတို့ဘက်က ရွှန်းရွှန်းဝေအောင် ပြော
ပြကြပါတယ်။

ပြီးတော့ သူတို့က
“မင်းတို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာ ဘုရားဆိုတာ လူကဖြစ်လာတဲ့ဘုရားဖြစ်လို့ လူတွေလိုပဲ သေသွားခဲ့ပြီ။ အခု မရှိတော့ဘူး။ အဲဒီတော့ မင်းတို့ဟာ မရှိတဲ့ ဘုရားကို
ကိုးကွယ်နေကြသူတွေ ဖြစ်မနေဘူးလား?။
တို့ ဘုရားသခင်က တို့အတွက် လုံးဝအပြည့်အစုံ တာဝန်ယူပြီး အာမခံချက်ပေးသလို မင်းတို့ ဘုရားသခင်ကကော မင်းတို့အတွက် ဘယ်လိုတာဝန်ယူသလဲ၊
ဘာတွေအာမခံချက် ပေးသလဲ?။

ဆိုတဲ့ မေးခွန်းမျိုးတွေ မေးလာတဲ့အခါ
မိမိရှင်းပြခဲ့တာကတော့=

လက် ရှိ ကိုးကွယ်နေကြတဲ့ ဘာသာတရားတွေကို ချမှတ်တည်ထောင်ခဲ့ကြတဲ့ ဦးစီးခေါင်း ဆောင်ဆိုတဲ့ ပုဂ္ဂိုလ်တွေအားလုံးထဲမှာ ဘယ်ခေတ်က၊ ဘယ်အရပ်မှာ၊ ဘယ်မိ ဘယ်ဖဖွားမြင်တယ်။ ငယ်နာမည်က ဘယ်လိုခေါ်တယ်။ ဘယ်အရွယ်မှာ ဘုရားဖြစ်တယ်။
ဘယ်လိုတရားတွေကို
ဘယ်အရပ် ဘယ်ဒေသမှာ ဘယ်ပုဂ္ဂိုလ်ကို အကြောင်းပြုပြီး ဟောခဲ့တယ်” စတဲ့ သေချာရေရာတဲ့ မှတ်တမ်းမှတ်ရာ သမိုင်းအထောက်အထား ခိုင်ခိုင်လုံလုံ ရှိတာဆိုလို့ ဗုဒ္ဓဘာသာဝင်တွေ ကိုးကွယ်
နေတဲ့ “ဂေါတမမြတ်စွာဘုရား” တစ်ဆူတည်းသာ ရှိတယ်ဆိုတာ ဒီနေ့ သိပ္ပံပညာ ဖွံ့ဖြိုးတိုးတက်နေတဲ့ ကမ္ဘာ့ပညာရှင်တွေ အားလုံကလည်း အလေးထား သိမှတ်ထားကြတာ အားလုံးအသိပါ။

ဗုဒ္ဓဘုရား ပွင့်တော်မူခဲ့တဲ့ မဇ္ဈိမဒေသ(အိန္ဒိယ၊ နီပေါနိုင်ငံတွေ) မှာ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်
ထောင်ကျော်က အသောကမင်းကြီး ရေးထိုးစိုက်ထူခဲ့တဲ့ ဒီမှတ်တမ်း ကျောက်စာတွေ၊ ကျောက်တိုင်ကြီးတွေကို ကမ္ဘာ့ပညာရှင်တွေ အားလုံတို့ကလည်း အလေးထား အသိအမှတ်ပြုကြတယ်ဆိုတာ အားလုံးသိကြမှာပါ။

ဒါကြောင့် ဗုဒ္ဓဘာသာဆိုတာ ကမ္ဘာမှာ အရေရာဆုံး၊ အခိုင်မာဆုံးအထောက်အထားပြနိုင်တဲ့ ဘာသာတရားဖြစ်တယ်ဆိုတာ ဘယ်ပညာရှင်ကမှ မငြင်းဆန်ပါဘူး။
နောက်တချက်က
“ဗုဒ္ဓမြတ်စွာ အခုဘယ်မှာရှိသလဲ?” ဆိုတဲ့ကိစ္စပါ။ ဂေါတမ မြတ်စွာဘုရားရှင်ဟာ (၄၅) ၀ါတိတိ သက်ရှိထင်ရှားနေထိုင်ခဲ့ပြီး တရားဓမ္မတွေကိုလည်း မရပ်မနားလို့ ဆိုရ
လောက်အောင် ဟောတော်မူခဲ့တာပါ။

သက်တော် (၈၀) အရွယ်၊ ၀ါတော် (၄၅) ၀ါ ပြည့်ပြီးချိန်မှာ ပရိနိဗ္ဗာန်စံသွားပါတယ်။ ပရိနိဗ္ဗာန်စံဝင်ခါနီးမှာ အလုပ်အကျွေးဖြစ်တဲ့ အရှင်အာနန္ဒာမထေရ်ကို
ဘုရားရှင် မိန့်ကြားခဲ့တဲ့စကား ရှိပါတယ်။

“ ငါ ဘုရားရှင် ပရိနိဗ္ဗာန်စံသွားပြီ၊ ခန္ဓာရုပ်ဒြပ်ကြီး ကွယ်
ပျောက်သွားပြီဆိုတာနဲ့ ကိုးကွယ်ရာမဲ့သွားပြီ၊ ဘုရားမရှိတော့ဘူးလို့ မမှတ်ယူပါနှင့်၊ ငါ ဘုရားရှင် (၄၅) ၀ါပတ်လုံး ဟောကြားခဲ့တဲ့ တရားပုဒ်စု(ဓမ္မက္ခန္ဓာ)ရှစ်သောင်းလေးထောင်တို့ဟာ ငါဘုရားရှင်ရဲ့ ကိုယ်စားတွေပါပဲ၊ ဒီ တရားပုဒ်စုတွေ ထင်ရှားရှိနေသမျှ ငါဘုရား ထင်ရှားရှိနေတယ်လို့ ခံယူကြပါ ”
ဆိုတဲ့ မှာတမ်းစကားပါ။

ဒါကြောင့် “ မြတ်စွာဘုရား အခု ဘယ်မှာရှိသလဲ ” ဆိုရင် ဓမ္မက္ခန္ဓာ တရားတော်တွေရှိတဲ့
နေရာမှာ ရှိတယ်လို့ ပြောရမှာပါ။

ဒါကို ကြည့်လိုက်ရင် ဗုဒ္ဓဘာသာဝင်များဟာ မရှိတော့တဲ့ ဘုရားကို ကိုးကွယ်နေကြသူတွေ မဟုတ်ဘူး။ ထင်ရှားတဲ့ မြတ်ဗုဒ္ဓရဲ့ကိုယ်စား တရားတော်တွေကို လိုက်နာကျင့်သုံးပူဇော်နေကြသူတွေ ဖြစ်တယ်ဆိုတာကို အထူးသိမှတ်သင့်ပါတယ်။
ထပ်ပြီးသတိပေးလိုတာကတော့
“ ဗုဒ္ဓဘာသာဆိုတာ ကိုးကွယ်ပသရေး ဘာသာတရား မဟုတ်ဘူး၊ လိုက်နာကျင့်သုံး
ပူဇော်ရေး ဘာသာတရားသာ ဖြစ်တယ် ” ဆိုတာကို အလေးအနက် နားလည်ကြရမှာ ဖြစ်ပါတယ်။

{ ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)၏
ဘယ်ကျောင်းနေမလဲ မောင်ရေခဲနှင့် အာခံတွင်းက ဖွားသူများမှ ကောက်နုတ်ရေးသားပူဇော်ပါသည်။

Mar 23, 2014

မြန်မာ့ ပရိယတ္တိသာသနာ



အရှင်တိလောကာဘိဝံသ (အင်းစိန်၊ရွာမ)
ဒုတိယပါမောက္ခချုပ်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် - ရန်ကုန်။

မြန်မာနိုငံသို့ ဗုဒ္ဓသာသနာ ရောက်ရှိခဲ့ ပုံများကို သာသနာလင်္ကာရစာတမ်း စသည်တို့ အဆိုအရ ဘုရားသက် တော်ထင်ရှား ရှိစဉ်ကပင် ၂-ကြိမ်ရောက်ခဲ့ပုံနှင့် တတိယသင်္ဂါယနာ တင်ပြီး နောက် ၉-တိုင်း, ၉-ဌာန သာသနာပြု စေလွှတ်ရာ၌လည်း ၃-ဌာနပါဝင်ကြောင်း သိရသည်။

ပထမ ၂-ကြိမ်
၁။ သုဝဏ္ဏဘူမိတိုင်း၊ အသိတဉ္ဇန ပေါက္ခရ၀တီမြို့သား တပုဿနှင့် ဘလ္လိက ညီနောင်တို့သည် လှည်း ၅၀၀-တို့ဖြင့် မဇ္ဈိမ ဒေသသို့ ကုန်ကူးသွားကြသည်။ မြတ်စွာဘုရား ပွင့်တော်မူပြီး ၄၉-ရက်အလွန် လင်းလွန်းပင်ရင်း ၌ သီတင်းသုံးတော်မူခိုက် ကြုံကြိုက်နေသဖြင့် သွားရောက်ဖူးမြော်ကြသည်။ အသင့်ယူဆောင် လာသော ပျားမုန့်ဆုပ်နှင့် မုန့်ကြက်ကျစ်တို့ကို ဆက်ကပ်လှူဒါန်းကြသည်။
မြတ်စွာဘုရားနှင့် မြတ်စွာဘုရားတရား တော်ကို ကိုးကွယ်ဆည်းကပ်သူ ဥပါသကာ အဖြစ် ခံယူကြသည်။ ထိုအချိန်၌ သံဃာရတနာ မရှိသေး၊ ဗုဒ္ဓ, ဓမ္မ, သရဏဂုံ ၂-ပါးကို ကိုးကွယ်သည့် ဒွေဝါစိက သရဏဂုံသာ ဖြစ် သည်။ လူသားထဲမှ ပထမဆုံး သရဏဂုံ တည်သူများသည် မြန်မာနိုင်ငံသားဆိုပါက တပုဿနှင့် ဘလ’ိက-တို့ပင် ဖြစ်သည်။ ဘုရားရှင်ထံမှ အမြဲ ဆည်းကပ်ကိုးကွယ်စရာကို တောင်းခံကြသည်။ မြတ်စွာဘုရားက လက်ယာ လက်တော်ဖြင့် ဦးခေါင်းကို သုံးသပ်၍ လက်တော်တွင် ကပ်ငြိပါလာသော ဆံတော် ၈-ဆူကို သူတို့အား ချီးမြှင့်ပေးသနားတော် မူလိုက်သည်။
ထိုကုန်သည်ညီနောင်တို့လည်း မိမိတို့နေရာ အသိတဉ္ဇန ပေါက္ခရ၀တီမြို့သို့ ပြန်ရောက်လာသောအခါ မိမိတို့ရရှိလာသော ဘုရားရှင်ဆံတော်များကို ဥက္ကလာပမင်းကြီးထံ အပ်နှံကြသည်။ ဥက္ကလာပမင်းကြီးသည် ဆံတော် ၈-ဆူကို ရွှေကြုတ်ထဲ၌ ထည့်၍ စေတီတည်ကာ ဌာပနာ ထားလေသည်။ ယင်းစေတီကား ယခု ဖူးမြော်နေကြရသော ရွှေတိဂုံစေတီတော်ကြီးပင်ဖြစ်သည်။
ဤသို့ မြန်မာနိုင်ငံသို့ ပထမဆုံး သာသနာရောက်ခြင်းသည် ဘုရားဖြစ်ပြီး ၄၉-ရက်မြောက် ၀ါဆိုလဆန်း ၅-ရက်နေ့ ဖြစ်ကြောင်းနှင့် တပုဿသည် သောတာပန် ဥပါသကာ၊ ဘလ’ိကသည် ရဟန္တာသာဝက ဖြစ်ကြောင်း သာသနာလင်္ကာရစာတမ်း၌ ဆိုသည်။

၂။ ဒုတိယအကြိမ် ဗုဒ္ဓသာသနာ ရောက်ရှိပုံကား-မြတ်စွာဘုရား ဘုရားဖြစ်ပြီး နောက် ၀ါ ၂၀-ကျော်လောက်တွင် သာဝတ္ထိ ပြည်မှ ယူဇနာ-၃၀၀ ကွာဝေးသော သုနာပရန္တ တိုင်း (အပရန္တတိုင်း) ၀ါဏိဇဂါမခေါ် မင်းဘူး နယ်၊ လယ်ကိုင်းကျောင်းတော်ရာ ရွာသား စူဠပုဏ္ဏနှင့် မဟာပုဏ္ဏ ညီနောင် ၂-ဖော်တို့ သည် နောက်ပါကုန်သည် ၅၀၀-နှင့် တစ်ယောက်တစ်လှည့်စီ ကုန်ကူးသွားလာလေ့ ရှိကြသည်။ နောင်တော် မဟာပုဏ္ဏသည် လှည်း ၅၀၀-ဖြင့် မဇ္ဈိမဒေသသို့ ကုန်ကူးသွားသည်။ သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်း မြတ်စွာဘုရား ထံသို့ရောက်၍ တရားတော်ကို နာရသဖြင့် အကျွတ်တရား ရသွားသည်။
မဟာပုဏ္ဏသည် လက်ထောက် ကုန်သည်ကြီးကို ခေါ်၍ ““ဤပစ္စည်းဥစ္စာများကို ညီဖြစ်သူ စူဠပုဏ္ဏအား ပေးပါ””ဟု မှာကြားပြီး မြတ်စွာဘုရား အထံတော်၌ ရဟန်းပြုလိုက် သည်။ မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်းတောင်း ကာ ခွင့်ပန်၍ မိမိနေရာ အပရန္တတိုင်းသို့ ပြန်လာသည်။ ကမ္မဋ္ဌာန်းတရားကို အားထုတ်ရာ ၀ါတွင်း၌ပင် ရဟန္တာအဖြစ်သို့ ရောက်သွား သည်။ ညီဖြစ်သူ စူဠပုဏ္ဏသည် စန္ဒကူးကျောင်း ဆောက်လုပ်ပြီး နောင်တော် မဟာပုဏ္ဏနှင့် တိုင်ပင်ကာ မြတ်စွာဘုရားကို ပင့်၍ လှူဒါန်း လေသည်။
မြတ်စွာဘုရားသည် တပည့်သံဃာ ၄၉၉-ပါးနှင့်တကွ ကြလာတော်မူ၍ စန္ဒကူး ကျောင်း၌ သီုတင်းသုံးတော်မူသည်။ ကြလာ ခိုက်မှာပင် ခြေတော်ရာများ ချထားခဲ့သဖြင့် ယခုတိုင်အောင် လူအများ စက်တော်ရာအဖြစ် ကိုးကွယ်လျက်ရှိကြသည်။ ဤကား ဒုတိယ အကြိမ် မြန်မာနိုင်ငံသို့ ဗုဒ္ဓသာသနာ ရောက်ခြင်း ပင်တည်း။
ထိုသို့ ဘုရားလက်ထက်တော်ကပင် မြန်မာနိုင်ငံသို့ သာသနာရောက်ရှိခဲ့သော်လည်း ပိဋကတ်တော် သင်ကြားပို့ချသည့် ရဟန်း တော်များ မရှိသဖြင့် သာသနာတော်မှာ နှစ်ကာလ ရှည်လျားစွာ တည်တံ့ပြန့်ပွားမှု မရှိခဲ့ပေ။
သာသနာ မကွယ်,မပဖို့အတွက် မြတ်စွာဘုရား အင်္ဂုတ္တိုရ်၌ ဟောထားခဲ့သည် များကို ၀ိသုဒ္ဓါရုံဆရာတော်ဘုရားကြီးက ဤသို့မှတ်တမ်းတင်ခဲ့သည်။
အင်္ဂုတ္တိုရ်လာ၊ သာသနာကွယ်ကြောင်း၊ တရားပေါင်းကား၊ ရဟန်းများတို့၊ တရားမနာ၊ စာပေမသင်၊ နှုတ်တွင်မဆောင်၊ သိအောင်မပြု၊ ဓမ္မာနုဓမ္မတ်၊ ပဋိပတ်ကွာ၊ ဤ ၅-ဖြာတည်း။
ထ၀ါ ထို့ပြင်၊ စာသင်ပယ်လျော၊ ကျယ်,မဟောကြ၊ ကျယ်,မချနှင့်၊ ကျယ်စွာ, မအံ၊ မကြံမစည်၊ ဤ ၅-မည်တည်း။
ဝါ တနည်းမှာ၊ အက္ခရာပုဒ်ပျက်၊ လေ့ကျက်သင်ကြ၊ ဒုဗ္ဗစ မူ၊ စာချသူရှား၊ လာဘ်များအောင်ဖန်၊ ခိုက်ရန်ကွဲပြား၊ ဤ ၅-ပါးသည်၊ ဘုရားသာသနာကွယ်အကြောင်း တည်း။

တတိယအကြိမ် သာသနာရောက်ရှိပုံ
၃။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီး နောက် ၂၃၅-နှစ်သို့ရောက်သောအခါ တတိယသင်္ဂါယနာတင်ပြီးနောက် ၉-တိုင်း, ၉-ဌာန သာသနာပြုစေလွှတ်ရာတွင်-
(က) အရှင်ယောနကဓမ္မရက္ခိတထေရ် ဦးဆောင်သည့် အပရန္တ တိုင်း သာသနာပြုအဖွဲ့၊
(ခ) အရှင်မဟာရက္ခိတထေရ် ဦး ဆောင်သည့် ယောနကတိုင်း သာသနာပြုအဖွဲ့၊
(ဂ) အရှင်သောဏ, ဥတ္တရထေရ်တို့ ဦးဆောင်သည့် သုဝဏ္ဏဘူမိ သာသနာပြုအဖွဲ့၊
ဤသာသနာပြုအဖွဲ့ ၃-ဖွဲ့သည် မြန်မာနိုင်ငံနှင့် သက်ဆိုင်သည်ဟု ဆိုသည်။

အပရန္တတိုင်းသည် မင်းဘူးနယ်၊ ကျောင်းတော်ရာဒေသ ဖြစ်၍ ယောနကတိုင်း သည် ယွန်းပြည်နယ်ခေါ် ရှမ်းပြည်နယ် ဖြစ်သည်။
သုဝဏ္ဏဘူမိတိုင်းသည် သထုံပြည် ဖြစ်သည်။

