........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Jun 30, 2017

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့- ဝါဆိုလမြတ်နှင့် ဝါကပ်သံဃာတော် - ဝါဆိုသင်္ကန်းအကြောင်း

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့-
ဝါဆိုလမြတ်နှင့် ဝါကပ်သံဃာတော် -
ဝါဆိုသင်္ကန်းအကြောင်း

အုံ့မှိုင်းငယ်တဲ့၊ နယ်ရှစ်ခွင်
ငွေစန်း အာသဠှီနှင့်၊
ယှဉ်ကာမှီ ပုဏာပြည့်တယ်၊
ထွန်းသည့်ဝေဟင်။
နဘံမှာ ပြာမှိန်ခပါလို့
ဝသန္တာ ခါချိန်စမှာမို့
နာဂိန်ပ တာရာဆင်
အာကာခွင်က ပဇ္ဇုန်ဖျန်း။
ပဉ္စင်းတော်ခံ
မယွင်းနော် အခါတန်ပေါ့
မဟာဒါန် အဌင်္ဂငယ်နှင့်
ဘဂဝါ အရဟံ ရင်ပြင်ဝမှာလ
တင်သရန် မာလာကုံးကြတယ်
ပုန်းညက်ငွေပန်း။

မြန်မာသက္ကရာဇ် ၁၃၇၃ခုနှစ် ခရစ်နှစ်၂၀၁၁ခုနှစ် ယခုနှစ် ဇူလိုင်လ ၁၅-ရက်နေ့တွင် ဝါဆိုလပြည့် ပါတော့မည်။ မြန်မာပြက္ကဒိန်အရ လေးနှစ်တိုင်း ဝါတစ်ခါ ထပ်သဖြင့် ပထမဝါဆို၊ ဒုတိယဝါဆိုဟု ခွဲခြားထားရသည်။ သို့တိုင် ဝါထပ်နှစ်တိုင်း ဒုတိဝါဆိုကိုသာ ဝါဆိုလပြည့်နေ့ဟု သတ်မှတ်ကြသဖြင့် (ပထမ ဒုတိယ ခွဲမနေဘဲ) ဝါဆိုလပြည့်ဟုသာ ရိုးရိုး ပင်သတ်မှတ်ကြသည်။
ဝါဆိုလသည် အရပ်ရှစ်မျက်နှာတိုင်း မိုးသားတို့ဖြင့် အုပ်ဆိုင်းသော အချိန်သမယ ဖြစ်သည်။ အာသဠှီနက္ခတ်နှင့် ယှဉ်သော ဂြိုလ်ခွင်ကာလ ဖြစ်သည်။ ဝဿန္တ မိုးလေးလတို့၏ ဥတုအစ ဖြစ်သည်။ ကောင်းကင်တစ်ခုလုံး မိုးချုန်းသံတို့ဖြင့် တဂျိန်းဂျိန်း မြည်သံပေးသော အခါသမယ ဖြစ်သည်။ ရဟန်းခံ ရှင်ပြုသော ကာလ ဖြစ်သည်။ အဖြူရောင် ပုန်းညက်ပန်းတို့ ပွင့်လန်းရာ ရာသီဦး ဖြစ်သည်။

မြန်မာဆယ့်နှစ်လ ရာသီပွဲတော်တွင် ဝါဆိုလ၏ အဓိပ္ပါယ်မှာ “ရဟန်းသံဃာတော်တို့ မိမိ၏ ကျောင်းအရာမ်အတွင်း၌ ဝါတွင်းသုံးလပတ်လုံး အရပ်တစ်ပါးသို့ မရွှေ့မပြောင်းဘဲ နေထိုင် သီတင်းသုံးခြင်းကို ရည်စူး၍ ဝါဆိုလ ခေါ်သည်” ဟု ဖွင့်ဆိုသည်။ ဝါဆိုလတွင် ရှင်၊ ရဟန်း ပဉ္စင်းခံသည့်လဟုလည်း သတ်မှတ်ကြသည်။ အကြောင်းကား ဝါတွင်းသုံးလအတွင်း ညအိပ် ခရီးသွားလာခွင့် မရှိသဖြင့် ရဟန်းသံဃာတော်များ အစုံအလင်ရှိကြသည်။ ထိုကြောင့် ရှင်၊ ရဟန်း ခံရန်၊ ပြုရန် အတင့်တော်ဆုံးလဟု ဆိုသင့်ပေသည်။

ဗုဒ္ဓဘာသာဝင်ဖြစ်ကြသည့် ကျွနု်ပ်တို့သည် ဝါဆိုလပြည့်နှင့် သက်ဆိုင်သည့် ဗုဒ္ဓဝင် အချက်အလက် များကို သိရှိထားကြသည်။ ကျက်မှတ်ထားကြသည်။ “သနေ္ဓ၊ တောထွက်၊ ဓမ္မစက်၊ ဟောမြွက်သံချို လဝါဆို” ဟူ၍ နှုတ်တက်နေကြသည်။ ဗုဒ္ဓရှင်ဘုရား ပဋိသနေ္ဓ တည်တော်မူခြင်း၊ ထွက်တော်မူ နန်းက ခွါခြင်း၊ တရားဦးဓမ္မစကြာ ဟောကြားခြင်းတို့သည် တိုက်ဆိုင်စွာ ဝါဆိုလပြည့်နေ့ချည်း ဖြစ်နေခဲ့သည်။ ထိုကြောင့်လည်း ဗုဒ္ဓဘာသာ တိုင်းပြည်မှန်သမျှ ဝါဆိုလပြည့်ကို နေ့ထူးနေ့မြတ် တစ်ရက်အဖြစ် သတ်မှတ်ထားကြခြင်း ဖြစ်နိုင်ပေသည်။

ဝါဆိုလမြတ်
ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ အဖြစ်လည်းကောင်း၊ သံဃာတော်များ ဝါကပ်သည့်နေ့ အဖြစ်လည်းကောင်း လူသိများကြသည်။

