........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Nov 30, 2012

အတုအယောင် တုမယောင်လေနဲ့…

အတုအယောင်များ တဖြည်းဖြည်းနဲ့ ပေါများလာနေတဲ့ ဒီနေ့ခေတ်မှာ အတုအယောင်တွေကလည်း အမျိုးစုံလှ ပါတယ်။ ပစ္စည်းအတုအယောင်၊ လူအတုအယောင်၊ ရာထူးအတုအယောင်၊ ဂုဏ်အတုအယောင် စသဖြင့် အမျိုးမျိုးပါပဲ။ အဲဒီ အတုအယောင် မျိုးစုံထဲမှာ ကြောက်စရာ အကောင်းဆုံး အတုအယောင်ကတော့ သူတော်ကောင်းတရား အတုအယောင်ပဲ ဖြစ်ပါတယ်။ ဒီသူတော်ကောင်းတရား အတုအယောင်တွေဟာ သူတော်ကောင်း အတုအယောင်တွေကြောင့်ပဲ ပေါ်ပေါက်လာနေတော့တာ ဖြစ်ပါတယ်။ ပိုဆိုးတာက ဒီသူတော်ကောင်း အတုအယောင်တွေကို အတုအယောင်မှန်း မသိဘဲ ဆည်းကပ်ခစား ကိုးကွယ်နေကြတဲ့ သူတွေကြောင့် အတုအယောင်တွေရဲ့ လွှမ်းမိုးသက်ရောက်မှုတွေဟာ ပိုပိုဆိုးလာ နေတော့တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ (၂)လလောက်က မြန်မာပြည် ပြန်တုန်းကတောင် စာဖတ်ပရိတ်သတ် တစ်ယောက်က အင်တာနက် မှာ ပြန့်နေတဲ့ ဘုန်းကြီးတစ်ပါးရဲ့ စိတ်ဓာတ်မြင့်တင်ရေး သင်တန်းဆိုလား၊ ဘာဆိုလားမသိဘူး၊ အရှင်ဘုရား ကြည့်ကြည့်ပါဆိုပြီး လာပေးသွားလို့ ကြည့်ဖြစ်လိုက်ပါသေးတယ်။ ကြည့်ကြည့်လိုက်တော့ ဘုန်းကြီးက လူတွေကို အကသင်တန်း ပေးနေတဲ့ အကြောင်းဖြစ်နေပါတယ်။ သင်တန်းမစခင် ရှေ့ကပြောသွားတဲ့ သူတွေကြည့်ရတာလည်း အဆင့်မြင့်မြင့် ပုဂ္ဂိုလ်တွေထဲက ဖြစ်နိုင်သလို လိုက်ပြီးကနေကြတဲ့ သူတွေကလည်း အဖွားအရွယ်၊ အဘိုးအရွယ်၊ အမေအရွယ် စသဖြင့် အသက်အရွယ်အစုံ ပါနေကြပြန်ပါတယ်။ ပညာတတ်လို့ ပြောတဲ့သူတွေလည်း ပါကောင်းပါနိုင်ပါတယ်။ အဲဒီဘုန်းကြီးရဲ့ သင်တန်းကို ကြည့်လိုက်ရတော့ တကယ့်ကို ရင်ထဲမှာ မကောင်းပါဘူး။ သာသနာတော်အတွက် အနှောက်အယှက် တစ်ခုလို ခံစားရတဲ့အပြင် ဘုရားရှင်ကို လည်း အားနာမိပါတယ်။ သာသနာ့ဝင်ထမ်း အချင်းချင်း ကြည့်ရတာကိုက ရှက်စရာဖြစ်နေခဲ့ပါတယ်။

ဒါဟာ သာသနာတော်ကို ခုတုံးလုပ်တဲ့ သူတော်ကောင်း အတုအယောင်လို့ ဘုန်းဘုန်းတို့က မြင်ပါတယ်။ ဘုရားသာသနာကိုချစ်တဲ့ ဘုရားအာဏာစက်ဖြစ်တဲ့ ဝိနည်းတော်ကို လေးစားတဲ့ ဘုရားသားတော်တွေဆို ဘုရားအာဏာစက်ကို လျစ်လျူရှုပြီး ဒီလိုအလုပ်မျိုးကို လုပ်မှာမဟုတ်ပါဘူး။ ခုဟာက သာသနာတော်ရဲ့ အရှိန်ကိုယူ၊ သင်္ကန်းတော်ကို ခုတုံးလုပ်ပြီး ကိုယ့်ထင်ပေါ် ကျော်ကြားရေးအတွက် လုပ်တာလို့ပဲ မြင်ပါတယ်။ လုပ်ချင်ရင် လူ့ဘဝနဲ့ ဝိနည်းလွတ် လုပ်ပေါ့။ ခုဟာက သင်္ကန်းကြီး တကားကားနဲ့ ကြည့်ရတာကိုက အဆင် မပြေလှပါဘူး။ တရားဟောတာ မဟုတ်ဘူးလို့ သူတို့က ပြောထားပါသေးတယ်။ တရားဟောတာ မဟုတ်ရင် ဒါဆိုမတရား ဟောနေတဲ့ သဘောပါပဲ။ လူ့လောကမှာ လူဝတ်ကြောင်အနေနဲ့ လုပ်လို့မရလို့ သင်္ကန်းဝတ်နဲ့ လာလုပ်တာလို့ပဲ ဘုန်းဘုန်းတို့တော့ မြင်ပါတယ်။ ကြည့်ရတာ ဘုန်းကြီးတစ်ပါးက အေရိုးဗစ်သင်တန်း ပေးနေ သလိုပါပဲ။ ဘုရားရှင်သာရှိရင် မောဃပုရိသ - မဂ်ဖိုလ်မပြီး အချည်းနှီးသော ယောက်ျားလို့ ပြစ်တင်ပြောဆို ကာ သာသနာတော်ကနေ နှင်ထုတ်လိုက်မှာ အမှန်ပါပဲ။

ဘဝသံသရာ လွတ်ရာလွတ်ကြောင်း အကျင့်ကောင်းကို မလုတ်ဘဲ အခိုက်အတန့် အဆင်ပြေရေး အလုပ်တွေ လုပ်နေသလို ဖြစ်နေတဲ့အတွက် ဘယ်လိုသူတော်ကောင်းတွေက ကြည့်ကြည့် ဒီအလုပ်ဟာ သာဓုခေါ်စရာ အလုပ်မဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်။ သူတော်ကောင်း အမည်ခံထားတဲ့ သူတွေရဲ့ အလုပ်ကိုက သာဓု ခေါ်စရာ အလုပ်မဟုတ်ဘူးဆိုရင် သူ့ရဲ့အလုပ်ဟာ မမှန်တဲ့အလုပ်ဆိုတာ ထင်ရှားနေပါတယ်။ သာဓုခေါ်ဖို့မလို သာဓုခေါ်စရာ မရှိတဲ့ အလုပ်ကိုမှ လိုက်ပြီးလုပ်နေကြတဲ့ သူတွေကလည်း ရှိနေပြန်တော့ အတုအယောင်တွေ နောက် တုယောင်ပြီး ရောက်ကုန်ကြတဲ့ သူတို့အတွက် စိတ်မကောင်းစရာပဲ ဖြစ်ပါတယ်။

ရှိပါစေတော့။ ပြောချင်တာက အတုအယောင် အမျိုးမျိုး ပေါ်နေတဲ့အထဲမှာ သူတော်ကောင်း အတုအယောင် တွေနဲ့ သူတော်ကောင်းတရား အတုအယောင်တွေလည်း အများကြီး ပေါ်ပေါက်နေတယ်ဆိုတာ ပြောချင်တာ ဖြစ်ပါတယ်။ ဒီလို သူတော်ကောင်း အတုအယောင်တွေနဲ့ သူတော်ကောင်းတရား အတုအယောင်တွေ များများ လာရင် အစစ်အမှန် သူတော်ကောင်းတရားတွေဟာ တဖြည်းဖြည်း အားနည်းလာနိုင်စရာ ရှိတဲ့အတွက် စစ်မှန်တဲ့ သူတော်ကောင်းတရားများ အရှည်တည်တံ့ ပြန်ပွားစေဖို့ သူတော်ကောင်းတွေ အနေနဲ့ စွမ်းအား ရှိသလောက် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ သူတော်ကောင်းတရား အတုအယောင်တွေ အားမကောင်းခင် အစစ်အမှန် သူတော်ကောင်းတရားတွေ မဆိတ်သုဉ်းခင် အတုအယောင်တွေကို ဝိုင်းဝန်းသုတ်သင် ဖယ်ရှား ပစ်ကြဖို့လည်း ဆရာဒကာများမှာ အထူးတာဝန် ရှိနေပြီ ဖြစ်ပါတယ်။

ဗုဒ္ဓသာသနာ့ သမိုင်းတစ်လျှောက်ကို ပြန်ကြည့်မယ်ဆိုရင် ဒီလို သူတော်ကောင်းတရား အတုအယောင် တွေကြောင့် သူတော်ကောင်းအစစ် အမှန်တွေက တိုက်ထုတ်ပစ်ခဲ့ရတဲ့ သာဓကတွေလည်း အများကြီး ရှိခဲ့ပါတယ်။ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီး သုံးလလောက်မှာ အရှင်မဟာကဿပ မထေရ်ကြီး အမှူးရှိတဲ့ ရဟန္တာများဟာ ဘုရားဟော သူတော်ကောင်းတရား အစစ်အမှန်များ အရှည်တည်တံ့စေဖို့အတွက် ပထမ သင်္ဂါယနာ တင်ပွဲကြီး ကျင်းပပြုလုပ်ကာ ထိန်းသိမ်းစောင့်ရှောက် ခဲ့ကြသလို ဗုဒ္ဓဘုရား နိဗ္ဗာန်သွားပြီး နှစ်ပေါင်း (၁၀၀)ခန့်မှာ အရှင်ယသမထေရ်အမှူးရှိတဲ့ ရဟန္တာမထေရ်ကြီးများရဲ့ ဒုတိယအကြိမ်မြောက် ပြုလုပ်တဲ့ သင်္ဂါယနာ တင်ပွဲကြီးဟာလည်း သူတော်ကောင်းတရား အတုအယောင်များကို ဖယ်ရှားပစ်ကြတဲ့ ပွဲကြီးဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် သီရိဓမ္မာသောကမင်းကြီး လက်ထပ်မှာ တင်တော်မူခဲ့တဲ့ တတိယအကြိမ်မြောက် သင်္ဂါယနာပွဲကြီးဟာလည်း မင်းကြီးကိုယ်တိုင် ပါဝင်ခဲ့တဲ့ အတုအယောင် သူတော်ကောင်းတရားများကို သုတ်သင်တဲ့ ပွဲကြီးတစ်ခု ဖြစ်ခဲ့ပြီး အဲဒီသင်္ဂါယနာပွဲကြီး ပြီးတဲ့နောက် ကိုးတိုင်းကိုးဌာနသို့ သာသနာပြု စေလွှတ်ခဲ့တဲ့ မင်းကြီးရဲ့ ရည်ရွယ်ချက်ဟာလည်း အစစ်အမှန် သူတော်ကောင်းတရားများ အရှည်တည်တံ့ ပြန့်ပွား စေရေးအတွက် လုပ်ခဲ့တဲ့ သူတော်ကောင်းတရား ထိန်းသိမ်းစောင့်ရှောက်မှုရဲ့ ပြယုဂ်ကောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။

သာသနာ့ သမိုင်းတွေမှာ သူတော်ကောင်း အတုအယောင်တွေကို တိုက်ခိုက်ကျော်လွှားခဲ့တဲ့ ဒီလို လုပ်ရပ်တွေ ကြောင့်လည်း ဗုဒ္ဓရှင်တော်ဘုရား၏ သူတော်ကောင်းတရား အစစ်အမှန်များဟာ ဒီနေ့တိုင်အောင် ရပ်တည် နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို သူတော်ကောင်းတရား အစစ်အမှန်များကို ကြိုးကြိုးစားစား ထိန်းသိမ်း စောင့်ရှောက်နေတဲ့ကြားက အခုနောက်ပိုင်း ကြားရတဲ့ သတင်းတွေက သူတော်ကောင်း အတု အယောင်တွေရဲ့ သူတော်ကောင်းတရား အတုအယောင်များ တဖြည်းဖြည်း တစ်စခန်း ထလာနေတယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ ကြားရရုံတင်မဟုတ်ပါဘူး။ မျက်မြင်ကိုယ်တွေ့ပါ တွေ့လာခဲ့ရလို့လည်း သာသနာ အတွက်၊ သူတော်ကောင်းတရား အစစ်အမှန်များအတွက် အတော့်ကိုပဲ ရင်လေးနေမိပါတယ်။ ဒီကိစ္စဟာ ဆရာဒကာ အများပေါင်းပြီး ဖြေရှင်းရမယ့် ကိစ္စဖြစ်ပါတယ်။

ဆရာတွေပိုင်းကလည်း အစစ်အမှန် သူတော်ကောင်းတရားတွေကို ညွန်ပြနိုင်ဖို့၊ လမ်းပြနိုင်ဖို့ ကြိုးစားပေးရမှာ ဖြစ်သလို ဒကာဒကာမတွေဘက်ကလည်း သူတော်ကောင်းအတုအယောင်၊ သူတော်ကောင်းတရား အတု အယောင် တွေနောက် အလွဲမလိုက်မိကြဖို့ လိုပါတယ်။ ဆရာဖြစ်တဲ့၊ ဆရာလုပ်မယ့် ပုဂ္ဂိုလ်တွေအနေနဲ့ ဘုရားဟော တရားတော်တွေကို စနစ်တကျ လေ့လာသင်ယူကာ လက်တွေ့ကျင့်ကြံအားထုတ်ပြီး အဲဒီစာတွေ့ လက်တွေ့များကို ဗုဒ္ဓအလိုတော်ကျ တစ်ဆင့်ပြန်လည် ဖြန့်ဝေငှကြရမှာ ဖြစ်သလို ဒကာဒကာမတွေ အနေနဲ့လည်း ကိုယ့်ရဲ့ ကိုးကွယ်ဆည်းကပ်မှု အပိုင်းကို ဉာဏ်နဲ့ယှဉ်ပြီး ကိုးကွယ်ဆည်းကပ်နိုင်အောင် ကြိုးစားဖို့ လိုပါတယ်။ ဟိုလူကလာပြောလည်း ယုံလိုက်၊ ဒီလူကလာပြောလည်း ယုံလိုက်၊ ဟိုနား အုံးအုံး ကျက်ကျက် ဆိုလည်း သွားလိုက်၊ ဒီနား အုံးအုံးကျက်ကျက်ဆိုလည်း သွားလိုက် လုပ်တတ်တဲ့ မျက်ကန်း ယုံကြည်မှုမျိုး မဖြစ်စေဘဲ ကိုးကွယ်သင့်သလား၊ မကိုးကွယ်သင့်ဘူးလား၊ ဘုရားသာသနာကို တကယ် ပြုနေတာ လား၊ အတုအယောင်လားဆိုတာ ခွဲခြားစိစစ်ပြီး ကိုယ်ကိုယ်တိုင် ကိုယ့်ရဲ့ဉာဏ်နဲ့ ယှဉ်ပြီး ကိုးကွယ် ဆည်းကပ် သင့်ကြပါတယ်။

တကယ်တမ်းကျတော့ ဘုရားရှင်ရဲ့ တရားတော်အတိုင်း၊ ဘုရားရှင်ရဲ့ လမ်းညွှန်မှုအတိုင်းသာ လက်တွေ့ လိုက်နာ ကျင့်သုံးနိုင်ကြမယ်ဆိုရင် ဘယ်လိုစိတ်ဓာတ်မြှင့်တင်ရေး သင်တန်းတွေမှ တက်စရာ မလိုပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဘုရားရှင်ရဲ့ လမ်းညွှန်မှုတွေကိုက စိတ်ဓာတ်မြှင့်တင်ရေး၊ စိတ်ကောင်းရှိရေး၊ စိတ်ကျန်းမာရေး ကျင့်စဉ်တွေ ဖြစ်နေလို့ပဲ ဖြစ်ပါတယ်။ ဘုရားဟောကြား တရားတော်များရဲ့ ဂုဏ်တော် တွေကို ကြည့်ရင် သန္ဒိဋ္ဌိကဂုဏ်တော်ဆိုတာ ကိုယ်တိုင်ဒိဋ္ဌမျက်မြင် သိနိုင်ခြင်းဆိုတဲ့ ဂုဏ်တော်၊ ဧဟိပဿိက ဂုဏ်တော် ဆိုတာ လာပါလုပ်ကြည့်လှည့်ပါလို့ ဖိတ်ခေါ်ကာ မှတ်ကျောက်တင်ခံနိုင်တဲ့ ဂုဏ်တော်၊ ပစ္စတ္တံ ဝေဒိတဗ္ဗဝိညူဟိ ဂုဏ်တော်ဆိုတာ ဘယ်သူမဆို လက်တွေ့လုပ်နိုင်ရင် လုပ်နိုင်သလောက် အကျိုးထူးတရားကို ရရှိခံစားနိုင်တဲ့ ဂုဏ်တော် စသဖြင့် လက်တွေ့ဆန်တဲ့၊ လက်တွေ့အကျိုးကျေးဇူးကို ဖြစ်စေတဲ့ သဘောတွေကို တွေ့နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဟိုဟိုဒီဒီ နည်းတွေနဲ့ ဟိုယောင်ယောင် ဒီယောင်ယောင် လုပ်နေကြမယ့် အစား တကယ့်ကို စိတ်ဓာတ်မြင့်ချင်တယ်၊ စိတ်အစဉ်ငြိမ်းချင်တယ်ဆိုရင် ဘုရားဟောအတိုင်းသာ လက်တွေ့ လိုက်နာ ကျင့်သုံးနေထိုင်ကြည့်ပါလို့ ဆိုခြင်းဖြစ်ပါတယ်။

ဆိုလိုတာက အတုအယောင်များ တစ်မျိုးပြီးတစ်မျိုး ပေါ်ပေါက်လာနေတဲ့အချိန်မှာ သူတော်ကောင်းအတု အယောင်တွေ၊ သူတော်ကောင်းတရား အတုအယောင်တွေလည်း အမျိုးမျိုး ပေါ်ပေါက်လာနေကြမှာ ဖြစ်တဲ့ အတွက် စစ်မှန်တဲ့ သူတော်ကောင်းတရားတွေနဲ့ တွေ့ကြုံခံစားနိုင်ဖို့ ကိုယ်ကိုယ်တိုင်ပဲ ကိုယ့်ရဲ့သဒ္ဓါ၊ ပညာ၊ သတိ တရားတွေကို လက်ကိုင်ထားပြီး ခွဲခြားစိစစ်ကာ လိုက်နာကျင့်သုံးကြရမှာ ဖြစ်ကြောင်း၊ ယုံကြည်မှုကို မျက်ကန်းယုံကြည်မှုမျိုး မဖြစ်စေဘဲ အသိဉာဏ်နဲ့ ယှဉ်တဲ့ယုံကြည်မှုမျိုး ဖြစ်အောင် ကြိုးစားကြရမှာ ဖြစ်ကြောင်း၊ ယုံကြည်မှုလွန်ကဲပြီး ပညာအားနည်းရင် အလွဲကိုးကွယ်တတ်သလို၊ ပညာအားကောင်းပြီး ယုံကြည်မှု နည်းနေရင်လည်း စဉ်းလဲကောက်ကျစ်တတ်တဲ့ သဘောရှိတဲ့အတွက် သတိတရားနဲ့သာ သဒ္ဓါ ပညာ ညီမျှအောင် ကျင့်သုံးနေထိုင်ကြရမှာ ဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပါတယ်။

ဒါကြောင့် အချုပ်ပြောရရင် အတုအယောင်များ ပေါများလှတဲ့ ခေတ်ကြီးမှာ အတုအယောင်တွေနောက်ကို တုယောင်ပြီး ရောက်မသွားဖို့အတွက် အတုအစစ် ခွဲစိစစ်ပြီး အတုကိုပယ် အစစ်ကို သယ်နိုင်တဲ့ သူများ ဖြစ်အောင် ကိုယ်ကိုယ်တိုင်သာ ဉာဏ်နဲ့ယှဉ်ကာ ကြိုးစားလိုက်ကြပါလို့ တိုက်တွန်းရင်း သာဓုခေါ်နိုင်မယ့် သူတော်ကောင်းတရားတွေကို ဘုရားရှင်အလိုအတိုင်း လက်တွေ့လိုက်နာ ကျင့်သုံးနေထိုင်ကြဖို့ အလေးအနက် အသိပေး တင်ပြလိုက်ရပါတယ်။

အားလုံး အတုအစစ် ခွဲစိစစ်နိုင်ကြပါစေ… စာရေးသူ = အရှင်ဝိစိတ္တ (မနာပဒါယီ)

Nov 29, 2012

အဘိဓမ္မာ အကျဉ်းချုပ်

မြတ်စွာဘုရားရှင် အလောင်းတော်ကို မဟာ သက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်နေ့တွင် မိခင် မာယာဒေ၀ီမှ ဖွားမြင်တော်မူခဲ့ပါသည်။ အသက် (၂၉)နှစ်အရွယ်တွင် နန်းစည်းစိမ်နှင့်တကွ အားလုံး ကို စွန့်လွှတ်ကာ ဥရုဝေလ တောသို့ဝင်ခဲ့ပါသည်။ ဥရုဝေလတောတွင် ပင်ပန်း ဆင်းရဲ လှသော ဒုက္ကရ စရိယ အကျင့်ကို ၆နှစ် ကာလပတ်လုံး ကျင့်ခဲ့ ပါသည်။ နောင်တွင် ထိုအကျင့် များကို စွန့်လွှတ်ပြီး မဇ္ဈိမပဋိပဒါ ဟူသော မဂ္ဂင်ရှစ်ပါး အကျင့်ကို ကိုယ်တော် တိုင် ကျင့်သုံး တော်မူခဲ့ပါသည်။ ထိုမဂ္ဂင်ရှစ်ပါး အကျင့်ဖြင့် ဂေါတမ ဘုရားရှင်သည် မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် သမ္မာသမ္ဗုဒ္ဓ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့ ပါသည်။ ဘုရားဖြစ်ပြီးနောက် - သတ္တမ ၀ါကို တာဝတိံသာ နတ်ပြည်မှာ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတ နတ်သားကို အမှူး ထားကာ တာဝတိံတာနတ်ပြည်ရှိ ပင်လယ် ကသစ်ပင်ရင်း ပဏ္ဍုကမ္ဗလာ မြကျောက်ဖြာ ထက်တွင် အဘိဓမ္မာ ဒေသနာ တော်ကို ရက်ပေါင်း (၉၀) ၀ါတွင်းသုံးလပတ်လုံး အသံမစဲ ဟောတော်မူ ပါသည်။ အဘိဓမ္မာတရား ဒေသနာ တော်ကို နည်း (၃) နည်း ဖြင့် ဟောကြား ခဲ့ပါသည်။

အကျယ်နည်း - ဗုဒ္ဓမြတ်စွာသည် မယ်တော်ကို ကျေးဇူးဆပ်လိုခြင်း၊ မိဘကျေးဇူးကို သတ္တ၀ါတို့ နားလည်စေလိုခြင်း၊ အဘိဓမ္မာတရားကို အစအဆုံး တထိုင်တည်း ဟောကြားလိုခြင်း၊ အဘိဓမ္မာ ဒေသနာတော်၏ ကျယ်ဝန်းနက်နဲမှုကို သိစေလိုခြင်း၊ လူတို့သက်တမ်းနှင့် သုံးလလောက်ဟောမှ ကုန်နိုင်မည့် တရားဖြစ်သည့် အတွက် လူတို့ ဣရိယာပုထ်ဖြင့် ဟောသူရော နာသူပါ မနေနိုင်ခြင်း တို့ကြောင့် အဘိဓမ္မာ အကျယ်နည်းကို တာဝတိံသာနတ်ပြည်၌ ဟောရခြင်း ဖြစ်ပါသည်။

အကျဉ်းနည်း - မြတ်စွာဘုရားသည် လူသား ဖြစ်တော် မူသည့်အတွက် ဆွမ်းခံခြင်း ဆွမ်းစားခြင်း ရေချိုး သန့်စင်ခြင်း စသည် ပြုလုပ်ရန် နိမ္မိတရုပ်ပွားတော်ကို အဓိဋ္ဌာန်ဖြင့် ဖန်ဆင်းပြီး လူ့ပြည်သို့ ကြွတော်မူရာတွင် ဟိမ၀န္တာစန္ဒကူးတော၌ နေ့သန့်စင် (အနားယူ) တော် မူခိုက် မြတ်စွာဘုရားက ရှင် သာရိပုတ္တရာအား အဘိဓမ္မာ တရားကို အကျဉ်းချုပ် နည်းဖြင့် ဟောတော်မူပါသည်။

မကျဉ်းမကျယ်နည်း - အရှင်သာရိပုတ္တရာက မြတ်စွာ ဘုရား ဟောခဲ့သည့် အကျဉ်းနည်းကို တပည့် ရဟန်း ငါးရာတို့အား မကျဉ်းမကျယ်နည်းဖြင့် ပြန်လည် ဟောတော် မူပါသည်။ နောက်တနေ့တွင် အရှင် သာရိပုတ္တရာက တပည့်ရဟန်း ငါးရားကို ဟောကြားသော အဘိဓမ္မာ ဒေသနာတော်အား မြတ်စွာဘုရားထံမှောက်၌ ပြန်လည်တင်ပြ အစစ်ဆေးခံကာ အတည်ပြုချက် ယူတော်မူ ခဲ့ပါသည်။

ဤသို့ဖြင့် အဘိဓမ္မာ ဒေသနာတော်ကြီးသည် ခုနစ်ဝါ မြောက်ဖြစ်သော မဟာသက္ကရာဇ် ၁၀၉ ခု ၀ါဆိုလပြည့် ကျော်(၁) ရက် မှ သီတင်းကျွတ်လပြည့် နေ့အထိ (၃)လ အတွင်း နည်း(၃)နည်းဖြင့် လူ့ပြည်၊ နတ်ပြည် တပြိုင်တည်း ပေါ်ထွန်းခဲ့ပါသည်။ ဗုဒ္ဓမြတ်စွာ ဘုရားရှင် သည် အဘိဓမ္မာဒေသနာတော်ကို ဟောကြားပြီး တာဝတိံသာနတ်ပြည်မှ သင်္ကဿ နဂိုရ်ပြည်သို့ သီတင်းကျွတ်လပြည့်နေ့တွင် ဆင်းသက်တော် လာသည်ကို ရည်စူးပြီး ဘုရားရှင်အား ပူဇော်သော အားဖြင့် ဆီမီးထွန်းကာ မီးထွန်းပွဲ ကျင်းပသော အစဉ် အလာသည် ရှေးဘိုးဘေများ လက်ထက်ကပင် ရှိခဲ့ ပါသည်။ ထို့အပြင်ဘုရားရှင်သည် မယ်တော် ဖြစ်ခဲ့ဖူးသော နတ်သားကို တာဝတိံသာ နတ်ပြည်၌ အဘိဓမ္မာခုနှစ်ကျမ်းကို ဟောကြားတော် မူပြီးနောက် သီတင်းကျွတ်လပြည့်နေ့တွင် လူပြည်သို့ သက်ဆင်း တော်မူသည်ကို အကြောင်းပြုလျှက် ဤနေ့ကို “အဘိဓမ္မာအခါတော်နေ့” ဟု သမုတ်ကာ အဘိဓမ္မာ ရွတ်ဖတ်ပူဇော်ပွဲများလည်း ကျင်းပကြပါသည်။

အဘိဓမ္မာတရားတော်ကို တစ်နေရာတည်း၌ တစ်ဆက် တည်း ဟောကြားသော တရားရှည်ကြီး တစ်ပုဒ် ဖြစ်သော်လည်း ဟောပုံဟောနည်းအမျိုးမျိုးကို သုံး၍ ဟောကြားထားသဖြင့် ဟောနည်းအရ ကျမ်းခုနှစ်ကျမ်း ခွဲခြားထားပါသည်။
အဘိဓမ္မာပါဠိတော် ၇-ကျမ်း
ဓမ္မသင်္ဂဏီ, ၀ိဘင်း, ဓာတုကထာ, ပုဂ္ဂလပညတ်, ကထာဝတ္ထု, ယမိုက်, ပဋ္ဌာန်း