အဆိုပါ ၉-တိုင်း, ၉-ဌာနစာရင်းတွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော ၃-ဌာန ပါဝင်သည်ဆိုသော်လည်း မြန်မာ့သာသနာဝင်နှင့် စပ်လျဉ်းသည့် စာအုပ်၊ စာတမ်း၊ မှတ်တမ်း အမျိုးမျိုးတွင် အပရန္တတိုင်း သာသနာပြု အဖွဲ့ခေါင်းဆောင် အရှင်ယောနကဓမ္မရက္ခိတ ထေရ်နှင့် ယောနကတိုင်းသာသနာပြုအဖွဲ့ ခေါင်းဆောင် အရှင်မဟာရက္ခိတထေရ်တို့၏ ဆရာတပည့် အဆက်အနွယ်များ မထင်ရှားချေ။ သုဝဏ္ဏဘူမိတိုင်း သာသနာပြုအဖွဲ့ခေါင်းဆောင် အရှင်သောဏနှင့် အရှင်ဥတ္တရထေရ်တို့၏ ဆရာ တပည့် အဆက်အနွယ်များသာ ထင်ရှားလေ သည်။
ပိဋကတ်သင်ကြားရေးနှင့် ပတ်သက်၍ ပုဂံခေတ်မတိုင်မီက သိပ်မထင်ရှားခဲ့၊ ပုဂံခေတ်မှ စ၍ နောက်ပိုင်းခေတ် အဆက်ဆက် ယနေ့တိုင် အောင် မြန်မာ့ပရိယတ္တိအခြေအနေသည် ကမ္ဘာကျော်လောက်အောင် ထင်ရှားခဲ့သည်။

ပုဂံခေတ်ဦးပိုင်း
ရှင်သောဏ၊ ရှင်ဥတ္တရမထေရ်တို့၏ အဆက်အနွယ်ဖြစ်သည့် ရှင်အရဟံထေရ်သည် ပုဂံပြည်သို့ သွားရောက် သာသနာပြုချိန်မှစ၍ ဆရာဖြစ်သူ ရှင်အရဟံနှင့် ဒါယကာဖြစ်သူ အနော်ရထာမင်းတို့ ဆရာ,ဒကာ လက်တွဲ ညီညီ သာသနာပြုခဲ့သဖြင့် ထေရ၀ါဒဗုဒ္ဓသာသနာ သည် မြန်မာတစ်နိုင်ငံလုံး ပျံ့နှံ့သွားခဲ့သည်။

ပုဂံသို့ သာသနာရောက်စအခါက ပိဋကတ်သင်ကြားမှု ပရိယတ္တိသာသနာမရှိလျှင် သာသနာအရှည်မတည်နိုင် ပရိယတ္တိသာသနာ တည်တံ့အောင် ပိဋကတ်သင်ကြားဖို့ လိုအပ်သည်ဟု ရှင်အရဟံ၏ မိန့်ကြားချက်အရ ပိဋကတ်သင်ကြားရေးကို အပတ်တကုတ် ကြိုးစားကြသည်။ ပိဋကတ်သင်ကြားရေး၏ အခြေခံဖြစ်သော ပါဠိသဒ္ဒါကျမ်းဂန် သင်ကြား ရေးကိုလည်း အထူးလေ့လာ သင်ကြားကြသည် ကို တွေ့ရသည်။

ပရိယတ္တိသင်ကြားရေး၌ ရဟန်း, သာမဏေများသာမက -
၁။ ကျစွာမင်း-စသော ဘုရင်စာချ, စာသင်ပုဂ္ဂိုလ်များ၊
၂။ သံပျင်မင်းသမီး-စသောမင်းသမီ
း, မင်းသား, မောင်းမမိဿံ စာချ အကျော်များ၊
၃။ သံပျင် အမတ် -
စသော မင်းမှုထမ်း ကျမ်းပြုပုဂ္ဂိုလ်များ မှစ၍ ထမင်းချက်, ရေခပ်, ထင်းခွေ, ယာလုပ် နေသော အမျိုးသမီးများပါမကျန် အလွှာ အသီးသီးတို့ သာသနာတည်တံ့ရေး ရှေးရှု၍ ပရိယတ္တိစာပေ သင်ကြားနေကြသည်။


သက်ကြီးစကား သက်ငယ်ကြား ပုံပြင် တစ်ခု အဆိုအရ-
ပုဂံခေတ် ကုန်ခါနီးလောက်အချိန်မှာ အင်းဝဘက်မှ ကိုရင်တစ်ပါး ပုဂံသို့ရောက်လာ ရာ ရေတွင်း၌ ရေခပ်နေသော အမျိုးသမီးများ နှင့်တွေ့၍ -
အမျိုးသမီးများက ““ကိုရင်၊ ဘယ်သွား မလို့လဲ””ဟု မေးသည်။
ကိုရင်က ပုဂံအမျိုးသမီးများ စာတတ် ကြောင်း ကြားဖူးသဖြင့် ပညာစမ်းလိုကြောင်း စိတ်ကူးပြီး-
““အဟံ ပေါက္ကံ နဂရံ ဂစ္ဆတိ”” ဟု ပါဠိဘာသာဖြင့် ဖြေလိုက်သည်။
ကိုရင်ဖြေသော ပါဠိဘာသာ မှာအမြီး, အမောက် မတည့်ကြောင်းကို အသိပေးလိုသော အမျိုးသမီးက- ““ပ-မှာ နာမ၊ မဇ်-တုမှ၊ အမှ ဥတ္တမာ၊ အဟံ ဂစ္ဆတိ၊ သင့်ပါဠိ၊ ပြန်ကြည့် သင့်လှပါ။”” ဟူသည်နှင့်အညီ-
ကိုရင်-
၁။ နာမပယောဂဖြစ်လျှင် ပထမပုရိသ်ဖြင့် သုံးရသည်၊
၂။ တုမှယောဂဖြစ်လျှင် မဇ္ဈိမပုရိသ်ဖြင့် သုံးရသည်၊
၃။ အမှယောဂဖြစ်လျှင် ဥတ္တမပုရိသ် ဖြင့် သုံးရသည်၊

အဟံ ဂစ္ဆတိ-ဟူသော ကိုရင်၏ ပါဠိ ပြန်ကြည့်ပါဦးဟု ပြောသောအခါ ကိုရင် အရှက်ရသွားသည်။
တစ်ဖန် အမျိုးသမီးတစ်ယောက်က ““ကိုရင့် ဘွဲ့နာမည် ဘယ်လိုခေါ်ပါသလဲ””လို့ မေးသည်။ ထိုအခါကိုရင်က ရှင်ခေမာ-ဟု ပြန်ဖြေသည်။
အခြားအမျိုးသမီးတစ်ယောက်က ကိုရင့်ဘွဲ့ကလည်း ဣတ္ထီဇောတက အာ-ပစ္စည်းနှင့်ပါလားဟု ပြောသည်။ အခြား အမျိုးသမီးတစ်ယောက်က နင်ကလည်း သျာစ-သုတ်ကို ထောက်ပါဦးဟု ပြောပြန်သည်။

ဤသည့် အမျိုးသမီးများ ပြောဆိုချက် ကို ကြည့်လျှင် ထမင်းချက်, ရေခပ်-စသော အိမ်မှုလုပ်ငန်း လုပ်နေသည့် အမျိုးသမီးများ သည်ပင် ပရိယတ္တိသင်ကြားမှု အဆင့်အတန်း မည်မျှမြင့်မားကြောင်း တွေ့နိုင်သည်။

အမျိုးသမီးအချင်းချင်း တွေ့ရာ၌လည်း-
တစ်ဦးက ညည်း ဘာစာတွေ ရသလဲ ဟုမေးသည်-
အခြားတစ်ဦးက ငါကတော့အေ- အိမ်မှုကိစ္စတွေ ရှုတ်တာနဲ့ စာသိပ်မပြန်နိုင်လို့ သဂြိုဟ် ၉-ပိုင်းလောက်ပဲ ရပါတော့တယ်ဟု ပြန်ပြောသည်။

ဤသို့ ပြောကြားကြသည်ကို ကြည့် လျှင် သင်ကြားထားသော စာပေများကို မည်မျှ တန်ဖိုးထား, မြတ်နိုးကြောင်းကိုလည်း သိရသည်။

ပုဂံခေတ်မှစ၍ ပရိယတ္တိစာသင်တိုက် များ ဦးဆောင်၍ သာသနာပြုခဲ့သည်။ ယင်း စာသင်တိုက်များ၏ ကျေးဇူးကြောင့် ပုဂံခေတ်က စ၍ပင် သဒ္ဒနီတိ-စသော သဒ္ဒါကျမ်းကြီးများ၊ ကာရိကာ, သဒ္ဒတ္ထဗေဒစိန္တာ-စသော သဒ္ဒါငယ် ကျမ်းများ၊ ဒီဃနိကာယ်နိသျ-စသော နိဿယ ကျမ်းဂန်များ စသော ကျမ်းဂန်အမျိုးမျိုးတို့ကို ပြုစုခဲ့ကြသည့် ကျမ်းပြုပုဂ္ဂိုလ်များလည်း မြောက်များစွာ ပေါ်ထွန်းခဲ့ကြသည်။ စာချ အကျော်အမော်များ၊ ဓမ္မကထိက အကျော်အမော် များ၊ ကမ္မဋ္ဌာန်းနည်းပြပုဂ္ဂိုလ်များ၊ တိပိဋကဓရ ပုဂ္ဂိုလ်များ စသည်တို့လည်း များစွာပေါ်ထွန်း ခဲ့ကြသည်။

ဤကဲ့သို့ ပုဂံခေတ်မှစ၍ ယနေ့ခေတ် တိုင်အောင် ခေတ်အဆက်ဆက် ပိဋကတ် ကျမ်းဂန်သင်ကြားမှု အားကောင်းခဲ့ခြင်း၊ စနစ် ကျနခဲ့ခြင်း၊ အားပေးမှုရှိခြင်းတို့ကြောင့် မြန်မာ့ ပရိယတ္တိသာသနာသည် ကမ္ဘာလွှမ်းအောင် ကျော်ကြားခဲ့ခြင်းဖြစ်သည်။

တက္ကသိုလ်ပညာရေး
မြန်မာ့ပရိယတ္တိအခြေအနေသည် ကမ္ဘာကျော်လောက်အောင် ထင်ရှားခဲ့သော် လည်း-
၁။ အခြေခံပရိယတ္တိသင်ကြားရေး၊
၂။ အထက်တန်း ပရိယတ္တိသင်ကြားရေး၊
ဤသို့နှစ်မျိုးနှစ်စား ကွဲကွဲပြားပြား မထားဘဲ ၂-မျိုးစလုံး ရောနှောတာဝန်ယူနေသည်က များသည်။ ရှေးခေတ်က-
၁။ ကျေးလက်တောရွာကျောင်းများ၌ အခြေခံပရိယတ္တိသင်ကြားရေးကို
သင်ကြားပေး သည်။
၂။ အလယ်အလတ် စာသင်တိုက် အတော်များများ၌ အလယ်အလတ်အဆင့်ရှိ ပရိယတ္တိသင်ကြားရေးကို သင်ကြားပေးကြ သည်၊
၃။ မန္တလေး၊ ပခုက္ကူ စသော စာသင်တိုက်ကြီးများ၌ အထက်တန်း ပရိယတ္တိသင်ကြားရေးကို ကျယ်ကျယ်ပြန့်ပြန့် သင်ကြားပေးကြသည်။


ဖော်ပြပါ စာသင်တိုက် ၃-မျိုး၊ ၃-စားတွင် နံပါတ်-၃ အမျိုးအစားသည် တက္ကသိုလ်အဆင့်မီသည်ဟု ဆိုရသည်၊ မှန်ပါသည် အဆိုပါ နံပါတ်-၃ အမျိုးအစား စာသင်တိုက်များ၌-
ပိဋကတ်ဆိုင်ရာ အဘိဓမ္မာနည်း, သဒ္ဒါနည်း, ဆန်းနည်း, အလင်္ကာနည်း, နေတ္တိနည်း, အတ္ထယောဇနာနည်း, ဉာသ် ကောက်နည်း, ၀ါကျနည်း, သံဝဏ္ဏနာနည်း, ၀ိနိစ္ဆယနည်း, ကျမ်းညှိနည်း, ကျမ်းပြုနည်း စသည်တို့ကို ပါရဂူမြောက် သင်ကြားပေးသည်။

အဆိုပါ သင်ကြားနည်းများ ပြည့်စုံ အောင် သင်ကြားပြီးပါက စာတတ်အကျော်များ, စာချအကျော်များ, ကျမ်းပြုအကျော်များ, ဖြစ်သွားကြသည်။ ပိဋကတ် ၃-ပုံ၊ နိကာယ် ၅-ရပ်၊ ဓမ္မက္ခန္ဓာ ၈-သောင်း၎-ထောင်ကို ထုံးလိုချေ, ရေလိုနှောက်သွားနိုင်ကြသည်။

ယခုခေတ်၌ကား အကြောင်းအမျိုးမျိုး ကြောင့် တက္ကသိုလ်အဆင့်မီ သင်ကြားနည်းများ တဖြည်းဖြည်း အားနည်းလာရသည်။ ဒါတွင်မက ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်ရန် ခေတ်မီ သင်ကြားနည်းများ၊ ကျယ်ကျယ်ပြန့်ပြန့် လေ့လာနည်းများ၊ နက်နက်ရှိုင်းရှိုင်း လေ့လာနည်းများနှင့် ဘာသန္တရ ကျွမ်းကျင်မှုများလည်း လိုအပ်လာ သည်။ ထိုလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ဖို့ရန် မြန်မာနိုင်ငံရှိ လက်ရှိစာသင်တိုက်များဖြင့် မလုံ လောက်တော့ပေ။

ထိုသည့် လိုအပ်ချက်များ ဖြည့်ဆည်း ပေးနိုင်ရန် အဆင့်မီတက္ကသိုလ်များ မရှိမဖြစ် လိုအပ်လာသောကြောင့်-

၁။ သာသနာတော် သန့်ရှင်းရေး၊
၂။ သာသနာတော် တည်တံ့ရေး၊
၃။ သာသနာတော် ပြန့်ပွားရေး-

ဟူသော အရေး ၃-ပါးကို တာဝန်ယူ ဆောင် ရွက်နေသော နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ကြီးသည် သာသနာတော်ပြန့်ပွားရေး အတွက် ပရိယတ္တိသာသနာ့တက္ကသိုလ်ကြီးများ တည်ထောင်ဖို့ စီမံကိန်းချ ဆောင်ရွက်ခဲ့ရသည်။ ထို့ကြောင့် ဤပရိယတ္တိသာသနာ့တက္ကသိုလ်များ ပေါ်ပေါက်လာရခြင်းဖြစ်ပေသည်။

အရှင်တိလောကာဘိဝံသ
(အင်းစိန်၊ရွာမ)
See More

နိဝါတမင်္ဂလာထွန်းကားစေချင်

နိ- နိမ့်ကျသောအားဖြင့်၊ ဝါတ-ဖြစ်ခြင်း၊နိဝါတကို “ နီစမနတာ နိဝါတဝုတ္တိတာ " ဟု အဋ္ဌကထာဖွင့်၏၊၊
နီစမနတာ- နိမ့်သောစိတ်ရှိသူ၏ အဖြစ်၊ ကိုယ်ကိုနိမ့်ချခြင်းမှာ စိတ် ကို နှိမ့်ချပြီးမ ဖြစ်နိုင်၏၊ မာနရှိသော စ...ိတ်မှာ မြင့်ထောင်တတ်နေရာ မာနကိုနှိမ်ထားခြင်းကို နိစမနတာ ဟုဆိုသည်၊၊ စိတ် ကို နှိမ့်ချထားလျှင် ကိုယ်ရော နှုတ်ပါ နှိမ်ပြီးသာဖြစ်နေ၍ နိဝါတဝုတ္တိတာ - နှိမ့်ချသော ဖြစ်ပုံမျိုးရှိသည်၏ အဖြစ်ဟု ဆိုသည်၊၊
နိဝါတ၏ ဆန့်ကျင်ဘက်မှာ ထဒ္ဓ တောင့်တင်းမာကျောသောသူ၊၊ အတိမာန အလွန်ထောင်လွားသူဖြစ်ရာ ထိုသူများကား အပြောအဆိုလည်း မောက်မာတတ်၏၊ မိမိကိုယ်ကို မြှောက် သူတပါးကို နှိမ်တတ်၏၊၊ အမျိုး ပညာ ဥစ္စာစသော ဂုဏ်အားဖြင့် သူတပါးကို မထီမဲ့မြင်ပြုတတ်၏၊၊ ကိုယ်အမူအရာလည်း ဘယ်သူမှ အရေးမစိုက်သကဲ့သို့ ထောင်ထောင်ကြွားကြွားပင် ၊ ထိုအမူအရာအားလုံးမှာ အများမုန်းဖွယ်ရာဖြစ်၍ အမင်္ဂလာသာ၊၊
နိဝါတရှိသူကားကိုယ်အမူအရာလည်း သိမ်မွေ့နူးညံ့စွာရှိနေသည့်အပြင် အပြောမှာလည်း သူတကာနားချမ်းသာ စိတ်ချမ်းသာဖွယ် ပြေပြစ်လျက်ရှိသည်၊ ထိုသူမှာ အများချစ်မြတ်နိုးဖွယ်ရာ မင်္ဂလာဖြစ်ရသည်၊၊