တကယ်တမ်း စီစစ်ကြည့်ပါမူ အထက်ပါ ကျွန်ပ်တို့ နှုတ်တက်နေသော ကဗျာလင်္ကာအတိုင်း ဗုဒ္ဓရှင်တော်ဘုရား မယ်တော်မဟာမာယာဒေဝီ ဝမ်းကြာတိုက်သို့ ပဋိသနေ္ဓ ယူတော်မူသည့်နေ့၊ နိမိတ်ကြီးလေးပါးကို မြင်တော်မူ၍ တောထွက်တော်မူသည့်နေ့၊ ဘုရားအဖြစ်သို့ ရောက်ရှိကာ တရားဦး ဓမ္မစကြာ ဟောကြားတော်မူသောနေ့တို့သည် ဝါဆိုလပြည့်နေ့တွင် ဖြစ်ကြပါသည်။ သို့သော်လည်း တရားဦး ဓမ္မစကြာ ဟောကြားသောနေ့ကိုသာ အဖျားဆွတ် ယူလိုက်ခြင်းဖြစ်သည်။ လူအဖြစ်သို့ မရောက်ရှိဘဲ၊ ဘုရားအဖြစ်သို့ မရရှိဘဲနှင့် ဓမ္မစကြာ တရားတော်ကို ဟောတော်မမူနိုင်။ ထိုကြောင့်လည်း ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့အဖြစ် (ရလာဒ်ကိုကြည့်) သတ်မှတ်ခြင်းသည် သင့်တော်သော သတ်မှတ်ချက်ဟု ဆိုနိုင်ပါသည်။

ပထမဦးဆုံး ဓမ္မစကြာ (ဓမ္မစက္ကပဝတ္တနသုတ်) တရားတော်ကို ပဉ္စဝဂ္ဂီ ၅-ဦးတို့အား ဟောကြားခြင်း သည်လည်းကောင်း၊ တရားတော်၏ အနှစ်ချုပ်ဖြစ်သော အစွန်း ၂-ပါးလွတ် အလယ်အလတ်လမ်း ကျင့်စဉ်ကိုလည်းကောင်း ဗုဒ္ဓဘာသာဝင်တိုင်း သိရှိကြပြီး ဖြစ်သည်။ သို့သော် ဤတရားဦးမှ ခန္ဓာ ၅-ပါးအကြောင်းနှင့် သစ္စာ ၄-ပါးတို့အကြောင်းကို လူသားတို့အား ပထမဦးဆုံးအဖြစ် ဗုဒ္ဓဂေါတမ တစ်ပါးသည်သာ မိတ်ဆက်ပေးနိုင်ခဲ့သည်ကိုကား လူသိနည်းလှပါသည်။ ဗုဒ္ဓမှတပါး အခြား မည့်သည့်ဆရာကမှ ဤအဆန်တရားတော်ကို ဟောကြားခြင်း မရှိသေး။

ဒုတိယ တရားတော် ဖြစ်သော အနတ္တလက္ခဏသုတ်တွင်လည်း မိမိသည် မရှိ၊ ငါ၊ သူတစ်ပါး၊ ယောကျၤား၊ မိန်းမ မရှိ၊ ခန္ဓာ ၅-ငါးတို့၏ အစုအဖွဲ့မျှသာဟု ရဲဝံ့စွာ ထုတ်ဖော်ခဲ့ပြန်သည်။ ငါ၊ ငါ ဟူ၍ လူသားတိုင်း လက်ခံထားသည့် အချိန်တွင် “အနတ္တ-ငါမရှိ”ဟု ထုတ်ဖော် ဟောကြားခဲ့ခြင်းသည် အဆန်တရားတော်ကို ဟောကြားခြင်းဖြစ်သကဲ့သို့ လူအကြိုက်ကို မလိုက်၊ အမှန်တရားကိုသာ လက်ကိုင်ထား ဟောကြားသည့် တရားတော်လည်း ဖြစ်သည်။ ထိုကြောင့်လည်း ဗုဒ္ဓ၏ ပထမခြေလှမ်း ဤတရားတော် ၂-ပုဒ်သည် လောကကြီး တစ်ခုလုံးကို ပွက်လောစေခဲ့သည်။ ဗုဒ္ဓဘာသာဝင်တို့အတွက် ပထမဦးဆုံး စတင်ကျင့်သုံးရမည့် ပထမခြေလှမ်း အခြေခံတရားတော် တစ်ကွက်ဟုလည်း ဆိုနိုင်သော တရားတော်များ ဖြစ်သည်။

ဝါကပ် သံဃာတော်
သံဃာတော်တိုင်း (ဝါထပ်ပါက ဒုတိယ) ဝါဆိုလပြည့်နေ့တွင် ဝါကပ်တော်မူကြရပါသည်။ ဝါကပ်ခြင်းကို ဝါဆိုခြင်း၊ ဝါဝင်ခြင်းဟုလည်း ခေါ်ဝေါ်ကြသည်။ ဝါကပ်ခြင်း အဓိပ္ပါယ်မှာ ဝါတွင်းသုံးလပတ်လုံး အရေးကြီးသော ကိစ္စရပ် ငါးခုမှ အပ ကျောင်းတိုက်တစ်ခု၏ အရာမ် (ဝင်း) အတွင်းတွင်သာ ညဥ့်အိပ်ညဥ့်နေ သီတင်းသုံး (ကပ်နေရ) ခြင်းကို ဆိုလိုသည်။ ပါဠိဝေါဟာရ “ဝဿံ ဥပေမိ - ကျွနု်ပ် ဝါကပ်ပါ၏ ” ဟု အဆိုရှိသဖြင့် ဥပ-သဒ္ဒါကို ဆည်းကပ်ခြင်း၊ ကပ်ခြင်းဖြင့် အဓိပ္ပါယ် ဖွင့်ထားသည်။

ဝါဆိုလပြည့်နေ့တွင် ဝါကပ်ရမည်၊ ဝါဆိုရမည်ဟု သာမန် ဆိုလိုက်သော်လည်း အမှန်ကား ဝါဆိုလပြည့်ကျော် ၁-ရက်တွင်မှ ဝါကို စတင် ကပ်ရ၊ ဝင်ရခြင်း ဖြစ်သည်။ ဝါဆိုလပြည့်နေ့သည် နေ့ထူးနေ့မြတ် ဖြစ်သည့်အားလျှော်စွာ မိမိ အမှန်တကယ် သီတင်းသုံးရမည့် ကျောင်း (သို့မဟုတ်) ကျောင်းတိုက်အတွင်း အသင့်ရှိနေရမည်ကို ရည်ရွယ်ကာ ဝါဆိုလပြည့်နေ့တွင် ဝါကပ်မည်ဟု သာမန် ဆိုလိုက်ခြင်း ဖြစ်ပေသည်။ သီတင်းကျွတ်လပြည့်နေ့တွင် ပဝါရဏာပြုရမည်ကို နောက်ပြန် တွက်ချက်ခြင်းအားဖြင့် ဝါဆိုလပြည့်ကျော် ၁-ရက်တွင် ဝါကပ်မှသာလျှင် သုံးလအတိ ပြည့်မည် ဖြစ်သောကြောင့်တည်း။ ပါဠိအလို “တေ မာသံ - သုံးလ” ဟု လာရှိသည်။