အဘိဓမ္မာသင်္ဂြိုဟ်ကျမ်း
ထိုသို့ ကျယ်ဝန်းလှသော အဘိဓမ္မာပိဋက၏ အနှစ် သာရကို ထုတ်နှုတ်၍ အဘိဓမ္မာ၏ သဘောသရုပ်ကိုရဟန်း ရှင် လူအပေါင်းတို့ အလွယ်တကူ လေ့လာ ဆည်းပူးနိုင်ရန်အလို့ငှာ အိန္ဒိယနိုင်ငံတောင်ပိုင်း ကဉ္စိပူရအရပ်တွင် သီတင်းသုံးတော်မူခဲ့ဖူးသော အရှင် အနုရုဒ္ဓါမထေရ်က သီဟိုဠ်ကျွန်းဝယ် သီတင်းသုံးခိုက် အဘိဓမ္မတ္ထသင်္ဂဟ အမည်ရှိသော အဘိဓ္မာအဖွင့် ကျမ်းတစ်စောင်ကို ပြုစုတော်မူခဲ့ပါသည်။
(အဘိဓမ္မတ္ထသင်္ဂဟ = အဘိဓမ္မ + အတ္ထ + သံ + ဂဟ = အဘိဓမ္မာဒေသနာတော်၏ + အနက် အဓိပ္ပါယ် အကျယ် များကို + အကျဉ်းချုံး၍ + ယူရာဖြစ်သောကျမ်း။ သင်္ဂဟ ကို သက္ကတဘာသာဖြင့် သံဂြဟ ဟု ရေး၏။ မြန်မာတို့က သင်္ဂြိုဟ် ဟု ဝေါဟာရပြုလိုက်ပါသည်။ အကျဉ်းချုံး၍ အနှစ်ထုတ်ယူခြင်း ဟု အဓိပ္ပာယ်ရပါသည်။)

ထိုကျမ်းငယ်လေးအား သင်္ဂြိုဟ် ၉-ပိုင်းခေါ် အောက်ပါ အခန်း ၉-ခန်းဖြင့် ဖွဲ့စည်းထားပါသည်။

၁။ စိတ်ပိုင်း- စိတ် အကျဉ်း ၈၉-ပါး၊ အကျယ် ၁၂၁-ပါးကို ပြသော အခန်း
၂။ စေတသိက်ပိုင်း - စေတသိက် ၅၂-ပါးနှင့် စိတ်-စေတသိက်တို့ယှဉ်ပုံပြသော အခန်း
၃။ ပကိဏ်းပိုင်း - စိတ်, စေတသိက်တို့ကို ဝေဒနာ, ဟိတ်, ကိစ္စ, ဒွါရ, အာရုံ, ၀တ္ထုအားဖြင့် အထွေထွေ အလီလီ ခွဲခြားဝေဖန်ပြသော အခန်း
၎။ ၀ီထိပိုင်း - ဒွါရခြောက်ပါးတွင် ၀ီထိ ခေါ် သိစိတ် အစဉ်တို့ဖြစ်ပေါ်ပုံ စိတ္တနိယာမကို ပြသောအခန်း
၅။ ၀ီထိမုတ်ပိုင်း – ရှေ့အခန်းတွင်ပြခဲ့သော ၀ီထိတို့မှ လွတ်နေသော ဘ၀င်, စုတိ, ပဋိသန္ဓေအခိုက်တို့၌ စိတ်အစဉ်ဖြစ်ပုံ ပြသော အခန်း
၆။ ရုပ်ပိုင်း - ရုပ် ၂၈-ပါး၊ ရုပ်ဖြစ်ပုံ၊ ရုပ်အစဉ်နှင့် နိဗ္ဗာန်အကြောင်းတို့ကို ဖော်ပြသော အခန်း
၇။ သမုတ်စည်းပိုင်း - စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်တို့အား အဘိဓမ္မာကျမ်းကြီးများတွင်ကဲ့သို့ ခန္ဓာ, အာယတန, ဓာတ်စသဖြင့် အုပ်စုဖွဲ့စည်းပြသော အခန်း
၈။ ပစ္စည်းပိုင်း - အကြောင်းအကျိုးဆက်နွယ်ပုံတို့ကို ပဋိစ္စသမုပ္ပါဒ်နည်း၊ ပဋ္ဌာန်းနည်းဖြင့် ပြသော အခန်း
၉။ ကမ္မဋ္ဌာန်းပိုင်း - သမထ, ၀ိပဿနာကမ္မဋ္ဌာန်းတို့ကို ပြသော အခန်း


အဘိဓမ္မာပါဠိတော်၊ အဋ္ဌကထာကြီးများအား မလေ့လာမီ၊ အဘိဓမ္မာ အခြေခံရစေရန် သင်္ဂြိုဟ်ကို လေ့လာ ကြရ သည်။ သင်္ဂြိုဟ်ကျမ်းတွင် “အဘိဓမ္မာတွင် စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်” ဟူသော ပရမတ္ထအပြား လေးပါးရှိသည်” စသဖြင့် အကျဉ်းအားဖြင့် ခြုံငုံ ဖော်ပြ သဖြင့် စတင်လေ့လာ သူတို့အတွက် လွယ်ကူစေသည်။ ထို့ကြောင့် သင်္ဂြိုဟ် ကျမ်းအား “အဘိဓမ္မာသင်ပုန်းကြီး” ဟုလည်း ခေါ်ဝေါ်ကြသည်။
ရေးသားပူဇော်သူ
ဦးအံ့ထူးနိုင်
အဘိဓမ္မာအသင်းကြီး

သာသနာအသက်ပညတ်ချက် ဝိနည်းပိဋက

“ဘန္တေ မဟာကဿပ ‘ဝိနယော နာမဗုဒ္ဓသာသနဿ အာယု၊ ဝိနယေ ဌိတေ သာသနံ ဌိတံ ဟောတိ’၊ တသ္မာ ပဌမံ ဝိနယံ သင်္ဂါယာမ”။ “အသျှင်မဟာ ကဿပ ‘ဝိနည်း မည်သည်ကား သာသနာတော်၏ အသက်ပါတည်း၊ ဝိနည်းတည်သည်ရှိသော် သာသနာတော်တည်သည်မည်ပါ၏'။ ထို့ကြောင့်ဝိနည်းကို ရှေးဦးစွာ သံဂါယနာတင်ကြပါကုန်အံ့”

အထက်ပါစကားရပ်မှာ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်တော်မူပြီးသည့်နောက် ၃-လကျော်အချိန် ပဌမ သံဂါယနာ တင်အံ့သောအခါဝယ် “ငါ့ရှင်တို့ အဘယ်ပိဋကကို ရှေးဦးစွာ သံဂါယနာ တင်ကြကုန်အံ့နည်း၊ သုတ် အဘိဓမ္မာကိုပင် ရှေးဦးစွာ သံဂါယနာ တင်ကုန်အံ့လော ၊ ဝိနည်းကိုပင် ရှေးဦးစွာ သံဂါယနာ တင်ကြကုန်အံ့လော” ဟု ပဌမ သံဂါယနာ သံဃနာယက အသျှင်မဟာ ကဿပ မထေရ်မြတ်ကမေးတော်မူရာ၌ ဝိနည်းပိဋကကို ရှေးဦးစွာ သံဂါယနာ တင်တင့်ကြောင်း သံဃာတော်များက လျှေက်ထားသော စကားရပ်ပင် ဖြစ်ပေသည်။

ထိုအကျိုးကြောင်းပြ၍ လျှေက်ထားသော စကားရပ်အတိုင်းပင် ပဌမ သံဂါယနာမှစ၍ သံဂါယနာအဆက်ဆက်၌ သာသနာတော်၏ အသက်ဖြစ်သော ဝိနည်းပိဋကတော်ကို အဦးအစထား၍ သံဂါယနာ တင်ခဲ့ကြပေသည်။ ဝိနည်းတရားတော်သည် ကာယကံမှု ဝစီကံမှုတို့ကို ယဉ်ကျေးသိမ်မွေ့စေ၍ ကာယဒွါရ ဝစီဒွါရ၌ဖြစ်လတံ္တ့သော အပြစ်တို့ကို ပိတ်ဆို့တားဆီးတတ်သည့် ဘုရားဥပဒေတော်ကြီးပင်ဖြစ်ပေရာ အဦးအစထား၍ သံဂါယနာတင်ရလောက်အောင်လည်း အရေးကြီးလှပါပေသည်။

အဓိသီလတရားများဖြစ်သော ဝိနည်းတရားတော်သည် ဟိရီ၊ ဩတ္တပ္ပဟူသော လောကပါလတရားများကို မြဲမြံခိုင်ခံ့ အရှည်တည်တံ့စေလျက် ကောင်းမွန်စွာ ကျင့်သုံးတော်မူကြကုန်သော ရဟန်းတော်တို့အား သီလ၏ပြည့်စုံခြင်းကို အမှီပြု၍ ဝိဇ္ဇာသုံးပါးတရားသို့ရောက်ကာ နိဗ္ဗာန်ပေါက် ပို့ပေးနိုင်သည်ကို ထောက်၍ သာသနာတော်တွင် မည်မျှအရေးကြီးကြောင်း သိသာနိုင်ပေသည်။ ဝိနည်းပိဋကကို အာဏာထားခြင်းငှာထိုက်သော မြတ်စွာဘုရားသည် များသောအားဖြင့် အာဏာတော်ကို ပဓာဏထား၍ဟောတော်မူအပ်သောကြောင့် “အာဏာဒေသနာ” ဟူ၍၎င်း၊ ကာယဒွါရ ဝစီဒွါရတို့ဖြင့် လွန်ကျူးခြင်း၏ ဆန့်ကျင်ဖက်ဖြစ်သော သေးငယ်သောစောင့်စည်းခြင်း ကြီးသောစောင့်စည်းခြင်း ကိုဟောရာဖြစ်သောကြောင့် “သံဝရာသံဝရကထာ” ဟူ၍၎င်းမှည့်ခေါ်ထားရလေသည်။

ထိုဝိနည်းပိဋကတော်သည် သံဂါယနာ တင်သောအစဉ်အားဖြင့် —
၁။ ဘိက္ခုဝိဘင်္ဂ [ဘိက္ခု =ရဟန်း + ၀ိဘင်္ဂ = အကျယ်ဝေဖန်။]
ရဟန်းယောက်ျားများနှင့်ဆိုင်သော သိက္ခာပုဒ်ကို အကျယ်ဝေဖန်ပြရာအပိုင်း ။
၂။ ဘိက္ခုနီဝိဘင်္ဂ [ဘိက္ခုနီ =ရဟန်းမိန်းမ + ၀ိဘင်္ဂ = အကျယ်ဝေဖန်။]
ရဟန်းမိန်းမများနှင့်ဆိုင်သော သိက္ခာပုဒ်ကို အကျယ်ဝေဖန်ပြရာအပိုင်း ။
၃။ မဟာဝဂ္ဂ [မဟာ = ကြီးကျယ်သော + ဝဂ္ဂ = အပေါင်းအစု။]
မဟာခန္ဓက၊ ဥပေါသထက္ခန္ဓက စသောကြီးကျယ်ရှည်လျားသော အကြောင်းအရာများကို ဖော်ပြသောအပိုင်း ။
၎။ စူဠဝဂ္ဂ [စူဠ = ငယ်သော + ဝဂ္ဂ = အပေါင်းအစု။ ]
ကမ္မခန္ဓက၊ ပါရိဝါသိကက္ခန္ဓက စသောငယ်သော၊ ဝါ-တိုသော အကြောင်းအရာများကို ဖော်ပြသောအပိုင်း ။
၅။ ပရိဝါရ [ပရိဝါရ = အခြံအရံ။]
ဝိနည်းဆိုင်ရာ အကြွင်းအကျန် ဆိုဖွယ်မရှိစေရန် အခြံအရံသဖွယ် သိမ်းကျုံးဖွင့်ပြရာအပိုင်း။
ဟူ၍ ၅-ပိုင်းရှိလေသည်။
၎င်း ငါးပိုင်းကို ကျမ်းစာအားဖြင့် ခွဲဝေလိုက်သော်
၁။ ပါရာဇိကပါဠိ (သာသနာတော် မှ ဆုံးရှုံးခြင်းသို့ ရောက်စေနိုင်သောအကြီးဆုံးအပြစ်)
၂။ ပါစိတ္တိယ ပါဠိ (ကုသိုလ်စိတ်ကို လျေကျစေတတ်သောအပြစ်)
၃။ မဟာဝဂ္ဂပါဠိ ( မဟာဝဂ္ဂပါဠိတော်)
၎။ စူဠဝဂ္ဂပါဠိ (စူဠဝဂ္ဂပါဠိတော်)
၅။ ပရိဝါရပါဠိ (ပရိဝါရပါဠိတော်)
ဟူ၍ ၅-ကျမ်းဖြစ်လာလေသည်။
အထူးမှတ်သားသင့်သည်ကား... ရဟန်းယောက်ျား‘ဘိက္ခု’ တို့ကျင့်အပ်သော ၂၂၇-သွယ်သော သိက္ခာပုဒ်တို့နှင့် ရဟန်းမိန်းမ‘ဘိက္ခုနီ’ တို့ကျင့်အပ်သော ၃၀၄-ပါးသော သိက္ခာပုဒ်တို့ကို ပါရာဇိကပါဠိ နှင့် ပါစိတ္တိယပါဠိကျမ်းနှစ်ကျမ်းဖြင့် အပြည့်အစုံဖော်ပြကာ ကျန်သောသုံးကျမ်းဖြင့် ဝိနည်းဆိုင်ရာ သိမှတ်ဖွယ်ရာ အဖြာဖြာတို့ကို စုံလင်စွာဖော်ပြထားခဲ့သည်ဟူသော အချက်ပင်ဖြစ်လေသည်။ အဆိုပါဝိနည်းကျမ်းများကို အောက်ဖော်ပြပါလင့်ခ်များမှ လေ့လာမှတ်သားကြည်ညိုပူဇော်တော်မူကြပါကုန်...
ဝိနည်းပိဋက (မြန်မာပြန်)
(က) ပါရာဇိကဏ် ပါဠိတော် မြန်မာပြန်
(ခ) ပါစိတ် ပါဠိတော် မြန်မာပြန် - ဘိက္ခုပါစိတ်
(ဂ) ပါစိတ် ပါဠိတော် မြန်မာပြန် - ဘိက္ခုနီဝိဘင်း
(ဃ) မဟာဝဂ် ပါဠိတော် မြန်မာပြန်
(င) စူဠ၀ဂ် ပါဠိတော် မြန်မာပြန်
(စ) ပရိဝါရ ပါဠိတော် မြန်မာပြန်

အဘိဓမ္မာရာဇ၀င်အကျဉ်းချုပ်

အဘိဓမ္မာအစ “ရတနာဃာရ” ရွှေအိမ်က
မြတ်စွာဘုရားသခင်သည် သဗ္ဗညုတဥာဏ်ကို ရရှိပြီးနောက် စတုတ္ထသတ္တာဟ “ရတနာဃရ” ရွှေအိမ်တော်၌ အဘိဓမ္မာတရားတော်(အဘိဓမ္မာ ၇-ကျမ်း)ကို သဗ္ဗညုတဥာဏ်တော်ကြီးဖြင့် ၇ရက်တိုင်တိုင် ဆင်ခြင်သုံးသပ်တော်မူခဲ့သည်။

အဘိဓမ္မာဟောခြင်းအစ “တာဝတိံသာ” က
ဘုရားဖြစ်ပြီး သတ္တမ၀ါမြောက်ကာလ၌ တာဝတိံသာနတ်ပြည်တွင် ၀ါကပ်တော်မူပြီး ဘုရားရှင်တိုင်းဟောတော်မူမြဲဖြစ်သော အဘိဓမ္မာဒေသနာတော်ကို မယ်တော်ဖြစ်ခဲ့ဖူးသည့် သန္တုဿိတနတ်သားကို အမှူးထား၍ စကြာဝဠာပေါင်း တိုက်တစ်သောင်းမှ သောင်းသောင်းဖြဖြ လာရောက်ဆည်းကပ်ကုန်သော နတ်ဗြဟ္မာတို့အား ၀ါတွင်း၃-ပတ်လုံး(မဟာသက္ကရာဇ် ၁၀၉-ခု၊ ၀ါဆိုလပြည့်ကျော် ၁-ရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့အထိ) နေ့ရောညပါ အသံမစဲ ဟောကြားတော်မူသည်။

ဟောကြားတော်မူပုံအစီအစဉ်
တာဝတိံသာ၌ အဘိဓ္မာတရားတော်ကို အသံမစဲ ဟောကြားနေစဉ်အတွင်း နေ့စဉ်နေ့တိုင်းနံနက်ဆွမ်းခံချိန်(၉-နာရီ)ရောက်လျှင် ပကတိမြတ်စွာဘုရားကို ဖန်ဆင်းတော်မူပြီး “ဤနေရာမှ ဤနေရာအထိ ဤနည်းဖြင့်ဟောကြားတော်မူစေသတည်း” ဟုအဓိဋ္ဌာန်ပြုတော်မူ၍ သပိတ်သင်္ကန်းကို ဆောင်ယူကာ ဟိမ၀န္တာအနောတ္တရေအိုင်သို့ ကြွဆင်းတော်မူသည်၊ ရေချိုးသန့်စင်ပြီးနောက် ဥတ္တရဂုရု(မြောက်ကျွန်း) သို့ဆွမ်းခံတော်မူပြီးနောက် အနောတ္တရေအိုင်ဆိပ်ကမ်းသာမှာ အေးချမ်းစွာဆွမ်းဘုဉ်းပေးတော်မူသည်၊ ပြီးနောက်နေ့သန့်စင် (အနားယူ)ရန်အတွက် စန္ဒကူးတောသို့ကြွတော်မူသည်။

ထိုအခါ ရှင်သာရိပုတ္တရာမထေရ်ကြွရောက်ကာ မြတ်စွာဘုရားအား ၀တ်ကြီးဝတ်ငယ် ပြုစုပြီးအပြစ်ခြောက်ပါး ကင်းရာအရပ်မှာ ထိုင်၍ခစားတော်မူသည်။ ဤတွင်မြတ်စွာဘုရားက “ချစ်သား- သာရိပုတ္တရာ၊ ငါဘုရားသည် ဤမျှသောတရားကို ဤသို့သောအခြင်းအရာဖြင့် ဟောကြားအပ်ပြီ” ဟုနည်းပေးညွှန်ပြလျက်အကျဉ်းချုပ်(သင်္ခေပနယ-အကျဉ်းနည်း)အားဖြင့် ဟောကြားတော်မူလေသည်။

အရှင်သာရိပုတ္တရာမထေရ်ကလည်း ပဋိသမ္ဘိဒါ ၄-ပါးဖြင့် အကျယ်ချဲ့ကာ သိမြင်တော်မူပြီး တပည့်ရင်းရဟန်း ၅၀၀- တို့အား(နာတိဝိတ္တာရ- နေတိသင်္ခေပနယ) မကျဉ်းမကျယ်နည်းဖြင့် တစ်ဖန်ပြန်၍ ဟောကြားပို့ချသင်ကြားပေးတော်မူခဲ့သည်။ နောက်တစ်နေ့တွင် စန္ဒကူးတော မြတ်စွာဘုရားထံမှောက်၌ ပြန်လည်တင်ပြ အစစ်ဆေးခံရာ မြတ်စွာဘုရားက အတည်ပြုလက်ခံတော်မူသည်။

ထို့ကြောင့် အဘိဓမ္မာဒေသနာတော်သည် နည်း(၃)နည်းဖြင့် လူ့ပြည်နတ်ပြည်တစ်ပြိုင်တည်းပေါ်ထွန်းခဲ့သည်။ ဤတွင် အကျဉ်းနည်းနှင့်အကျယ်နည်းကို မြတ်စွာဘုရားဟောကြားတော်မူခဲ့၍ မကျဉ်း-မကျယ်နည်းကိုရှင်သာရိပုတ္တရာမထေရ် ပြန်လည်ဟောကြားတော်မူခြင်းဖြစ်သည်။ အဘိဓမ္မာဒေသနာတော်သည် သမ္မာသမ္ဗောဓိဥာဏ်(သဗ္ဗညုတဥာဏ်)တော်အရသာ ဖြစ်ခြင်းကြောင့် ဘုရားရှင်မှလွဲ၍ မည့်သည့်ပုဂ္ဂိုလ်မှ စတင်တီထွင်မဟောကြာနိုင်ချေ။

အဘိဓမ္မာလေ့လာမှုတိုးတက်လာပုံ
သာသနာနှစ် (၅၀၀)ကျော်လောက်မှစ၍ သီဟိုဠ်၌ အဘိဓမ္မာလေ့လာလိုက်စားမှု ခေတ်စားလာပြီး အဘိဓမ္မာကျမ်းပြပုဂ္ဂိုလ်များသည် တစ်ပါးပြီးတစ်ပါးပေါ်ထွက်လာခဲ့ပေသည်။

သာသနာနှစ် (၉၃၀)ခန့်တွင် ပေါ်ထွန်းခဲ့သည့် အဘိဓမ္မာပထမဆုံးကျမ်းပြပုဂ္ဂိုလ်မှာ အရှင်မဟာဗုဒ္ဓဃောသဖြစ်ပါသည်။ ပထမအဋ္ဌကထာဆရာတော်လည်း ဖြစ်ပေသည်။ အကျဉ်းကို အကျယ်ချဲ့ရာတွင် နာမည်ကျော်ကြားခဲ့ပေသည်။

အရှင်ဗုဒ္ဓတ္ထမထေရ်မြတ်သည် အရှင်မဟာဗုဒ္ဓဃောသနှင့် တစ်ခေတ်တည်းပေါ်ပေါက်လာခဲ့သော ကျမ်းပြုပုဂ္ဂိုလ်တစ်ပါးဖြစ်ပါသည်။ ဒုတိယအဋ္ဌကထာဆရာတော်လည်းဖြစ်ပေသည်။ အကျယ်ကိုအကျဉ်းချုံးရာတွင် နာမည်ကျော်ကြားခဲ့ပေသည်။ အိန္ဒယတောင်ပိုင်းသားများ ဖြစ်ကြပေသည်။ ထေရ၀ါမဟာဝိဟာရ၀ါသိဂိုဏ်းခေါင်းဆောင်ဆရာတော်များ ဖြစ်ကြပေသည်။

သာသနာနှစ် (၁၁၀၀-၁၂၀၀) အတွင်းတွင် အဘိဓမ္မာဋီကာ ကျမ်းပြုဆရာတော်အရှင်အာနန္ဒာမထေရ်ပေါ်ထွန်းခဲ့ပေသည်။ ထိုဆရာတော်သည် အရှင်မဟာဗုဒ္ဓဃောသ၏ အဘိဓမ္မာအဋ္ဌာကထာများကို ဋီကာကျမ်းများနှင့်ရှင်းလင်းဖွင့်ဆိုပေးခဲ့ပေသည်။ မူလဋီကာကျမ်းဟု မော်ကွန်းတင်ခဲ့ပေသည်။

မူလဋီကာ၌ မရှင်းလင်းသောအချက်များကို အနုဋီကာဖြင့် ထပ်ဆင့်ရှင်းလင်းဖွင့်ဆိုခဲ့သောပုဂ္ဂိုလ်မှာ အရှင်ဓမ္မပါလမထေရ်ဖြစ်ပေသည်။ ၄င်းပြင် အဋ္ဌကထာ ၈-ကျမ်းနှင့်ဋီကာ ၇-ကျမ်းများကို ပြုစုခဲ့ပေသည်။ ထို့ကြောင့်အဋ္ဌကထာဆရာတော်အဖြစ်ရော၊ ဋီကာဆရာအဖြစ်ရော ကျော်ကြားခဲ့ပေသည်။ အရှင်မဟာဗုဒ္ဓဃောသ ပြီးပါက အကျော်ကြားဆုံးဖြစ်ပါသည်။

၁၅-ရာစုခန့်တွင် သီဟိုဠ်ကျွန်း၌ အရှင်အနုရုဒ္ဓါမထေရ်မြတ် ပေါ်ထွန်းခဲ့ပေသည်။ ၄င်းသည် အဘိဓမ္မတ္ထသင်္ဂဟကျမ်း(သင်္ဂြိုဟ်မှာ အဘိဓမ္မာ ၇-ကျမ်းကို အကျဉ်းချုပ်ရေးသားထားသောကျမ်းဟုအဓိပ္ပာယ်ရလေသည်။

သာသနာနှင့် (၁၇၀၀-၁၇၅၀)တွင် သီဟိုဠ်သာသနာပိုင်ဆရာတော်အရှင်သာရိပုတ္တရာမထေရ် ပေါ်ထွန်းခဲ့ပေသည်။ အဘိဓမ္မတ္ထသင်္ဂဟကျမ်းကို ထပ်ဆင့်ရှင်းလင်းဖွင့်ဆိုခဲ့သော “သီဟိုဠ်သင်္ဂြိုဟ်နိဿယကျမ်း” ကိုပြုစုခဲ့သည်။ အလွန်ထင်ရှားခဲ့ပေသည်။ ဋီကာကျော်ဟုခေါ်သော အဘိဓမ္မတ္ထ၀ိဘာဝနီဋီကာကျမ်း၏ မြစ်ဖျားခံအခြေစိုက်ရာကျမ်းဖြစ်ခဲ့သည်။ နိဿယဋီကာကျမ်းမျိုးဖြစ်ပေသည်။

သာသနာနှစ် ၁၇-ရာစု နောက်ပိုင်း၌ ၄င်းသီဟိုဠ်သင်္ဂြိုဟ်နိဿယကျမ်းအား အခြေခံ၍ အဘိဓမ္မတ္ထ၀ိဘာဝနီဋီကာ(ဋီကာကျော်)ကျမ်းအားပြုစုခဲ့သူ “အရှင်သုမင်္ဂလသာမိမထေရ်” ပေါ်ထွန်းခဲ့ပေသည်။ ထိုမထေရ်မြတ်သည် ဋီကာကျော်ကျမ်းကို ၂၄-ရက်နှင့်အပြီး ရေးသားခဲ့ပေသည်။ အရှင်အနုရုဒ္ဓါမထေရ်၏ အဘိဓမ္မတ္ထသင်္ဂဟကျမ်းအား ဖွင့်ဆိုခဲ့သောဋီကာကျမ်းပေါင်းများစွာထဲတွင် အရှင်သုမင်္ဂလသာမိမထေရ်၏ ဋီကာကျမ်းသည် အထင်ရှားအကျော်ကြားဆုံးဖြစ်ပေသည်။

သာသနာနှစ်-၂၃၆ သို့ရောက်ပြီး ကိုးတိုင်းကိုးဌာနသို့ သာသနာပြုစေလွှတ်တော်မူရာ၌ သုဝဏ္ဏဘူမိ(သထုံ)တွင် အရှင်သောဏမထေရ်နှင့် အရှင်ဥတ္တရမထေရ်တို့ရောက်ရှိ သာသနာပြုခဲ့ပေသည်။ ထိုအချိန်မှစ၍အဘိဓမ္မတရားတော်များကို ကြားနာပူဇော်ခွင့်ရခဲ့ရာ သထုံခေတ်မှသည် ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ ကုန်းဘောင်ခေတ်သို့ ဤသို့ဖြင့်ခေတ်အဆက်ဆက် ပျံ့နှံ့ခဲ့ကြပေသည်။ ထိုမှတစ်ဆင့်လယ်တီဆရာတော်သည် အဘိဓမ္မာတရားများကို လင်္ကာများဖြင့် ရေးသားခဲ့ပေသည်။ ၄င်းနောက်အဘိဓမ္မာတရားများကို ဇယားနည်းဖြင့် ပြန်လည်ရေးသားခဲ့သော ပုဂ္ဂိုလ်မှာ အဂ္ဂမဟာပဏ္ဍိတ(အဘိဓမ္မာ ပြည်တွင်းပြည်ပ ဂဏ္ဍကာရ) ခင်ဦးတောရ မူလပဋ္ဌာန်းဆရာတော် ဦးနာရဒ ဖြစ်ပါသည်။

သာသနာကွယ်လျှင် အဘိဓမ္မာပိဋက မှစ၍ကွယ်မည်ဖြစ်သည်။ အဘိဓမ္မာကိုလေ့လာလိုက်စားသောနိုင်ငံမှာလည်း ထေရ၀ါဒ ၅-နိုင်ငံအနက် မြန်မာနိုင်ငံတစ်နိုင်ငံသာကျန်ရှိပါတော့သည်။ သမိုင်းပေးတာဝန်အရမြန်မာနိုင်ငံသားဗုဒ္ဓဘာသာဝင်တို့သည် သာသနာတော်ကြီး အဓွန့်ရှည်ပါစေရန်ရည်သန်၍ ဗုဒ္ဓစာပေများလေ့လာလိုက်စားခြင်း၊ ကျင့်ကြံပွားများခြင်းများကို တတ်စွမ်းသမျှဆောင်ရွက်သင့်ပါသည်။ လူ့ဘ၀ရခိုက် သာသနာနှင့်ဆုံခိုက် သာသနာတော်ကြီးအား ကျေးဇူးတုံ့ဆပ်ပူဇော်အပ်ပါသည်။

ဓမ္မဗျူဟာ သာသာနမာမကအဖွဲ့ (လူပုဂ္ဂိုလ်များဆိုင်ရာ ဓမ္မစာပေသင်တန်းကျောင်း)
သင်တန်းမှူး ဓမ္မဗျူဟာ ဒေါ်ခင်လှတင် (သဒ္ဓမ္မဇောတိကဓဇ) ၏
ဓမ္မဗျူဟာ အဘိဓမ္မာ (ပထမဆင့်) မှတ်စုမှ ကောက်နှုတ်ပါသည်။
အဘိဓမ္မာသမိုင်းကြောင်းကို ဆရာမကြီးဒေါ်ခင်လှတင်မှ ဓမ္မဗျူဟာသင်တန်းတွင် ဟောပြောပေးခဲ့သော အသံဖိုင်ကို နားဆင်နိုင်ရန် ဖေါ်ပြပေးထားပါသည် ။