အရှင်သာရိပုတ္တရာ ၏ နိဝါတ
----------------------------
တနေ့သောအခါ အရှင်သာရိပုတ္တရာ ၏ သင်္ကန်းဝတ်ပုံမညီမညွတ်ဖြစ်နေသည်ကိုမြင်ရသော ခုနှစ်အရွယ် သာမဏေငယ်သည် “ အရှင်ဘုရားသင်္ကန်းဝတ်ပုံ မညီပါတကား " ဟု လျောက်၏၊၊ အရှင်သာရိပုတ္တရာသည် ကိုရင်လေးက ငါ့ကို ပြောရကောင်းလား" သဘောထားတော်မမူဘဲ တစ်နေရာသွားကာ သင်္ကန်းပြင်ဆင်ပြီးလျင် ကိုရင်ထံပြန်လာ၍ ရပ်လျက် လက်အုပ်ချီကာ သ်ာလောက်ဆိုလျှင် သင့်တော်ပါပြီလားဆရာ မိန့်ကြားပြီးနောက် “ ထိုနေ့ဖြစ်သော ခုနှစ်နှစ်အရွယ် သာမဏေလေးကပင် ဆုံးမလာလျှင် ထိုအဆုံးအမကို ဦးခေါင်းထက်မှာံယူပါသည် ဟု ကျူးရင့်တော်မူခဲ့သည်၊၊ တရားကို လေးစားသူတိုင်း အရှင်မြတ်ကြီး၏ အမြဲအားကျ အတုယူခဲ့ရပါသည်၊၊ ယူဖွယ်လည်း ကောင်းလှပေသည်၊၊ ( မိလိန္ဒ ၃၈၊ သံ ဋ္ဌ ၁၊ ၁၁၄၊ )

ယခုခေတ်ကာလများ အထက်တန်းလွာသို့ ရောက်နေသောသူအများစုသည် မောက်မာ ထောင်လွှားတတ်ကြကုန်၏၊၊ မပြည့်သော အိုးဘောင်ဘင်ခက်ဆိုသလို လူတစ်ယောက်နှင့် လူတစ်ယောက်ကို အောကိမကြို့နိုင်ဖြစ်နေတတ်ကြသည်၊၊ငါက စီနီယာ သူက ဂျူနီယာ ဘာလုပ်စရာလိုလဲ သူအလိုရှိရင်လာလိမ့်မယ့် ငါ တော့ သွားစရာမလို၊၊ ငါက ဘာကြီးကွ ငါ့အဖေက ငါ့အမျိုးက ဘာညာကွ စသည်ဖြင့်မာန်မာထောင်လွားနေတတ်ကြ၏၊၊ သည်လိုအတွေးမျိုး ရှိတတ်ကြ၏၊၊ ယင့်သို့ မဖြစ်သင့်ပေ၊၊ မာန်မာနထောင်လွှားခြင်းကြောင့် ကုသိုလ်မတိုးဘဲ အကုသိုလ်သာ ပို၍ တိုးနေပေမည်၊၊ စိတ်ထားတတ် မြတ်ဆိုသလို မိမိကိုယ်ကိုနှိမ်ချလိုက်လျှင် ကုသိုလ်အမြတ်တွေ ထွက်နေမည်သာ၊၊
မိမိတို့ အများစုဟာ စပါးပင်လို ကျင့်ကြံရမည်၊၊ ဘယ်လိုလဲဆိုတော့ စပါးပင်ဟာ မိမိ စပါးပင်၌ အသီးများ ပြီးပြည့်စုံအောင်မြင်အောင် သီးသော အခါ ငါ့မှာ အသီးတွေ ပြီးပြည့်စုံနေပါ့လားလို့ တစ်ထောင်ထောင် လုပ်မနေ၊ အောက်သို့ အမြဲ ညွှန်ကိုင်း နေသည်သာ၊၊
အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးတို့ကို စံနမူနာ အတုယူ၍ ကြီးသူကို ရိုသေ ငယ်သူကို လေးစားစွာ
ပေါင်းသင်ဆက်ဆံကြ၍ နိဝါတမင်္ဂလာတရားအစဉ်ထွန်းကားအောင် ကြိုးစားအားထုတ်ပြုလုပ်နိုင်ကြပါစေ---

သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ........!
See More

Mar 21, 2014

ပအိုဝ်း ရိုးရာအစဉ်အလာများနဲ့ အမျိုးသားလက္ခဏာကို ထိန်းသိမ်းနိုင်။

ပအိုဝ်း ရိုးရာအစဉ်အလာများနဲ့ အမျိုးသားလက္ခဏာကို ထိန်းသိမ်းနိုင်။

အမျိုးသားလက္ခဏာကို မပပျောက်အောင် ထိန်းသိမ်းကာကွယ်မယ်ဆိုရင် ပထမဦးဆုံး ပအိုဝ်းများ နေထိုင်ရာဒေသတွေမှာ ပအိုဝ်းများနေ့စဉ် ဘ၀တွေကို ထိတွေ့၊ အကျွမ်းဝင်ရှိစေမယ့် ပအိုဝ်း ယဉ်ကျေးမှုနှင့်ဆိုင်ရာ ပွဲတွေ၊ ရိုးရာအထိမ်းအမှတ်ပွဲတွေ၊ အမျိုးသားနေ့တွေကို နှစ်စဉ်ကျင်းပ လုပ်ပေးနိုင်ပါတယ်။ ပအိုဝ်း ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဓလေ့ထုံးထမ်း နှင့် ရိုးရာပွဲတွေ၊ ဘိုးဘွား အစဉ်အလာ၊ အလေ့အထတွေနဲ့ မဝေးကွားသွားအောင် လုပ်ပေးနိုင်ရင် မိမိတို့ရဲ့ ပအိုဝ်းတိုင်းရင်း သားလက္ခဏာကို ထိန်းသိမ်းကာကွယ်ရာ ရောက်ပါတယ်။
ပအိုဝ်း ဘာသာစကား နှင့် စာပေ မပပျောက်ဖို့အတွက် တရားဝင်ဖြစ်စေ၊ တရားမ၀င်ဖြစ်စေ တက်နိုင်သည့်ဘက်မှ သင်ကြားပေးနိုင်ပါတယ်။ ပအိုဝ်းဒေသရှိ အစိုးရ ကျောင်းတွေမှာ တရားဝင် သင်ကြားခွင့်ပြုရင်လည်း ပိုပြီး ထိရောက် ကောင်းမွန်ပါတယ်။
ပအိုဝ်းတိုင်းရင်းသားမဆို ဒေသကွဲ၊ ဘာသာကွဲ၊ စကားသံလေယူလေသိမ်းကွဲ၊ လူတန်းစား ကွဲပြာ သည့်ဖြစ်ပါစေ ပအိုဝ်းများနဲ့ဆိုင်တဲ့ အခမ်းအနားတွေ၊ ပွဲတွေ၊ နေ့တွေမှာ ပအိုဝ်းတိုင်းရင်းသားများ အားလုံး ပါဝင်ပူးပေါင်း၊ လုပ်ဆောင်လာအောင် ၀ိုင်းဝန်း ဆွဲခေါ်သွားရပါမယ်။
လူငယ်များအတွက် ပအိုဝ်းနှင့်ဆိုင်တဲ့ သမိုင်းစာအုပ်တွေ၊ တော်လှန်ရေးသမိုင်းတွေ၊ ယဉ်ကျေးမှု၊ ဘာသာရေး၊ လူမှုရေးသင်တန်းတွေ၊ ရိုးရာယဉ်ကျေးမှုဆိုင်ရာ ဘိုးဘွား အမွေအနှစ် ပြခန်းတွေကို ပအိုဝ်းတွေ နေထိုင်ရာအရပ်ဒေသတွေမှာ ဖွင့်လှစ်ပေးနိုင်ခြင်းဖြင့်လည်း မျိုးချစ်စိတ်၊ ရိုးရာမြတ်နိုး ထိန်းသိမ်းချင်စိတ်၊ မိမိအမျိုး ထိန်းသိမ်းစောင့်ရှောက်ချင်စိတ်များ ဖြစ်လာစေနိုင်ပါတယ်။
ဒါကြောင့် ပအိုဝ်းတိုင်းရင်းသား လက္ခဏာ မပပျောက်အောင်၊ အခြားလူမျိုးများ ၀ါးမြိုသွားမှု မခံရအောင်၊ သို့မဟုတ် သီးသန့်လူမျိုးတစ်မျိုး ဖြစ်နေတာကို အခြားလူမျိုးများ၏ မျိုးနွယ်ခွဲဟု ထင်မှားမခံရအောင် မိမိတို့ ပအိုဝ်းတိုင်းရင်းသားများဆိုင်ရာ ရိုးရာ အစဉ်အလာတွေကို တိုးတက် ထွန်းကားလာအောင် အခြေခံအားဖြင့် လုပ်ဆောင်ဖို့ လိုပါတယ်။

Mar 17, 2014

အချစ်ဆုံး

မလ္လိကာဟာ သာဝတ္ထိမြို့က ဆင်းရဲတဲ့ ပန်းသည်ရဲ့ သမီးဖြစ်ပါတယ်။ တနေ့မှာ ဈေးကမုန့်ဝယ်လာပြီး ပန်းခြံကို သွားမယ်လို့ဆိုကာ ထွက်လာခဲ့ပါတယ်။ လမ်းခုလတ်မှာ ရဟန်းအပေါင်း ခြံရံလာတဲ့ဘုရားရှင် ဆွမ်းခံဝင်လာတာကို တွေ့ရလို့ ကြည်ညိုစိတ်ပေါက်ပြီး မုန့်ကိုဘုရားရှင်ထံ ကပ်လှူခဲ့ပါတယ်။ ဘုရားရှင်က မုန့်လှူတဲ့နေရာမှာထိုင်ဖို့ အရိပ်အရောင်ပြလို့ အရှင်အာနန္ဒာက သင်္ကန်းခင်းပေးခဲ့ပါတယ်။ ဘုရားရှင်က အဲဒီနေရာမှာ ထိုင်ပြီး မုန့်ကို ဘုဉ်းပေးရင်းနဲ့ ပြုံတော်မူပါတယ်။ အရှင်အာနန္ဒာက-မြတ်စွာဘုရား ဒီဒါနရဲ့အကျိုးဟာ ဘယ်လိုဖြစ်လာပါမလဲဘုရား-လို့ လျှောက်ထားလိုက်ပါတယ်။
အာနန္ဒာ-ဒီဒကာမလေးဟာ ဒီနေ့ ငါဘုရားကို ပထမဆုံး မုန့်စားဖွယ်လှူတယ်။ ဒီနေ့ပဲ ကောသလမင်းရဲ့ ချစ်ခင်မြတ်နိုးရတဲ့ မိဖုရားခေါင်ကြီး ဖြစ်လိမ့်မယ်-လို့ ဘုရားရှင်က မိန့်တော်မူပါတယ်။
အဲဒီနေ့မှာပဲ ကောသလမင်းဟာ ကာသိရွာမှာ တူတော်အဇာတသတ်မင်းနဲ့ စစ်တိုက်ရာက ရှုံးလို့ထွက်ပြေးလာပြီး မြို့ကိုဝင်တဲ့အခါမှာ စစ်တပ်တွေရဲ့အလာကို စောင့်မယ်လို့တွေးပြီး ပန်းခြံထဲဝင်သွားပါတယ်။ မလ္လိကာက ကောသလဘုရင်ကို ဂရုစိုက်ပြုစုပေးတဲ့အတွက် ဘုရင်ကြီးက သဘောကျသွားပြီး နန်းတော်ထဲကိုခေါ်ကာ မိဖုရားခေါင်ကြီးရာထူး ပေးခဲ့ပါတယ်။

တနေ့မှာ ကောသလမင်းက ငါဟာ မလ္လိကာကို မိဖုရားခေါင်ကြီးရာထူး ပေးထားတယ်။ မလ္လိကာ သင်ဟာ ဘယ်သူ့ကိုချစ်သလဲ-လို့ မေးရင်တော့ အရှင်မင်းကြီးကို ချစ်ပါတယ်လို့ပြောမှာပဲ-လို့ အပိုင်တွက်ပြီး မလ္လိကာကို ဒီမေးခွန်းကို မေးခဲ့ပါတယ်။
မလ္လိကာ-ဒီလောကမှာ သင့်ကိုယ်ထက်ပိုပြီး ဘယ်သူ့ကို ချစ်ပါသလဲ၊
အရှင်မင်းကြီး- ကိုယ့်ကိုထက်ပိုပြီး ဘယ်သူ့ကိုမျှ မချစ်ပါ၊

မလ္လိကာဟာ ဘုရားရှင်နဲ့ သံဃာတော်တွေကို အမြဲဆည်းကပ် ပြုစုနေတဲ့ ပညာရှိသူလေးတဦး ဖြစ်တာမို့ သူ့ရင်ထဲက ရှိတဲ့အတိုင်း အမှန်အတိုင်း ဖြေခဲ့ပါတယ်။ နောက်တော့ မလ္လိကာက ရှင်ဘုရင်ကြီးကို သူ့နည်းတူ ပြန်မေးတဲ့အခါမှာလည်း ရှင်ဘုရင်ကြီးက သူတောင်ဒီလိုဖြေသေးတာ ဆိုပြီး မလ္လိကာဖြေတဲ့အတိုင်း ထပ်တူထပ်မျှ ဖြေခဲ့ပါတယ်။
ရှင်ဘုရင်ကြီးဟာ စိတ်ထဲမှာတော့ ဒီလိုတွေးနေခဲ့တယ်။
ငါဟာ ရှင်ဘုရင်၊ ငါလိုလူက ငါ့ကိုယ်ငါသာ အချစ်ဆုံးလို့ဖြေတာဟာ မှန်သေးတယ်၊ မလ္လိကာကတော့ ငါကောက်ယူလို့အောက်ခြေကနေ မိဖုရားခေါင်ကြီးဖြစ်လာပါလျက်နဲ့ သူ့ကိုယ်သူ အချစ်ဆုံးလို့ဖြေတာဟာ အင်မတန်ရိုင်းပြတာပဲ-လို့ တွေးမိသတဲ့။

ပြီးတော့ မနေနိုင်တာနဲ့ပဲ မလ္လိကာ-သင်ဟာ ရတနာသုံးပါးကို အချစ်ဆုံးမဟုတ်ဘူးလား-လို့ ထပ်မေးပြန်တယ်။ ဒီအခါမှာ မလ္လိကာက အရှင်မင်းကြီး-ကျွန်မဟာ ရတနာသုံးပါးကိုလည်း နတ်ပြည်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာ လိုချင်လို့ ချစ်ပါတယ်။ ကျွန်မအကျိုးအတွက်ကြောင့် ချစ်တာမို့ ကိုယ့်ကိုယ်ကိုသာ အချစ်ဆုံးဖြစ်ပါတယ်-လို့ ထပ်ဖြေပြန်သတဲ့။
မလ္လိကာရဲ့ အယူအဆက ဒီလိုဖြစ်ပါတယ်။ လောကမှာရှိတဲ့ သတ္တ၀ါအားလုံးဟာ ကိုယ့်အကျိုးအတွက်သာ သူတပါးကို ချစ်ကြခြင်းပါ။ မိဘဟာလည်း သားသမီးကို ငါတို့ကြီးလာရင် ငါတို့ကို ပြုစုစောင့်ရှောက်ကြ လိမ့်မယ်လို့ မျှော်လင့်ပြီးချစ်တယ်။
ဇနီးမောင်နှံအချင်းချင်းမှာလည်း မျှော်လင့်ချက်တွေနဲ့ ချစ်တယ်။
ဆွေမျိုး မိတ်ဆွေ အချင်းချင်းလည်း အကျိုးကိုယ်စီနဲ့ ချစ်ကြခြင်းပါပဲ။ ဒီလိုကိုယ့်အကျိုးကိုသာ ကြည့်ပြီး လောကသတ္တ၀ါတွေဟာ သူတပါးကို ချစ်ကြတယ်-လို့ ယူဆခြင်းပါပဲ။

နောက်တော့ ကောသလမင်းဟာ ပညာရှိမှု၊ ကျွမ်းကျင်မှု လိမ္မာမှုတို့ကို နားလည်ခံစားမိသွားပြီး ဒီကိစ္စကို ဘုရားရှင်ဆီလျှောက်ထားဦးမှပဲ၊ ဘုရားရှင်ဖြေတဲ့အတိုင်း မှတ်သားမယ်လို့တွေးပြီး ဘုရားရှင်ဆီ လျှောက်ထားတဲ့အခါမှာ ဘုရားရှင်က အောက်ပါအတိုင်း ဥဒါန်းကျူးရင့်ခဲ့ပါတယ်။
အရပ်ဆယ်မျက်နှာကို စိတ်နဲ့သွားပြီး အစွမ်းကုန် ရှာကြည့်ပါ။
ဘယ်နေရာမှာမှ ကိုယ့်ထက်ပိုပြီးချစ်တဲ့ သူကို မတွေ့နိုင်ပါ။
သတ္တ၀ါတိုင်းဟာ ကိုယ့်ကိုယ်ကိုသာ အချစ်ဆုံးဖြစ်ပါတယ်။
ဒါကြောင့် စာနာမှု ထားကြရပါမယ်။

( သာမဏေကျော် )
ဥဒါန ပါဠိ ၅-သောဏ၀ဂ်၊ ပိယတရသုတ္တ။

ရွှေထက်ရှားသော သက်ရှိများ

မိတ်ဆွေ လေးမျိုးရှိတဲ့အထဲမှာ
အတ္ထက္ခာယီ မိတ်ဆွေဆိုတာ ရှိပါတယ်။ မြန်မာလိုပြောရရင် တော့ အကျိုးရှိအောင် ပြောပြတတ်တဲ့ မိတ်ဆွေလို့ခေါ်ပါတယ်။
...ဲဒီမိတ်ဆွေဖြစ်ဖို့ အင်္ဂါလေးပါးနဲ့ ပြည့်စုံရပါတယ်။

အင်္ဂါလေးပါးဆိုတာက…
၁။ မကောင်းမှု အကုသိုလ်လုပ်နေရင် တားမြစ်ပြောပြပေးရပါတယ်။
၂။ ကောင်းမှုကုသိုလ်လုပ်အောင် တိုက်တွန်းပြောပြပေးရပါတယ်။
၃။ မကြားဖူးတဲ့ တရားစကားကို ပြောပြပေးရပါတယ်။
၎။ ချမ်းသာရောက်ကြောင်းဖြစ်တဲ့ နတ်ပြည်လမ်း၊ မဂ် ဖိုလ် နိဗ္ဗာန်လမ်းကိုညွှန်ကြား ပြောပြ ပေးရပါတယ်။ ဒီလေးမျိုးပါ။

ကိုယ်က ဒီအင်္ဂါလေးချက်ကို အာရုံပြုပြီး ကိုယ်ချစ်တဲ့ မိတ်ဆွေတွေကို တားသင့်တာကို တားပြီး တိုက်တွန်းသင့်တာကို တိုက်တွန်းရမှာပါ။

