........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

May 29, 2013

သုပ္ပဗုဒ္ဓကုဋ္ဌိလူနူဝတ္ထု

သုပ္ပဗုဒ္ဓသည် ခန္ဓာကိုယ်နူနေသောကြောင့် အစားအသောက်တို့ကို လိုက်လံရှာဖွေတောင်းရန်၍ စားသောက်ရသော ပုဂ္ဂိုလ်ဖြစ်ပါသည်။ သူသည် တစ်နေ့တွင် အစာအာဟာရတို့ကို လှည့်လည်တောင်းရမ်းရန် သွားသောအခါ မြတ်စွာဘုရား တရားဟောကြားသောနေရာသို့ ရောက်သွားလေ၏။ ထိုအခါ သူသည် လူအပေါင်း စုဝေးနေသည်ကိုမြင်၍ “ဤသူတော်ကောင်းများ စုဝေးရာအရပ်သို့သွားပါက တစ်စုံတစ်ခုသော စားဖွယ်သောက်ဖွယ်ကို ရနိုင်ပေအံ့”ဟု ကြံပြီးလျှင် ထိုလူစုဝေးရာအရပ်သို့ ချဉ်းကပ်လေ၏။


ထိုနေရာသို့ ရောက်သောအခါ မြတ်စွာဘုရားရှင်ကိုမြင်လျှင် သြော်-“ငါသည်ကား လူအများတို့ စားဖွယ်သောက်ဖွယ်များကို စီမံသောအရပ်ဟုထင်၍ လာခဲ့၏။ ဤနေရာသည် မြတ်စွာဘုရားတရားဟောသော နေရာပါလား။ သို့သော်လည်း ငါသည် မြတ်စွာဘုရားဟောကြားသော တရားတော်ကို မှတ်သားမိအောင် နာဦးမည်”ဟု ကြံစည်ပြီးလျှင် ပရိသတ်အစွန့်အဖျား၌နေလျှက် တရားတော်ကို ရိုသေစွာနာယူလေ၏။


မြတ်စွာဘုရားရှင်သည် တရားဟောတော်မူရင်း ကျွတ်ထိုက်သော သတ္တ၀ါကို ကြည့်သည်ရှိသော် ပရိသတ်အစွန့်အဖျား၌နေ၍ ရိုသေစွာ တရားနာကြားနေသော သုပ္ပဗုဒ္ဓလူနူကို မြင်တော်မူလေ၏။

တရားဟောကြားပြီးသည်ရှိသော် သုပ္ပဗုဒ္ဓလူနူသည် သောတာပတ္တိဖိုလ်တည်လေ၏။ သုပ္ပဗုဒ္ဓလူနူသည် မြတ်စွာဘုရားရှင်အား မိမိရအပ်သောတရားထူးကို လျှောက်ထားချင်သော်လည်း ပရိတ်သတ်အလယ်သို့ ၀င်ခြင်းငှါ မဖြစ်နိုင်သောကြောင့် မြတ်စွာဘုရားကျောင်းသို့ ကြွတော်မူသောအခါမှ နောက်ကလိုက်သွားလေ၏။


ထိုအခါ သိကြားမင်းသည် သုပ္ပဗုဒ္ဓလူနူ၏ တရားသိမြင်မှုကို စူးစမ်းလို၍ သုပ္ပဗုဒ္ဓလာသော လမ်းကစောင့်လျက် သုပ္ပဗုဒ္ဓရောက်လာသောအခါတွင် “သုပ္ပဗုဒ္ဓ-သင်သည် လူ့ဘောင်လူ့လောက၌ ဆင်းရဲစွာဖြင့် တောင်းရမ်း စားသောက် နေရသောသူဖြစ်၏။ သို့ဖြစ်၍ သင့်အား ငါသည် မရေမတွက်နိုင်သော ပစ္စည်းဥစ္စာတို့ကို ပေးမည်။ သင်သည် မြတ်စွာဘုရားအား ဘုရားမဟုတ်၊ တရားတော်အား တရားမဟုတ်၊ သံဃာအား သံဃာမဟုတ်၊ ဘုရား တရား သံဃာဖြင့် ငါ့အား အကျိုးမရှိ”ဟူ၍ ပြောဆိုပါဟု ခိုင်းလေ၏။


ထိုအခါ သုပ္ပဗုဒ္ဓသည် “အသင်သည် အဘယ်သူနည်း”ဟု မေးသောအခါ ငါသည် “သိကြားမင်းဖြစ်ပေ၏”ဟု သိကြားမင်းက ပြန်ပြောလေ၏။ သုပ္ပဗုဒ္ဓသည် သိကြားမင်းအား အသင်သည် အလွန်မိုက်မဲ့သူ အရှက်မရှိသောသူဖြစ်၏။ အသင်ကဲ့သို့ ဘုရား တရား သံဃာကို စော်ကားသော မိုက်မဲ့သော သိကြားမင်းနဲ့ ငါသည် စကားပြောဆိုခြင်းငှါ မသင့်လျော်။


အသင်သိကြားမင်းက ငါ့အား ဆင်းရဲသူဟု မှတ်ထင်နေ၏။ ငါသည် ဆင်းရဲသူမဟုတ်။ ငါသည် ချမ်းသာမှု မှန်သမျှတို့တွင် အမွန်မြတ်ဆုံးဖြစ်သော ချမ်းသာကို ရရှိသူဖြစ်၏။

ငါ့မှာ ရတနာသုံးတန် ကံ ကံ၏အကျိုးတို့ကို ယုံကြည်သော သဒ္ဓါတရား၊ ကိုယ့်ကျင့်တရား ကောင်းမွန်ခြင်း စာရိတ္တသီလနှင့် မကောင်းမှုတို့ကို မပြုလုပ်မိအောင် စောင့်ထိန်းခြင်း ၀ါရိတ္တသီလတို့ဖြင့် ပြည့်စုံသော သီလတရား၊ မကောင်းမှုပြုလုပ်ရမှာ ရှက်ခြင်းဟိရီတရား၊ မကောင်းမှုပြုလုပ်ရမှာကြောက်ခြင်း သြတ္တပ္ပတရား၊ ကောင်းသော အကြားအမြင်ရှိခြင်း သုတတရား၊ စွမ်းနိုင်သမျှ စွန့်ကြဲပေးကမ်းခြင်း စာဂတရား၊ အမှန်ကို သိမြင်ခြင်း ပညာတရား တည်းဟူသော သူတော်ကောင်းဥစ္စာ(၇)ပါးတို့သည် ထင်ရှားရှိကုန်၏။


ထိုသူတော်ကောင်းဥစ္စာ(၇)ပါးနဲ့ပြည့်စုံသော ယောကျာ်းမိန်းမတို့ကို ဆင်းရဲသောသူ မဟုတ်ဟူ၍ ဘုရား ပစ္စေကဗုဒ္ဓါအစရှိသော သူတော်ကောင်းပညာရှိတို့သည် သတ်မှတ်ကြကုန်၏ဟု ပြောဆိုလေ၏။

သိကြားမင်းသည် သုပ္ပဗုဒ္ဓလူနူ၏စကားကိုကြားလျှင် မြတ်စွာဘုရားထံသို့ လျင်မြန်စွာသွားရောက်ပြီး အကြောင်းစုံကို မေးမြန်းလျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်က သင်ကဲ့သို့သော သိကြားမင်းတို့သည် ပစ္စည်းဥစ္စာကို ပေး၍သော်လည်းကောင်း သတ်လျှင်သော်လည်းကောင်း “လူကောင်း” တစ်ယောက်၏ အရည်အချင်းတို့နဲ့ ပြည့်စုံသော သုပ္ပဗုဒ္ဓလူနူသည် ဘုရား တရား သံဃာကို ပစ်ပယ်မည် မဟုတ်ကြောင်း မိန့်တော်မူလေ၏။


အထက်ပါသာဓကကို ကြည့်ခြင်းအားဖြင့် သူတော်ကောင်းဥစ္စာ(၇)ပါးနဲ့ပြည့်စုံသောသူကို မည်ကဲ့သို့သောဥစ္စာ၊ မည်ကဲ့သို့သော ခြိမ်းခြောက်မှုများဖြင့် စည်းရုံးပြီး ရတနာသုံးပါး ကံ ကံ၏အကျိုးတရားစသည်တို့ကို ယုံကြည်မှုပျက်ပြားအောင် မလုပ်နိုင်ပေ။ ထို့ကြောင့် ကျွန်ုပ်တို့လူသားများသည် သူတော်ကောင်းဥစ္စာ(၇)ပါး တည်းဟူသော ချမ်းသာအစစ် အမှန်တို့နဲ့ ပြည့်စုံအောင် အားထုတ်ကြရန် လိုပါသည်။


ကျွန်ုပ်တို့ ဗုဒ္ဓဘာသာနွယ်ဝင်များသည် ဘာသာခြားတို့၏ ဖျားယောင်းမှုကိုခံရပြီး ဘာသာအယူဝါဒ ပြောင်းသွားသည်မှာ ဤသူတော်ကောင်းဥစ္စာ(၇)ပါးနဲ့ မပြည့်စုံသောကြောင့်ပင် ဖြစ်ပါသည်။ ဘာသာအယူဝါဒ ပြောင်းသွားသောသူများကို လေ့လာကြည့်သောအခါ ရတနာသုံးပါး ကံ ကံ၏အကျိုးတရားဂုဏ်ကျေးဇူးတို့ကို ယုံကြည်မှု ရှိသော “လူကောင်း”တစ်ယောက်၏ အရည်အချင်းများနဲ့ မပြည့်စုံသောကြောင့်လည်းကောင်း၊ စီးပွားရေးကြောင့်လည်း ကောင်း၊ ကိလေသာတဏှာလောဘကြောင့်လည်းကောင်း ဘာသာပြောင်းသွားကြခြင်း ဖြစ်ပါသည်။


အကယ်၍ သူတို့၏သန္တာန်၌ “လူကောင်း”အရည်အချင်းများရှိခဲ့သော် သုပ္ပဗုဒ္ဓပြောသောစကားကဲ့သို့ မိမိမှာ အချမ်းသာဆုံးဖြစ်သော သူတော်ကောင်းဥစ္စာ(၇)ပါးရှိ၍ လောကီဥစ္စာများနှင့် လဲလှယ်ရန် မဖြစ်နိုင်ပါ။

သို့ဖြစ်၍ ကျွန်ုပ်တို့လူသားများသည် “လူကောင်း”တစ်ယောက်ဖြစ်အောင်၊ လူကောင်းအရည်အချင်းများနှင့် ပြည့်စုံအောင် အားထုတ်ကြရန် လိုပါသည်။ သို့မှသာလျှင် ပစ္စုပ္ပန် သံသရာနှစ်ဖြာသော အကျိုးတို့ကို ကောင်းစွာ ဆောင်ရွက်နိုင်သော ပုဂ္ဂိုလ်များဖြစ်ကြပြီးလျှင် မျက်မှောက် တမလွန်တို့၌ ကောင်းကျိုးချမ်းသာများကို ခံစားရ ပါလိမ့်မည်။


ယခုခေတ်၌ “လူကောင်း”နည်းပါးပြီး “လူကောင်း”ဟု ဟန်ဆောင်ပြီး လိမ်လည်နေသောပုဂ္ဂိုလ်တို့ ပေါများလှပါသည်။ ထို့ကြောင့် “လူကောင်း”ဟု ဟန်ဆောင်ကြသောပုဂ္ဂိုလ်များကို “လူကောင်း”ဟုတ် မဟုတ် စိစစ်တက်ရန်အတွက် “လူကောင်း”တစ်ယောက်၏ အပေါ်ယံလက္ခဏာများကို ရေးသားတင်ပြလိုက်ပါသည်။


၁။ အသက်ရှင်သမျှ ကာလပတ်လုံး မိခင် ဖခင် ကျေးဇူးရှင်များကို ရိုသေစွာ ပြုစုလုပ်ကျွေးခြင်း။

၂။ အသက်ရှင်သမျှ ကာလပတ်လုံး မိမိထက် အသက်သိက္ခာကြီးသူများကို ရိုသေလေးစွာဖြင့် ပြုမှုဆက်ဆံခြင်း။

၃။ အသက်ရှင်သမျှ ကာလပတ်လုံး သာယာချိုမြိန်ချစ်ဖွယ်ကောင်းသော စကားတို့ကိုသာ ပြောဆိုခြင်း။

၎။ အသက်ရှင်သမျှ ကာလပတ်လုံး ကုန်းတိုက်စကား မပြောဆိုခြင်း။

၅။ အသက်ရှင်သမျှ ကာလပတ်လုံး ၀န်တိုမှုကင်းစွာဖြင့် စွန့်ကြဲပေးကမ်း လှူဒါန်းလေ့ရှိခြင်း။

၆။ အသက်ရှင်သမျှ ကာလပတ်လုံး သီလလုံခြုံခြင်း။

၇။ အသက်ရှင်သမျှ ကာလပတ်လုံး အကြားအမြင် ဉာဏ်ပညာရှိပြီး မှားယွင်းသောအပြုအမှုများ မပြုလုပ်ခြင်း စသည်တို့ဖြစ်ပါသည်။


အထက်ပါ အချက်အလက်တို့နှင့် ပြည့်စုံမှုရှိမရှိကိုကြည့်၍သော်လည်းကောင်း၊ “လူကောင်း” တစ်ယောက် ပြည့်စုံရမည့် အချက်အလက်တို့ ရှိမရှိကို ကြည့်၍သော်လည်းကောင်း “လူကောင်း”ဟုတ် မဟုတ် သိနိုင်ပါသည်။

“လူကောင်းအစစ်အမှန်နဲ့ ပေါင်းဖော်ပါက လူကောင်းတစ်ယောက်ဖြစ်လာပါလိမ့်မည်”ဟု မြတ်ဗုဒ္ဓဟောကြားခဲ့ သော မင်္ဂလာသုတ်လာ “လူဆိုးနှင့်မပေါင်းနဲ့ လူကောင်းပညာရှိနှင့် ပေါင်းသင်းပါ”ဟူသော စကားတို့ကို လူတိုင်းပြောဆိုနေကြပါသော်လည်း လူကောင်းဆိုတာ မည်ကဲ့သို့သောပုဂ္ဂိုလ် လူကောင်းနှင့်ပေါင်းဖော်လျှင် မည်ကဲ့သို့သော အကျိုးတရားရရှိသည်ဟူသော အချက်တို့ကို သေချာကျနစွာ မသိသေးသော ပုဂ္ဂိုလ်တို့က များပါသည်။


ထို့ကြောင့် လူကောင်းနှင့်ပေါင်းဖော်ရခြင်း၏ အကျိုးတရားများကို ရေးသားတင်ပြလိုက်ပါသည်။ လူကောင်းနှင့်ပေါင်းဖော်သောသူသည်.........

၁။ လူကောင်းတစ်ယောက်ဖြစ်ရခြင်း။

၂။ အသိအလိမ္မာ ဉာဏ်ပညာရှိသောသူ ဖြစ်ရခြင်း။

၃။ စိုးရိမ်ပူပင်သောက ကင်းရခြင်း။

၎။ ဆွေမျိုး ပရိတ်သတ်အလယ် တင့်တယ်စွာ နေရခြင်း။

၅။ နတ်ပြည်သို့ ရောက်ရခြင်း။

၆။ နတ်ပြည်၌ ကြာမြင့်စွာ အမြဲတည်နေရခြင်း။

၇။ ဒုက္ခအပေါင်းမှ ကင်းလွတ်ရခြင်းစသော အကျိုးတို့ကို ရရှိသည့်အပြင် လူကောင်းတစ်ယောက်၏ တရားများ ကို ကျင့်ကြံအားထုတ်ပါက ၀ဋ်ဆင်းရဲမှ လျင်မြန်စွာ လွတ်မြောက်နိုင်ခြင်းဟူသော အကျိုးတရားများကို ရရှိပါသည်။


ထို့ကြောင့် ကျွန်ုပ်တို့လူသားများသည် မိမိကိုယ်တိုင်လည်း “လူကောင်း”တစ်ယောက်ဖြစ်အောင် နေထိုင်ပြီး “လူကောင်း”များနဲ့သာ ပေါင်းသင်းပါက လိုအပ်သောအကျိုးကျေးဇူးများကို ရရှိမှာသေချာပါသည်။

ထို့ပြင် မျက်မှောက်တမလွန်အတွက် အကျိုးရှိသော လုပ်ငန်းတို့ကို လုပ်ဆောင်သောကြောင့် ဖြစ်လေရာဘ၀မှာ နိဗ္ဗာန်သို့ရောက်အောင် အားထုတ်နိုင်သော ပုဂ္ဂိုလ်များ ဖြစ်ပါလိမ့်မည်။ သို့ဖြစ်၍ ဤဖော်ပြခဲ့သော အချက်အလက်တို့ကို ပြည့်စုံအောင် အားထုတ်ကျင့်ကြံကြပြီး “လူကောင်း”များ ဖြစ်ကြပါစေဟု ဆုမွန်ကောင်းတောင်းလျက် “လူတော်လူကောင်း”ခေါင်းစဉ်ကို နိဂုံးချုပ်ပါရစေ။

ဆန်နီနေမင်း

ပညာ၏ အဓိပ္ပါယ်

သူတော်ကောင်းဥစ္စာ၌ပါဝင်သော ပညာဆိုသည်မှာ.........

၁။ ခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကိုသိသော ၀ိပဿနာပညာနဲ့ပြည့်စုံခြင်း။

၂။ ကိလေသာအညစ်အကြေးကင်းစင်သော ၀ိပဿနာပညာ မဂ်ပညာနှင့် ပြည့်စုံခြင်း။

၃။ လောဘ ဒေါသ မောဟစသော ကိလေသာ အတုံးအခဲများကို ဖြိုးခွဲနိုင်သော ၀ိပဿနာပညာ မဂ်ပညာနှင့် ပြည့်စုံခြင်း။

၎။ ၀ဋ်ဆင်းရဲ ကိလေသာဆင်းရဲတို့၏ကုန်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော ၀ိပဿနာပညာ မဂ်ပညာနှင့် ပြည့်စုံခြင်းတို့ ဖြစ်ပါသည်။


အထက်ပါ အချက်အလက်တို့နဲ့ ပြည့်စုံ၍ ပညာရှိသောသူကို မြတ်စွာဘုရားက အရိယာသူတော်ကောင်းဟူ၍ မိန့်ကြားခဲ့ပါသည်။ ယခုခေတ်၌ ထိုပညာများနှင့်ပြည့်စုံသော ပုဂ္ဂိုလ်တို့မှာ ရှားပါးလှပါသည်။ ထိုကဲ့သို့ အရိယာသူတော်ကောင်းများ နည်းပါးမှုကြောင့် ထိုပညာများနဲ့ပြည့်စုံမှသာလျှင် “လူကောင်း”ဟု သတ်မှတ်ပါက ယခုခေတ်၌ အလွန်ပင်ရှားပါးနေသောကြောင့် “လူကောင်း”ဟု သတ်မှတ်ခေါ်ဆိုရန် မလွယ်ကူပါ။


သို့သော်လည်း ထိုပညာများကို ထိုးထွင်းမသိမြင်ပေမဲ အားထုတ်ရမည်ဟု သိသောပုဂ္ဂိုလ် လက်တွေ့ အားထုတ်နေသောပုဂ္ဂိုလ်တို့ကို ယခုခေတ်၌ “လူကောင်း”တစ်ယောက်ဟု သတ်မှတ်ခေါ်ဝေါ်နေကြပါသည်။ ၀ိပဿနာပညာ မဂ်ပညာတို့၏ သဘောလက္ခဏာကို မသိသောပုဂ္ဂိုလ် တရာဘာဝနာ အားမထုတ်သောပုဂ္ဂိုလ် အားထုတ်ရမှန်း မသိသောပုဂ္ဂိုလ်တို့နှင့် ယှဉ်ကြည့်ပါက သိသောပုဂ္ဂိုလ် အားထုတ်နေသောပုဂ္ဂိုလ်တို့ကို “လူကောင်း”ဟု သတ်မှတ်နိုင်ပါသည်။ သို့သော် အထက်၌ဖော်ပြခဲ့သော အင်္ဂါ(၆)ပါးနှင့် ပြည့်စုံရပါမည်။


ထိုဝိပဿနာပညာ မဂ်ပညာဟူသော အကြောင်းအရာကို မကြားဖူးသေးသောပုဂ္ဂိုလ် ကြားဖူးသော်လည်း မည်ကဲ့သို့အားထုတ်ရမည်ဟု မသိသေးသောပုဂ္ဂိုလ်များ သိရှိနားလည်၍ လိုက်နာကျင့်ကြံပြီး “လူကောင်း”များ ဖြစ်လာရန်အတွက် ၀ိပဿနာပညာ မဂ်ပညာတို့၏ အကြောင်းကို ရေးသားတင်ပြလိုက်ပါသည်။


ဝိပဿနာပညာ

ဝိပဿနာပညာဆိုသည်မှာ ခန္ဓာကိုယ်ကြီးဟာ အမြဲဖြစ်လိုက် ပျက်လိုက်ဖြစ်နေသောကြောင့် မမြဲခြင်း အနိစ္စ တရားပါလား။ ခန္ဓာကိုယ်ကြီးအတွက် နေ့ညမပြတ် ဆောင်ရွက်ပေးနေရသောကြောင့် ဆင်းရဲခြင်း ဒုက္ခတရား ပါလား။ ခန္ဓာကိုယ်ကြီးဟာ မည်သို့ပင် ဆောင်ရွက်ပေးပါသော်လည်း မိမိအလိုသို့ မလိုက်ဘဲ ဖြစ်ချင်းတိုင်း ဖြစ်နေတဲ့အတွက်ကြောင့် အစိုးမရခြင်း အနတ္တ့တရားပါလားဟု ဖြစ်ပျက်နေသော သင်္ခါရတရားတို့ကို ပညာ ဉာဏ်ဖြင့် ရှု့ခြင်း၊ အကြောင်းအားလျော်စွာ မကြံစည်ဘဲ ဖြစ်ပေါ်လာသည်ကို သိခြင်း၊ ပျက်သွားသည်ကို သိမြင်ခြင်းတို့ ဖြစ်ပါသည်။


ဝိပဿနာပညာကို အားထုတ်သောအခါ လယ်ကတွတ်ပေါက်၌ ငါးကို စောင့်နေသော ဗျိုင်းကဲ့သို့ အားထုတ် ရှု့မှတ်ရပါမည်။ လယ်ကတွတ်ပေါက်၌ ငါးကို စောင့်နေသော ဗျိုင်းသည် ငါးပေါ်လာအောင်လည်း မကြံစည် ပေါ်လာသည့်ငါးကိုလည်း ပျောက်သွားအောင် လုံးလမပြုဘဲ ပေါ်လာသောငါးကိုသာ မိအောင် ဖမ်းသကဲ့သို့ ၀ိပဿနာဉာဏ်ရအောင် အားထုတ်သောပုဂ္ဂိုလ်သည် ဖြစ်ပေါ်လာသော ရုပ်နာမ်အမူအရာ သွားခြင်း ရပ်ခြင်းစသော ဣရိယာပုတ်တို့ကို “သွားတယ်၊ ရပ်တယ်”စသည်ဖြင့် မှတ်ရမည်။ သူ့အလိုလို ဖြစ်ပျက်နေသော သွားခြင်း၊ ရပ်ခြင်း၊ အိပ်ခြင်း၊ စားခြင်း၊ အသက်ရှုခြင်းစသော အခြင်းအရာတို့ကို စိတ်ကသိပြီး ဒီသွားလာလုပ်ရှား စားသောက်နေထိုင် အသက်ရှုတာတွေဟာ သူ့အလိုလိုဖြစ်ပျက်နေတာပါလားဟု အဲဒီသိနေတာလေးကို လိုက်၍ ရှု့မှတ်ရပါမည်။ ဤကဲ့သို့မှတ်လျှင် မှတ်သောအမူအရာ ရုပ်နာမ်မျှကိုသာ စိတ်ကရောက်နေသောကြောင့် လောဘ ဒေါသ မောဟစသော ကိလေသာတို့ မ၀င်နိုင်ဘဲ ၀ိပဿနာပညာဖြစ်လျက် ရှိနေပါသည်။


ထိုဝိပဿနာဉာဏ်ပညာသည် တစ်မျိုးတစ်စားတည်း မဟုတ်ပေ။ အားထုတ်သောပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်ပေါ်လာသော ဖြစ်စဉ်အားဖြင့်(၁၀)မျိုး ရှိပါသည်။ ယင်းတို့မှာ........


၁။ သမ္မသနဉာဏ်-အဓိကအားဖြင့် မိမိ၏ခန္ဓာငါးပါး ရုပ်နာမ်သင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာယာဉ်သုံးပါးသို့တင်၍ သုံးသပ်ဆင်ခြင်တက်သော ဉာဏ်ပညာ။

၂။ ဥဒယဗ္ဗယဉာဏ်-ခန္ဓာငါးပါး ရုပ်နာမ်သင်္ခါရတရားတို့၏ဆိုင်ရာ အကြောင်းကြောင့် ရုတ်ခနဲဆတ်ခနဲ ဖြစ်ပေါ်လာပုံနှင့် မကြာခင်မှာပင် ချုပ်ပျောက်ပျက်စီးသွားသော အဖြစ်အပျက်ကိုရှု့သော ဉာဏ်ပညာ။

၃။ ဘင်္ဂဉာဏ်-ခန္ဓာငါးပါး ရုပ်နာမ်သင်္ခါရတရားတို့၏ အဖြစ်မဖက် အပျက်ချည်းဖြစ်နေသည်ကို ရှု့မြင်သော ဉာဏ်ပညာ။

၎။ ဘယဉာဏ်-ခန္ဓာငါးပါး ရုပ်နာမ်သင်္ခါရတရားတို့၏ အပျက်ကိုချည်း တွေ့မြင်နေရသဖြင့် ရုပ်နာမ်သင်္ခါရတို့ကို ကြောက်မက်ဖွယ်ဘေးကြီးပါလားဟု ထင်မြင်လာသော ဉာဏ်ပညာ။

၅။ အာဒီန၀ဉာဏ်-ရုပ်နာမ်သင်္ခါရတို့ကို ကြောက်မက်ဖွယ် ဘေးကြီးပါလားဟု ရှု့မြင်ရသဖြင့် ရုပ်နာမ်သင်္ခါရ တရားတို့၌ အပြစ်ဟု ထင်မြင်လာသော ဉာဏ်ပညာ။


၆။ နိဗ္ဗိဒါဉာဏ်-အပြစ်ဟု ထင်မြင်နေသော ရုပ်နာမ်သင်္ခါရတရားတို့အပေါ်၌ မတွယ်တာ မပျော်ရွှင်နိုင်တော့ဘဲ ငြီးငွေ့လာသော ဉာဏ်ပညာ။

၇။ မုစ္စိတုကမျတာဉာဏ်-ရုပ်နာမ်သင်္ခါရတို့အပေါ်၌ ငြီးငွေ့လာ၍ ထိုခန္ဓာငါးပါးတို့မှ လွတ်မြောက်လိုခြင်း ဖြစ်ပေါ်လာသော ဉာဏ်ပညာ။

၈။ ပဋိသင်္ခါရဉာဏ်-ရုပ်နာမ်သင်္ခါရတို့မှ လွတ်မြောက်ရန် အကြောင်းတရားတို့နှင့် ပြည့်စုံခြင်းငှါ ခန္ဓာငါးပါး ရုပ်နာမ်သင်္ခါရတရားတို့၌ အနိစ္စ ဒုက္ခ အနတ္တဟု ထပ်မံ၍ ရှု့မြင်ထင်မြင်လာသော ဉာဏ်ပညာ။

၉။ သင်္ခါရုပေက္ခာဉာဏ်-ခန္ဓာငါးပါး ရုပ်နာမ်သင်္ခါရတို့၌ ကြောက်ခြင်း နှစ်သက်ခြင်းကို မဖြစ်စေဘဲ လျစ်လျူ ရှု့နိုင်သော ဉာဏ်ပညာ။

၁၀။ အနုလောမဉာဏ်-အောက်၌ဖော်ပြခဲ့သော ၀ိပဿနာဉာဏ်ပညာနှင့် အထက်မဂ်ခဏ၌ ရလတ္တံ့သော ဗောဓိပက္ခိယတရားတို့ကို ရရှိအောင် ခန္ဓာငါးပါး ရုပ်နာမ်သင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တဟု ရှု့မှတ်သော ဉာဏ်ပညာတို့ ဖြစ်ပါသည်။


မဂ်ဖိုလ်ပညာ

မဂ်ဖိုလ်ပညာဆိုသည်မှာ ဒုက္ခအရိယသစ္စာ၊ ဒုက္ခသမုဒယအရိယသစ္စာ၊ ဒုက္ခနိရောဓအရိယသစ္စာ၊ ဒုက္ခနိရောဓဂါမိနီပဋိပဒါ အရိယသစ္စာဟု ဆိုအပ်သော သစ္စာလေးပါးတရားတို့ကို သိမြင်ခြင်း ဖြစ်ပါသည်။