ဟောပြောသူ နားဆင်ရန် အသံဖိုင်
Download လုပ်ရန်
ဆရာမ ဒေါ်ခင်လှတင်

Nov 27, 2012

ဓမ္မပဒအဋ္ဌကထာ

ဓမ္မပဒအဋ္ဌကထာ ဒုတိယအုပ်တွင် စာမျက်နှာ ၄၅၅၊ ၀ဂ်ပေါင်း ၁၈၊ ၀တ္ထုဇာတ်လမ်းပေါင်း ၂၁၁ ပုဒ်ပါရှိပြီး မှတ်သားစရာများ စုံလင်သည်ကို တွေ့ရပါသည်။ အစဆုံးဝဂ်ကို ပါပ(မကောင်းမှု) နာမည်ပေးခြင်းဖြင့် စထားပြီး နောက်ဆုံးဝဂ်ကိုမူ ဗြာဟ္မဏနာမည် (မကောင်းမှုကို မျှောပစ်သူ) ဖြင့် ညွှန်းဆို ပြသထားသည်ကို တွေ့ရပါသည်။ ၀ဂ်ပေါင်း တစ်ဆယ့်ရှစ်ခုတွင် တစ်ချို့ဝဂ်များကို ၀တ္ထုပေါင်း အနည်းဆုံးရှစ်ခု၊ အများဆုံးအနေဖြင့် တစ်ချို့ဝဂ်များကို ဇာတ်လမ်းလေးဆယ်တို့ဖြင့် ဖွဲ့စည်းထား သည်ကို တွေ့ရပါသည်။ ဤသို့တွေ့ရသဖြင့် ၀ဂ်တစ်ခုတွင် ဇာတ်လမ်းပုဒ်ရေကို တစ်သမတ်တည်း မှတ်သားရန် မဖြစ်နိုင်ပေ။ တိတိကျကျ လေ့လာသော် ၀တ္ထုဇာတ်လမ်း ရှစ်ပုဒ် ပါသောဝဂ် သုံးခု (၂၄)၊ ကိုးပုဒ် ပါသောဝဂ် ငါးခု (၄၅) ၊ ဆယ်ပုဒ် ပါသောဝဂ် နှစ်ခု (၂၀)၊ တစ်ဆယ့်တစ်ပုဒ် ပါသောဝဂ် နှစ်ခု (၂၂)၊ တစ်ဆယ့်နှစ်ပုဒ် ပါသောဝဂ် ငါးခု (၆၀) နှင့် ဇာတ်လမ်းလေးဆယ်ပါဝင်သောဝဂ် တစ်ခု (၄၀) အားဖြင့် ၀တ္ထုဇာတ်လမ်းပေါင်း ၂၁၁ပုဒ် ရှိပါသည်။
ဇာတ်လမ်း တစ်ဆယ့်နှစ်ပုဒ် ပါဝင်သော ပါပ၀ဂ်တွင် ဆယ်ပုဒ်မှာ ဇေတ၀န်ကျောင်းတော်၌ ဟောကြားခဲ့သော ဇာတ်လမ်းများဖြစ်ကြပြီး ကျန်သောဇာတ်လမ်းနှစ်ပုဒ်တွင် တစ်ပုဒ်မှာ ဝေဠုဝန် ကျောင်း နှင့် တစ်ပုဒ်မှာ နိဂြောဓာရုံကျောင်းတော်တွင် ဟောကြားခဲ့သော ဇာတ်လမ်းများ ဖြစ်ပါသည်။ အထက်ပါ ကျောင်းတော်သုံးကျောင်း တည်ရှိသော မြို့တော်၏ နာမည်များကို သာဝတ္ထိ၊ ရာဇဂြိုဟ် နှင့် ကပိလ၀တ္ထုဟု အစဉ်အတိုင်း မှတ်သားရပါမည်။ ဤပါပ၀ဂ်တွင် ရဟန်း၊ ရှင်ဘုရင်၊ ပုဏ္ဏား၊ သူကြွယ်နှင့် မုဆိုးတို့၏ အကြေင်းများကို လေ့လာနိုင်ပါသည်။ ဖွင့်ဆိုပြစရာ တစ်ဆယ့်နှစ်ဂါထာ ပါဝင်သော ၀တ္ထုတစ်ဆယ့်နှစ်ခုတွင် ပါပဟူသော ပါဠိကို အကြိမ်များစွာ တွေ့ရပါသည်။ ပါပဟူသော ပါဠိအသုံးအနုံး မပါသော ဂါထာတွင် နှိုင်းယှဉ်ချက်ကို ဆိုရာဖြစ်သော ပုညဟူသော ပါဠိကို သုံးစွဲထား ပါသည်။
ကာယဒုစရိုက်စသည့် မကောင်းမှုကို ပါပ ဟုခေါ်ဆိုရသလို  အကုသိုလ်စိတ်များကိုလည်း ပါပ ဟုပင်ခေါ်ဆိုရပါသည်။ ပါပစိတ်ကို တားမြစ်ရမည်ဟု ပထမဆုံးဝတ္ထုတွင် ဟောကြားထားပါသည်။ တားမြစ်ရခြင်း၏ အဓိကအကြောင်းပြချက်မှာ စိတ်သည် မကောင်းမှုတွင် မွေ့လျော်လေ့ရှိသောကြောင့်ဟု ဟောပြပါသည်။ ဒုတိယ၀တ္ထုတွင်လည်း ပါပစိတ်ကြောင့်ဖြစ်သည် ပါပအလုပ်ကို ခဏခဏ မလုပ်မိစေပါနှင့် ဟု ဟောကြားထားပါသည်။ ခဏခဏ မလုပ်နှင့် ဟုဆိုသဖြင့် အနည်းဆုံးတစ်ကြိမ် တော့ပြုသင့်လေသလားဟု ထင်မိနိုင်ပေသည်။ ပုထုဇဉ်များသည် အကုသိုလ်ကို ပျော်မွေ့တတ် သူများဖြစ်ရာ တစ်ကြိမ်မက အကြိမ်များစွာ ပြုမိတတ်မည်မှာ ဖြစ်ပါသည်။ သို့အတွက်ကြောင့် လုံးဝတားမြစ်ရန် မဖြစ်နိုင်သည်မှာလည်း သေချာနေပါသည်။ ထိုသို့ဖြစ်သဖြင့် ပါပကို ခဏခဏ မပြုပါ နှင့်ဟုဟောလိုဟန် ရှိပေသည်။ ဖြစ်ပေါ်လာပါကလည်း ဤပါပသည် လက်ငင်းအကျိုး၊ ရေရှည် အကျိုး နှစ်မျိုးလုံးကိုပင် ပျက်ဆီးစေတတ်သဖြင့် ပါပကို ပြုလိုစိတ်ရှိခဲ့ပါသော်လည်း ဆင်ခြင်ဥာဏ်ကဲပြီး ဆန္ဒ နောက်မလိုက်ပါနှင့်ဟု ဟောတော်မူပါသည်။ တတိယ၀တ္ထုတွင်မူ ပါပအစား ပုညကို ပြုကြပါဟု ဟော တော်မူထားပါသည်။ ပါပကို နားလည်ပါက ပုညကိုလည်း ပြောင်းပြန်အသိဖြင့် နားလည်ရပေမည်။ ပုညသည် အပြုသဘော၊ ယခုဘ၀ နောင်ဘ၀ နှစ်ခုအတွက် ကောင်းကျိုး ဖြစ်စေသည့် သဘော ရှိပါသည်။ ဤကဲ့သို့ ပုညကို နားလည်ပါမူ ပါပကိုလည်း နားလည်ကြပေမည်။ ပါပနှင့်ပုညကို နားမလည်သော သူက များပေသည်။ ဤသို့နားမည်နိုင်အောင် ဖြစ်နေရခြင်းမှာ ပါပကို ပြုလုပ် နေသောသူ ဖြစ်လင့်ကစား အဆင်ပြေနေကြသည်ကိုသည် မြင်ရသောအခါ၊ သို့မဟုတ် ပုညကို ဆည်းပူးနေသူ ဖြစ်လင့်ကစား များစွာ ဒုက္ခတွေ့နေကြသည်ကိုလည်း မြင်ကြရပြန်သောအခါ နားမလည်ရခြင်း ဖြစ်ပါသည်။ လူတို့သည် ဘ၀များစွာ ကျင်လည်ခဲ့ရသည်ကို သတိရသင့်ပြီး မိမိတို့တတွေသည် ကုသိုလ်များစွာကို ဆည်းပူးမိနိုင်သလိုပင် အကုသိုလ်များကိုလည်း ကျူးလွန်ခဲ့ကြမည်မှာ သေချာပါသည်။ ဤသို့ဆိုချေသော် ထိုကုသိုလ်နှင့် အကုသိုလ်ကံတို့သည် မိမိတို့၏ နောက်သို့ အရိပ်ပမာ လိုက်နေခဲ့သည်မှာ သေချာပါသည်။ ကောင်းသည့်ပုညကိုဖြစ်စေ၊ဆိုးသည့်ပါပကိုဖြစ်စေ ယခုဘ၀တွင်လုပ်နေမိသော်လည်း ချက်ချင်းလက်ငင်း အကျိုးပေးသည့် သဘောသဘာဝကား နည်းမည်သာ ဖြစ်ပါသည်။ အကြောင်းများစွာဆုံမိမှ ချက်ချင်း အကျိုးပေးတတ်ပါသည်။ ဥပမာ အလှူပေးသည်ဆိုပါစို့၊ ပစ္စည်းကလည်း စင်ကြယ်ရမည်၊ စေတနာကလည်း ဖြူဖွေးရမည်၊ အလှူခံပုဂ္ဂိုလ်ကလည်း ပထမတန်းစားဖြစ်ရမည်၊ နိရောဓသမာပတ်မှ ထသည့် ပုဂ္ဂိုလ်ကိုလည်း လှူဒါန်းမိသည့်သူ ဖြစ်ရပေမည်။ ဤသို့ဖြစ်မှ ချက်ချင်း အကျိုးပေးသည်ဟု ဆိုပါသည်။ တစ်ခုခု ချွတ်ယွင်းပါက အလကား ဖြစ်မသွားသော်လည်း ချက်ချင်းလက်ငင်း အကျိုးမပေးတတ်သည်က များပေသည်။ ရုပ်ပိုင်းဆိုင်ရာ အကျိုးမျိုးကို အဓိကအားဖြင့် ဆိုလိုပါသည်။
ယခုဘ၀တွင် အဆိုးပြုလုပ်နေသူ၏ ကောင်းကျိုးခံစားနေရမှုနှင့် အကောင်းပြုလုပ်နေသူ၏ မကောင်းခံစားနေရမှုများသည် ယခုဘ၀၏ ချက်ချင်းလက်ငင်း အကျိုးများ မဟုတ်နိုင်ပေ။ အရာရာ တွင် အတိတ်ကံကိုချည်းလှည့်ချ၍ မဖြစ်နိုင်ဟု ဆိုမည်ဖြစ်သော်လည်း အကောင်းပြု နေသူများ အတွက် ဖြစ်သင့်လောက် အကောင်း မဖြစ်ခြင်းနှင့် အဆိုးလုပ်နေသူများအတွက် အဆိုးတွေ ချည်းဖြစ် မနေခြင်းသည်လည်း အတိတ်ကံ၏ ပယောဂ မကင်းချေ။ ပစ္စုပ္ပန်ဘ၀၏ ဥာဏ်နှင့် ၀ီရိယသည်လည်း လူ့ဘ၀ကို တစ်စိတ်တစ်ပိုင်း ထိန်းညှိပေးပါသည်။ ကံ၏ အစွမ်းလောက် အားမကောင်းတတ်ပေ။ သို့အတွက်ကြောင့် ကုသိုလ်ဖြစ်ဖြစ်၊ အကုသိုလ်ဖြစ်ဖြစ် နည်းနည်းလေး ပြုမိတာပါဟု ဆင်ခြေမပြုနေဘဲ လုပ်သင့်သည့် အရာကိုသာ ဥာဏ်နှင့် ဆင်ခြင် သင့်ပါသည်။ မိုးပေါက်ကလေးများလည်း စုလိုက်သောအခါ သမုဒ္ဒရာရေများ ဖြစ်သွားရပါသည်။ ကုသိုလ် ဖြစ်စေ၊ အကုသိုလ် ဖြစ်စေ ကောင်းကျိုးနှင့် ဆိုးကျိုးကို မဖြစ်စေနိုင်သော အဟောသိကံများ ရှိနိုင်ပါသည်။ သို့သော် အနည်းစုသာ ဖြစ်ပါသည်။ သတ္တ၀ါတို့သည် ကုသိုလ်နှင့် အကုသိုလ်ပြုသောအခါ အားထည့်ပြီး အများအားဖြင့် စိတ်ပါလက်ပါ ဆောင်ရွက်တတ်ကြပါသည်။ ထို့ကြောင့်ပင် ကောင်းကျိုးနှင့် ဆိုးကျိုးကို ရမည်သာ ဖြစ်ပေသည်။ အချိန်တန်၍ ကောင်းကျိုး ဆိုးကျိုးကို ခံစားကြရမည် ဖြစ်သောအခါ တောင်ကြားတွင်ဖြစ်စေ၊ သမုဒ္ဒရာ အောက်တွင်ဖြစ်စေ၊ သို့မဟုတ် ကောင်းကင်ပေါ်တွင်ဖြစ်စေ ပုန်းနေသော်လည်း မဖြစ်နိုင်ပဲ နေရာမရွေး ခံစားကြရပါမည်။
အထက်ပါ သဘောတရားများကို နားလည်နိုင်စေရန် ဇာတ်လမ်းများဖြင့် အားဖြည့် ထားပါသည်။ ဆင်းရဲလှသော ပုဏ္ဏား ဇနီး မောင်နှံ နှစ်ဦးရှိရာ အမျိုးသားကြီးသည် လှူရန်တွန့်ဆုတ် နေခဲ့သဖြင့် နာရီပေါင်းများစွာ ကြာမှ ၀န်တိုစိတ်ကို ပယ်ခွါနိုင်ခဲ့ပြီး လှူဖြစ်ခဲ့ပါသည်။ အကျိုးပေးသောအခါတွင်လည်း ခံစားရမှု နည်းသွား ခဲ့ရပါသည်။ သို့အတွက် လှူချင်စိတ်ဖြစ်ပါက လက်မနှေးပဲ လှူသင့်ပါသည်။ မိမိကိုယ်သာ တိုင်ပင်သင့်ပါသည်။ စိတ်သည် အမြဲပင် ပြောင်းလဲနေပေရာ လှူချင်စိတ်မှသည် မလှူဖြစ်သော အခြေအနေသို့ ရောက်စေရန်များစွာ အခွင့်ရှိနေပါသည်။
ဒုတိယ၀တ္ထုတွင် စိတ်ဖြင့်အာသာဖြေပြီး ကိလေသာပွါးစေသော သေယျသကအား ဤသို့ မပြုစေရန် မိန့်တော်မူပါသည်။ လောဘစိတ်သည် မွေးမိပါက ပွါးစီးလာမည်ဖြစ်သဖြင့် အကျိုး ယုတ်စေမည့်ဘေးမှ ကင်းဝေး စေရန်ရည်သန်ပြီး ဆုံးမထားပါသည်။ တတိယ၀တ္ထုတွင် အရှင်မဟာကဿပ မထေရ်ထံတွင် ဒါနပြုသော အမျိုးသမီး တစ်ဦး၏ နှစ်ဘ၀ အဖြစ်အပျက် အကြောင်းကို ဖေါ်ပြထားပါသည်။ လူ့ဘ၀တွင်သာမဟုတ် နတ်ဘ၀ရောက်သည်အထိ မထေရ်ကို ပြုစုနေသဖြင့် ဓမ္မကထိက ရဟန်းတော်များက တရားဟောရာတွင် ထည့်ပြီး အဟောခံရမှာ ကြောက်သော မထေရ်က နတ်သမီးကို နှင်ထုတ်ခဲ့ပါသည်။ သို့သော် ဘုရားရှင်က ကုသိုလ် ယူချင်သူသည် ဇွတ်ရအောင် ယူတတ်ရမည်ဟု တိုက်တွန်း ထားပါသည်။ မည်သည့် အခြေအနေပင် ဖြစ်စေကာမူ ကုသိုလ်ပြုတတ်ကြပြီး ရှေးခေတ်က ဓမ္မကထိကဆရာတော်များသည်လည်း ယနေ့ခေတ် ဓမ္မကထိကများ ကဲ့သို့ပင် အခွင့်ရပါက တရားဟောသောအခါ သူတို့၏ မကျေနပ်ချက်များကို ပရိတ်သတ်သို့ ချပြတတ်ကြောင်း သိရပါသည်။
စတုတ္ထ၀တ္ထုတွင်မူ ကုသိုလ်ပြုရာတွင် စေတနာသာ အဓိကဖြစ်ကြောင်း ဟောတော်မူပြပြီး မိမိတို့ ဆောင်ရွက်နေသော ကုသိုလ်သည် မှန်ကန်သော နေရာတွင် လှူဒါန်းမိဖို့ အရေးကြီးကြောင်း မိန့်တော်မူပါသည်။ ပဉ္စမ၀တ္ထုတွင်မူ အကုသိုလ် အလုပ်ကို ပြုလုပ်မိသည်ဆိုပါက မသိသာပါဘူး ဆိုသော အသိမျိုး မရှိစေသင့်ကြာင်း ဟောပြတော်မူပြီး ရေတစ်စက်မှ မရှိသော အိုးတစ်လုံးပင် ဖြစ်စေကာမူ မိုးရွာသောအခါ အဖုံးကို ဖွင့်ထားပါက တစ်ပေါက်ချင်း ကျလာသော ရေပင်ဖြစ်စေကာမူ အချိန်ကြာလာသောအခါ ရေအိုး ပြည့်သွားမည်ပင် ဖြစ်ပေသည်။ အကုသိုလ်ပြုရာတွင်လည်း ထိုနည်းတူပင် မှတ်သားကြရပါမည်။
ဆဋ္ဌမ၀တ္ထုတွင်မူ ကုသိုလ်ပြုရာတွင်မူ မိမိကိုယ်တိုင်လည်းပြု၊ သူတစ်ပါးကိုလည်း တတ်နိုင်သမျှ တိုက်တွန်းသင့်ကြောင်း ဖေါ်ပြပါသည်။ ဤသို့ပြုလုပ်ပါက အခြွေရံလည်းများ ကိုယ်စိတ်ချမ်းသာမှုကိုလည်း ရရှိမည်ဖြစ်ကြောင်း တိုက်တွန်းထားပါသည်။ သတ္တမ၀တ္ထု၏ ဇာတ်လမ်းတွင်မူ အသက်နှင့်စည်းစိမ်ရန်ကို ကြောက်သဖြင့် စီးပွါးရေးကိစ္စကို ဆောင်ရွက်နေစဉ်ပင် အချိန်ကိုက်ဆောင်ရွက်နေသည့် သူဋ္ဌေးတစ်ဦး၏ အကြောင်းကို ဖေါ်ပြထားပါသည်။ လူသား တို့သည်လည်း အသက်သေရမည့် ဘေးကိုကြောက်သဖြင့် အဆိပ်ကို မသုံးဆောင်ကြသည့်အတူ အကုသိုလ်သည်လည်း အဆိပ်ထက်ပင် ကြောက်စရာ ဖြစ်သည်ကို သတိပြုသင့်ပေသည်။ အဆိပ်ကိုသောက်မိပါက ဤတစ်ဘ၀အတွက်သာ အန္တရာယ်ဖြစ်နိုင်သော်လည်း အကုသိုလ်ကို ပြုမိသူ အတွက်မူ ဘ၀များစွာတွင် အရိပ်ပမာ အန္တရာယ်လိုက်လာပေမည်။
မိမိ၏လက်တွင် ဒဏ်ရာရှိမနေပါက အဆိပ်ကို ကိုင်သည်ပင် ဖြစ်စေဦး အန္တရာယ် မများ နိုင်သကဲ့သို့ပင် မိမိသည် စင်ကြယ်နေသူဖြစ်ပါက မကောင်းမှုကို ကျော်လွှားနိုင်သည်သာ ဖြစ်ပေ သည်။ သောတာပန်ဖြစ်သူသည်လည်း လက်မှာ ဒဏ်ရာမရှိသူနှင့် တူပေသည်။ သို့အတွက် ငါးပါး သီလကို လုံခြုံသည်သာ ဖြစ်ပေသည်။ သရဏဂုံးသုံးပါး မြဲသည့်သူသာ ဖြစ်ပေသည်။ ငါးပါးသီလနှင့် သရဏဂုံသုံးပါးကို မမြဲသေးသူသည် ပုထုဇဉ်သာ ဖြစ်သည်ကို မှတ်သားနိုင်ပေသည်။ န၀မ၀တ္ထုတွင်မူ မပြစ်မှား ထိုက်သူကို ပြစ်မှားပြီး သေစေသဖြင့် သူတစ်ပါးမထိဘဲ ဘေးဒဏ်ကို မိမိသာ ခံစားခဲ့ရသော မုဆိုး၏ အကြောင်းကို ဖေါ်ပြထားပါသည်။ဤသို့စိတ်ထားရှိသူမျိုးကို ဘေးဒဏ်ဆယ်ပါး ထိတတ် သည်ဟု ဟောတော်မူပါသည်။ ဘေးဒဏ်တစ်ခုသည်ပင် ကြောက်စရာကောင်းပေရာ ဆယ်ခုသာ ခံစားရပါမူ မတွေးဝံ့စရာပင် ဖြစ်တော့သည်။ သို့အတွက် ပါပဆိုသည်ကို ဘာကွဟုပင် မတွေး ထိုက်တော့ပေ။
ဒသမ၀တ္ထုတွင်မူ ဆွမ်းခံရင်းငှက်သင့်ဆိုသလိုပင် ပတ္တမြားခိုးသည်ဟု စွပ်စွဲခံရသော ရဟန်းတော်၏ အကြောင်းကို ဖေါ်ပြထားပါသည်။ ဧကာဒသမ၀တ္ထုတွင်မူ အကုသိုလ် အကျိုးကို ခံစားရသော သတ္တ၀ါများ၏ ထူးဆန်းသော အကျိုးပေးဆိုးများကို ဖေါ်ပြထားပါသည်။ ဤခေတ်တွင် လည်း များစွာရှိနေပေသည်။ နောက်ဆုံးဝတ္ထုတွင်မူ ဘုရားရှင်၏ ဦးကြီးအရင်းဖြစ်သော သုပ္ပဗုဒ္ဓ၏ အကြောင်းကို ဖေါ်ပြထားပါသည်။ ထိုဘုရင်၏ အတွေးတွင် ဘုရားရှင်သည် သူ၏သမီးကို စွန့်ပစ်ခဲ့သူ၊ သူ၏သား ဒေ၀ဒတ်ကိုလည်း ရဟန်းဖြစ်စေခဲ့ပြီး ရန်ငြိုးကိုပွါးစေခဲ့သူဟု ယူဆနေခဲ့ပါသည်။ သို့အတွက်ကြောင့် ဘုရားရှင်ကို ဆွမ်းခဲကြွလာသောအခါ လမ်းပိတ်ဆို့ပြီး နှောက်ယှက်ခဲ့ပါသည်။ ယခုခေတ်တွင်လည်း နေရာတကာ လမ်းပိတ်ဆို့ထားတတ်ကြသော ယဉ်ထိန်းသမားများ အနေဖြင့် သတိမူ စဉ်းစားစရာပင် ဖြစ်တော့သည်။ သူ၏စေတနာဆိုးများကြောင့် သူ့ကိုထမ်းထားသော မြေကြီးကပင် သူ့အပေါ် နေထိုင်ခွင့် မပေးတော့ပေ။ ဤသို့ဖြင့် မကောင်းမှုပြုသူများသည် ဇာတ်သိမ်းမလှစွာဖြင့် ဘ၀ကို အဆုံးသတ်ရလေ့ရှိပါသည်။ ပါပနှင့် ပုညသည် ဘ၀ကို သရုပ်ဖေါ်ပေးပါသည်။ ဘ၀ ပန်ချီကားတစ်ချပ်ကို ပီပီပြင်ပြင် ကြည်ကြည်လင်လင် ဇာတ်ရုပ်ကို ပေါ်အောင်ရေး ဆွဲတတ်ကြသည်မှာ ပါပနှင့် ပုညတို့ဖြစ်ပေရာ မည်သည့်ဇာတ်ရုပ်ကို ကြိုက်သလဲဟူသောအမေး၏ အဖြေကို စာဖတ်သူများက ဖြေကြရပါမည်။ ပါပလား သို့မဟုတ် ပုညလား ကြိုက်တာ ရွေးယူ နိုင်ပေသည်။
ဆောင်းပါးမှတ်စုများ
၁။ ဓမ္မပဒအဋ္ဌကထာ ပါပ၀ဂ်
စာရေးသူ၏အာဘော်
ဗုဒ္ဓဘာသာဝင်များ သိသင့်သည့် ဘုရားစကားတော်များကို သိစေရန်ဖြစ်ပါသည်။

ဓမ္မပဒ သင်ရကျိုး စိတ်မှာတန်ခိုးတိုး

ကောင်းတာ၊ မကောင်းတာ အစုံပါ၊ (ယမက၀ဂ်မှာ ဟောကြားတာ)
သတိ မမေ့ပါနဲ့ဗျာ၊                 (အပ္ပမာဒက မိန့်မြွက်တာ)
စိတ်ဆိုတာက ဆန်းကြယ်သား၊  (စိတ္တ၀ဂ်က သင်ပြထား)
ပန်းလိုမွှေးသည့် စိတ်ကိုပွါး၊      (ပုပ္ဖ၀ဂ်မှာ ညွှန်ပြထား)
မိုက်သည့်စိတ်ကို မမွေးရာ၊       (ဗာလ၀ဂ်တွင် ဖေါ်ပြပါ)
ပညာရှိများ ဖြစ်ကြဗျား၊           (ပဏ္ဍိတ၀ဂ်၌ ဆုံးမထား)
ရဟန္တာဖြစ်ရန် ကြိုးစားပါ၊
တစ်ဆင့်ထပ်တက်ကာ၊           (အရဟန္တ၀ဂ်က နည်းပြလာ)
ထောင်သောင်းရက်ထက် ဂုဏ်လွန်ကဲ
အရိယာဖြစ်က တစ်ရက်တည်း၊  (သဟဿဝဂ်က ထောက်ပြဆဲ)
ဂုဏ်ကြက်သရေတွေ ထပ်ဆင့်ကဲ၊
ခုပဲရသည်ပဲ၊
ခုလိုရသည့် စိတ်တန်ခိုး၊
ဓမ္မပဒ ဖတ်ရကျိုး၊
နေ့စဉ်လဲပဲ ကုသိုလ်တိုး။

Nov 25, 2012

ရှောင်ကွယ် ဓမ္မ အန္တရာယ်များ

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ကျွန်ုပ်တို့သည် အ၀ိဇ္ဇာ အမှောင်ထုကြောင့် ၀ိဇ္ဇာဉာဏ်ကင်းပျောက်ကာ နိဗ္ဗာန်သို့ မျက်မှောက် မပြုနိုင်ဘဲ ရှိခဲ့သည်မှာ ဂင်္ဂါဝါလု သဲစုမကအောင် ဘုရားအဆူဆူလည်း ပွင့်တော်မူခဲ့ပြီ၊ အသင်္ချေအနန္တ ဒုက္ခသည် ဘ၀တွေလည်း စုံခဲ့ပြီ၊ မာနတံခွန် အလံထူပြီး လူ့ချမ်းသာ စကြာမင်း၊ နတ်ချမ်းသာ သိကြားမင်းနှင့် ကမ္ဘာများစွာ သက်တန်းရှည်ကြာ ဈာန်ချမ်းသာ ခံစားပြီး ဗြဟ္မာမင်းကြီး အဖြစ်နှင့်လည်း ဘ၀များစွာ ခံစားခဲ့ချေပြီ။ ရရှိထားသည့် ချမ်းသာလေး အစဉ်မြဲနေသည် အထင်တစ်လုံးနှင့် ရကျိုးမနပ်ခဲ့သည့်အဖြစ်တို့နှင့်သာ စုံခဲ့လှပေပြီ။