တရားစကားတွေကို ပြောပြပေးရမှာ ဖြစ်သလို နတ်ပြည် မဂ်ဖိုလ်
ရကြောင်း တွေကိုလည်း ညွှန်ကြားပြောပြ ပေးရမှာပါပဲ။

ကိုယ်တားတာ တိုက်တွန်းတာတွေကို သူမကြိုက်ပေမယ့် ကိုယ်ချစ်တဲ့ သူကိုယ့်မိတ်ဆွေ ဆိုးကျိုးမဖြစ်ဖို့ သူကြိုက်ကြိုက် မကြိုက်ကြိုက် တားရ၊ တိုက်တွန်း ရမှာပါ။

ဒါမှအတ္ထက္ခာယီ မိတ်ဆွေ ပီသမှာပါ။

ဆရာတော်အရှင်ရဝေနွယ်(အင်းမ)

မြတ်ဗုဒ္ဓ ၏ ဓမ္မ စာစုများ

ငွေရှိရင် ရွှေဝယ်လို့ ရတယ်။
အဲဒီဝယ်ထားတဲ့ ရွှေကို ခရီးစရိတ်လုပ်ပြီး
လိုက်ရှာရင်တောင် မိတ်ဆွေကောင်းရှာတွေ့  ဖို့ က
ခက်ပါတယ်။

သတိပြုရမှာက မိမိအနေနဲ့  မိတ်ဆွေကောင်းလိုချင်ရင်
မိမိလည်း အခြားသူများအတွက်လည်း
မိမိက မိတ်ဆွေကောင်းတစ်ယောက်ရဲ့ 
စိတ်ဓါတ်အင်္ဂါရပ်တွေနဲ့ ကိုက်ညီနေဖို့ လိုအပ်ကြောင်း
မှန်ကန်သောနှလုံးသွင်းမှုရှိရပါမယ်။

Mar 13, 2014

ဒါနသည် သံသရာရှည်သလော

အချို့က ဒါနကို သံသရာရှည်စေတတ်သော တရားဟု ကြောက်လန့်ဖွယ်အဖြစ်ဆိုကြ၏၊၊ သံသရာဝဋ်မှ ကျွတ်လွတ်ရန် လိုလားကြကုန်သော အလောင်းတော်များ ဒါနကို လိုလိုလားလား ပြုခဲ့ကြသည်မှာ သံသရာမှ လွတ်ကြောင့်ဖြစ်သောကြောင့်သာဖြစ်သ...ည်၊၊ တဏှာသည်သာ သံသရာရှည်ကြောင်းဖြစ်၏၊၊ နည်းမှန် လမ်းမှန်ပြုသော ဒါနမှာ တဏှာကို ပယ်နိုင်ကြောင်းဖြစ်၏၊၊ အလောင်းတော်များမှာ ယခုဘဝ နောင်ဘဝသာယာရေးအတွက် မိမိအဖို့ရာ ဘာတစ်ခုမျှ မတောင်းတကြ၊ သတ္တဝါအများ ကောင်းစားစေလို ချမ်းသာစေလိုသော စေတနာသာထား၍ ပေးကမ်းကြ၏၊၊ ဤဒါနမျိုး ပါရမီမြောက်ဒါနဟု ဆိုကြ၏၊၊ အကယ်၍ တောင့်တ လိုလျှင်လည်း သံသရာဝဋ်မှ လွတ်ရေးသာ တောင့်တသင့်၏၊၊ သံသရာဝဋ်မှ လွတ်ရန်တောင့်တခြင်းမှာ တဏှာမဖြစ်ပေ၊၊ ထိုဒါနမျိုး ဝိဝဋ္ဋနိဿိတဒါနဆို၏၊၊ တဏှာဆန္ဒမကင်းသော ဝဋ္ဋနိဿိတဒါနမျိုးမှာ သံသရာလည်ကြောင်းဖြစ်သော်လည်း တဏှာမပါသော ဝိဝဋ္ဋနိဿိတမှာ သံသရာမှ ထွက်ကြောင်းပင်ဖြစ်သည်၊၊

မကြောက်ထိုက်
==========
ဒါနရှင်မှာ မေတ္တာ ကရုဏာ မုဒိတာများ ဖြစ်ပွားလျက်ရှိရာ အလှူခံတို့ ခံယူသုံးဆောင်သည်ကို အားရကြည်နှုး ရွှင်မြူးဝမ်းသာ စိတ်ချမ်းသာလျက်ရှိနေ၏၊၊ နောင်အခါတွေးမိတိုင်းလည်း ဝမ်းသာကြည်နှုး ရွှင်မြူးလျက်ရှိ၏၊၊
ဤသည်တို့မှာ လက်တွေ့ခံစားရသော
ဒါနအကျိုးတရားများပင်၊၊ သူတပါးအပေါ် မေတ္တာ ကရုဏာ မုဒိတာပွါးလျက်ရှိသောကြောင့်လည်း မာန ဒေါသ ဣဿာ မစ္ဆရိယစသော တရားဆိုးများကင်းလျက်ရှိရာ ထိုတရားများပွါးများကြောင်းဖြစ်သော ဒါနကို မလိုက်နာမပြုကျင့်ထိုက်ဘဲရှိပါမည်လော၊၊ ဒါနကိုကြောက်သူမှာ ဥသျှစ်သီးကြွေကျသည်ကို မြေပြိုပြီအထင်ဖြင့် ကြောက်ပြေးသော ယုံမိုက်ပမာ မကြောက်ထိုက်သည်ကို ကြောက်ခြင်းသာ၊၊

ဆုံးရှုံးမှု
=====
အချို့ မယု၍မလှူ မိမိမူကား သုံးစား၏၊ ထိုသူများကား ဘဝနောင်ရေးအတွက် ရှုံးသူဖြစ်သော်လည်း ဤဘဝမရှုံး၍ တော်သေး၏၊၊ အချို့မှာ လှူလည်းမလှူ
စားလည်း မစားရက် ထိုသူမျိုးမှာ သာ၍ ဆုံးရှုံးသောသူတည်း၊၊ ထိုသူမျိုးကို ပန်းထိမ်သမား၏ ဖားဖိုကဲ့သို့ အသက်ရှင်လျက် အသက်မရှင်သူ (သေသူ) ဟု ပညာရှိတို့ ဆိုကြ၏၊၊
ကောသလသံယုတ် ၉၀ ၌ သူဌေးကြီးတစ်ဦးမှာ သားသမီးလည်းမရှိ ချမ်းသာလိုက်ပုံများမှာလည်း အသပြာက သိန်းရှစ်ဆယ် ရွှေငွေစသည်ဖြင့်ပြီးသော ပစ္စည်းဘဏ္ဍာအသုံးအဆောင်များမှာ ပြောမဆုံးအောင် များမြောင်ကြွယ်ဝလှ၏၊၊ ဤအမျှထိ များမြောင်ကြွယ်ဝသူဖြစ်ပါလျှက် ပုန်းရည်နှင့် ဆန်ကွဲစားပြီး ရထားအိုကလေးအမြဲစီးလျှက် သစ်ရွက်ထီးသာ ဆောင်းတတ်၏၊၊ သေသောအခါ ဥစ္စာအားလုံးအင်းဘဏ္ဍာအားလုံးဖြစိရသည်၊၊
ဤအဖြစ်ကို အကြောင်းပြု၍ ဘုရားရှင်က လူသူမရှိရာတောထဲ၌ ဘယ်သူမျှ မသောက်သုံးရဘဲ ခြောက်ခမ်းသွားသော ရေကန်ကြီးပမာ ပညာရှိကား ဥစ္စာရသော် မိမိလည်းသုံး အများကိစ္စလည်းဆောင်လျက် ဆွေမျိုးအပေါင်းကို ကျွေးမွေးကာ အကဲ့ရဲ့မခံရ၊ အချီးမွမ်းသာခံရ၍ နတ်ပြည်သို့ ရောက်သည် ဟု ဟောတော်မူပါသည်၊၊ နီတိဆရာတို့ကား
စုဆောင်းထားအပ်သောဥစ္စာတို့ကို စွန့်လှူခြင်းသည်သာ စောင့်ရှောက်သည်မည်၊၊ ရေကန်၌တည်သော ရေတို့ကို ထုတ်လွတ်ရာ၌ ရေပြွန်သည်သာ စောင့်ရှောက်ြံင်းမည်သကဲ့သို့တည်း ဟု ဆိုခဲ့ကြသည်၊၊
( သပြေကန်ပရိတ်ကြီး နိဿယသစ်
နှာ ၁၆၀၊ ၁၆၁၊ ၁၆၃၊ )

ပွားများရန် အာရုံခြောက်ပါး

ယခုအခါ ကမ္ဘာအရပ်ရပ်တွင် အန္တရာယ်အမျိုးမျိုး ကြုံတွေ့နေကြသည်ကို နေ့စဉ် ကြားရ၊ မြင်ရ၊ ဖတ်ရှုနေကြရသည်။ လူအမျိုးမျိုးတို့သည် မိမိတို့ယုံကြည်ရာ ကိုးကွယ်ဆည်းကပ်နေကြသည်။ မြန်မာနိုင်ငံသည် လက်ဦးဆရာ မည်ထိုက်စွာ ဆိုသောအတိုင်...း ကလေးငယ်ဘ၀ကစ၍ မိဘ ဘိုးဘွားတို့ သင်ကြားပေးခဲ့သော ရတနာသုံးပါး ဂုဏ်တော်များကို ထုံမွှမ်းပွားများသော အကျိုးကြောင့် အနည်းငယ် အန္တရာယ်ကင်းသည်-ဟု ရဲဝံ့စွာ ဆိုနိုင်ပါသည်။

ငယ်ငယ်ကစ၍ ကြားရသော မှတ်သားဖွယ်ပုံဝတ္ထုတခုမှာ ရာဇဂြိုဟ်မြို့ပြင်၌ တယောက်တည်း အိပ်နေသော ကလေးငယ်ကို ညဥ့်နက်ချိန်တွင် ဘီလူးက လာ၍ဆွဲသည်။ ထိုအခါ ကလေးငယ်သည် ရွတ်ဆိုနေကျအတိုင်း နမော ဗုဒ္ဓဿ-ဟု ယောင်ယမ်းရွတ်ဆိုလိုက်သည်။ ထိုကဲ့သို့ ရွတ်ဆိုသဖြင့် ဘီလူးက တောင်းပန် ၀န်ချ၍ ဗိမ္ဗိသာရမင်းကြီး၏ ပွဲတော်အုပ်ကို ဆောင်ယူကာ ကလေးငယ်ကို တညလုံး ကျွေးမွေးစောင့်ရှောက်ရခြင်း ဖြစ်သည်။ မိဘဘိုးဘွားများသည် နမော ဗုဒ္ဓဿ၊ ဗုဒ္ဓေါ မေ သရဏံ အညံ နတ္ထိ-စသည်ဖြင့် သားသမီးမြေးများကို သင်ကြားပေးလေ့ရှိသည် မဟုတ်ပါလော။ ဤအကြောင်းနှင့်ပတ်သက်၍ မြတ်စွာဘုရားရှင်အား ဗိမ္ဗိသာရမင်းကြီး လျှောက်ထားရာ ဘုရားရှင်က အောက်ပါတရားတော်ကို ဟောကြားတော်မူပါသည်။

မင်းကြီး ကမ္မဋ္ဌာန်းအားရုံ ခြောက်ပါးကို ပွားများသူသည် အန္တရာယ်ဘေးများ ကင်းရှင်း၍ ချမ်းသာစွာ နေရ၏။ ယင်းခြောက်ပါးမှာ-
၁။ နေ့ရောညပါ အခါမလပ် ဘုရားဂုဏ်တော်ကို သတိပြုနေသော သူတို့သည် အခါခပ်သိမ်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြကုန်၏။
၂။ နေ့ရောညပါ အခါမလပ် တရားဂုဏ်တော်ကို သတိပြုနေသော သူတို့သည် အခါခပ်သိမ်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြကုန်၏။
၃။ နေ့ရောညပါ အခါမလပ် သံဃာ့ဂုဏ်တော်ကို သတိပြုနေသော သူတို့သည် အခါခပ်သိမ်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြကုန်၏။
၎။ နေ့ရောညပါ အခါမလပ် ကာယဂတာသတိ ပွားများကုန်သောသူတို့သည် အခါခပ်သိမ်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြကုန်၏။
၅။ နေ့ရောညပါ အခါမလပ် ကရုဏာဘာဝနာ၌ မွေ့လျော်စိတ်ရှိကြကုန်သော သူတို့သည် အခါခပ်သိမ်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြကုန်၏။
၆။ နေ့ရောညပါ အခါမလပ် မေတ္တာဘာဝနာ၌ မွေ့လျော်ကုန်သော သူတို့သည် အခါခပ်သိမ်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြကုန်၏။

ထို့ကြောင့် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် မိမိတို့ နှစ်သက်ရာ အာရုံ၌ အမြဲမပြတ် သတိကပ်၍ စိတ်ကို စင်ကြယ် သန့်ရှင်း မြင့်မြတ်အောင် ကြိုးစားကြပါဟု တိုက်တွန်း နှိုးဆော်ပါရစေ။

Mar 7, 2014

အိမ်တွင်းရေး ဆူပူမှုမရှိပဲ သာယာစေချင်ရင်(ဗုဒ္ဒဘာသာဝင်များအတွက်)


ဘုရားပန်းကို အညှိုးမခံပါနဲ့.....
သောက်တော်ရေကိုလည်း အနွေးမခံပါနဲ့..
ဂါထာတွေ မန္တာန်တွေ ပါးစပ်ကအမြုပ်ထွက်အောင်
ရွတ်နေစရာမလိုပါဘူး..
ဘုရားပန်းကို အမြဲတမ်း လန်းလန်းဆန်းဆန်းဖြစ်အောင်ထားမယ်...
သောက်တော်ရေချမ်းကို အမြဲအေးနေအောင် ထားမယ်ဆိုရင်
အိမ်တွင်းရေး အေးချမ်းပါတယ်..

အိမ်မှာအမြဲနေရတဲ့သူတွေဆိုရင် .......
မိမိရေသောက်တိုင်း ဘုရားကို သောက်တော်ရေ
လဲပြီးကပ်နိုင်ရင် ပိုကောင်းပါတယ်..
အဲဒီလောက်ကြီးအထိ မလဲနိုင်ဘူးဆိုရင်တောင်မှ
မနက်တစ်ခါ နေ့လည်တစ်ခါ ညနေတစ်ခါ
တစ်နေ့သုံးကြိမ်လောက်တော့ ကပ်သင့်ပါတယ်..

ငါအလုပ်များတယ် အိမ်မှာလည်းနေရတာနည်းတယ်ဆိုပြီး
သောက်တော်ရေ မကပ်နိုင်ဘူးလို့လည်း မပြောလိုက်ပါနဲ့..
ဘယ်နေရာမှာမဆိုမိမိရေသောက်တိုင်း ပါးစပ်ထဲမထည့်ခင်
ကိုယ်သောက်မယ့်ခွက်ကို လက်နဲ့ကိုင်ထားပြီး "မြတ်စွာဘုရားအား သောက်တော်ရေ လှူဒါန်းပါတယ်"
လို့ စိတ်က အာရုံပြုပြီး ကပ်လို့ရပါတယ်......
ဘုရားရှေ့သွားကပ်နိုင်မှ မဟုတ်ပါဘူး......
ဒါဟာ ငွေမကုန်ပဲ အလိုလိုရနေတဲ့ ကုသိုလ်ပါ......

သောက်တော်ရေ တစ်ခုတည်းမှ မဟုတ်ပါဘူး..
ဘာပဲစားစား မြတ်စွာဘုရားကို အာရုံပြုကပ်ပြီးတော့မှ စားပါတယ်(နေ့၁၂နာရီမကျော်သေးရင်)
မစားခင် သရဏဂုံ သုံးကြိမ် ရွတ်ပါတယ်......
သရဏဂုံရွတ်နေတဲ့အချိန်ကိုမြတ်စွာဘုရား
ဘုဉ်းပေးနေတဲ့အချိန်လို့ သဘောထားလိုက်ပါတယ်..
ရွတ်ပြီးသွားပြီဆိုတော့မှ "အရှင်ဘုရား ဘုဉ်းပေးပြီးပြီဖြစ်လို့ တပည့်တော်ကို ဆေးအဖြစ်စွန့်တော်မူပါဘုရား" လို့စွန့်ပြီး စားပါတယ်..

ဒီနေရာမှာ ပြောစရာတစ်ခု ရှိလာပါတယ်..
တစ်ချို့လူတွေက ဆွမ်းတော်စွန့်တာစားရင်ဘုန်းနိမ့်တယ်
ဉာဏ်ထိုင်းတယ်ဆိုပြီး မစားကြပါဘူး.....
တစ်ကယ်တော့ ဒီစကားဟာသထုံဘုရင် မနုဟာမင်းကို
အကြောင်းပြုပြီး ပေါ်လာတဲ့ စကားသာဖြစ်ပါတယ်..

မနုဟာမင်းဟာ စကားပြောရင် အာခံတွင်းကအရောင်ဝင်းဝင်း
တောက်တဲ့အထိ ဘုန်းတန်ခိုးကြီးမားတဲ့ဘုရင်တစ်ပါး ဖြစ်ပါတယ်..
သူဟာ လောကီအစီအရင်များနဲ့ စီမံထားတဲ့ ဆွမ်းတော်ကျကို
စားမိသည့်အတွက် အာခံတွင်းမှအရောင်များ ပျောက်ကွယ်သွားပါတယ်..
ဒီလိုဖြစ်ရတာဟာ ဆွမ်းတော်ကျစားခြင်းကြောင့် မဟုတ်ပါ..
လောကီအစီအမံကြောင့် သော်လည်းကောင်းထည့်ကျွေးသည့်
မနောလင်ပန်း မသန့်ရှင်းသောကြောင့်လည်းကောင်း
ပျောက်ကွယ်ခဲ့ရခြင်းသာဖြစ်ပါတယ်..

နောက်တစ်ခုက မသိနားမလည်ကြတဲ့ကလေးတွေဘုရားရှင်အတွက်
ကပ်လှူထားတာတွေကိုယူစားမှာ စိုးတဲ့အတွက်ကြောင့်
လူကြီးမိဘတွေကမစားဝံ့အောင် ခြောက်လှန်တားမြစ်ထားခြင်း
ကြောင့်ဆွမ်းစွန့်ပြီးလည်းမစားဝံ့ မစားရဲဖြစ်သွားကြတာပါ..