ရဟန်း သံဃာတော်တိုင်း ဝါမကပ် မနေရ၊ ကပ်ကို ကပ်ရမည်ဟု ပညတ်ချက်ရှိသည်။ ဗုဒ္ဓမြတ်စွာ ရာဇဂြိုဟ်မြို့၊ ရှဥ့်များကို အစာကျေွးရာ ကလန္ဒကနိဝါပ ဥယျာဉ်၊ ဝေဠုဝန်ကျောင်းတွင် သီတင်းသုံးစဉ် သံဃာတော်များအား မိုးတွင်းသုံးလ ဝါကပ်ကြရန် ပညတ်ချက် ထားတော်မူသည်။ ပညတ်တော်မူရခြင်း အကြောင်းရင်းကား ဤသို့တည်း။

ရဟန်းတော်များသည် မြတ်စွာဘုရား၏ သာသနာပြု အဓိဌာန်ဖြစ်သော “မာ ဧကနေ ဒွေ- လမ်းတစ်ကြောင်းတည်း နှစ်ပါးမသွားပါနှင့် ” အလိုတော်အရ သာသနာပြုခရီး ကြွချီကြသည်။ နေ့မရွေး၊ ညမနား၊ နေမိုးကို အန်တု၊ ဆောင်းကို မမှု သာသနာပြု စိတ်ဓာတ်ဖြင့် အရပ်အရပ် အရွာအရွာသို့ လှည့်လည်ကာ အသိအမြင် မပွင့်လင်းသေးသော သူတို့အား ဗုဒ္ဓတရားတော်များ ပြန့်ပွါးအောင် ပြောဆိုဆုံးမ သွန်သင်ကြသည်။ သို့ဖြင့် ရာသီမရွေး ခရီးထွက်ကြသည်။ နွေရာသီ၊ ဆောင်းရာသီတို့တွင် ခရီးထွက်သည့်အခါ ကိစ္စမရှိ။ လမ်းခရီးများ ခြောက်သွေ့နေသဖြင့် ခရီးထွင်သည်။ ကြွလိုသည့် လမ်းခရီးကို အလွယ်တကူနှင့် အမြန်ရောက်နိုင်သည်။ သို့သော် မိုးတွင်းကာလတွင် ခရီးထွက်သည့်အခါ ပြဿနာ ရှိနိုင်သည်။ လမ်းခရီးတွင် ရွံနွံဗွက်အိုင်တို့ဖြင့် ပြည့်နှက်နေမည်။ ချောင်းမြစ်အင်းအိုင်တို့တွင် ရေဖြင့် ပြည့်လျှံနေမည်။ ထိုအခါ ကွေ့ရ ပတ်ရမှ သွားနိုင်သကဲ့သို့၊ မြေဖို့ထားသော လယ်ကန်သင်းကို လမ်းအဖြင့် အသုံးပြုကာ သွားရမည်လည်း ရှိနိုင်ပေသည်။ လယ်ယာလုပ်သည့်ကာလ ဖြစ်သည့်အလျှောက် လယ်သမားများက သူတို့ ဖို့ထားသည့် ကန်သင်းကို ဖြတ်သန်းသွားလာနေသည်မှာ ကြိုက်မည်မဟုတ်။ ဘာသာခြား လယ်သမားဆို ပိုပင် ဆိုးမည်။

ထိုကြောင့် ခရီးသွားသည့်ရဟန်းကို မြင်တိုင်း ကဲ့ရဲ့ပြစ်တင်ကြသည်။ “သာကီဝင်နွယ်ဖြစ်တဲ့ ရဟန်းတွေများ နွေမိုးဆောင်း မရှောင် ခရီးသွားနေကြတာပဲ။ စိမ်းလန်းတဲ့ ကောက်တွေကို ဖျက်စီးပစ်ကြလိုက်တာ၊ ပိုးမွှားတွေကို ဖြတ်နင်းသတ်လိုက်ကြတာ။ စွတ်စိုတဲ့ကာလမှာတောင် တစ်နေရာထဲ နေဖို့ မကြိုးစားကြချင်ဘူး။ ကျေးငှက်သာရကာတွေတောင် မိုးတွင်းကာလရောက်ရင် အသိုက်အမြုံ အကျအန ဆောက်ပြီး နေကြသေးတာပဲ။ ဒီရဟန်းတွေက ခရီးထွက်ဖို့ပဲ စိတ်ကူးနေကြတာ” အစရှိသည့် စကားတို့ဖြင့် ကဲ့ရဲ့ကြသည်။ အပြစ်တင် ကြသည်။ ဝေဖန်ကြသည်။

ဤအမနာပ စကားသံတို့သည် ဗုဒ္ဓဘုရားထံ တိုက်ရိုက်ရောက်လာသည့်အခါ အများ၏ အကြည်ညိုခံ ရဟန်းတော်များအတွက် သာသနာပြုလမ်း ဖြောင့်တန်းရေးအတွက် ဝါကပ်ကြရန် ပညတ်ချက် ထားတော်မူရသည်။ ပညတ်ချက်အပေါ်တွင် အကျိုးခံစားခွင့်လည်း ဗုဒ္ဓက ဖွင့်ပေးထားသည်။ ကထိန်သင်္ကန်း ဆက်ကပ်သည့် အလှူရှင်ပေါ်လာသည့်အခါ ဝါတွင်းသုံးလအတွင်း ဝါမကျိုးသော (ကျောင်းပြင်ပသို့ မထွက်ဘဲ ထိန်းနိုင်သော) ရဟန်းတော်များအတွက် ကထိန်အနိသင် ၅-မျိုး ခံစားခွင့်ရကြသည်။

မြန်မာပြက္ကဒိန်အရ လေးနှစ်ရောက်တိုင်း ပထမဝါဆို ဒုတိယဝါဆို ဟူ၍ ခွဲခြားထားသော်လည်း သံဃာတော်များ၏ ပထမဝါဆို ဒုတိယဝါဆိုမှာ ပြက္ကဒိန်အလို မဟုတ်ပါ။ ဝါဆိုလပြည့်ကျော် ၁-ရက်နေ့တွင် ဝါဆို ဝါဝင် ဝါကပ်သော ရဟန်းတော်များကို ပုရိမ-ဝါဆို ပုရိမ-ဝါဝင် ပုရိမ-ဝါကပ် (အရပ်သုံးစကား- ပထမ-ဝါဆို၊ ပထမ-ဝါဝင်၊ ပထမ-ဝါကပ်) ဟူ၍ ခေါ်ပြီး၊ အကြောင်းကြောင်းကြောင့် ဝါခေါင်လပြည့်ကျော် ၁-ရက်တွင်မှ ဝါဆို ဝါဝင်် ဝါကပ်နိုင်သော သံဃာတော်များကို ပစၦိမ-ဝါဆို ပစၦိမ-ဝါဝင်၊ ပစၦိမဝါကပ် (အရပ်သုံးစကား- ဒုတိယ-ဝါဆို၊ ဒုတိယ-ဝါဝင်၊ ဒုတိယ-ဝါကပ်) ဟူ၍ သတ်မှတ်သည်။