သာသနာနှင့်လည်းကြုံ၊ သာသနာကိုလည်း ကြိုက်နှစ်သက်ကာမှ မြတ်ဗုဒ္ဓ ဒေသနာတော်က နားထဲသို့ ရောက်ခွင့်ရကာ နှလုံးသားမှာ ဘုရားတည်နိုင်ကြ၏သာသနာနှင့်လည်း မကြုံ၊ ကြုံဆုံပင်ငြားသော်လည်း သာသနာတော်ကိုမကြိုက်တော့ အမှားနောက် ကောက်ကောက် ပါအောင် တောက်လျှောက်လိုက်နေရသည်နှင့် ဘုရားစကား နားမချမ်းသာ ကုလားမည်း မြက်ထမ်းသမားလို တရားနာရာ၌ ခါးလည်းပူ နာလည်းပူတွင် ခါးကိုသာအပူခံနိုင်၊ နားကိုတော့ အပူမခံနိုင်သကဲ့သို့ဖြစ်ပြီး နှလုံးသားမှာ ဘုရား၊ တရား၊ သံဃာကို ပယ်ခွင်းကြကုန်၏

အ၀ိဇ္ဇာ- မသိမှုကြောင့် “ပေါက်တတ်ကရတွေ အတော်လုပ်တတ်တဲ့ကောင်”ဟူ၍ လောကီ အလုပ်တို့တွင် အသုံးမကျမှုတို့ကို အချင်းချင်း ကဲ့ရဲ့ခြင်းပြုကြ၏။ လောကုတ္တရာပညာရဖို့ အ၀ိဇ္ဇာ အဓိပ္ပါယ်မှာ-
- သိသင့်တာတွေကို မသိတာ အ၀ိဇ္ဇာ
- မသိသင့်တာတွေကို သိနေတာ သည်လည်း အ၀ိဇ္ဇာပင်ဖြစ်၏။”
သိသင့်တာတွေကို သိမထားတော့ ကိုယ်ထင်ရာ လျှောက်လုပ်တော့၏။ မသိသင့်တာ တွေကိုသာ သိထားပြန်တော့လည်း ကိုယ်လုပ်တာ အမှန်ထင်ပြီး လျှောက်လုပ်ပြန်ပါသည်။ ဘုရားစကားကို ပယ်ခွင်းမိလို့ ထိုထိုသော အမှားတွေရင်းပြီး ရရှိခဲ့သည့်အမြတ်တို့မှာ ဘ၀၏ ဒုက္ခဇာတ်လမ်း၌ ဆက်လက်ကာ သရုပ်ဆောင်နေကြရသည့်အဖြစ်နှင့် အာမငြောင်းတမ်း ဆို၊ မျက်ရည်မခန်းစတမ်း ငိုကြရပြီး ကွေးနေအောင် က၊ ဆွေးနေအောင် လွမ်းပြကြရင်း မငြီးငွေ့စတမ်း နေခဲ့ကြသည်မှာ ကမ္ဘာအသင်္ချေအနန္တ ရှိခဲ့လေပြီ။

ဒုက္ခ၏အဆုံး၊ ချမ်းသာခြင်း၏အမွန်မြတ်ဆုံးဖြစ်သည့် သန္တိသုခ(နိဗ္ဗာန်)သို့ အလျှင်မြန်ဆုံး မျက်မှောက်မပြုနိုင်အောင် တားဆီးတတ်သည့် ဓမ္မအန္တရာယ်များကို လွန်ကျူးလွန်မိခဲ့ခြင်း ကြောင့် ပါရမီတော်ဆည်းပူးခဲ့သည့် အလောင်းတော်ကြီးများပင် အာသဝေါကုန်ခန်းအောင် ကျင့်ကြံပြီးသော်လည်း လောကဓံဒုက္ခဆိုးတို့ဖြင့် ပရိနိဗ္ဗာန်ပြုကြရသည့်အဖြစ်တို့ ရှိခဲ့ကြပေ သည်။ လောကတွင် ပြောကြသည့် “အသေဆိုးလိုက်တာ”ဟူ၍ဖြစ်၏။ အသေဆိုးခြင်း၊ လှခြင်းကို ခန္ဓာကိုယ်ပျက်ယွင်းမှုနှင့် လောကလူတို့ တိုင်းတာကြခြင်းဖြစ်ပါသည်။ အမှန်မှာ ဘုရားရှင်အလိုတော်အရ ဘ၀မှန်က ဘယ်ဘ၀မှ မကောင်း၊ ဘ၀ဆုံးသည့် နိဗ္ဗာန်သာလျှင် အမွန်မြတ်ဆုံးအဖြစ် ဘုရားရှင် ဆုံးမတော်မူသောကြောင့် အာသဝေါကုန်ခန်းပြီးလျှင် ပုံစံမျိုးစုံ ဖြင့် သေ၊ ထိုသူ အသေလှသူဖြစ်၏။ သေပြီးနောက် ဘ၀ရှိနေသေးလျှင် ထိုသူ အသေမလှ သေးပေ။

အသေလှခြင်း မလှခြင်းက နောင်၊ မသေခင်ရှောင်ကြရမည့် ဓမ္မအန္တရာယ်များကိုကား နိဗ္ဗာန်မရခင် ကြားကာလ၌ သိထားကြရမည့် အချက်များဖြစ်သောကြောင့် ရှောင်သင့် သည်များကို ရှောင်၊ ဆောင်သင့်သည်များကို ဆောင်နိုင်ကြရအောင် ဤဓမ္မဆောင်းပါးဖြင့် သံသရာတစ်လျှောက် မတော်စပ်ခဲ့ဘူးသော ဆွေမျိုး၊ မတင်ခဲ့ဘူးသော ကျေးဇူးမည်သည် မရှိရိုး အမှန်ပင်ဖြစ်ခြင်းကြောင့် ထို ကျေးဇူးတရားတို့ကို ဦးညွှတ်ပြီး ကျေးဇူးဆပ် ရေးသား တင်ပြလိုက်ပါသည်။

အမှတ်(၁) ဓမ္မ အန္တရာယ်- “ကံမန္တရာယ်”
ကောင်းတာလုပ်က ကောင်းကျိုးရ၊ မကောင်းတာလုပ်က ဆိုးကျိုးရ”သည်မှာ ဗုဒ္ဓဘာသာဝင် တိုင်း သိရှိထားကြသည့် အခြေခံသမ္မာဒိဋ္ဌိ အစဦးဆုံး အမြင်မှန်တရားဖြစ်၏။ ထိုအမြင်မှန် တရား စဦးဖြာ၍ ယုံကြည်လက်ခံမှု မရှိကြသူများမှာ အမှန်(၁)ဓမ္မအန္တရာယ်များကို ကျူးလွန် မိတတ်သည်မှာ မလွဲဧကန်သာဖြစ်ပါသည်။ ထို့ကြောင့် သာသာနာပ ကာလတို့၌ ထိုကံကို ကျူးလွန်မိကြသောကြောင့် ဘ၀အသေင်္ချေ အပါယ်ဆင်းရဲတွင် ခံစားကြရ၏။ ဘုရားရှင်တရား နာကြားခွင့် မရရှိလို့ ကံ,ကံ၏အကျိုးကို သိခွင့်မရဘဲ ကျူးလွန်မိကြသည်ကို အသာထား၊ ဘုရားရှင် ပွင့်ထွန်းချိန်တွင် သစ္စာလေးပါးတရားတွေ တသွင်သွင်ဟောကြားနေစဉ်ကာလ၌ ဘုရားရှင်ကို ကန့်လန့်တိုက်သည့် အရှင်ဒေ၀ဒတ်လို ပစ္စေကဗုဒ္ဓအလောင်းအလျာသည်ပင် ဘုရားနားကပ်၍ မိုက်ခဲ့မိလို့ ယခု အ၀ီစိတွင် ခံစားလို့ နေရချေပြီ။

မဂ်ဖိုလ်ကို တားမြစ်သည့် ထို အမှတ်(၁) ဓမ္မအန္တရာယ်တို့မှာ ပဉ္စာနန္တရိယကံ (၅)ပါးတို့ ဖြစ်ကြ၏။ ၎င်းတို့မှာ-
(၁) မာတုဃာတက = အမိကို သတ်သောကံ၊
(၂) ပိတုဃာတက = အဖကို သတ်သောကံ၊
(၃) ရဟန္တဃာတက = ရဟန္တာအရှင်မြတ်ကို သတ်သောကံ၊
(၄) လောဟိတုပ္ပါဒက = ဘုရားရှင်အား သွေးစိမ်းတည်အောင် ပြုမိသောကံနှင့်
(၅) သံဃဘေဒက = ဘုရားသား သံဃာတော်များအား အချင်းချင်း ညီညွတ်မှုမရှိအောင် သံဃာဂိုဏ်းခွဲသောကံ တို့ဖြစ်ကြ၏။

ထိုငါးပါးသောကံတို့တွင် သံဃာဂိုဏ်းခွဲသောကံကို လူတို့မကျူးလွန်နိုင်၊ ဘုရားသားတော်များ ချင်းသာ ကျူးလွန်နိုင်သောကံဟု မှတ်သားသိရှိရပါသည်။ အကြောင်းမှာ သံဃာတော်များ သိမ်တော်အတွင်း ဒေသနာကြား၊ ဥပုသ်ပြုကြရာ၌ ကျောင်းရှိ သံဃာတော်များ အညီအညွတ် ပြုလုပ်ကြသည်တွင် ညီညွတ်မှုမရှိဘဲ သံဃာအချင်းချင်း ဂိုဏ်းကွဲအောင် လုပ်ခြင်းမျိုး ဖြစ်ကြောင်း ကျေးဇူးရှင်ဆရာတော်ဦးဇ၀န၏တရားမှ မှတ်ချက်စကား နာကြားခဲ့ရပါသည်။ ဆရာ့စကားလည်း ထောက်ခံ၊ လွန်ပို၍နာခံတတ်ကြစေရန် အကြံပြုလိုသည်မှာ လူတို့လုပ်က ထိုကံ မဟုတ်ဟု မမှတ်ယူမိကြစေရာ၊ မကျူးလွန်မိဖို့သာ သတိတရား လက်ကိုင်ထား၍ ရှောင်ရှားသင့်ပါပေသည်။

ပဉ္စာနန္တရိယကံ ကျူးလွန်မိ၍ ဒုက္ခတွေ အလူးအလဲ ခံ၊ မဂ်ဖိုလ်ကို တော်လှန်မိကြသည့် ပုဂ္ဂိုလ်တို့၏ သာဓကများမှ ပမာတစ်ခု ပြရပါလျှင် ဘုရားရှင်လက်ထက်က အဖသတ်သား မင်းတရား အဇာတသတ်မင်းကြီးကို ပြဆိုပါမည်။ မင်းကြီးသည် “သာမညဖလသုတ်”- ရဟန်းပြုရခြင်း၏ အကျိုးတရားတွေကိုပြဆိုသော တရားတော်ကြီးကို နာကြားပြီးမှ အမြင်မှန်ရရှိကာ သူတော်ကောင်းဘ၀ ရောက်ရှိခဲ့သူဖြစ်ပြီး သာသနာတော်စည်ပင်ကြောင်း အတွက် ပထမသင်္ဂါယနာတင်ရန် ထောက်ပံ့ပေးနိုင်ခဲ့သော မင်းတရားကြီးဖြစ်ခဲ့၏။ သာမည ဖလသုတ် တရားတော်ကို နာကြားပြီးနောက် ပုထုဇဉ်ပုဂ္ဂိုလ်တို့၌ ဘုရားရှင်အား ကြည်ညိုကြ သော ဒကာ ဒကာမတို့တွင် အမြတ်ဆုံး၊ အသာဆုံးသူ ဖြစ်ခဲ့၏။ အဖကို နန်းချ၍ မင်းအဖြစ် အတင်းလုပ်ကာ အဖခြေဖ၀ါးကို ဓားဖြင့်ခွဲ၊ အစာငတ်အောင်ထားပြီး ရက်ရက်စက်စက် သတ်ခဲ့ခြင်း ပဉ္စာနန္တရိယကံကြီးကို ကျူးလွန်မိခဲ့သောကြောင့် သာမညဖလသုတ် နားကြားပြီး လျှင် သောတာပန်တည်နိုင်လောက်သည့် ပါရမီရှိထားသော်လည်း မဂ်ဖိုလ်နှင့် လက်တစ်ကမ်းအလိုတွင် ထို ပဉ္စာနန္တရိယကံ မဟာတံတိုင်းကြီး ကာဆီးထားခြင်းကြောင့် မဂ်ဖိုလ်နှင့်ဝေးကာ သေပြီးနောက် အပါယ်ဘုံဒုက္ခဘေးသို့ ကျရောက်ရ ရှာလေသည်။

မြတ်စွာဘုရားရှင်က ကယ်တင်ရှင်လည်း မဟုတ်သော၊ ဖန်ဆင်းရှင်လည်း မဟုတ်သော၊ ကိုယ့်အလုပ် ကိုယ်ပြီးအောင်လုပ်တတ်ဖို့သာ လမ်းညွှန်ပေးတော်မူသော အရှင်ဖြစ်၏။ ဘုရားရှင်၏ဆုံးမစကားအတိုင်း ကိုယ့်ပြုသည့်ကံ ကိုယ်ထံပြန်လာခြင်းကြောင့် ပဉ္စနန္တရိယကံ ကျူးလွန်မိသူဖြစ်လျှင် မည်သူမဆို ထိုအတိုင်း အကျိုးပေးခြင်းဖြစ်၏။ ထိုအတိုင်း ခံစားရမည်သာဖြစ်၏။ ဤကဲ့သို့ မဂ်ဖိုလ်ကိုလည်း တားမြစ်၊ အပါယ်သို့လည်း ချပစ်တတ်သည့် အမှတ်(၁) ဓမ္မ အန္တရာယ်ကြီးကို ပမာထုံး နှလုံးမူပြီး လူ့အဖြစ် မရှုံးရအောင် ရှောင်ကြဉ်နိုင်ကြ သည့်အပြင် မိဘကျေးဇူးကိုလည်း ဆပ်၊ သံဃာတော်အရှင်သူမြတ်တို့ကိုလည်း ထောက်ပံ့ ကြပြီး အိမ်တွင်း၌ ဘုရားရှင်ကြွရောက်နေသလို ဆွမ်း ပန်း ရေချမ်း၊ ဆီမီး ခဲဖွယ် အသွယ်သွယ်တို့ဖြင့် သူ့အချိန်နှင့်သူ လှူဒါန်းဆက်ကပ်ပြီး အထူးထူးသော ကုသိုလ်မြတ် တို့ကို လက်မလွတ်စတမ်းအရယူကာ သာသနာနှင့် တွေ့ကြုံကျိုးနပ်သူများဖြစ်အောင် ကျင့်ဆောင်ကြပါလေ။

အမှတ် (၂) ဓမ္မ အန္တရာယ်- “ကိလေသန္တရာယ်”
ကိလေသ ရန်စွယ် ခပင်းမကျန်အောင် ပယ်ခွင်းပြီးမှ ဇာတိဇာတ်က ရပ်တန့်မည်ဖြစ်၏။ ကိလေသာဆယ်ပါးမှ မဂ်ဖိုလ်ကို အဓိကတားဆီးသည့် အမှတ်(၂) ဓမ္မ အန္တရာယ်ကြီးမှာ အယူမှားသည့် ဒိဋ္ဌိကိလေသာတရားပင်ဖြစ်၏။ ဒိဋ္ဌိ (၃၂) မျိုးရှိရာတွင် ခြုံငုံ၍သိထားသင့်သည့် ဒိဋ္ဌိတို့ကိုသာ ဖော်ပြပေးပါမည်။ ၎င်းတို့မှာ-
(၁) သက္ကာယဒိဋ္ဌိ = ခန္ဓာငါးပါး ပရမတ္ထတရားဖြစ်သော ရုပ်၊ နာမ်တရားတို့ကို “ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ၊ ဒူး၊ ပေါင်၊ ခါး၊ ခြေ၊ လက်၊ သား၊ သမီး၊ မြေး၊ မြစ်”ဟု အမြင်မှားခြင်း။
(၂) သဿတဒိဋ္ဌိ = ခိုင်သည်၊ မြဲသည်၊ တည်သည်၊ တန့်သည်၊ ဘ၀ကူးသည်၊ ဘ၀ဆက် သည်၊ အသက်ဆက်သည်၊ လိပ်ပြာခွဲသည်၊ လိပ်ပြာခေါ်သည်၊ လိပ်ပြာစင်သည်၊ ကူးတို့ခ ထည့်သည်ဟု အယူဝါဒရှိခြင်း။
(၃) ဥစ္ဆေဒဒိဋ္ဌိ = ပြတ်သည်၊ စဲသည်၊ ယခုဘ၀ သေပြီးလျှင် နောင် ဘာမှ မဖြစ်တော့ဘူးဟူ၍ အယူမှားခြင်း။
(၄) နိယတမိစ္ဆာဒိဋ္ဌိ = စွဲစွဲမြဲမြဲ သေသည်အထိ ယူထားသော အယူရှိသည့် နိယတမိစ္ဆာဒိဋ္ဌိ သုံးမျိုးရှိပါသည်။ ၎င်းတို့မှာ-
(က) နတ္ထိကဒိဋ္ဌိ = ဘာလုပ်လုပ် အကျိုးတရားမရှိဟု ယူဆခြင်း (ကောင်းကျိုး၊ ဆိုးကျိုး တစ်စုံတစ်ရာ မရှိဟူ၍ ယူခြင်း)။
(ခ) အဟေတုကဒိဋ္ဌိ = အကြောင်းတရားလည်း မရှိ၊ ကံတရားလည်း မရှိဟု ယူဆခြင်း (အကြောင်းကံကို ပယ်သောအယူ)။
(ဂ) အကိရိယဒိဋ္ဌိ = ကုသိုလ်၊ အကုသိုလ်မရှိဟု ယူဆခြင်း (ကောင်းမှုပြုသော်လည်း ပြုသည် မမည်၊ မကောင်းမှုပြုသော်လည်း ပြုရာမရောက်ဟု ယူသောအယူ) တို့ ဖြစ်ကြပါသည်။

ထို အမြင်မှား၊ အယူမှား ဒိဋ္ဌိတရားများက မဂ်ဖိုလ်ကို တားဆီးကြ၏။ ထို့ကြောင့် ကျေးဇူးရှင် မိုးကုတ်ဆရာတော်ဘုရားကြီးက “တရား နောက်မှ အားထုတ်၊ ဒိဋ္ဌိ အရင်ဖြုတ်”ဟူ၍ ကရုဏာတရား ရှေ့ထား၍ ဆုံးမထားခဲ့ခြင်းဖြစ်၏။ မဟာကရုဏာရှင် မြတ်စွာဘုရားကလည်း ဒိဋ္ဌိကို အရင်ဦးစွာဖြုတ်ကြရန် ဥပမာပြ ဆုံးမတော်မူပုံမှာ- “ချစ်သား ချစ်သမီးတို့၏ ဦးခေါင်းထက်၌ မီးလောင်စွဲနေသည်ရှိသော် ထိုမီးသည် အဘယ်အရပ်၊ အဘယ်နေရာက ကူးစက်လောင်စွဲသည်ကို ခဏအသာထား၊ အရင်ဦးစွာ မီးကိုသာ ငြိမ်သတ်ဖို့ အားထုတ်ရ မည်” ဟူ၍လည်းကောင်း၊ “ချစ်သား ချစ်သမီးတို့၏ရင်ဝ၌ လှံစူးဝင်သည်ရှိသော် အဘယ် အရပ်၊ အဘယ်နေရာကလာပြီး စိုက်ဝင်လာသည်ကို စုံစမ်းရန် အသာထား၊ ဦးစွာ ရင်ဝတွင် စိုက်နေသော လှံကိုနှုတ်ပြီး ကုသရမည်”ဟူ၍ဖြစ်၏။

အမှတ် (၃) ဓမ္မ အန္တရာယ်- “၀ိပါကန္တရာယ်”
ဝိပါက၀ဋ်သည် အကျိုးပေး ဒုက္ခသစ္စာဖြစ်၏။ နိဗ္ဗာန် မရောက်မခြင်း နောက်ကနေ ထက်ကြပ်လိုက်နေပြီး အခါအခွင့်သင့်တိုင်း အကျိုးပေးနေတတ်သည့်သဘော ဖြစ်ပါသည်။ ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာကြောင့် အကျိုးပေးဒုက္ခသစ္စာရရှိခြင်းသည် အခြားသူ မဆိုထားနှင့် ဘုရားရှင်ကိုယ်တော်မြတ်ကြီးပင် “၀ိပါက်ကြမ္မာ မနေသာ”နိုင်ဘဲ ၀ိပါက်တော် (၁၂)ပါး အကြွေးကို တစ်ခုချင်း ကျေအောင် ပေးဆပ်တော်မူရလေသည်။

ထိုသို့ သံသာရ ၀ဋ်ဒုက္ခ နိဗ္ဗာန်မရမခြင်း လည်ကြရသည့် ထိုဒုက္ခ စက်ရဟတ်ကြီးသည် လောင်စာမီး တဏှာငြိမ်းမှ ဘ၀ဇာတ် အပြီးတိုင်သိမ်းပြီး ချုပ်ငြိမ်းကြရမည်ဖြစ်၏။ ထို့ကြောင့် ဘ၀ဇာတ် မသိမ်းသေးခင်မှာတော့ ၀ိပါက၀ဋ် နောက်ကပါနေဦးမည်သာ။ ဘုရား၊ ရဟန္တာ အရှင်မြတ်များ၌ ကိလေသာ အာသဝေါတရား ကုန်ခန်းသော်လည်း ၀ိပါက၀ဋ် မကုန်သေးခြင်းမှာ ခန္ဓာကိုယ် အကြွင်းရှိနေသေးသောကြောင့် ဖြစ်ပါသည်။ စာလိုအားဖြင့် သဥပါဓိသေသ နိဗ္ဗာန် (ခန္ဓာကိုယ်အကြွင်းရှိသောနိဗ္ဗာန်)သာ ရရှိထားသောကြောင့် ဖြစ်ပါသည်။ ခန္ဓာကိုယ် အကြွင်းမရှိတော့သော(အဏုပါဓိသေသနိဗ္ဗာန်) ရရှိမှသာ ဒုက္ခအားလုံးရပ်ပြီး အငြိမ်းကြီး ငြိမ်းတော်မူနိုင်ကြလေကုန်၏။ ခန္ဓာရှိနေသေးလျှင် ၀ဋ်ဒုက္ခရှိနေသေး၏။ ဘုရား၊ ရဟန္တာတို့ သည် ကိလေသာမရှိခြင်းကြောင့် နောင်ခန္ဓာ မလာနိုင်တော့ပေ။ ထိုသို့ ပရိနိဗ္ဗာန်ပြုပြီးမှ အငြိမ်းဓာတ် ကိန်းနိုင်ကြသော်လည်း ပရိနိဗ္ဗာန်မပြုခင်၌ ကိုယ်သာနာ၍ စိတ်မနာကြတော့ဘဲ ကျန်ရှိသည့် ၀ိပါက၀ဋ်ကို ခန္ဓာဖြင့် ၀ဋ်ကြွေးဆပ်ရ၏။

ဝိပါက၀ဋ်တို့၌ ယခုဘ၀ တရားမရနိုင်သည့် အမှတ် (၃) ဓမ္မ အန္တရာယ်ကြီးမှာ မိခင်ဝမ်း၌ သန္ဓေတည်ကတည်းက ပညာဉာဏ်- အမောဟဟိတ် မပါခဲ့ခြင်းပင်ဖြစ်သည်။ ထို အန္တရာယ် ကြီးမှာ ယခုဘ၀ နိဗ္ဗာန်ရရေး ရှောင်ရှားလို့ ရနိုင်သည့်အရာ မဟုတ်ပါပေ။ စာလိုအားဖြင့် ဒွိဟိတ်ပုဂ္ဂိုလ်လို့ ခေါ်ပါသည်။ ၎င်း၌ အလောဘဟိတ်နှင့် အဒေါသဟိတ်များရှိပြီး သာမန်အား ဖြင့် လောကီပညာအရာတွင် တိဟိတ်ပုဂ္ဂိုလ်နှင့် သိပ်မကွာလှဘဲ လောကုတ္တရာပညာအရာ၌ ပရမတ္ထသဘောတရားတွေကို ဒွိဟိတ်ပုဂ္ဂိုလ်တို့က နားမလည်နိုင်ကြောင်း မှတ်သားသိရှိရ ပါသည်။ စာရေးသူအနေအားဖြင့် ဒွိဟိတ်နှင့် တိဟိတ် ခွဲခြားကာပြဖို့အရေး အလွန်ပင် ၀န်လေး လှသည့်အတွက် ခွဲခြားကာ မပြတော့ပြီ။

ဆောင်ရမည့်အရေးတို့ကိုသာ အတိုးချကာ ကြိုးစားသင့်ကြောင်း အကြံပြုလိုသည်မှာ မိမိသည် ဒွိဟိတ် တိဟိတ် ဘယ်ဟိတ်များဖြစ်ပါလိမ့်ဟု ကိုယ့်ကိုယ်ကို မေးမနေသင့်။ ငါတော့ဖြင့် ဒွိဟိတ် ပုဂ္ဂိုလ်ဖြစ်လို့ တရားအားထုတ်လည်း အလကား၊ မရဖို့သာ များသည်ဟူ၍ လက်မှိုင်ချ ငေးမောနေရန်လည်း မနေသင့်။ လုပ်သင့်သည်မှန်သမျှတို့ကို ပညာရှိတို့ မှာကြားသည့်အတိုင်း တစ်တပ်တစ်အား ကြိုးစားကာ ကျင့်ကြံကြရပါမည်။ တစ်နည်းအားဖြင့် ဥပမာပြရပါလျှင် သစ်တုံးကြီးကို လွှဲဖြင့် ပိုင်းဖြတ်ရာ၌ “ပြတ်တာက သူ့အလုပ်၊ ဖြတ်ရမှာက ကိုယ့်အလုပ်”၊ ထိုနှစ်လုပ် ကွဲကွဲပြားပြားသိရှိကာ ကိလေသာပါးပြီးကင်းအောင် ဒါနကိုလည်း ပြု၊ သီလကို လည်း ဆောက်တည်၊ သမထ ၀ိပဿနာ ဘာဝနာတရားတို့ကိုလည်း ကြိုးကြိုးစားစား ကျင့်ကြံပွါးများ အားထုတ်ပါလျှင် အနာဂတ် မဝေးသောကာလတွင် နိရောဓသစ္စာကြီးကို အမှန်ပင် မြင်ရလိမ့်မည်ဟု ယုံကြည်စွာအားထုတ်ကြရပေမည်။

အမှတ် (၄) ဓမ္မ အန္တရာယ်- “အရိယူပ၀ါဒန္တရာယ်”
အရိယာပုဂ္ဂိုလ် မဆိုထားနှင့်၊ မည်သူ့ကိုမျှ ပြစ်မှားစော်ကားလိုသောစိတ်များ မဖြစ်အောင် နေထိုင်ကျင့်ကြံသင့်၏။ နှုတ်ဖြင့်လည်း မပြုနှင့်၊ ကိုယ်ဖြင့်လည်း မပြုလေနှင့်။ ရန်ကိုရန်ချင်း မတုံ့ပြန် မိကြစေနှင့်။ ရန်စတွေ ပျိုးနေကြလို့ ငြိမ်းခွင့်မရသည့် ဒုက္ခတရားတွေကို သံဝေဂ ဉာဏ်ဖြင့်ကြည့်ရှုကာ အမြဲဆင်ခြင်သင့်လှ၏။ ရန်မလိုမှ ရန်ပြိုမည်၊ ရန်ပြိုမှ အေးချမ်းမည်ဖြစ် သည်။

မာနဖြင့် ထောင်လွှား၊ ဒိဋ္ဌိဖြင့် မိုက်မှားကာ အချင်းချင်း ပြစ်မှားကြခြင်းတွေနှင့် တစ်ဖက်က ရန်မခင် တစ်ဖက်သတ် ရန်ဆင်မိခြင်းတွေကြောင့် ကိုယ့်ကာယကံ ကိုယ့်ထံပြန်၊ ကိုယ်ဝစီကံ ကိုယ်ထံပြန်၊ ကိုယ့်မနောကံ ကိုယ်ထံပြန်သည့် ဒုက္ခတွေသာ ရရှိနေကြရ၏။ ထိုကဲ့သို့ တစ်ဖက်သားကို ပြစ်မှားမိကြရာ၌ အရိယာပုဂ္ဂိုလ်တို့ကိုများ ပြစ်မှားစော်ကားမိလိုက်လျှင်ဖြင့် တောင်းပန်ခွင့်မရလိုက်ပါက ကြီးလေးလှသည့် အမှတ် (၄) ဓမ္မ အန္တရာယ်ကို လွန်ကျူးမိတော့၏။ အရိယာပုဂ္ဂိုလ်တို့ကို ပြစ်မှားမိခြင်း ထို အရိယူပ၀ါဒကံကလည်း မဂ်ဖိုလ်ကို တားမြစ်သည့် ကံကြီးပင်ဖြစ်တော့၏။ သို့သော် အရိယာသူတော်စင်အား ပြစ်မှားမိလို့ တောင်းပန်လျှင်ကား ကျေအေးကင်းပျောက် မဂ်ဖိုလ်ကို ရခွင့်ရှိနိုင်ပေသည်။