ရှေးကဆရာတော်ကြီးများဆိုရင် ဆွမ်းခံကြွပြန်လာပြီးရင်
သပိတ်အတိုင်းဘုရားရှင်ကို ဆပ်ကပ်ပြီးမှ
သပိတ်ကိုစွန့်ပြီး ဘုဉ်းပေးလေ့ရှိပါတယ်တဲ့..

ဆွမ်းတော်စွန့်တာစားရင် ဉာဏ်ထိုင်းတယ်ဘုန်းနိမ့်တယ်လို့
ကျမ်းဂန်များထဲမှာ မိန့်တော်မမူခဲ့ပါဘူး..လို့ ဆရာတော်များ၏တရားများ စာအုပ်များမှာနာဖူး ဖတ်ဖူးပါတယ်..

ဒီလောက်ဆို အတုမရှိမြတ်ဗုဒ္ဓကို အာရုံပြုကပ်လှူပြီးမှ
စွန့်ပြီးစားတာဟာကောင်းမကောင်း သင့်မသင့် ဆိုတာကို
မိမိတို့၏ဦးနှောက် အသိဉာဏ်က ဆုံးဖြတ်နိုင်ကြလိမ့်မယ်လို့ ထင်ပါတယ်..

Ohmar Shin

Credit-->အလင်းတန်းတို့ ဆုံမှတ်

ကန်တော့တောင်းပန်ခြင်းနှင့်ပတ်သတ်၍

ဝန်ချတောင်းပန်ရမဲ့အပြစ်ဆိုရင် ၀န်ချတောင်းပန် ပါမှ ဒီအပြစ်ပြေပျောက်တယ်။ ဘယ်လိုကောင်းမှုတွေ လုပ်ပါစေ မတောင်းပန်ရင် ဒီအပြစ်မပြေပျောက်ဘူး။ ဒီအပြစ်ကနေ သက်သာခွင့်မရဘူးဆိုတာပါဘဲ။

ဒါနဲ့ပတ်သတ်လို့ ကျမ်းဂန်မှာပြဆိုထားတဲ့ ဖြစ်ရပ် တစ်ခုကိုကြည့်ရအောင် မထေရ်ကြီးတစ်ပါးနှင့်ရဟန်းငယ်တစ်ပါးရွာတစ်ရွာကို ဆွမ်းခံဝင်ကြပါသတဲ့။ ပဌမ ဆုံးအိမ်က နှစ်ပါးလုံးကို ရာဂုဆန်ပြုတ်လောင်းလိုက် ပါတယ်။ ဒီအခါမထေရ်ကြီးက ဆန်ပြုတ် ပူပူနွေးနွေးဆိုတော့ လေနာရောဂါနဲ့ သင့်လျော်တယ်။...

အေးမသွားမှီ သုံးဆောင်လိုက်ရင်ကောင်းမယ်လို့ စဉ်းစားမိတယ်။ ဒါနဲ့အနီးအနားက သစ်တုံးတစ်ခုပေါ် ထိုင်ပြီး ဘုန်းပေးပါတော့တယ်။ မထေရ်ကြီးရဲ့ အပြု အမူကိုမြင်တော့ ရဟန်းငယ်ရဲ့စိတ်ထဲ အတော်လေး
သဘောမကျ ဖြစ်သွားတယ်။ ဒါကြောင့် ကိုယ်တော်ကြီး အစားအသောက်နဲ့ ပတ်သက်ရင် သည်းကိုမခံနိုင်ဘူး။ အတော် ဆာတတ်လွန်းတယ်။ အရှင်ဘုရား လုပ်တာနဲ့ တပည့်တော်ပါ အရှက်ရနေပြီလို့ ပြော
လိုက်မိပါတယ်။

ဆွမ်းကိစ္စပြီးလို့ကျောင်းသို့ပြန်ရောက်တဲ့အခါမှာ မထေရ်ကြီးက ငါ့ရှင် တရားထူးများရပြီးပြီလား လို့ ရဟန်းငယ်ကိုမေးပါတယ်။

ရဟန်းငယ်က သောတာပန်ဖြစ်ကြောင်းလျှောက် ပါတယ်။ ဒီတော့ မထေရ်ကြီးက ငါ့ရှင် အထက် မဂ် ဖိုလ်ကိုရဖို့ မကြိုးစားနဲ့တော့။ ငါ့ရှင်ဟာ ရဟန္တာကို ကဲ့ရဲ့ရှုတ်ချမိပြီ လို့မိန့်တော်မူလိုက်ပါတယ်။ ဒီတော့
မှရဟန်းငယ်ဟာ အနှုးအညွှန့်တောင်းပန်ကန်တော့ ပါတော့တယ်။ တောင်းပန်ကန်တော့လိုက်လို့မို့ မဂ္ဂ န္တရာယ် အပြစ် ပြေပျောက်သွားတယ်။ အထက်မဂ် ဖိုလ်ကို သိမြင်ခွင့်ရသွားတယ်လို့ ကျမ်းဂန်မှာ ပြဆို ထားပါတယ်။

ဒီဖြစ်ရပ်က ဘာကိုပြသလဲဆိုရင် သိမြင်လောက် ရောပေါ့။ ကန်တော့တောင်းပန်မှပျောက်တဲ့အပြစ်ကို ကန်တော့တောင်းပန်မှုမလုပ်ရင် အဲဒီအကုသိုလ်ပြစ် က သောတာပန်ပုဂ္ဂိုလ်ကိုပင် အထက်မဂ်ဖိုလ်ကိုမရ
နိုင်အောင် အန္တရာယ်ပေးကြောင်း ပြဆိုတာ ဖြစ်ပါတယ်။ သူလိုငါလို သာမာန်ပုထုဇဉ်အဖို့တော့ပြော မနေနဲ့တော့၊ ဒါကြောင့်ကန်တော့တောင်းပန်သူဖြစ်ဖို့ အထူးလိုအပ်ပါတယ်။

ကန်တော့တောင်းပန်တာနဲ့ ပတ်သတ်လို့ ကျမ်းဂန်မှာ ဘယ်လောက်ထိပြဆိုထားလဲဆိုရင် သောတာပန်စတဲ့ အရိယာပုဂ္ဂိုလ်တစ်ပါးပါးကို ကာယကံနဲ့ဖြစ်ဖြစ်၊ ၀စီကံနှင့်ဖြစ်ဖြစ်၊ မနောကံနှင့်ဖြစ်ဖြစ် ကျူးလွန် စော်ကားမိရင် အနူးအညွန့် ၀န်ချတောင်းပန်ရမယ်။

အရိယာပုဂ္ဂိုလ်ပါလားလို့ သိသည်ဖြစ်စေ၊ မသိသည် ဖြစ်စေ၊ အပြစ်ဟာအပြစ်ပဲ။ သောတာပန်၊ သကဒါဂါမ် ပုဂ္ဂိုလ်တွေဟာ ဒေါသကိုပယ်ပြီးသားပုဂ္ဂိုလ်တွေမဟုတ်လို့ ၀န်ချတောင်းပန်ပေမဲ့ လက်မခံရင် ဒါမှမဟုတ် တစ် နေရာရာကို ထွက်သွားရင် အခြား တစ်ဦးဦးဆီမှာ သွားပြီး တောင်းပန်နိုင်တယ်။ ဘယ်ပုဂ္ဂိုလ်အပေါ် ဘယ်လို ပြစ်မှားမိခဲ့ပါတယ်။

အဲဒီအတွက် ၀န်ချတောင်းပန်ပါတယ် လို့အပြစ်ကို ဖော်ပြပြီး တောင်းပန်ရမယ်။ နောက်ဆုံးကုန်ကုန်ပြောရ
ရင် အဲဒီပုဂ္ဂိုလ် ကွယ်လွန် ဒါမှမဟုတ် ပရိနိဗ္ဗာန်ပြုသွားရင် ကွယ်လွန်တဲ့နေရာ၊ ပရိနိဗ္ဗာန်ပြုတဲ့ နေရာကို သွားပြီး တောင်းပန်ရမယ်။ တောင်းပန်မှသာ သဂ္ဂ န္တရာယ်၊ မဂ္ဂ န္တရာယ်ကနေ လွတ်မြောက်ပြီး ကြိုးစား အားထုတ်ရင် ဒီဘ၀မှာ တရားထူးရနိုင်ခွင့်ရှိသွားတယ်။ နောင်ဘ၀မှာလည်း သုဂတိသို့ရောက်နိုင်ခွင့် ရှိသွားတယ်လို့ မိန့်ဆို ထားပါတယ်။

ဒီလောက်ဆိုရင် ကျူးလွန်စော်ကားမိတဲ့ အပြစ်တွေ ကန်တော့တောင်းပန်ရင်ပျောက်ပျက်သွားသလား ဆိုတဲ့ အမေးနဲ့ပတ်သတ်လို့ အတော်အသင့်လေ့လာခဲ့ပြီးပါပြီ။

ဘယ်လိုအခြေအနေမျိုးနဲ့ဘယ်လိုကန်တော့တောင်းပန်ရင် ဘယ်လိုအပြစ်တွေ ဘယ်လိုအခြေအနေတွေအထိ ကွယ်ပျောက် ဘယ်လိုအပြစ်တွေ ဘယ်လို အပြစ်တွေ ဘယ် အခြေအနေတွေ ကွယ်ပျောက်တယ်တော့ နားလည်ရောပေါ့။

အရှင်နန္ဒမာသေနာလင်္ကာရ
ဘာသာရေးအနှစ်သာရများ

ဆင်းရဲဒုက္ခဆိုတာ ဘာကိုဆိုလိုတာလဲ

ဆင်းရဲဒုက္ခဆိုတာ နှစ်မျိုးရှိတယ်။ နှစ်မျိုးဆိုတာက ပညတ်ဆင်းရဲ နှင့် ပရမတ်ဆင်းရဲ။
ပညတ်ဆင်းရဲဆိုတာ ပဋိသန္ဓေနေရတာ ဆင်းရဲတယ်။ အိုရတာ ဆင်းရဲတယ်။ နာရတာ ဆင်းရဲတယ်။ သေရတာ ဆင်းရဲတယ်။ ကိုယ်ဆင်းရဲရတယ်။ စိတ်ဆင်းရဲရတယ်-ဆိုတဲ့ ဆင်းရဲခြင်းမှန်သမျှ ပညတ်ဆင်းရဲလို့ခေါ်တယ်။
ပညတ်ဆင်းရဲကို လူတိုင်းသိကြပါတယ်။ လူတိုင်းမသိတာက ပရမတ်ဆင်းရဲဖြစ်တယ်။...

ပရမတ်ဆင်းရဲဆိုတာ သစ္စာထိုက်တဲ့ ဒုက္ခသစ္စာဖြစ်တယ်။ ဒုက္ခ-ဆိုတာ ဆင်းရဲခြင်း။ သစ္စာ-ဆိုတာက မှန်ကန်ခြင်း။ အမှန်ဆင်းရဲတဲ့ ဒုက္ခသစ္စာ-ဆိုတာ ဘာလဲလို့ကြည့်လိုက်တော့ ဒုက္ခံ တေဘူမကံ ၀ဋ္ဋံ-လို့ သင်္ဂြိုဟ်ကျမ်းမှာ ပြထားတာကို တွေ့ရတယ်။
တေဘူမကံ-ဘုံသုံးပါး၌ဖြစ်သော၊ ၀ဋ္ဋံ-၀ဋ်တရားသည်၊ ဒုက္ခံ-ဒုက္ခသစ္စာမည်၏-တဲ့ ဘုံသုံးပါးမှာဖြစ်တဲ့ ၀ဋ်တရားဟာ ဒုက္ခသစ္စာ အစစ်အမှန်ပါပဲတဲ့။ ဒီစကားရပ်မှာ ဘုံသုံးပါးဆိုတာနဲ့ ၀ဋ်သုံးပါးဆိုတာ အသိခက်နေတယ်။
ဘုံသုံးပါးဆိုတာ-ပုထုဇဉ်အများ ကျင်လည်ရာဘုံဟာ ကာမဘုံ၊ ရူပဘုံ၊ အရူပဘုံလို့ ဘုံသုံးပါးသာရှိတယ်။
ဘုံသုံးပါးကို အကျယ်ချဲ့လိုက်လျှင် ၃၁-ဘုံ ဖြစ်လာတယ်။
ဘုံသုံးပါးက ဘယ်လို ၃၁-ဘုံ ဖြစ်သွားတာလဲဆိုတော့ ကာမဘုံအတွင်းမှာ အပါယ်လေးဘုံ(၄)၊ လူ့ဘုံ(၁)၊ နတ်ပြည်ခြောက်ထပ်(၆)၊ အားလုံး ၁၁-ဘုံကို ကာမတရားရဲ့ ကျင်လည်ရာဖြစ်လို့ ကာမဘုံလို့ခေါ်တယ်။
ရူပဘုံ-ဆိုတာက ရုပ်ရှိတဲ့ ဗြဟ္မာဘုံကို ခေါ်တယ်။ ရုပ်ရှိတဲ့ ဗြဟ္မာဘုံပေါင်းက ပထမဈာန်သုံးဘုံ၊ ဒုတိယဈာန်သုံးဘုံ၊ တတိယဈာန်သုံးဘုံ၊ စတုတ္ထဈာန် ခုနစ်ဘုံရယ်လို့ ရူပ ၁၆-ဘုံ ရှိတယ်။
အရူပ ရုပ်မရှိတဲ့ဘုံက လေးဘုံရှိတယ်။ အားလုံး ၃၁-ဘုံရှိတယ်။

ပုထုဇဉ်သတ္တ၀ါမှန်သမျှ ဒီ ၃၁-ဘုံက မထွက်နိုင်ဘူး။ တဘ၀ဆုံးသွားလျှင် တဘ၀ ဆက်တာပဲ။ ဆုံးပြီး ဆက်တာကို ဘ၀လို့ခေါ်တယ်။ ဘ၀ကို အရကောက်ပြပါဆိုတော့ ရုပ်တရားနဲ့ နာမ်တရားကိုသာ အရကောက်လို့ရတယ်။ ယောက်ျား မိန်းမ လူ နတ် စတဲ့ ပညတ်ကို အရမကောက်နိုင်ဘူး။ ဒါကြောင့် ၀ဋ်သုံးပါးဆိုတာလည်း ရုပ်နာမ်ကိုပဲ ဆိုလိုရင်းဖြစ်တယ်။ ဒီစကားရပ်ကို ပဋိစ္စသမုပ္ပါဒ်နှင့် တွက်ကြည့်သင့်တယ်။ ပဋိစ္စသမုပ္ပါဒ်အရ ၀ဋ်သုံးပါးဆိုတာ ကိလေသ၀ဋ်၊ ကမ္မ၀ဋ်၊ ၀ိပါက၀ဋ် ပါပဲ။

ကိလေသ၀ဋ်ဆိုတာ-အ၀ိဇ္ဇာ၊ တဏှာ၊ ဥပါဒါန် ဆိုတဲ့တရားတွေက စိတ်ဓာတ်ကို ညစ်ညူးအောင် ပြုလုပ်တတ်တဲ့အတွက် ကိလေသ၀ဋ်လို့ ခေါ်တယ်။ အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ-အရ အ၀ိဇ္ဇာကြောင့်ဖြစ်လာတဲ့ သင်္ခါရအမည်ရတဲ့ ကံတရားရယ်၊
ဥပါဒါနပစ္စယာ ဘဝေါ-အရ ဥပါဒါန်ကြောင့်ဖြစ်လာတဲ့ ကမ္မဘ၀ရယ်၊ ဒီတရားနှစ်ပါးကို ကမ္မ၀ဋ်လို့ခေါ်တယ်။
ဥပါဒါနပစ္စယာ ဘဝေါ-အရ ဥပါဒါန်ကြောင့်ဖြစ်တဲ့ဘ၀ကို ကမ္မဘ၀၊ ဥပပတ္တိဘ၀လို့ နှစ်မျိုးခွဲလိုက်တယ်။
ကမ္မဘ၀ကို ကမ္မ၀ဋ်ထဲ ထည့်ပြီးပြီ။ ကြွင်းကျန်တဲ့ ဥပပတ္တိဘ၀နှင့် ကျန်တဲ့ ၀ိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဇာတိ၊ ဇရာ စတဲ့ တရားတွေကိုတော့ ၀ိပါက၀ဋ်ထဲ ထည့်ပါတဲ့။

ဒါကြောင့်ဝဋ်သုံးပါးဆိုတာဟာ ပဋိစ္စသမုပ္ပါဒ် လည်ပြီးဖြစ်နေပုံ ပြတာပါပဲ။
အ၀ိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ ဆိုတဲ့ ကိလေသ၀ဋ်ကြောင့် ကံတည်းဟူသော သင်္ခါရဖြစ်တယ်။
သင်္ခါရဆိုတဲ့ ကမ္မ၀ဋ်ကြောင့် ၀ိညာဏ်၊ နာမ်ရုပ် စတဲ့ ၀ိပါက၀ဋ်ဖြစ်တယ်။
ဝိညာဏ်၊ နာမ်ရုပ် စတဲ့ ၀ိပါက၀ဋ်ကြောင့် အ၀ိဇ္ဇာ၊ တဏှာ၊ ဥပါဒါန် ဆိုတဲ့ ကိလေသ၀ဋ်ဖြစ်တယ်။
ကိလေသ၀ဋ်ကြောင့် ကမ္မ၀ဋ်ဖြစ်၊ ကမ္မ၀ဋ်ကြောင့် ၀ိပါက၀ဋ်ဖြစ်၊ ဒီလိုရုပ်နာမ်မစဲ ထပ်တလဲလဲ ဖြစ်တာကို ၀ဋ်သုံးပါးလို့ခေါ်တာပဲ။

ဝဋ်သုံးပါးဆိုတာဟာ ရုပ်တရား နာမ်တရားပါပဲ။ ဒီရုပ်တရား နာမ်တရားက ဘယ်မှာဖြစ်တာလဲဆိုတော့ ဘုံသုံးပါးမှာဖြစ်တာပါပဲ။ ဒါကြောင့် ဘုံသုံးပါးမှာဖြစ်တဲ့ ၀ဋ်သုံးပါးဆိုတာဟာ ရုပ်တရား နာမ်တရားပဲဖြစ်တယ်။ ရုပ်တရား နာမ်တရားဆိုတဲ့ ဒီဝဋ်သုံးပါးက ဘာလဲဆိုတော့ ဒုက္ခသစ္စာ=စစ်မှန်သော ဆင်းရဲခြင်းဖြစ်တယ်။

