........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Oct 19, 2012

အရှုံးမရှိသော ဒဿန(၀ီရသူ)

 အရှင်ဝိစိတ္တာဘိဝံသ(၀ီရသူ)၏ဆောင်းပါး မေတ္တာရှင်ဘာသာ ယဉ်ကျေးမူ မဂ္ဂဇင်း အမှတ် ၃၉ မှ

                                         အရှုံးမရှိသော ဒဿန
                              အရှင်ဝိစိတ္တာဘိဝံသ(၀ီရသူ)
ဤစာအုပ်သည် မေတ္တာရှင်ဆရာတော်ရေုးသားသော စာအုပ်များအနက် အကောင်းဆုံးစာအုပ် တစ်အုပ်ဖြစ် ၏။  အပြင်အဆင်လည်းသန့်၏။ စာအုပ်အရွယ်အစားလည်း ခန့်၏။ ပရု(ဖ်) တည်းဖြတ်မူများကြောင့်လည်း ရှင်း၏။ စာအုပ်အမည်ကလည်း တည်ငြိမ်ခန့်ငြား လေးစားသဖွယ်ကောင်းလှ၏။ အနက်အဓိပ္ပာယ်လည်း ကျယ်ဝန်းနက်ရှိုင်းလှ၏။ အရေးအသား၊ အချက်အလက်၊ အကွက်အကွင်း အားလုံးကောင်းမွန် ပြည့်စုံလှပေ သည်။ ဗုဒ္ဓဘာသာ စိတ်ဝင်စားသော ဘာသာခြားများ၊ ဘာသာတရားကို စတင်လေ့လာနေသော ဗုဒ္ဓဘာသာဝင်များနှင့် တောင်တန်းသာသနာပြု၊ နိုင်ငံခြားသာသနာပြု ရဟန်းတော်များအတွက် အကောင်းဆုံး လက်စွဲစာအုပ်တစ်အုပ်ဖြစ်နိုင်ပေသည်။
        အရှုံးမရှိသော ဒဿန ကို ဖန်တီးပေးနိုင်သော မေတ္တာရှင်ဆရာတော်၏ အရှုံးမရှိသောဒဿနကို လည်း ဖြည့်စွက်ကြည့်စေချင်ပါသည်။
     "ဖန်ဆင်းရှင်ကို အားကိုးပြီး ဒါန၊ သီလ၊ ဘာဝနာ ဆိုတဲ့ ကိုသိုလ်တရားတွေကို မလုပ်တဲ့ဝါဒဟာ အရှုံးရှိနိုင်တဲ့ဝါဒ၊ မသေချာတဲ့ဝါဒ၊ ဗုဒ္ဓဟာကြားချက်အတိုင်း ဒါန၊ သီလ၊ ဘာဝနာ ဆိုတဲ့ ကိုသိုလ်တရားတွေကို ကိုယ့်အားကိုယ်ကိုးပြီး ပြုလုပ်ထားမယ်ဆိုရင် နောက်ဘ၀ရောက်တဲ့အခါ ဖန်ဆင်းရှင်က ကယ်မယ်ဆိုရင်လည်း ကောင်းတာတွေ ပြုလုပ်ထားတဲ့ ကိုယ့်ကို ရှေ့ဆုံးက ကယ်ရမှာပဲ။
      " ဖန်ဆင်းရှင်က မကယ်ဘူးဆိုရင်လည်း ကိုယ်ပြုထားတဲ့ ကုသိုလ်တရားတွေက ကိုယ့်ကိုပြန်ကယ်မှာ ဖြစ်တဲ့အတွက် ဘာမှပူစရာမရှိဘူး။ ဒါကြောင့်လောကကို ကောင်းကျိုးပြုတဲ့ ဒါန၊ သီလ၊ ဘာဝနာ ဆိုတဲ့ ကိုသိုလ်တရားကို ပြုထားတဲ့ ၀ါဒဟာ အရှုံးမရှိတဲ့ဝါဒ၊ သေချာတဲ့ဝါဒပဲ"
    နည်းယူဖွယ်ရာ နည်းဗျူဟာ