အရိယာပုဂ္ဂိုလ်ရယ်မှ မဟုတ်၊ မည်သူ့ကိုမျှ မပြစ်မှားမိအောင် နေနိုင်လျှင် အကောင်းဆုံးပင် ဖြစ်ပါသည်။ တရားစခန်းများတွင် လေ့ကျင့်ပေးသည့် ကျေးဇူးရှင်ကြီးများအား ပြစ်မှားမိခဲ့သော အပြစ်တို့ ရှိနေပါလျှင် မဂ်ဖိုလ်ကို တားဆီးနေမည် စိုးသောကြောင့် တရားမရှုမှတ်ခင်တို့၌ အရင်ဦးစွာ ဦးခိုက်တောင်းပန်ကြသည့် အလေ့အကျင့်မှာ မွန်မြတ်လှပေ၏။ ည အိပ်ယာ ၀င်ခါနီးတိုင်း ထိုအတိုင်း ပြုကျင့်နိုင်က ပို၍ ကောင်းပေသည်။ နေ့စဉ်ဝတ်ပြု၍ သံသရာက တွေ့ကြုံခဲ့ရသော ဘုရား၊ ရဟန္တာအစဖြာသော ကျေးဇူးရှင်ခင်ပွန်းကြီးဆယ်ပါးတို့နှင့် ယခုဘ၀ တွေ့ကြုံရသည့် ထိုကျေးဇူးရှင်ကြီးတို့အပေါ်၌ ကာယကံ၊ ၀စီကံ၊ မနောကံ တစ်ပါးပါးသော ကံတို့ဖြင့် ပြစ်မှားစော်ကားမိခြင်းများ ရှိနိုင်သည်ဖြစ်ခြင်းကြောင့် လက်ဆယ်ဖြာမိုး မာန်ကိုချိုး၍ ဦးညွှတ်ကန်တော့ကြရာ၏။

အရိယာသူတော်စင်တို့ကို ပြစ်မှားမိခြင်းကြောင့် ရရှိသောဆိုးကျိုးတို့မှာ လွန်စွာကြီးမားလှ၏။ စိဉ္စမာန အမျိုးသမီးသည် အမှန်မဟုတ် ပုံသဏ္ဌာန်လုပ်၍ ဘုရားနှင့် ကိုယ်လေးလက်ဝန်ဖြစ်ရ ပါသည်ဟု လူဘုံအလယ်ထဲတွင် ဘုရားရှင်အား အရှက်ခွဲခဲ့ခြင်းကြောင့် မြေမျိုခံရခြင်း၊ အရှင် ဒေ၀ဒတ်သည် ဘုရားရှင်အား ကျောက်မောင်းဆင် သတ်ခဲ့ရာ၌ ကွဲအက်သည့် ကျောက်စ မှန်ကာ ဘုရားရှင်၏ခြေမ,တော် သွေးစိမ်းတည်ခဲ့ခြင်းကြောင့် မြေမျိုခံရခြင်း၊ ဘုရားရှင်၏ ယောက္ခမတော်ဟောင်း သုဗ္ဗဗုဒ္ဓသာကီဝင်မင်းကြီးသည် ဘုရားရှင် ဆွမ်းခံကြွရာ အ၀င်လမ်း တို့တွင် သေသောက်ကျူး ငမိုက်သားတို့ကို ဘုရားရှင်အား မူးရစ်ရမ်းကားစွာ ဆဲရေးတိုင်ထွာ ခြင်းပြုရန် ခိုင်းခဲ့သောကြောင့် မြေမျိုခံရခြင်း၊ နန္ဒကဘီလူးသည် လက်ယာရံ အဂ္ဂသာဝက အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး ဖလသမာပတ် ၀င်စားတော်မူနေချိန်တွင် ဦးခေါင်းကို လက်ဖြင့်ရိုက်ပုတ်မိခြင်းကြောင့် မြေမျိုခံရခြင်း၊ နန္ဒလုလင်သည် ရဟန္တာဘိက္ခုနီအရှင်မ ဥပလ၀ဏ်ကို ရာဂစိတ်ဖြင့် မိစ္ဆာစာရ ကျူးလွန်ပြစ်မှားမိခြင်းကြောင့် မြေမျိုခံရခြင်းတို့သည် အရိယာပုဂ္ဂိုလ်မြတ်တို့အား ပြစ်မှာမိခြင်းကြောင့် ဘုရားရှင်လက်ထက်တော်၌ အထင်အရှား ဖြစ်ခဲ့သော အရှင်လတ်လတ် မြေမျိုခံခဲ့ကြရသည့် သာဓကတို့ပင်ဖြစ်၏။

အရိယာပုဂ္ဂိုလ်တို့အား ပြစ်မှားမိခြင်းကြောင့် ရရှိသော ဆိုးကျိုးဆယ်မျိုးကိုလည်း အောက်ဖော်ပြပါလင်္ကာဖြင့် မှတ်သားကြပါလေ-

အရိယာဇာတ်၊ ပုဂ္ဂိုလ်မြတ်ကို၊ ပြောတတ်ပြစ်ဆို၊ အညစ်ပို၍၊ မလိုရန်ငြှိုး၊ ထိုသူမျိုး၌၊ ဆယ်မျိုးပြစ်ဒဏ်၊ ရမြဲမှန်ခဲ့၊ သွေးအန်ဖြစ်လွယ်၊ ရောင်းဝယ်ရှုံးခြင်း၊ ချို့ယွင်းအင်္ဂါ၊ ရူးကြဖောက်ပြန်၊ ကြမ်းတမ်းစွပ်စွဲ၊ သေကွဲသားချင်း၊ ပျက်ခြင်းစည်းစိမ်၊ နေအိမ်မီးလောင်၊ ဒုက္ခဘောင်သည်၊ လူ့ဘောင်ဒိဋ္ဌ၊ တွေ့ကြုံရ၍၊ သေကမလွဲ၊ ပါယ်ငရဲဝယ်၊ ကမ္ဘာစွဲခဲ့၊ ရောက်ဆဲ လူ့ပြည်၊ တက်ပြန်လေသော်၊ ကျက်သရေမွဲ၊ မဂ်ဖိုလ်လွဲ၍၊ အမြဲကြမ္မာ၊ ၀ဋ်ကြောင်းပါသည်၊ ရှောင်ရန် ဓမ္မ အန္တရာယ်တည်း။

အမှတ် (၅) ဓမ္မ အန္တရာယ်- “အာဏာ ၀ီတိက္ကမန္တရာယ်”
မြတ်စွာဘုရားရှင်၏ အာဏာစက်သည် အနန္တစကြာဝဠာသို့တိုင် တည်တော်မူပေသည်။ ဘုရား သားတော်များအနေဖြင့် ဘုရားရှင်က ၀ိနည်းတော်ကို ဒီအတိုင်း စောင့်ထိန်းကြရမည်ဆိုလျှင် ဒီအတိုင်းသာ လိုက်နာကြ၏။ ဟိုလိုလေး လုပ်ခွင့်ပေးပါလို့ အတွန့်မတက်ကြပေ။ အတွန့်တက်ခဲ့သော ရဟန်းဆိုးများ ရှိခဲ့ခြင်းကြောင့် သာသနာတော် ထက်ခြမ်းကွဲခဲ့သည့် ဖြစ်ရပ်မှန်ကြီးကလည်း ယခုထက်တိုင် ဂယက်ရိုက်ခတ်နေပေသည်။

ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးနောက် နှစ်တစ်ရာ အကြာတွင် သံဃာတော်တစ်သောင်း စုပေါင်း၍ သိက္ခာတော် ၂၂၇ သွယ်မှ လျှော့ပါရန် အဓမ္မ၀ါဒ(၁၀)ချက်တို့ကို တင်ပြကာ တောင်းဆို လာကြရာ အရှင်မဟာယသ ကိုယ်တော်ကြီးဦးဆောင်၍ ရဟန္တာတစ်သိန်းတို့ဖြင့် ဒုတိယ သင်္ဂါယနာတင်တော်မူခဲ့ကြပြီး ထိုအရှင်ဆိုးများစွာတို့ကို မောင်းထုတ်ကာ ပြည်နှင်လိုက်ကြ ပေသည်။ ထိုအချိန်၌ အဓမ္မ၀ါဒအယူ သံဃာတို့က သူ့ဘာသူ မဟာသံဃိကဂိုဏ်းဟူ၍ အမည်သမုတ် ဂုဏ်ရောင်ထုတ်ပြီး ၀ိနည်းတော်(၁၀)ချက်တို့ကို ပယ်ဖြုတ်ကြကာ ယခုအခါ မဟာယာနဗုဒ္ဓဘာသာဟူ၍ ထင်ရှားစွာတည်ရှိနေလေသည်။

ဗုဒ္ဓဘာသာ နှစ်ဘာသာမရှိ၊ ဘုရားသား ဧကန်မှန်လျှင် တစ်သားတည်းသာ ရှိနေရပေမည်။ ဘုရားစကားတော်တို့အား ပြင်လို ပြင်၊ စွက်လို စွက်၊ ဖြည့်လိုလျှင် ဖြည့် လုပ်နေကြပါလျှင် ငါလည်းပဲဘုရားလုပ်ချင်နေကြသည့်သဘောသာ ဖြစ်နေပေသည်။ တုနှိုင်းမဲ့ဘုရားရှင်၏ သားတော်အစစ်ဖြစ်ပါလျှင်ကား ဘုရားမှာရာ တသွေမတိမ်း စောင့်ထိန်းကာနေကြရမည်ဖြစ် သည်။ သို့မှသာ မဂ်ဖိုလ်အရေးက တွေးလေတိုင်း မဝေးနိုင်တော့ဘဲ ကျင့်နိုင်သလောက် ခရီးပေါက်ကာ လူတို့ထက် အမြန်ဆုံးရောက်မည်ဖြစ်၏။

ဘုရားသားတော်များအနေဖြင့် အမှတ် (၅) ဓမ္မ အန္တရာယ်ကြီးကို ကျော်ဖြတ်ကာ ခရီးနှင်နိုင် ရပါမည်။ ဘုရားသား သံဃာတော်များသည် ကျူးလွန်လိုသောစေတနာဖြင့် ဘုရားတားမြစ် ထားသည့် ၀ိနည်းတော်(စည်းကမ်း)တို့ကို ဖောက်ဖျက်မိကြခြင်း၊ ကျူးလွန်မိသော အပြစ်(အာပတ်)တို့ကို ဒေသနာကြားခြင်း(အာပတ်ဖြေခြင်း) မပြုလုပ်ဘဲနေခြင်းတို့ကြောင့် မဂ်ဖိုလ်ကို တားမြစ်ခံကြရခြင်းဖြစ်၏။ ရဟန်းတော်များသည် လူတို့ထက် မဂ်ဖိုလ်နှင့်နီးကြောင်း သိက္ခာတော်မြတ်တို့ဖြင့် ပါရမီဖြည့်ခွင့် ရရှိကြသလို မဂ်ဖိုလ်နှင့်ဝေးကြောင်း အပြစ်တို့ကို လွန်ကျူးမိ၍ အာပတ်မဖြေနိုင်ကြပါလျှင်လည်း လူတို့ထက်ပင် မဂ်ဖိုလ်နှင့် ဝေးလှ၏။

ကျူးလွန်လိုသောစေတနာဖြင့်မဟုတ်ဘဲ ခေတ်အခါအခြေအနေသဘောအရ ရှေးကလို ခြေလျင်ကြွမြန်းကြကာ လိုရာခရီးသွားကြတာမဟုတ်တော့ ယာဉ်စီး၍သာ သွားကြရာ၌ ၀တ္ထုငွေ ကိုင်ကြရ၏။ ထိုသို့သောအာပတ်တို့ကို သေးငယ်သည် မထီသဘောဖြင့် ဒေသနာ ကြားရန်မလိုဟု သဘောထားကာ မနေကြရပါဘုရား။ မြို့ထဲသို့ ကြွကြရာ၌ ဟကွဲကာ ၀တ်ဆင်ထားသည့် မြန်မာမ, ကပြားတို့ကိုမြင်လျှင် သံဝေဂ,သာ နိုင်နိုင်ပွါးကြပါကုန်ဘုရား။ မာတုဂါ မှန်သာမှန်လျှင် ခရီးအတူ မသွားကြရန်နှင့် တစ်မိုးအတူ မအိပ်ကြစေရာ။ လူတို့ အကြိုက်သာ လိုက်နေရလျှင်ဖြင့် ၀ိနည်းတော်အဖော်မထားသလိုဖြစ်ပြီး ကြာလာလျှင် အာပတ်တွေ တစ်ပုံတစ်ပင် မဖြစ်ရအောင် နေ့စဉ်သာဒေသနာကြားကြပါကုန်ဘုရား။

ဆရာနှင့်ဒကာဆိုသည်မှာ မဂ်ဖိုလ်ကို အတူရကြဖို့အရေး “ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ” ဆိုသလို အပြန်အလှန် မှီနေကြရသည်ဖြစ်ခြင်းကြောင့် သတိတရား အခါခါပွါးနိုင်ပါမှ မဂ်ဖိုလ်ကို အတူတက်လှမ်းနိုင်ကြမှာပါဘုရား။ ခေတ်လူတွေ ပြောမရ,ဆိုမရဟူ၍ လစ်လျူရှု ပစ်မထားကြဘဲ ဘုရားဆုံးမ,ထားသည့်အတိုင်းသာ အားမနာတမ်းဆုံးမ၍ မကြိုက်လျှင်လည်း မတတ်နိုင်၊ သာသနာတော်အရေးအတွက်မို့ အမှန်အတိုင်း မည်သူ့မျှ မငဲ့ကွက်ဘဲ ခတ်ပြတ်ပြတ် ဟောတော်မူကြပါဘုရား။ သည့်အပြင် ထိုအရေးမှာ ဆရာဒကာတို့၏ ကျင့်နှစ်ဖြာညီမျှကြမှ အချင်းချင်းမှီနိုင်ကြမည်ဖြစ်ခြင်းကြောင့် တွဲလက်ချင်း မဖြုတ်တမ်း ခိုင်အောင် မြဲမြံစွာ ရှိထားကြရပါမည်။

နိဗ္ဗာန်သို့တူရူ မကွေ့မကောက် ဖြောင့်တန်းစွာလျှောက်နိုင်ကြအောင် မဂ်ဖိုလ်အား ထားဆီးကြ မည့် ဆိုခဲ့သည့် ဓမ္မ အန္တရာယ်ကြီးတို့ကို သတိဝီရိယကြီးစွာရှောင်ရှားကြ၍ ဆောင်ထားရမည် တို့ကိုလည်း သဒ္ဓါ၊ သတိ၊ သမာဓိ၊ ၀ီရိယာ၊ ပညာ ဗိုလ်ငါးဖြာတို့ဖြင့် ကျင့်ဆောင်ကာနေကြပါ ကုန်။ သို့မှသာ မကြာခင်၌ ရည်မှန်းရာနိဗ္ဗာန်ကြီးကို ကြည်ရှင်းစွာမဂ်ဖိုလ်အလင်းဖြင့် တွေ့မြင်နိုင်ကြရပြီး သံသရာတစ်လျှောက်လုံး မတွေ့ကြုံမခံစားခဲ့ရသည့် အမွန်မြတ်ဆုံး ချမ်းသာကြီးကို တွေ့မြင်ခံစားကြရမည်မှာ မလွဲဧကန်သာဖြစ်တော့၏။

စာရှုသူ ဓမ္မမိတ်ဆွေအပေါင်းနှင့် အနန္တသတ္တ၀ါအားလုံးတို့၌ ဘေးရန်ကင်းပ၍ ကိုယ်နှင့်စိတ် ညီမျှကြကာ ချမ်းသာစွာတရားအားထုတ်နိုင်ကြပါစေ။
(ဣ ဒံ မေ ပုညံ အာသ၀က္ခယံ ၀ဟံ ဟောတု။)

မပျင်းလုံ့လ အားထုတ်ကြ

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
ဗာဟုသစ္စဉ္စ သိပ္ပဉ္စ- ဗဟုသုတနှင်ပြည့်စုံခြင်းသည် မင်္ဂလာတစ်ပါး”ဖြစ်ကြောင်း မြတ်စွာဘုရားဟောကြားတော်မူ ခဲ့၏။ ထို့ကြောင့် ဗဟုသုတတိုးပွားအောင် ဆည်းပူးလေ့လာခြင်းဖြင့် ကောင်းမွန်သောအကျင့်ကို ပျိုးထောင်အပ်၏။ ပျင်းနေလို့ မတော်ပေ။ ပျင်းလျှင် ဖျင်းမည်။ ဖျင်းလျှင် ဗဟုသုတ၊ အသိဉာဏ်တို့ ဗလာဖြစ်မည်။ ဗဟုသုတ၊ အသိဉာဏ်တို့ ဗလာဖြစ်လျှင် ဘေးကိုရောက်မည်။ ဘေးကိုရောက်ပြီးနောက် မြောင်းထဲကျသွားကာ လုံးဝ သုံးမရဖြစ်ပြီး လူ့ဘ၀ရကျိုးမနပ်ဘဲ ဘ၀နိဂုံးချုပ်ရပေမည်။ ထို ဒဿနလေးသည် ဆရာတော် အရှင်အာစာရာ လင်္ကာရ(ကိုးဘွဲ့ရဆရာတော်)၏ “ပ-ဖ-ဗ-ဘ-မ” ဒဿနလေးပဲဖြစ်ပါသည်။

အရာရာအောင်မြင်ဖို့ဆိုသည်မှာ ထက်သန်သောဝီရိယရှိဖို့လိုအပ်၏။ “၀ီရိယ ၀တော ကိံနာမ ကမ္မံ နသိဇ္ဈတိ”- ၀ီရိယရှိသောသူအတွက် မအောင်မြင်သည့်အရာဟူသည် မရှိပေ။ ထို့ကြောင့် အောင်မြင်လိုလျှင် ၀ီရိယ အရင်းခံရပေမည်။ ထက်သန်သောဝီရိယတရားရှိခြင်းသည် အောင်မြင်မှု၏သော့ချက်ဖြစ်၏။ ဆရာဝန်ဖြစ်လို လျှင် ဆရာဝန်ဖြစ်အောင် အားထုတ်ရမည်။ အင်ဂျင်နီယာဖြစ်လိုက အင်ဂျင်နီယာဖြစ်အောင် ၀ီရိယစိုက်ရပေ မည်။ မြတ်စွာဘုရားရှင်သည် သတ္တ၀ါအနန္တအပေါ်တွင် မဟာကရုဏာတော်ဖြစ်ကာ လမ်းမှန်ကိုညွှန်ပြနိုင်သည့် ဘုရားအဖြစ်သို့ ရောက်လိုသောကြောင့် ဘုရားဖြစ်အောင် ကြိုးစားအားထုတ်ခဲ့ပေသည်။ ဘုရားဖြစ်ဆေးစား၍ မဟုတ်။ ဓာတ်လုံးသောက်ပြီး ဘုရားဖြစ်ခဲ့ခြင်းလည်း မဟုတ်။ လေးအင်္သေချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး အသက်သွေးချွေးပေးဆပ်ပြီး ပါရမီတော်ဆယ်ပါးကို အပြားသုံးဆယ်ဖြင့် ဖြည့်ကျင့်အားထုတ် ၀ီရိယအမြဲမပြတ် စိုက်ထုတ်ခဲ့ရခြင်းဖြစ်၏။

အခြေခံပညာမူလတန်းတုန်းက သင်ယူခဲ့ရသည့် ယုန်နှင့်လိပ်ပုံပြင်လေးထဲတွင် ယုန်နှင့်လိပ် အပြေးပြိုင်ရာ၌ ၀ီရိယမပြတ်အားထုတ်သော လိပ်ကလေးက ပျင်းရိခြင်းအကျင့်ရှိသည့်ယုန်ကို အောင်နိုင်ခဲ့ပုံမှာ ၀ီရိယမပြတ်အားထုတ်ခြင်းသည် အောင်မြင်မှုပန်းတိုင်ရောက်ဖို့ အဓိကကျကြောင်း ပြသထားခြင်းပင်ဖြစ်သည်။ လိပ်၏ပြေးနှုန်းသည် ယုန်နှင့်ယှဉ်ပါက ကွာခြားလှသော်လည်း ပျင်းနေသူကို မပျင်းသူက ကြာလျှင် ကျော်သွားနိုင်သည့်သာဓကဖြစ် ၏။ ၀ီရိယရှိသူသည် လမ်းမှန်ကို လျှောက်လှမ်းနိုင်ပါလျှင် နိဗ္ဗာန်ကို လျင်မြန်စွာ ထိုးထွင်းသိမြင်နိုင်ကြောင်း မယွင်းမှတ်ယူထားပါလေ။

 မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်အခါက သောဏာထေရီဖြစ်လာမည့် မုဆိုးမတစ်ဦးသည် သားသမီးကလည်းများ၊ စည်းစိမ်ဥစ္စာတို့ကလည်း သူ့တစ်သက် စားလို့မကုန်နိုင်လောက်အောင်ချမ်းသာသည့် သူဌေးမကြီးဖြစ်၏။ သားသမီးတို့က အိမ်ထောင်ကိုယ်စီရှိကြပြီး အမေမသေခင် အမွေကို ကြိုယူချင်နေကြသောကြောင့် အမေကို ဖျောင်းဖျကြသည်မှာ “အမေ့ အမွေတွေကို အညီအမျှ ခွဲဝေပေးလိုက်ပြီး အမေကတော့ သားသမီးတွေထံ အလည်လှည့်စားသောက်နေထိုင်ရင်း မြေးတွေကို ချစ်ခင်ယုယစွာ နေထိုင်ပါ အမေ”ဟူ၍ပြောဆိုကြရာ ထိုအတိုင်း ဆောင်ရွက်ပေးလိုက်သည့်အခါတွင် အသက်ခြောက်ဆယ်ကျော် အဖွားအိုကြီးခမျာ မျှော်လင့်ထားသည့်အတိုင်းဖြစ်မလာခဲ့ပေ။ ချွေးမနှင့်သားမက်တို့၏ ငြူစူစောင်းမြောင်းအော်ဟစ် ခံရသည့်ဒုက္ခတို့ ရင်ဆိုင်ရပြီးနောက် ခွက်တစ်လုံးဆွဲ တုတ်တစ်ချောင်း ကိုင်ကာ တောင်းစားရသည့် အဖြစ်သို့ ရောက်ရပေတော့၏။ ကံကောင်းထောက်မ၍ မြတ်ဗုဒ္ဓသာသနာတော်တွင် မှီခိုအားထား ရာရသဖြင့် သောဏာထေရီအဖြစ် သာသနာ့ဘောင်မှာ နေခွင့်ရရှိခဲ့လေသည်။ သာသနာ့ဘောင်မှာလည်း အသက်ကြီး၍ ဆွမ်းခံမလိုက်နိုင်သဖြင့် ကျောင်း၌နေရစ်ခဲ့ကာ ရေနွေးအိုးကျိုရင်း၊ ကျောင်းဝေယျာဝစ္စတွေလုပ်ရင်း လူ့ဘ၀ဒုက္ခတို့ကို သံဝေဂပြင်းစွာ ရရှိထားသူပီပီ တရားကိုလည်း တရားကိုလည်း မပြတ်အားထုတ်လေ၏။ တရားအားထုတ်ရာ၌ မျက်စိကမှုန်၊ အားကလည်းကုန်နေသည့် အရွယ်ဖြစ်သောကြောင့် ကျောင်းဆောင်တိုင် ကိုင်ပြီး ပတ်ချာလည်ရင်း တရားမှတ်လေသည်။ မြတ်စွာဘုရားရှင်က တရားရရန် ပါရမီ ရင့်သန်သူ သောဏာထေရီကို မြင်တော်မူသဖြင့် ရောင်ခြည်တော်လွှတ်ပြီး တရားဓမ္မ ဆုံးမတော်မူရာ ပီတိသောမနဿဖြစ်ရှာသော သောဏာထေရီမကြီးသည် ဆုံးမထားသည့်အတိုင်း ဆက်လက်အားထုတ်လိုက်ရာ အဘိညာဏ်ရ ရဟန္တာမကြီးအဖြစ်သို့ ရောက်ရှိသွားလေသည်။ ပုံမှန်နေတွေ၌ ဆွမ်းခံမှပြန်လာသော ထေရီမငယ်တို့က သောဏာထေရီမကြီးကို ရေနွေးကျိုခြင်း၊ ကျောင်းဝေယျာဝစ္စတို့ လုပ်ဆောင်ခြင်းမပြီးလျှင် ငြူစူစောင်းမြောင်း ပြောဆိုတတ်ရာ တရားထူးရရှိပြီးသည့်နေ့တွင် ရေနွေးအိုးကို မီးမွှေးစရာမလိုဘဲ တန်ခိုးဖြင့်ကျိုပြလေသည်။ တရားထူး ရရှိထားကြောင်း ပြသလိုက်ခြင်းပင်။ ကြွားဝါခြင်းကား မဟုတ်ပေ။ တစ်ခြားနေ့များ ကဲ့သို့ ငြူစူစောင်းမြောင်းပြောဆိုလိုက်လျှင် ကံကြီးထိုက်မည့် အနာဂတ်အဖြစ်ကို သနားငဲ့ကွက်၍ တန်ခိုးပြခြင်းသာဖြစ်ပေသည်။ ထိုသောဏာထေရီမကြီးကား ရဟန္တာထေရီမအားလုံးတွင် တရားရရှိရန်အားထုတ်သူများထဲ၌ ၀ီရိယဧတဒက်အဖြစ် ချီးမြှင့်ခြင်းခံရသူဖြစ်ပေသည်။ ၀ီရိယ၏စွမ်းပကားသည် အသက်ကြီး၍ ဉာဏ်ရည်ကျနေသူကိုပင် တရားထူးရရှိရန်မြှင့်တင်ပေးနိုင်သည်မှာ တကယ့်လက်တွေ့ သာဓကဖြစ်၏။ ထို့ကြောင့် အသက်ငယ်ရွယ်သူများအနေဖြင့် ဉာဏ်ရည်ကောင်းနေချိန်လည်းဖြစ်သောကြောင့် ၀ီရိယမပြတ်ကြိုးစားအားထုတ်ထိုက်ပေသည်။ ၀ီရိယမပြတ်အားထုတ်သူအဖို့ လောကီအတတ်ပညာ သာမက လောကုတ္တရာ အသိပညာပါ ရရှိနိုင်သည်မှုာ မလွှဲဧကန်သာ ဖြစ်ပေသည်။