( တည်တော ဆရာတော်)

Mar 6, 2014

ပရိယတ်ကို အခြေခံရန် အရှင်ဇနကာဘိဝံသဆရာတော်ကြီး၏ အဆုံးအမ။

ပရိယတ်ကို အခြေခံရန် ကျေးဇူးတော်ရှင် အရှင်ဇနကာဘိဝံသ ဆရာတော်ကြီး၏ အဆုံးအမတော်မှာ ==

“မြန်မာပြည်သာသနာ ခိုင်မာနေတယ်ဆိုတာ ပရိယတ်ကို မလွတ်တမ်းကိုင်...
ထားလို့ပေါ့။ ပရိယတ်ကို အခြေခံပြီးလာခဲ့တာ။ ပဋိပတ်ဟာ တစ်ဦးချင်းအတွက် လိုအပ်တယ် ဆိုပေမယ့် သာသနာကြီး အရှည်တည်တံ့ရေးအတွက်တော့ သူချည်း မပြီးသေးဘူး။ ပရိယတ်
လည်း လိုအပ်သေးတယ်။

တကယ့် သာသနာတော်ရဲ့ အခြေခံက ကမ္မဌာန်း မဟုတ်ပါဘူး။ ပရိယတ်စာပေတွေပါ။ စာပေတွေကို မသင်ဘဲ ကမ္မဌာန်းချည်း အားထုတ်နေစမ်းပါလား ?။ အနှစ် ၅၀၊ ၁၀၀ ဆိုလျှင် သာသနာ ပျောက်သွားမယ်။

ပြီးတော့ စာပေမပါဘဲနဲ့ ဘယ့်နှယ်လုပ်ပြီး ကမ္မဌာန်းခွင်မှာ အမှန်တရား ရနိုင်မှာလဲ။ စဉ်းစားကြပါ။ ယနေ့ သာသနာတော်ကြီးကို တွေ့နေကြရတာ ဟာ ကမ္မဌာန်းကြောင့် မဟုတ်ဘူး။ ပရိယတ်စာပေတွေ မကွယ်ပျောက်အောင် စာသင်စာချ ပရိယတ်ကိုယ်တော်တွေကြောင့်။

ဒါကို မြင်တော်မူလို့ အရှင်မဟာကဿပကိုယ်တော်ကြီးတို့က သင်္ဂါယနာတင်တော်မူ ခဲ့ကြတာ။ ဘုရား ပရိနိဗ္ဗာန်ပြုအပြီး ဒေသနာတွေကို မစုစည်းဘဲ၊ သင်္ဂါယနာမတင်ဘဲ ထားခဲ့လျှင် ယနေ့အချိန် ဒီ သာသနာတော်ကြီးကို မတွေ့နိုင်တော့ဘူး။

ဒါကြောင့် သာသနာတော်ကြီး တည်တံ့ဖို့အတွက်က ပရိယတ်၊ အဲဒီကမှတဆင့်တက် ဘ၀သံသရာ လွတ်မြောက်ဖို့အတွက်ကျတော့ ပဋိပတ်၊ အဲဒီလို နားလည်ထားကြပါ။

အဲဒါကြောင့်လည်း ဆရာသမားတွေ အဆက်ဆက်က ပရိယတ်ကို လေးစားခဲ့ကြတာပဲ။ စနစ်တကျနဲ့ တကယ်လုပ်နေတဲ့ ကမ္မဌာန်းကို အထင်မသေးပါဘူး။ အားပေးပါတယ်။

ဒါလည်း သူ့အချိန်နဲ့၊ သူ့အရွယ်နဲ့ လုပ်ရမှာပဲ။ သာသနာမှာ ပရိယတ်၊ ပဋိပတ်နှစ်မျိုးလုံး ထွန်းကားနေမှ ပြည့်စုံတယ် ဆိုရမှာပါ ” ။ ။

ဒါကြောင့် တရားချစ်ခင် သူတော်စင်အပေါင်းတို့ကလည်း ပရိယတ်စာပေကို လေ့လာ သင်ယူကာ ထိုမှတစ်ဆင့်တက် ဘ၀သံသရာလွတ်မြောက်ကြောင်း ကျင့်ကြံအားထုတ်နိုင်ကြပြီး
မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း ။ ။

{ မင်းနန်(မော်ကျွန်း)၏ ဆရာတော်ကြီးများ၏ သြ၀ါဒတော်များပေါင်းချုပ်မှ ကောက်နုတ်ရေး
သားပူဇော်ပါသည်။ }

 https://www.facebook.com/pages/%E1%80%B1%E1%80%91%E1%80%9B%E1%80%9D%E1%80%AB%E1%80%92-%E1%80%90%E1%80%AD%E1%80%AF%E1%82%94%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%BB%E1%80%95%E1%80%8A%E1%80%B9/501057299977813?ref=stream

Mar 5, 2014

သထုံမြို့ လေးဆူဓာတ်စံရွေဆံရံ စေတီတော်နှင့် ပအိုဝ်းလူမျိုးများသမိုင်းဆက်စပ်ပုံ ပအိုဝ်းအမျိုးသားနေ့ ဆိုသည့် ဝေါဟာရ ပေါ်ပေါက်လာပုံ

မြန်မာနိုင်ငံတွင် ဌာနေတိုင်းရင်းသားများအနက် ပအိုဝ်းတိုင်းရင်းသားသည် နှစ်စဉ်တပေါင်းလပြည့်နေ့တွင် ပအိုဝ်းအမျိုးသားနေ့အဖြစ် ကျင်းပကြသည်။ တပေါင်းလပြည့်နေ့ကို ပအိုဝ်းအမျိုးသားနေ့ အဖြစ် သတ်မှတ်ခြင်းနှင့် ပအိုဝ်းအမျိုးသားနေ့ ဆိုသည့်ဝေါဟာရက ဘယ်လိုစတင်ပေါ်ပေါက်လာသည် ကို မေးခွန်းထုတ်စရာဖြစ် လာပါသည်။
မဟာသက္ကရာဇ် (၂)ခု (ခရစ်သက္ကရာဇ်မပေါ်မီ ဘီစီ ၆၉၀)တွင် သုဝဏ္ဏဘုမ္မိသထုံပြည့်ရှင် သက္ကရာဇာမင်းနှင့် မိဖုရား ဘဒ္ဒကလျာဒေ၀ီတို့မှ သားတော်တပါးဖွာမြင်ခဲ့သည်။ ထိုသားတော်သည် တပေါင်းလပြည့်နေ့တွင် နေတွက်လ၀င်အချိန်၌ ဖွားမြင်သောကြောင့် သူရိယစန္ဒာ ဟု အမည်ပေးခဲ့သည်။ သူရိယစန္ဒာသည် သက်တော် ၂၄ နှစ်တွင် ဖခမည်းတော် ထီးနန်းအပ်ပြီး နန်းစံချိန် ၁၀ နှစ်တွင် ဖခမည်းတော် သက္ကရာဇာမင်းက နတ်ရွာစံလေသည်။ ဗုဒ္ဓဂေါတမ မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၁၁ ခု သီတင်းကျွတ်လတွင် သူရိယစန္ဒာမင်းအုပ်စိုးသည့် သုဝဏ္ဏဘုမ္မိသထုံပြည်သို့ ပထမအကြိမ် ကြွရောက်လာခဲ့သည်။ ထိုနှစ်အတွင်း သူရိယစန္ဒာမင်း၏ မွေးနေ့ဖြစ်သော တပေါင်းလပြည့် ၌ ရွှေဆံရီစေတီတော်ကို စတင်အုတ်မြစ်ချ တည်ဆောက်ခဲ့သည်။ ထိုနှစ်မှစ၍ ပအိုဝ်းလူမျိုးတို့သည် ဗုဒ္ဓဓမ္မ တရားရေစက်ကို စတင်ကြားနာရရှိပြီး ဗုဒ္စဘာသာကို စတင်ကြည်ညိုကြသည်။ သူရိယစန္ဒာမင်း လက်ထက်တွင် ဗုဒ္ဓဂေါတမမြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၂၀ တွင် ဒုတိယအကြိမ် အဖြစ်လည်းကောင်း၊ မဟာသက္ကရာဇ် ၁၂၈ တွင် တတိယအကြိမ်အဖြစ်လည်းကောင်း သထုံပြည်သို့ ကြွလာခဲ့သည်။

သူရိယစန္ဒာမင်းလက်ထက်မှ စ၍ ပအိုဝ်းလူမျိုးတို့သည် နှစ်စဉ်တပေါင်းလပြည့်နေ့တွင် ရွှေဆံရံစေတီ ရှိရာသို့ သွားရောက်ပြီး ကောက်သစ်ပူဇော်ခြင်း၊ ဆွမ်းကပ်ခြင်း၊ ငါးပါးသီလခံယူခြင်း စသည့်ပွဲတော်များကို နှစ်စဉ်ပြုလုပ်ကြသည်။ ထိုသို့ပြုလုပ်ရာမှ ၁၉၄၇ ခု မတ်လတွင် ဖဆပလ၏ မြေယာခွဲဝေရေး ပေါ်လာစီကို စမ်းသပ်သည့်အနေဖြင့် သထုံဒေသရှိ လယ်ယာမြေအမြောက်အများကို သိမ်းယူခဲ့သည်။ ထိုကြောင့် သထုံဒေသရှိ ပအိုဝ်းလယ်သမား ၁၀၀၀၀ (တစ်သောင်း)ကျော်က သထုံမြို့ရှိ ဖဆပလ ကော်မရှာနာရုံးသို့ ချီတက်ဆန္ဒပြခဲ့ကြသည်။ ထိုဆန္ဒပြပွဲသည် အောက်ပါ အဆို (၃)ရပ်ကို တောင်းဆိုခဲ့သည်။
ပအိုဝ်းလူမျိုးကို တောင်သူဟု ခေါ်ဆိုရေးသားခြင်း မပြုဘဲ ပအိုဝ်းဟုသာ ခေါ်ဆိုရေးသားရန်။
မြေယာခွဲဝေရေး ပေါ်လာစီကို ပြန်လည်ရုပ်သိမ်းပေးရန်။
ဗမာ့တပ်မတော်တွင် ပအိုဝ်းတပ်ရင်း (၂)ရင်း ထူထောင်ပေးရန် စသည်တို့ ဖြစ်သည်။
ထိုအဆို(၃)ရပ်ကို ပအိုဝ်းလူမျိုးကို နောက်နောင်တွင် တောင်သူဟု ရေးသားခေါ်ဆိုမှု မပြုရန် စသည့် ပထမအချက်ကိုသာ ဖဆပလ က လိုက်လျော်ပေးခဲ့သည်။ ထိုအချိန်မှ စ၍ သူရိယစန္ဒာမင်း၏ ဂုဏ်ကျေးဇူးကို အောင့်မေ့သည့်အနေဖြင့် ၎င်း၏ မွေးနေ့ဖြစ်သော တပေါင်းလပြည့်နေ့ တွင် မြန်မာပြည်အောက်ပိုင်းရှိ ပအိုဝ်းလူမျိုးများက ရွှေဆံရံစေတီရှိရာသို့ ချီတက်ပြီး ကောက်သစ်ပူဇော်ပွဲမှ ပအိုဝ်းအမျိုးသားနေ့အဖြစ်သို့ ပြောင်းလဲဆင်နွဲခဲ့ကြသည်။ ထိုအချိန်တွင် ရှမ်းပြည်နယ်ရှိ ပအိုဝ်းလူမျိုးများက ပဒေသရာဇ်စနစ်၏ အုပ်ချုပ်မှုအောက် ၀ပ်ဝပ်ပြားခံနေရကြောင့် ပအိုဝ်းအမျိုးသားနေ့ကို ကျင်းပမှု မပြုလုပ်ဝံကြပေ။

၁၉၅၉ တွင် ရှမ်းပြည်နယ်ရှိ ပဒေသရာဇ်စနစ် ကျင့်သုံးသည့် စော်ဘွားများက မိမိတို့အုပ်ချုပ်ရေးအာဏာကို ရှမ်းပြည်နယ်အစိုးရသို့ အပ်နှင်းခဲ့သည်။ သို့သော်လည်း ၁၉၆၀ တွင် ရှမ်းပြည်နယ်အတွင်းရှိ လူမျိုးစုအသီးသီးက လက်နက်စွဲကိုင်သည့်လမ်းစဉ်ကို ကျင့်သုံးပြီး တော်လှန်ရေးဆင်နွဲခဲ့သည်။ ထိုနောက် ပအိုဝ်းအမျိုးသားခေါင်းဆောင်များ ဖြစ်ကြသော သထုံဦးလှဖေ၊ ဗိုလ်ချုပ်ချန်ဇုံ၊ ဦးကျော်စိန်တို့က အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေ၀င်း၏ ဖမ်းဆီးထောင်ချခြင်းကို ခံခဲ့ရသည်။ ၁၉၆၆ တွင် ဗိုလ်ချုပ်စံသိန်းဦးဆောင်သော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (ပအလဖ)ကို ဒုတိယအကြိမ် ပြန်လည်ဖွဲ့စည်းပြီး တစ်နှစ်အကြာတွင် ပအလဖ အမည်ကို ရှမ်းပြည်နယ် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) အမည်သို့ ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ရလလဖသည် လူတန်းစားကို အခြေခံသည့် အဖွဲ့ဖြစ်၍ ၎င်းတို့အုပ်ချုပ်မှုအောက်တွင် ပအိုဝ်းအမျိုးသားနေ့ ကျင်းပနိုင်ရေးအတွက် အကောင်အထည်ဖော်ရန် အခွင့်မသာခဲ့ပေ။

ပအိုဝ်းအမျိုးသားစိတ်ဓါတ်ပြင်းထန်သည့် ရလလဖ ခေါင်းဆောင်တချို့က ရလလဖမှ ခွဲထွက်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပီအဲန်အို) ကို ဖွဲ့စည်းခဲ့သည်။ ၁၉၇၆ တွင် ပီအဲန်အို၏ ပြုလုပ်သော ပထမအကြိမ်ညီလာခံတွင် တပေါင်းလပြည့်နေ့ကို ပအိုဝ်းအမျိုးသားနေ့အဖြစ် ဆုံးဖြတ်သတ်မှတ်ခဲ့သည်။ ထိုအချိန်မှစ၍ မြန်မာပြည်အနှံအပြားရှိ ပအိုဝ်းဒေသများတွင် နှစ်စဉ်တပေါင်းလပြည့်နေ့ကို ပအိုဝ်းအမျိုးသားနေ့အဖြစ် ကျင်းပလာကြသည်။ ထိုအပြင် တက္ကသိုလ်များရန်ကုန်နယ်မြေနှင့် မန္တလေးတက္ကသိုလ်နယ်မြေများပေါ်တွင် ပအိုဝ်းကျောင်းသားများက ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို ကျင်းပလာကြသည်။

၂၀၀၇ အတွင်း တောင်ကြီးမြို့တွင် ကျင်းပသည့် ပအိုဝ်းအမျိုးသားနေ့၏ နောက်ဆုံးရက်(၂၊ ၀၃၊ ၂၀၀၇) တွင် နိုင်ငံခြားအဲန်ဂျီအိုများ၊ ဒေသခံအာဏာပိုင်များ လာရောက်အားပေးမည်ဖြစ်၍ ပအိုဝ်းအမျိုးသားနေ့ စတိတ်စဉ်၏ နောက်ခံဆိုင်းဘုတ်ပေါ်တွင် ရေးသားထားသော Pa-Oh National Day ဆိုသည့်စလုံးကို ခွာထုတ်ခံခဲ့ရသည်။ ထိုနှစ်မှ စပြီး နှစ်စဉ်ကျရောက်သည့် တပေါင်းလပြည့်နေ့တွင် ပအိုဝ်းအမျိုးသားနေ့ စာလုံးအစား ပအိုဝ်းအမျိုးသားပွဲတော်အဖြစ် ရေးသားသည်ကို တွေ့ရသည်။ အသစ်တက်လာသည့် ဦးသိန်းစိန်အစိုးရလက်ထက်တွင် မွန်အမျိုးသားနေ့ကို ပြန်လည်ကျင်းပခွင့်ပေးသည့်နည်းတူ လာမည့်တပေါင်းလပြည့်နေ့ ပအိုဝ်းအမျိုးသားနေ့တွင် Pa-Oh National Day နှင့် ပအိုဝ်းအမျိုးသားနေ့ ဆိုသည့် စာလုံးကို စတိတ်စဉ်၏ နောက်ခံဆိုင်းဘုတ်ပေါ်တွင် ပြန်လည် ရေးသားခွင့် ရလိမ့်မည်ဟု မျှော်လင့်ပါသည်။
ခွန်ချန်ကီ (မဲုင်းကောင်)

ကျမ်းကိုး
ပြည်ထောင်စုထဲကပအိုဝ်း
သထုံရွှေဆံရံဘုရားကြီးသမိုင်း ပထမတွဲ
သုဝဏ္ဏပကာသနီကျမ်း (ပအိုဝ်းဘာသာ)
၂၀၀၅ တွင် အသက်(၈၀)ကျော်ရှိ ကော့ကျိုက်ဇာတိ မွိုးဖြားဗွာ (ခ)ဒေါ်ဖြူ၏ ၎င်း၏ အပျိုပေါက်စဘ၀တွင် သထုံ၌ ပအိုဝ်းအမျိုးသားနေ့ သွားအားပေးသည့်ပုံ ပြန်ပြောပြချက်များ။
PA-OH PEOPLE by Mika Rolly

copy by ...>> http://www.bwarsara.blogspot.com/

မွန်ပြည်နယ် လူငယ်များဖော်ရမ်မှ တဆင့် ပအိုဝ်းလူငယ်များကို တိုက်တွန်းချင်တာက

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ မကြာသေးခင်က မွန်ပြည်နယ်လုံးဆိုင်ရာ လူငယ်များဖော်ရမ်ကို ကျင်းပခဲ့တယ်။ ဒီပွဲကို မွန်ပြည်နယ် ၁၀ မြို့နယ်ရှိ လူငယ်ပေါင်းစုံ တက်ရောက်ခဲ့ကြပါတယ်။ မွန်ပြည်နယ်အတွင်း အဓိကနေထိုင်တဲ့ တိုင်းရင်းသားလူမျိုးများကို မြို့နယ်အလိုက် ကိုယ်စားပြုစေပြီး လုပ်ခဲ့တယ်။ မွန်ပြည်နယ်မှ မွန်၊ ကရင်၊ ပအိုဝ်း နှင့် ဗမာတိုင်းရင်းသားများ တက်ရောက်ခဲ့ကြ ပါတယ်။

