........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Dec 8, 2012

ဗုဒ္ဓဝါဒ အရ ဘဝကူးပုံ


ဒီဘဝက စိတ်ဝိညာဉ် ဟာ ဟိုဘဝကို ကူးပြောင်းရောက်ရှိသွားတယ် ။ ရုပ်ခန္ဓာကိုယ် အဟောင်းကို စွန့်ပစ်ပြီး
ရုပ်ခန္ဓာကိုယ် အသစ်ကို ယူလိုက်တယ် ။ အဝတ်ဟောင်းကို ချွတ်ပြီး အဝတ်သစ်ကို ပြောင်းလဲဝတ်တဲ့ ကိုယ် တွင်းမှာရှိတဲ့ အတ္တ ကတော့ အပြောင်းအလဲ မရှိ ၊ တခုတည်းသာလို့ ယူဆရင် သဿတဝါဒ ( တည်မြဲဝါဒ ) လို့ ခေါ် ပါတယ် ။ ဟိန္ဒူဝါဒ နှင့် ဂျိန်းဝါဒ တို့ဖြစ်ပါတယ် ။

ဗုဒ္ဓ တရားတော် နှင့် ဂျိန်းဝါဒ ၊ ဟိန္ဒူဝါဒ တို့ဟာ နောက်ဘဝ ရှိတယ်လို့ လက်ခံတာချင်း တူပေမယ့် ဘဝ ကူးပုံ အယူအဆကျတော့ မတူကြပါဘူး ။ ဗဟုသုတ နည်းပါးတဲ့ မိရိုးဖလာ တချို့  ဗုဒ္ဓဘာသာဝင် တွေဟာ  ဟိန္ဒူ အယူအဆ အတိုင်း ဘဝကူးပုံ ကို လက်ခံထားကြပါတယ် ။  အမှန်စင်စစ် ဗုဒ္ဓ တရားတော် အရ တိတိကျကျ ပြောရရင် ဘဝကူးတာ မဟုတ်ဘူး ။ ဒီဘဝ နောက်ဘဝ ဘဝနှစ်ခု ကြောင်းကျိုး ဆက်စပ်မှုသာ ဖြစ်ပါတယ် ။

ဒီဘဝမှာရှိတဲ့ စိတ် စေတသိက် နာမ်တရားတွေဟာ ဒီဘဝမှာဘဲ ချုပ်ပျက် ပျောက်ကွယ်ခဲ့ပါတယ် ။  နောက်ဘဝမှာ ဖြစ်တဲ့ စိတ်စေ တသိက် နာမ်တရား တွေဟာ အသစ်ဖြစ်ပေါ် ကြတာပါ ။ ဒါပေမယ့် ဒီဘဝက နာမ်တရားနှင့် နောက်ဘဝရှိ နာမ်တရားဟာ လုံးဝ အဆက်အသွယ်မရှိတာတော့ မဟုတ်ဘူး ။ အကြောင်း အကျိုး ဆက်စပ်မှုရှိနေပါတယ် ။ ဒီဘဝက နာမ်တရားကို အကြောင်းအရင်းခံပြီး နောက်နောက်ဘဝမှာ အကျိုး တရားအဖြစ်နှင့် နာမ်တရားတွေ ဖြစ်ပေါ် ရခြင်း ဖြစ်ပါတယ် ။ ဒီနေရာမှာ ဆီမီး ဥပမာ ၊ ပဲ့တင်သံ ဥပမာ ၊ တံဆိပ်တုံး ဥပမာ များနှင့် ရှင်းပြထားပါတယ် ။