စာရေးသူအကြောင်းကို အနည်းငယ်သာဓကပြလို၏။ စာရေးသူသည် ဉာဏ်ရည်ထက်မြက်သူမဟုတ်ပေ။ သာမန်ဉာဏ်ရည်သာရှိသူဖြစ်၏။ သို့သော် ၀ီရိယတရားကို ယုံကြည်စွာအားထုတ်ခဲ့သဖြင့် သူငယ်တန်းတွင် တတိယဆု၊ ပထမတန်းမှန၀မတန်းအထိ ပထမဆု၊ ဒသမတန်းတွင် သင်္ချာဂုဏ် ထူးဖြင့် နှစ်ချင်းပေါက် အောင်မြင်ခဲ့ပြီး စတသ(၄၅)သင်တန်းတက်ရောက်၍ ကွန်ပျူတာဘွြဲ့ ဖင့်အောင်မြင်ခဲ့ကာ စတသတွင် အဆင့်(၁၂၂/၉၂၅)၊ စုမှူးသင်တန်း(၁၆၂)တွင် အဆင့်(၂/၉၂၃)၊ ဘာသာစကားသင်တန်းအမစ(၄)၊ အုပ်စု(၁၆)တွင် ပထမဆုရရှိကာ ရုရှားနိုင်ငံတွင် မဟာသိပ္ပံ(ကွန်ပျူတာ)ဘွဲ့ ရရှိခဲ့ပြီးနောက် ခွဲမှူးသင်တန်း(၂၄)တွင် အဆင့်(၁၁)နှင့် တပ်စိတ်အလိုက် မိုင်(၃၀)ဆန်းစစ် တပ်စိတ် ပထမဆု၊ တဆတ၌ လ/ထကထိက(ကွန်ပျူတာဌာန)နှင့် စာပေဦးစီးအရာရှိတာဝန်ထမ်းဆောင်ချိန်တွင် (၆၆)နှစ်မြောက်တပ်မတော်နေ့ အကြို စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲ(အရာရှိအဆင့်)တွင် ပထမဆု၊ ထို့နောက် မင်္ဂလာဒုံတပ်နယ် စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲ(အရာရှိအဆင့်)တွင် ဒုတိယဆုရရှိကာ တိုင်းအထိဖြေဆိုခဲ့ရပြီး ခလရ(၂၆၂)တွင် တပ်ခွဲမှူးတာဝန် ထမ်းဆောင်ခဲ့စဉ်က ကရခ၊ တစသ(၁၂)၊ တိုက်/စည်း(အရာရှိ)သင်တန်း(၉၈)တွင် ပထမဆုနှင့် ရင်းအဆင့်အုပ်ချုပ်မှုမွမ်းမံသင်တန်း(၁/၂၀၁၂)တွင် ပထမဆု၊ ကော့သောင်းတပ်နယ်၊ စစ်သည်တော် ကျင့်ဝတ်ပြိုင်ပွု(အရာရှိအဆင့်)တွင် ပထမဆုများ အသီးသီးရရှိခဲ့ပေသည်။ ဉာဏ်ထုံသူ ကျွန်ုပ်သည် ၀ီရိယကား အစွမ်းကုန်အားထုတ်သူဖြစ်၏။ ၀ီရိယ၏စွမ်းပကားကို သာဓကပြချင်၍သာ ဂုဏ်ကိုထုတ်ဖော်ရခြင်းဖြစ်၏။ စာရေးသူအနေဖြင့် ယခုကဲ့သို့ တရားဓမ္မဆောင်းပါးများ ရေးသားနိုင်ခြင်းမှာလည်း တရားဓမ္မများကိုလေ့လာခြင်း ၀ီရိယတရားကြောင့်ဖြစ်သည်။ ရုရှားနိုင်ငံတွင် ပညာသင်ယူနေချိန်၌ ဆရာတော်ပေါင်းစုံ၏ တရားတော်များ နေ့စဉ်နာကြားခြင်း၊ တရားဓမ္မစာအုပ်များ ဖတ်ရှုခြင်း၊ တရားဆွေးနွေးပွဲများ ဖြစ်မြောက်အောင် အကျိုးဆောင်ခြင်း၊ ဓမ္မစာပေမှတ်စုများ ထုတ်နှုတ်မှတ်သားကာ ပြန်လည်ဖတ်ရှုခြင်း၊ အလှူအတန်းများပြုလုပ်ကာ အနုမောဒနာတရားများ နာကြားရာ၌ ရိုသေစွာနာကြားခြင်း၊ ရောက်ရာဒေသတွင် ကလေးငယ်တို့ကို စာပေသင်ကြားပေးခြင်း စသည့် ၀ီရိယတရား အားထုတ်ခြင်းကို စဉ်ဆက်မပြတ်ပြုလုပ်ခြင်းကြောင့် ဖြစ်ပေသည်။ ရဟန္တာမဖြစ်သေးသမျှ ကျွန်ုပ်တို့ ကြိုးစားအားထုတ်ခြင်းအလုပ် မပြီးမြောက်သေးပေ။ ဤအချက်ကား သတ္တ၀ါတိုင်း မိမိကိုယ်ကို အမြဲတမ်း သတိတရားဖြင့် သိရှိထားရမည့်အချက်ဖြစ် သလို မြတ်ဗုဒ္ဓ၏အလိုတော်လည်းဖြစ်ပါသည်။ ဆရာတော်အရှင် ဆန္ဒာဓိကတရားတော်တွင် နာကြားခဲ့ဖူးသည်မှာ “ရဟန္တာမဖြစ်သေးသမျှ ငါချမ်းသာလိုက်တာ ဟူ၍ ဘယ်သောအခါမှ မအောင်းမေ့လေနဲ့” ဟူ၍ မြတ်စွာဘုရားဟောကြားခဲ့ကြောင်း မှတ်သားခဲ့ရပေသည်။ အနာဂါမ်အဆင့် သို့ ရောက်ရှိချိန်တောင် ဗြဟ္မာဘ၀ကိုခင်တွယ်သည့် ဘ၀တဏှာရှိနေသေး၍ ခန္ဓာဝန်ချပြီးနောက် ကမ္ဘာပေါင်း တစ်သောင်းခြောက်ထောင် အသက်ရှည်ကြာနေရသည့် သုဒ္ဓ၀ါသဗြဟ္မပြည် ၌ ဗြဟ္မာဘ၀ နေရသေး ၏။ မြတ်စွာဘုရားသည် ပကဗြဟ္မာမင်းကြီး တန်ခိုးဖြင့် မာန်ရစ်နေခြင်းကို တန်ခိုးချင်းယှဉ်ပြိုင် အောင်နိုင်ကာ “ဘ၀မှန်သမျှ ဘယ်ဘ၀မှ မကောင်း”ဟူ၍ ဆုံးမတော်မူခဲ့လေသည်။ ထို့ကြောင့် နိဗ္ဗာန်ကို မျက်မှောက်ပြုရေးအတွက် ကျွန်ုပ်တို့အားလုံးသည် လောကီကောင်းကျိုးအလုပ်၊ လောကုတ္တရာ ဘ၀ချုပ်ငြိမ်းကြောင်းအလုပ်တို့ကို အသက်ရှိနေသေးသ၍ မပြတ်ကြိုးစားအားထုတ်နေကြရမည်ဖြစ်ပေသည်။

ကျွန်ုပ်တို့ မြန်မာလူမျိုးမများစုသည် အပျင်းထူခြင်းနှင့် ရောင့်ရဲနိုင်ခြင်းကို ရောထွေးစွာ နားလည်နေတတ်ကြ၏။ အပျင်းထူနေခြင်းကို ရောင့်ရဲနိုင်ခြင်းဟုမှတ်ယူကာ ကိုယ့်ကိုယ်ကို ဂုဏ်တင်ပြောဆိုနေတတ်ကြ ၏။ လောကမှာ ငွေရှိအောင် အားထုတ်နေဖို့မလိုဘူး၊ စားသောက်ရုံလောက်ရလျှင် တော်ပြီ။ ဘာလို့ လောဘဇောတိုက် စီးပွားရှာနေမှာလဲ ဟူ၍ အလုပ်ကို မကြိုးစားကြပေ။ သမလောဘဖြင့် မှန်မှန်ကန်ကန် ကြိုးစားလုပ်ဆောင်ခြင်းများကိုကား အရိယာသူတော်ကောင်းများပင် မပယ်ကြပေ။ ဘုရားရှင် လက်ထက်က စီးပွားရေးလုပ်ဆောင်ကြသော သောတာပန်ပုဂ္ဂိုလ်များ များပြားစွာ ရှိခဲ့၏။ (ဥပမာ- အနာထပိဏ် ကျောင်းဒကာကြီးနှင့် ၀ိသာခါ ကျောင်းအမကြီးတို့ကဲ့သို့တည်း။) တချို့ တရားအားထုတ်နေ သူများသည် ဒါနပြုခြင်းသည် ဘ၀သံသရာကောင်းကျိုးများသာ ဖြစ်၏။ ထို့ကြောင့် ၀ိပဿနာဖြင့် သာတော့မည်ဟူ၍ ၀ိပဿနာအားထုတ်ခြင်းဖြင့်ပင် ရောင့်ရဲနေတတ်ပြန်ပေသည်။ တချို့မှာ ဒါန၊ သီလကား သံသရာလည်ကြောင်း ၀ိပဿနာမှသာ သံသရာလွတ်မြောက်ကြောင်းဟု မှတ်ယူပြီး ဒါန၊ သီလကို ပုတ်ခတ်ပြောဆိုတတ်သူများ ရှိကြလေသည်။ ၀ိပဿနာ အားထုတ်ခြင်းသည် သံသရာ လွတ်မြောက်ကြောင်းဟု သိခြင်းကား မှန်သော်လည်း ဒါန၊ သီလကား သံသရာလည်ကြောင်းဟု မှတ်ယူကာ ပြောဆိုခြင်းသည် အပြစ်ကြီးသောယူဆ ပြောဆိုခြင်းဖြစ်၏။ ဒါနပြုခြင်းသည် လိုချင်မှု လောဘကို စွန့်လွှတ်မှ ပြုနိုင်သည်ဖြစ်ခြင်းကြောင့် အလောဘတရားရှိခြင်းဖြစ်၏။ သီလဆောက်တည်ခြင်းသည် လည်း သူတစ်ပါးအကျိုးကို လိုလားစိတ်ဖြစ်မှသာ ပြုနိုင်သောကြောင့် အဒေါသတရားရှိခြင်းဖြစ်၏။ ဒါနပြုခြင်းသည် ဘုရားအလောင်းအစရှိသော သူတော်ကောင်းတို့၏အလုပ်၊ သံသရာမှလွတ်မြောက်ရန်၊ နိဗ္ဗာန်သို့ တက်လှမ်းနိုင်ရန် လှေကားသဖွယ် အထောက်အပံ့ဖြစ်သောအလုပ် အစရှိသဖြင့် အကြောင်းအကျိုးတို့ကို ဆင်ခြင်ပြီးမှ လုပ်နိုင်သောကြောင့် အမောဟတရားရှိခြင်းဖြစ်၏။ တရားအားထုတ်ခြင်းသည် အလောဘ၊ အဒေါသ၊ အမောဟတရားများရှိအောင် အားထုတ်ခြင်းဖြစ်သောကြောင့် ကုသိုလ်ကမ္မပထတရား(၁၀)ပါး မည်သည့်အလုပ်ပင်လုပ်သည်ဖြစ်စေ၊ လျောင်းနေသည်ဖြစ်စေ၊ ထိုင်နေသည်ဖြစ်စေ၊ ရပ်နေသည်ဖြစ်စေ၊ သွားနေသည်ဖြစ်စေ အလောဘ၊ အဒေါသ၊ အမောဟတရားရှိနေအောင် ပါရမီ(၁၀)ပါး မည်သည့်ပါရမီကို ဖြည့်ကျင့်သည်ဖြစ်စေ မပြတ် သတိရှိနေမှုသည် တရားအားထုတ်ခြင်း၏ “စံ”ထားရမည့် ကျောရိုးဖြစ်ပေသည်။ လောဘ၊ ဒေါသ၊ မောဟတရားများ ရှိနေချိန်၌ကား တရားအားထုတ်ခြင်း မမည်တော့ပါပေ။ ထို့ကြောင့် ပါရမီကုသိုလ်မှန်သမျှကို “မိုးရွာတုန်းရေခံ၊ လသာတုန်း ဗိုင်းငင်”ဆိုသလို အပတ်တကုတ်ကြိုးစားအားထုတ်သင့်ပေသည်။

 ၀ီရိယဟူ၍ ဆိုလိုက်သည်နှင့် ထကြွလုံ့လ သွားလာလှုပ်ရှားနေခြင်းကိုပင် ခေါ်ဆိုခြင်း မဟုတ်ပေ။ ၀ီရိယနှစ်ပါးရှိရာတွင် စိတ်ဝီရိယနှင့် ကိုယ်ဝီရိယတို့ဖြစ်ကြ၏။ ထိုနှစ်ပါးတွင် စိတ်ဝီရိယက အဓိကကျ၍ ဦးဆောင်နေခြင်းဖြစ်သည်။ မလျှော့သောဇွဲ၊ လုံ့လ စသည်တို့သည် စိတ်ဝီရိယဖြစ်၏။ ကုန်းဘောင်ခေတ်တုန်းက ဦးကျည်ပွေ့ကို လူတိုင်းကြားဖူးကြပေသည်။ ထိုဆရာတော်ကြီးသည် အသက်ခြောက်ဆယ်၊ ၀ါတော်လေးဆယ်ခန့်အထိ စာပြီးအိပ်နေ ဘိက္ခဝေ ဆိုသကဲ့သို့ ရဟန်းသီလကိုသာ စောင့်ထိန်းပါသော်လည်း စာပေပရိယတ္တိ ဘာတစ်ခုမှ မသင်ကြားခဲ့ပေ။ တစ်နေ့တွင် ကျောင်းဆောင် လေသာပြူတင်းပေါက်မှ ကိုယ်တိုင်နေ့စဉ်စွန့်ပစ်ခဲ့သည့် ဒန်ပူ (သွားကြားထိုးတံ)တို့ မြေပြင်၌ အပုံကြီးဖြစ်နေသည်ကိုမြင်ပြီး သတိတရားဝင်သွားသည်မှာ “ယခင်ကတည်းက စာပေပရိယတ္တိကို ဤဒန်ပူလေးတွေကဲ့သို့ နေ့စဉ်နည်းနည်းခြင်း ကြိုးစားကျက်မှတ်ခဲ့ပါလျှင် ယခုအခါ၌ ပိဋကတ်သုံးပုံကို အလွတ်ရေးနိုင်ပြီး အာဂုံနှုတ်တက်ပင် ဆောင်နိုင်နေပေမည်” ဟူ၍ စဉ်းစားမိလေသည်။ သို့သော် “ဤယနေ့မှစ၍ အပတ်တကုတ် လေ့လာကြိုးစားပါလျှင်လည်း ရနိုင်သေးသည်”ဟူ၍ သတိသံဝေဂ နှိုးဆွသည့်အတွက် ရှင်ဘုရင်ထံသွားကာ ပရိယတ္တိ သင်ကြားတော့မည်ဆိုသည့်အကြောင်း မိန့်ကြားရာတွင် ဘုရင်က “ကျည်ပွေ့ အတက်ပေါက်မှ ဒီတစ်သက် အရှင်ဘုရား စာတတ်မြောက်နိုင်ပါလိမ့်မည်” ဟူ၍ ပြန်လည်လျှောက်ထား လိုက်ခြင်းကို ခံလိုက်ရခြင်းကြောင့် ဆရာတော်ကြီး၏ ထက်သန်ပြင်းပြနေသော ၀ီရိယတရား ကို နှစ်ဆတိုးမြှင့်ပေးလိုက်သကဲ့သို့ ဖြစ်ကာ ဆရာတော်ကြီးသည် ပရိယတ္တိကို အစွမ်းကုန်ကြိုးစား အားထုတ်လေတော့၏။ များမကြာမီ ကာလတွင် ဆရာတော်ကြီးသည် ကျည်ပွေ့၌ သစ်ရွက်သစ်ခက်လေးများ ချည်နှောင်ကာ ကျည်ပွေ့တွင် အတက်ပေါက်နေပြီဖြစ်ကြောင်း ရှင်ဘုရင်ကို ပြသလိုက်ရာ ရှင်ဘုရင်က စာပေပရိယတ္တိ မေးမြန်းခြင်းများစီစဉ်ပြီး စာမေးပွဲစစ်သည်တွင် မေးခွန်းမဆုံးခင် အဖြေကို ဒိုးဒိုးဒေါက်ဒေါက် ခြင်္သေ့ဟောက်သကဲ့သို့ မေးခွန်းမှန်သမျှ မကြောက်တော့သည့် အသွင်ဖြင့် ဖြေကြားတော်မူနိုင်လေသည်။ မဖြေကြားနိုင်သောမေးခွန်း မရှိခဲ့ချေ။ ဤတွင် ပိဋကတ် သုံးပုံ နှံ့စပ်တော်မူသော ဆရာတော်ကြီးအဖြစ် ဘွဲ့တံဆိပ်များရရှိပြီး ကုန်းဘောင်ခေတ် တွင် ကျော်ကြားခဲ့ကာ ယနေ့တိုင်လည်း ဆရာတော်ဦးကျည်ပွေ့ဟူ၍ မြန်မာတို့ အမှတ်ရနေကာ ကလေးတို့ စာကြိုးစားကြဖို့ ဦးကျည်ပွေ့စံထားကာ ဆုံးမပြောကြား နေကြရပေသည်။ ၀ီရိယတရား ထက်သန်သူသည် လမ်းမှန်လျှောက်က ချမ်းသာပြီး လမ်းမှားကို လျှောက်ပါက ဆင်းရဲရပေသည်။ ထို့ကြောင့် လမ်းမှန်ကိုသွား၊ လမ်းမများ၊ လမ်းမှားမလိုက်မိရန် ၀ီရိယထက်သန်သူအတွက် အမြဲသတိချပ်ရမည့် တရားဖြစ်ပေ၏။ “တစ်နေ့တစ်လံ ပုဂံ ဘယ်ပြေးမလဲ” ဆိုသော်လည်း ပုဂံကို ကျောခိုင်းပြေးနေပါက ပုဂံကိုရောက်လိမ့်မည် မဟုတ်ပေ။ အပြေးသန်လေလေ ကြာလာလေလေ ဆန့်ကျင်ဘက်အဝေးသို့ရောက်လေလေ ဖြစ်နေမည်။ ထို့ကြောင့် လှေတွင် လိုရာထိန်းပေးသည့် ပဲ့ကဲ့သို့ ဘ၀မှာ လမ်းမှန်လျှောက်နိုင်အောင် ပညာတည်းဟူသော ပဲ့ဖြင့် အမြဲထိန်းကျောင်းရပေမည်။

စာရှုသူဓမ္မမိတ်ဆွေအပေါင်းတို့သည် လောကီ၊ လောကုတ် နှစ်ဖြာအလုပ်ဖြင့် အစွမ်းကုန်ကြိုးစားအားထုတ်ကြကာ လမ်းမှန်ရန်အတွက် ပညာဖြင့် အစဉ်ထိန်းချုပ်၍ နိဗ္ဗာန်နှင့်မလွဲ သံသရာဝဋ်ဆင်းရဲမှ လွတ်ကင်းနိုင်ကြပါစေကြောင်: ဆုမွန်ကောင်းတောင်းရင်း ဤဓမ္မဆောင်းပါးဖြင့် ကျေးဇူးပြုလိုက်ရပါသည်။

လောကီ၊ လောကုတ် နှစ်ဖြာချမ်းသာကြီးပွါးကြောင်းတရားများ

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
ကောင်းတာကျင့်တော့ ကောင်းကျိုးရ၊ မကောင်းတာကျင့်တော့ ဆိုးကျိုးရတယ်ဆိုတာ ဗုဒ္ဓဘာသာဝင်တွေ အားလုံး လက်ခံယုံကြည်ကြတဲ့ ကံနဲ့ကံအကျိုးအပေါ် သက်ဝင်ယုံကြည်တတ်ကြခြင်း ကမ္မဿကတာ သမ္မာဒိဋ္ဌိအမြင်ပါပဲ။ လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်း သာတွေ ခံစားချင်ကြလို့ ကောင်းမှုတွေ အားထုတ်နေတာမျိုးဆိုရင်လည်း ကိုယ့်ခန္ဓာ ကိုယ်ရောင်းစားနေသလို ဖြစ်နေမယ်။ အကျိုးတရားကို ဉာဏ်နဲ့သိပြီး ဒီဘ၀တွေရနေလျှင် ဒီဒုက္ခတွေက လွတ်မှာမဟုတ်၊ ကြုံပြီးရင်းကြုံ၊ ဆုံပြီးရင်းဆုံကြရကာ ဟိုဘ၀နဲ့ သွားပြီးဒုက္ခခံလိုက်၊ ဒီဘ၀နဲ့နေပြီး ဒုက္ခခံလိုက်နဲ့ ဒုက္ခနယ်ထဲက မလွတ်တမ်းနေခဲ့ကြတဲ့ သံသရာဝဲရဟတ်ကြီးက လွတ်မြောက်နိုင်ရန်အလို့ငှါ၊ ဒုက္ခအပေါင်းက ကင်းလွတ်ရာ အမှန်ဖြစ်တဲ့ နိဗ္ဗာန်ရရှိရန်အလို့ငှါ အားထုတ်မှသာလျှင် ဉာဏ်ပါတာကြောင့် ပါရမီဖြည့်ဆည်းခြင်း ဖြစ်နိုင်ပါတယ်။

ဘုရားလက်ထက်က ပုဏ္ဏားတစ်ဦးက မေးလျှောက်လို့ ဘုရားရှင်ဖြေကြားတော်မူတဲ့တရားကို ထေရ၀ါဒ ဗုဒ္ဓဘာသာလူငယ်များရဲ့ အပြည်ပြည်ဆိုင်ရာထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်(ITBMU)တွင် ပရိယတ္တိ စာပေများသင်ယူနေကြသည့် စာသင်သားရဟန်းတော်များအား (၂၂)ကြိမ်မြောက်လစဉ်အလှူတော်၌ စာသင်သား ရဟန်းတော်ဟောကြားချီးမြှင့်လိုက်တဲ့တရားကို ဓမ္မဒါနရေးသားလိုက်ပါတယ်။ လောကီ အတွက်ရော လောကုတ္တရာအတွက်ရော ချမ်းသားကြီးပွါးကြောင်းတရားများက ဘယ်လိုတရားမျိုးတွေပါလဲ မေးလျှောက်တဲ့ အခါမှာ ဘုရားရှင်က လောကီအတွက် ချမ်းသားကြီးပွါးကြောင်းတရားက ၄ ပါး၊ လောကုတ္တရာအတွက် ချမ်းသာကြီးပွါးကြောင်းတရားက ၄ ပါးရှိကြောင်း ဝေဖန်ပိုင်း ခြား၍ ဖြေကြားတော်မူပါတယ်။

လောကီချမ်းသာကြီးပွါးကြောင်းတရား ၄ ပါး
၁) ဥဋ္ဌာနသမ္ပဒါ(ထကြွလုံ့လရှိခြင်း)။ ။“မကြိုးစားဘဲ အပျင်းထူ၊ ဆုပဲတောင်းနေသူ၊ ကယ်မည့်သူ ဘယ်မရှိ၊ သေချာဒုက္ခ ရောက်မည်သိ”ဆိုတဲ့ ကဗျာစာသားလေးအတိုင်းပါပဲ။ ကြိုးစားအားထုတ်မှု လုံ့လမရှိလျှင်တော့ သူ့အတွက် အောင်မြင်မှု၊ ကြီးပွါးတိုးတက် မှုဆိုတာ ဘယ်တော့မှ ရောက်လာမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ချမ်းသာကြီးပွါးချင်ရင် လုံ့လရှိရမယ်၊ ကြိုးစားအားထုတ်မှုရှိရပါမယ်။ ဒါမှ တိုးတက်အောင်မြင်မှာ သေချာပါတယ်။

၂) အာရက္ခသမ္ပဒါ(လုံ့လ၀ီရိယကြောင့်ရရှိသော စည်းစိမ်ဥစ္စာများကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်တတ်ခြင်း)။ ။ စီးပွါးဥစ္စာ တွေတော့ ရှာထားတယ်၊ ပြည့်စုံကြွယ်ဝလာတယ်။ ဒါနဲ့တင် မပြည့်စုံသေးပြန်ပါဘူး။ “ရေ၊ မီး၊ မင်း၊ ခိုးသူ၊ အမွေခံ သားဆိုး သမီးဆိုး”ဆိုတဲ့ ရန်သူမျိုးငါးပါးက အချိန်မရွေး ဖျက်ဆီးပစ် နိုင်တာကြောင့် ဘယ်လိုမျိုး စောင့်ရှောက်ထိန်းသိမ်းထားလျှင် လွတ်နိုင်မလဲ၊ ကာကွယ်ပြီးသားဖြစ်မလဲဆိုတာကိုလည်း တတ်ကျွမ်းနားလည် နေရမယ်။ ဆောင်ရွက်တတ်ရပါ့မယ်။ ဒါမှ ရထားတဲ့ စည်းစိမ်ဥစ္စာတွေက ယုတ်လျော့မသွားဘဲ ကြာရှည်စွာတည်တံ့နိုင်မှာပဲဖြစ်တယ်။ ရ,ထား သမျှ အကျိုးမရှိ ကိုယ်ကိုယ်တိုင် သုံးဖြုန်းပစ်နေလျှင်လည်း ရရှိထားသမျှ ဥစ္စာတွေဖျက်ဆီးပစ်ဖို့ ကိုယ်ကိုယ်တိုင် ရန်သူလည်း ဖြစ်နေတတ်ပါတယ်။ အပျော်အပါး၊ အသောက်အစား၊ အမော်အကြွားတွေ၊ အလောင်း ကစားတွေလုပ်မိလျှင် တဖြည်းဖြည်းလုံးပါးပါးပြီး နောက်ဆုံး မွဲပြာကျ ဆင်းရဲသွားသူတွေ(အထည်ကြီးပျက်တွေ) ဖြစ်သွားနိုင်တယ် ဆိုတာ အမြဲသတိရှိကြရပါမယ်။

၃) ကလျာဏမိတ္တသမ္ပဒါ(မိတ်ဆွေကောင်းများနှင့်ပေါင်းဖော်ခြင်း)။ ။ မိတ်ကောင်းဆွေကောင်းကို မပေါင်းသင်းမိဘဲ မိတ်ဆွေယုတ်များ နဲ့ ပေါင်းသင်းမိလျှင် တစ်ချိန်ချိန် မိမိကို ဒုက္ခပေးမှာ အသေအချာပါပဲ။ မိတ်ဆွေကောင်းဆိုတာက အချိန်တိုင်းမှာ ကိုယ့်အပေါ် ကောင်းအောင်ပဲ အကြံပြုတယ်၊ ကိုယ့်အကျိုးစီးပွါးတိုးတက်တာကို မနာလိုမဖြစ်တတ်ဘူး။ ကိုယ့်ဥစ္စာစည်းစိမ်းတွေကို စောင့်ရှောက်ပေးဖို့လိုက စောင့်ရှောက်ပေး တတ်တယ်။ မိတ်ဆွေယုတ်ကျတော့ အဲလို မဟုတ်ဘူး။ ကိုယ့်ကိုခင်လို့ပေါင်းတာမျိုးမဟုတ်၊ ကိုယ့်ဆီက ဘာရမလဲဆိုတဲ့ မျှော်လင့်ချက်နဲ့ လာပေါင်းသင်းတာမျိုးဆိုတော့ မရရအောင် တစ်နည်းနည်းနဲ့ အကွက်ဆင်နေမယ်။ အလိုမကျရင် ကိုယ့်ကို ချောက်ချမယ်။ စည်းစိမ်ပျက် အောင်လုပ်မယ်။ ရှေ့တစ်မျိုး ကွယ်ယာတစ်မျိုး ဟန်ဆောင်မှုတွေနဲ့ ပေါင်းသင်းမယ်။ အကြံဉာဏ်ဆိုးတွေဟာ မိတ်ဆွေယုတ်ဆီမှာ အစဉ် ရှိနေတယ်။ ဒါကြောင့် မိတ်ဆွေကောင်းရဲ့တန်ဘိုးဟာ အလွန်ကြီးမြတ်လှပါတယ်။

၎) သမဇီဝိတသမ္ပဒါ(ဥစ္စာအင်အားနှင့်တိုင်းထွာ၍ ညီမျှစွာအသက်မွေးခြင်း)။ ။ ရတာက တစ်ပဲ၊ သုံးတာက တစ်ပိဿာ ဆိုရင်တော့ အကြွေးက နောက်ဘ၀ထိတောင် ဆပ်လို့ မကျေနိုင်ဖြစ်နေမယ်။ ရတာကနည်းနည်း စားချင်တာကများများ၊ သုံးချင်တာက သူ့ထက်တော့ အောက်မကျချင်ဖြစ်နေတော့ ရတာနဲ့ သုံးတာ မမျှတဲ့အတွက် ဘယ်လိုမှ စီးပွါးဥစ္စာက စုနိုင်မှာမဟုတ်ဘူး။ “ချွေတာစုဆောင်း သူဌေးလောင်း” ဆိုတဲ့အတိုင်း ကိုယ့်ဝင်ငွေနဲ့ထွက်ငွေ နှိုင်းနှိုင်းချိန်ချိန်နဲ့ သုံးစွဲရမယ်။ ပြီးတော့ အသုံးနဲ့အဖြုန်း ကွဲကွဲပြားပြား နားလည်ကြရပါမယ်။ ၀င်ငွေ ထွက်ငွေကို သေချာစိစစ်တွက်ချက်ပြီး ရတာလေးနဲ့ ၀အောင်စား၊ ရတာလေးနဲ့ လှအောင်ဝတ် ဆိုတဲ့အတိုင်း မျှမျှတတဖြစ်အောင် အသုံးပြု တတ်မှ ဥစ္စာစီးပွါးတွေဟာ လိုတာထက်ပိုအကုန်တဲ့အတွက်၊ ဖြုန်းတဲ့သဘော မဖြစ်တော့တဲ့အတွက် တစ်နေ့တစ်ခြား ဒီရေအလားကဲ့သို့ တိုးပွါး စည်ပင်နေမှာပဲ ဖြစ်ပါတယ်။