ဝါဆိုလပြည့်ကျော် ၁-ရက်နေ့တွင် ဝါဆို ဝါဝင် ဝါကပ်သော သံဃာတော်များသည် သီတင်းကျွတ်လပြည့်နေ့တွင် သုံးလပြည့်၍ ဝါကျွတ်သည်။ ပဝါရဏာပြု ရသည်။ ကထိန်အကျိုး ၅-မျိုး ခံစားခွင့် ရသည်။ ဝါခေါင်လပြည့်ကျော် ၁-ရက်နေ့တွင်မှ ဝါဆို ဝါဝင် ဝါကပ်သော သံဃာတော်များသည် တန်ဆောင်မုန်းလပြည့်နေ့တွင် သုံးလပြည့်၍ ဝါကျွတ်သည်။ ပဝါရဏာပြု ရသည်။ ကထိန်အကျိုး ၅-မျိုး ခံစားခွင့် ဆုံးရှုံးသည်။

ဝါပန်ခြင်းနှင့် ဝါကျိုးခြင်း
ဝါဆိုဝါကပ်ထားတဲ့ ရဟန်းတော်များဟာ ဝါတွင်းကာလမှာ တခြားနေရာအရပ်ဒေသသို့ ညအိပ်ညနေ ကြွသွားလို့ မရပါဘူး။ နေ့လည်နေ့ခင်း နောက်နေ့ အာရုဏ်မတက်မီ ကျောင်းကိုပြန်ရောက်နိုင်ရင်တော့ ကြွလို့ရပါတယ်။ ဒါပေမယ့် အကြောင်းကိစ္စရှိလို့ မဖြစ်မနေ ကြွရောက်ရမယ့် ကိစ္စပေါ်ပေါက်လာပါက ဝါပန်ပြီး ခုနှစ်ရက် ကြွလို့ရပါတယ်။ ခုနှစ်ရက်ထက်ပိုပြီး ကြွလို့မရပါဘူး။ ကျော်လွန်ပါက အာပတ်သင့်ပါတယ်။ ဝါပန်တယ်ဆိုတာ ခုနှစ်ရက်အတွင်း မိမိဝါဆိုဝါကပ်ပြုထားသည့် ကျောင်းကိုပြန်လည်ကြွရောက် ပါမည့်အကြောင်း အဓိဋ္ဌာန်ပြုခြင်းကို ဝါပန်တယ်လို့ ဆိုပါတယ်။ ဝါဆိုဝါကပ်ပြုပြီး ဝါမပန်ဘဲ ကြွသွားခဲ့မိသော် သို့မဟုတ် ခုနှစ်ရက်ထက် ကျော်လွန်သွားခဲ့သော် ဝါကျိုးပါတယ်။

ဝါကျိုးခြင်းနှင့် ဝါအရေအတွက် မရခြင်း
ဝါကျိုးတယ်ဆိုတာ ဝိနည်းဥပဒေ မလိုက်နာမိ၍ ဥပဒေ ကျိုးပျက်သွားခြင်းဖြစ်ပြီး ဒုက္ကဋ်အာပတ်သင့်ခြင်းကို ဆိုပါတယ်။ တစ်ချို့က ဝါကျိုးရင်ကိုပဲ ဝါမရဘူး ဒီကျိုးတဲ့ ဝါကို ဝါအရေအတွက်ထဲ ထည့်ရေလို့မရဘူးလို့ ထင်တတ်ပါတယ်။ ရေတွက်လို့ရပါတယ်။ ဝါကျိုးပျက်လို့ အာပတ်သင့်ခြင်း၊ ကထိန်ခံခွင့် မရခြင်းပဲ ရှိပါတယ်။ ဝါအရေအတွက်လျော့ခြင်း မရှိပါဘူး။ ဒါပေမယ့် ဝါကျိုးပျက်တိုင်းလည်း အာပတ်မသင့်ပါဘူး။ အန္တရာယ်တစ်စုံတစ်ခု ကျရောက်ဖြစ်ပေါ်ခြင်း သံဃာကွဲခြင်းကြောင့် ဝါဆိုဝါကပ်ပျက်ခြင်း ဝါကျိုးခြင်း ဖြစ်တဲ့အခါ ဒီဝါပျက်ဝါကျိုးခြင်းကြောင့် အာပတ်မသင့်ပါဘူး။
ဝါဆိုသင်္ကန်း
ဝါဆိုသင်္ကန်းဆိုပြီး ကပ်လှူလေ့ရှိတဲ့ သင်္ကန်းကို စာပေကတော့ ဝဿဝါသိကစီဝရလို့ ခေါ်ပါတယ်။ တိုက်ရိုက်မြန်မာပြန်ရင် မိုးရေခံသင်္ကန််းလို့ အဓိပ္ပါယ်ရပါတယ်။ ဝိသာခါ ဒါယိကာမကြီးရဲ့ တောင်းဆိုချက်ကြောင့် မြတ်စွာဘုရားရှင်က ဒီသင်္ကန်းလှူဒါန်းမှုကို ခွင့်ပြုတော်မူပါတယ်။ ဒီသင်္ကန်းလှူဒါန်းမှုမှာ တစ်ချို့က ဝါမဆိုခင်ပဲ လှူဒါန်းလို့ ရတယ်လို့ ထင်ကြပါတယ်။ အဲလိုမဟုတ်ပါဘူး။ ဝါမဆိုခင်ရော ဝါဆိုနေတဲ့ ဝါတွင်းအချိန်မှာရော ကြိုက်သလောက် ကြိုက်သလို လှူဒါန်းနိုင်ပါတယ်။ ကထိန်သင်္ကန်းနဲ့ မတူတဲ့အချက်က ကထိန်သင်္ကန်းကတော့ ကာလသတ်မှတ်ချက် ကျောင်းသတ်မှတ်ချက်စတာတွေ ရှိပါတယ်။ ဝါဆိုသင်္ကန်းကတော့ အဲလိုသတ်မှတ်ချက်မရှိဘဲ ဝါမဆိုခင်ရော ဝါတွင်းမှာရော ကြိုက်သလို လှူနိုင်တဲ့အချက်ပါ။ များသောအားဖြင့် ဝါမဆိုခင်မှာ လှူကြတာများပါတယ်။ အဲဒါမှ ဝါတွင်းမှာ ဒီသင်္ကန်းကို ဝတ်ရုံပြီး မိုးစိုတဲ့သင်္ကန်းကို အလဲအလှယ် လုပ်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စိတ်ကအာရုံပြုပြီး အချိန်မရွေး လှူဒါန်းနိုင်ပါတယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။