၁။ ဒုက္ခအရိယသစ္စာ-ဇာတိ ဇရာ မရဏ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿ ဥပါယာသတို့သည် ဒုက္ခအရိယ သစ္စာများ ဖြစ်ပါသည်။ မချစ်ခင် မနှစ်သက်သောသူတို့နဲ့တွေ့ဆုံ ပေါင်းသင်းနေထိုင်ရခြင်း၊ မိမိလိုချင် ဖြစ်ချင် သည်ကို မရဘဲနဲ့ မလိုချင် မဖြစ်ချင်သည်ကိုဖြစ်ရခြင်းစသည်တို့သည်လည်း ဒုက္ခအရိယသစ္စာဖြစ်ပါသည်။


ဇာတိ-သတ္တ၀ါတို့သည် တစ်ဘပြီး တစ်ဘ၀သို့ ပြောင်းရွေ့ဖြစ်နေရခြင်း၊ အမိဝမ်းတွင်းသို့ သက်ဝင်၍နေရခြင်း၊ ခန္ဓာကိုယ်အစရှိသော ကိုယ်လက်အင်္ဂါတို့ တဖြည်းဖြည်း တစ်ခုပြီးတစ်ခု ထင်ရှားဖြစ်နေရခြင်း စသည်တို့ကို ဇာတိဟု ခေါ်ပါသည်။


ဇရာ-သတ္တ၀ါတို့၏ ခန္ဓာကိုယ်မှာရှိသော ဆံပင်ဖြူခြင်း၊ သွားကျိုးခြင်း၊ အသားအရေတွန့်ခြင်း၊ ရုပ်တရားတို့၏ တစ်နေ့တခြား အိုမင်းရင့်ရော်လာခြင်း၊ မျက်စိစသော ဣနြေ္ဒတို့၏ ပျက်စီးလာခြင်းတို့ကို ဇရာဟု ခေါ်ပါသည်။


မရဏ-သတ္တ၀ါတို့၏ တစ်ဘ၀ဆုံး၍ သေကြေပျက်စီးပြီး စုစိစိတ်ကျခြင်းကို မရဏဟု ခေါ်ပါသည်။


သောက-သတ္တ၀ါတို့သည် တစ်စုံတစ်ခုသော ဆင်းရဲဒုက္ခနဲ့တွေ့ကြုံသောအခါ စိုးရိမ်ပူပန်ခြင်း၊ မိမိကြောင့် ဖြစ်သော အမှုကိစ္စကို စိုးရိမ်ပူပန်ခြင်း၊ သူတစ်ပါးတို့၏ အမှုကိစ္စကို စိုးရိမ်ပူပန်ခြင်း စသည်တို့ကို သောကဟု ခေါ်ပါသည်။


ပရိဒေ၀- သတ္တ၀ါတို့သည် တစ်စုံတစ်ခုသော အကြောင်းကိစ္စကြောင့် ငိုကြွေးခြင်း၊ မိမိ၏ အကြောင်းကိစ္စ ကြောင့်သော်လည်းကောင်း၊ သူတစ်ပါးတို့၏ အကြောင်းကိစ္စကြောင့်သော်လည်းကောင်း ငိုကြွေးခြင်း စသည်တို့ကို ပရိဒေ၀ဟု ခေါ်ပါသည်။


ဒုက္ခ- သတ္တ၀ါတို့၏ သာယာနှစ်သက်ဖွယ်မရှိသော ခန္ဓာကိုယ်ကြီးကို အမြဲပြုပြင်နေရသော ဆင်းရဲခြင်းစသည် တို့ကို ဒုက္ခဟု ခေါ်ပါသည်။


ဒေါမနဿ- သတ္တ၀ါတို့သည် စိတ်နဲ့အကြိုက်မတွေ့သောအခါ စိတ်ဆင်းရဲခြင်း၊ မိမိဖြစ်ချင်သော အမှုကိစ္စများ မဖြစ်ရသောအခါ စိတ်ဆင်းရဲရခြင်း၊ မိမိလိုချင် ရချင်သော အရာဝတ္ထုများကို မရသောအခါ စိတ်ဆင်းရဲရခြင်း စသည်တို့ကို ဒေါမနဿဟု ခေါ်ပါသည်။


ဥပါယာသ-သတ္တ၀ါတို့သည် အမှုကိစ္စကို ဆောင်ရွက်သောအခါ ပင်ပန်းရခြင်း၊ တစ်စုံတစ်ခုသော ပျက်စီး ဆုံးရှုံးမှုများနှင့်ရင်ဆိုင်ရသောအခါ ပင်ပန်းရခြင်း၊ မိမိလုပ်ခဲ့သော အမှုကိစ္စကို ပြန်စဉ်းစားပြီး ပင်ပန်းရခြင်း၊ သူတစ်ပါးလုပ်ခဲ့သော အမှုကိစ္စအတွက် ပင်ပန်းရခြင်း စသည်တို့ကို ဥပါယာသဟု ခေါ်ပါသည်။


၂။ ဒုက္ခသမုဒယ အရိယသစ္စာဆိုသည်မှာ ကာမတဏှာဟူသော ကာမဂုဏ်အာရုံတို့၌ တပ်မက် နှစ်သက်သောတဏှာ၊ ဘ၀တဏှာဟူသော မိမိလက်ရှိ ရရှိနေသောဘ၀ကို နှစ်သက်တပ်မက်သော တဏှာ၊ ၀ိဘ၀တဏှာဟူသော နောင်ထပ်ရရှိမည့်ဘ၀ကို နှစ်သက်တပ်မက်သောတဏှာတို့ကို ဒုက္ခ၏ အကြောင်းတရား အဖြစ် အမှန်အတိုင်း သိမြင်ခြင်း ဖြစ်ပါသည်။


၃။ ဒုက္ခနိရောဓ အရိယသစ္စာဆိုသည်မှာ ဒုက္ခသမုဒယ အရိယသစ္စာ၌ပါဝင်သော တဏှာတို့ကို အကြွင်းမဲ့ ပယ်သတ်နိုင်ခြင်းကို ဆိုလိုပါသည်။


၎။ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာဆိုသည်မှာ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိဟု ဆိုအပ်သော မြတ်သောအင်္ဂါရှစ်ပါးရှိသော မဂ်အကျင့်လမ်းကို ကျင့်ခြင်းဖြစ်ပါသည်။


သမ္မာဒိဋ္ဌိဆိုသည်မှာ ဒုက္ခတရားတို့ကို သိမြင်ခြင်း၊ ဒုက္ခ၏ဖြစ်ကြောင်းတရားတို့ကို သိမြင်ခြင်း၊ ဒုက္ခ၏ ချုပ်ရာ နိဗ္ဗာန်ကို သိမြင်ခြင်း၊ ဒုက္ခခပ်သိမ်းတို့၏ အေးငြိမ်းရာဖြစ်သော နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော အကျင့်တရားတို့၌ သိမြင်ခြင်းတို့ကို ခေါ်ပါသည်။


သမ္မာသင်္ကပ္ပဆိုသည်မှာ ကာမဂုဏ်အာရုံတို့မှ လွတ်ကင်းသော အရာဝတ္ထုတို့ကို ကြံစည်ခြင်း၊ မိမိသူတစ်ပါး ပျက်စီးကြောင်းတရားတို့မှ လွတ်ကင်းသည်ကို ကြံစည်ခြင်း၊ မိမိသူတစ်ပါး ညှင်းဆဲခြင်း အမှုကိစ္စတို့မှ လွတ်ကင်း သော တရားတို့ကို ကြံစည်ခြင်းတို့ ဖြစ်ပါသည်။


သမ္မာဝါစာဆိုသည်မှာ မဟုတ်မမှန်သောစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကုန်းတိုက်စကားတို့ကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကြမ်းတမ်းသောစကားတို့ကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ အကျိုးမရှိ အချည်းနှီးသော စကားတို့ကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၍ မှန်ကန်သင့်မြတ် အကျိုးရှိသောစကားတို့ကိုသာ ပြောဆိုခြင်းတို့ ဖြစ်ပါသည်။


သမ္မာကမ္မန္တဆိုသည်မှာ သူတစ်ပါးအသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ သူတစ်ပါးတို့က ကြည်ဖြူစွာ မပေးသော ပစ္စည်းဥစ္စာတို့ကို ယူခြင်းမှရှောင်ကြဉ်ခြင်း၊ ကာမဂုဏ်အာရုံတို့၌ မတရားသောနည်းဖြင့်ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်းတို့ ဖြစ်ပါသည်။


သမ္မာအာဇီဝဆိုသည်မှာ ယုတ်မာသော အသက်မွေးမှုမှ ရှောင်ကြဉ်ခြင်း၊ မဟုတ်မမှန်မှားယွင်းသော အသက် မွေးမှုမှ ရှောင်ကြဉ်ခြင်းတို့ ဖြစ်ပါသည်။


သမ္မာဝါယာမဆိုသည်မှာ မဖြစ်သေးသော ယုတ်မာသော အကုသိုလ်တရားတို့ကို မဖြစ်အောင်အားထုတ်ခြင်း၊ ဖြစ်ပြီးသော ယုတ်မာသော ကုသိုလ်တရားတို့ကို ပယ်သတ်နိုင်အောင် အားထုတ်ခြင်း၊ မဖြစ်သေးသော ကုသိုလ် တရားတို့ကိုရရှိအောင် အားထုတ်ခြင်း၊ ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို တည်မြဲတိုးပွားအောင် အားထုတ်ခြင်းတို့ ဖြစ်ပါသည်။


သမ္မာသတိဆိုသည်မှာ ကိုယ်တွင်း၌ ဖြစ်ပျက်လှုပ်ရှားနေမှုများ၊ တွေ့ထိခံစားရမှုများ၊ စိတ်တွင်းဖြစ်ပေါ်နေသော စိတ်ကူးကြံဆချက်များ၊ ထိုသို့ဖြစ်ပေါ်နေသော တရားတို့ကို တရားရှု့မှတ်နေခြင်းစသော အဖြစ်အပျက်အားလုံး တို့ကို လုံ့လပြု၍ စောင့်ကြပ်ကြည့်ရှု့နေသော သတိကို သမ္မာသတိဟု ခေါ်ပါသည်။


သမ္မာသမာဓိဆိုသည်မှာ ပထမဈာန်အဆင့်တွင် ၀တ္ထုကာမ၊ ကိလေသာကာမတို့မှ ကင်းဆိတ်သည့်အတွက် ကာမဂုဏ်၌အလိုရှိခြင်း၊ မကောင်းကြံခြင်း၊ စိတ်ရောကိုယ်ပါ ထိုင်းမှိုင်းညှိုးနွမ်းခြင်း၊ စိတ်မငြိမ်မသက် ပြန့်လွင့်ခြင်း၊ ယုံမှားတွေးတောခြင်းအစရှိသော နီဝရဏတရားတို့ကို ပယ်ဖျောက်ပြီးဖြစ်သောကြောင့် အနည်း ငယ်သောကြံစည်မှု၊ စဉ်းစားမှုများနှင့်သာ နှစ်သိမ့်ချမ်းသာခြင်း ပီသုခကို ခံစား၍နေ၏။


ဒုတိယဈာန်အဆင့်တွင် ကြံစည်မှု၊ စဉ်းစားမှုစသည့် ဉာဏ်လှုပ်ရှားမှုစသည်တို့ကို ပယ်သတ်လျက် စိတ်ကိုစိတ်၌သာ စူးစိုက်ထားခြင်းအားဖြင့် ကြည်လင်တည်ငြိမ်စေလျက် ပီတိသုခတို့ကို ဆက်လက်ခံစား၍ နေ၏။


တတိယဈာန်အဆင့်တွင် ထင်ရှားစွာခံစားရသော နှစ်သိမ့်မှု ပီတိကိုပင်စွန့်ပစ်လျက် စိတ်၏ချမ်းသာမှု တစ်ခုတည်းကိုသာခံစားပြီး အညီအမျှ ရှုလျက်နေ၏။


စတုတ္ထဈာန်အဆင့်တွင် ခံစားမှုအားလုံးတို့ကို စွန့်လွှတ်လိုက်ပြီး ချမ်းသာခြင်း၊ ဆင်းရဲခြင်း၊ ၀မ်းသာခြင်း၊ ၀မ်းနည်းခြင်းများကင်းပြီး သတိရှိစွာနေလေ၏။

ဤမှန်သော အားထုတ်မှု၊ မှန်သော အောက်မေ့မှတ်သားမှု၊ မှန်သောတည်ငြိမ်မှုသုံးပါးသည် စိတ်ကိုဆုံးမသည့် သိက္ခာရပ်များဖြစ်သောကြောင့် သမ္မာသမာဓိဖြစ်ပါသည်။


အထက်၌ ဖော်ပြခဲ့သောတရားများသည် မဂ်ဖိုလ်ပညာ၏ သဘောတရားများ ဖြစ်ပါသည်။ ထိုမဂ်ဖိုလ်ပညာ တို့ကို အမှန်အတိုင်းကောင်းစွာ သိမြင်သောပုဂ္ဂိုလ်သည် ဒုက္ခခပ်သိမ်း ကင်းငြိမ်းရာအမှန် မြတ်နိဗ္ဗာန်ကို ဧကန် ရောက်ရှိမည် ဖြစ်ပါသည်။


ထို့ကြောင့် ကျွန်ုပ်တို့လူသားများသည် နိဗ္ဗာန်ရွှေပြည်မြတ်ကို ယခုဘ၀မှာရရှိအောင် အားမထုတ်နိုင်လျှင်သော်မှ နောင်ဘ၀မှာရရှိရန်အတွက် ၀ိပဿနာပညာ၊ မဂ်ပညာများကို တတ်သိနားလည်အောင် လေ့လာမှတ်သားပြီး ကျင့်ကြံကြိုးကုတ် အားထုတ်ကြရန် လိုပါသည်။ သို့မှသာလျှင် လူဖြစ်ရကျိုးနပ်သော “လူကောင်း”တစ်ယောက် ဖြစ်ပါလိမ့်မည်။


ယခုအခါ “လူကောင်း”တစ်ယောက် ပြည့်စုံရမည့် သူတော်ကောင်းဥစ္စာ(၇)ပါး၏ အကျယ်အဓိပ္ပါယ်ကို ဖွင့်ဆိုပြခဲ့ပြီးပါပြီ။ ထိုသူတော်ကောင်းဥစ္စာ(၇)ပါးနှင့်ပြည့်စုံလျှင် “လူကောင်း”တစ်ယောက်ဖြစ်ရုံသာမက အရိယာသူတော်ကောင်းဟုပင် ခေါ်ဝေါ်နိုင်ကြောင်း မြတ်ဗုဒ္ဓက “သုပ္ပဗုဒ္ဓကုဋ္ဌိလူနူဝတ္ထု”တွင် မိန့်ကြားခဲ့ပါသည်။ ထိုသို့ မိန့်ကြားခဲ့သော သုပ္ပဗုဒ္ဓကုဋ္ဌိလူနူဝတ္ထုကို နောက်တစ်ပါတ်တွင် ဆက်လက်ရေးသားတင်ပြပေးပါမည်။ ခုတော့ ဒီမျှနဲ့ပဲ နားပါရစေ။

အကျွမ်းမ၀င်သင့်တဲ့အရာ(၄)မျိုး

၁။ အရင်က ပေါင်းဖော်ဖူးခဲ့တဲ့ သူခိုး။ (ကိုယ့်သူငယ်ချင်းဆိုပြီး အကျွမ်းမ၀င်သင့်)
၂။ အရင်က ခင်းအိပ်ခဲ့ဖူးတဲ့ သစ်ခက်။ (အမှိုက်မဖြစ်အောင် မီးရှို့သင့်)
၃။ မိမိကို ချီးမြှောက်ပူဇော်ခဲ့တဲ့ မင်း။ (မိမိကိုချီးမြှောက်ဖူးတဲ့မင်းဆိုပြီး မျက်နှာသာပေးမယ် မထင်နဲ့)
၎။ မိမိအလိုကို လိုက်ခဲ့ဖူးတဲ့ မိန်းမ။ (မိမိအလိုလိုက်တဲ့မိန်းမဆိုပြီး သူသဘောမလိုက်လေနဲ့။)
၁။ မိမိနဲ့ခင်ခဲ့ဖူးတဲ့ သူခိုးဆိုပြီး သူ့အလို မလိုက်နဲ့၊ ကောင်းကျိုးပေးမှာ မဟုတ်ဘူး။
၂။ ငါခင်းအိပ်ခဲ့ဖူးတဲ့သစ်ခက်လေးဆိုပြီး သစ်ခက်ကို ဒီတိုင်းထားလိုက်မယ်ဆိုရင် ကောင်းကျိုးဖြစ်မှာမဟုတ်ဘူး။
၃။ ငါ့ကို ချီးမြှောက်ပေးခဲ့ဖူးတဲ့မင်းပဲဆိုပြီး ငါ့ကိုညှာတာလိမ့်မှာ မဟုတ်ဘူး။
၎။ ငါ့အလိုကိုလိုက်ခဲ့ဖူးတဲ့မိန်းမဆိုပြီး အခွင့်ရမယ်မထင်နဲ့၊ ညှာတာလိမ့်မှာ မဟုတ်ဘူး။ အဓိကကတော့ ငါပိုင်တယ်၊ အေးဆေးပါဆိုတဲ့သဘောမျိုး မလုပ်ဖို့ပါပဲ။ အဲဒီလိုသဘောမျိုးနဲ့ အကျွမ်းဝင်လိုက်ရင် မှားလိမ့်မယ်လို့ ဆိုလိုခြင်းပါ။

(မဇ္ဈိမပဏ္ဏာသအဋ္ဌကထာ၊ စာမျက်နှာ-၂၂၉) (မ၊ ဋ္ဌ၊ ၃၊ ၂၂၉)

အတုယူ မမှားစေချင်

ယနေ့ခေတ် မြန်မာမိန်းကလေးများ အတုယူမှားပြီး ပျက်စီးနေတာတွေ၊ ငွေကြေးဥစ္စာ မက်မောမှုကြောင့် ပျက်စီးနေတာတွေ၊ အသိပညာနည်းပါးမှု၊ ခံယူချက်စိတ်ဓာတ် မပြတ်သားမှုကြောင့် ပျက်စီးနေတာတွေအကြောင်း တစ်ယောက်သော မိန်းကလေးဆီကနေ ကြားသိလိုက်ရတဲ့အခါ ရင်ထဲမှာ စိတ်မကောင်းဖြစ်ပြီး အိပ်မရအောင် ကိုယ့်လူမျိုးမြန်မာတွေအတွက် ခံစားမိရလို့ ငါတက်နိုင်တဲ့ ပညာပေးစာပေ ရေးသားခြင်းနဲ့ အသိပေးရမယ်၊ လိုက်နာတာ မလိုက်နာတာ စာဖတ်တာ မဖတ်တာက သူတို့အပိုင်းပဲလို့တွေးပြီး ရေးသားတင်ပြပေးလိုက်ပါတယ်။

လူငယ်တွေဟာ အတတ်ပညာများကို သိမြင်ရုံဖြင့် တက်သိနားလည် သဘောပေါက်လွယ်နေကြတာကြောင့် သူတစ်ပါးက ဒါဟာ ကောင်းတယ်ဆိုရင် အဲဒါကို လိုက်လုပ်တတ်ကြပါတယ်။ ဥပမာ-ပိုက်ဆံရှိတဲ့လူတွေနဲ့ တွဲသွားတွဲလာ လုပ်ရတာ၊ သီချင်းဆို ဖျော်ဖြေပေးရတာ၊ အတူအိပ်ပေးရတာတွေဟာ ဘာမှမဖြစ်ဘူး။ ငွေအလွယ်တကူရတယ်ဆိုပြီး သူများပြောတိုင်း အဟုတ်မှတ်ကာ လိုက်လုပ်တတ်ကြတယ်။

သူများပြောတိုင်း အဟုတ်မှတ်ပြီး လိုက်လုပ်နေမယ်ဆိုရင် ဦးဇင်းလည်း သာသနာ့ဘောင် ရှိနေမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အားလုံးက အိမ်ထောင်ပြုတာဟာ ကောင်းတယ်လို့ ပြောဆိုနေကြတဲ့ခေတ်၊ သတ္တ၀ါမှန်သမျှ အကောင်းဆုံးလို့ ထင်မြင်ယူဆနေတာကို လိုက်လုပ်မယ်ဆိုရင် သာသနာ့ဘောင် ဘယ်ရှိမလဲနော်။ သူများလို တစ်ယောက်နှစ်ယောက်ပြောတာကို လက်ခံတာမဟုတ်ဘဲနဲ့ အများနဲ့ပါ ဆန့်ကျင်ပြီး နေနေတာဟာ ကိုယ်တိုင်အသိဉာဏ်သုံးတတ်လို့ပါ။ ခု ကြားရတဲ့သတင်းတွေအရ မိန်းကလေးများပျက်စီးနေခြင်းဟာ သူများနောက် အတုယူမှားတာလည်းပါတယ်၊ ကိုယ်တိုင်အသိဉာဏ်နည်းပါးပြီး စဉ်းစားချင့်ချိန်တွေးတောမှုမရှိဘဲ ဘ၀ကို ဖြစ်သလို တွေးတောကာ လျှောက်လှမ်းနေကြလို့ပါ။ အသိဉာဏ်ရှိတဲ့လူဆိုတာ ဘ၀ကို မျက်မှောက်ဘ၀ တခဏတာအတွက်ပဲ မစဉ်းစားရပါဘူး။ သံသရာတစ်လျှောက်လုံး ကြုံတွေ့ဖြတ်သန်းရမဲ့ဘ၀တွေအတွက်ပါ စဉ်းစားလုပ်ကိုင် ဖြတ်သန်းပါမှ လူပီသမှာပါ။

ခုခေတ်လူတွေက အဲဒီလို မလုပ်ဆောင်တာကြောင့် လူပီသသူနည်းပါးနေတယ်လို့ ပြောနိုင်ပါတယ်။ မိဘတွေက ကိုယ့်သားသမီး မကောင်းတဲ့အလုပ်ဖြင့် ငွေရှာနေတာကို မတားမြစ်ဘဲနဲ့ အားပေးနေမယ်ဆို အဲဒီမိဘဟာ သူတော်ကောင်းမိဘ မဟုတ်ပါပေ။ အဲဒီလိုပဲ သားသမီးကလည်း မကောင်းတာလုပ်ပြီး မိဘကို လုပ်ကျွေးမယ်ဆိုရင် သားသမီးကောင်း မဟုတ်ပါ။ မကောင်းတာလုပ်ကျွေးမှ အသက်ရှင်မယ်ဆိုရင် အစားငတ်ခံ သေလိုက်တာမှ သားသမီးကောင်း မိဘကောင်းများဖြစ်ပါဦးမယ်။

သီဟိုဠ်မှာ သူတော်ကောင်းအဖြစ် ထင်ရှားခဲ့တဲ့ မဟာစက္က၊ စူဠစက္ကညီအကိုနှစ်ယောက်ဟာ သူတစ်ပါးအသက် သတ်ပြီးမှ မိဘရောဂါပျောက်မဲ့အခြေအနေကို ရောက်နေပေမဲ့ သမင်သားမိရဲ့အသက်ကို သတ်ပြီးမှ မိဘကိုကယ်တယ်နိုင်မယ်၊ ကျေးဇူးဆပ်နိုင်မယ်ဆိုတာ သဘာဝမကျဘူးဆိုပြီး တိရစ္ဆာန်သတ်ခြင်း မကောင်းမှုလေးကိုတောင် မိဘအတွက် မလုပ်ခဲ့တဲ့ သူတော်ကောင်းတွေရဲ့ စိတ်ဓာတ်ကို အတုယူသင့်ပါပေတယ်။

မြတ်ဗုဒ္ဓကလည်း မိဘကျေးဇူးကို မကောင်းမှုလုပ်ပြီး ကျေးဇူးဆပ်သူကို ချီးကျုးလိမ့်မည် မဟုတ်ပါပေ။ ဒါကြောင့် တချို့သောမိန်းကလေးများက မိဘအတွက် ဘ၀နဲ့ရင်းပြီး မကောင်းတဲ့အလုပ် လုပ်ရပါတယ်ဆိုတဲ့အကြောင်းပြချက်ဟာ သဘာဝမကျဘူးဆိုတာကို သတိလေး အသိဉာဏ်လေး ရှိကြပါလေ။ ကိုယ့်မိဘအတွက် မကောင်းမှုလုပ်မှ အသက်ရှင်ရမယ်ဆို ကိုယ့်ရောမိဘပါ အစာငတ်ခံသေခြင်းက သံသရာအတွက် ကောင်းကျိုးတွေ ဖြစ်နေမှာပါ။ တကယ်စဉ်းစားကြည့်ရင် မကောင်းမှုလုပ်လို့ရတဲ့ အစားစာ၊ ကာမဂုဏ်တွေဟာ မျက်မှောက်မှာ တခဏပဲခံစားရပြီး သံသရာမှာ ဒုက္ခဆင်းရဲတွေ အများကြီးပေးဆပ်ရမှာမို့ မထိုက်တန်ပါ။

မိန်းမပျော်လုပ်ရတဲ့အလုပ်ဟာ သာမာန်အားဖြင့်ကြည့်ရင် မကောင်းမှုနည်းတယ်လို့ ထင်ရပေမဲ့ ခွဲခြားဝေဖန်ကြည့်လိုက်ရင် သူတစ်ပါးပစ္စည်းကို အလွယ်လိုချင်ခြင်း ၀ိသမလောဘ၊ သူတစ်ပါးအိမ်ထောင်ရေးထိခိုက်နိုင်ခြင်းအပြစ်၊ ကာမေသုမိစ္ဆာစာရကံစတဲ့ မကောင်းမှုအပြစ်တွေ မိမိပေါ်မှာ ဆိုက်ရောက်နေတယ်ဆိုတာ သတိရှိစေချင်တယ်။ ဒီထက်မက လူမျိုးဘာသာအတွက်ပါ ဆုံးရှုံးရတဲ့အခြေနေထိ ဖြစ်သွားရင်တော့ ကိုယ့်ကြောင့် ကိုယ့်လူမျိုး ကိုယ့်ဘာသာပါ ထိခိုက်အောင် လုပ်လိုက်တာမို့ မျိုးရိုးစဉ်ဆက်ဂုဏ်ပါ ဖျက်ဆီးခြင်းအပြစ်များစွာ ကျရောက်သွားပါပြီ။

မိမိတို့ လူမျိုးဘာသာဝင်တွေကလည်း ပိုက်ဆံရှိရင် ကိုယ့်အချင်းချင်း ထိန်းသိမ်းကာကွယ်ပေးရပါမယ်။ ကိုယ်လည်း ကိုယ်ကြိုက်တာ ကိုယ်လုပ်မယ်၊ ဘယ်သူမှ ထည့်တွက်မနေဘူးဆိုတာမျိုးတွေ မလုပ်သင့်ပါ။ ဥပမာ-ကိုယ်က ပိုက်ဆံချမ်းသာလို့ ပျော်တော်ဆက်တွေ၊ နိုက်ကလပ်တွေသွားပြီး ပျော်ပါးမယ်ဆိုရင်တောင် ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာဝင်တွေ သူများနောက်မပါအောင် ကိုယ်ကသိမ်းသွင်းခေါ်နိုင်သမျှ လုပ်ပေးမှသာ အနာဂတ် မိမိတို့လူမျိုးဘာသာဝင်တွေ ဆက်လက်တည်တံ့နိုင်ပါလိမ့်မယ်။ အဲဒီလိုမဟုတ်ဘဲ ဘယ်သူဘာဖြစ်ဖြစ် ငါ့မထိခိုက်ရင် ပြီးရောဆိုသူတွေ များလာရင်တော့ မကြာမီ လူမျိုးဘာသာ ပျောက်ကွယ်သွားပါလိမ့်မယ်။ 

 တိုင်းတစ်ပါးမှ အတက်ပညာဗဟုသုတပညာများကို သိမြင်ရုံနဲ့ တက်သိနားလည်နေတဲ့ခေတ်မှာ မကောင်းတဲ့ အတတ်ပညာ၊ အတွေးအခေါ်အယူအဆ၊ ၀တ်စားဆင်ယင်မှုများကို အတုယူမမှားအောင် ဆင်ခြင်စဉ်းစားကြဖို့ အရေးကြီးပါတယ်။ လူငယ်လေးများ အတုယူမမှားစေရန်မှာ ပတ်ဝန်းကျင်ရှိအနေနီးသူ လူကြီးများရဲ့ ပြောဆိုဆုံးမ နေထိုင်မှုပေါ်တွင် မူတည်ပါတယ်။

ရှေးဆောင်နွားလား ဖြောင့်ဖြောင့်သွားမှ နောက်နွားတစ်သိုက် ဖြောင့်ဖြောင့်လိုက်၏ဟူသော စကားကဲ့သို့ ရှေးဆောင်ဖြစ်တဲ့ လူကြီးများက ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုနေထိုင်ပြရပါမယ်။ ဒါမှသာ နောက်တက်လူငယ်များက အတုယူမှန်ပြီး အနာဂတ်မြန်မာပြည်ကြီးသည် သာယာလှပလျက် ယဉ်ကျေးသောနိုင်ငံအဖြစ် ဆက်လက်တည်တံ့နိုင်မှာပါ။ ဒါကြောင့် ရှေ့ဆောင်ဖြစ်တဲ့ လူကြီးများဟာ နောက်လာမဲ့ကလေးများရဲ့ အတုယူစရာဖြစ်သဖြင့် အထူးဂရုစိုက် ဆင်ခြင်နေထိုင်ဖို့ လိုပါတယ်။ မိမိကိုယ်ကိုယ် အသက်(၂၀)မကျော်သေးလို့ မိမိက လူကြီးမဟုတ်ဘူးလို့လည်း မထင်လိုက်ပါနဲ့။ မိမိအောက်က ကလေးတွေကို ကြည့်မယ်ဆိုရင် မိမိဟာလည်း လူကြီးဖြစ်ပြီး နောက်လူငယ်များရဲ့ ရှေးဆောင်များ ဖြစ်ကြပါတယ်။