အမှန်တော့ ဒီလူငယ်ညီလာခံများမှာ မွန်ပြည်နယ် လူငယ်များအရေးကိစ္စ၊ လူငယ်နှင့် အလုပ်အကိုင်၊ ပညာရေး၊ နိုင်ငံရေး၊ အဓိက ဆွေးနွေးဖလှယ်ကြတယ်လို့ ဆိုပါတယ်။ နောက်ပြီး မြန်မာတပြည်လုံး ဆိုင်ရာ ညီလာခံသို့ တက်ရောက်ကိုယ်စားပြုမယ့် မွန်ပြည်နယ်က ကိုယ်စားလှယ်များကို လည်း ရွေးချယ်ခဲ့ကြပါတယ်။

ဒါဟာ နောက်ပိုင်းပြောင်းလဲလာတဲ့ မြန်မာပြည် နိုင်ငံရေးအခြေအနေတွေကြောင့် လူငယ်ညီလာခံ aတွ၊ ဖော်ရမ်တွေကို လွတ်လွတ်လပ်လပ်နှင့် ကျင်းပခွင့်ရလာခဲ့တာပါ။ နောက်ပြီး နိုင်ငံရေး၊ လူ့အခွင့် အရေးနှင့် ပတ်သတ်တဲ့အကြောင်းအရာတွေကိုလည်း ပွင့်ပွင့်လင်းလင်း ပြောဆိုခွင့်ရတဲ့ အခြေအနေ လည်း ဖြစ်ခဲ့ပါပြီး။

ဒီအတွက် မွန်ပြည်နယ်က ပအိုဝ်းလူငယ်တွေလည်း နိုင်ငံရေးနှင့် ဒေသဖွံ့ဖြိုးရေးကဏ္ဍတွေမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားကြဖို့ လိုပါတယ်။ မွန်ပြည်နယ်မှာ ပအိုဝ်းတွေက သထုံမြို့နယ်ကို အခြေပြုပြီး၊ ဘီလင်း၊ ပေါင်နှင့် ကျိုက်ထိုမြို့နယ်တွေမှာ နေထိုင်ကြပါတယ်။ ဒါဟာ ပအိုဝ်းတွေဟာ ကရင်လူမျိုးကဲ့သို့ မွန်ပြည်နယ်မှာ လူနည်းစု တိုင်းရင်းသားအနေဖြင့် ပါဝင်ပါတယ်။ သို့ပေမယ့် ပြည်နယ် အရေးကိစတွေမှာ ပအိုဝ်းတိုင်းရင်းသားကို ကိုယ်စားပြုမယ့် အသံတွေ ပါဝင်လာဖို့ဆိုတာ ပအိုဝ်း လူငယ်များကိုယ်တိုင်လည်း ပါဝင်လုပ်ဆောင်ဖို့ လိုပါတယ်။ လက်ရှိ လုပ်သွားခဲ့တဲ့ မွန်ပြည်နယ် ညီလာခံကလည်း ပအိုဝ်းလူငယ်များအတွက် လူငယ်အသံ၊ အင်အားပါဝင်ဖို့ အခွင့်အရေးတရပ်ပဲ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာ အသင့်အတင့်ရှိတဲ့ ပအိုဝ်းလူဦးရေကလည်း မွန်ပြည်နယ်မှာ နိုင်ငံရေးနှင့် အခြားသော အရေးကိစ္စတွေမှာ များစွာ ကိုယ်စားပြုခွင့်တွေ မကြာခင်မှာ ရလာနိုင်ပါတယ်။ သို့ပေမယ့် တက်တက်ကြွ ကြွ ပါဝင်လှုပ်ရှား အရေးဆိုဖို့တော့ ပအိုဝ်းလူငယ်တွေ ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရလိမ့်မယ်။

နောက်ပြီး တိုင်းရင်းသားများ ဦးတည်သွားနေတဲ့ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက် ရေးမှာ ပအိုဝ်းလူငယ်တွေအနေနဲ့ လူများစု မွန်လူငယ်များနည်းတူ ပါဝင်ထောက်ခံ၊ ပြောကြားဖို့ လိုအပ်ပါတယ်။ မွန်ပြည်နယ်အတွင်းမှာ ရှိကြတဲ့ လူငယ်တွေ အထူုးသဖြင့် ဗမာလူငယ်တွေကိုလည်း ဖယ်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးမှာ ၀ိုင်းဝန်း၊ ပါဝင်၊ ထောက်ခံလာအောင် စည်းရုံးလှုပ်ဆော်ဖို့ လိုပါလိမ့်မယ်။

ဒါပြင့် ကိုယ်နေထိုင်ရာ ပြည်နယ်မှာ မကြာခင် ဖြစ်ပေါ်လာမယ့် မွန်ပြည်နယ် ဖွဲ့စည်းပုံ အခြေဥပဒေ အကြောင်းကိုလည်း သိရှိနားလည်ဖို့တော့ လိုအပ်ပါတယ်။ ဒီဖွဲ့စည်းပုံ ဖြစ်လာဖို့အတွက်လည်း ကိုယ်တိုင် ပါဝင်ရပါလိမ့်မယ်။ ဒီအတွက် ကိုယ်ဘယ်လိုပါဝင်မလဲ၊ ပအိုဝ်းလူနည်းစုအရေး ဘယ်လို ဆွေးနွေးမလဲ ဆိုတာ သိထားဖို့လိုပါတယ်။ ဒါက တချိန်ကျရင် ရှိလာမည့် မွန်ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေကိစ္စ အတွက်ပါ။

ထို့ပြင် ယခင့်တော်လှန်ရေး နယ်မြေများမှာ ရေးဆွဲခဲ့ဖူးတဲ့ မွန်ပြည်နယ် ဖွဲ့စည်းပုံအခြေခံ ဥပဒေမှုကြမ်းကို မွန်ပြည်နယ်ရှိ ပအိုဝ်းလူငယ်များလည်း ဖတ်ရှု့လေ့လာ၊ နားလည်သင့်ပါတယ်။ ဒီဖွဲ့စည်းပုံမှာ ပအိုဝ်းအတွက် လက်ရှိ နှင့် အနာဂတ် အခြေအနေအတွက် သိရှိထားဖို့ အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ ထင်ပါတယ်။

ခွန်နီပအိုဝ်း

Mar 3, 2014

ပအိုဝ်း အမျိုးသားနေ့” ဒို့တသက်မမေ့

ပအိုဝ်း အမျိုးသားနေ့” ဒို့တသက်မမေ့
နေ၀င်လထွက် တပေါင်းလပြည့်
သူရိယစန္ဒာမင်းရဲ့ မွေးနေ့...
ထိုမင်းကို အစွဲပြု
ပအိုဝ်းအမျိုးသားနေ့ဟု ခေါ်တွင်လာ။

သုဝဏ္ဏဘူမိ သထုံတခွင်မှစ
တောင်ယာ၊ ခြံလုပ် ပအိုဝ်းဘိုးဘွားများက
တစ်နှစ်တစ်ခါ ရွှေဆံရံဘုရားမှာ စုရုံး
ပအိုဝ်း အမျိုးသားနေ့ဟု အစပြုလာ။

၁၉၄၇ ခုနှစ် နောက်ပိုင်းကစ
ပအိုဝ်း ခေါင်းဆောင်များက
တပေါင်းလပြည့် နေ့တနေ့ကို
တရားဝင် အမျိုးသားနေ့အဖြစ် သတ်မှတ်
စုပေါင်းဆောင်ရွက်ခဲ့။

ခေတ်ဆက်ဆက်က
လူမျိုးရေး သွတ်သွင်း၊ ဖိနှိမ့်မှုတွေကြား
ပအိုဝ်းလူမျိုးတစ်မျိုး ရှင်သန်ရပ်တည်လာစေဖို့
တောင်သူမှ ပအိုဝ်းဖြစ်လာစေရေး
တော်လှန်ရေး၊ အမျိုးသားရေး လှုပ်ရှားမှု
ပအိုဝ်းခေါင်းဆောင်များ အစပြုခဲ့။

လူမျိုးကြီးဝါဒနှင့် အာဏာရှင်များ၏ လုပ်ရပ်
မခံမရပ်နိုင်ပြီး တောင်ပေါ်၊မြေပြန့်မကျန်
ပအိုဝ်း ခေါင်းဆောင်များစုစည်း
ပအိုဝ်း အမျိုးသားလှုပ်ရှားမှုဆီသို့ ဦးတည်ခဲ့။


သို့အတွက်ကြောင့် ယနေ့ချိန်ခါ
အခါသမယမှာ နောင်လာနောက်သား
ပအိုဝ်းလူငယ်များ ရှေးပအိုဝ်းဘိုးဘွား
သက်စွန့် ဆံဖျား ဖော်ဆောင်ခဲ့သည့်
“ပအိုဝ်းအမျိုးသားနေ့” နေ့ထူးတနေ့ကို
လက်ကမ်း၊ ကြိုဆို၊ ဂုဏ်ပြုရင်းဖြင့်
ရောက်ရာအရပ် တက်နိုင်သည့်ဘက်မှ
ပါဝင်ဆင်နွှဲ တက်ရောက်ကြပါစို့။


ခွန်နီပအိုဝ်း (ယခုနှစ်ကျရောက်မည့် ပအိုဝ်းအမျိုးသားနေ့အတွက်)

 https://www.facebook.com/pages/Khun-Nipaoh/1417777945123327

နို့နှစ်လုံးဖိုးမက ကျေပါသည်

အရှင်ဘုရား၊ တပည့်တော် သိလိုသည်မှာ
မြတ်စွာဘုရားရှင်သည် မိခင် မယ်တော်မာယာ
၏ မွေးကျေးဇူးကို ဆပ်ရာတွင် နို့တလုံးဖိုးသာ
ကျေပါသည်ဟု ငယ်စဉ်ကတည်းက ကြားဖူးနေ...
ပါသည်။ သို့သော်လည်း ယခုအခါ ဆရာတော်
သံဃာတော်များက နို့နှစ်လုံးဖိုး ကျေပါသည်ဟု
ဟောကြားသံ ကြားနေရပါသည်။ အမှန်ကို သိ
လိုပါသဖြင့် ကျမ်းဂန်အထောက်အထားနှင့် ဖြေ
ကြားပေးတော်မူပါဘုရား။
(မောင်ထင်လင်း-ကျောက်ကုန်းလမ်း၊ ရန်ကုန်မြို့)

(ဖြေ)
ဘုရားရှင်ဟောကြားတော်မူသောနည်းဖြင့်
ကျေးဇူးဆပ်တတ်မည်ဆိုလျှင် နို့နှစ်လုံးဖိုးမက
ကျေပါသည်။ အင်္ဂုတ္တိုရ်ပါဠိတော်၊ ဒုကနိပါတ်၊
သမစိတ္တ၀ဂ်တွင် မိဘတို့၏ ကျေးဇူးကို ကျေပွန်
အောင် ပြန်ဆပ်နိုင်ဖို့ ခဲယဉ်းကြောင်း ဘုရားရှင်
ဟောတော်မူပါသည်။ မည်မျှ ခဲယဉ်းသနည်း ဆို
သော် လိမ္မာသော သားသမီးသည် အမိအဖတို့၏
ကျေးဇူးကို ဆပ်လိုလှသဖြင့် အမိကိုလက်ယာပဖုံး
၌၊ အဖကို လက်ဝဲပဖုံး၌ထား၍ ရေနွေး၊ ရေအေး
အမျိုးမျိုးတို့ဖြင့် ရေချိုးပေးခြင်း၊ နံ့သာအမျိုးမျိုးတို့
ဖြင့် လိမ်းကျံပေးခြင်း၊ နှိပ်နယ်ပေးခြင်း၊ လိုလေ
သေးမရှိအောင်အစားအစာပေးခြင်း၊ ယုတ်စွအဆုံး
ကျင်ကြီးကျင်ငယ်ပင် ပခုံးပေါ်၌ စွန့်၍ သုတ်သင်
ပေးခြင်းတို့ဖြင့် ပြုစုလုပ်ကျွေးပါသော်လည်းကျေး
ဇူးကျေအောင် ဆပ်ပြီးသူဟု မခေါ်ထိုက်သေး။

ထိုမျှဖြင့်လဲ အားမရသေးသဖြင့် မိမိက စကြာ
ဝတေးမင်းကြီးဖြစ်၍ မိဘကျေးဇူးကျေအောင်ဆပ်
လို၍ စကြာမင်းကြီး၏ စည်းစိမ်ချမ်းသာပေး၍ မိဘ
တို့အား ပြုစုလုပ်ကျွေးခြင်းသည်လည်း ကျေးဇူးမ
ကျေနိုင်သေး-ဟု ဆိုပါသည်။
ကျေးဇူးကျေအောင်ဆပ်နည်းမှာ
(၁) ရတနာသုံးပါး၊ ကံ ကံ၏အကျိုးတရားတို့ကို
ယုံကြည်မှုသဒ္ဓါတရားမရှိ၊ အားနည်းနေသေးသော
မိဘတို့ကို သဒ္ဓါတရား တိုးပွားလာအောင်။

(၂) သီလမရှိ၊ သီလအားနည်းနေသေးသော မိဘ
တို့ကို သီလရှိ သီလအားကောင်းလာအောင်။

(၃) မပေးရက်လို ၀န်တိုမှု မစ္ဆရိယအားကောင်းနေ
သော မိဘတို့ကို ပေးကမ်းစွန့်ကြဲ လှူဒါန်းမှု ဒါန၊
စာဂ တရားတို့၌ အားကောင်းလာအောင်။

(၄) လောကီ၊ လောကုတ္တရာ ၊ သမထ၊ ၀ိပဿနာ
ပညာ အားနည်းနေသေးသော မိဘတို့ကို လောကီ၊
လောကုတ္တရာ၊ သမထ၊၀ိပဿနာပညာအားကောင်း
လာအောင် ဆောင်ရွက်ပေးနိုင်သော သားသမီးတို့
သည် မိဘကျေးဇူးကို ကျေအောင် ဆပ်နိုင်သည့်
အပြင် ကျေးဇူးတရားများ အမို့အမောက် ပိုလျှံ၍
သွားပါ၏။

အဘယ့်ကြောင့်ဆိုသော် စကြာမင်းစည်းစိမ်ကြီး
ပေးသော်လည်း တဘ၀ ကောင်းစားရေးသာ ဖြစ်ပါ
၏။ သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာ တရားတို့ တိုးပွားပါမူ
ကား သံသရာတလျှောက် နိဗ္ဗာန်ရောက်သည့် တိုင်
အောင်ပင် ကျေးဇူး ပြုနိုင်သောကြောင့် ဖြစ်ပါသည်။

ပုတ္တောဝါဒ ဆုံးမခန်းကဟု အောက်မေ့သည်။ နှုတ်
ဝယ်ဆောင်ထားဖို့ကောင်းသည့် မိဘကျေးဇူး ကျေ
အောင်ဆပ်နည်း-လင်္ကာ
နားဝယ်စိမ့်ငှါ၊ ငါဆရာလျှင်၊ မာတာပိတ၊ ဂုဏ်ကိုပြ
၍၊ ပုတ္တတို့အား၊ ဆပ်ငြားပိုင်ကြောင်း၊ ဖော်ပြရှောင်း
၍၊ မကောင်းမိဘ၊ ဓမ္မမတည်၊ မကြည်မညို၊ ၀န်တို
မိစ္ဆာ၊ ပါဏာတိပါတ်၊ သတ်-ခတ်လုယူ၊ မဖြူနှလုံး၊
မသုံးသီလ၊ ဒါနမပွား၊ မသွားကျောင်းကန်၊ ဟုတ်လှ
မှန်သား၊ မိဘအားကို၊ တရားစောင့်စောင့်၊ တော်
ဖြောင့်လှစွာ၊ မိစ္ဆာမဖောက်၊ မသောက် သေစာ၊ ပါ
ဏာသူ့သက်၊ ခိုးဝှက်ယူမှု၊ ဤငါးခုကို၊ မပြုနှင့်ဗျာ။

လှူဒါမပြတ်၊ ပိဏ္ဍပတ်လည်း၊ မလပ်နေ့တိုင်း၊ မရိုင်း
ကျောင်းကန်၊ အမှန်သွားသွား၊ တရားနာနာ၊ ရတနာ
ဦး၊ မပြတ်ဖူး၍၊ ကြည်နူးလှစေ၊ညောင်ရေလည်းသွန်း၊
ဆီမီးထွန်းလျက်၊ ဆွမ်းကွမ်းလက်ဖက်၊ ရေစက် ချချ၊
လှူဒါနနှင့်၊ သီလဥပုသ်၊ ကိုယ်နှုတ်နှလုံး၊ စောင့်သုံးပါ
ဗျာ၊ မိမာတာကို၊ ဤသို့ဆိုတတ်၊ထိုသားမြတ်ကို၊ဆပ်
ဆပ်ကျေးဇူး၊ မို၏တည်။

သားလိမ္မာ၊ သမီးလိမ္မာတို့သည် မိဘတို့အား ကျွေး
မွေးပြုစုရုံမဟုတ်ဘဲ ကုသိုလ်ရေးတို့၌ ပျော်မွေ့အောင်
အားပေးဆောင်ရွက်စေနိုင်လျှင် နို့နှစ်လုံးဖိုးမက ကျေ
ပါသည်။ ပိုပါသည်။ လျှံပါသည်။ မို၍မောက်၍ လာပါ
သည်။

ဆရာတော်ရဝေထွန်း ( အရှင်တိလောကသာရ )