ဝါတွင်းသုံးလပတ်လုံး (ပုရိမ+ ပစ္ဆမဝါ နှစ်မျိုးလုံး) ဝါဆို ဝါဝင် ဝါကပ်ထားသော သံဃာတော်များတို့သည် ကိစ္စကြီး ၅-ရပ် ပေါ်ပေါက်လာပါက ဝါတွင်းကာလ ခရီးထွက်ခွင့် ရပါသေးသည်။ သို့သော် ဝါပန်ရမည်။ ၇-ရက်၊ ၇-ည မပြည့်မီ (၆-ရက်၊ ၆-ည) ကာလအတွင်း ဝါကပ်ထားသည့် ကျောင်းကို အရောက် ပြန်လာရမည်ဟု အဓိဌာန်ပြု ရွတ်ဆိုရမည်။ ဤကာလအတွင်း မူလဝါဝင်ကျောင်းကို ပြန်မရောက်ပါက ဝါကျိုးသည် ဝါပျက်သည်ဟု ခေါ်ဆိုသည်။ ဝါ-အရေအတွက် ကျိုးသွားသည်၊ ပျက်သွားသည်ဟု မမှတ်ယူဘဲ၊ ကထိန်အနိသင်သာ မရရှိခြင်း ဖြစ်သည်။ ဝါကျိုး၊ ဝါပျက်သော်လည်း သိက္ခာတော် ၁-ဝါ၊ ၂-ဝါ ရေတွက်နိုင်ပါသည်။ ထိုကြောင့် ဝါတွင်း၌ သံဃာတော်များ ညအိပ် ခရီးမထွက်ရဟု ပုံသေ တွက်မထားကြပါရန်နှင့် ဝါတွင်းကာလ ခရီးထွက်နေသော ရဟန်းတော်များကိုလည်း အပြစ်မမြင် ကြရန် လိုအပ်လှပေသည်။

ရှေးခေတ် ရဟန်းတော်များ ခရီးထွက်ရသည်မှာ “သာသနာပြုခရီး ကြွချီကြလော့” ဟူသော မြတ်ဗုဒ္ဓ၏ စကားတော်ကို လိုက်နာနေကြခြင်း ဖြစ်သည်။ ပြန်ပြောင်း တင်ပြရမည် ဆိုသော်-
ဝါဆိုလပြည့်ညတွင် တရားဦးဓမ္မစကြာ နာကြားပြီးသည့်နောက် ပဉ္စဝဂ္ဂီငါးပါးအစုတွင် အကြီးဆုံးဖြစ်သော ကောဏ္႑ညထေရ် သောတာပန် တည်သည်။ ဝါဆိုလပြည့်ကျော် ၅-ရက်နေ့တွင် ဒုတိယ တရားတော်ဖြစ်သည့် အနတ္တလက္ခဏသုတ်တော်ကို နာကြားပြီးနောက် ပဉ္စဝဂ္ဂီငါးပါးလုံး ရဟန္တာ ဖြစ်ကြသည်။ ဘုရားအပါအဝင် လူသား ၆-ဦး ရဟန္တာ ဖြစ်ကြသည်။ ယသထေရ် အစရှိသော လူသား ၅၅-ဦး ရဟန်းဝတ်ပြီးနောက် ရဟန်းတရား အားထုတ်သဖြင့် မဂ်ဖိုလ်ပေါက် ရဟန္တာအဖြစ်သို့ ရောက်ရှိပြန်သည်။ ထိုနှစ် တန်ဆောင်မုန်းလပြည့် မတိုင်ခင် ကာလအတောအတွင်း လူသား ၆၁-ဦးတို့ ရဟန္တာဖြစ်နှင့်နေကြပေပြီ။ ပါဠိအဆိုကား- တေန ခေါ ပန သမယေန ဧကသဌိ လောကေ အရဟန္တော  ဟောန္တိ- ထိုအချိန်တွင် လောကကြီး၌ ၆၁-ပါးသော ရဟန္တာများ ပေါ်ပေါက်ခဲ့သည်။(မဟာဝါ ပါဠိတော်၊ မဟာခန္ဓကဝဂ်)

ထိုသို့ ရဟန္တာ ခြောက်ကျိပ်တစ်ပါး ပေါ်ထွန်းလာသောအခါ တစ်နေရာတည်းတွင် စုဝေးမနေကြဘဲ နယ်လှည့် သာသနပြုကြရန် မြတ်ဗုဒ္ဓက မိန့်ကြားသည်။ သို့ဖြင့် နေ့မအား၊ ညမနား ရဟန်းတော်များ ခရီးထွက်ကာ မြတ်ဗုဒ္ဓဒေသနာတော်ကို ပြန့်ပွားအောင် လုပ်ဆောင်နေကြခြင်း ဖြစ်ပါသည်။
အရှင်အလင်္ကာ (ခေတ္တ-အိန္ဒိယ)

ကျမ်းကိုး-
၁။ ဝိနယပိဋက၊ မဟာဝါ ပါဠိတော်၊ အဌကထာ၊ မဟာခန္ဓကဝဂ်
၂။ သာသနာဝံသကျမ်း
၃။ မြန်မာ ဆယ့်နှစ်လအကြောင်း၊ မောင်ထင်
၄။ http://lovecanfly24.blogspot.com/2009/07/blog-post_139.html
၅။ http://en.wikipedia.org/wiki/Vassa

သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရား ပွင့်ထွန်းလာချိန်တွင် မကိုးကွယ်ရာနှင့်ကိုး ကွယ်ရာကို ခွဲခြား၍ဟောတော်မူရာ ''တော
တောင်၊ အာရာမ်၊ အဓိကရသစ်ပင်စသော ကိုးကွယ်ရာတို့ ကို ကိုးကွယ်ခြင်းသည် ဘေးကင်း၍ မြတ်သောကိုးကွယ် ခြင်းမဟုတ်၊ ကိုးကွယ်ရာဟူသမျှကို ကိုးကွယ်ဆည်းကပ် ခြင်းကြောင့် ဒုက္ခခပ်သိမ်းတို့မှမလွတ်မြောက်နိုင်။ ရတနာ သုံးပါးကို ကိုးကွယ်ဆည်းကပ်ခြင်းကသာ ဘေးမရှိ၍ မြတ် သော ကိုးကွယ်ခြင်းမည်၏။ ရတနာသုံးပါးကို ကိုးကွယ်ခြင်း ကြောင့် ဒုက္ခခပ်သိမ်းမှလွတ်မြောက်၍ လူ၊ နတ်၊ ဗြဟ္မာ ချမ်းသာများစွာကို ရရှိရုံမျှမက မဂ်ဖိုလ်နိဗ္ဗာန်သို့တိုင် မျက် မှောက်ပြုနိုင်ပေ၏''ဟူ၍ဖြစ်သည်။