နောက်လူငယ်လေးများကို ဒီလိုမနေနဲ့ ဒီလိုနေဆိုပြီး အတုမြင် အတတ်သင်တတ်အောင် ရှေ့ဆောင်များက လူကြီးသူကောင်းပီသစွာ သူ့နေရာနှင့်သူ ပြောဆိုဆက်ဆံနေထိုင် ၀တ်စားဆင်ယင်တတ်ရန် နည်းပေးလမ်းညွှန်လုပ်ပေးရပါမယ်။ ဒါမှလည်း နောက်ခေတ်လူငယ်များက သူတို့အထက်က လူကြီးများကိုကြည့်ပြီး ပြုမှုကျင့်သုံးမှသာ ယဉ်ကျေးသော မြန်မာနိုင်ငံဂုဏ်သိက္ခာသည် အဆက်မပြတ် တည်တံ့လျက် ရှိနေမှာပါ။

“အတုမြင်အတက်သင်”ဟူသောစကားဟာမှန်ကန်သောအကြောင်းအရာ၊ ကောင်းမွန်သောအလေ့အထများကို လိုက်လုပ်ရန်အတွက် အသုံးဝင်တဲ့ စကားပုံဖြစ်သော်လည်း မကောင်းသောအမှုကိစ္စများကို အတုယူလျှင်တော့ အသုံးမကျသော စကားပုံဖြစ်သွားပါတယ်။ ဒါကြောင့် မြင်သမျှသော အရာဝတ္ထုအားလုံးကို မိမိနှင့်သင့်တော်မှုရှိမရှိ၊ မိမိယဉ်ကျေးမှု လူမျိုးဘာသာနှင့် လိုက်ဖက်မှုရှိမရှိ၊ မိမိနိုင်ငံလူမျိုးအတွက် အသုံးဝင်မ၀င်တို့ကို စဉ်းစားပြီးမှ လုပ်သင့်မလုပ်သင့်ကို ဆုံးဖြတ်ကျင့်သုံးရပါမယ်။ မိမိနိုင်ငံလူမျိုးများရဲ့ ယဉ်ကျေးမှုများကို မစဉ်းစားမတွေးတောဘဲ မိမိအတွက်ပဲကြည့်ပြီး လုပ်ချင်ရာကိုလုပ်မည်ဆိုပါက ထိုသူသည် နိုင်ငံလူမျိုးမျက်နှာကို မထောက်ထားတဲ့အတွက် နိုင်ငံလူမျိုးများရဲ့ ပြစ်ဒဏ်ကြီးမားသော ရန်သူဖြစ်သွားပါမယ်။

မိမိတို့ဟာ ဗွီဒီယိုဇာတ်ကားထဲကဖြစ်စေ၊ စာအုပ်ထဲကဖြစ်စေ၊ အင်တာနက်ကနေဖြစ်စေ ရယူနိုင်တဲ့အတတ်ပညာများဟာ အများသူငှါအကျိုးရှိစေမဲ့ အတတ်ပညာများဖြစ်အောင် အသုံးချရပါမယ်။ အဲဒီလိုမဟုတ်ဘဲ မိမိလူမျိုးနိုင်ငံယဉ်ကျေးမှုပျက်ပြားစေမဲ့ အကျင့်စရိုက်များကို အတုယူကျင့်သုံးပါက ထိုလူသည် လူမျိုးနှင့်နိုင်ငံယဉ်ကျေးမှု ဖျက်ဆီးသူပါ။ မိမိတို့ ဘိုးဘွားစဉ်ဆက် ထိန်းသိမ်းလာသော မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှုကို မိမိလက်ထက်ကျမှ ပျက်စီးသွားမယ်ဆိုရင် ဘိုးဘွားများရဲ့မျက်နှာကို မထောက်ရာရောက်သလို ဘိုးဘွားများထိန်းသိမ်းခဲ့တဲ့ ယဉ်ကျေးမှုမျာကိုလည်း ဖျက်ဆီးရာရောက်ပါတယ်။

ဇာတ်ကားတစ်ကားကိုကြည့်လျှင် ထိုဇာတ်ကားထဲ၌ပါသော စီးပွားရေးဈေးကွက်၊ ကောင်းမွန်သော ကိုယ်ကျင့်တရား၊ လူမှုဆက်ဆံရေးအတတ်ပညာ၊ အချိန်ကိုအသုံးပြုနည်း၊ အပေါင်းအသင်းကောင်းဆိုတာဘယ်လို မကောင်းတဲ့အပေါင်းအသင်းဆိုတာ ဘယ်လိုစတဲ့ အချက်များစွာထဲကနေ မိမိအတွက် အသုံးကျမဲ့ အတတ်ပညာဗဟုသုတများကို ထုတ်နုတ်ယူရပါမယ်။ အဲဒီလိုမဟုတ်ဘဲ မိမိက အပျင်းပြေလောက် ကြည့်မယ်ဆိုရင် အဲဒီလူဟာ အချိန်ကုန်ရကျိုး မနပ်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။ ဒါပြင် နိုင်ငံလူမျိုးပျက်စီးစေမဲ့ မကောင်းတဲ့နည်းများကိုသာ အတုယူကျင့်သုံးပါက အသုံးမကျတဲ့လူတစ်ယောက်လည်း ဖြစ်ပါလိမ့်မယ်။ ယခုမြန်မာလူမျိုးများကြားတွင် ကိုးရီးယားဇာတ်ကားများ ရေပန်းစားနေပါတယ်။ မိမိတို့မြန်မာလူမျိုးများအတွက် အသုံးဝင်လို့များ ရေပန်းစားနေတာလားလို့ စဉ်းစားမိပါသေးတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ ထိုရေပန်းစားသောဇာတ်ကားများကိုကြည့်ပြီး မြန်မာလူမျိုးများ တိုးတတ်မှုမရဘဲ ဆုတ်ယုတ်မှုတွေသာ ရရှိနေကြပါတယ်။

ကိုးရီယားဇာတ်ကားများကို နေ့စဉ်အချိန်ပေးလျက်ကြည့်နေကြပြီး ထိုဇာတ်ကားထဲကနေ မိမိအတွက် အမှန်တကယ် နည်းယူသင်တဲ့အချက်များကို နည်းမယူဘဲ မိမိမြန်မာလူမျိုးများ သိက္ခာကျပြီး ကိုယ့်ကျင့်တရားပျက်စီးစေတဲ့ အချက်အလက်များကို မှားယွင်းစွာ လေ့လာ လိုက်စားနေကြပါတယ်။ တကယ်ဆို ကိုးရီးယားဇာတ်ကားများတွင် သူတို့လူမျိုးများ စီးပွားရေးနှင့် ပတ်သတ်လျှင် မည်မျှလောက် အချိန်ကိုတန်ဖိုးထားပုံ၊ စီးပွားရေးလုပ်ရာ၌ မခိုးမကပ်ဘဲ ကြိုးစားနေကြပုံတို့ကို အတုယူကျင့်သုံးရမှာပါ။ အဲဒီလိုသာ အတုယူကျင့်သုံးမယ်ဆိုရင် မိမိတို့ မြန်မာလူမျိုးများအတွက် မည်မျှလောက် တန်ဖိုးရှိလိုက်မလဲနော်။

ကိုးရီးယားလူမျိုးများရဲ့ ၀တ်စားဆင်ယင်မှုသည် သူတို့နိုင်ငံမှာ သူတို့ထုံတမ်းစဉ်လာဖြစ်နေ၍ မည်သူကမျှ ရှက်စရာဟု မထင်ပေ။ နောက်ပြီး သူတို့နိုင်ငံရဲ့ အစဉ်အလာလိုဖြစ်နေတဲ့ အိမ်ထောင်ရေးဖောက်ပြန် မတည်မြဲမှုများကလည်း ရိုးရာဖြစ်နေခြင်းကြောင့် မထူးဆန်းပါ။ မိမိက တစ်စုံတစ်ခုကို အတုယူတော့မယ်ဆိုရင် မိမိတို့နိုင်ငံယဉ်ကျေးမှုနှင့် ကိုက်ညီမှုရှိမရှိဆိုတာ စဉ်းစားရပါမယ်။ မိမိတို့နှင့်ဆန့်ကျင်ဘက်ဖြစ်တဲ့အရာတွေကိုသာ သွားအတုယူမိဆိုရင် ထိုလူဟာ လူအများ၏အထင်သေးခြင်းကိုပါခံရပြီး မိမိတို့ မြန်မာရိုးရာ ထုံတမ်းစဉ်လာယဉ်ကျေးမှုကိုလည်း ဖျက်ဆီးသူဟု သတ်မှတ်ခံ ကဲ့ရဲ့ခံရပါမယ်။

မိမိတို့ မြန်မာလူမျိုးမိန်းကလေးများရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံကစပြီး သူများနိုင်ငံက လူမျိုးများနှင့် မတူသောကြောင့် ဘောင်ဘီဝတ်ခြင်းများကလည်း လိုက်ဖက်ညီထွေမှု မရှိလှပါ။ ထို့ပြင် ယောက်ျားလေးများကလည်း ရိုးရိုးအကောင်းဘောင်ဘီကို သူများနိုင်ငံက ဇာတ်ကားထဲမှာ မင်းသားက တောထဲမှာဝတ်စရာမရှိလို့ ဘောင်ဘီဖာတာကိုကြည့်ပြီး မြန်မာလူငယ်များက အကောင်ချည်းကို ဖာဝတ်ကြပါသေးတယ်။ နောက်ပြီး မိမိတို့ မြန်မာလူမျိုးများရဲ့ ဆံပင်ဟာ မွေးကတည်းက အနက်ရောင်ပါ။ ဒါကို တိုင်းတစ်ပါးက လူမျိုးများရဲ့ ဆံပင်ကို အတုယူပြီး အရောင်ပြောင်းကြတာဟာ မိမိတို့ရဲ့ မွေးသမိခင်ကိုလည်း စော်ကားရာ ရောက်ပါတယ်။ အမေ မွေးတုန်းက အကောင်လေးဖြစ်လျက်နဲ့ ကိုယ်ဘာသာလူကြည့်မကောင်းအောင် လိုက်လုပ်ကြခြင်းသည် သင့်လျော်မှုရှိမရှိဆိုတာကို စဉ်းစားကြပါလေ။

မိမိတို့နိုင်ငံလူမျိုးယဉ်ကျေးမှုနှင့် ဆန့်ကျင်ဘက်ဖြစ်တဲ့ အ၀တ်အစားမလုံခြုံမှု၊ အိမ်ထောင်ရေးမတည်ငြိမ်အောင် တစ်ယောက်နှင့်တစ်ယောက် ဖောက်ပြန်မှုများကိုသာ အတုယူကျင့်သုံးနေကြတာတွေဟာ မိမိအတွက်ရော တစ်ပါးသူအတွက်ရော နိုင်ငံယဉ်ကျေးမှုအတွက်ပါ ထိခိုက်စေတဲ့ အတုယူမှားတွေပါ။ မိမိတို့ မြန်မာနိုင်ငံ မြန်မာလူမျိုးများသည် တစ်လင်တစ်မယားစနစ် ကျင့်သုံးခဲ့သော နိုင်ငံဖြစ်သလို ယဉ်ကျေးသိမ်မွေ့ဣနြေ္ဒရှိသော နိုင်ငံအဖြစ်လည်း ကမ္ဘာပေါ်မှာ ထင်ပေါ်ကျော်ကြားခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလိုဖြစ်နေတဲ့နိုင်ငံကြီးကို ယဉ်ကျေးမှုရိုးရာများ ပျက်စီးမသွားရအောင် အတုယူမမှားဖို့ အရေးကြီးပါတယ်။

တစ်ချို့ဆို ကိုးရီးဇာတ်ကားများကြောင့် အိမ်ထောင်ရေးတောင် ပြိုကွဲကြသေးတယ်တဲ့။ အော်-တော်တော်အံ့သြစရာ ကောင်းလှပါလားနော်။ ဘာမဟုတ်တဲ့ ကိစ္စလေးတစ်ခုကြောင့် မိမိတို့ ချစ်ခင်နှစ်သက်လို့ယူထားကြတဲ့ ဇနီးမောင်နှံတွေ ကွဲကွာကြတယ်ဆိုတာ အသိဉာဏ်မရှိသူများရဲ့ လုပ်ရပ်များသာ ဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့အသိဉာဏ်များကို သူ့နေရာနှင့်သူ အသုံးချတတ်အောင် စဉ်းစားဆင်ခြင်သုံးသပ်ပေးဖို့ လိုပါတယ်။ လူတိုင်းမှာ အသိဉာဏ်ပညာရှိကြသော်လည်း ဆင်ခြင်စဉ်းစားဉာဏ်နည်းမှုများမှုတော့ ကွာပါတယ်။ အဲဒီလို ကွာဟမှုကြောင့်လည်း လူတစ်ဦးနှင့်တစ်ဦး ဉာဏ်ရှိတာခြင်း မတူတာပါ။ အဲဒီတော့ မိမိတို့ရဲ့ ဉာဏ်ပညာများကို သူ့နေရာနှင့်သူ အသုံးကျတတ်အောင် လေ့ကျင့်စဉ်းစားပေးရပါမယ်။

ယခုခေတ် မြန်မာမိန်းကလေးများဟာ ကိုးရီးယားဇာတ်ကားများကြည့်ပြီး ခေတ်မီတဲ့ပုံစံ မပေါ်တပေါ်လေးဝတ်မှ ယောက်ျားများက ကြိုက်မယ်လို့ ထင်နေကြပါတယ်။ ဒါဟာလည်း အထင်မှား အတုယူမှားတွေပါ။ မိမိက ခေတ်မီတဲ့ပုံစံဝတ်မှသာ ယောက်ျားများ၏ ကြည့်ရှု့ခြင်း ကြိုက်နှစ်သက်ခြင်းများကို ခံရမယ်မထင်ပါနဲ့။ အဲဒီလို မလုံတလုံဝတ်ခြင်းများဟာ တခဏတာပဲ ယောက်ျားလေးများရဲ့စိတ်ကို ဆွဲဆောင်နိုင်ပါတယ်။ ဒါဟာလည်း ကိလေသာစိတ်နိုးဆွပေးတဲ့ သဘောလေးလောက်ပဲ အကြည့်ခံတာပါ။ တကယ်တမ်းကျတော့ မြန်မာလိုယဉ်ယဉ်ကျေးကျေး ပုံစံလေးကသာ ယောက်ျားလေးများ၏ ရင်ထဲကို တစိမ့်စိမ့်ကြည့်နေချင်လောက်အောင် ဆွဲဆောင်နိုင်ပါတယ်။ တချို့သော မိန်းကလေးများဟာ မိမိက ခေတ်မီတဲ့ပုံစံမ၀တ်ခြင်းကြောင့် ယောက်ျားမရမှာ ပူနေကြတယ် ထင်ပါတယ်။ တကယ်တမ်းကျတော့ ဒါဟာလည်း ပူစရာမလိုပေ။ မိမိတို့ မွေးကတည်းက သူအိုးနှင့်သူ့ဆန် တန်ရာတန်ရာ ဖူးစာဖတ်ပါလာပြီးသားပါ။ မိမိက တကယ်အိမ်ထောင်ကျမဲ့သူဆိုရင် ဘယ်လိုကန်းနေ ကျိုးနေ ရုပ်ဆိုးနေပါစေ အချိန်တန်ရင်တော့ နပိန်ကန်လာပါလိမ့်မယ်။

မိမိရဲ့ အ၀တ်အစားကြောင့် တစ်ပါးသောယောက်ျားလေးများအား ကိလေသာထကြွမှုကြောင့် အပြစ်ဖြစ်သလို မိမိသည်လည်း လုံ့ဆော်ပေးခြင်းကြောင့် အပြစ်ဖြစ်ပါတယ်။ ဒါပြင် မိမိကြောင့် စိတ်မထိန်းနိုင်ကြမ်းတမ်းသော ယောက်ျားလေးများနှင့်တွေ့ရင် ကာမေသုမိစ္ဆာစာရ ကျုးလွန်ခြင်းများလည်း ဖြစ်နိုင်ပါတယ်။ မိန်းကလေးများဟာ ယဉ်ကျေးသိမ်မွေ့စွာ ၀တ်စားဆင်ယင် ပြုမှုနေထိုင်မယ်ဆိုရင် ထိုမိန်းကလေးကို မြင်ရသူမှာလည်း စိတ်ကြည်နှုးမှုဖြစ်ရသလို တခြားနိုင်ငံလူမျိုးများရဲ့ အမြင်မှာလည်း မြန်မာလူမျိုးများ၏ သိက္ခာရှိမှုကို အထူးတန်ဖိုးထားခြင်း ခံရပါမယ်။

ယောက်ျားများဟာ မိန်းကလေးများကို အလွယ်တကူတွဲပြီး တန်ဖိုးမထားတတ်ကြသလို မိန်းကလေးများကလည်း မိမိတို့ရဲ့ဣနြေ္ဒကို သိက္ခာကင်းမဲ့စွာနေထိုင်ပြီး ယောက်ျားများရဲ့အလိုကို ရှေ့နောက်မစဉ်းစားဘဲ ယုံကြည်လွယ်ကာ ပုံအပ်လေ့ရှိကြပါတယ်။ ယောက်ျားဖြစ်သူများဟာ သူတို့လိုချင်တဲ့အချိန်ရပြီးလျှင် နောက်နောင်ကို စိတ်မပါသောအခါ မိန်းကလေးများအား ပစ်ထားတတ်ကြပါတယ်။ မိန်းကလေးများကလည်း သူတို့ပစ်သွားလျှင် မမုသလို နေတတ်ကြပြီး မိမိဗိုက်တွင် သန္ဓေခလာသောအခါမှသာ သူများအသတ်ကို အလွယ်တကူသတ်ဖြစ်ကာ အပြစ်များစွာ ကျူးလွန်ကြပါတော့တယ်။ ဒါဟာလည်း ကောင်းသော လက္ခဏာလားဆိုတော့ မဟုတ်ပါဘူး။ မိမိတို့ စဉ်းစားဆင်ခြင်မဲ့မှုကြောင့် မိမိဒုက္ခရောက်ရသလို ရခဲလှတဲ့လူ့ဘ၀လေး ဖြစ်လာမဲ့ကလေးလည်း ပျက်စီးသွားရပါတယ်။ ယောက်ျားလေးများသည် မည်သို့ပင် သူတို့က ပွေနေစေကာမှု သူတို့တစ်သက်လုံး ရာသက်ပန်ပေါင်းချင်သည့် မိန်းကလေးကိုတော့ ရိုသားဖြူစင်တဲ့ အိမ်ထောင်ရှင်မကောင်း ပီသတဲ့သူ ဖြစ်စေချင်ပါတယ်။ ယောက်ျားတွေဟာ အဲဒီလို မိန်းကလေးကိုသာ ရအောင်ယူလေ့ရှိပြီး ထိုမိန်းကလေးမျိုးမှလည်း တစ်သက်လုံး ပေါင်းသင်းနိုင်ကြပါတယ်။ မိန်းကလေးကလည်း မိန်းမကောင်း မပီသ၊ ယောက်ျားလေးကလည်း အိမ်ထောင်ဦးစီးမပီသသူများဖြစ်ပါက ထိုစုံတွဲသည် ဘယ်လိုမှ ရာသက်ပန်ချစ်ခင်ပြီး ပေါင်းသင်းနိုင်လိမ့်မည်မဟုတ်ပေ။

ဒါကြောင့် လူသားအားလုံး အတုယူမမှားစေရန် အထူးဂရုစိုက် ဆင်ခြင်စဉ်းစားနေပြီး မိမိစိတ်ကို နေ့စဉ် Control ဖြင့် ထိန်းချုပ်ဆင်ခြင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း နိဂုံးချုပ် လိုက်ပါတော့တယ်။

ယခုဆောင်းပါးကို Shade journal မှာ ရေးသားပေးခဲ့တာပါ။ အဲဒီဂျာနယ်ကို ဖတ်ချင်လို့ ဒေါင်းလော့လုပ်ချင်တယ်ဆိုရင်တော့ ဒီမှာ ယူလိုက်ပါ။ http://www.mediafire.com/?2yb512g1kvnx459

အရှင်ကောမလ ဆန်နီနေမင်းကူးယူဖော်ပြလိုက်ပါသည်

ရောဂါကြောင့် တရားရှုမှတ်နိုင်ပါ့မလား

အမေး။ ။ ဆရာတော်ဘုရား တပည့်တော်နဲ့ခင်မင်းရင်းနီးတဲ့ သူငယ်ချင်းတစ်ဦးဟာ သူ့မှာ ADHD ရောဂါရှိတယ်လို့ ပြောပါတယ်၊ ဘာရောဂါလည်းဆိုတာကို အင်တာနက်မှာ ရှာဖွေဖတ်ကြည့်တော့ စိတ်အာရုံ ကြာကြာမစိုက်နိုင်တဲ့ ရောဂါလို့ဆိုပါတယ်ဘုရား။ တပည့်တော်က ဒါဟာ စိတ်နဲ့ဆိုင်တာဆိုရင် အနောက်တိုင်းဆေးထက် တရားဓမ္မက အစွမ်းထက်မယ် ထင်ပါတယ်။ ခက်တာက သူကအာရုံမစိုက်နိုင်သူဆိုတော့ တရားထိုင်ဖို့ခက်လိမ့်မယ်ထင်ပါတယ်။ ဒီပြဿနာနဲ့ ပတ်သက်ပြီး ကာယကံရှင်လူနာအတွက် ဖြေရှင်းပေးတော်မူပါဘုရား။

မြကြာဖြူ
ဘန်ကောက်

အဖြေ။ ။ အာရုံမစိုက်နိုင်သူဟာ တရားထိုင်ရတာ ခက်တယ်ဆိုပေမယ့်လို့ တရားရှုမှတ်ခါစမှာ ထိုက်သည့်အလျောက်တော့ ခက်ခဲပါလိမ့်မယ်။ ရှုမှတ်ဖန်များလာတဲ့အခါ အထူးသဖြင့် သတိနှင့်သမာဓိဖြစ်လာတဲ့အခါ တရားရှုမှတ်ရတာ ပိုပြီးလွယ်ကူလာပြီး အဆင်ပြေကာ စွဲကပ်နေတဲ့ADHDဆိုတဲ့ရောဂါဟာလည်း ပျောက်သွားနိုင်ပါတယ်။ မြတ်စွာဘုရားက “ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ”လို့ သတိပဋ္ဌာန်နိဒါန်းမှာ မိန့်တော်မူထားပါတယ်။ အဓိပ္ပါယ်က ကိုယ်ဆင်းရဲတာ စိတ်ဆင်းရဲတာတွေကို ချူပ်ငြိမ်းစေနိုင်တာဟာ သတိပဋ္ဌာန်တရားပါပဲလို့ ဟောတော်မူထားတဲ့ အတွက် ရောဂါဖြစ်နေသူမှာ သတိပဋ္ဌာန်တရားအားထုတ်လျှင် ပျောက်သွားနိုင်ပါတယ်။ ဒါ့အပြင် သေနိုင်လောက်တဲ့ ကင်ဆာရောဂါတို့တောင်မှ ပျောက်သွားတယ်ဆိုတဲ့အကြောင်း ပစ္စုပ္ပန်သာဓကတွေလည်း ရှိခဲ့ပါတယ်။ တချို့က “ဒီရောဂါနဲ့ဆို တရားအားမထုတ်နဲ့ အားထုတ်ရင် သေနိုင်တယ်” စသဖြင့် ပြောကြတာလည်း ရှိပါတယ်။

ဒါနဲ့ပတ်သက်ပြီး မဟာစည်ဆရာတော်ကြီးရေးသားတဲ့ တက္ကသိုလ်ဝိပဿနာတရားတော် စာအုပ်ထဲမှ ပစ္စုပ္ပန်သာဓက ကလေးတစ်ခု ထုတ်ပြပါ့မယ်။ (၁၃၂၄)ခုနှစ်၊ တော်သလင်းလဆန်း(၃)ရက်နေ့က ရန်ကုန်မဟာစည်သာသနာ့ရိပ်သာမှာ ဒေါ်ခင်ထွေးဆိုတဲ့ အမျိုးသမီးတစ်ယောက် တရားလာအားထုတ်ပါတယ်။ သုံးရက်လောက်ကြာတဲ့အခါ သူ့ဗိုက်ထဲက နာကျင်လာတဲ့အတွက် တရားအားထုတ်ဖော်တွေက နှိပ်ပေးနေတာ ကို တွေ့ရတယ်။ အဲဒီအခါ ဆရာတော်ကြီး ‘ဘာဖြစ်တာလဲ’လို့မေးတဲ့အခါ သူမက “ဗိုက်နာလို့ပါဘုရား။ တပည့်တော်မ ဗိုက်ထဲမှာ အလုံးရှိနေလို့ ကြာကြာမထိုင်နိုင်ပါဘူးဘုရား။ အိမ်မှဆို ဧည့်သည်တွေနဲ့ စကားပြောတဲ့အခါ မိနစ်(၃၀)လောက်ကြာရင် ဗိုက်ကနာတော့တာပဲဘုရား။ ဆရာဝန်ပြကြည့်တော ဗိုက်ထဲမှာ အလုံးရှိနေတယ်ဆိုတာကို သိရတယ်။ အဲဒါ(၄)နှစ်လောက်ရှိပါပြီဘုရား။ ဆရာဝန်က ခွဲရမယ်ပြောလို့ “ခွဲရမယ်ဆိုရင် စိတ်မချရဘူး၊ သေချင်လည်းသေနိုင်တယ်၊ ငါသေရင် ငါ့မှာ အားကိုးစရာမရှိသေးဘူး၊ အားကိုးစရာရအောင် တရားအားထုတ်မှပဲဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရိပ်သာရောက်လာကာ တရားအားထုတ်ပါတယ်၊ ထိုင်လို့ကြာလာရင် ဗိုက်ကနာလာတော့တာပဲဘုရားလို့ လျှောက်ပါတယ်။

အဲဒီအခါ “ဆရာတော်က တရားဆိုတာ ထိုင်မှမဟုတ်ဘူး၊ မထိုင်နိုင်လည်း တခြား ဣရိယာပုထ်နဲ့လည်းထိုင်နိုင်တာပဲ၊ လမ်းလျှောက်ရင်းနဲ့လည်း ရှုမှတ်နိုင်တယ်၊ ရပ်ပြီးတော့လည်း ရှုမှတ်နိုင်တယ်။ ပက်လက်ကုလားထိုင်မှာ မှီပြီးတော့ သက်တောင့်သက်သာ အနာရောဂါသက်သာတဲ့ အနေအထားမျိုးနဲ့ တရားရှုမှတ်နိုင်သလို လျောင်းပြီးတော့လည်း ရှုမှတ်နိုင်တယ်၊ သက်သာသလို တရားရှုမှတ်ရာကနေ သတိသမာဓိဉာဏ်တွေဖြစ်လာတဲ့အခါ ဒီအလုံးပျောက်ကင်းသွားနိုင်တယ်”လို့ တရားအားထုတ်ဖို့ရာ ဆရာတော်က ညွန်ကြားပါတယ်။

သူမက “ဆရာတော်ညွန်ကြားတဲ့အတိုင်း အားထုတ်ပါ့မယ်၊ ဒါပေမယ့် ယခုတော့ နာလွန်းလို့ ဆရာဝန်သွားပြပါဦးမယ်ဘုရား”လို့ ခွင့်ပန်ကာ ဆရာဝန်ဆီလာခဲ့ပါတယ်။ ဆရာဝန်က စမ်းသပ်ကြည့်ပြီးတဲ့အခါ “ဒီအလုံးကြီးကို ခွဲထုတ်မှဖြစ်မယ်။ ဒီလိုသာ တရားဆက်ထိုင်နေမယ်ဆိုရင် သေသွားလိမ့်မယ်၊ တရားမထိုင်နဲ့တော့”လို့ ဆရာဝန်ကပြောသတဲ့။ ဒါပေမယ့် သူမက “ခွဲစိတ်ရင် ရှင်မယ်သေမယ်ဆိုတာ မသေချာဘူး၊ တရားပဲဆက်လက်အားထုတ်တော့မယ်”ဆိုပြီး ရိပ်သာပြန်လာကာ တရားဆက်လက်ရှုမှတ်ပါတော့ တယ်။ အဲဒီအခါ ဆရာတော်ကြီးက “လူပဲသေမလား၊ တရားအားထုတ်လို့ ဒီအလုံးကြီးပဲ ကျေပျက်သွားမလား ကြည့်ရသေးတာပေါ့၊ အားမလျှော့ပါနဲ့ သက်သာတဲ့နည်းနဲ့သာ တရားရှုမှတ်နော်၊ ပက်လက်ကုလားထိုင်မှာ အိပ်ပြီးတော့လည်း ရှုမှတ်နိုင်တယ်၊ အဆင်ပြေသလို ရှုမှတ်နိုင်တယ်။ ဒါပေမယ့် သွားတာ လာတာ စားတာ သောက်တာစတဲ့ အသေးစိတ်ကိုယ်လက်လှုပ်ရှား အမူအရာလေးတွေကအစ တရားအမှတ်လေးတွေကို မလွတ်တမ်းမှတ်နိုင်အောင် ကြိုးစားပါ။ ဘုရားကလည်း အသိတေ အပိတေ ခါယိတေ သာယိတေ သမ္ပဇာနကာရီ ဟောတိလို့ဆိုတဲ့အတိုင်း စားတာသောက်တာ ခဲဖွယ်များ ၀ါးတဲ့အခါ လျှက်တဲ့အခါတွေမှာ သိလျက်ပြုလေ့ရှိရမယ်လို့ ဟောထားတယ်။