အချစ်ယာဂု၊ ငရုတ်သီးစပ်သည်

သီဟိုဠ်ကျွန်းမှာ ဒုဋ္ဌဂါမဏိမင်းရဲ့ ငရုတ်သီးတစ်
တောင့်ကျောင်း ရေစက်ချပွဲဟာ သမိုင်းတွင်ရစ်
အောင် စည်ကားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီ ငရုတ်သီးတစ်ထောင့်ကျောင်း ရေစက်ချပွဲ...
မှာ ရဟန်းတော် တစ်သိန်း၊ ဘိက္ခုနီမ ကိုးသောင်း
ပင့်ပြီး လှူဖွယ်ဝတ္ထုများစွာနဲ့  အကြီးအကျယ် ပေး
လှူခဲ့ပါတယ်။ အဲဒီအလှူမှာပဲ ဆုံခဲ့ကြသူနှစ်ဦးရဲ့
စိတ်ဝင်စားစရာ တစ်ခုအဖြစ် ပူးတွဲ သမိုင်းတွင်
ကျန်ရစ်ခဲ့ပါတယ်။

ဒုဋ္ဌဂါမဏိမင်းကြီးဟာ သိတတ်တဲ့အရွယ်ကစပြီး
စားဦးကိုမလှူဘဲ ထမင်းစားလေ့ မရှိပါဘူး။ ဒီလိုနဲ့
တစ်နေ့တောထဲမှာ စစ်တိုက်ရင်း ပွဲတော်တည်တဲ့
အခါ စားဦးကိုမလှူရသေးဘဲ ငရုတ်သီးတစ်ထောင့်
ကိုအမှတ်တမဲ့ စားလိုက်မိပါသတဲ့.။ ဒုဋ္ဌဂါမဏိမင်း
ကြီးက ဒီအမှတ်တမဲ့ စားလိုက်မိတာလေးကိုပဲ
သတိတရ ရှိနေခဲ့ပါတယ်။ စစ်ကြီးပြီးဆုံးလို့ တိုင်း
ပြည်အေးချမ်းတဲ့အခါ ငရုတ်သီး တစ်ထောင့် စား
လိုက်မိတာလေးကိုကိုယ့်ကိုယ်ကိုဒဏ်ခတ်တဲ့အနေ
နဲ့ ကျောင်းတိုက်ကြီးတစ်တိုက် ဆောက်လုပ်လှူဒါန်း
ပါတယ်။ ကျောင်းတိုက်အမည်ကိုလဲ ငရုတ်သီးတစ်
တောင့်ကျောင်းလို့ အမည်ပေးထားပါတယ်။

အဲဒီငရုတ်သီးတစ်တောင့်ကျောင်းတိုက်ရေစက်ချပွဲ
မှာ ခုနှစ်နှစ်အရွယ် ကိုရင်ကလေးတစ်ပါးဟာ ယာဂု
ပူပူတွေကို သပိတ်နဲ့အပြည့် ခံယူလာပါတယ်။ ယာဂု
ကပူတော့ သပိတ်ကို သင်္ကန်းစွန်းကလေးနဲ့ ခုကိုင်
လိုက်၊ မကိုင်နိုင်လောက်အောင် ပူလာနတဲ့ အခါကျ
တော့ မြေကြီးပေါ် ချထားလိုက်၊ တစ်ခါ သင်္ကန်းစွန်း
ကလေးနဲ့ကိုင်ပြီး ရှေ့ဆက် ကြွလိုက်၊ ပူလာတဲ့အခါ
ကျတော့ မြေကြီးပေါ် ခဏချလိုက်နဲ့ဖြစ်နေပါတယ်။

ကိုရင်လေးဖြစ်နေပုံကို ခပ်လှမ်းလှမ်းက ကိုရင်လေးနဲ့
သက်တူရွယ်တူ ခုနှစ်နှစ်အရွယ် သာမဏေမလေးက
မြင်သွားပါတယ်။ ဒါကြောင့်ကိုရင်လေးဆီသွားပြီး

ကိုရင် ပူနေရင် တပည့်တော်ရဲ့ ဒီခံခွက်ကလေးနဲ့
သပိတ်အောက်က ခံကိုင်သွားပါဘုရား၊ ပြီးတော့ ဒီခံ
ခွက်ကလေးကို ကိုရင့်ကိုအပြီးလှူလိုက်ပါတယ်ဘုရား
လို့ပြောပြီး ကိုရင်လေးရဲ့ အခက်အခဲကို ဖြေရှင်းပေး
လိုက်ပါတယ်။ ကိုရင်လေးကလည်း ကျေးဇူးတင်ပါ
တယ်ဆိုတဲ့ အကြည့်နဲ့ ပြန်ကြည့်လိုက်ပါသတဲ့။

ဒီလိုနဲ့ နှစ်ကာလတွေ ကြာသွားရောဆိုပါတော့၊
အဲဒီကြားကာလမှာ ဗြဟ္မဏတိဿ သူပုန်ကြီးက ၁၂
နှစ်တိုင်တိုင် ထအုပ်ချုပ်လိုက်ပါတယ်။ ဒီတော့ပြည်သူ
တွေ ငတ်မွတ်ဆင်းရဲ၊ ရဟန်းသံဃာတွေလည်း အတိ
ဒုက္ခရောက်၊ တချို့ကျတော့ အိန္ဒိယဘက် ထွက်ပြေး
ကြပါတယ်။ တချို့ရဟန်းတော်တွေကျတော့ တောထဲ
ရှောင်ပြေး ပိဋကတ်စာကို ခက်ခက်ခဲခဲ ဆောင်ယူခဲ့ကြ
ပါတယ်။

အဲဒီအချိန်မှာ ယာဂုပူပူကို သပိတ်နဲ့ယူခဲ့တဲ့ကိုရင်
ကလေးဟာ သက်တော် ၈၀ ၊ ၀ါတော် ၆၀ရ ဆရာ
တော်ကြီး ဖြစ်နေသလို ခံခွက်ကလေး လှူခဲ့တဲ့ သာမ
ဏေမလေးဟာလည်း သက်တော် ၈၀ရ ဘိက္ခုနီမကြီး
ဖြစ်နေပါပြီ။

အိန္ဒိယကို အစောဆုံး စစ်တိမ်းရှောင်သူတွေထဲမှာ
စောစောက ဘိက္ခုနီမလည်း ပါပါတယ်.။ သူတို့ဟာ
အိန္ဒိယရောက်နေပေမဲ့ သူတို့ရဲ့ဇာတိသီဟိုဠ်စစ်သတင်း
ကို အမြဲနားစွင့်နေကြပါတယ်။

ဒီလိုနဲ့ တစ်နေ့မှာ သီဟိုဠ်က ဆရာတော်ကြီးတစ်ပါး
အိန္ဒိယကို စစ်တိမ်းရှောင်လာတယ်၏ဆိုတဲ့သတင်းကြား
လိုက်ကြပါတယ်။ ဒီတော့ ဆရာတော်ကြီးဆီကို ဇာတိ
စစ်သတင်း သွားမေးကြတယ်။ သတင်းမေးသူတွေထဲမှာ
ဘိက္ခုနီမကြီးလည်းပါပါတယ်။

လူတွေရှင်းသွားတော့ ဘိက္ခုနီမကြီးက ဆရာတော်
ကြီးကို မေးခွန်းတစ်ခုမေးပါတယ်။

ဆရာတော်ဘုရား၊ ငရုတ်သီးတစ်တောင့်ကျောင်း
ရေစက်ချပွဲတုန်းက ဆရာတော်ဘုရား သက်တော်ဘယ်
လောက်ရှိပါပြီလဲဘုရား။

အဲဒီတုန်းက ငါ့အသက်က ခုနှစ်နှစ်အရွယ်ကိုရင်
ကလေးပေါ့။

အဲဒီကျောင်း ရေစက်ချပွဲတုန်းက တပည့်တော်
လည်း ခုနှစ်နှစ်အရွယ် သာမဏေမလေးပါဘုရား၊ အဲဒီ
ကျောင်း ရေစက်ချပွဲတုန်းက တပည့်တော်ကြုံခဲ့ရတာ
လေးကို ဆရာတော်ကိုလျှောက်ပြဦးမယ်ဘုရား၊ ကိုရင်
လေးတစ်ပါးပေါ့၊ ယာဂုပူပူကို အလှူခံလာပြီး သပိတ်ကို
သင်္ကန်းစွန်းနဲ့ ကိုင်လိုက်၊ မြေပေါ်ပြန်ချထားလိုက်နဲ့ဖြစ်
နေပါတယ်ဘုရား။ ဒါနဲ့တပည့်တော်လည်း သူ့ဆီသွားပြီး
တပည့်တော်ရဲ့ ခံခွက်ကလေးကို သပိတ်အောက်ကခံဖို့
ဆိုပြီး လှူလိုက်တယ်ဘုရား။ ဒီအကြောင်းအရာကလေး
ကိုတော့ ဒီနေ့အထိမေ့လို့ကို မရပါဘူးဘုရား။

ဘိက္ခုနီမကြီးဆီက စကားကို ကြားလိုက်ရတော့ဆရာ
တော်ကြီးက သြော် ဆိုပြီး အာမေဋိတ်သံနှင့်အတူသက်
ပြင်းကို မသိမသာချလိုက်ပါတယ်။ ပြီးတော့ ........

အဲဒီကိုရင်ကလေးဟာ တခြားသူမဟုတ်ပါဘူး၊ ငါပါပဲ လို့
ပြောပြီး အနှစ်နှစ်အလအလလက ကိုယ်နဲ့မခွဲမခွါ အမှတ်
တရအဖြစ် သိမ်းဆည်းလာခဲ့တဲ့ ခံခွက်ကလေးကို အိတ်
ထဲက ထုတ်ပြလိုက်ပါသတဲ့။

သက်တော် ၈၀ အရွယ် ဆရာတော်ကြီးနဲ့ ဘိက္ခုနီမကြီး
တို့ဟာ နှစ်ပေါင်းခုနှစ်ဆယ်ကျော် သက်တမ်းရှိနေပြီဖြစ်
တဲ့ ခံခွက်ကလေးကိုနှစ်ဦးသားမှင်တက်မိစွာ စိုက်ကြည့်
နောကပါတယ်။

ပြီးတော့ နှစ်ပေါင်းများစွာ ၀တ်ခဲ့တဲ့အ၀တ်တွေကို တခြား
အ၀တ်တစ်ခုနဲ့လဲပြီး နှစ်ဦးသဘောတူ လက်ထပ်လိုက်
ကြပါသတဲ့။

တကယ်တော့ စာရေးဆရာတစ်ယောက်အနေနဲ့ စာလေး
ကို ဒီမှာတင် အဆုံးသတ်လိုက်ချင်ပါတယ်။ အဋ္ဌကထာ
မှာလည်း ဆရာတော်ကြီးနဲ့ ဘိက္ခုနီမကြီးတို့ ရှေ့ဆက်
ဘာဖြစ်သွားကြတယ်။ လူ့ဘ၀မှာ ဘယ်လိုလုပ်ကိုင် စား
သောက်နေကြတယ်ဆိုတာဆက်ပြမထားပါဘူး။ လူထွက်
သွားတြယ်ဆုတာနဲပပဲ အဆုံးသတ်ထားပါတယ်။ ဒါပေမဲ့
ကိုယ်က ၀ိပဿနာနယ်နိမိတ်အတွင်းမှာ ရောက်နေရတာ
ဖြစ်လေတော့ ၀ိပဿနာနွယ်တဲ့ အဘိဓမ္မာ သဘောလေး
တစ်ခုကို ခပ်ကျဉ်းကျဉ်း သုံးသပ်ပြပါရစေဦး။

ပုထုဇဉ်တိုင်းမှာ ကိလေသာတွေရှိနေတယ်ဆိုတာ အထူး
ပြောစရာ မလိုပါဘူး။ ကိလေသာက သုံးပါးရှိပါတယ်။
၁။ အနုသယကိလေသာ
၂။ ပရိယုဋ္ဌာနကိလေသာ
၃။ ၀ီတိက္ကမကိလေသာ တဲ့။

အနုသယကိလေသာဆိုတာ ပဋိသန္ဓေတည်ကတည်းက
ပါလာတဲ့ ကိလေသာပါ။ သတ္တ၀ါတွေရဲ့ သန္တာန်မှာအစဉ်
သဖြင့် ကိန်းနေတဲ့ ကိလေသာပါ။

ပရိယုဋ္ဌာန ကိလေသာဆိုတာက အာရုံတစ်ခုကို တွေ့
ပြီး ထကြွသောင်းကျန်းလာတဲ့ ကိလေသာပါ။

ဝီတိက္ကမဆိုတာကတော့ အာရု့တစ်ခုကိုတွေ့ပြီး ထကြွ
သောင်းကျန်းရုံတင် မကဘဲ လွန်ကျူးမှု အဆင့်အထိ
ရောက်သွားတဲ့ ကိလေသာပါ။

ဒီကိလေသာသုံးပါးရဲ့သရုပ်ကို ပေါ်လွင်သွားအောင်
အထက်က ရေးပြခဲ့တဲ့ ၀တ္ထုကလေးကိုပဲ ပြန် အာရုံပြု
ကြည့်လိုက်ပါ။

ဆရာတော်ကြီးနဲ့ ဘိက္ခုနီမကြီးတို့ဟာ ပဋိသန္ဓေတည်
ကတည်းက အနုသယ ကိလေသာတွေက ပါလာပြီး
သားပါ။ သူတို့နှစ်ဦးရဲ့ သန္တာန်မှာအနုသယကိလေသာ
တွေက ကိန်းနေခဲ့ပါတယ်။

ဆရာတော်ကြီးက ဘိက္ခုနီမကြီးဆိုတဲ့ ၀ိသဘာဂ
အာရုံကို တွေ့လိုက်တဲ့အချိန် အဲဒီအချိန်မှာအစဉ်သဖြင့်
ကိန်းနေခဲ့တဲ့ကိလေသာတွေကထကြွသောင်းကျန်းလာ
ပါတော့တယ်။ အဲဒီ ထကြွသောင်းကျန်းလာတဲ့ ကိလေ
သာကို ပရိယုဋ္ဌာနကိလေသာလို့ ခေါ်ပါတယ်။

နောက်ဆုံး ဆရာတော်ကြီးနဲ့ ဘိက္ခုနီမကြီးတို့ နှစ်ဦး
သဘောတူလက်ထပ်လိုက်ကြတာကတော့လွန်ကျူးခြင်း
ဆိုတဲ့ ၀ီတိက္ကမကိလေသာ ဖြစ်သွားတော့တာပါပဲ။

ဒီတော့ ကိလေသာသုံးပါးကို ဘာနဲ့တားမလဲ။ ( ဒီ
နေရာမှာ ဘာနဲ့ပယ်မလဲလို့ မသုံးပါဘူး။ ဘာဖြစ်လို့လဲ
ဆိုတော့ ရဟန္တာဖြစ်မှသာ အကြွင်းမဲ့ ပယ်သတ်လို့ရပါ
တယ်။ အခုပြောတာက ပုထုဇဉ် သက်သက်မျှအသွင်နဲ့
ပြောနေတာမို့ပါ။)

စာဖတ်သူများ သိထားပြီးသားဖြစ်တဲ့ သိက္ခာသုံးပါးနဲ့
တားရပါမယ်။

၁။ ၀ီတိက္ကမကိလေသာကို သီလသိက္ခာနဲ့တားရပါတယ်။
ကိုယ့်အခွင့်သင့်ရာ သီလ တစ်ခုခုကို ဆောက်တည်ထား
ရင် လွန်ကျူးစရာ အာရုံတစ်ခုကို တွေ့ပေမယ့် သီလ
ဆောက်တည်ထားတဲ့အတွက် မလွန်ကျူးဖြစ်တော့ပါဘူး။

၂။ ပရိယုဋ္ဌာန ကိလေသာကို သမာဓိသိက္ခာနဲ့တားရပါ
တယ်။ သမာဓိဖြစ်စေတဲ့ ကမ္မဋ္ဌာန်းလေးဆယ်ထဲကကိုယ်
နှစ်သက်ရာ ကမ္မဋ္ဌာန်းတစ်ခုခုနဲ့ တားလို့ရပါတယ်။ ဥပမာ
ဗုဒ္ဓါနုဿတိ ပွားများနေမယ်ဆိုရင် စိတ်က ဘုရား ဂုဏ်
တော်ဆီမှာပဲ အာရုံရောက်နေတဲ့အတွက် ထကြွ သောင်း
ကျန်းစရာအာရုံ မတွေ့ရတော့ပါဘူး။ ဒီတော့ ပရိယုဋ္ဌာန
ကိလေသာကို တားပြီးသားဖြစ်နေပါတယ်။

၃။ အနုသယကိလေသာကိုတော့ ၀ိပဿနာဆိုတဲ့ ပညာ
သိက္ခာနဲ့ တားရပါတယ်။ ဆိုလိုချက်ကတော့ ကိလေသာ
သုံးပါးကို သိကာသုံးပါးနဲ့တားဆီးရတဲ့သဘောပါ။

ဒီစာစုမှာ အဓိကပြောချင်တာကတော့ သတိပဋ္ဌာန်ပါပဲ။
မြတ်စွာဘုရားက မဟာသတိပဋ္ဌာနသုတ်မှာ သတ္တာနံ
ဝိသုဒ္ဓိယာ ဧကာယနောမဂ္ဂေါလို့ ဟောခဲ့ပါတယ်။
အဓိပ္ပါယ်ကတော့ သတ္တ၀ါတွေ ကိလေသာစင်ကြယ်ဖို့ နှစ်
ကြောင်းမရှိတဲ့ တစ်ကြောင်းတည်းသော လမ်းစဉ်က ၀ိပ
ဿနာ သတိပဋ္ဌာန် လမ်းစဉ်ပါပဲတဲ့။ ဒါကြောင့် ကိလေသာ
တွေ စင်ကြယ်ဖို့အတွက် ၀ိပဿနာ သတိပဋ္ဌာန်လမ်းစဉ်မှ
တစ်ပါး ........။

ရဝေနွယ်(အင်းမ)

ကျမ်းကိုး
၁။ မူလပဏ္ဍာသ အဋ္ဌကထာ
(ရထ၀ိနီတသုတ်၊ နှာ- ၅၀၊ ၅၁)
၂။ မဟာဝင် ( ကျီးသဲလေးထပ်ဆရာတော် )
၃။ သၿဂိၤဳလ္ဘာသာဋီကာ ( အရွင္ဇနကာဘိ၀ံသ )

အင်တာဗျူးဂျာနယ်