ဘေးဒုက္ခအပေါင်းတို့ကို ပယ်ဖျောက်ဖျက်ဆီးတတ် သည့် ဘုရား၊ တရား၊ သံဃာတည်းဟူသော ရတနာမြတ် သုံးပါးသည် သရဏဂုံမည်ပါ၏။ ဗုဒ္ဓံသရဏံဂစ္ဆာမိ၊ ဓမ္မံ သရဏံဂစ္ဆာမိ၊ သံဃံသရဏံဂစ္ဆာမိ ဟူ၍ ပီပြင်ကျန သုံး ကြိမ်မျှ လေးနက်ယုံကြည်စွာရွတ်ဆိုလျက် သရဏဂုံဆောက် တည်ရာ၏။ ဗောဓိအောင်မြေဗုဒ္ဓဟေ၌ မြတ်စွာဘုရားရှင် ပွင့်တော်မူ၍ လင်းလွန်းပင်ရင်း၌ သတ္တမသတ္တာဟ ဖလ သမာပတ်ဝင်စားတော်မူစဉ် ဥက္ကလာဇနပုဒ် ပေါက္ကရဝတီ မြို့မှ တဖုဿနှင့်ဘလ္လိက ကုန်သည်ညီနောင်နှစ်ဦးလည်း ကုန်သွယ်ခြင်းအလို့ငှာ မဇ္ဈိမဒေသသို့ ရောက်ရှိနေလေ၏။

ဓမ္မရာဇ်ထွတ်ဖျား မြတ်စွာဘုရား ပွင့်တော်မူကြောင်း ကုန်သည်ညီနောင် ကြားသိသည်နှင့် အလျဉ်အဦးရောက် လာကြ၍ ပျားရည်ဆမ်းသော မုန့်ြ<ွကပ်ကျစ်များအား ကပ် လှူ၏။ ဘုရားရှင်သည် ကုန်သည်ညီနောင်နှစ်ဦးကို 'ဗုဒ္ဓံ သရဏံဂစ္ဆာမိ၊ ဓမ္မံသရဏံဂစ္ဆာမိ'ဟူ၍ ဒွေဝါစိကသရဏဂုံ ကို ပေးတော်မူ၏။ မြတ်စွာဘုရား ပွင့်တော်မူစ သံဃာရတနာ မပေါ်သေး သောကာလဖြစ်၍ ကုန် သည်ညီနောင်ကို သရဏဂုံ နှစ်ပါးတည်းသာ ပေးတော် မူခြင်းဖြစ်၏။

ဗာရာဏသီ မိဂဒါဝုန် တောဥယျာဉ်တွင် ပဉ္စဝဂ္ဂီငါးဦးတို့အား တရား ဦး ဟောတော်မူပြီး သံဃာ တော် စတင်ပေါ်လာမှသာ ရတနာသုံးလီ သရဏဂုံသုံးပါး နှင့် ပြည့်စုံညီခဲ့လေသည်။
မြတ်စွာဘုရားရှင်၏ သာ သနာတော်မြတ်ကြီးအား မ ကွယ်မပျောက် စည်ပင်ပြန့်ပွား ထွန်းတောက်နေစေရန် ရဟန်း သံဃာတော်များက ထိန်းသိမ်း တော်မူလျက်ရှိကြသည်။ သံဃာတော်များသည် ဘုရား ရှင်ထားရစ်တော်မူသော ဝိနည်း၊ သုတ္တန်၊ ပိဋကတ်တော် များကို လက်နက်အလို့ငှာ ကိုင်ဆောင်သည်။ တံခွန်သဖွယ် မည်သော သင်္ကန်းကိုဝတ်ရုံ၍ ဂန္ထဓူရ၊ ဝိပဿနာဓူရ ဓူရ နှစ်ဖြာကို ထမ်းရွက်တော်မူနေကြသည်။

သံဃာတော်အရှင်သူမြတ်များ ပရိယတ်၊ ပဋိပတ်၊ ပဋိဝေဓ သုံးတန်သာသနာ ညီမျှစွာ ရွက်ဆောင်နိုင်စေဖို့ အတွက် ပစ္စည်းလေးပါးပြည့်စုံရန်လိုသည်။ ဓမ္မာနုဂ္ဂဟ ကား ဆရာတော်သံဃာတော်များ၏ တာဝန်ဖြစ်၍ ကျောင်း၊ သင်္ကန်း၊ ဆွမ်း၊ ဆေးဟူသည့် ပစ္စည်းလေးပါး ပစ္စယာနုဂ္ဂဟ ထောက်ပံ့မှုမှာ ဒကာ၊ ဒကာမများ၏တာဝန် ဖြစ်သည်။ သာသနာပြုတော်မူလျက်ရှိကြကုန်သော သံဃာတော် ထေရ်အရှင်မြတ်များ မချို့မငဲ့နှင့် သာသနာပြုနိုင်ရန် ဒကာ၊ ဒကာမတို့က ပစ္စည်းလေးပါး တာဝန်ကျေပွန်ကြသည်။ ယင်း၌ တံခွန်သဖွယ်ဖြစ်သော သင်္ကန်းအလှူများလည်း ပါဝင်ကြရာ ဝါဆို၊ ကထိန်၊ ရှင်ပြု၊ ရဟန်းခံတို့တွင် သင်္ကန်း ကို အမြတ်တနိုးလှူဒါန်းကြလေသည်။

မြတ်စွာဘုရားရှင်သည် အရှင်အာနန္ဒာမထေရ်မြတ် နှင့် ဒေသစာရီလှည့်လည်တော်မူရာတွင် သာကီဝင်တို့ လုပ်သော လယ်ယာမြေများရှိရာသို့ ရောက်တော်မူ၏။ အကွက်၊ အကန့်၊ ကန်သင်း၊ ရေမြောင်းများ စနစ်တကျ ဖွဲ့၍ထားသော လယ်ကွက်များကို မြင်တော်မူသဖြင့် စိတ် တော်တွင် ကြည်နူးတော်မူ၏။ ဝတ်ရုံတော်မူသောသင်္ကန်း ကို ဤသို့အကွက်၊ အကန့်၊ မြောင်းထား၍ပြုပြင်က ကောင်း လေစွဟု အကြံဖြစ်တော်မူ၏။ အရှင်အာနန္ဒာကိုလည်း ဤ လယ်ကွက်များကဲ့သို့ ပုံပန်းသဏ္ဌာန်တူသော အကွက်များ ဖြင့် သင်္ကန်းချုပ်လုပ်ရန် မိန့်ကြားတော်မူ၏။