ဒါကြောင့် အိပ်ပျော်ချိန်ကလွဲပြီး ဘယ်နေရာ ဘယ်အချိန်မှာဖြစ်ဖြစ် အမှတ်သတိမလွတ်စေဖို့ အရေးကြီးပါတယ်”လို့ ဆရာတော်က ညွန်ကြားလိုက်ပါတယ်။ ဆရာတော်ညွန်ကြားတဲ့အတိုင်း တရားအားထုတ်လို့ (၁၅)ရက်ခန့်ကြာလာတဲ့အခါ တစ်နေ့ တရားရှုမှတ်ပြီး ဆွမ်းစားနေတုန်း အပုံ့နံ့တွေ ရလာပါတယ်၊ နောက်တော့ အဲဒီအနံ့တွေဟာ တခြားကလာတာမဟုတ်ဘဲ မိမိဝမ်းဗိုက်ထဲကဖြစ်ကြောင်း သိလာရပါတယ်။ “ဒီလိုဆိုရင် ယောဂီရဲ့ဗိုက်ထဲက အလုံးကြီး ပျောက်တော့မယ်၊ ဆက်သာအားထုတ်”လို့ ဆရာတော်ရဲ့ အားပေးမှုကြောင့် သည်းခံပြီး ဆက်လက်ကြိုးစားအားထုတ်လိုက်တာ မကြာခင် ဗိုက်ထဲက အလုံးကြီးကျေပျောက်သွားပါတော့တယ်။ သူမလည်း အလွန်ဝမ်းသာပြီး ဆရာဝန်ထံသွားပြတော့ “ခင်ဗျားဗိုက်ထဲမှာ အလုံးမရှိတော့ဘူး၊ ဘာဆေးများမှီဝဲပါသလဲ”လို့မေးသောအခါ သူမမှာ ဘာဆေးမှမမှီဝဲတဲ့အကြောင်း တရားရှုမှတ်ရုံဖြင့် အလုံးကြီးကြေပျက်သွားရကြောင်း ၀မ်းသာအားရပြောပါတယ်။ အဲဒီအခါ ဆရာဝန်က “ခင်ဗျားတို့ တရားက အဲသလောက်ကို စွမ်းတာပဲ”ဟု ဆရာဝန်ကတောင် အံ့သြနေပါတော့တယ်။ (၄င်းဆရာဝန်ကား ဘာသာခြားဆရာဝန်ဖြစ်တယ်)

ပြောလိုတာက ယခုလည်း တရားအားထုတ်တယ်ဆိုတာ စိတ်အလုပ်ဆိုပေမယ့် သက်သာတဲ့ ဣရိယာပုထ်နဲ့ သည်းခံပြီး တရားရှုမှတ်ရပါ့မယ်၊ ကြာလာရင် သတိ သမာဓိဉာဏ်များ ဖြစ်လာတဲ့အခါ သက်သာရုံမျှမက လုံးဝပျောက်ကင်းသွားနိုင်ပါတယ်လို့ ဖြေကြားပေးလိုက်ရပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com မှ

ဝဋ်ကြွေးကို ဘာ့ကြောင့်ဖြေဖျက်လို့ မရတာလဲ

အမေး။ ။ အင်္ဂုလိမာလဟာ လူပေါင်းထောင်ဂဏန်းအထိ သတ်လာခဲ့တဲ့ ပါဏာတိပါတကံကို ရဟန္တာဖြစ်တော့ သူ့ရဲ့ သီလ သမာဓိ ပညာက ထိုပါဏာတိပါတကံကို ချေဖျက်လိုက်တယ်လို့ ဖတ်ဖူးပါတယ်။ ဒါ့အပြင် ရောဟိဏီမင်းသမီးဟာ အတိတ်ကပြုခဲ့တဲ့ကံကြောင့် စွဲကပ်လာတဲ့ နူနာရောဂါကို အစ်ကိုတော်သူ အရှင်အနုရုဒ္ဓါက ခိုင်းတဲ့အတိုင်း ကုသိုလ်ပြုလုပ်တဲ့အတွက် ရောဟိဏီမင်းသမီး ဟာ နူနာရောဂါ ပျောက်သွားရတယ်လို့ ဖတ်ရပါတယ်ဘုရား။ တပည့်တော်သိချင်တာက ဘုရားလက်ထက်က ရဟန္တာတစ်ပါး လာဘ်လာဘချို့တဲ့စွာနဲ့ ပရိနိဗ္ဗာန်စံဝင်ခဲ့ရတယ်လို့ ဖတ်သိခဲ့ရပါတယ်။ အဲဒီရဟန်းရဲ့ အတိတ်က၀ဋ်ကြွေးကို ယခုနောက်ဆုံးဘ၀ ရဟန္တာဆိုတဲ့ သီလ သမာဓိ ပညာနဲ့ (အင်္ဂုလိမာလတို့လို) ဘာ့ကြောင့်များ မကယ်နိုင်တာပါလဲဘုရား။ သိချင်၍ အဖြေပေးတော်မူပါဘုရား။

မြကြာဖြူ
ဘန်ကောက်

အဖြေ။ ။ အင်္ဂုလိမာလ၊ ရောဟိဏီမင်းသမီး၊ လောသကတိဿထေရ်တို့ဟာ သူတို့ပြုခဲ့တဲ့ ကံများက အကုသိုလ်ကံချည်းဖြစ်ပါလျက် အင်္ဂုလိမာလနှင့်ရောဟိဏီမင်းသမီးကျတော့ သူတို့ရဲ့ သီလ သမာဓိ ပညာနဲ့ ချေဖျက်နိုင်ပြီး၊ လောသကတိဿထေရ်ကျတော့ ရဟန္တာဖြစ်သော်လည်း ဘာ့ကြောင့်များ မချေဖျက်နိုင်ရတာလဲလို့ မေးထားပါတယ်။ မေးသင့်တဲ့မေးခွန်းပါပဲ။ အင်္ဂုလိမာလနှင့် ရောဟိဏီ မင်းသမီးတို့ ပြစ်မှားခဲ့တဲ့အကြောင်းကို ပြန်ကြည့်ရင် သူတို့ပြစ်မှားတာက သာမာန်လူကို ပြစ်မှားတာဖြစ်တဲ့ အတွက် သူတို့ရရှိတဲ့ သီလ သမာဓိ ပညာက သူတို့ရဲ့ အကုသိုလ်အကျိုးကို ချေဖျက်နိုင်တယ်လို့ ယူဆရပါ့မယ်။

လောသကတိဿမထေရ်ကျတော့ အတိတ်ဘ၀တုံးက မနာလို ၀န်တိုဖြစ်ပြီး ရဟန္တာအရိယာပုဂ္ဂိုလ်ကြီး အပေါ် ပြစ်မှားခဲ့မိတဲ့အတွေက်ကြောင့် နောက်ဆုံးဘ၀ ရဟန္တာဖြစ်သော်လည်း လာဘ်လာဘရှားပါးခဲ့ရတယ်လို့ ယူဆမိပါကြောင်း ဖြေကြားလိုက်ရပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com မှ

သောတာပန် အရက်သောက်သလာ

အမေး။ ။ စာရေးဆရာကြီးတစ်ဦးရဲ့ အဆိုဖြစ်တဲ့ သောတာပန်ဟာ အရက်သောက်ရင် ကြိုးကြာရေသောက်သလို ရေသာဝင်တယ်၊ အရက်မ၀င်ဘူးဆိုတာကို သိလိုပါတယ်ဘုရား။

အဖြေ။ ။ စာရေးဆရာကြီး ရေးသားချက်အရ သောတာပန်ဟာ အရက်သောက်သေးသတဲ့ ဆိုတာ မဟုတ်ပါ။ သောတာပန်ပုဂ္ဂိုလ်ဟာ သာမာန်လိုမဟုတ်တော့ ရတနာသုံးပါး၌ ချွင်းချက်မရှိ ယုံကြည်မှုအပြည့်ရှိသလို ငါးပါးသီလကိုလည်း သီးသန့်ဆောက်တည်နေစရာ မလိုတော့ဘဲ လုံခြုံပြီးသား ဖြစ်ပါတယ်။ “အရက်မသောက်က သတ်ပစ်မယ်”လို့ ခြိမ်းခြောက်ကာ အရက်ကို အတင်းတိုက်ဦးတော့ အသက်သာအသေခံမယ် သီလအပျက်မခံတော့တာဟာ သောတာပန်အရိယာများရဲ့ သဘာဝပါ။

ခုနပြောတဲ့စာရေးဆရာကြီးက “သောတာပန်ဟာ အရက်သေစာသောက်သည်အထိ ငါးပါးသီလ ကျုးလွန်နိုင်သေးတယ်”လို့ပြောထားပါတယ်။ သူဟာ လူတွေရဲ့ စိတ်ဓါတ်ကို လေ့လာခဲ့တာ ကြာပါပြီတဲ့၊ အဲဒီလို လေ့လာပြီးဖြစ်တဲ့အတွက် သူက ဒီလို ရဲရဲရင့်ရင့် ဆိုနိုင်ပါသတဲ့။ သူ့စိတ်သူ လေ့လာတာ ဖြစ်မှာပါ။ သူက သူ့ကိုယ်သူ သောတာပန်လို့ ယူဆထားဟန်တူပါတယ်။ ပြီးတော့ သူက အရက်ကိုလည်း ကြိုက်တတ်တယ်လို့ သတင်းကြားရတယ်။ ဒါကြောင့် သူ့စိတ်နှင့်နှိုင်းပြီး ဆုံးဖြတ်လိုက်ဟန် တူပါတယ်။ ဒါလည်း အံ့သြစရာပဲ၊ ကိုယ်နဲ့နှိုင်းမရိုင်းဘူးဆိုတဲ့ မြန်မာစကားပုံဟာ အဆင့်အတန်းတူတဲ့ သူအချင်းချင်းသာ သုံးစွဲရမည့်စကားပုံဖြစ်ပါတယ်။ အဆင့်အတန်းမတူရာမှာ ကိုယ်နဲ့နှိုင်းရင် အလွန်ပင် ရိုင်းပါတယ်။ စဉ်းစားကြည့်ပါ၊

ဂဏန်းသင်္ချာကို မသင်ဖူးတဲ့ လူတစ်ယောက်က ဂဏန်းအရာမှာ ပါရဂူမြောက် တတ်မြောက်နေတဲ့လူကို ဂဏန်းသင်္ချာနဲ့စပ်ပြီး ငါလိုပဲလို့ ကိုယ်နဲ့နှိုင်းရင် အများကြီး လွဲမှားမယ်။ အများကြီးရိုင်းမယ်ဆိုတာကို သိနိုင်ပါတယ်။ အဲဒါလိုပဲ ပုထုဇဉ်ပုဂ္ဂိုလ်က ကိုယ့်စိတ်နဲ့နှိုင်းပြီး သောတာပန်ကိုဆုံးဖြတ်လျှင် အလွန်ရိုင်းပြီး အလွန်လွဲမှားတတ်ပါတယ်။ အမှန်မှာတော့ သောတာပန်အစစ် တကယ်ဖြစ်နေတဲ့ပုဂ္ဂိုလ်မှာ သတိကလေးက အတော်လေးကောင်းနေပြီ။ ဒါကြောင့် ရုတ်တရက် လောဘဖြစ်လာတယ်ဆိုရင် အဲဒီသတိကလေးက သူ့အလိုလို ဖြစ်ပေါ်လာပြီးတော့ ထိန်းထားလိုက်တယ်၊ ဒီလို သတိက အုပ်ထိန်းလိုက်တဲ့အတွက် လောဘဟာ အရှိန်ပျက်သွားပါတယ်။ အကြီးအကျယ် မဖြစ်ရတော့ဘူး၊ ဒေါသဖြစ်လာရင်လည်း သတိနဲ့အုပ်ထိန်းလိုက်တာပဲ။ ဒါကြောင့် အကုသိုလ်တရားတွေဟာ အလွန်အကဲ အကြီးအကျယ် မဖြစ်ပွားရတော့ဘူး။ သီလသိက္ခာပုဒ်တွေကို ကျူးလွန်နိုင်လောက်အောင် ပြင်းပြင်းထန်ထန် မဖြစ်ရတော့ဘူး။ ဒါကြောင့် သောတာပန်မှာ အပါယ်လားကြောင်း အကုသိုလ်တွေလည်း ငြိမ်းတယ်။ အပါယ်လေးပါးမှလည်း လွတ်တယ်လို့ ယုံကြည်စိတ်ချရတာ၊ ဒါတွေဟာ သတိကလေး ကောင်းနေခြင်းရဲ့ အကျိုးတွေပါပဲ။

ဒါဟာ သောတာပန်များရဲ့ ပင်ကိုယ်သဘာဝပဲ ဖြစ်ပါတယ်။ ဒါကြောင့် သောတာပန်များဟာ အရက်တိုက်ရင် ရေသာဝင်တယ် အရက်မ၀င်ဘူးဆိုတဲ့ စကားအရ လုံးဝမဖြစ်နိုင်ပါဘူးလို့ ဖြေကြားပေးလိုက်ပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com မှ

May 27, 2013

လူကိုနွေးထွေးစေတဲ့ စကားငါးခွန်း

(၁) တန်ဖိုးထားထိုက်ဆုံးစကားတစ်ခွန်း “နင့်ကိုငါချစ်တယ်”
ဒီစကားတစ်ခွန်းကို သင်ကြားလိုက်ရပြီဆိုရင် သင်ဟာတခြားသူရဲ့ချစ်ခြင်းကို ခံလိုက်ရတာဖြစ်ပါတယ်။ လောကမှာ အချစ်ခံရထက်တာ ပိုချိုမြိန်၊ ပျိုပျော်ရွှင်တဲ့အရာ ရှိနိုင်ဦးမလား? တကယ်လို့ ဒီလိုစကားတစ်ခွန်းကို သင်လည်း ပြောလိုက်ပြီဆိုရင် စိတ်ကူးထဲကအဖော်ကို သင်ရှာတွေ့ပြီဖြစ်ကြောင်း ပြနေပါတယ်။ လူ့ပင်လယ်ထဲမှာ ကူးခပ်ရင်း တစ်နေ့နေ့ တစ်ချိန်ချိန် သင်မျက်စိဖြတ်ခနဲအလက် “ဟော.. သူ(သူမ)ပဲ!”ဆိုတဲ့ အဖော်ကို သင်တွေ့သွားခဲ့တယ်။ အချစ်ရှိပြီဆိုရင် အထီးမကျန်တော့ဘူး။ အချစ်ရှိပြီဆိုရင် စိတ်မလေတော့ဘူး။ အချစ်ရှိပြီဆိုရင် စိတ်မတွေဝေတော့ဘူး။ အချစ်ရှိပြီဆိုရင် ပေါ့ပေါ့နေလို့မဖြစ်တော့ဘူး။ အချစ်က ရွေးချယ်ခြင်းတစ်မျိုး၊ အချစ်က ပျော်ရွှင်ခြင်းတစ်မျိုး၊ အချစ်က အားအင်တစ်မျိုး၊ အချစ်က တာဝန်တစ်မျိုး… ဖြစ်ပါတယ်။
(၂) နှစ်သိမ့်ထိုက်ဆုံးစကားတစ်ခွန်း “အခုပဲလာခဲ့မယ်”
လူတိုင်းမှာ အကူအညီလိုတဲ့အချိန်တွေ ရှိပါတယ်။ တစ်ပတ်လောက် ပင်ပင်ပန်းပန်းအလုပ်လုပ်ပြီး နားရက်မှာ သင်အနားယူနေတုန်း ရုတ်တရက် အိမ်ကရေစက်ခေါင်းပျက်သွားတယ်။ ရေပိုက်ပြင်သမားကို သင်ချက်ချင်းဖုန်းဆက်တော့ သူက “ကျွန်တော် အခုပဲလာခဲ့မယ်”လို့ ပြန်ဖြေတဲ့အချိန် သင့်စိတ်သက်သာရာရသွားတယ်။ သင်ကားမောင်းနေတုန်း လမ်းတစ်နေရာမှာ ရုတ်တရက် ကားပျက်သွားတယ်။ နောက်ကားတွေက သင့်ကားနောက်တန်းစီပြီး ဟွန်းအဆက်မပြတ်တီးနေတယ်။ သင်စိတ်ပူပန်လှုပ်ရှားပြီး သူငယ်ချင်းတစ်ယောက်ကို သင်ဖုန်းဆက်တယ်။ သူငယ်ချင်းရဲ့ “ငါအခုပဲလာခဲ့မယ်”ဆိုတဲ့စကားက သင့်ရင်ထဲက အစိုင်အခဲကို ပြေလျော့သွားစေပါတယ်။
(၃) လူကိုယုံကြည်မှုတိုးစေဆုံး စကားတစ်ခွန်း “မင်းလုပ်နိုင်တယ်ဆိုတာ ငါယုံတယ်”
ဆရာတစ်ဦးက ကျွန်တော့်ကိုပြောပြဖူးတယ်။ ကျောင်းသားတွေကို သူအချက်ကျကျ ကိုင်တွယ်နည်းက ကျောင်းသားတွေနဲ့ အမြဲတမ်း နှစ်ကိုယ်ကြား ဆွေးနွေးတာပဲဖြစ်တယ်။ အမှတ်ကောင်းတဲ့ ကျောင်းသားဖြစ်ဖြစ်၊ အမှတ်မကောင်းတဲ့ ကျောင်းသားဖြစ်ဖြစ် ဆရာအမြဲပြောလေ့ရှိတာက “မင်းလုပ်နိုင်တယ်ဆိုတာ ဆရာယုံတယ်”ဆိုတာပဲဖြစ်တယ်။ ဒါကြောင့် သူသင်ဖူးတဲ့ ကျောင်းသားတိုင်းလိုလိုဟာ မိမိကိုယ်ကိုယ်ယုံကြည်စိတ် အပြည့်ရှိသူတွေဖြစ်တယ်။ “လုပ်နိုင်သူ”တွေက “ပိုလုပ်နိုင်”ခဲ့ကြပြီး “မလုပ်နိုင်သူ”တွေလည်း “လုပ်နိုင်”ခဲ့ကြတယ်။
ဆွန်ယက်ဆင်ပြောခဲ့တဲ့ စကားတစ်ခွန်းကို ကျွန်တော်အမှတ်ရမိပါတယ်။
“စိတ်ထဲမှာ လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုရှိရင် တောင်ကိုရွေ့တာပဲဖြစ်ဖြစ်၊ ပင်လယ်ကို မြေဖို့တာပဲဖြစ်ဖြစ် နောက်ဆုံးမှာ ပြီးမြောက်အောင်လုပ်နိုင်တယ်။ တကယ်လို့ စိတ်ထဲမှာ လုပ်နိုင်မှာမဟုတ်ဘူးလို့ ယုံကြည်မှုရှိရင် လက်ဖဝါးလှည့်တာ၊ သစ်ကိုင်းကိုချိုးတာလောက် လွယ်ကူတဲ့အလုပ်ကိုတောင် ပြီးမြောက်အောင် လုပ်နိုင်မှာမဟုတ်ပါဘူး”
ကျောင်းသားတွေမှ မဟုတ်ပါဘူး။ လူကြီးတွေလည်း အဲဒီလိုပဲဖြစ်တယ်။ လူတစ်ယောက်ဟာ အခက်အခဲကြုံချိန်၊ အမှားလုပ်မိချိန်၊ ဒါမှမဟုတ် တွေဝေဆုံးဖြတ်ရခက်နေချိန်မှာ သူ့ရဲ့လမ်းညွှန်သူ ဒါမှမဟုတ် သူ့သူငယ်ချင်းက “မင်းကို ငါယုံတယ်”၊ “မင်းလုပ်နိုင်တယ်ဆိုတာ ငါသိတယ်”ဆိုတဲ့စကားတစ်ခွန်း ပြောပေးရုံနဲ့ သူ့ကိုသတ္တိအင်အားတွေ ပြန်လည်ပြည့်တင်းစေပါတယ်။
(၄) အတင်းအဖျင်းကို ပထုတ်နိုင်ဆုံးစကားတစ်ခွန်း “မင်းလမ်းမင်းလျှောက် သူတို့ပြောချင်ရာ ပြောပါစေ”
ကျွန်တော့်ဖခင် ကျွန်တော်ကိုစကားတစ်ခွန်းပြောဖူးတယ်။
“တကယ်လို့ တခြားလူ မရယူနိုင်တဲ့အရာကို သားရယူချင်ရင် သူတို့မပေးဆပ်နိုင်တဲ့အရာကို သားပေးဆပ်ရလိမ့်မယ်။ တကယ်လို့ တခြားလူအနားယူချိန် သားလည်းအနားယူမယ်၊ တခြားလူအလုပ်လုပ်ချိန်မှ သားအလုပ်လုပ်မယ်။ တခြားလူ ဘဝကို ဘယ်လိုဖြတ်သန်းရင် သားလည်းသူတို့အတိုင်း ဖြတ်သန်းမယ်ဆိုရင် သူတို့ရတာပဲ သားရလိမ့်မယ်”
ဘဝမှာ အောင်မြင်သူတွေဟာ တခြားလူထက် ဝေးဝေးကြည့်တယ်၊ တခြားလူထက် နက်နက်တွေးတယ်၊ တခြားလူထက် ပိုအလုပ်လုပ်တယ်။ အဲဒီလိုပဲ အတင်းအဖျင်း၊ ကောလဟာလတွေလည်း သူတို့နဲ့အဖော်ပြုတာ ခံရတယ်။ ဒါကြောင့် တခြားလူဆီကနေ မတူတဲ့အသံကိုကြားရတဲ့အခါ ကိုယ့်ရဲ့ပြုမူပြောဆိုမှုကို ဆန်းစစ်ရသလို၊ ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကိုလည်း ပိုခိုင်မြဲအောင်လုပ်ရပါတယ်။
လူရွန်းပြောသလိုပါပဲ…”သူတို့ပြောချင်ရာ ပြောပါစေ… ကဲ့ရဲ့ဝေဖန် အတင်းအဖျင်းပြောသူတွေရဲ့ ချီးကျူးစကားက ကိုယ်အောင်မြင်မှုရပြီးချိန်မှ ကြားရတတ်တဲ့ စကားဖြစ်တယ်”။
(၅) ပြောရအခက်ဆုံးနဲ့ သဘောထားကွဲလွဲမှုကို အဖြေရှင်းနိုင်ဆုံး စကားတစ်ခွန်း “မင်းမှန်တာလည်း ဖြစ်နိုင်ပါတယ်”
ဒီလိုစကားတစ်ခွန်းက တိုက်ပွဲထဲကလူတစ်ယောက်ကို လက်နက်ချခိုင်းသလိုပါပဲ.. ငြင်းခုန်ရန်ဖြစ်ပွဲမှာ အမှားကိုဝန်ခံတာဟာ အရမ်းမျက်နှာသာမဲ့စေတဲ့ လုပ်ရပ်ပါ။ ဒါပေမယ့် အခြေအနေ တော်တော်များများမှာ ဒီလိုစကားတစ်ခွန်းက ဒေါသကြောင့် တောက်လောက်မယ့်မီးကို အချိန်မီ ငြိမ်းစေနိုင်သလို၊ ပွက်လောရိုက်နေတဲ့ဦးနှောက်ကို ချုပ်ငြိမ်းစေနိုင်သလို၊ ချိန်ရွယ်ထားတဲ့ လက်သီးကို ဖြည်လျော့စေနိုင်သလို၊
ကွဲပြားတဲ့အတွေးအမြင်ကို တစ်နေရာတည်းမှာ စုဆုံစေနိုင်ပါတယ်။ ထိခိုက်ဒဏ်ရာနဲ့ ဆုံးရှုံးမှုကို ကာကွယ်တားဆီးနိုင်သလို အဖွဲ့ရဲ့စည်းလုံးခြင်းနဲ့ တည်ငြိမ်ခြင်းကိုလည်း ထိန်းချုပ်နိုင်ပါတယ်။
ဒီလိုစကားတစ်ခွန်းက မိသားစုအငြင်းပွားမှုမှာ ပိုအသုံးဝင်ပါတယ်။ လင်မယားကြားမှာ ကိစ္စသေးသေးမွှားမွှားနဲ့ စကားများရန်ဖြစ်တဲ့အခါ တကယ်လို့ တစ်ယောက်ယောက်က ဒီစကားကိုအရင်ဆုံးပြောလိုက်ရင် သဘောထားကွဲလွဲမှုကို ရပ်တန့်စေနိုင်ပါတယ်။ နှစ်ဦးနှစ်ဖက် သွေးအေးသွားမှ ပြဿနာရဲ့အရင်းအမြစ်ကိုရှာပြီး ဖြေရှင်းနိုင်ပါတယ်။ အချင်းချင်းချစ်ကြိုက်လို့ အတူတကွပေါင်းဖက်ကြပြီးမှ ပြဿနာအသေးအမွှားနဲ့ ဘာကြောင့် နှစ်ဦးနှစ်ဖက် ဒဏ်ရာရထိခိုက်အောင် ပြောဆိုငြင်းခုန်ကြမလဲ? “မင်းမှန်တာလည်း ဖြစ်နိုင်ပါတယ်” ဆိုတဲ့စကားတစ်ခွန်းက ဘာမှကို မဆုံးရှုံးစေနိုင်ပါဘူး။

ဖုန်း free ခေါ်ဆိုမယ်


မြန်မာ Mobile App က User များကို Viper ဆော့ဝဲကိုသုံးပြီး အင်တာနက်ကွန်နက်ရှင်ရှိရုံနဲ့ ဖုန်း free call ခေါ်လို့ရတဲ့ ၊ Message အခမဲ့ပို့လို့ရတဲ့ နည်းလေးကိုပြောပြချင်ပါတယ်ရှင်။ နိုင်ငံခြား မှာတင်သုံးလို့ရတာမဟုတ်ဘဲ ၊ မြန်မာနိုင်ငံကနေလည်း ဒီဆော့ဝဲလေးကိုသုံးပြီး အခမဲ့ဖုန်းခေါ်ဆိုလို့ရတာကိုတွေ့ရပါတယ်။
ဒီ application လေးကိုသုံးစွဲဖို့ မိမိရဲ့ဖုန်းကို အင်တာနက်ကွန်နက်ရှင်တစ်ခုခု (Wifi,3G..)နဲ့ချိတ်ဆက်ထားရပါမယ်။ လိုအပ်တဲ့ဆော့ဝဲဖြစ်တဲ့ Viber ကိုအောက်မှာရယူလိုက်ပါ။
(မိမိတို့ဖုန်းနဲ့ဆိုင်တဲ့ application ကိုရွေးချယ်ရယူပါ)
Viber for iPhone အားရယူရန်
Viber for Android အားရယူရန်
Viber for Nokia အားရယူရန်
download ရယူပြီးပြီဆိုရင်တော့ Viber ဆော့ဝဲကိုဖုန်းထဲမှာ install လုပ်ပါ။ ပြီးရင် Viber ဆော့ဝဲကိုဖွင့်ပါ။ နိုင်ငံ ရွေးချယ်တဲ့နေရာမှာ မြန်မာနိုင်ငံကလူတွေဆိုရင်
Myanmar (+95) ကိုရွေးချယ်ပေးပါ။ အောက်က TextBox မှာ မိမိရဲ့ဖုန်းနံပါတ်ကိုထည့်ပါ။ ဖုန်းနံပါတ်ထည့်ရာမှာ (ဥပမာ) မိမိရဲ့ဖုန်းနံပါတ်က 09-2016878 ဆိုရင်
ရှေ့ဆုံးက သုည ကိုဖြုတ်ပြီး 9 ကနေစထည့်ပါ။ (ဥပမာ- 92016878) ။ ပြီးရင် Continue ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။
ဒါဆိုရင် မိမိရဲ့ဖုန်းကို Viber မှ Activation code တစ်ခု Message အနေနဲ့ဝင်လာပါလိမ့်မယ်။ အဲဒီ code ကို အောက်ပါ ပုံထဲကအတိုင်းထည့်ပါ။ ပြီးရင် Enter Viber ကိုနှိပ်ပါ။
အကယ်၍ Activation Code Message မိမိဖုန်းထဲကိုရောက်မလာဘူးဆိုရင်တော့ Android ဖုန်းတွေမှာအောက်ပုံမှာပြထားတဲ့အတိုင်း click here ကိုနှိပ်ပါ။ iPhone တွေမှာဆိုရင်တော့ Screen ရဲ့ထိပ်ဆုံးဘယ်ဘက်က Not Code? ကိုနှိပ်ပါ။
Web Browser တစ်ခုနဲ့အောက်ပုံထဲကအတိုင်းတက်လာပါလိမ့်မယ်။ မိမိဖုန်းနံပါတ်လည်း ပါဝင်ပါလိမ့်မယ်။ အဲဒီက “Get Code” ဆိုတဲ့ခလုတ်ကိုနှိပ်လိုက်ပါ။ အောက်ပုံအတိုင်းပါ။