ဆီးမီးခွက် တစ်ခုမှာ မီးကို အခြား ဆီမီး ခွက် တစ်ခုသို့ ကူးပြောင်း ထွန်းညှိတဲ့အခါ ပထမ ဆီမီးခွက်မှ မီးတောက်ဟာ ဒုတိယ ဆီမီးခွက် သို့ ကူးပြောင်း လိုက်ပါသွားတယ်လို့ မဆိုနိုင်ပါဘူး ။ ဒုတိယ ဆီမီးခွက်မှာ ရှိတဲ့ မီးတောက်ဟာ ပထမ ဆီမီးခွက် မှ မီးတောက်နှင့် အကြောင်း မဆက်ဘဲ အလိုလို မီးထတောက် တယ် လို့ လည်း မဆိုနိုင်ပါဘူး ။ ပထမ ဆီမီးခွက်နှင့် ဒုတိယ ဆီမီးခွက် မှာရှိတဲ့ မီးတောက်မီးလျှံ နှစ်ခုဟာ တစ်ခုတည်းလို့ ဆိုရင်လဲ မမှန်နိုင်ဘူး ။  အဲဒီ မီးတောက်နှစ်ခု ဟာ အချင်းချင်း ဘာမျှ မပတ်သက်ဘူး ဆိုရင်လည်း မမှန်နိုင်ပါဘူး ။ အမှန်စင်စစ် မီးတောက်နှစ်ခုဟာ သီးခြားတစ်ခုစီ ဖြစ်နေသော်လည်း အချင်း ချင်း အကြောင်းအကျိုး ဆက်စပ်မှုရှိနေတယ်လို့ ဆိုရပါမယ် ။ ဒီ ဥပမာအတိုင်းပါဘဲ ဘဝဟောင်း ဟာ မူလ ဆီမီးတောက်နှင့် တူပါတယ် ။ ဘဝသစ် ဟာ ဒုတိယဆီးမီးတောက်နှင့် တူပါတယ် ။

ပဲ့တင်သံ ဥပမာမှာလည်း မူလအသံ နှင့် ပဲ့တင်သံ ဟာ တခုတည်းလို့ဆိုရင် မှားပါတယ် ။ ဘာမျှဆက်စပ်မှု မရှိ ၊ တခြားစီလို့ ဆိုရင်လည်း မမှန်နိုင်ပါဘူး ။ အမှန်စင်စစ် မူလအသံ နှင့် ပဲ့တင်သံ ဟာ အကြောင်းအကျိုး ဆက်စပ်မှု ရှိပါတယ် ။ မူလအသံကို အကြောင်းခံပြီး ပဲ့တင်သံ ဖြစ်ပေါ် လာရတယ် ။ ဒီ ဥပမာအတိုင်းဘဲ ဒီဘက် ဘဝဟောင်းဟာ မူလ အသံ နှင့် တူပါတယ် ။ ဘဝသစ်ဟာ ပဲ့တင်သံနှင့် တူပါတယ် ။

တံဆိပ်တုံး ဥပမာမှာ လိုအပ်တဲ့ စာလုံးတွေကို တံဆိပ်တုံးအပေါ် မှာ ပြောင်းပြန်ထွင်းထု ထားပါတယ်။ တံဆိပ်ရိုက်နှိပ်လိုက်တဲ့အခါ စာရွက်ပေါ်မှာ ထင်ကျန်ရစ်ပါတယ် ။ စာရွက်ပေါ်က စာလုံးတွေဟာ တံဆိပ်တုံး ကစာလုံးတွေလို ပြောင်းပြန်မဟုတ်ဘဲ အတည့်အတိုင်း ကျန်ရစ်ပါတယ် ။ ဒါကြောင့် မူလ တံဆိပ်တုံး နှင့် စက္ကူပေါ်မှာ ထင်နေတဲ့ စာလုံးဟာ တခုတည်းလည်းမဟုတ် ။ လုံးဝ ဆက်စပ်မှု မရှိတဲ့ အရာဝတ္ထုများလည်း မဟုတ် ။ တခု နှင့်တခု အကြောင်းအကျိုး ဆက်နွယ်မှုရှိနေကြပါတယ် ။ တံဆိပ်တုံးကို အကြောင်းခံပြီး စက္ကူပေါ်မှာ တံဆိပ်ရာထင်ကျန်နေရ ခြင်းဖြစ်ပါတယ်။ ဒီဥပမာမှာ တံဆိပ်တုံးဟာ ဒီဘက် ဘဝဟောင်း နှင့် တူပါတယ် ။ စက္ကူပေါ်က တံဆိပ် အရာက ဟိုဘက် ဘဝအသစ်နှင့်တူပါတယ် ။

နောက်ဘဝကို ဘာတွေ သယ်ဆောင်ယူဆောင်သွားသလဲ ဆိုရင် ဒီဘဝက ပြုလုပ်စုဆောင်းထားတဲ့ ကုသိုလ် ၊ အကုသိုလ် ကံ တွေနှင့် ပါရမီ ဓာတ်ခံ ၊ အနုသယ ဓာတ်ခံတွေကို သယ်ဆောင်သွားပါတယ် ။
http://messengerforbuddhist.grou.ps

No comments:

Post a Comment