မြတ်စွာဘုရားသည် လူ၊ သတ္တဝါတို့၏ ကျေးဇူးရှင် ဖြစ်သော လယ်သမားများအား အမှတ်တရဖြစ်စေခြင်းငှာ ရည်ရွယ်တော်မူခြင်း ဖြစ်၏။ ထိုမှစ၍ သင်္ကန်းများတွင် အကွက်၊ အကန့်၊ ချုပ်ရိုးမြောင်းများသည် ဝိ နည်းတော်နှင့်အညီ ဖြစ်ပေါ်လာရလေ၏။ သံဃာတော် ထေရ်အရှင်မြတ်များသည် ဝါတွင်းသုံးလပတ်လုံး ဝါဆို ကပ်သည်ကို ဝါဆိုသည်ဟု ခေါ်၏။ ဝါဆိုလပြည့်ကျော် တစ်ရက်မှ သီတင်းကျွတ်လပြည့်နေ့အထိ ဝါဆိုခြင်းမှာ ပုံမှန်ဝါဆိုခြင်းဖြစ်၍ ဝါဆိုရန်မမီသော သံဃာတော်များ က ဝါခေါင်လပြည့်ကျော်တစ်ရက်မှ တန်ဆောင်မုန်းလပြည့် အထိ ဝါဆိုဝါကပ်တော်မူကြရသည်။

ဘုရားအလောင်းတော် သေတကေတုနတ်သားသည် တုသိတာနတ်ပြည်မှ စုတေ၍ မဟာသက္ကရာဇ် ၆၇ ခု ဝါဆိုလပြည့်၌ လူ့ပြည်တွင်သန္ဓေယူ၏။ မဟာသက္ကရာဇ် ၉၇ခု ဝါဆိုလပြည့်တွင် တောထွက်တော်မူပြီး မဟာသက္က ရာဇ် ၁ဝ၃ ခု ဝါဆိုလပြည့်တွင် မိဂဒါဝုန်တောဥယျာဉ်၌ ပဉ္စဝဂ္ဂီငါးဦးတို့ကို တရားဦးဓမ္မစကြာ ဟောတော်မူ၏။ ဝါဆိုလသည် မြတ်စွာဘုရား ပဋိသန္ဓေနေတော်မူသော လဖြစ်၍ တောထွက်တော်မူသောလလည်းဖြစ်ပြီး တရား ဦးဓမ္မစကြာ ဟောတော်မူရာလ ဖြစ်သည်။ ထို့ကြောင့် 'သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ ဟြော>ွမက်လဝါဆို' ဟူ၍ ဆို စမှတ်ပြုကြကုန်သည်။

မြတ်စွာဘုရားရှင်ပွင့်ထွန်းတော်မူစက သံဃာတော် အရှင်မြတ်များသည် ဝါဆိုဝါကပ်ခြင်းကို မပြုကြသေး။ နွေ၊ မိုး၊ ဆောင်းပတ်လုံးလှည့်လည်၍ ခရီးသွားလာနေကြ ၏။ မိုးဥတု၌ တစ်နေရာမှတစ်နေရာသို့ သွားလာရာတွင် တောင်သူတို့စိုက်ပျိုးသော သီးနှံခင်းများအား ဖြတ်သန်း၍ သွားရသဖြင့် နင်းနယ်ပျက်စီးကုန်၏။ ပြည်သူအပေါင်းတို့ က ''မိုးကာလ၌ မိစ္ဆာဒိဋ္ဌိများပင် ခရီးမသွားကြ။ တိရစ္ဆာန် ငှက်များလည်း အသိုက်မပြောင်းကြ၊ ငါတို့ကိုးကွယ်သော သာကီနွယ်ဖွားရဟန်းများကား အများစိုက်ပျိုးထားသော ကောက်ပဲသီးနှံများကို နင်းနယ်ဖျက်ဆီးလျက် ရာသီမရွေး ခရီးသွားနေကြလေတကား''ဟု စသည်အားဖြင့် အပြစ် ပြောဆိုလာကြ၏။

မြတ်စွာဘုရားသည် ဗာရာဏသီပြည် မိဂဒါဝုန်တော နန္ဒိယဝိဟာရ၌ ပထမဦးဆုံးဝါကိုကပ်တော်မူ၏။ ဝါကျွတ် သည်နှင့် ရာဇဂြိုဟ်ပြည်သိြု့<ွကတော်မူကာ ဝေဠုဝန်ကျောင်း တော်တွင် သီတင်းသုံးနေတော်မူလျက်ရှိ၏။ ထိုစဉ် ဤ အကြောင်းကို ဘုရားရှင်ကြားတော်မူလျှင် ရဟန်းတော် များအား ဝါတွင်းသုံးလပတ်လုံး ဒေသစာရီလှည့်လည်ခရီး သွားခြင်းမပြုရန်၊ ဝါတွင်းကာလတွင် မိမိတို့၏ ကျောင်း အတွင်း၌ ဝါဆိုဝါကပ်ခြင်းအမှုကိုပြု၍ တရားအားထုတ် ကြရန်၊ ဝါကျိုး၊ ဝါပြတ်၊ ဝါမကပ်ဘဲ ညဥ့်နေညဥ့်အိပ် ခရီး သွားသောရဟန်းများ ဒုက္ခဋ်အာပတ်သင့်စေရန် အာဏာ ဓမ္မစက်သိက္ခာပုဒ် ပညတ်တော်မူ၏။

ထိုစဉ်မှစ၍ ရဟန်းတော်များသည် မိမိကျောင်းမှ တစ် ပါးသောအရပ်သို့ ညဥ့်အိပ်ညနေ ခရီးမသွားရတော့ပေ။ မိမိ၏ ကျောင်းသင်္ခမ်းကို ညဥ့်ညပစ်ခဲ့၍ ခရီးမသွားပါဟု ဝန်ခံကာ ဝါဆိုဝါကပ်ခြင်းပြုကြရ၏။ မဖြစ်မနေသွားလာ ရန် ခရီးပေါ်ပေါက်လျှင်သာ ခုနစ်ရက်ဝါပန်၍ သွားလာ နိုင်လေ၏။