“Get Code” ကိုနှိပ်လိုက်တယ်ရုံရင် စက္ကန့်ပိုင်းအတွင်းမှာ မိမိရဲ့ဖုန်းကို နိုင်ငံခြားနံပါတ်နဲ့ဖုန်း call တစ်ခုဝင်လာပါလိ့်မ်မယ်။ အဲဒီအခါ ကိုင်နားထောင်လိုက်ပါ။ ယောကျာ်းသံနဲ့ မိမိဖုန်း Viber ဆော့ဝဲထဲမှာ ထည့်ရမယ့် Activation Code ကိုနှစ်ကြိမ်တိတိပြောပေးပါလိမ့်မယ်။ အဲဒီ Code ကိုမှတ်ထားပါ။ပြီးရင် ခုနကဖုန်းထဲမှာပြောသွားတဲ့ code ကိုထည့်ပါ။ ပြီးရင် Enter Viber ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။

အောက်ပုံထဲကလိုပေါ်လာပြီဆိုရင်တော့ Viper Setup လုပ်တာပြီးစီးပြီဖြစ်ပါတယ်။

ဖုန်းစတင်ပြော၊ Message စပို့လို့ရပါပြီ။ ကိုယ်ပြောချင်တဲ့သူငယ်ချင်းဆီမှာလည်း Viber ဆော့ဝဲသွင်းထားပြီး အခုလုပ်ခဲ့သလို Setup လုပ်ထားဖို့လိုပါလိမ့်မယ်။ ပြီးရင် သူ့နံပါတ်ကို Viber ထဲမှာ Invite လုပ်ပြီး ဖုန်းခေါ်ရုံပါပဲ။အင်တာနက်ဖိုးအနည်းငယ်သာကုန်မှာဖြစ်ပြီး ဖုန်းခမကုန်ဘဲ ကြိုက်သလောက်ပြော ၊ ကြိုက်သလောက် message ပို့လို့ရပြီပေါ့။ ကိုယ့်နိုင်ငံထဲက သူတင်မဟုတ်ဘူး ၊နိုင်ငံခြားက သူငယ်ချင်းတွေနဲ့လည်းပြောလို့ရပြီပေါ့နော်။ အားလုံး အဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်..
 (http://www.myanmarmobileapp.com)

May 23, 2013

မြန်မာပြည်မှာနေတဲ့ မြန်မာ

၁။ သစ်ပင်ကမ္ဘာ ရုက္ခရွာ၌ ရသာချိုမြ သီကင်းလှသည့် ဗန္ဓရသရက် ပင်ပျိုထက်ဝယ် တွယ်ဖက်တတ်လျှောက် နွယ်ယှက်ပေါက်သည့် ဂွေးတောတ်ကပ်ပါး၊ ပူးဝင်ပွား၍ တူးခါးဖန်သက် ရသာပျက်ကာ မျိုးဆက်သိမ်းဖျင်း မျိုးပျက်ခြင်းကို ထင်လင်ရှုမြင် ပမာတင်၍ ဆင်ခြင်သုံးသပ် ကြည့်ပါလေး။

၂။ လူတို့ကမ္ဘာ သတ္တရွာ၌ နေရာပိုင်ရှာ စည်းရိုးတား၍ မြေသားပထ၀ီ တိုင်းဌာနီဟု တည်ရာပိုက်နက် နယ်မြေထက်ဝယ် ဆက်ဆံချုပ်ခြာ အုပ်စိုးလာလျက် ရှည်ကြာမှီတင်း နေထိုင်ရင်းမှ သက်ဆင်းပေါက်ပွား န...ိုင်ငံသားတို့ မြေသားစဉ်ဆက် ပေါင်နွယ်ဖက်ကြ မျိုးဆက်တစ်ခု ၀ံသာနုကို ပြုစုတည်တံ့ သွေးသန့်သန့်ဖြင့် ခန့်ငြားထည်ဝါခဲ့ကြသည်။

၃။ သို့သော်ခန့်ညား စည်းဝိုင်းတားလျက် နေငြားသော်လည် လူ့ရွာထဲဝယ် စည်းကွဲချိုးဖောက် တိုးဝင်နှောက်ပြီး ဂွေးတောက်ပင်နှယ် ကပ်ပါးနွယ်၍ နယ်ကျော်ကြိုးရှုပ် အမျိုးဖြုတ်မည့် သွေးစုပ်ရန်ဆွယ် အသွယ်သွယ်ကို တွယ်ကပ်မှီခွဲ ရှိစမြဲတည့် ဇွဲလုံ့လပွား သတိထား၍ တရားသစ္စာ ဖြောင့်မှန်စွာဖြင့် တာဝန်သယ်ပိုး စောင့်ကြပ်မိုးလော့။

၎။ မျိုးနွယ်ညံ့ဖျင်း သီးငုံကင်းကာ လူချင်းမျိုးဖုံး မျိုးမတုံးရေး နှလုံးမြဲမြံ သန္နိဋ္ဌာန်ဖြင့် အားမာန်ဝင့်ကာ ကြူးရင့်ပါအံ့ ကမ္ဘာအရှည် မြန်မာတည်၍ တည်သည့်ဒို့မြေ မြန်မာနေမည် မိုးမြေသိမ့်သိမ့် တုန်စေသတည်း။ ။

မြင့်ကြူနိုင်-မုံရွာ

ရွှေတံခါးမှူးမဂ္ဂဇင် ၂၀၀၀ပြည့် ဇန်န၀ါရီလ

လမြတ်ကဆုန်

လမြတ်ရယ်တဲ့ ကဆုန်
အလှတွေ စုံထူးပါလို့
ဂိံမာန်မှ ၀ဿန်အလှမ်းဝယ်
ထူးမြတ်တဲ့ ရာသီ ဗြိ

ပန်းအလှဒေ၀ီ
ငု စိန်ပန်း ရောကာသီချယ်လို့
လေယူရာကြူကြူမွှေးတယ်
စံပယ် ပုန်းညက် နှင့် မြတ်လေး။

သရက် နှင့် မာလကာ
မြစိမ်းရောင်ပြည့်ဝမ်းစာ စပါးခင်းတွေရယ်နဲ့
သာရကာ ကျေးငှက်တွေရယ်က
ခွန်းဆက်ကြပေါ့လေး။

ရိုးရာဓလေ့ အလှအမွေ
မြတ်ဗုဒ္ဓတရားတွေ ဦးထိပ်ပန်ဆင်လို့
ဗောဓိပင်ညောင်ရေသွန်းကြမယ်
သွားကြစို့လေး။

May 18, 2013

ရှင်အတူ သေမကွာ နေလိုပါလျှင်



ခေါင်းစဉ်လေးကတော့ ကောင်းတယ်နော်...လူတို့သည် သံယောဇဉ်ကြိုး အနှောင်အတည်းများဖြင့် ခိုင်မြဲစွာ နေလိုသူများဖြစ်ပါတယ်။ သမုဒယ သံယောဇဉ်တရားကား  ကမ္ဘာအစ၊ လူအစကပင် အထင်ကရ ၀မ်းတွင်းပါ တရားဖြစ်လေသည်။ ဆုတောင်းလျှင်တောင် ငှက်ဖြစ်လျှင် တစ်ကိုင်းတည်း၊ ဆင်ဖြစ်ရင် တကျွန်းတည်း၊ လူဖြစ်ရင် တစ်အိမ်တည်း၊ ကျွဲဖြစ်ရင်လည်း တအိုင်ထဲ စသည်ဖြင့် ဆုတောင်း စကားတွေ ကြွယ်လေ့ရှိကြတယ်။ ခွဲမနေချင်ကြဘူးပေါ့....တစ်စက္ကန့်လေးတောင်ခွဲမနေချင်တဲ့ သီချင်း၊ မျက်တောင်လေးတောင်မခတ်ခြင်တဲ့ သီချင်းတွေလည်း စသည်ဖြင့် ဖွဲဆိုပြီးလွမ်း ကြတယ်နော့်။ 

 ရှင်အတူသေမကွာ ဇာတ်လမ်းများဖြစ်ရပ်မှန်များ မြောက်မြားစွာထဲက ကိန္ဒရာ ၊ ကိန္ဒရီ   တစ်ညတာခွဲခွာရတာ နှစ်ပေါင်း ရ၀၀ ကွဲကွာ သွားရသကဲ့သို့ ခံစားရတဲ့ ဇတ်လမ်းဟာလည်း အားလုံးနည်းပါးသိပြီးကြပြီး ဖြစ်ပါတယ်။ အဲဒီလို မခွဲမခွာ နေလိုကြသူ တွေထဲမှာလည်း ဗုဒ္ဒဘုရားရှင်၏ ခမည်းတော် မယ်တော်များဖြစ်ခဲ့ကြဖူးသော နကုလပိတာ၊ နကုလမာတာ တို့လည်းပါ
ဝင်ခဲ့ကြတယ်။

တရံရောအခါက သံသုမာရဂိရမြို့မှာ နကုလပိတာ၊ နကုလမာတာ ပုဏေားကြီးနှင့် ပုဏေးမကြီးတို့၏ နေအိမ်သို့ မြတ်စွာဘုရား ဆွမ်းဘုဉ်းပေးရန် ကြွသွားတော်မူ ပါတယ်။ထို ပုဏား ဇနှီးမောင်နှံမှာ သစ္စာရှိရှိ မေတ္တာပြည့်ပြည့်ဖြင့် ငယ်စဉ်ဘ၀ကပင် ကြင်နာယုယစွာ ပေါင်းသင်း ဆက်ဆံနေထိုင်ခဲ့ကြသူများဖြစ်သည်။ မြတ်စွာဘုရား ကြွလာတော်မူစဉ်...ဤကဲ့သို့ပင် နောက်နောင်သံသရာ ကျင်လည်ရာဘ၀ များစွာတို့၌ အတူတကွချစ်ခင်ကြင်နာစွာ ရှင်အတူသေမကွာ နေထိုင်လိုကြပါသည်...အရှင်ဘုရား မည်ကဲ့သို့ ကျင့်စဉ်တရားများကို ပွားများ ကျင့်သုံးရမည်နည်း ဟု မြတ်စွာဘုရား ထံ တောင်းပန်လျောက်ထားပါတယ်။

ထိုအခါ မြတ်စွာဘုရားက ယခုဘ၀မှာလည်း အစဉ်အမြဲ နောင်ဘ၀မှာလည်း အစဉ်တွဲနေထိုင် ရမည့် ရှင်အတူသေမကွာ အကြောင်းအရာ  ကျင့်စဉ်ဒေသနာကို ဟောကြားချီးမြှင့်ပေးတော်မူပါတယ်။

(၁)တူညီသော သဒ္ဓါတရားရှိရမည်။
ဇနီးမောင်နှံတို့သည် ရတနာသုံးပါးအပေါ် အကြွင်းမဲ့ ယုံကြည်ခြင်း၊ ကံနှင့်ကံ၏ တရားများကို ယုံကြည်ခြင်းဟူသော သဒ္ဓါတရားတူညီရမည်။

(၂)တူညီသော သီလရှိရမည်။
ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံစွာ စောင့်ထိန်းအပ်သည့် ငါးပါးသီလ၊ အသက်မွေးဝမ်းကျောင်း မှန်ကန်မှုအဓိကထားသော အာဇီဝဋ္ဌမကသီလ( ကာယကံသုံးပါး၊ ၀စီကံလေးပါးနှင့် သမ္မအာဇီဝဟူသော ရှစ်ပါးသီလ) ၊ ဥပေါသထ သီလဟူသော ရှစ်ပါး၊ ကိုးပါးဥပုသ်သီလများ စောင့်ထိန်းရာ၌လည်း တူညီရမည်။

(၃)တူညီသော စာဂဒါနရှိရမည်။
အလှူဒါနစာဂဟူသမျှကို စိတ်တူကိုယ်တူ ကြည်ဖြူစွာ ပြုရမည်။ မေပးကမ်းစွန့်ကြဲ ပြုကြရမည်။

(၄) တူညီသော ပညာရှိကြရမည်။
ဇနီးမောင်နှံနှစ်ဦးသည်  အတူတကွ တရားနာယူရမည်မှတ်သားရမည်။တရားဆွေးနွေးရမည်။ သူတော်ကောင်းများကို အတူတကွ ဆည်းကပ်ရမည်။ မသိတာ ကို မေးမြန်းရမည်။ အတူတကွ တရားမှတ်ရမည် တရားအားထုတ်ရမည်။

ဤ သဒ္ဓါ၊ သီလ၊စာဂ ပညာဟူသော အကြောင်းလေးဖြာ ဓမ္မဒေသနာကို သေချာစွာကျင့်ကြံလိုက်နာ အတူတကွအားထုတ်ကြပါက ရှင်အတူသေမကွာ နေကြရမှာ ဖြစ်ကြောင်း ဟောကြားတော်မူခဲ့လေသည်။
 ဆောင်ပုဒ်

-ဇနီးမောင်နှံ၊ ရာသက်ပန် ၊မြဲမြံနေလိုငြား။
-သဒ္ဓါ၊ သီလ၊ ကျင့်စာဂ၊ ဥာဏ(ပညာ)တူအောင်ထား။
-ခုရောနောင်ပါ၊ တူမကွာ၊ မေတ္တာမပျက်ပြား။
-သမဇီဝီ၊ သုတ္တန်မှီ ကျမ်းညီ မှတ်စေသား။

ညောင်ရေသွန်းပွဲတော်ဖြစ်ပေါ်လာရခြင်း


ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် ညောင်ရေသွန်းပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ကဆုန်လပြည့်နေ့၌ ကျင်းပပူဇော်လေ့ရှိကြသည်။ ထိုသို့ကျင်းပပူဇော်ရခြင်းမှာ-

မြတ်ဗုဒ္ဓသည် ကဆုန်လပြည့်၊ သောကြာနေ့၌ ဖွားမြင်တော်မူ၍ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့၌ ဘုရားအဖြစ်ကိုရောက်တော်မူပြီး ကဆုန်လပြည့်၊ အင်္ဂါနေ့၌ ပရိနိဗ္ဗာန်စံတော်မူခဲ့သည်။ထို့ကြောင့် ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် အလေးအမြတ်ထားအပ်သော နေ့ထူးနေမြတ်ဖြစ်ခဲ့သည်။

ထို့ပြင် မြတ်ဗုဒ္ဓသည် မဟာဗောဓိညောင်ပင်အောက်၌ မဟာသက္ကရာဇ် ၁၀၃ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့ နေမ၀င်မီ မာရ်နတ်မင်းနှင့် စစ်သည်အပေါင်းကို သစ္စာပါရမီအဓိဌာန်ဖြင့် အောင်တော်မူ၍ မိုးသောက်ယံ၌ ဘုရားအဖြစ်သို့ရောက်တော်မူခဲ့သည်။ ထို့ကြောင့် ဗောဓိညောင်ပင်သည်လည်း ဗုဒ္ဓဘာသာဝင်တို့အတွက် အလေးအမြတ် ပူဇော်ရာ ဌာနတစ်ခုဖြစ်ခဲ့ပေသည်။

ထို့ကြောင့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် နှစ်စဉ်ကဆုန်လပြည့်နေ့သို့ရောက်တိုင်း  မြတ်ဗုဒ္ဓ၏ ရန်သူအပေါင်းကို အောင်နိုင်ရာ သစ္စာ၎ပါး ကိုသိမြင်ရာ၊ ဘုရားအဖြစ်သို့ရောက်တော်မူရာ ဌာနဖြစ်သော မဟာဗောဓိညောင်ပင်ကို ရည်မှန်းပြီး မိမိတို့ ကိုးကွယ်ဆည်းကပ်ရာ ကျောင်းကန်ဘုရားများ၌ စိုက်ပျိုးပူဇော်ထားအပ်သော ညောင်ပင်များကို ရေသွန်းဖျန်း ပူဇော်လေ့ရှိကြသည်။

အဓိက ရည်၇ွယ်ချက်မှာ ဗောဓိပင်များ မညှိုးနွမ်း မခြောက်သွေ့စေလိုရေးနှင့် မြတ်ဗုဒ္ဓကို အမှတ်ရစေလိုရေးပင်ဖြစ်သည်။

ဤကဲ့သို့ ဗောဓိညောင်ပင်များကို ရေသွန်းဖျန်းပူဇော်ခြင်းကို ညောင်ရေသွန်းပွဲတော်ဟု ခေါ်တွင်ကာ မြန်မာတို့ ၏ ၁၂လရာသီပွဲတော်အဖြစ် ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်ခေတ်များမှ ယနေ့ခေတ်အထိ စဉ်လာမပျက် ကျင်းပပူဇော်ခဲ့ကြပေသည်။ဤသည်မှာ ညောင်ရေသွန်းပွဲတော်ဖြစ်ပေါ်လာရခြင်း ၏ အခြေခံအကြောင်းပင်ဖြစ်သည်။

ညောင်ရေသွန်းပူဇော်ရကျိုး

ညောင်ရေသွန်းပူဇော်ရသည့် အကျိုးကို ပိဋိကတ်သုံးပုံတို့တွင် ခုဒ္ဒကနိကာယ်၊ သုတ္တန္တပိဋကထေရာအပဒါန် ပါဠိတော်၌  ဘုရားရှင်လက်ထက်တော် က ရဟန္တာမထေရ်ကြီးများကိုယ်တိုင် မိမိတို့၏ ဘ၀ဖြစ်စဉ်များကို ပြန်လည်ဟောကြားထားသည်တို့ကို တွေ့ရှိကြည်ညိုရပေသည်။

ဂန္ဓောဒကိယ ရဟန္တာမထရ်

ပဒုမုတ္တရာ မြတ်စွာဘုရားလက်ထက်တော်၍ သူကြွယ်တစ်ဦးသည် မြတ်ဗုဒ္ဓ ပွင့်တော်မူရာ ထင်းရှုး ဗောဓိပင် ပူဇော်ပွဲ ပြုလုပ်သောအခါ လှပဆန်းကြယ်သော အိုးဖြင့် နံ့သာရည်တို့ကို ထည့်ယူကာ သွန်းလောင်းပူဇော်ခဲ့လေသည်။ ထိုသို့ပူဇော်နေစဉ် မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးကြိုးထိမှန်ကာ သေဆုံးခဲ့လေသည်။

ထိုဘ၀မှာသေလွန်ပြီးနောက် ညောင်ရေသွန်းရသော ကောင်းမှုကြောင့် နတ်ပြည်သို့ရောက်ကာ ဘုံအဆင့်တစ်ရာရှိသော နတ်ဗိမာန်၌ နတ်သမီးတစ်သိန်း ခြံရံခစားပြီး အနာရောဂါမရှိ စိုးရိမ်ပူပန်မှုမရှိ ဘဲ နတ်သက်ကုန်သည့်တိုင်အောင် ခံစားစံစားခဲ့ရလေသည်။

နတ်ပြည်မှ စုတေပြီးနောက် ဤကမ္ဘာပေါင်း နှစ်ထောင်ရှစ်ရာအထက်၌ လူပြည်ဝယ် ရတနာခုနှစ်ပါးနှင့် ပြည့်စုံပြီး များပြားသော စစ်သည်ဗိုလ်ပါအင်အားရှိသော သံဝသိတ မည်သော စကြ၀တေးမင်း ဖြစ်ခဲ့ရလေသည်။

ဂေါတမမြတ်စွာဘုရားပွင့်တော်မူသော အခါ ဂန္ဓောဒကိယမထေရ် အမည်ဖြင့် ပဋိသမ္ဘိဒါလေးပါး၊ ၀ိမောက္ခရှစ်ပါး၊ အဘိညာဉ်ခြောက်ပါးတို့ကို ရရှိပိုင်ဆိုင်ကာ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်တော်မူခဲ့လေသည်။ ဤသည်မှာ ရဟန္တာမထေရ်မြတ်ကြီးကိုယ်တိုင် ဟောတော်မူခဲ့သော ဘ၀ဖြစ်စဉ်ဖြစ်ပေသည်။

ဗောဓိသိဉ္စက ရဟန္တာမထေရ်

ဝိပဿီမြတ်စွာဘုရားလက်ထက်တော်က ရဟန်းတော်တစ်ပါးသည် မြတ်စွာဘုရားပွင့်တော်မူရာ ဗောဓိပင်ညောင်ပင်ပူဇော်ပွဲ ကျင်းပသောအခါ ဗောဓိပင်သို့သွားရောက်ပြီး-

ကိုယ်တော်တိုင် ၀ဋ်ဆင်းရဲမှ လွတ်မြောက်တော်မူပြီးသော မြတ်စွာဘုရားသည် ငါတို့ကိုလည်း ၀ဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ပါစေသတည်း၊ ကိုယ်တော်တိုင် ဆင်းရဲဒုက္ခမှ ငြိမ်းအေးတော်မူပြီးသော မြတ်စွာဘုရားသည် ငါတို့ကိုလည်း ဆင်းရဲဒုက္ခမှ ငြိမ်းအေးနိုင်ပါစေသတည်း ဟု နှလုံးသွင်းဆုပန်ကာ ပန်းတို့ဖြင့် ထုံမွှမ်းထားသော ရေဖြင့် ဗောဓိပင်ကို သွန်းလောင်း ပူဇော်ခဲ့လေသည်။

ထိုကောင်းမှုကြောင့် ဤကမ္ဘာမှ အထက် ကိုးဆယ်တစ်ကမ္ဘာကာလပတ်လုံး အပါယ်ငရဲသို့ မကျရောက်ရဘဲ လူ့ပြည်၊ နတ်ပြည်၌ သာကျင်လည်ခဲ့ရပေသည်။

ဤ ကမ္ဘာမှ အထက် သုံးဆယ်သုံးကမ္ဘာသို့ရောက်သောအခါ လူ့ပြည်၌ ဥဒကသေစနမည်သော စကြ၀တေးမင်းစည်းစိမ်ကို ရှစ်ကြိမ်တိုင်တိုင်ခံစားစံစားရခဲ့လေသည်။

ဂေါတမမြတ်စွာဘုရားပွင့်တော်မူသောအခါ ဗောဓိသိဉ္ဓက မထေရ်အမည်ဖြင့် ပဋိသမ္ဘိဒါလေးပါး၊ ၀ိမောက္ခရှစ်ပါး၊ အဘိညာဉ်ခြောက်ပါးတို့ကို ရရှိပိုင်ဆိုင်ကာ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်တော်မူခဲ့လေသည်။ ဤသည်မှာ ရဟန္တာမထေရ်မြတ်ကြီးကိုယ်တိုင် ဟောတော်မူခဲ့သော ဘ၀ဖြစ်စဉ်ဖြစ်ပေသည်။ 

တိုက်တွန်းလွှာ

 အထက်ပါ မထေရ်မြတ်ကြီးများနည်းတူ ဗောဓိပင်ကို စိုက်ပျိုးပူဇော်ခဲ့သော အသနဗောဓိယ ရဟန္တာမထေရ်၊ ဗောဓိပင်ကို ရှိခိုးပူဇော်ခဲ့သော ဗောဓိဝန္ဒက ရဟန္တာ မထေရ်မြတ်ကြီး တို့သည် လည်း ထိုကဲ့သို့သော အကျိုးထူးအကျိုးမြတ်များကို ရရှိခဲ့ဘူးကြပေသည်။

ထို့ကြောင့် ဗောဓိညောင်ပင်ကို ရေသွန်းလောင်းသောါအခါ ယတြာကျေရုံ၊ ဂြိုလ်ပြေ၊ နံပြေရုံ၊ အပျော်တမ်းဖြစ်ရုံသက်သက်သာ မသွန်းလောင်ဘဲ မြတ်ဗုဒ္ဓသည် ဤနေရာဌာန၌ပင် မာရ်စစ်သည်အပါင်းကို အောင်မြင်ပြီး၊ ဤနေရာဌာန၌ပင် သစ္စာလေးပါးကို သိမြင်ကာ၊ ဤနေရာဌာန၌ပင် ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့လေသည် ဟု မြတ်ဗုဒ္ဓ၏ ဂုဏ်တော်တို့ကို လေးလေးနက်နက် အာရုံယူကာ သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ရန် ဆုပန်ပြီး ရှေးက ရဟန္တာမထေရ်မြတ်ကြီးများကို အတုယူကာ သွန်းလောင်းပူဇော်သင့်ကြပေသည်ဟု တိုက်တွန်းရင်း ဤညောင်ရေသွန်းပွဲ စာစုလေးကို နိဂုံးသတ်လိုက်ပါသည်။

အရှင်နာဂ၀ံသ
မောင်ကံကော်(ကျုံပျော်)
သဒ္ဓမ္မသီတဂူသာသနာရိပ်သာ
တောရကျောင်းတိုက်

ထံမှ တဆင့်ကူးယူ ဓမ္မဒါနပြုပါသည်။

ကဆုန်လပြည့် ဗုဒ္ဓနေ့ အကြောင်း

ကဆုန်လ။ ။ ကဆုန်ဟု ယခုအရေးအခေါ် ပြုနေသောလ၏ အမည်ကို ပုဂံခေတ်ထိုး ကျောက်စာတို့တွင် ကုဆုန်ဟု အရေးများသည်။ ပုဂံခေတ်၌ အသုံးတွင်ကျယ်သော ကုဆုန်၊ ကဆုန်ဟူသော အရေးနှစ်မျိုးတွင် ကုဆုန်သည်မူလဖြစ်၍ ယင်းမှ ကဆုန်သို့ ရွေ့လျောသည်ဟု ယူဆရပေသည်။
ကု၊ က၏အနက်သည် ရေဖြစ်၍၊ ဆုန်၏ အနက်မှာ သွန်းလောင်းသည်ဟု ဖြစ်သောကြောင့် ကဆုန်လကို ရေသွန်းလ၊ ရေလောင်းလဟုကောက်ယူရသည်။ ကုဆုန်၊ ကဆုန်ဟူသော လ၏အခေါ်မှာ အလွန်ရှေးကျ သည်ကိုထောက်သော် မြန်မာနိုင်ငံသို့ သာသနာရောက်သည့် အခါမှစ၍ ညောင်ရေသွန်းပွဲတော် ကျင်းပခြင်း အလေ့လည်းတစ်ပြိုင်တည်း ဖြစ်ပေါ်လာသည်ဟု ထင်မှတ်ရလေသည်။
တန်ခူး၊ ကဆုန်စသော ဆယ်နှစ်လတို့တွင် ကဆုန်၊ ဝါဆို၊ ဝါခေါင်၊ သီးတင်းကျွတ်၊တန်ဆောင်မုန်း၊ နတ်တော် ဟူ၍ ခြောက်မျိုးသော အခေါ်တို့မှာ သာသနာရေးကိုးကွယ် ယုံကြည်ရေးနှင့်သက်ဆိုင်လေသည်။ ဤကဆုန်လ ရာသီတွင် နေအရှိန်အပြင်းထန်ဆုံး ဖြစ်သောကြောင့် ရေများပင်ခန်းခြောက်လေ့ရှိရကား၊ မြတ်စွာဘုရား ပွင့်တော်မူရာ ဗောဓိပင်ကို ရည်မှတ်ကာ ဗောဓိပင်အပွားတော်များကို တပျော်တပါး ရေစင်သွန်းလောင်းခြင်းများ ပြုခဲ့ကြသဖြင့် လပြည့်နေ့၌ ကျင်းပသောပွဲတော် အခါကြီးကို ကဆုန် ညောင်ရေသွန်းပွဲတော်ဟုလည်း ခေါ်စမှတ်ပြုခဲ့ကြသည်။ ထိုမျှမက ခန်းခြောက်သော အင်းအိုင် ၊ ရေကန်တို့မှ ငါးများကိုပင် ရေများရာဒေသသို့ ရွှေ့ပြောင်းပေးခြင်းအားဖြင့်လည်း ဇီဝိတဒါန ငါးလွှတ်ပွဲများကို ယခုထက်တိုင် ပြုလုပ်လျက်ရှိကြသည်။
ကဆုန်လသည် မြန်မာ့တစ်ဆယ့်နှစ်လတွင် ဒုတိယလဖြစ်၍ ပြိဿရာသီနှင့်တူညီသည်။ မိုးဦးကျခါနီး ဖြစ်သည့် အလျောက်မိုးသံလေသံများ စတင်ကြားရလေသည်။
ကဆုန်လပြည့်။ ။ ကဆုန်လပြည့်နေ့သည် ဗုဒ္ဓသာသနာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီးဖြစ်ပေသည်။ ထိုနေ့၏ ထူးခြားချက်များကား
၁။ ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာမြတ်စွာဘုရားထံမှ နိယတဗျာဓိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခြင်း။
၂။မဟာသက္ကရာဇ် (၆၈) ကဆုန်လပြည့်နေ့တွင် ဂေါတမမြတ်စွာဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခြင်း။
၃။ မဟာသက္ကရာဇ် (၁၀၃) ခု ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမမြတ်စွာဘုရားအလောင်းတော် သည် သဗ္ဗညုတဥာဏ်တော်ကို ရရှိတော်မူခြင်း။
၎။မဟာသက္ကရာဇ် (၁၄၈)ခု ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူခြင်းတို့ဖြစ်သည်။
ထိုကဲ့သို့မြတ်စွာဘုရားရှင်၏ အဖြစ်တော်စဉ်တွင် ထူးခြားမှတ်သားထိုက်သော ဤကဆုန်လပြည့်နေ့အား ဘုရားနေ့(ဗုဒ္ဓနေ့) ဟု ဗုဒ္ဓသာသနာဝင် အပေါင်းတို့က အထွက်အမြတ် ထားကြလျက် မြတ်စွာဘုရားရှင်သည် ဤနေ့ဤအခါ၌ သဗ္ဗညုတ ရွှေဥာဏ်တော်ကို ရတော်မူရန် အားထုတ်ရာတွင် အမှီပြုတော်မူသော ဗောဓိပင် အား ရေသွန်းလောင်းခြင်းစသော ကုသိုလ်ကောင်းမှုတို့ကို ပြုကြကုန်သည်။ ရေသွန်းလောင်းကြသည်မှာ ကဆုန်လတွင် ရေရှားပြတ်လပ်၍ ညှိုးလျော်အံ့သော ဗောဓိပင်ကိုလန်းဆန်းစိုပြည်စေရန်အတွက် ဖြစ်ပေသည်။
ထိုအလေ့အထသည် ဗုဒ္ဓသာသနာဝင်တို့တွင် ပျောက်ကွယ်ခြင်းမရှိဘဲ ယခုထက်တိုင် နှစ်စဉ်အမြဲ ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းလောင်းပွဲများပြုလုပ်လျက် ရှိကြလေသည်ဟု (ဗုဒ္ဓနေ့ အမှတ်တရ) အဖြစ် ဓမ္မဒါနပြုလိုက်ရပါသည်။
ကိုးကား။ ။ မြန်မာ့စွယ်စုံကျမ်း။