   ဤစာအုပ်ရှေ့ပိုင်း၌ အမိုး(ခေါ်) ဒေါ်မြရင်ဆိုသည့် ဘာသာခြားအမျိုးသီးနှင့် မေတ္တာရှင်ဆရာတော်တို့၏ ဘာသာရေးဆွေးနွေးထားသည်ကို တွေ့ရ၏။ အမိုးအကြောင်းကလည်း စိတ်ဝင်စားစရာ၊ ဆွေးနွေးချက်များ ကလည်း ကြည်နူးဖွယ်ရာ၊ ဆွေးနွေးပုံကလည်း နည်းယူဖွယ်ရာ ကောင်းလှပါ၏။ အမိုး ဆယ့်ခြောက်နှစ် သမီးအရွယ်၌ ဘာသာခြား လူမျိုးခြားနှင့် အိမ်ထောင်ကျ၏။ လင်သားဖြစ်သူ၏ ဓါးပြတိုက်မူကြောင့် မူလဘာသာကို စွန့်လွတ်လိုက်ရ၏။ ထိုအခါ အမိုးသည် ဖြူစင်ရာမှ ညစ်နွမ်းခဲ့ရ၏။ ယဉ်ကျေးရာမှ ရိုင်းပျခဲ့ရ၏။ သို့သော် အမိုးမပျော်၊ လင်ယုတ်မာနှင့် ကွေကွင်းခြင်းကို သာတောင့်တခဲ့၏။ ကလေးခြောက်ယောက်ရသောအခါ၌ အမိုးဆုတောင်းပြည့်ဝခဲ့၏။ သို့သော် ဘ၀မှာ ရုန်းကန်လူပ်ရှားရင်း  မိခင်ကောင်းတစ်ယောက်အဖြစ် သာသမီးတွေကို ရင်အုပ်မကွာ စောင့်ရှောက်ခဲ့၏။ သားသမီးတွေ ကိုယ့်အိုးကိုယ့်အိမ်နှင့် အတည်တကျ ဖြစ်ချိန်ရောက်သောအခါ အမိုးအသက် (ရ၀) ရောက်ခဲ့ပြီ။ ကိုးကွယ်ရာမဲ့နေ၍ အာသာငမ်းငမ်း ဘုရားငတ်၊ တရားငတ်နေရှာသော အမိုးသည် မေတ္တာရှင်ဆရာတော် ထံ ရောက်လာတော့၏။ နောက်ဆုံးဗုဒ္စရှင်တော်မြတ်၏ အနှိုင်းမဲ့ အကြင်နာမေတ္တာတရားတည်းဟူသော အရိပ်အာဝါသအောက်မှာ လုံးဝခိုလုံလှိုက်လေတော့၏။ ထိုအခါ ဘာသာခြားသားသမီးများက အမိုကို အမွေဖြတ်လိုက်လေသည်။ သားသမီးက မိဘကို နှင်ချအမွေဖြတ်ခြင်း ဖြစ်ရပ်ပါတည်။
           အမိုးအမြင်မှန်ရသည်မှာလည်း ရချင်စဖွယ်ပင်။ မေတ္တာရှင်ဆရာတော်၏ အဆုံးအမကိုလည်း ကြည့်စေချင်သေး၏။
    "အမိုးအနေနဲ့ ဘာသာဆိုတဲ့အရေခွံကိုခွါချပြီး လွတ်လပ်တဲ့လူသားတစ်ယောက်အနေနဲ့ပဲ တွေးကြည့်ပါ။ လူသားတစ်ယောက် သန္တာန်မှာ ဒီမောဟဓာတ်ဟာ ရှိသင့်တဲ့တရားလား၊ မရှိသင့်တဲ့တရားလား အမိုး"
  "ဘယ်လူသား သန္တာန်မှာမှ မရှိသင့်ပါဘူးဘုရား"
  "ဘာဖြစ်လို့လည်း အမိုး"
  " မိမိအတွက်ရော၊ လောကအတွက်ပါ ဘာတစ်ခုမှ ကောင်းကျိုးမပေးလို့ပါပဲ"