လောကုတ္တရာချမ်းသာကြီးပွါးကြောင်းတရား ၄ ပါး
၁) သဒ္ဓါသမ္ပဒါ(ရတနာသုံးပါးဂုဏ်နှင့် ကံ,ကံ၏အကျိုးကို ယုံကြည်ခြင်း)။ ။လောကမှာ အမြတ်ဆုံးဖြစ်တဲ့ ရတနာတို့သည် ဘုရား၊ တရား၊ သံဃာတို့ဖြစ်ကြတယ်။ ရတနာသုံးပါးဂုဏ်တွေက ဘာတွေလဲ၊ ထိုဂုဏ်တော်တို့ ရှိတော်မူကြတဲ့အတွက် ကိုးကွယ်ထိုက်တယ်၊ အလေးအမြတ်ပြုအပ်တယ်၊ သံသရာဝဲဒုက္ခမှလွတ်အောင် လမ်းပြတော်မူကြတဲ့ ရတနာမြတ်သုံးပါးတို့ဟာ လောကီရတနာမျိုးစုံတို့ထက် သာလွန်မြင့်မြတ်တော်မူတယ် စသဖြင့် ယုံကြည်မှု သဒ္ဓါသမ္ပဒါ ရှိကြရမယ်။ ရတနာမြတ်သုံးပါး ဂုဏ်တော်တွေကို ယုံကြည်မှ ဘုရားရှင် အဆုံး အမတွေကို လိုက်နာနိုင်မယ်။ တရားတော်ကို သက်ဝင်ယုံကြည်မှ တရားအဆုံးအမစာပေတွေကို အလေးဂရုပြုပြီး ကျင့်ကြံပွါးများအားထုတ်နိုင်မယ်။ ဘုရားသားတော်ရဟန်းသံဃာတော် အရှင်သူမြတ်တွေဟာ လည်း ဘုရားရှင်တော်ကိုစား လက်ဆင့်ကမ်းဆုံးမတော်မူကြတယ်၊ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့မြင့်မြတ်တဲ့အတွက် လောကရဲ့ သစ္စာတရားတွေကို ဟောပြောဆုံးမတော်မူနိုင်ကြတယ် စသဖြင့် ကြည်ညိုသဒ္ဓါတရားရှိမှ မိမိတို့အနေနဲ့ အိုဘေး၊ နာဘေး၊ သေဘေးဆိုတဲ့ အကြီးဆုံးဘေးတွေက လွတ်မြောက်နိုင်မှာပဲဖြစ်တယ်။ “သဒ္ဓါတရားက လက်နဲ့တူတယ်”လို့ ဘုရားရှင်က ဥပမာဆောင်ပြပါတယ်။ လက်မပါတဲ့သူတွေဟာ ကိုယ့်ရှေ့မှာ ရွှေငွေဥစ္စာရတနာတွေကို တွေ့နေသော်လည်း ကောက်မယူနိုင်၊ သယ်မသွားနိုင်သလိုဘဲ ရတနာမြတ်သုံးပါးအပေါ်မှာ သဒ္ဓါတရားနဲ့ မပြည့်စုံတော့ အဆုံးအမတွေကို မလိုက်နာနိုင်၊ သံသရာမှ မလွတ်မြောက်နိုင်ဘဲ သံသရာထဲမှာ အဖန်ဖန်ကျင်လည်နေကြရတယ်။ သာသနာတော်နဲ့ ကြုံသော်လည်း သာသနာတော်ကိုမကြိုက်တဲ့ အတွက် သာသနာတော်အဆုံးအမအတိုင်း ဘယ်လိုမှ နေနိုင်မှာမဟုတ်ဘူး။ ဒါကြောင့် သံသရာက လွတ်မြောက်ဖို့ ဝေးနေပါတယ်။ ဒါကြောင့် သံသရာမှလွတ်မြောက်အောင်၊ မလွတ်မြောက်သေးခင်ကြားကာလမှာလည်း ချမ်းသာကြီးပွါးနိုင်ဖို့ရန်အတွက် သဒ္ဓါသမ္ပတ္တိ ဖြစ်နေရပါမယ်။

၂) သီလသမ္ပဒါ(လူတို့စောင့်ရှောက်ကျင့်သုံးသော ငါးပါးသီလနှင့်ပြည့်စုံခြင်း)။ ။ သီလနဲ့မပြည့်စုံလျှင် ခြေမပါတဲ့သူနဲ့တူတယ်။ ခရီးမတွင် နိုင်ဘူး။ သံသရာအဆုံးဖြစ်တဲ့နိဗ္ဗာန်ကို ဘယ်လိုမှမရောက်နိုင်ဘူးဆိုတာ သိထားရပါမယ်။ သီလဆိုတာက ကိုယ်က ကျင့်မှ ရနိုင်တဲ့ တရားဖြစ် တဲ့အတွက် တခြားသူတွေဆီက တောင်းယူလို့လည်းမရ၊ ငှါးသုံးလို့လည်းမရ၊ ခိုးယူလို့လည်းမရနိုင်ဘူး။ တခြားသူကို အငှါးစောင့်ခိုင်းလို့လည်း မရနိုင်ဘူးလေ။ သီလနဲ့မပြည့်စုံတော့ ဘယ်လေက်ပဲချမ်းသာကြွယ်ဝနေသူဖြစ်ပါစေ ပညာရှိတို့ မချီးမွမ်းဘူး။ ရနံ့ကင်းနေတဲ့ ပေါက်ပွင့်နဲ့တူနေ တယ်။ ပါဏာတိပါတကံကို မစောင့်ထိန်းခဲ့တော့ သက်တမ်းစေ့မနေရဘူး။ ကိုယ်လက်အင်္ဂါမစုံလင်ဘဲဖြစ်ကြရတယ်။ ဥပဓိရုပ်လည်း မတင့်တယ်တာကြောင့် လူတောမတိုးနိုင်ဘဲ ရှိနေတတ်တယ်။ အဒိန္နာဒါန (သူ့ဥစ္စာခိုးခြင်း)ကံတွေကို မစောင့်ထိန်းခဲ့တော့ ဘ၀တိုင်း ဆင်းရဲနုံချာ တဲ့ဘ၀ကို ရရှိရတယ်။ သူတစ်ပါးတွေလို ကောင်းကောင်းမစားနိုင်၊ ကောင်းကောင်းမ၀တ်နိုင်၊ ကောင်းကောင်း မသုံးနိုင်တော့ဘူး။ စည်းစိမ်ဥစ္စာ နဲ့ ကြွယ်ဝတဲ့မိဘတွေဆီမှာ လူလာဖြစ်လာသော်လည်း မီးဘေးနဲ့ကြုံလို့ ကိုယ်မွေးလာမှ မိဘတွေ ဆင်းရဲ့သားဘ၀ ပြန်ရောက်ရတယ်။ ကိုယ် ကိုယ်တိုင်ရှာဖွေစုဆောင်းနိုင်လို့ ချမ်းသာကြွယ်ဝလာသော်လည်း အတိတ်ကံက မကောင်းခဲ့တဲ့အတွက် ရန်သူမျိုးငါးပါးကြောင့် ပြန်ဆုံးရှုံးသွား ရတာမျိုးတွေ ကြုံတွေ့ရတတ်တယ်။ ကာမေသုမိစ္ဆာစာရ(သူတစ်ပါးအိမ်ယာပြစ်မှားခြင်း)ကံတွေ ကျူးလွန်ခဲ့မိ တော့ မိန်းမမဟုတ်၊ ယောက်ျား မဟုတ်တဲ့အဖြစ်တွေကိုရကြတယ်။ မိန်းမဘ၀တွေကိုသာ အကြိမ်ကြိမ် ရရှိကြရတယ်။ လင်ကောင်းသားကောင်းမရနိုင်ဘဲ “လင်းဆိုးမယား တဖားဖား”ဆိုသလို ဒုက္ခပင်လယ်ဝေရ တတ်တယ်။ မုသာဝါဒ(လိမ်ညာလှည့်ဖြားခြင်း)ကံတွေကို ကျူးလွန်ခဲ့မိတော့ စကားမပီသ၊ သွားကမညီ၊ လူကြားထဲကျတော့ သိက္ခာရှိရှိမနေနိုင်၊ အသားအရေတွေက ခြောက်ခြောက်ကပ်ကပ်ဖြစ်ရတတ်တယ်။ သုရာမေရယ(သေရည်သေရက်၊ မူးယစ်ဆေးဝါသုံးခြင်း)ကဲတွေကို ကျူးလွန်ခဲ့တော့ အရူးဘ၀၊ ကျပ်မပြည့်တဲ့အဖြစ်၊ စိတ်မငြိမ်ဘဲ ဂယောက်ဂယက်ဖြစ်နေတဲ့ လူ့အဖြစ်တွေကို ရကြရတယ်။ တချို့အရက်သောက်လွန်းသူတွေ စိတ်ဂယောင်ချောက်ချားဖြစ်တာတွေ တွေ့မြင်ကြပါမယ်။ ဒါကြောင့် သံသရာမှာလည်း ဆင်းရဲ၊ နိဗ္ဗာန်နဲ့လည်း ဝေးသထက်ဝေးနေတာမျိုးတွေ မဖြစ်ရအောင် သီလနဲ့ပြည့်စုံအောင် ကျင့်ကြံရမှာပဲဖြစ်တယ်။ ဒါမှ သံသရာမှာလည်း ချမ်းသာကြီးပွါးမယ်၊ နိဗ္ဗာန်ကိုလည်း မျက်မှောင်ပြုနိုင်မှာ ဖြစ်ပါတယ်။

၃) စာဂသမ္ပဒါ(သူတစ်ပါးတို့ကို ပေးကမ်းစွန့်ကြဲခြင်း)။ ။ “ဆုပ်လျှင်ယုတ်၊ ဖြန့်လျှင်မြတ်”ဆိုသလိုပဲ မိမိမှာရှိထားသမျှ စည်းစိမ်ဥစ္စာ တွေကို မပေးရက်၊ မကမ်းရက် ဆုပ်ကိုင်ထားလျှင် သံသရာမှာ ဆင်းရဲကြောင်းလည်းဖြစ်၊ နိဗ္ဗာန်နဲ့မနီးနိုင်တော့ဘူး။ စွန့်ကြဲပေးကမ်းတာဟာ တစ်နည်းအားဖြင့် လောဘကိုသတ်တာပါပဲ။ ဥစ္စာပစ္စည်းတွေအပေါ်မှာ ခင်တွယ်နေတဲ့ တဏှာလောဘတွေမစွန့်နိုင်လျှင်၊ ဒီဥစ္စာပစ္စည်းတွေကို ခင်တွယ်နေလျှင် “လောဘနဲ့သေ ပြိတ္တာပြည်၊ မသွေရောက်တတ်တယ်”ဆိုတဲ့အတိုင်း သေခါနီးမှာ ဥစ္စာပစ္စည်းတွေခင်တွယ်ပြီးသေလို့ ဘေးနားမှာ ပြိတ္တာသွားဖြစ်တာ၊ ဥစ္စာစောင့်ဘ၀တွေ သွားဖြစ်တဲ့အကြောင်းတွေ ဗုဒ္ဓဘာသာအဆုံးအမစကားတွေကို နာကြားမှတ်သား ဖူးကြပါမယ်။ “တစ်စတစ်စ၊ စွန့်ဝံ့မှလျှင်၊ ဘ၀နောက်နှောင်း၊ ဆက်တိုင်းကောင်း၏”ဆိုတဲ့ အဆုံးအမအတိုင်း ရှာထားတဲ့ဥစ္စာတွေအပေါ်မှာ သူတစ်ပါးတို့ကိုလည်းပေးကမ်းစွန့်ကြဲနိုင်ရပါမယ်။ ဒါမှ သံသရာမှာကျင်လည်နေရဦးမယ်ဆိုလျှင် ချမ်းချမ်းသာသာနေရမယ်။ တစ်ဆင့်ထက် တစ်ဆင့် မြင့်သည်ထက်မြင့်နိုင်ပါတယ်။ ဘုရားအလောင်းတော် သုမေဓာရသေ့ဘ၀ ကုဋေ ၁၆၀ ကို နှစ်ဖက်မိဘဘိုးဘွားများက တစ်ဖက် ကုဋေ ၈၀ စီ အမွေတွေ ထားရစ်ခဲ့တယ်။ ဘုရားအလောင်းတော်က စဉ်းစားပါတယ်။ “အဘိုးအဘွား၊ အဖေအမေတွေဟာ ဥစ္စာပစ္စည်းတွေကို ရှာဖွေစုဆောင်းတာကိုသာ လုပ်နိုင်ကြတယ်။ ကိုယ့်နောက်ပါအောင်တော့ မလုပ်နိုင်ကြဘူး။ ငါကတော့ ကိုယ့်နောက်ပါအောင် သယ်ဆောင်သွားမယ်”လို့ တွေးတောပါတယ်။ လိုချင်တာလာရောက်ယူနိုင်ကြောင်း တိုင်းသူပြည်သားအားလုံးကို မောင်းတီးပြီးကြေငြာပါတယ်။ ပေးလို့မကုန်နိုင်တာကြောင့် ယူချင်တဲ့သူယူကြ စေဆိုပြီး ဥစ္စာပစ္စည်းအားလုံးကိုထားခဲ့ကာ ရသေ့ဘောင် အမြန်ဝင်ရောက်ခဲ့ကာ အဲဒီဘ၀မှာ ဘုရားဖြစ်ရန် ဗျာဒိတ်ရရှိခဲ့ပါတယ်။ ပါရမီ ၁၀ ပါးမှာ စာဂ-စွန့်ကြဲပေးကမ်းခြင်းနဲ့ စတင်ဖြည့်ခဲ့ပါတယ်။ သံသရာဘ၀တွေမှာ ဥစ္စာကြွယ်ဝရတာ၊ ချမ်းချမ်းသာသာနေရတာ၊ မရှိဆိုတဲ့စကား မကြားရတဲ့ဘ၀တွေရရှိတာတွေဟာ စာဂသမ္ပဒါနဲ့ ပြည့်စုံမှသာ ရရှိနိုင်တဲ့အကျိုး တရားတွေပဲဖြစ်တယ်။ နောက်ဆုံး နိဗ္ဗာန်အထိ ချမ်းချမ်းသာသာ ပေးဆောင်နိုင် ပါတယ်။

၎) ပညာသမ္ပဒါ(အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်သောအသိပညာနှင့်ပြည့်စုံခြင်း)။ ။ပညာဆိုတာ အမှောင်ထဲမှာ အလင်းရောင်ထွန်းပြီး မမြင်နိုင်တာတွေကို မြင်ရသလို၊ နေမင်းရဲ့အလင်းရောင်ဟာ ကမ္ဘာလောကတစ်ခုလုံးကို ထွန်းလင်းတောက်ပနေသလို၊ မှောက်ထား တဲ့အရာတစ်ခုကို လှန်ပြလိုက်တဲ့အခါ ဘာလဲဆိုတာကို သိမြင်ပြီး သံသယတွေကင်းပျောက်သွားသလို ပညာဟာလည်း အမှားကို အမှားမှန်း သိသွားတဲ့အခါ၊ ယုံမှားသံသယစိတ်အညစ်အကြေးတွေ ကင်းစင်လွင့်ပျောက်ပြီး စိတ်တွေ ကြည်လင်မှု ရရှိသွားတယ်။ နှောင်ဖွဲ့တတ်တဲ့ တရားတွေကို အာရုံကိုအာရုံမှန်းသိတာကြောင့် ငြိတွယ်မှုမရှိဘဲ တဏှာကင်းတဲ့စိတ်၊ လွတ်မြောက်တဲ့စိတ်ဖြစ်စေတာလည်း ပညာပဲဖြစ်တယ်။ မဖောက်မပြန် မှန်မှန်ကန်ကန်နဲ့ သစ္စာလေးပါးကို ထိုးထွင်းသိမြင်လိုက်ပြီဆိုရင်တော့ သံသရာမှလွတ်မြောက်တဲ့ ပညာဉာဏ်နဲ့ပြည့်စုံသွားပါပြီ။ အမှားလား၊ အမှန်လားဆိုတာကို ခွဲခြားတတ်တဲ့ပညာမရှိရင် အမှားကိုလည်း အမှန်ထင်၊ အမှန်တရားကိုလည်း အမှားလို့ မြင်နေတတ်တဲ့ အတွက် မှားပြီးရင်းမှားကာ အ၀ိဇ္ဇာအမှောင်ဖုံးပြီး တဏှာကြောင့် ဘ၀ဒုက္ခတွေ အကြိမ်ကြိမ် အဖန်တလဲလဲကူးပြောင်းနေပြီး ခန္ဓာပြောင်း သေနေရတော့တာပါပဲ။ ဒါကြောင့်မို့ ပညာဉာဏ်နဲ့ပြည့်စုံမှ အမှားကင်းပြီး အလင်းပေါ်နိုင်မှာပဲဖြစ်တယ်။ ပညာထက်မြတ်သောတရား မရှိဘူး။ ပညာဟာ တရားအားလုံးရဲ့ အထွတ်အမြတ်တရား၊ တဏှာပိုက်ကွန်ကို ဖြတ်တောက်နိုင်တဲ့တရား၊ ဒုက္ခအပေါင်းမှ လွတ်မြောက်စေတဲ့တရား၊ တဏှာအားလုံး ပြိုကျအောင် ဖြိုခွင်းနိုင်တဲ့အတွက် ဒုက္ခအဆုံးနိဗ္ဗာန်ကို ရောက်စေလို့ ပညာထက်မြတ်တဲ့တရား မရှိတော့ဘူး။

တရားချစ်ခင်သူတော်စင်များအားလုံး လောကီ၊ လောကုတ် နှစ်ဖြာချမ်းသာကြီးပွါးကြောင်းတရားတို့ကို ကြိုးစားအားထုတ်ပြီး နိဗ္ဗာန်သို့ လျှင်မြန်စောစွာ မျက်မှောက်ပြုနိုင်ကြပါစေ။
(ဣဒံ မေ ပုညံ၊ အသ၀က္ခယံ ၀ဟံ ဟောတု။)

ဘ၀ အောင်မြင်မှု့ နည်းလမ်း




အောင်မြင်မှု့ဟူသည် သူတပါး၏  အကျိုးစီးပွားကိုမထိခိုက်ပဲ  ရည်မှန်းထားသော
ပန်းတိုင်ကိုရောက်၇ှိစေသည့်  မိမိကိုကျေနပ်နှစ်သိမ့်မှု့
ပေးသောအောင်ပွဲခံခြင်းဖြစ်သည်။
အောင်မြင်မှု့ကို  ငွေကြေး ဥစ္စာ ဓနနှင့်လည်း တိုင်းတာလို့မရ
ထင်ပေါ်ကျော်ကြားမှု့နှင့်လည်း
တိုင်းတာလို့မရပါ   အောင်မြင်မှု့ဆိုသည်မှာ  မိမိလိုလားတောင့်တသော
အခြေအနေကို ရရှိကျေနပ်မှု့ပင်ဖြစ်သည်။









ကြိုတင်လိုအပ်ချက်များ



ဘ၀၌အောင်မြင်လိုသူတိုသည်  မိမိ၏  ကိုယ်  နှုပ်  နှလုံး သုံးပါးစလုံးတွင်
ကြိုတင်ပြင်စင်ထားရှိရမည့်

လိုအပ်ချက်များရှိပါသည်။ယင်းတို့ မှာ။

၁။အကျင့်စာ ရိတ္တကောင်းမွန်ခြင်း ။

၂။မိမိ၏ရှိရင်းစွဲ  ဘ၀အခြေနေ၌မနေတော့ဟု  ဆုံးဖြတ်ရမည့် စိတ်ဓါတ်ပြောင်းလဲမှု့ ။

၃။အခြေအနေနှင့်အချိန်အခါကိုသိနားလည်မှု့ ။

၎။အလုပ်ကိုချစ်မြတ်နိုးမှု့နှင့်။

၅။မိတ်ဆွေသဂ်ဟကောင်း ရှိခြင်းတို့ဖြစ်ပါသည်။



အကျင့်စာရိတ္တ ကောင်းမွန်ခြင်း



စစ်မှန်သော အောင်မြင်မှု့ရယူလိုသူတို့သည် တယုတယ ပျိုးထောင်ထားအပ်သော
အကျင့်စာရိတ္တကောင်းရှိဖို့လိုပါသည်။အကျင့်မကောင်းတဲ့ သူတွေလဲ
ဲအောင်မြင်နေတာပဲဟု စောဒကတက်ဖွယ် ရှိသော်လည်းရေရှည်တည်တံသော ဂုဏ်သတင်း ၊
မွေးပျံသောအောင်မြင်မှု့ဟူသည်  အကျင့်စာရိတ္တကောင်းမွန်ခြင်း၊မြေဆီလွာပေါ်၌သာ
 ပျိုးထောင် ရှင်သန်နိုင်သော  နတ်ပန်း  ဖြစ်သည်။



စိတ်ဓါတ်ပြောင်းလဲမှု့


လူအတော်များများသည်မိမိ လက်ရှိ အနေအထားမှ  ပြောင်းလဲရန်တွန့်ဆုပ်သည့်
သဘောထားရှိကျပါသည်။ကြိုးစားနေလည်းထူးမှာမဟုတ်ပါဘူး  ဒီသင်တန်းတက်ပြီးတော့လည်း
ချက်ညခင်းလက်ငင်း ဘာမှဖြစ်လာမှာမဟုတ်ပါဘူးဆိုကာ ဆင်ခြေအမျိုးမျိုးဖြင့် အပျင်းထူကာ
 မိမိလက်ရှိ နေရာမှ  တလက်မမှ မရွေ့ တမ်းနေကျသူအတော်များပါသည်။
လက်ရှိအနေအထားထက် တိုးမြင့်အောင် လုပ်ဆောင်မည်  ယခုအခြေအနေမှာ
လုံးဝ မနေလိုတော့ဟု ဆုံးဖြတ်ကြိုးစား  သူတို့သာ  အောင်မြင်စမြဲ  ပင်ဖြစ်သည်။



အခြေအနေနှင့်အချိန်အခါကို  သိနားလည်မှု့


အောင်မြင်မှု့ရယူနိုင်ဖို့ အခြေအနေ အချိန်အခါ ပေးသည်ကိုပေးမှန်း
နားလည်တတ်ရန်လိုသည်။
အခွင့်အရေးဟူသည် အတောင်ပံပါသည်ဟု ဆိုရိုးစကားရှိသည်။
ခွင့်သာခိုက်မှမကြိုးစားပါက အောင်မြင်မှု့နှင့် ဝေးရလိမ့်မည်။
အချိန်အခါဟူသည်မှာလည်း  အခြေအနေပေးချိန်တွင် ချက်ချင်းထလုပ်မှသာ
အောင်မြင်နိုင်ပေမည်။


အခွင့်အရေး



လောက၌အရာရာတိုင်းအတွက်  အခွင့်အရေးအခွင့်အလမ် ပေါ်ပေါက်တတ်သည်။
အချို့သောသူတို့မှာ  အခွင့်အရေးကိုအခွင့်အရေးမှန်း  မသိကျော်လွားသွားကျသည်။

အချို့မှာအခွင့်အရေးမှန်းသိသော်လည်း
ဖမ်းဆုပ်ရယူခြင်းမရှိသဖြင့်လက်လွတ်ဆုံးရှုံးခဲ့ရသည်။
အခွင့်အရေးသည် နောက်တကြိမ်လာခဲသဖြင့်  အခွင့်အရေးပေါ်သခိုက်
ဖမ်းဆုပ်ရယူနိုင်ဖို့လိုသည်။




အလုပ်ကိုချစ်မြတ်နိုးမှု့


ဘ၀ ကိုပြီးပြည့်စုံအောင်ဆောင်ရွက်ပေးသောအရာများမှာ  အလုပ်သည်အဓိကကျသည်။
လူသည်  အသိဥာဏ်ကြီးမြတ်သည် မိမိအတွက်မိသားစုအတွက် ပါတ်ဝန်းကျင်အသိုင်းဝိုင်းအတွက်
လောကမှာအ လုပ်လုပ်နေသောကြာင့် အသိဥာဏ် ကြီးမြတ်ရခြင်းဖြစ်သည်။
မိမိ၏ အလုပ်ကို  ချစ်မြတ်နိုးတတ်သူ တန်ဖိုးထားတတ် သူဖြစ်မှသာ သန်
့ရှင်းရေး  အလုပ်သမားဖြစ်စေ။

နိုင်ငံတော်   သမ္မတဖြစ်စေ   ဂုဏ်ယူလေးစား   လောက်ပေသည်။

မိတ်ဆွေသဂ်ဟကောင်းရှိခြင်း

လူသည်မိတ်ဆွေသဂ်ဟများ၊အိမ်နီးခြင်းများ၊လုပ်ဖော်ကိုင်ဘက်များ၊တစ်မြို့
တစ်နိုင်ငံတည်းနေသူများ
နိုင်ငံခြားသားများကိုဆက်ဆံ ပေါင်းသင်းရ၏  မိမိကျင်လည်ရာလောက၌ အလုပ်တခု
အောင်မြင်ေ၇းအတွက်  မိမိအားဝိုင်းဝန်းကူညီမည့် မိတ်ဆွေများ
အကြံဥာဏ်ကောင်းပေးမည့်သူများ။
စိတ်ထားဖြောင့်မတ်စွာမိမိ အောင်မြင်မှု့ကို
နှစ်သက်လိုလားသူများနှင့်အဆွေခင်ပွန်းဖွဲရန်လို၏
မိမိကြီးပွားသည်ကို  မုဒိတာပွားကာ  မိမိအခက်အခဲကြုံချိန်မှာ
နှစ်သိမ့်ထူမည့်  မိတ်ဆွေကောင်းဟူသည် ဘ၀၏  အကြီးမားဆုံး ဆုလာဘ် ဖြစ်သည် ။
တစ်ခုသတိပြုရန်မှာ မိမိကိုယ်တိုင် မိတ်ဆွေကောင်း   ပီသဖို့လိုသည်။

ဘ၀   အိမ်မက်  မျော်လင့်ချက်

မျှော်လင့်ချက်ရည်မှန်းချက်ဟူသည်  လူတဦးစီ၏
ဘ၀ကိုရှေ့သို့တွန်းပို့ပေးသောစွမ်းအားဖြစ်သည်။
မျှော်လင့်ချက်  ရည်မှန်းချက်ကြီးမား  သူတို့မှာ စိတ်ကူးအတိုင်း
ကြီးကျယ်ပေါက်မြောက်အောင်
ကြိုးစားရယူနိုင်သည်။
အောင်မြင်လိုသူတိုင်းသည် အိမ်မက်ကြီးကြီးမက်  ရည်မှန်းချက်ကြီးကြီး ထားရှိရမည်။



အာရုံစူးနှစ်မှု့

လောကီကိစ္စ  လောကုတ္တရာကိစ္စ ဆောင်ရွက်ရာတွင်အာရုံစူးနှစ်မှု့သည်အလွန်အရေးပါသည်။
အာရုံစူးနစ်မှု့မရှိပါက
လောကီကိစ္စ  လောကုတ္တရာကိစ္စ ဆောင်ရွက်ရာတွင်  ဟိုမရောက်ဒီမရောက်ခရီးမပေါက်နိုင်။
မိမိရည်စူးရာရည်သန်ရာကိုသာ တခုတည်းသောစိတ်ဖြင့် စူးစိုက်လုပ်ဆောင်ပါမှ ဘဝ
မှာအောင်မြင်မှု့ပန်းတိုင်ကိုရရှိမည်။

လေ့လာဆည်းပူးခြင်း  ကြိုတင်ပြင်ဆင်ခြင်း

အောင်မြင်လိုသောလူများသည် သိသင့်သိထိုက်သည်  ကိုလေ့လာဆည်းပူးခြင်းသည်
ပထမဦးဆုံးအခြေခံ အုပ်မြစ်ဖြစ်သည်။ မိမိလေ့လာဆည်းပူခဲ့သော အတွေ့အကြုံ  ဗဟုသုတ
ပညာရပ်များကို  မိမိလုပ်မည့်လုပ်ငန်းအတွက်  ကြိုတင်ပြင်ဆင်ရမည်။
မိမိလုပ်ငန်းအတွက်လည်း  ၀န်ထမ်း ဘဏ္ဍာရေး  လုပ်ငန်းစီမံခန့်ခွဲမှု့
စသည်ဖြင့်မည်သို့ထားရှိရမည်
ကြိုတင်ပြင်ဆင်မှသာ  လုပ်ငန်းအောင်မြင်ဖို့နီးစပ်သည်။



ယုံကြည်မှု့နှင့် သန္နိဌာန်


ယုံကြည်မှု့သည်ဘ၀၏တွန်းအားဖြစ်သည်  ။
တစုံတရာကို  ဖြစ်ကိုဖြစ်ရမည်ဟု  ယုံကြည်ကာ  သန္နဌာန်  ချမှတ်ဆောင်ရွက်ပါ။
ယုံကြည်မှု့ပြင်းပြပါက  အခက်အခဲများကို
မဆုပ်မနစ်ကြိုးစားဖြတ်ကျော်နိုင်စွမ်းရှိသည်။
သန္နိဌာန်စွမ်းအားက  လိုရာပန်းတိုင်  ရရှိအောင်မြင်နိုင်အောင်ပံပိုးပေးသည်။


အခက်အခဲ  အမှား  နှင့် ရှုံးနိမ့်မှု့


အခက် အခဲသည်  အောင်မြင်မှု့ကို ပိုမိုရရှိ  စေနိုင်သည်
အောင်မြင်မှု့ ဟူသည် လွယ်လင့်တကူ ရရှိသည့်  အရာမဟုတ်ပါ။
အခက် အခဲ ကို တွေ့ကြုံပြီးမှ ရရှိနိုင်သည် ကများသည်
အောင်မြင်မှု့ ကို လုပ်ဆောင်ရင်း အမှားများနှင့် ကြုံတတ်သည်
မမှားဖူးသူသည် ဘာမှမလုပ်  သူသာဖြစ်သည်
မိမိ၏အမှား သူတပါး၏ အမှား များကိုတွေ့ကြုံ သင်ခန်းစာယူမှ တိုးတက်အောင်မြင်နိုင်သည်
အမှားနှင့်  ရှုံးနိမ့်မှု့သည် အောင်မြင်မှု့ ပန်းတိုင်မရောက်မှီ  တွေ့ကြုံရတတ်သည်
အရေးကြီးဆုံး ကိစ္စမှာ   အခက်အခဲ အမှားများ နှင့်ရှုံးနိမ့်မှု့ကို  လက်ခံပြုပြင်ကာ
အောင်မြင်အောင်  ကြိုးစားမည်ဟု  ပိုင်းဖြတ်ထားသော  စိတ်  ဓါတ်  ပင်ဖြစ်သည်