May 16, 2013

““အဘယမင်းသားအား ဘုရားရှင် ဟောသည့်စကားကြီးခြောက်ခွန်း”


ဤကိစ္စနှင့်ပတ်သတ်၍၊ မဇ္ဈိမနိကယ်လာအဘယကုမာရသုတ်တွင်၊အဘယမင်းသားအား
ဘုရားရှင် ဟောတော်မူသော အောက်ပါစကားကြီး ခြောက်ခွန်းသည် အလွန်မှတ်သားဖို့ကောင်းပါသည်။
(၁) ဧ၀မေ၀ ခေါ ရာဇကုမာရ ယံ တထာဂတော ၀ါစံ ဇာနာတိ အဘုတံ
အတစံ်္ဆ၊ အနတ္ထသံဟိတံ၊ သာစ ပရေသံ အပ္ပိယာ အမနာပါ၊
န တံ တထာဂတော ၀ါစံ ဘာသတိ။

ရာဇကုမာရ၊ အဘယမင်းသား၊ ဧ၀မေ၀ ခေါ၊ ဤအတူပင်လျှင်၊ တထာဂတော၊
ငါဘုရားသည်။ ယံဝါစံ၊ အကြင်စကားကို။ အဘူတံ၊ အဟုတ်ဟူ၍။ အတစ္ဆံ၊ မမှန်ဟူ၍။
အနတ္ထ သံဟိတ၊ အကျိုးစီးပွားနှင့်မစပ်ဟူ၍၊ ဇနာတိ၊ သိတော်မူ၏။ သာစ၊
ထိုစကားကိုလည်း။ ပရေသံ၊ သူတစ်ပါးတို့သည်။ အပိ္ပယာ၊ မနှစ်သက်အပ်ကုန်။
အမနာပါ၊ သဘောမကျကုန်၊ တ၀ါစံ၊ ထိုစကားကို။ တထာဂတော၊ ငါဘုရားသည်။

နဘာသတိ၊ ဆိုတော်မမူ။

(၂) ယမ္ပိ တထာဂတော ၀ါစံ ဇာနာတိ ဘူတံ တစ္ဆံ အနတ္ထ

သံဟိတံ၊ သာ စ ပရေသံ အပ္ပိယာ အမနာပါ၊

တမ္ပိ တထဂတော ၀ါစံ န ဘာသတိ။

တထာဂတော၊ ငါဘုရားသည်။ ယမ္ပိဝါစံ၊ အကြင်စကားကိုလည်း။ ဘူတံ၊

ဟုတ်၏ဟူ၍၊ တစ္ဆံ၊ မှန်ဟူ၍။ အနတ္ထသံဟိတံ၊ အကျိုးစီးပွားနှင့်မစပ်ဟူ၍။

ဇာနာတိ၊ သိ၏။ သာစ၊ ထိုစကားကိုလည်း။ ပရေသံ၊ သူတစ်ပါးတို့သည်။အပ္ပိယာ၊

မနှစ်သက်အပ်ကုန်။ အမနာပါ၊ မလိုလားကုန်။ တံမ္ပိဝါစံ၊ ထိုစကားကိုလည်း။

တထာဂတော၊ ငါဘုရားသည်။ နဘာသတိ၊ ဆိုတော်မမူ။

(၃) ယဉ္စ ခေါ တထာရဂတော ၀ါစံ ဇာနာတိ၊ ဘူတံ တစ္ဆံ

အတ္ထသံဟိတံ၊ ပရေသံ အပ္ပိယာ အမနာပါ တတြ ကာလညူ

တထာဂတော ဟောတိ တဿ ၀ါစာယ ဝေယျာ ကရဏာယ။

တထာဂတော၊ ငါဘုရားဘည်။ ယဉ်္စ ခေါ ၀ါစံ၊ အကြင်စကားကိုလည်း။ တစ္ဆ၊ မှန်၏ဟူ၍။ အတ္ထသံဟိတံ၊ အကျိုးစီးပွားနှင့်စပ်၏ဟူ၍။ ဇာနာတိ၊ သိ၏။သာစ ထိုစကားကိုလည်း။

ပရေသံ၊ သူတစ်ပါးတို့သည်။ အပ္ပိယာ၊ မနှစ်သက်အပ်ကုန်။ အမနာပါ၊ မလိုလားကုန်။

တတြ တဿဝါစယ၊ ထိုစကားကို။ ဝေယျာကရဏာယ၊ ပြောဆိုခြင်းငှာ။ တထာဂတော၊

ငါဘုရားသည်။ ကာလညူ၊ ထိုအချိန်အခါကို သိတော်မူသည်။ ဟောတိ၊ ဖြစ်၏။

(၄) ယံ တထာဂတော ၀ါစံ ဇာနာတိ အဘူတံ အတစ္ဆံ

အနဆ သံဟိတံ၊ သာ စ ပရေသံ ပိယာ မနာပါ၊

တံ တထာဂတော ၀ါစံ ဘာသတိ။

တထာဂတော၊ ငါဘုရားသည်။ ယံဝါစံ၊ အကြင်စကားကို။ အဘူတံ၊

မဟုတ်ဟူ၍။ အတစ္ဆိ၊ မမှန်ဟူ၍။ အနတ္တိ သံဟိတံ၊ အကျိုးစီးပွားနှင့် မစပ်ဟူ၍။

ဇာနာတိ သိ၏။ သာစ၊ ထိုစကားကိုလည်း။ ပရေသံ၊ သူတစ်ပါးတို့သည်။ ပိယါ၊

နှစ်သက်အပ်ကုန်၏။ မနာပါ၊ လိုလားအပ်ကုန်၏။ တံဝါစံ၊ ထိုစကားကို။ တထာဂတော၊

ငါဘုရားသည် နဘာသတိ၊ ဆိုတော်မမူ။

(၅) ယမ္ပိ တထာဂတော ၀ါစံ ဇာနာတိ ဘူတံ တစ္ဆံ

အနတ္ထသံဟိတံ၊ သာစ ပရေသံ ပိယာ မနာပါ

တမ္ပိ တထာဂတော ၀ါစံ နဘာသတိ။

တထာဂတော၊ ငါဘုရားသည်။ ယမ္ပိဝါစံ၊ အကြင်စကားကိုလည်း။ ဘူတံ၊

ဟုတ်၏ဟူ၍။ တစ္ဆံ၊ မှန်၏ဟူ၍။ အနတ္ထသံဟိတံ၊ အကျိုးစီးပွားနှင့်မစပ်ဟူ၍။

ဇာနာတိ၊ သိ၏။ သာစ၊ ထိုစကားကိုလည်း။ ပရေသံ၊ သူတစ်ပါးတို့သည်။ ပိယါ၊

နှစ်သက်အပ်ကုန်၏။ ပနာပါ၊ လိုလားအပ်ကုန်၏။ တထာဂတော၊ ငါဘုရားသည်။ တမ္ပိဝါစံ၊ ထိုစကားကိုလည်း။ နဘာသတိ၊ ဆိုတော်မမူ။

(၆) ယဉ္စ တထာဂတော ၀ါစံ ဇာနာတိ ဘူတံ တစ္ဆံ

အတ္ထသံဟိတံ၊ သာစ ပရေသံ ပိယာ မနာပါ၊

တတြ ကာလာညူ တထာဂတော ဟောတိ

တဿာ ၀ါစာယ ဝေယျာကရဏာယ။

တထာဂတော၊ ငါဘုရားသည်။ ယဉ်္စ၀ါစံ၊ အကြင်စကားကိုလည်း။ဘူတံ၊ဟုတ်၏ဟူ၍။

တစ္ဆံ၊ မှန်၏ဟူ၍။ အနတ္ထသံဟိတံ၊ အကျိုးစီးပွားနှင့်မစပ်ဟူ၍။ ဇာနာတိ၊ သိ၏။ သာစ၊

ထိုစကားကိုလည်း၊ ပရေသံ၊ သူတစ်ပါးတို့သည်။ ပိယာ၊ နှစ်သက်အပ်၏။ မနာပါ၊ လိုလား

အပ်၏။ တတြ ထိုစကား၌။ တဿဝါစာယ၊ ထိုစကားကို။ဝေယျာကရဏာယ၊ဖြေကြားပြောဆို

ခြင်းငှာ။ တထာဂတော၊ ငါဘုရားသည်။ ကာလညု၊ အချိန်အခါကိုသိသည်။ ဟောတိ၊ဖြစ်၏။

မြန်မာလိုသက်သက်အတိုချုပ်မှာ-

(၁) အဘယမင်းသား မဟုတ်မမှန်၊ အကျိုးစီးပွားနှင့်လည်း မစပ်၊ သူတစ်ပါးတို့လည်း

မနှစ်သက်၊ ထိုစကားမျိုး ငါမဆို။

(၂) ဟုတ်မှန်၏။ အကျိုးစီးပွားနှင့် မစပ်၊ သူတစ်ပါးတို့လည်းမနှစ်သက်၊ ထိုစကားမျိုး

ငါမဆို။

(၃) ဟုတ်မှန်၏။ အကျိုးစီးပွားနှင့်လည်းစပ်၏။ သူတစ်ပါးတို့ကားမနှစ်သက်၊

ထိုစကားမျိုးကို အခါအားလျော်စွာ ငါဆို၏။

(၄) မဟုတ်မမှန်။ အကျိုးစီးပွားအားလည်း မစပ်၊ သူတစ်ပါးတို့ကားနှစ်သက်၏၊

ထိုစကားမျိုးကို ငါမဆို။

(၅) ဟုတ်မှန်၏။ အကျိုးစီးပွားနှင့်မစပ်၊ သူတစ်ပါးတို့ကား နှစ်သက်၏။

ထိုစကားမျိုးကို ငါမဆို။

(၆) ဟုတ်မှန်၏။ အကျိုးစီးပွားနှင့်စပ်၏။ သူတစ်ပါးတို့လည်းနှစ်သက်၏။
ထိုစကားမျိုးကို အခါခပ်သိမ်း ငါဆို၏။ ။
usumsna.blogspot.com မှကူးယူဖော်ပြပါသည်