သံဃာတော်ထေရ်အရှင်မြတ်များသည် ဝါဆိုလပြည့် ကျော်တစ်ရက်ညတွင် စတင်ဝါဆို၍ ဒကာ၊ ဒကာမများက ထိုနေ့အမီ ဝါဆိုသင်္ကန်း၊ ဝါဆိုပန်းများ ကပ်လှူကြသည်။
မျက်မှောက်ကာလအထိ ကျေးလက်များတွင် အိုးစည်ဗုံ မောင်း အကအစုံများနှင့် ဘုန်းတော်ကြီးကျောင်းများသို့ ဝါ ဆိုသင်္ကန်း၊ ဝါဆိုပန်းများကို စည်ကားသိုက်မြိုက်စွာ သွား ရောက်ကပ်လှူကြသည်။ ဝါဆိုသင်္ကန်းကပ်လှူခြင်းသည် ကရိကထမများသော ဒါနဖြစ်သဖြင့် နယ်ရောမြို့ပါ ကျယ် ပြန့်စွာ ကပ်လှူလျက်ရှိကြလေသည်။

ဝါဆိုမည့်ညတွင် ဝါကပ်အမီ ဆိုက်ရောက်လာနိုင် သေးသည့် သံဃာအား စောင့်၍ ညဥ့်ကိုးနာရီထိုးချိန်ကျမှ ဝါဆိုတော်မူကြကုန်၏။ တချို့လည်း ဝါဆိုသံဃာတော် များကို သွားရောက်ကြည်ညိုရင်းနှင့် အမွေးတိုင်၊ ဖယောင်း တိုင်များ ကပ်လှူပူဇော်ကြ၊ အဖျော်ရည်များ လှူဒါန်းကြ သည်။ ဝါဆိုပြီးသည်နှင့် စားသောက်သိမ်းရုံးပြီး ဝါဆိုသဲ၊ ဝါဆိုပန်းလေးများ အသီးသီးယူဆောင်ပြီး ပြန်လာခဲ့ကြ သည်။
မြတ်စွာဘုရားရှင်သည် ဌာနပေါင်း ၁၇ နေရာတွင် ဝါတော်ပေါင်း ၄၅ဝါကပ်တော်မူရာ သတ္တမဝါကို တာဝတိံ သာနတ်ပြည်တွင် ကပ်တော်မူသည်။ မွေးမိခင်သီရိမဟာ မာယာဖြစ်ခဲ့သော သန္တုတိသနတ် သားအား အကြောင်းပြုလျက် ဝါ ဆိုတော်မူရင်းဖြင့် အဘိဓမ္မာတရား တော် ရွတ်ပွားကာ ကျေးဇူးဆပ် တော်မူခဲ့လေသည်။

ရှေးကစ၍ ဝါဆိုလတွင်ကပ် သောကြောင့် ဝါဆိုသင်္ကန်းဟု ခေါ်သော်လည်း မိုးရေခံသင်္ကန်း ဟုလည်း ခေါ်ဝေါ်ကြသည်။ ဝါ ဆိုသင်္ကန်းကို နယုန်လပြည့် ကျော်တစ်ရက်နေ့မှ ဝါဆိုလ ပြည့်အထိ ကပ်နိုင်သည်ဟု သိ ရသည်။ သို့သော်လည်း မျက် မှောက်ကာလတွင်မူ ဝါတွင်း ၌လည်း သင်္ကန်းကပ်လှူလျက် ရှိကြသည်။

သင်္ကန်းကပ်လှူခြင်း ရှစ်ပါးရှိရာ ...
(၁) ခရီးသွားခါနီးတွင် လှူဒါန်းသောဂမိဏစီဝရသင်္ကန်း၊
(၂) အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် လှူဒါန်းသော ဂမ္ဘိဏိစီဝရသင်္ကန်း
(၃) နာမကျန်းဖြစ်သောအခါ၌ လှူဒါန်းသော ဂိလာန စီဝရသင်္ကန်း၊
(၄) သဒ္ဓါတရားဖြစ်ပေါ်သဖြင့် လှူဒါန်းသော သဒ္ဓါရစီဝရ သင်္ကန်း၊
(၅) စစ်ထွက်ခါနီးတွင် လှူဒါန်းသော ဥယျုတ္တစီဝရ သင်္ကန်း၊
(၆) အဆောတလျင် ရှောင်တခင်လှူဒါန်းသော အစ္စေက စီဝရသင်္ကန်း၊
(၇) ဝါဆိုဝါကပ်ရန် လှူဒါန်းသော ဝဿဝါသိကစီဝရ သင်္ကန်းနှင့်
(၈) ကထိန်ခင်း၍လှူဒါန်းသော ကထိနစီဝရသင်္ကန်း
ဟူ၍ ရှစ်ပါးရှိကုန်သည်။

ရဟန်းသံဃာတော်များ ဝတ်ရုံသောသင်္ကန်းသည် သစ် ခေါက်ဆိုးဆေးဆိုးထားသော ပိတ်စသာလျှင်ဖြစ်သည်။ လူတို့ဝတ်သော အဝတ်နှင့် ပိတ်စချင်းတူပါလျက် သင်္ကန်း ကို အဘယ့်ကြောင့် ကော်ရော်မြတ်နိုး ရှိခိုးအမှူးပြုကြပါ သနည်း။ ဤအကြောင်းကို မြတ်စွာဘုရားရှင်အား ရှင် ဥပါလိမထေရ်ကြီးက လျှောက်ထားမေးမြန်းတော်မူ၏။

မြတ်စွာဘုရားရှင်သည် ရှင်ဥပါလိမထေရ်၏အမေး ကို ''ချစ်သားဥပါလိ၊ ရှေးက လွန်လေပြီးသောဘုရားတို့ သည်လည်းကောင်း၊ ယခုပွင့်ဆဲ ပွင့်လတ္တံ့သောဘုရားတို့ သည်လည်းကောင်၊ ဤဖန်ရည်ဆိုးသောသင်္ကန်းဖြင့်သာ ကိလေသာအညစ်အကြေးတို့ကို ပယ်သတ်ကြကုန်သည်။ ပိတ်စချင်းတူငြားလည်း ဖန်ရည်စွန်းသောသင်္ကန်းသည် ကိ လေသာတို့ကို သန့်စင်ရာ၊ မဂ်ဖိုလ်နိဗ္ဗာန်သို့ မျက်မှောက် ပြုရာအတွက် တံခွန်သဖွယ်ဖြစ်သဖြင့် ရှိခိုးဦးခိုက်ထိုက် ပေသည်''ဟု မိန့်တော်မူလေ၏။