သမ္မာအာဇီဝနဲ့ လက်တွေ့ ငွေလုပ်နည်းဆိုင်ရာ ဥပဒေပညာ(၁)

(က)-"ငွေလိုချင်စိတ်"ကို အလိုက်သင့်ပင် လက်ခံစိတ်သွင်း"မြဲ"ထားပါ။
(ခ)-အရှက်သိ,အကြောက်သိများကို အရှင်းဖယ်ရှားကာ အနေတော်ရဲဝံ့ပါ။
(ဂ)-မိမိရဲ့ကိုယ်မှာ ဥပဓိသမ္ပတ္တိဖြစ်ခြင်းအခြေခံတို့နှင့် မိမိရဲ့ရောင်းကုန်ပစ္စည်းများကို ၀ယ်ယူသုံးစားချင်ဖွယ်ဖြစ်အောင် ပုံစံဆန်းဆန်းတို့ဖြင့် အလှအပ ပြုပြင်"ညှို့"ထားပါ။
..........
(-အထူးပြုမှတ်သားခဲ့ရန်မှာ..အထက်ပါ ရေးသားချက်များဟာ..သမ္မာအာဇီဝနဲ့ ငွေလုပ်ယူနည်း နမူနာ ကကြီး,ခခွေးတွေသာ ဖြစ်သေး၏။
-ချစ်တီးကောင်>ကုလားများကဲ့သို့၎င်း၊-ပေသီးကောင်>တရုတ်များကဲ့သို့၎င်း..
-သန်းကြွယ်သူဋ္ဌေးကြီးဖြစ်ရအောင်လို့ မဟားတရားငွေစုနည်းတွေ မဟုတ်သေးပါ။))

```````````````````````````````````````````````````````
ကျောင်းတက်ချိန်မှာ မပျက်မကွက် ကျောင်းတက်ခဲ့ပြီးလျင် ကျောင်းနားချိန်တွင် လယ်ကွင်းကျယ်ကြီးထဲသို့ ကိုယ်တိုင်သွားရောက်ပြီးတော့ အလုပ်လုပ်ငွေရှာခဲ့ပုံ အတွေ့အကြုံ လိုရင်းချုပ်
.........
-တစ်ခုသောညနေခင်းရဲ့ ကျောင်းလွှတ်ချိန်တွင် ကျောင်းသားသုံး*ပိုးလွယ်အိတ်ကလေးနှင့် လူပျိုဖော်ဝင်ကာစ ကျောင်းသားလူငယ်ဘ၀နဲ့ ဤစာရေးသူသည် ရွာမကြီးရဲ့ အရှေ့ဘက်လယ်ကွင်းကျယ်ကြီးထဲသို့ ခြေလှမ်းသွက်သွက်တို့ဖြင့် အပြေးရောက်သွားပြီးနောက် -ယ္ခုလက်ရှိလယ်ကွင်းထဲက*အခြေအနေရှိတည်နေမှုပုံစံတို့အပေါ် သုံးသပ်ကြည့်လိုက်ရာ
-မိမိရဲ့ အဖိုးအဖွါးအရွယ်ရှိသော လင်မယား ၂-ယောက်တို့မှာ စိုက်ခင်းလယ်ကွက်ကြီးထဲတွင် မနိုင်မနင်းနဲ့အလုပ်ရှုပ်နေကြတာကို တွေ့မြင်သွားရသဖြင့်
-မျက်နှာထားချိုချိုနှင့်နှုတ်ခွန်းဆက်*စကားဆိုပြီးလျင်
-မိမိအရွယ်,မိမိအင်အား,မိမိရဲ့ကျွမ်းကျင်မှုတို့နှင့်သင့်တန်သလောက်တို့ဖြင့်..ထို အဖိုးအဖွါးအရွယ်ရှိသော လင်မယား ၂-ယောက်တို့အတွက် သွက်လက်လျင်မြန်စွာပင်  ၀ိုင်းကူလုပ်အားပေးလိုက်ရာ..နေ၀င်မိုးချုပ်ကာစ အလုပ်သိမ်းအိမ်ပြန်ကြမည်ပြုတဲ့အခါဝယ်..
-ဟင်းစားအသီးအရွက် လက်တစ်ဆွဲကြီးနဲ့ ကျောင်းတက်မုံ့ဘိုး ငွေစက္ကူစတွေ အချို့တို့ကိုလဲ ထို အဖိုးအဖွါးတို့အထံမှ  ကျောင်းသားလူငယ်ဘ၀နဲ့ ဤစာရေးသူအား အပိုင်ရသွားခဲ့တော့၏။

ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းခဲ့သော သာသနာ

-
-
ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းခဲ့သော သာသနာ
ဗိုလ်ချုပ်အောင်ဆန်းသည် (၁၉၄၆)ခုနှစ်၊ ဇွန်လတွင် ရန်ကုန်မြို့၊ ခြောက်ထပ်ကြီး ဘုရားကြီး ကျောင်းတိုက်ရှိ မဟာသံဃနာယက အစည်းအဝေး အပြီး ခေတ္တ အနားယူနေ တော်မူကြသော ဆရာတော်ကြီးများနှင့် ပခုက္ကူ ဆရာတော် ဘုရားကြီး အရှင်ပညာ (အဂ္ဂမဟာပဏ္ဍိတ)တို့ထံ သွားရောက် ဖူးမြော် သြဝါဒ ခံယူခဲ့ပါသည်။
ဆရာတော် အရှင်ပညာ၊ ပခုက္ကူ ဆရာတော်ဘုရားကြီးက ”မောင်အောင်ဆန်း၊ ဗိုလ်ချုပ်ဆိုလို့ တော်တော်ကြီးပလား အောက်မေ့တယ်။ တယ်မကြီးသေးဘဲကိုး။ ကြုံတုန်းကြုံခိုက် ဆရာတော်သြဝါဒ နည်းနည်းပေးပါမည်။
ဗိုလ်ချုပ် လွတ်လပ်ရေးရပြီးလျှင် တို့သာသနာရေးကိစ္စလည်း ပစ်မထားပါနဲ့။ သာသနာတော်ကြီး အကြီးအကဲ ဆရာတော်ကြီးများနဲ့ တိုင်ပင်ပြီး သာသနာရေးကိစ္စတွေ လုပ်ရလိမ့်လို့ စိတ်ကူးထည့်ထားပါလေ။
ဒါ့အပြင် ‘သည်းခံ နိုးကြား သနား၊ ထကြွ နိစ္စမသွေ၊ ရှိစေရှုတတ်၊ သူမြတ်တို့ဂုဏ် ဆိုတဲ့အတိုင်း အကြီးအကဲတို့ရှိရမယ့် ဂုဏ်ခြောက်ပါး အနက် အထူးသဖြင့် နိုးနိုးကြားကြား၊ သတိဝီရိယ သတိပြုရမည်။
‘ဒါယကာ ဗိုလ်ချုပ်
မြောက်တိုင်းလည်း မမြောက်နဲ့
မမြောက်ဘဲလဲ မနေရာ
ခြောက်တိုင်းလဲ မကြောက်နဲ့
မကြောက်ဘဲလဲ မနေရာ’ ဆိုတဲ့ သြဝါဒလေးချက်ကိုလဲ သတိပြုလေ”ဟု မိန့်ကြားတော်မူလေသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ငယ်စဉ် ကျောင်းသားဘဝကပင် ဘာသာရေးနှင့် ထိတွေ့ရင်းနှီးခဲ့သူ ဖြစ်သည်။
နတ်မောက်မြို့၊ ဘုန်းတော်ကြီး ဦးသောဘိတကျောင်း၌ စတင်ပညာသင်ခဲ့ရာမှ ဘာသာရေးနှင့် မြန်မာ့ယဉ်ကျေးမှုကို အလေးထားခဲ့သည်။ နတ်မောက်မြို့၊ ဆရာတော် ဦးသောဘိတကျောင်း၌ (၁၂)နှစ်သားအရွယ် မြန်မာစာလေးတန်း (စတုတ္ထတန်း)အောင်မြင်သည်။ မြန်မာစာလေးတန်း အောင်မြင်ပြီးနောက် ရေနံချောင်းမြို့၊ အမျိုးသား အထက်တန်းကျောင်းသို့ ဆက်လက်ပညာသင်ကြားရာ၊ အစိုးရစစ် သတ္တမတန်း စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးရှိ ဗုဒ္ဓဘာသာကျောင်းများ၊ အမျိုးသားကျောင်းများတွင် ပထမဆင့် အောင်မြင်သဖြင့် ဦးရွှေခို၏ ဆုတံဆိပ်ကို ရရှိခဲ့သည်။
ရေနံချောင်းအမျိုးသားကျောင်းမှ အင်္ဂလိပ်-မြန်မာ(၁ဝ)တန်း စာမေးပွဲအောင်မြင်ပြီး ရန်ကုန်တက္ကသိုလ်သို့ သွားရောက် ပညာဆက်လက် ဆည်းပူးရာတွင် မြန်မာစာ ပါဠိဘာသာကို အထူးယူခဲ့သည်။ ပါဠိဘာသာကို အင်္ဂလိပ်ဘာသာဖြင့်ပင် ကျွမ်းကျင်စွာ ရေးသားနိုင်ခဲ့သည်။ တက္ကသိုလ်ကျောင်းသားဘဝ၊ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သော ပါဠိဘာသာ သင်ခန်းစာများကို (လက်ရေးမူအတိုင်း) ယခုအထိ ရေနံချောင်းမြို့၊ အမှတ်(၁)အစိုးရအထက်တန်း ကျောင်းစာကြည့်တိုက်၌ သိမ်းထားလေသည်။
ငယ်စဉ်ကပင် ဘာသာတရားကို သက်ဝင်ယုံကြည်ရင်းစွဲ ရှိခဲ့သော ဗိုလ်ချုပ်အောင်ဆန်းသည် ဆရာတော်၊ သံဃာတော်များအား အခါအခွင့်သင့်တိုင်း အချိန်ရသလောက် ဖူးမြော်ကန်တော့လေ့ရှိသည်။ ဘာသာရေးအပေါ် အလေးအနက်ခံယူချက်နှင့် ရိုသေကိုင်းရှိုင်းခြင်းတို့ကို ဖော်ပြသည်ဟု ဆိုနိုင်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် (၁၃ဝ၈)ခုနှစ်၊ တပေါင်း လဆန်း(၄) ရက်၊ (၁၉၄၇)ခု၊ ဖေဖော်ဝါရီလ (၂၇)ရက်နေ့က ရန်ကုန်မြို့၊ မြို့တော်ဝန်ခန်းမ၌ ကျင်းပသော ပထမပြန်ဘွဲ့နှင်းသဘင်တွင် မြန်မာနိုင်ငံတော် အမှုဆောင်ဝန်ကြီးများအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ အနေဖြင့် သာသနာရေးနှင့်ပတ်သက်၍ သူ့အမြင်ကို ပွင့်ပွင့်လင်းလင်း တင်ပြလျှောက်ထားခဲ့သည်။
”ဒီနေ့ ဆုနှင်းသဘင်ကြီးမှာ လာရောက် စကားပြောရတာဟာ အစိုးရအဖွဲ့ဝင် ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့အတိုင်း ဝတ္တရားနှင့် လာရောက်ပြောရခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့လူမှန်သမျှ ဘုရား၊တရားကို အမြဲတမ်း ရိုသေကိုင်းရှိုင်းကြပါတယ်။ ယုံကြည်ကြတယ်လို့လည်း ယူဆမိပါတယ်။
တပည့်တော်လဲ ငါးပါးသီလကို အမြဲဆိုသလို စောင့်ထိန်းခဲ့ပါတယ်။ ဒါပေမယ့် စစ်သားဖြစ်လို့ စစ်တိုက်တဲ့ အခါမှာတော့ ငါးပါးသီလကို မစောင့်ထိန်းနိုင်ခဲ့ပါဘူး။ များသောအားဖြင့် လူတွေဟာ ဘုရားတရားကို ဆည်းကပ်ခြင်းမရှိဘဲ၊ ဒုက္ခတွေ့ချိန်ကျမှ ဘုရားတရားကို ပိုပြီး သတိရကြပါတယ်။ ဒီလိုပါပဲ၊ နိုင်ငံရေးသမားများကလည်း ရွေးကောက်ပွဲ နီးလာပြီဆိုရင် ဘာသာတရားကို ဆည်းကပ်ကြတယ်။ သတိရကြတယ်။ တပည့်တော်ကိုလည်း ရွေးကောက်ပွဲနီးလာလို့ လာပြီး ကပ်တယ်ထင်မှာ စိုးတဲ့အတွက် ခုမှပဲလာရခြင်း ဖြစ်ပါတယ်။
ပထမပြန်စာမေးပွဲဟာ ရှေးမြန်မာမင်း လက်ထက်ကစပြီး ဗုဒ္ဓဘာသာသနာတော်မှာ အကြီးဆုံးစာမေးပွဲ ဖြစ်တယ်။ အင်္ဂလိပ်အစိုးရ လက်ထက် ရောက်တဲ့ အခါမှာလည်း ပထမပြန်စာမေးပွဲကို ကျင်းပပြုလုပ်တယ်။ ကျင်းပရခြင်းအကြောင်းက မင်းတို့ရဲ့ ပရိယာယ်အရ ကျင်းပပေးခြင်း ဖြစ်ပါတယ်။ အုပ်ချုပ်တဲ့အခါမှာ ဘာသာရေးနဲ့ ပတ်သက်ပြီး အယူစွဲနေတာကို သိလို့ကျင်းပတာပဲ။
ဥရောပတိုက်မှာ နှစ်ပေါင်း သုံးဆယ်ကျော်လောက်က ဘာသာရေးနှင့် ပတ်သက်ပြီး စစ်ပွဲကြီးဖြစ်ခဲ့တယ်။ ဘာသာမတူတဲ့အတွက် တိုင်းပြည်တစ်ပြည်နဲ့ တစ်ပြည် တိုက်ခိုက်ကြတယ်။ နောက်ဆုံးကျတော့ သင်ခန်းစာတစ်ခုရသွားပြီး၊ ဘာသာရေးနဲ့ ပတ်သက်လို့ လွတ်လွတ်လပ်လပ် ကိုယ့်ဆန္ဒအတိုင်း ကိုယ်ယုံကြည်ရာ ဘာသာကိုယူနိုင်တဲ့ ထုံးတမ်းတစ်ရပ် ဖြစ်လာတယ်။
ဗုဒ္ဓဘာသာထဲမှာ လူတစ်ပိုင်း ဖြစ်နေတာကို တပည့်တော်တို့ မကြိုက်မနှစ်သက်ပါဘူး။ တပည့်တော် ဘုန်းကြီးလုပ်ဖို့ နှစ်ခါတောင် စိတ်ကူး ခဲ့ပါသေးတယ်။ မအောင်မြင်ဘူး။ မအောင်မြင်တာဘဲ ခပ်ကောင်းကောင်း။ မြန်မာပြည် မလွတ်လပ်သမျှ ကျွန်လူမျိုးဘဝနဲ့ ရှိတဲ့အခါမှာ ကျွန်သာသနာဘဲ ဖြစ်နေတယ်။ ကျွန်နိုင်ငံဖြစ်နေသမျှ ကာလပတ်လုံး သာသနာတော်ဟာ မကြီးပွားနိုင်ဘူး။
ခေတ်ပြောင်းတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး လျှောက်ထားပါရစေ။ ခေတ်ပြောင်းလာတဲ့ အတွက် ဗုဒ္ဓဘာသာဝင်များပိုမို နားလည် လွယ်အောင် ပါဠိဘာသာနဲ့ ထုတ်ဝေထားတဲ့ အဖိုးတန်ကျမ်းဂန်များကို မြန်မာစာနဲ့ ပြန်ဆိုရေးသား ပြောင်းလဲရရင် ဗုဒ္ဓဘာသာဝင်တို့ဟာ ဘုရား၊ တရား၊ သံဃာ အကြောင်းတွေ ပိုပိုနားလည်လာလိမ့်မယ်။
ဥပမာ-သြကာသဆိုတဲ့ပုဒ်ရဲ့အနက်အဓိပ္ပာယ်ကို တချို့မသိကြပါဘူး။
မြတ်စွာဘုရားသခင် ကျင့်ထုံးများကိုလည်း သာသနာတော်ကြီး ထွန်းကားလာအောင် သွယ်ဝိုက်တဲ့နည်းနဲ့ တိုက်ပွဲတစ်ခုလို့ ယူဆမိပါတယ်။ နောက်ဆုံး တင်ပြလျှောက်ထား လိုတာကတော့ ယခုအခါ ရွေးကောက်ပွဲတွေ နီးလာပြီ။ သာသနာတော်ကြီး ကြီးပွားတိုးတက်အောင် လုပ်မယ်ဆိုတဲ့ စကားနဲ့ ဆွယ်တရားဟောပြောကြတဲ့ လူပုဂ္ဂိုလ်များကို သတိထားကြပါ။ တကယ်တမ်း လွတ်လပ်ရေးကို ဆောင်ရွက်တဲ့ လူပုဂ္ဂိုလ်များကိုတော့ အားပေး ချီးမြှောက်ကြပါ”
ဗိုလ်ချုပ်အောင်ဆန်းသည် နိုင်ငံ့လွတ်လပ်ရေးကို မရမနေ၊ မရမခြင်း နည်းအမျိုးမျိုးဖြင့် တိုက်ပွဲဝင်နေချိန် ကာလမှာပင် အနာဂတ် သာသနာအတွက် ရည်မှန်းချက်ရှိခဲ့သည်။ ဗိုလ်ချုပ်ကိုယ်တိုင် သာသနာ့ဘောင်ဝင်ရန်ပင် စိတ်ကူးရှိခဲ့သော်လည်း မလွတ်လပ်မီစပ်ကြား သာသနာရေးထက် နိုင်ငံအရေး အလေးပေးရဦးမည်ဟု သဘောပေါက်ပြီး ကျွန်သာသနာမှ လွတ်လပ်သော ကိုယ့်မင်းကိုယ့်ချင်း ထူထောင်နိုင်မည့် သာသနာရေးအား မျှော်မှန်းခဲ့သည်။ တစ်ချိန်က ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းခဲ့သော သာသနာတော်ကြီးကား လွတ်လပ်သော ယနေ့နိုင်ငံတော်၏ ယနေ့ အချိန်ကာလနှင့်အတူ လွတ်လပ်ရေး သာသနာတော်ကြီး အဖြစ် နေရောင်လရောင်ပမာ ထွန်းလင်းပြောင်လျက် ရှိနေပါချေပြီ။
ရေနံမြေဘဖေရဲ့ (၁၉၈ဝ)ခုနှစ်၊ ဇူလိုင်လထုတ် ရတနာမွန်မ တနာမွန်မဂ္ဂဇင်းမှ ကူးယူတင်ပြလိုက်ရပါသည်။ လျှပ်တစ်ပြက် ဂျာနယ်မှ ပြန်လည် ဖော်ပြသည်။

သာသနာပြုလား?

ကျွန်တော်တို့နှိင်ငံက ဗုဒ္ဓဘာသာနိုင်ငံဖြစ်ပြီးတော့ လူအများစုကလဲ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပါတယ်။ ဒါပေမယ့် ဘာသာရေးကို ခုတုံးလုပ်ပြီး စီးပွားရှာစားတာကတော့ လွန်လွန်းတယ်လို့ ထင်တယ်။ ဦးဇင်းတွေ ဆွမ်းခံထွက်တဲ့အခါ ဒကာ ဒကာမတွေက တတ်အားသရွေ့ လှူဒါန်းကြပါတယ် ဒါတွေကကြည့်ရတာ အရမ်းကျက်သရေရှိပါတယ်။ နောက်ပိုင်းမှာတော့ ဆွမ်းခံတာမဟုတ်တော့ပဲ ကိုယ်တော်က ဘယ်မြို့က ဘယ်ကျောင်း ကပါ ကျောင်းဆောင်သစ် ဆောက်လုပ်ဖို့ အလှူငွေလေး နောက်တစ်ခါ ဦးဇင်းဝတ်ကြီးနဲ့ ချဲဂဏန်းပေးလိုပေး ကျွန်တော် ပြောချင်နေခဲ့တာကြာပါပြီ ကျွန်တော်တို့ဆီမှာ ဦးဇင်းတွေ အလှူခံကြတယ် ကျောင်းဆောက်ဖို့ တဲ့ ဒီ စကားကို ကျွန်တော် သဘောမကျဘူး ဘာလို့ ဦးဇင်းဝတ်ပြီးမှ ပကာသနတွေ လို ချင်တာလဲ ရှိတဲ့ကျောင်းလေးနဲ့ မတင်းတိမ်နိုင်ကြပဲ ကျောင်းဆောင်သစ်ပဲ လိုချင်နေကြတယ် ဦးဇင်းတွေ ဘာလို့တရားအားထုတ်တဲ့ အလုပ်ကို တော့ ဘေးဖယ်ထားပြီး ဂုဏ်တုဂုဏ်ပြိုင် ကျောင်းဆောက် ချင်ကြတာလဲ ကျောင်းဆောင်ဆိုတာမျိုးက ဟောင်းသွားလို့ ပြုပြင်ထိန်းသိမ်းသင့်တာမှန်ပေမယ့် သူ့ကျောင်းဆောင်က ပိုပြီးခမ်းနားတယ် ငါ့ကျောင်း ဆောင်က ပိုပြီး ခမ်းနားတယ်ဆိုတာမျိုးအပြိုင်အဆိုင်ဆောက်ကြဖို့တော့ မလိုဘူးထင်ပါတယ်။ နှိုင်းယှဉ်တာမဟုတ်ပေမယ့် ဘာသာခြား တွေအမြင်မှာ ဦးဇင်းတွေ အရက်ဆိုင် ဘီယာဆိုင်မကျန် အလှူခံနေကြတာ ကြည့်မကောင်းပါဘူး။ နောက်ပြီး ကပ္ပိယတစ်ယောက်နဲ့ လာပြီး ဦးဇင်းကတော့ ဘယ်ကပါ ဘာဖြစ်လို့ ဆိုတာမျိုး အလှူခံတာပါ ဦးဇင်းတွေကို ဘုရားရှင်က အလှူခံပြီး စုဆောင်းပါလို့များ ဟောခဲ့ဖူးလို့လား ဘုရားရှင်က ဘုရားရဲ့ သားတော်တွေအတွက် ခြိုးခြံ ပြီး နိဗ္ဗာန်ရောက်ကြောင်းတရား ကျင့်ဖို့နဲ့ တရားကို ဖြန့်ဝေပေးဖို့သာ ဟောကြားခဲ့တာပါ။ ကိလေသာ ကိုပယ်ပြီး ရဟန်းဝတ်တယ်ဆိုရင် ကိလေသာဖြစ်တဲ့ ငါ့ကျောင်း င့ါဒကာ ငါ့ပိုက်ဆံ ဆိုပြီး ဘာလို့များ အယူစွဲနေကြတာလဲ ပိုက်ဆံများများလိုချင်ရင် ဦးဇင်းဝတ်ကြီးနဲ့တော့ အလှူမခံပါနဲ့ဗျာ စီးပွားရေးပဲ အေးအေးလူလူ လုပ်စားကြပါ။ ချဲဂဏန်းတွေ နှစ်လုံးတွေ ပေးနေမယ့်အစား ကိုယ်တိုင်ထိုးပြီး ဒိုင်လုပ်စားကြပါ သာသနာပြုမယ့်သူက သာသနာဖျက်အလုပ်တွေ လုပ်နေတာ ကြည့်မကောင်းလို့ပါ။ ဘာသာခြားတွေ အထင်အမြင်သေးတာကိုလည်း မခံနိုင်လို့ပါ။ ကျွန်တော့်အမြင်ကတော့ ရဟန်းမှန်ရင် နိဗ္ဗာန် ရောက်ကြောင်း တရားကျင့်ပြီး ကိုယ့်ကို ယုံကြည် ဆည်းကပ်သူကို လည်း တရားပြနိုင်ရမယ်လို့ထင်ပါတယ်ဗျာ။

သာသနာ့ဝန်ထမ်းမဟုတ်သော… စစ်အစိုးရ၀န်ထမ်း သံဃာ့မဟာနာယကအဖွဲ့

ခုတလော မြန်မာတပြည်လုံး ငြိမ်းချမ်းဖို့အတွက် ငြိမ်းချမ်းရေးတရားတွေ ဟောနေတဲ့ ရွှေည၀ါဆရာတော်ကို အရေးယူပေးဖို့ စစ်အစိုးရလက်ကိုင်တုတ်ဖြစ်တဲ့ သံဃာ့မဟာနာယကအဖွဲ့က အမိန့်စာတွေ ထုတ်နေတာတွေကို တွေ့ရလို့ သူတို့အစား ရှက်မိပါတယ်။

ရွှေည၀ါဆရာတော်ကို ကျောင်းတိုက်က ဖယ်ရှားရန် အမိန့်စာတွေ ထုတ်ရအောင် ရွှေည၀ါဆရာတော်က ဘယ်လို ရာဇ၀တ်မှုတွေ ကျူးလွန်နေလို့လဲ။ ငြိမ်းချမ်းရေးတရားဟောတာ၊ သူ့ကျောင်းမှာ အတိုက်အခံတွေရဲ့ အလှူအတန်း အခမ်းအနားတွေ လုပ်တာ၊ အကျဉ်းကျသံဃာတွေ ကျောင်းသားတွေ နိုင်ငံရေးသမားတွေ လွတ်ဖို့ ဆုတောင်းပွဲတွေ လုပ်တာ ဘယ်သူတွေကို ထိခိုက်နေလို့လဲ။

သံဃာ့မဟာနာယက ဆရာတော်တွေ ဘုရားရှင်ရဲ့ဥပဒေကို မျက်ကွယ်ပြုပြီး အာဏာပိုင်တွေ အလိုကျ ကိုယ့်သံဃာအချင်းချင်း နှိပ်ကွပ်နေတာ အင်မတန်မှ အရုပ်ဆိုးလှပါတယ်။ ကိုယ့်အမျိုးသားအချင်းချင်း သတ်တာ ဖြတ်တာတွေ ရပ်ဖို့ အတူတကွ ချစ်ချစ်ခင်ခင်နဲ့ တိုင်းပြည်ကြီးပွားတိုးတက်အောင် အတူတကွ ဆောင်ရွက်ကြဖို့ တရားဟောတာ မကောင်းဘူးလား။

မြတ်စွာဘုရား သက်ရှိထင်ရှား ရှိနေတဲ့အချိန်တုန်းကတောင် စစ်မက်ဖြစ်ပွားနေတဲ့ နေရာတွေကို ကိုယ်တိုင်ကြွရောက်ပြီး ငြိမ်းချမ်းရေးတရားတွေ ဟောခဲ့လို့ လူအသက်ပေါင်းများစွာ ချမ်းသာရခဲ့တာ ပိဋကတ်စာပေတွေမှာ အထင်အရှား ရှိနေသေးတာကို ဆရာတော်တို့ မေ့နေပြီလား။

ခုလို ပြည်သူတွေ ဒုက္ခရောက်နေချိန်မှာ သံဃာ့မဟာနာယက ဆရာတော်တွေအနေနဲ့ တိုင်းပြည်ငြိမ်းချမ်းအောင် လုပ်ဆောင်ကြဖို့ စစ်အစိုးရအာဏာပိုင်တွေကို တခွန်းတပါဒမှ ဆုံးမသြ၀ါဒမပေးဘဲ စစ်အစိုးရအလိုကျ လုပ်ဆောင်နေတာတွေဟာ အင်မတန်မှ တာဝန်မကျေပြွန်ရာရောက်သလို ရဟန်းရှင်လူ ပြည်သူလူထုတွေရဲ့ အလိုဆန္ဒကိုလည်း ဆန့်ကျင်ရာရောက်နေပါတယ်။

အစိုးရကိုယ်တိုင်တောင် ပြည်တွင်းစစ်တွေ ရပ်စဲဖို့ တိုင်းရင်းသားအဖွဲ့တွေနဲ ငြိမ်းချမ်းရေးရဖို့ ဆွေးနွေးနေတာ အားလုံးအသိပါ။ တဘက်တလမ်းကနေ ရွှေည၀ါဆရာတော်က ငြိမ်းချမ်းရေးတရားတွေ ဟောနေတာ အစိုးရကိုတောင် အထောက်အကူ ဖြစ်ပါသေးတယ်။ သံဃာ့မဟာနာယက ဆရာတော်တွေ ရှက်တတ်ရင် လဲသေဖို့ ကောင်းပါတယ်။