ဗုဒ္ဓဓမ္မနှင့် ကမ္ဘာ့ခေတ်ပညာရှင်ကြီးများ အမြင်သစ်

ယခုအခါ ကမ္ဘာပေါ်ရှိ ဗုဒ္ဓဘာသာနိုင်ငံများတွင်မက အခြားဘာသာဝင်တိုင်းနိုင်ငံကြီး၊ နိုင်ငံငယ်များတွင်ပါ၊အသိဉာဏ်၊စဉ်းစားဉာဏ်ရှိသူတိုင်းလိုလိုပင် ဗုဒ္ဓ၏တရားတော်သည်
သတ္တ၀ါတို့၏(၀ါ) လူသားတို့၏ ပြဿနာအရပ်ရပ်ကို ဖြေရှင်းရာတွင်အကောင်းဆုံး၊
အထိရောက်ဆုံး၊လောကနီတိ၊လောကကျင့်စဉ်အတွေးအခေါ်အဘိဓမ္မာကြီးလည်း
ဖြစ်၏ဟု သဘောပေါက်ကာ အလေးအနက် စိတ်ဝင်စားပြီး လေ့လာလိုက်စားဆည်းပူးနေ
ကြကြောင်း အထောက်အထား မြောက်မြားစွာရှိပါသည်။ တစ်နည်းဆိုလျှင် လူသားတို့၏
အနာဂတ်ကာလသည် ဗုဒ္ဓ၏အဆုံးအမ (၀ါ) ဗုဒ္ဓ၏ သာသနာပေါ်တွင် တည်သည်ဟု
ဆိုလျှင် မှားမည်မထင်ပါ။ ဗုဒ္ဓဓမ္မသည် အမှန်စင်ကြယ် သန့်ရှင်းသော ကိုယ်ကျင့်လောကုတ္တရာ
လမ်းဖြစ်ရုံမျှမက၊ အထက်တွင်ပြောခဲ့သည့်အတိုင်း လောကလူသားတို့၏ ငြိမ်းချမ်းရေး
လွတ်လပ်ရေး၊ သာယာဝပြောရေးတို့အတွက် အထူးအားကိုးလောက်သည့်
လမ်းစဉ်ကောင်း၊ လမ်းစဉ်မြတ်ကြီးဖြစ်သည်ဟု ဆိုရပါမည်။ ဗုဒ္ဓက ကိုယ်တိုင်စမ်းသပ်၍
မရသော (၀ါ) အစမ်းသပ်မခံနိုင်သော မည်သည့်ဘာသာ မည်သည့်အတွေး
အခေါ် မည်သည့် ကိုးကွယ်ယုံကြည်မှုမျိုးကိုမှ လက်ခံဖို့မသင့်၊ ကိုယ်တိုင်စမ်းသပ်၍
မရသော (၀ါ) အစမ်းသပ်မခံနိုင်သော မည်သည့်တန်ခိုးရှင်၊ အာဏာရှင် ဣဒိပါဒ်ရှင်တို့ကိုမှ
လည်း ယုံကြည်ဖို့မလို၊ ဗုဒ္ဓ၏ တရားတော်ကိုပင် ကိုယ်တွေ့စမ်းသပ်၍ နေရာမကျပါက
လက်ခံဖို့မလိုကြောင်း အတိအလင်း ကြေငြာခဲ့ပါသည်။ ဗုဒ္ဓတရားတော်၏ အကောင်းဆုံးသော
ထူးခြားချက်တို့အနက်၊ တစ်ခုသော ဧဟိပဿိကော၊ မည်သူမဆိုလာလှည့်၊ ရှုလှည့်
ပါဟု ခေါ်၍ပြနိုင်သော ၀ိသေသဂုဏ်ထူးပင်ဖြစ်ပေ၏။ တစ်နည်းဆိုသော်၊ ကိုယ်တွေ့
သင်ခန်းစာများ၊ အာရုံအာရမ္မဏ်္ဏိက၊ အကြားအမြင် ဗဟုသုတအတွေ့အကြုံများကို
စည်းကမ်းတကျ ချဉ်းကပ်လေ့လာသုံးသပ်သည့်နည်းပင် ဖြစ်ပါသည်။ ဤသို့ ချဉ်းကပ်
လေ့လာသုံးသပ်ခြင်းကြောင့် ရအပ်သောသမ္မာဒိဋ္ဌိမဂ်ဉာဏ်၊ ဖိုလ်ဉာဏ်တို့ဖြင့် အ၀ိဇ္ဇာခေါ်
အမှောင်ဓါတ် အကာသံတိုင်းကြီးကိုဖြိုခွင်းပြီး သတ္တ၀ါတွေကို သံသရာအနှောင်အဖွဲ့မှ
ကယ်တင်ခြင်းပင်ဖြစ်ပါသ်ည။ ဤလောကဟုဆိုသည့် ဘ၀သံသရာကြီးကို လေ့လာ
သုံးသပ်ရာတွင် ဗုဒ္ဓမြတ်စွာ၏ အမှန်တကယ်တွေ့ရှိရသည့်အချက်တို့မှာ သတ္တ၀ါတို့အား
ကာယိကဒုက္ခ စေသတိကဒုက္ခ၊ ကိုယ်၏ဆင်းရဲခြင်း၊ စိတ်၏ဆင်းရဲခြင်းစသည့်
ဆင်းရဲဒုက္ခအမျိုးမျိုး အိုခြင်း၊ နာခြင်း၊ သေခြင်း၊ စိုးရိမ်ပူဆွေးရခြင်းဆိုသည့် ဘေးအပေါင်း၊
ရန်အပေါင်းတို့ ၀ိုင်းဝန်းနှိပ်စက်ခြင်း စသည်တို့ဖြစ်ပါ၏။ ဤဘေးအပေါင်းရန်အပေါင်း     
ဆင်းရဲအပေါင်းတို့သည်ရုပ်နာမ်ခန္ဓာတို့ရှိနေသမျှ ဆက်လက်တည်ရှိနေမည်သာဖြစ်ပါ၏။
ဤကဲ့သို့ အမှန်တရားကို အမှန်အတိုင်း ယထာဘူတကျကျ တွေ့မြင်သိရှိခြင်းသည်
အချို့ပုဂိ္ဂုလ်တို့မြင်သလို အနိဋ္ဌာဓမ္မ အဆိုးမြင်တရားလုံးလုံးမဟုတ်ပါ။ မည်သူမဆို
သက်ရှိသတ္တ၀ါအထူးသဖြင့်လူသားတို့ဘ၀ပြဿနာကို လေးလေးနက်နက် ဆင်ခြင်
စဉ်းစားကြည့်ပါက ဆင်းရဲမှုအစုစုသည် ချမ်းသာမှုအစုစုတို့ထက် အဆမတန် သာလွန်
များပြားကြောင်းကို တွေ့ရှိရပါသည်။ အရှေ့တိုင်း၊ အနောက်တိုင်းရှိ အတွေးအခေါ်
ပညာရှင်ကြီးတွေ  သည်အတိုင်းလက်ခံယုံကြည်ကြပါသည်။ သို့သော်လည်း သူတို့သည်
ဗုဒ္ဓကဲ့သို့ ဤဒုက္ခဘောင်မှ လွတ်ကင်းကြောင်းနည်းကို ရှာမရကြပါ။ ဗုဒ္ဓသာလျှင်
ရှာတွေ့ရရှိခဲ့ပါသည်။ ဗုဒ္ဓက သူ၏တရားနည်းလမ်းသည် ယခုမျက်မှောက်၌ပင်လျှင်
ချမ်းသာသုခကိုပေးစွမ်းနိုင်၏ဟု အတိအလင်း ဒိဋ္ဌဓမ္မော ပတ္ထဓမ္မောဟု ရဲရဲတောက်
ကြေငြာခဲ့ပါသည်။ ဤပစ္စုပ္ပန်ဘ၀၌ပင်လျှင် လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာ၊
ကောင်းကင်ဘုံချမ်းသာတို့ထက်ထူးကဲမွန်မြတ်သောဝိမုတ္တိသန္တိသုခကိုရနိုင်၏ဟု
ကြွေးကြော်ခဲ့ပါသည်    ။
                   ယခုဆက်လက်တင်ပြသည့် အကြောင်းအရာတို့ကို လက်စမသတ်မီ ကမ္ဘာ
အရပ်ရပ်ရှိ ခေတ်ပညာရှင်ကြီးတို့၏ နိယိုဗုဒ္ဓဇင် (Neo Buddhaism) ခေါ် ဗုဒ္ဓဘာသာနှင့်
ပတ်သက်သည့်အမြင်သစ်ကို အကျဉ်းအားဖြင့် အောက်တွင်ဖေါ်ပြလိုပါသည်။
                   ရာဒါခရစ္စနန်ဆိုသူသည် ကမ္ဘာကျော်ပညာရှင်၊ အိန်္ဒိယခေါင်းဆောင်ကြီးသည်
တရုတ်ပြည်သို့ အလည်အပတ်သွားရောက်စဉ်က တရုတ်ဗုဒ္ဓဘာသာဝင်တို့အား
ဟောပြောခဲ့သည်ဆိုသည့် စကားရပ်အချို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
                   ““အာရှတိုက်သားအချင်းချင်းစိတ်တူ၊ သဘောတူဖြစ်ဖို့အတွက် ဗုဒ္ဓဘာသာ
ပြန်လည်ထွန်းကားရေးသည် အကြောင်းရင်းဖြစ်ပါသည်။ ယခုအခါ ကျွန်ုပ်တို့သည်
(အိန်္ဒိယ) ဗုဒ္ဓဘာသာသို့ ပြန်လည်စိတ်ဝင်စားလာပါသည်။ အိန်္ဒိယတွင် ယခုတလော
ဘာသာရေးစိတ်ဓါတ်နိုးကြားတက်ကြွနေရာ ဗုဒ္ဓနှင့် ဗုဒ္ဓတရားတော်သည် ပြန်လည်
ထွန်းကားလာပါကြောင်း။ ဗုဒ္ဓသည် ဟင်ဒူဘာသာကို မဆန့်ကျင်ပါ။ ပြင်ဆင်ခြင်းသာ
ဖြစ်ပါသည်ဟု အများယုံကြည်ကြပါသည်။ ဗုဒ္ဓ၏မူလအခြေခံတရားသည် ဥပနိသျှခေါ်
ဟင်ဒူအခြေခံကျမ်းရင်းအမြစ်မှ  ပေါက်ပွားလာခြင်းဖြစ်ပါသည်။ ယခုအခါ အိန်္ဒိယနိုင်ငံ
အနယ်နယ်အရပ်ရပ်တွင် ဗုဒ္ဓဘာသာကျောင်းသစ်ကြီးများ၊ ဇရပ်သစ်ကြီးများ အပြိုင်
အဆိုင်ပေါ်ထွက်လျက်ရှိပါပြီ။ အာရှတိုက်တွင် ဘာသာရေးစိတ်ဓါတ် လှုံ့ဆော်
မြင့်တင်ရာတွင် အိန်္ဒိယနိုင်ငံသည် အလွန်အရေးပါသည့် အခန်းတွင် တစ်ဖန်ပြန်လည်
ဝင်ရောက်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း။””
                   ကမ္ဘာ့ဗုဒ္ဓဘာသာအဖွဲ့ချုပ်၏ ဥက္ကဋ္ဌဟောင်းလည်းဖြစ်၊ မြန်မာနိုင်ငံ တရား လွှတ်တော်ချုပ်၏ တရားသူကြီးဟောင်းတစ်ဦးဖြစ်ပြီး၊ မြန်မာနိုင်ငံ ဗုဒ္ဓဘာသာဝင်တို့၏ ခေါင်းဆောင်ကြီးတစ်ဦးလည်းဖြစ်သူ ဦးချန်ထွန်းက ပြောပြသည်မှာ -
                   ““ လောကဓါတ်သိပ္ပံပညာရှင်သည် အပြင်လောကကို စူးစမ်းရှာဖွေသကဲ့သို့ ဗုဒ္ဓသည်စိတ်၏အတွင်းလောက (၀ါ) ၀ိညာဉ်လည်း ခေါ်နိုင်ပါသည်။ အကြောင်းကို စူးစမ်းရှာဖွေခဲ့ပါသည်။ ဗုဒ္ဓဓမ္မသည် လူသား၏ ကိုယ်တွေနှင့် ထိုးထွင်းဉာဏ်ကိုသာ အသားပေးထားပါသည်။ အသိအလိမ္မာဉာဏ်နှင့်ပတ်သတ်၍ သိပ္ပံပညာသည် ဗုဒ္ဓတရားတော်နှင့်အငြင်းပွားမှု လုံးလုံးမရှိပါ။ သိပ္ပံပညာသည် နောက်ပိုင်းတွင် မည်မျှထွန်းကားတိုးတက် ဆန်းကျယ်လာသည်ပင်ဖြစ်စေ၊ ယခုအတိုင်းပင်နေပါမည်။ သိပ္ပံပညာသည် မည်မျှပင်ပြုပြင်ပြောင်းလဲ တိုးတက်အောင်မြင်လာသော်လည်း ဘယ်သောအခါမှဗုဒ္ဓဓမ္မကို ကျော်တက်မသွားနိုင်ပါ။ (၀ါ) တိုက်ဖျက်မပစ်နိုင်ပါ။ အနောက်တိုင်း ခရစ်ယာန်လောက၏ ဘာသာရေးနှင့်လောကဓါတ်သိပ္ပံ အငြင်းပွားမှုတွင် သိပ္ပံပညာသည် အမြဲဆိုသလို လက်လျော့ပေးရ၏။ ဗုဒ္ဓဓမ္မသည် လောကဓါတ်သိပ္ပံကို ပညာရေးအားပေးသည်ဟု အသိအမှတ်ပြုကာ အမြဲကြိုဆို၏။ အကြွင်းမဲ့ ယုံကြည်လေးစားခြင်းကို အမြဲတစေ တောင်းဆိုသောဘာသာများနှင့်မတူဘဲ ဗုဒ္ဓဓမ္မသည် အမှန်တရားနှင့် တကယ်အဖြစ်ကို အမှန်အတိုင်းတကယ် အဖြစ်အတိုင်း၊ ကိုယ်တိုင်အားထုတ်၊ ကိုယ်တိုင်သိရှိ၊ ကိုယ်တိုင်တွေ့ထိသောနည်းပင်ဖြစ်ပါသည်။ ယထာဘူကျကျသုံးသပ်၊ ဓမ္မဓိဋ္ဌာန်ကျကျ ခွဲခြမ်းစိတ်ဖြာ၊ ဝေဖန်သောနည်းပင်ဖြစ်ပါသည်။ ဒဿနကဗေဒခေါ် ဗုဒ္ဓအတွေးအခေါ်ပညာသည်လည်း ဆင်ခြင်တုံတရား၊ ကိုယ်တွေ့သင်ခန်းစာ စသည်တို့နှင့် ကိုက်ညီပါသည်။ သိပ္ပံပညာပြဋ္ဌာန်းသော စကြ၀ဠာပုံစံနှင့်လည်း ယေဘုယျအားဖြင့် ကိုက်ညီပါသည်။ သဘာဝဓမ္မခေါ် နိယာမတရားမှတစ်ပါး အခြားမည်သည့်အရာကိုမျှ ယုံကြည်ရန်မရှိဟု ဆိုထားပါသည်။
                   ဦးချန်ထွန်းက ဆက်လက်၍ -
                   ““ ဗုဒ္ဓရှုထောင့်မှ ပြောရလျှင် ခေတ်ပေါ်လောကဓါတ်သိပ္ပံပညာ၏ သဘောတရားအားလုံးတို့သည် ပကတိ အစကနဦးကတည်းက ထင်ရှားတည်ရှိသော တရားများဖြစ်ပါသည်။ သိပံ်္ပပညာ၏ဘိုင်အိုလော်ဂျီခေါ်ဇီဝဗေဒသို့မဟုတ်သတ္တဗေဒမှသည်
သပစ္စယဓမ္မကြောင်းကျိုးဆက်သွယ်ရေးသဘာဝတရားတို့သည် ဂေါတမဗုဒ္ဓဟောတော်မူထားသော မည်သည့်အတရားနှင့်မျှ ဆန့်ကျင်ခြင်းမရှိပါ။ လောကဓါတ်သိပ္ပံဆရာကြီး အိန်စတိန်းကိုယ်တိုင်ပင် ““ခေတ်ပေါ်သိပ္ပံပညာကို လက်ခံနိုင်သောဘာသာတရားတစ်စုံတစ်ရာရှိပါက ယင်းဘာသာတရားသည် ဗုဒ္ဓဘာသာပင်ဖြစ်ရမည်”” ဟု ဟောကိန်းထုတ်ခဲ့ပါသည်။ သို့သော်လည်း သိပ္ပံပညာသည် မည်သည့်
အတိုင်းအတာအထိဗုဒ္ဓ၏နှုတ်ကပါတ်တော်ကိုထောက်ခံအတည်ပြုသနည်းဆိုသည်
ကိုကား အိန်စတိန်း အသေအချာသိရှိသွားမည်မထင်ပါ။ ဤသို့ကြီးကျယ်မြင့်မြတ်သည့် ဗုဒ္ဓတရားတော်သည် လူသတ္တ၀ါအပေါင်းတို့အား အခါမလင့်အကျိုးပြုကြောင်းကို မည်သူမျှ မငြင်းနိုင်ပါ။ ဆူပူသောင်းကျန်းမှုတို့ဖြင့် ပလောင်ဆန်နေသည့် ဤကမ္ဘာကြီးကိုလည်း ငြိမ်သက်
အေးချမ်းသာယာဝပြောသည့် ကမ္ဘာအဖြစ်သို့ ပြောင်းလဲကယ်တင်ပေးမည်သာ ဖြစ်ပါကြောင်း။
                   ထို့နောက် ဦးချန်ထွန်းသည် ဗုဒ္ဓတရားတော်နှင့် ခေတ်ပေါ်သိပ္ပံပညာတို့ တူညီမှုရှိသည့်အကြောင်းကို ရှင်းပြရာ ““ သက်ရှိသတ္တ၀ါအပါအ၀င် အားလုံးသော သဘာဝတရားတို့သည် အမြဲမပြတ် ဖြစ်ကာပျက်ကာနေသည့် စွမ်းအင်၏အစဉ်သာဖြစ်ကြ၏။ဇီဝဗေဒ သို့မဟုတ် သတ္တဗေဒ ပြုပြင်ပြောင်းလဲမှုအစဉ်အလာဆိုသည်နှင့် ၀ိညာဏ်ဆိုင်ရာပြုပြင်ပြောင်းလဲမှု အစဉ်အလာတို့သည် တစ်ခုနှင့်တစ်ခုတူညီမှုရှိကြ၏ဘ၀ကိုတပ်မက်မှုခေါ်ဘ၀တဏှာသည်ပြုပြင်ပြောင်းလဲမှု  အစဉ်အလာ၏
အကြောင်းရင်းဖြစ်၏။
                   ဦးချန်ထွန်းနှင့် ၎င်း၏ မိတ်ဆွေသင်္ဂဟများသည် (ဗုဒ္ဓအဘိဓမ္မာ ခေတ်သစ် အမြင်ဖြင့်ရှုသူများ) အဆိုပါကိစ္စအားလုံးတို့ထက် အောက်ပါအကြောင်းနှစ်ပါးကို အလေးအနက်အသားပေး ဟောပြောကြပါသည်။
          (၁)     ဗုဒ္ဓဓမ္မသည် နက္ခတ်ဗေဒနှင့် ကိုက်ညီပါသည်။ ကမ္ဘာလောကအမြောက်အမြားရှိ ကြောင်း အစကနဦး ဗုဒ္ဓကဟောကိန်းထုတ်ခဲ့ပါသည်။ ကျွန်ုပ်တို့၏ ကမ္ဘာ့မြေပြင်တစ်ခုတည်းသော သက်ရှိသတ္တ၀ါများ ပေါက်ဖွားရာ ဂြိုလ်နက္ခတ်မဟုတ်။ အခြာအလားတူ ဂြိုလ်နက္ခတ်လည်း မရေတွက်နိုင်အောင် များပြားလှပါ၏။
          (၂)     ဗုဒ္ဓ၏ ကံတရားကိုအခြေခံထားသည့် ဇာတိပဋိသန္ဓေတရားသည် သမိုင်းရာဇ၀င်အကြောင်းတို့ကို အပြည့်အစုံ နားလည်သိရှိနိုင်ရေးအတွက် အသုံးဝင်ပါသည်။ဤတွင်ဆိုလိုသည်မှာ၊ ဗုဒ္ဓတရားတော်အရ၊ ဘယ်တော့မှ မသေကြေ မပျက်စီးဆိုသည့်အသက် ၀ိဉာဏ်ဟူသည် မရှိသော်လည်း ဤသင်္ခါရလောကကြီးတွင် လူ၊ ပုဂိ္ဂုလ်သတ္တ၀ါဟုဆိုသည်မှာ သိစိတ်ကလေးတွေ တစ်ခုပြီးတစ်ခု ဆက်ကာဆက်ကာ အမြဲမပြတ် ဒရစပ်ဖြစ်လိုက်ပျက်လိုက်နေသည့်အစဉ်ကို ခေါ်သည်ဟု သိရပါမည်။ ယင်းဖြစ်ပျက်အစဉ်ကို အာသဝေါကင်းသော (၀ါ) အစွဲကင်းသော စိတ်စေတနာ ဇောဖြင့် သတ္တ၀ါ၏ ဘ၀ရေစီးကြောင်းကို ပြောင်းပေးနိုင်ပါသည်။ သက္ကာယဒိဋ္ဌိခေါ် ငါစွဲဆိုသည်မှာ အမှန်တရားမဟုတ်၊ စိတ်လှည့်စားမှုကြောင့် မမှန်သည်ကို အမှန်ဟုစွဲယူနေခြင်းဖြစ်၏။ အ၀ိဇ္ဇာ မသိမှုလည်းခေါ်၏။ ယင်းအ၀ိဇ္ဇာ မသိမှုဆိုသည်မှာ သက်ရှိပုဂိ္ဂုလ် သတ္တ၀ါဟုခေါ်သည့် ရုပ်နာမ်ခန္ဓာပရမတ္တ သဘာဝတို့၏ ဖြစ်ပျက်အစဉ်ကို မသိခြင်းပင်ဖြစ်၏။ အဆိုပါဘ၀ရေစီးကြောင်းကို၊ ကံတရားက (၀ါ) အကောင်းလုပ်လျှင်အကောင်းဆုံး မကောင်းလုပ်လျှင်၊ မကောင်းဖြစ်၏ဆိုသည့် နိယာမကိုယ်ကျင့်တရားက ထိန်းကျောင်းထားပါသည်။ ကံတရားကို ထူးသောဉာဏ်ဖြင့်ထိုးထွင်းသိမှသာလျှင် ဤလူ့ဘောင်လောကတွင် တစ်ဦးနှင့်တစ်ဦး မညီမျှမှုများ ဆန့်ကျင်မှုများ ဆန့်ကျင်မှုများအကြောင်းကို ကောင်းကောင်းကြီး နားလည်နိုင်မည်ဖြစ်ပါသည်။
                   အလားတူ သဘောထားများကို ထိုင်းလန်း(ယိုးဒယား) အမြင်သစ်၊ ဗုဒ္ဓဘာသာဝင်ခေါင်းဆောင်များကလည်း လက်ခံယုံကြည်ကြပါသည်။ နာမည်ကျော်ဗုဒ္ဓဘာသာဝင် ထိုင်းလန်း(ယိုးဒယား) ခေါင်းဆောင်ကြီး ဒေါက်တာ သူရိယဒေါင်းဆိုသူက ““ဗုဒ္ဓဓမ္မသည် ယုံကြည်ကိုးကွယ်ရေးအတွက် ဘာသာတရားမဟုတ်၊ ဉာဏ်အမြင်အတွက် ဘာသာတရားသာဖြစ်၏။ ဘ၀၏ အမှန်ဖြစ်စဉ်များကို သမ်္ပဇဉ်ဉာဏ်ယှဉ်၍ သိတတ်မြင်တတ်သည့် တရားဒေသနာသာဖြစ်၏။””ဟု ဟောကိန်းထုတ်ပါသည်။
                   ဤနည်းအတိုင်းပင် ဂျပန်အမြင်သစ် ဗုဒ္ဓဘာသာခေါင်းဆောင်များက ““ဗုဒ္ဓဘာသာနှင့်သိပ္ပံပညာသည် တူညီခြင်းရှိကြသည်ဟု ဆိုကြပါသည်။ ဂျပန်ဗုဒ္ဓဘာသာ““ကမာဝါ”” တက္ကသိုလ်မှ ပရိုဖက်ဆာ ဆရာကြီး ကိုချီမိတို၏ ဆောင်းပါးတစ်ခုတွင် ရေးသားထားသည်မှာ၊ ““အရှေ့အာရှတိုက်အတွင်း၌ ဗုဒ္ဓဘာသာထွန်းကားရာဒေသများတွင် သိပ္ပံပညာနှင့် ဗုဒ္ဓဘာသာတို့သည်
တစ်ဦးနှင့်တစ်ဦးစွက်ဖက်နှောင့်ယှက်ခြင်းမရှိဘဲ တိုးတက်လာကြပါသည်။                                                                 ယင်းဒေသများသို့ ထိုအနောက်တိုင်းနိုင်ငံများမှ သွတ်သွင်းလာသည့် သိပ္ပံပညာ၏
ဘာသာရေးဆန့်ကျင်မှုကြောင့် သိပ္ပံပညာသည် လွတ်လပ်မှုကောင်းကောင်မရခဲ့ပါ။ ဗုဒ္ဓအတွေးအခေါ်သည်
အစဉ်သဖြင့် အမှန်တရားကို အမှန်အတိုင်းဝေဖန်ရာမှ အစပြုပါသည်။””
                   ဂျပန်ပြည် တိုကျိုဗုဒ္ဓဘာသာ ယူနီဗာစတီမှ ပရိုဖက်ဆာကြီး ဒေါက်တာရီးတိုမဆူနဂါးကလည်း အောက်ပါအတိုင်း သုံးသပ်သည်ဟု ဆိုပါသည်။
                   ““လောကဓါတ်သိပ္ပံထွန်းကားနေသည့် ယခုခေတ် ကမ္ဘာတွင် အသိပညာရှင်၊ အတတ် ပညာသုတေသီတို့က၊ သိပ္ပံနည်းနာနိသျတို့နှင့် မဆန့်ကျင်၊ လောကဓါတ်သိပ္ပံကို လက်ခံသည့်ဘာသာကို တောင်းဆိုနေကြပါသည်။ ဤတောင်းဆိုချက်သည်ကား အခြားမဟုတ်၊ မနုဿလူသားတို့၏ ဉာဏ်ပညာ၏ ယထာဘူတ ဆင်ခြင်တုံ    တရားသာဖြစ်ပါသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာသည် ဒုက္ခခပ်သိမ်းမှ ကင်းငြိမ်းရာဖြစ်သောကြာင့်”” ““ဘုရားတစ်ဆူတည်းသာရှိသည်””ဟူသော ဘာသာတရားများထက် ပိုမိုတန်ဖိုးထားကြပါသည်။ ကမ္ဘာ့ယဉ်ကျေးမှုသည်လည်း သိပ္ပံနှင့်အတူ ယှဉ်တွဲရပ်တည်နိုင်သော ဘာသာကိုအခြေပြုသင့်ပါသည်။ ဗုဒ္ဓဘာသာသမိုင်းတလျှောက်တွင် ဘာသာရေးယုံကြည်မှုနှင့် သိပ္ပံအတတ်ပညာတို့၏ ပဋိပက္ခဆိုသည်မှာ အလျဉ်းမရှိခဲ့ပါ။ သိပ္ပံပညာရှင်များ ညှင်းပန်းနှိပ်စက်မခံခဲ့ကြရပါ။အဘယ့်ကြောင့်ဆိုသော် ဗုဒ္ဓဘာသာသည် သိပ္ပံပညာကို မကန့်ကွက်ခဲ့ပါ။ ယခုအခါသမယ၌ သိပ္ပံပညာကို ဦးစီးခေါင်းဆောင်ပြုနိုင်သည့် ဘာသာရေးပညာဉာဏ်လိုနေပါသည်။ လက်ရှိခေတ်သည် ဗုဒ္ဓဘာသာ၏ ယထာဘူတ အမှန်တရားကို အထူးလိုနေသည့်ခေတ် ဖြစ်ပါသည်။
                   ဤကိစ္စနှင့်ပတ်သတ်၍ သီဟိုဠ်နိုင်ငံတော် ဗုဒ္ဓဘာသာ ယူနီဗာစတီကျောင်းကြီ၏ ဥက္ကဋ္ဌလည်းဖြစ်၊ ဗုဒ္ဓဘာသာစွယ်စုံကျမ်းကြီး၏ အယ်ဒီတာလည်းဖြစ်သောဒေါက်တာ မလာကာဆေကာရဆိုသူ ကမ္ဘာကျော်ပညာရှင်ကြီးကလည်း အောက်ပါအတိုင်း အမိန့်ရှိပါသည်။ဗုဒ္ဓဓမ္မသည် သိပ္ပံပညာထက် သာလွန်၍ ဘ၀ကို အမှန်အတိုင်းမြင်သည့် တရားပင်ဖြစ်ပါသည်။အမှန်ကိုအမှန်အတိုင်းနားလည်ခြင်းဖြင့် လက်တွေ့လောကတွင် မှန်သောကိုယ်ကျင့်စာရိတ္တနှင့် မှန်ကန်သော နည်းနိသျများသည် သေချာသွား၏။ ဤရည်မှန်းချက်များအတွက်  ဆင်ခြင်တုံတရားသက်သက်နှင့် မလုံလောက်ပါ။ ဤနေရာတွင် အရေးကြီးသည့်အချက်သည်ကား လူသားတို့၏ သာမန်အသိဉာဏ်လောက်နှင့် အလွန်ခက်ခဲနက်နဲသည့် ပရမတ္ထအမှန်တရားကိုထိုးထွင်း၍ မသိမြင်နိုင်ခြင်းပင်ဖြစ်၏။
                   လူသား၏ စိတ်ဓါတ်သည် နောက်ဆုံးပရမတ္ထအလွန်နက်နဲသိမ်သဘာဝအမှန်တရားနှင့် ပတ်သတ်လျှင် အကန့်အသတ်ရှိ၏။ (၀ါ) ကျဉ်းမြောင်။ ဗုဒ္ဓဘာသာသည် ပရမတ္ထအမှန်တရားကို ဘုရားဟုယုံကြည်၏။ ဗုဒ္ဓသည် ၎င်း၏အဆုံးအမကို အတက္က၀စရာ ဆင်ခြင်တိုင်းထွာသောနည်းဖြင့်မရ (၀ါ) ဒဿနိကဗေဒ နည်းသက်သက်ဖြင့်မရ။ အလွန်သိမ်မွေ့၏။ မြင်သိရန်အလွန်ခက်ခဲ၏။ သို့သော်လည်း ငြိမ်သက်အေးချမ်း၍ ချမ်းသာမှုကို အပြည့်အ၀ပေးနိုင်သော တရားဖြစ်၏။ စိတ်ကူးဖြင့်တော့မချဉ်းကပ်နိုင်။ ပညာရှိသာလျှင် ချဉ်းကပ်နိုင်၏။(၀ါ) နားလည်နိုင်၏။ ဗုဒ္ဓဘုရားရှင်မူကား အကြောင်းအားလျော်စွာ သင့်သလို သိပ္ပံနည်းကျကျ ဝေဖန်စစ်ဆေးကြည့်နိုင်၏။ ဗုဒ္ဓ ပရိနိဗ္ဗာန်ပြုတော်မူပြီးသည့်နောက်ပိုင်းတွင် များစွာသော ဗုဒ္ဓ၀ါဒီဂိုဏ်းပေါင်းစုံတို့သည်၊ ဒဿနိက သတ္တဗေဒဆိုင်ရာအတွေးအခေါ်ပညာအမျိုးမျိုးတို့ကို တခမ်းတနားဖေါ်ထုတ်ကြကုန်၏။ သို့သော်လည်း အခြေခံ ဗုဒ္ဓရှုထောင့်မှကြည့်လျှင် အမှန်တရားအားလုံးကို ဆင်ခြင်တရားရိုးရိုးဖြင့်မရနိုင်။ သိပ္ပံပညာသာ တန်ဖိုးရှိသည်။ သိပ္ပံနည်းကျသော ပိဋက၊ သိပ္ပံနည်းကျသော အကြောင်းအရာ၊ အမျိုးအစားတို့သာလျှင် မှန်သည်ခိုင်လုံသည်ဟု တစ်ဖက်သတ်ယူလျှင် နယ်ချဲ့ဝိညာဏ်ဝါဒ ဖြစ်သွားတတ်ပါသည်။သိပ္ပံနည်းကျခြင်းသည် ပညာဉာဏ်ပြောင်မြောက်သော်လည်း မှားတတ်သော၊ ယဉ်ကျေးမှု အနုပညာသားပါသည့် နည်းပေါင်းမြောက်မြားစွာတို့အနက် တစ်နည်းသာဖြစ်၏။ အမှန်တရားကို လွတ်လွတ်ကျွတ်ကျွတ် စူးစမ်းရှာဖွေရာတွင် တစ်နေရာမှတစ်နေရာသို့၊ တစ်ဆင့်မှတစ်ဆင့်သို့လွတ်လပ်စွာ သွားလာလှုပ်ရှား၍ ပိုင်းခြားဝေဖန် စုံစမ်းစစ်ဆေးဖို့ လိုပါသည်။
                   အထက်နားတွင် ဖေါ်ပြခဲ့သည့် ဂျပန်နိုင်ငံမှ ပရိုဖက်ဆာဆရာကြီး ကိုချီမိုတိုက ၎င်း၏““လောကဓါတ်သိပ္ပံနှင့် ဗုဒ္ဓဘာသာ””ခေါ် ဆောင်းပါးတွင် သိပ္ပံပညာနှင့် ဘာသာရေးတို့၏ ကွာခြားချက်ကို ဖေါ်ပြထားသည်မှာ -     
                   ဗုဒ္ဓက အ၀ိဇ္ဇာခေါ် မသိမှုသည် လူသားတို့ ဒုက္ခဆင်းရဲရခြင်း၏အကြောင်းရင်း   ဖြစ်သည်ဟုဟောတော်မူပါသည်။ ဗုဒ္ဓ၏ အမှန်တရားသည် သိပ္ပံပညာ၏ အမှန်တရားနှင့်မတူပါ။ ဘာသာရေးအမှန်တရားသည် လူပုဂိ္ဂုလ်အတွက် လုံးလုံးဖြစ်၏။ သိပ္ပံပညာ၏ အမှန်တရားသည် အများအားဖြင့် သိပ္ပံပညာအတွက်သာ ဖြစ်ပါသည်။ လူသားကိုလျစ်လျူရှုတတ်ပါသည်။ တစ်ခါတစ်ရံ လူသားကိုပင် ပျက်စီးစေနိုင်ပါသည်။ ဤရှုထောင့်မှကြည့်လျှင် သိပ္ပံပညာ၏ နယ်နိမိတ်ဘောင်အတွင်း၌ပင်လျှင် ဗုဒ္ဓဘာသာရေးထိုးထွင်းဉာဏ်၏ ဦးဆောင်မှုကို ဗုဒ္ဓဘာသာဝင်များက တောင်းဆိုကြပါသည်။ 
                   ဘာသာရေးထိုးထွင်းဉာဏ်၏ ဦးဆောင်မှုကို ဗုဒ္ဓဘာသာဝင်များက တောင်းဆိုကြပါသည်။ ဘာသာရေး ထိုးထွင်းဉာဏ်သည် သိပ္ပံနည်းကျကျတွေးခေါ်ခြင်းနှင့် လူ့အကျင့်စာရိတ္တ၊ လူ့အသိအလိမ္မာ ဉာဏ်ပညာနှင့် တာဝန်ဝတ္တရားစသည်တို့စပ်ကြား တံတားခင်း၍ ပြေလည်အောင် ဆက်စပ်ပေးနိုင်သည်ဟု ဆိုကြပါသည်။ ဗုဒ္ဓဘာသာသည် သိပ္ပံနည်းအတွေးအခေါ်ကို သမ္မဇဉာဏ် ယှဉ်နိုင်၏။ သို့သော်လည်း ယင်း၌လည်း လမ်းမဆုံးပါ။ ဗုဒ္ဓဘာသာသည် ကိုယ်ကျင့်တရား၏ အဓိပ်္ပါယ်ကို နားလည်သိရှိ၍ ကောင်းစွာထိန်းသိမ်းရန် သိပ္ပံ၏ အသီးအပွင့်တို့ကို အသုံးပြု၏။
                   အိန်္ဒိယပြည်၌ သန်းပေါင်း (၁၄၀) မျှသော ဇာတ်နိမ့် ဟင်ဒူလူမျိုးများ၏ ခေါင်းဆောင်ကြီး ကွယ်လွန်သူ ဒေါက်တာဘီအာရ်အမ်ဘက္ကားက ယင်း၏ ဇာတ်နိမ့်သူတို့အား အစုလိုက်အပြုံလိုက် ဗုဒ္ဓဘာသာသို့ ကူးပြောင်းရန် တိုက်တွန်းစဉ်အခါက လူမှုရေးနှင့် ကိုယ်ကျင့်တရားတို့နှင့် ပတ်သက်၍ ဗုဒ္ဓဘာသာသည် လက်တွေ့နိုင်ငံရေး သင်ခန်းစာတစ်ခုဖြစ်လာကြောင်း။ ပဌမဦးဆုံး ကိုလံဘိုမြို့တွင် ကျင်းပသည့် ကမ္ဘာ့ဗုဒ္ဓဘာသာ အစည်းအဝေးကြီးတွင် ဒေါက်တာအမ်ဘက္ကားက မိမိဗုဒ္ဓဘာသာသို့ ကူးပြောင်းသည့်ကိစ္စနှင့်ပတ်သက်၍ပြောဆိုရာတွင် ““အပယ်ခံ ဇာတ်နိမ့်သူတို့အား လူအဖြစ်အသိအမှတ်ပြုခံနိုင်သော မျှော်လင့်ချက်သည် ဗုဒ္ဓဘာသာပင်ဖြစ်၏။”” ဟု ထုတ်ဖေါ်ကြေငြာလိုက်၏။ လက်ရှိလူမှုရေးနှင့် နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် ဗုဒ္ဓဘာသာမှထောက်ပံ့သော အရေးပါအရာရောက်သည့်အကူအညီထက် ကောင်းမွန်ခိုင်မာသည့်
သက်သေခံချက် ကမ္ဘာသို့ တင်ပြနိုင်မည်မဟုတ်ပါ။
                   သတင်းအရ၊ ၁၉၅၆-ခု၊ အောက်တိုဘာလ (၁၄) ရက်နေ့တွင်ထောင်ပေါင်း များစွာသော ခရစ်ယာန်များအပါအ၀င် ဇာတ်နိမ့်သူပေါင်း ၅၀၀၀၀၀ တို့သည် နဂပူမြို့၌ ကျင်းပသောလူထုအစည်းအဝေးကြီး၌ ဗုဒ္ဓဘာသာသို့ ကူးပြောင်းမည်ဟု သိရပါသည်။ ၁၉၅၈-ခုနှစ်၊ ဒေါက်တာအမ်ဘက္ကား မသေမီကလေးတွင် ရေးသားသောစာတမ်း  တစ်စောင်တွင် ၎င်းရည်ရွယ်ချက်များကို ဖေါ်ပြပြီး ဘာသာရေးအဖွဲ့များကို စတင်တည်ထောင်သူ ခေါင်းဆောင်ကြီးလေးဦးကို အောက်ပါအတိုင်းဖေါ်ပြထားသည်။
                   (၁)   ဗုဒ္ဓ (၂) ဂျီဆက်(စ်)(ခရစ်တော်) (၃) မိုဟာမက် (၄) ခရစ္စနား
                   ထို့နောက် ဆက်လက်ရေးသားထားသည်မှာ-
                   ““ထို့ကြောင့် ကျွန်ုပ်တို့ ယခုပြဿနာမှာ လူ့အဖွဲ့အစည်း အဆောက်အအုံ၏ လက်ရှိအခြေအနေနှင့် လျော်ညီလျောက်ပတ်ဆုံးသော ဘာသာရပ်ကို အဆိုပါတည်ဆဲဘာသာကြီးလေးရပ်မှ ရွေးချယ်ယူရန်ဖြစ်ပါကြောင်း။
                   ယခုကဲ့သို့ ရွေးထုတ်ယူရမည့်ဘာသာတွင်ရှိအပ်သည့်အင်္ဂါရပ်ဆောင်ပုဒ်တို့သည်ကား -
          (၁)     လူ့အဖွဲ့အစည်းတစ်ခုသည် ကိုယ်ကျင့် တရားအပေါ်တွင် အခြေစိုက်မှသာ
တည်တံ့ခိုင်မြဲနိုင်မည်။ အခြေခံမရှိသော လူ့အဖွဲ့အစည်းတွင် ကိုယ်ကျင့်တရား အလွန်အား
ပျော့၏။ ထို့ကြောင့် အဖွဲ့အစည်းတိုင်းတွင် ဘာသာရေးကို ကိုယ်ကျင့်တရားအဖြစ်
စောင့်ထိန်းရန် အုပ်ချုပ်ရေး စည်းကမ်းဥပဒေသည် မလွဲမသွေလိုအပ်ကြောင်း။
          (၂)     အဖွဲ့အစည်းတစ်ခု၏ ဘာသာရေးသည် ၎င်း၏ သိပ္ပံအတတ်ပညာနှင့် ဟပ်မိရ
မည်(၀ါ)ကိုက်ညီရမည်။ ဆင်ခြင်စဉ်းစားမှုနှင့် ကိုယ်တွေ့သင်ခန်းစာများကို မဆန့်ကျင်ရ။ ဆင်ခြင်တုံတရားထက်လွန်ကဲသည့် အတွေးခေါင်မှုများ၊ ဘုန်းကြီးရဟန်းဆိုသည့် စသည့် ဂိုဏ်းဂဏသြဇာများမှ သက်ဆင်းလာသည့် အယူသီးမှုများအပေါ်တွင် အခြေမပြုရ၊
          (၃)     လွတ်လပ်ခြင်း၊ သာတူညီမျှရှိခြင်း၊ ညီရင်းအစ်ကိုကဲ့သို့ ချစ်ခင်ကြင်နာခြင်းစသည့်
အခြေခံနည်းဥပဒေသတို့နှင့်အညီ ဆောက်တည်ရမည်။
          (၄)     ဆင်းရဲမွဲတေခြင်းကို ဂုဏ်မပြု၊ အမှန်အားဖြင့်ဆိုရသော်၊ ပိုင်ရှင်များက မိမိတို့၏ စည်းစိမ်ဥစ္စာ ရွှေငွေရတနာများကို စွန့်လွှတ်လျှင် ချီးကျူးရမည်ဖြစ်သော်လည်း ဆင်းရဲ မွဲတေမှုသက်သက်ကိုတော့ မချီးကျူးနိုင်။ ဆင်းရဲမွဲတေမှ မြတ်သည်ဟု ဟောပြော ကြေငြာခြင်းသည် မမှန်သော ဘာသာရေးဖေါက်ပြန်မှုဖြစ်၍၊ ဒုစရိုက်ရာဇ၀တ်မှုများ သက်ဆိုးရှည်အောင် အားပေးအားမြှောက်ပြု၏။ ဤခေတ် လူအဖွဲ့အစည်းတစ်ခု၌ ရှိအပ်သည့် ဤလေးပါးသော အင်္ဂါရပ်ကြီးများနှင့် ပြည့်စုံသည့်ဘာသာသည်ကား ဗုဒ္ဓဘာသာလျှင်ဖြစ်၏။ ထို့ကြောင့်၊ ဉာဏ်မှီသလောက်ပြောရလျှင်၊ လူသားတို့ မျှော်မှန်းသည့် ကမ္ဘာသစ်တွင် (၀ါ) လက်ရှိကမ္ဘာနှင့် များစွာကွာခြားသည့် ကမ္ဘာသစ်တွင် ဗုဒ္ဓဘာသာသည် လူသားအားလုံးတို့နှင့် အသင့်မြတ်ဆုံးဘာသာ
ဖြစ်ပါသည်။
                   အထက်ပါ နိယိုဗုဒ္ဓဗျူး (Neo Buddhasim View) ခေါ် ခေတ်ပညာရှင် ကြီးများ၏ ဗုဒ္ဓဘာသာအမြင်သစ်နှင့်ပတ်သက်၍ အောက်ပါ ကမ္ဘာ့ဗုဒ္ဓဘာသာ သာသနာပြု အဂ္ဂမဟာပဏ္ဍိတပဌမကျော် ဆရာတော်ဘုရားကြီး အရှင်သေဌိယ၏ ပင်ရင်းအခြေခံ ဗုဒ္ဓတရားတော်ဟူသော ဆောင်းပါးမှကောက်နှုတ်ချက်သည် အလွန်မှတ် သားဖွယ်ကောင်းသောကြောင့် မြန်မာဘာသာသို့ ပြန်ဆိုကာ ဖေါ်ပြလိုက်ပါသည်။
                   ““ဗုဒ္ဓ၏ အဆုံးအမအားလုံးကို ““ဓမ္မ””ဟု ပါဠိဘာသာစကားတစ်လုံးတည်းတွင် အကျဉ်းချုပ်ထားသည်။ သင်္ကရိုက်ဘာသာ စကားလုံးမှာ ““ဓါးရ်”” ဖြစ်ပါသည်။ ပါဠိ    ဘာသာမှာ ဗုဒ္ဓကိုယ်တိုင်သုံးသောဘာသာစကားဖြစ်ပါသည်။
                   ဗုဒ္ဓစာပေအားလုံး ပါဠိဘာသာနှင့်ရေးသားထားပါသည်။ သင်္ကရိုက်ဘာသာစကားလုံးကို ““ဓါးရ်””ကို““ဓမ္မ””ဟု ပါဠိဘာသာဖြင့် ရေးရပါသည်။ ““အမှန်တရား၊ တကယ်အရှိတရား””ဟုအဓိပ်္ပါယ်ရပါ သည်။ လူ၏စိတ်နှလုံးတွင် တည်ရှိသည့်တရားဟု အဓိပ္ပါယ်ရပါသည်။ ဖြောင့်မတ်မှန်ကန်သော အခြေခံတရားဟု အဓိပ်္ပါယ်ရပါသည်။ ထို့ကြောင့် ဗုဒ္ဓသည် လူသားအားလုံးတို့အား သနားကြင်နာ မြင့်မြတ်ဖြူစင်သည့် စိတ်ဓါတ်မွေးမြူပေးရန် တောင်းဆို၏။ ယင်းသို့တောင်း ဆိုခြင်းမှာ အနန္တတန်ခိုးရှင်အား နှစ်သိမ့်စေရန်အဟုတ်၊ ၎င်း၏ အဇ္ဈတ္တသန္တာန်အတွင်းရှိ အမြင့်မြတ်ဆုံးသောတရားကို လေးစားရိုသေရန်သာ ဖြစ်၏။
                   ““ဓမ္မဆိုသည့် ဖြောင့်မှန်သောတရားသည် လူသား၏ စိတ်နှလုံးအတွင်း၌သာ ကိန်းအောင်းနေသည်မဟုတ်၊ စကြာဝဠာကြီးအတွင်း၌လည်း တည်ရှိ၏။ စကြ၀ဠာကြီးတစ်ခု လုံးသည် တရားဓမ္မ၏ သရုပ်ဖေါ်ချက်သာဖြစ်ပါသည်။ တရားဓမ္မ၏ အကောင်အထည်သည် ရုပ်လုံးဖေါ်ပြချက်သာဖြစ်သည်။ လသည် ထွက်လာ၍ ၀င်သွားသောအခါ မိုးသည်ရွာ၏။ သီးနှံပင်တို့သည် ပေါက်လာ၏။ ရာသီဥတုတို့သည် ပြောင်းကြ၏။ အဘယ်ကြောင့်နည်း။ ဓမ္မကြောင့်သာတည်း။ ဓမ္မသည် စကြာဝဠာ၌ရှိသော တရားဖြစ်၏။ ကိစ္စအ၀၀ကို ခေတ်ပေါ် သိပ္ပံပညာ၏ ရူပဗေဒ၊ ဓါတုဗေဒ၊ တိရိစ္ဆာန်ဗေဒ၊ ရုက္ခဗေဒ၊ နက္ခတ်ဗေဒတို့ ဖေါ်ထုတ်ပေး သောနည်းတို့ဖြင့် ပြီးစေ၏။ ဓမ္မသည် တည်ရှိနေသော သက်ရှိသက်မဲ့တိုင်း၏ အမှန်သဘာဝသာဖြစ်၏။
                   ““ လူတစ်ယောက်သည် တရားဓမ္မအတိုင်းနေထိုင်လျှင် ဆင်းရဲခြင်းမှလွတ်မြောက်၍ ဒုက္ခအားလုံးကင်းငြိမ်းရာ နိဗ္ဗာန်သို့ရောက်မည်ဖြစ်၏။ လူတစ်ယောက်သည် မည်သို့ ဆုတောင်းနည်း။ ပူဇော်သက္ကာယနည်း။ နတ်ဗြဟ္မာတို့အား တောင်းပန်တိုးရှိုးပသနည်းဖြင့် မိမိလိုရာပန်းတိုင်သို့ရောက်နိုင်မည်မဟုတ်။ မိမိလိုရာပန်းတိုင်သို့ ရောက်မည့်နည်း၊ တစ်နည်းသာရှိ၏။ ၎င်းမှာ မိမိ၏ အကျင့်စာရိတ္တ ကောင်းရန်ပင်ဖြစ်၏။ မိမိ၏ စိတ်ကိုထိန်းသိမ်း၍ လောဘဇော ဒေါသဇောတို့ကို ငြိမ်းစေသောနည်းဖြင့် အကျင့်စာရိတ္တကို မြှင့်တင်နိုင်၏။ မိမိ၏ စိတ်နှလုံးအတွင်းသန္တာန်ရှိ မုန်တိုင်းကို မငြိမ်းနိုင်သမျှ အားလုံးသော သတ္တ၀ါအပေါင်းတို့သို့ လှမ်းရမည့် ပဌမဆုံးသောခြေလှမ်းကိုပင်  လှမ်းနိုင်မည်မဟုတ်””
                   ဒုက္ခသစ္စာအမှန်တရားကို အထက်တွင်တင်ပြခဲ့သည့်အတိုင်း တွေ့ရှိတော်မူ ပြီးနောက် ဆက်လက်၍ ထိုဒုက္ခသစ္စာ၏အကြောင်း ယမုဒယသစ္စာကို စူးစမ်းရှာဖွေရာ တဏှာဆိုတဲ့ စွဲလမ်းမှု တရားကိုလောဘကို သွားတွေ့ပါသည်။ ယင်းတွေ့ရှိချက်သည်  အဖက်ဖက်မှ အလွန်သဘာဝကျပြီး လောကသိပ္ပံနည်းအရ မည်သူမဆို စမ်းသပ်စစ်ဆေးကြည့် နိုင်ပါ၏။ သိပ္ပံပညာတစ်မျိုးအဖြစ် ခေတ်စားနေသည့် စိတ္တဗေဒ ဆိုက်ကိုလော်ဂျီကို လေ့လာကြည့်ပါက သတ္တ၀ါတို့၏ ကံအမှု (၀ါ) လူသားတို့၏ ကာယကံ၊ ၀စီကံ၊ မနောကံတို့သည် တဏှာလောဘဆိုသည့် လိုချင်မှု၊ တပ်မက်မှုဆိုသည့် စွဲလမ်းမှုကြောင့်ဖြစ်ရကြောင်းကို တွေ့ရပါသည်။ ဥပမာ အရာဝတ္ထုတစ်ခုခုကို လိုချင်တပ်မက်ခြင်းကြောင့် ရရှိရန်ကြိုးစား၏။ ကြိုးစား၍မရပါက စိတ်ဆင်းရဲရ၏။ ဤစိတ္တဗေဒနည်းအရ၊ သက်ရှိသတ္တ၀ါတို့၏ တည်တံ့ရေးအတွက်၊ တဏှာသည် အရေးကြီးသောအကြောင်းတစ်ခုဖြစ်ကြောင်း၊ တဏှာသည် ကာမဂုဏ်၏ အာရုံခံစားရာ၌ ဘယ်တော့မှအားမရနိုင်။ တဏှာတစ်မျိုးစ ကျေနပ်အားရသွားစေကာမူ နောက်တစ်မျိုးပေါ် လာပြန်ကာ သက်တမ်းတလျောက်လုံးတွင် တဏှာသည် ပုံစံအသွင်အမျိုးမျိုး အရှိန်အမျိုးမျိုး ပြောင်းလျက် တစ်ခုပြီးတစ်ခု အစပ်မပြတ်တရစပ် ကာမဂုဏ်အာရုံအမျိုးမျိုးတို့ကို ခံစားနေတော့၏။
                   ဘိုင်အိုလော်ဂျီ ဇီဝဗေဒ၊ သတ္တဗေဒခေါ် နောက်ဆုံးပေါ်လောကဓါတ်သိပ္ပံပညာက   လည်း စိတ္တဗေဒ တွေ့ရှိမှုကို လက်ခံအတည်ပြုကာ၊ တဏှာသည် သက်ရှိသတ္တ၀ါ၏ အခြေခံရေသောက်မြစ်ဖြစ်၏၊ ဤရှုပ်ထွေးပွေလီသော ဘ၀သံသရာလမ်းကြောင်းများကို ရှေ့ဆောင်ညွှန်ပြသူမှာ တဏှာပင်ဖြစ်၏။ ကာမအာရုံတို့ကို တဏှာဖြင့် အားရပါးရခံစားဖို့ ရန်၊ ရုပ်နာမ်တို့၏ အရည်အသွေးများကို တိုးတက်ကောင်းမွန်လာစေရန် ပြုပြင်ပေးဖို့  လိုကြောင်းဟု ဟောချက်ထုတ်ပါ၏။
                   သတ္တ၀ါတွေရှိနေသည့် ဤစကြ၀ဠာကြီးကို သပစ္စယ ကြောင်းကျိုးနိယာမ      သဘာဝတရားကြီးက ထိန်းချုပ်ထားပါသည်။ လောကဓါတ်သိပ္ပံပညာကလည်း ဘယ်အရာမှ အလိုလိုမဖြစ်နိုင်၊ မတော်တဆလည်း မဖြစ်နိုင်၊ လုံလောက်သော အကြောင်းရှိမှသာ အကျိုး ဖြစ်နိုင်၏ဟု တွေ့ရှိထားပါသည်။ ဤအတိုင်းပင် ဗုဒ္ဓကလည်း လွန်ခဲ့သည့်နှစ်ပေါင်း (၂၅၀၀)ကျော်က ဟောချက်ထုတ်ထားပါသည်။ ဤတဏှာဆိုသည့် ကိလေသာကို  အခြေခံသော  သင်္ခါရဓမ္မတို့၏ နိယာမဖြစ်ပျက်စဉ် သဘောတရားအရ၊ သတ္တ၀ါလို့ ပညတ်အားဖြင့်ခေါ်သော ရုပ်နာမ်ဓမ္မသင်္ခါရတို့သည်၊ သံသရာဝဲသြဂကြီး ဖြစ်ပေါ်လာလိုက်၊ ပျောက်ပျက်သွားလိုက် ဟူသော ဖြစ်ပျက်အစဉ်ဖြင့် ဘ၀တစ်ခုမှ ဘ၀တစ်ခုသို့ တပြောင်း ပြန်ပြန် ကျင်လည်ပြေးလွှားလျှက်ရှိကြပါ၏။ တဏှာအရင်းခံသော အတိတ်ကံကြောင့် ဇာတိဘ၀ ဖြစ်ရ၏။ ထိုတဏှာသည်ပင် အတိတ်ကံကုန်ဆုံးသည်အထိ အသိအသက်ဝိဉာဏ်အစဉ် တစ်ခုပြီးတစ်ခု ဆက်ကာဆက်ကာ စီရင်ဖန်တီးပေးပါသည်။ စုတိစိတ်ကျသည့်အခါ အဆိုပါအကြောင်းဓမ္မနိယာမတရားအတိုင်း တဏှာအဟုန်(၀ါ) ကံ၊  ကမ္မ၊ ဂတိနိမိတ်ဟုဆိုအပ်သော မရဏာသန်္နဇောစိတ်အဟုန်ကြောင့် ထိုက်သင့်သည့် အားလျော်စွာ အသစ်ပြန်ဖြစ်ရပြန်ပါသည်။ အဘယ်ဘ၀နေရာဌာနမှာပဲဖြစ်ဖြစ် ၊ ဗုဒ္ဓဘာသာ ၀င်တို့ ကံလို့ခေါ်သည့်၊ စိတ်စေတနာ အကျင့်စရိုက် အလေ့အထများအလျောက် ဖြစ်ပေါ်လာသောကြောင်းကျိုးနိယာမတရား၏ လုပ်ရပ်တို့သာ ဖြစ်ပါကြောင်း၊ ဗုဒ္ဓဘာသာ၏ ကံအကြောင်းတရားနှင့် ဇာတိပဋိသန္ဓေအကျိုး တရားအကြောင်းကို နောက်ပိုင်းတွင် ဆက်လက်၍ တင်ပြပါဦးမည်။ ဘယ်အရာဝတ္ထု ပုဂိ္ဂုလ်၊ သတ္တ၀ါမဆို ယခုပြောနေသည့် သဘာဝနိယာမတရားအတိုင်းဖြစ်လာလျှင် ပျက်ရမှာပဲ၊ အထက်ပိုင်းများတွင်လည်း ထပ်တလဲလဲပြောခဲ့ပါပြီ။ စကြ၀ဠာတစ်ခွင်တွင် ဘယ်ဟာမှ မပျက်စီးဘဲ ခိုင်မြဲတည်တံ့နေ သည်မရှိပါ။ ဤကဲ့သို့ ဖြစ်လျှင်ပျက်ရသည့် အနိစ္စသဘော လောကဓမ္မတာအတိုင်း ဖြစ်ပေါ်လာသော ဒုက္ခဆင်းရဲတို့လည်း ပျောက်ပျက်ချုပ်ငြိမ်းသွားရမည်သာဖြစ်ပါ၏။ ဤသည်ကို သစ္စာလေးပါးတရားတော်တွင် တတိယမြောက်ဖြစ်သော၊ ဒုက္ခနိရောဓသစ္စာလို့ ခေါ်ပါသည်။ ဒုက္ခဆင်းရဲတို့ ကွယ်ပျောက်ချုပ်ငြိမ်းခြင်းအမှန်တရားပင် ဖြစ်ပါသည်။ သို့သော်လည်း သတ္တ၀ါလို့ခေါ်ဝေါ်သမုတ်သည့် ရုပ်နာမ်ခန္ဓာအစဉ်ကြီးရှိနေသမျှ (၀ါ) ရုပ်နာမ်ခန္ဓာတို့သည် မြစ်ရေအလျင်ကဲ့သို့လည်းကောင်း၊ မီးတောက်ကဲ့သို့လည်းကောင်း အစဉ်အဆက်အနေဖြင့် ရှိနေသမျှကာလပတ်လုံး အဆိုပါ ဒုက္ခဆင်းရဲအပေါင်းတို့ အပြီးအပိုင်ချုပ်ငြိမ်းသွားကြမည်မဟုတ်ပါ။ တဏှာဆိုသည့် ကိလေသာစေ့ဆော်မှုကြောင့် စေတနာကံ အမှုကိုပြု၏။ စေတနာကံကြောင့် ရုပ်နာမ်ဓမ္မသင်္ခါရခေါ်သည့် ဆင်းရဲဒုက္ခ အစုအဝေးကြီးတို့၏ ဖြစ်ပျက်အစဉ်ကြီးသည် ဆက်ကာဆက်ကာပေါ်ပေါက်နေတော့၏။  ထို့ကြောင့် ဤဆင်းရဲဒုက္ခအပေါင်းတို့ အပြီးအပိုင် ချုပ်ငြိမ်းပျောက်ကွယ်သွားသည်ကို အလိုရှိပါက၊ ပုဂိ္ဂုလ်သတ္တ၀ါလို့ သမုတ်သည့်၊ ရုပ်နာမ်ခန္ဓာအစုအဝေးတွေ ချုပ်ပျောက်ကင်း ငြိမ်းသွားဖို့ လိုပါသည်။
                   ဤရုပ်နာမ်ခန္ဓာတို့၏ ဖြစ်လိုက်ပျက်လိုက်နေသည့် အစဉ်ကြီးသည် ရပ်ဆိုင်းချုပ်ပျောက် မသွားမချင်း၊ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏဆိုသည့် ပဋိသန္ဓေနေခြင်းဆင်းရဲ၊ အိုခြင်းဆင်းရဲ၊ နာခြင်းဆင်းရဲ၊ သေခြင်းဆင်းရဲ၊ နာခြင်းဆင်းရဲ၊ သေခြင်းဆင်းရဲ၊ ဘေးဒုက္ခတွေ တစ်သီတစ် တန်းကြီးလည်း  ဆက်လက်၍ ဖြစ်ကာပျက်ကာနေမည်ဖြစ်ပါသည်။ ထို့ကြောင့် နိဗ္ဗာန်ကို ဆင်းရဲဒုက္ခအပေါင်းတို့ ချုပ်ငြိမ်းရာ ဒုက္ခနိရောဓသစ္စာဟု ခေါ်ပါသည်။ ရုပ်နာမ်ဓမ္မသင်္ခါရ ဓါတ်တွေအားလုံး အပြီးအပိုင် ချုပ်ငြိမ်းသွားခြင်းပါပဲ။ ၎င်းတို့ကို စုစည်းနှောင်ဖွဲ့သည့် အသိုင်းအ၀န်း အခြံအရံ သမ္ပယုတ်တရားတွေလည်း တစ်ပါတည်း ချုပ်ငြိမ်းသွားပါမည်။ ရဟန္တာသည် မိမိပစ်္ဆိမ ဘ၀ိကခေါ် နောက်ဆုံးဘ၀ အပြီးအပိုင် ချုပ်ငြိမ်းသွားခြင်းမှာ အတိတ်ဘ၀များမှ အတိတ်ဘ၀ တဏှာကွင်းဆက်အစဉ်ကို သက်တော်ထင်ရှားရှိစဉ် ၎င်း၏ စေတနာ ဆန္ဒသဘောအတိုင်း ဖြတ်တောက်လိုက်သောကြောင့် ဖြစ်ပါသည်။
                   နိဗ္ဗာန်၏ သဘာဝအစစ်အမှန်ကို  အတိအကျ လောကီသား ပုထုဇဉ်တို့၏ စိတ်ဝိညာဉ်ဖြင့် တွေးတောကြံဆ၍ မရနိုင်ပါ။ မသိနိုင်ပါ။ လောကပညတ်ဝေါဟာရ စကားလုံးတို့ဖြင့် ထုတ်ဖေါ်ပြောပြရန် မဖြစ်နိုင်ပါ။ ဝေါဟာရဘာသာစကားတို့မှ ကာမဂုဏ်၊ အာရုံ၊ ဒွါရပေါက်တို့မှ တွေ့ထိသိရှိရသော ရုပ်နာမ်ဓမ္မသင်္ခါရဓါတ်တို့ဖြင့်သာ  သက်ဆိုင်ပါသည်။ အာရုံ အာရမ္မဏိက အကျိုးအကြောင်းဆက်သွယ်၍ သိရှိရနိုင်သော လောကီတရားတို့နှင့်သာ သက်ဆိုင်ပါသည်။ ကာမဂုဏ် အာရုံသင်္ခါရတရားတို့၏ စက်ကွင်းအပြင်ရှိ၊  အသင်္ခတ မဖြစ်မပျက် မြဲသောသဘောရှိသော အလွန်နူးညံ့သိမ်မွေ့ သော လောကုတ္တရာ လောကမှ လွတ်မြောက်သည့် တရားမြတ်နှင့် မသက်ဆိုင်ပါ။ ထို့ကြောင့် မြတ်စွာဘုရားသည် နိဗ္ဗာန်၏ သဘာဝအကြောင်းနှင့်ပတ်သတ်သော မေးခွန်းများကို အတိအကျဖြေဆိုခြင်း မပြုခဲ့ပါ။ သို့သော်ပစ္စုပ္ပန်ဘ၀၌ပင် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်၍  နိဗ္ဗာန်ဓါတ်စွမ်းအဟုန်ကြောင့် တဏှာရာဂချုပ်ပျက်ရာမှပေါ်လာ သော နိဗ္ဗာန်ချမ်းသာသုခကို  အပြည့်အ၀ခံစားနိုင်ပါမည်။ နိဗ္ဗာန်ဆိုသည့် သန္တိသုခချမ်းသာ ကို သေပြီးနောက်ဘ၀ကျမှ ခံစားရမည်ဟု မသေချာမရေရာသည့် ဂတိမျိုးကဲ့သို့ မဟုတ်ပါ။ အမှန်တကယ် ဤမျက်မှောက်ဘ၀၌ပင် သေချာနိုင်ပါသည်။ သူများအားကိုးနှင့်တော့ သေချာမည်မဟုတ်ပါ။ ကိုယ့်အားကိုယ်ကိုးနည်းဖြင့်သာ သေချာနိုင်ပါမည်။ ဗုဒ္ဓကလည်း နိဗ္ဗာန်အလိုရှိသူသည် (၀ါ) ဒုက္ခခပ်သိမ်းမှ ကင်းလွတ်မြောက်လိုသူတို့သည် တုမှေဟိ ကိစ္စံတပ္ပံ၊ အက္ခတာရော တထကထာ မိမိတို့ ကိုယ်တိုင်ကိုယ်ကျ လွတ်မြောက်ရေးကို ရှာဖွေရယူရမည်။ ဆရာဖြစ်သူ ဗုဒ္ဓက လမ်းညွှန်ရုံသာတည်းဟု အတိအလင်း  ဓမ္မပဒမဂ္ဂတွင် ထုတ်ဖေါ်မိန့်မှာခဲ့သည် မဟုတ်ပါလော။
                   ဤသဘောတရားကို ထပ်လောင်း၍ အသားပေးသောအားဖြင့် ဓမ္မပဒ   ပါဠိတော်တွင်ပင် ဟောတော်မူသည်မှာလည်း-
                   ယောစ ၀ဿတံ ဇိဝေ၊ အပဿံ အမတံပဒံ၊
                ယောစာယံ ဇိဝိတံ သေယျော ပဿတော အမတံပဒံ
                             အမတံ သေခြင်းကင်းသော ပဒံ နိဗ္ဗာန်ကို အပဿံ၊ မမြင်ဘဲ ၀ဿသတံ   အနှစ်တစ်ရာပတ်လုံး၊ ဇိဝေ အသက်ရှင်ရခြင်းထက် အမတံ၊ သေခြင်းကင်းသော ပဒံ၊ နိဗ္ဗာန်ကို ပဿတော မြင်သော ယောစ အကြင်ပုဂိ္ဂုလ်၏ ဧကာဟံ တစ်ရက်မျှ ဇိဝိတံအသက်ရှင်နေရခြင်းသည် သေယျော မြတ်၏။
                   ယင်းနိဗ္ဗာန်အကြောင်းနှင့် ပတ်သတ်၍၊ ကွယ်လွန်သူ အိန်္ဒိယပြည် လွတ်လပ်ရေးဖခင်ကြီး မဟတ္တမဂန်္ဒီ၏ ယူဆချက်သည်ကား အလွန် မှတ်သားဖွယ်ကောင်းသောကြောင့် အချို့ကို အောက်တွင် မြန်မာဘာသာသို့ပြန်ကာ  ဖေါ်ပြလိုက်ပါသည်။
                             ““ ကျွန်ုပ် နားလည်သလောက်ပြောရလျှင် နိဗ္ဗာန်ဆိုသည့် ဗုဒ္ဓ၏ ပရမတ္ထသစ္စာ ပဓာနတရားသည် ချုပ်ငြိမ်းခြင်းသက်သက်မျှမဟုတ်၊ ကျွန်ုပ်တို့၏ သဏ္ဍာန်ရှိအရုပ် အညံ့တွေ အပြစ်အနာအဆာ ဆိုးသွမ်းမှုတွေ၊ မကောင်းမှုဒုစရိုက်တွေအားလုံး ချုပ်ငြိမ်းခြင်းကိုသာ နိဗ္ဗာန်ဟု ဆိုရပါသည်။ သုဿာန်တစ သင်္ချိုင်းဝတွင် လူသေကောင်တွေ ချုပ်ငြိမ်းခြင်းမျိုး ခြောက်ကပ်ကပ်ကြီး ချုပ်ငြိမ်းခြင်းမျိုးမဟုတ်။ နိဗ္ဗာန်ဆိုသည့် ချုပ်ငြိမ်းမှုမှာ ရှင်သန်လန်းဆန်းသာယာငြိမ်းအေးစွာ သူ့သဘော သူဆောင်ကာ ခိုလှုံရာ နိစ္စသဘာဝ၏ နှလုံးအိမ်ကို အာရုံပြုနေသည့် ဆိုးလ်ခေါ် ၀ိညာဉ်တော်ပင် ဖြစ်ပါသည်။
                             မှတ်ချက်။   ။ (၁) နိစ္စထာဝရကို နိဗ္ဗာန်(၂)၀ိညာဉ်တော်ကို မဂ်ဉာဏ်ဟု မြန်မာပြန်ဆိုလျှင် ထေရ၀ါဒအရ ပို၍သင့်မြတ်မည်ထင်ပါသည်။ (စာရေးသူ)
                             ဤအယူအဆတို့သည် အောက်တွင်ပါရှိသည့် မြန်မာနိုင်ငံ အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ကြီး ဦးသေဋ္ဌိလ၏ ထေရ၀ါဒဗုဒ္ဓဘာသာအခြေခံတရားများခေါ် ဆောင်းပါးတွင်ပါရှိသည့် နိဗ္ဗာန်ဆိုင်ရာဝေဖန်ချက်များနှင့် အတော်ကလေး ကိုက်ညီသည်ကို တွေ့ရပါမည်။
                   နိဗ္ဗာန်ဆိုသည်မှာ တဏှာချုပ်ငြိမ်းခြင်း၊ အတ္တငါစွဲ အလိုရမ္မက်ချုပ်ငြိမ်းခြင်း ဖြစ်ပါသည်။ ရာဂ၊ ဒေါသ၊ မောဟတို့ ချုပ်ငြိမ်းခြင်းကိုလည်း ဆိုနိုင်ပါသည်။
                   ပါဠိဘာသာအားဖြင့် နိဗ္ဗာန်ဆိုသည်မှာ နိနှင့်ဝါန ပေါင်းစပ် ထားခြင်းဖြစ်ပါ သည်။ နိမရှိ၊ ၀ါန တဏှာ၊ တဏှာမရှိခြင်း။ တဏှာကင်းခြင်းဟု အဓိပ်္ပါယ်ရပါသည်။ သင်္ကရိုက်ဘာသာအားဖြင့်လည်း နိရ်နှင့် ၀ါန ပေါင်းစပ်ထားခြင်းကြောင့် ငြိမ်းသတ်ခြင်းဟု အဓိပ်္ပါယ်ရပါသည်။ ရာဂမီးကို ငြိမ်းသတ်ခြင်းမျိုးပင် ဖြစ်ပါသည်။
                   ထို့ကြောင့် နိဗ္ဗာန်ကို သဘာဝပညတ်သဘောအနက်ပြန်လျှင်  ဘာမျှမရှိ ဗလာနတ္ထိ ဥစေ်္ဆဒအယူဖြစ်သွားပါလိမ့်မည်။ ဗုဒ္ဓ၏ ပိဋကကျမ်းဂန်များတွင်မူကား နိဗ္ဗာန်ကို ပရမတ္ထအမှန်အမြဲရှိ တကယ်ရှိတရားအဖြစ် အမြင့်ဆုံး အမြတ်ဆုံး ခိုလှုံရာ၊ ပုန်းအောင်းရာအတုမရှိ၊ အတိုင်းမရှိ စင်ကြည်သန့်ရှင်း၊ လောကထက်လွန်ကဲ၍ မနှိုင်းယှဉ်အပ်သောတရား စသည်ဖြင့် အမွှန်းတင်ထားပါသည်။
                   နိဗ္ဗာန်သည် ဘာမျှမဟုတ် သဘာဝပညတ်မဖြစ်နိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် ယင်းနိဗ္ဗာန်သည် တဏှာချုပ်ငြိမ်းရာကို ဆိုလိုပါသည်။ တဏှာကို ထုတ်နှုတ်ပယ်သတ် လိုက်ခြင်းကို ဆိုလိုပါသည်။ လူ၊ သတ္တ၀ါ စသည်တို့၏ တဏှာအလိုရမ္မက်စသည်တို့ ကို ထုတ်နှုတ်ပယ်သတ်လိုက်ခြင်းဖြစ်ပါသည်။ တဏှာ၊ ရာဂ၊ အလိုရမ္မက်ကို ပယ်သတ် လိုက်ခြင်းဖြင့် သတ္တ၀ါသည် လွတ်မြောက်သွားပါသည်။ ယင်းလွတ်မြောက်ရေးကိုပင် နိဗ္ဗာန်ဟု ခေါ်ပါသည်။ လွတ်မြောက်ရေးတိုင်းလည်း နိဗ္ဗာန်မဟုတ်ပါ။ ကျွန်ုပ်တို့ကိုယ် ကျွန်ုပ်တို့ ပြုပြင်စီရင်ထားသည့် ကြောင်းကျိုးနိယာမ အနှောင်အဖွဲ့မှ လွတ်မြောက်ခြင်း မျိုးဖြစ်ပါသည်။
                             အကြင်ပုဂိ္ဂုလ်သည် ဖြစ်သမျှအကြောင်း အကောင်းပါပဲဟု သဘောထား၏။ ထိုပုဂိ္ဂုလ်သည် လွတ်လပ်၏။ ကေသရာဇာခြင်္သေ့မင်းကို  လက်ဝါးကလေးဖြင့် ပုတ်ကာမျှဖြင့် မနိုင်သကဲ့သို့၊ ကိုယ်ထင်ရာကိုလုပ်နိုင်မှ လွတ်လပ်မှုမဟုတ်၊ ကိုယ်ထင် ရာကို လုပ်နိုင်သည့်လွတ်လပ်မှုသည်၊ လွတ်လပ်မှုစစ်မဟုတ်၊ တဏှာ၏ ကျွန်၊ ရာဂ၏ သဘောပေါက်လွတ်လပ်မှုပင် ဖြစ်၏။ လွတ်လပ်မှုအစစ်သည်ကား အကျွန်ုပ်တို့၏ ရာဂ ဒေါသ မောဟ၊ မာနစသည့် တဏှာဥပါဒါန်တို့မှ လွတ်မြောက်မှုပင်တည်း။ အကြင်သူသည်  ဤတဏှာရာဂ စသည်တို့ကို ဖယောင်းတိုင်မီးကို ငြိမ်းသတ်သကဲ့ သို့ ငြိမ်းသတ်လိုက်၏။ ထိုသူသည် ဤနေရာ၌ပင် လွတ်မြောက်သွား၏။ လွတ်လပ် သွား၏။ ဤကမ္ဘာမြေပေါ်၌ပင် နိဗ္ဗာန်သို့ ရောက်သွားတော့၏။