  "မိမိအတွက်ရော၊ လူ့လောကကြီးတစ်ခုလုံးအတွက်ပါ ကောင်းကျိုးတစ်ခုမှမပေးတဲ့ မောဟဓါတ်ကြီးကိုပေါ်မလာအောင်၊ ပျောက်သွားအောင်ပွါးများတဲ့ သမထဘာဝနာ၊ ၀ိပဿနာဘာဝနာအလုပ် ကိုလူတိုင်း မလုပ်သင့်ဘူးလား အမိုး"
                    " လုပ်သင့်တာပေါ့ဘုရား"
                  " ငါ့ဘာသာရေးက ညွှန်ပြတဲ့နည်းမှ မဟုတ်ဘဲဆိုပြီး၊ ဘာဝနာပွားတဲ့ အလုပ်ကို မလုပ်ပါဘူးဆိုရင် မိမိအတွက်ရော၊ လောကကြီးတစ်ခုလုံးအတွက်ပါ မနစ်နာဘူးလား အမိုး"
                 " နစ်နာပါတယ်ဘုရား"
                                       (စာ-၂၉)
တရားလည်းပေး အစာလည်းကျွေးတဲ့ ဆရာတော်
    တရားနာပြီးမှ တရားရ၍ ငိုရသည့် ဘာသာခြားအမျိုးသမီးများအနက် အရှင်သာရိပုတ္တရာ၏ မယ်တော် သာရိပုဏ္ဍေမကြီးပြီးလျှင် အမိုးသည် ကျွှန်ုပ် ပထမဦးဆုံး တွေ့ဖူးသူဖြစ်ပေလိမ့်မည်။ အမိုးဟာ တရားလည်းပေး၊ အစာလည်းကျွေးသော မေတ္တာရှင်ဆရာတော်အား များစွာကြည်ညိုမိလေ၏။
    မြတ်စွာဘုရား အဠ၀ီပြည်မှာ သီတင်းသုံးသော်မူစဉ်က ဖြစ်သည့် လူဆင်းရဲတစ်ယောက်သည် တရားနာမည်ဟု စိတ်ကူးထားသည့်နေ့ကျမှ နွားတစ်ကောင်ပျောက်သွားသည်နှင့် ကြုံရလေ၏။ ထိုအခါ ပျောက်သွားသည့်နွားကို အလျင်ရှာမည်၊ နောက်မှတရားနာမည်ဟု စိတ်ကူးကာ နွားရှာထွက်ခဲ့၏။ နွားကိုတွေ့သောအခါ နွားအုပ်အတွင်းသို့ ပြန်ထည့်ခဲ့ပြီး တရားပွဲ မီလိုမီငြား အပြေးအလွှား လာခဲ့လေ၏။ မြတ်စွာဘုရားသည်လည်း နေ့ဆွမ်း ဘုန်းပေးပြီးကတည်းက တရားဟောတော်မမူသေးဘဲ လူဆင်းရဲကို စောင့်စားသော်မှုလျက်ရှိ၏။ လူဆင်းရဲလာသောအခါ မြတ်စွာဘုရားက အလှူရှင်များအား  မိန့်တော် မူ၏။ ဤလူဆင်းရဲအား ဆွမ်းကျန်ကွမ်းကျန်များ ရှိသေးက ကျွေးမွေးစေလိုကြောင်း မိန့်တော် မူခြင်းဖြစ်သည်။ တစ်နေကုန် နွားပျောက်ရှာပုံတော် ထွက်ခဲ့ရ၍ လူဆင်းရဲမှာလည်း ဆာလောက်မွတ်သိပ်လျက်ရှိ၏။ ဗိုက်ဆာဆာနှင့် တရားနာပါက တရားအာရုံမရောက်နိုင်သောကြောင့် မြတ်စွာဘုရားက ထမင်းကျွေးခိုင်းခြင်းဖြစ်၏။
   ထမင်းစားပြီးသောအခါ တရားပွဲ စတင်ပေသည်။ တရားနာအပြီး၌ အဆိုပါလူဆင်းရဲသည် သောတာပန်တည်ခဲ့လေ၏။ မြတ်စွာဘုရားကိုယ်တိုင် တရားလည်းပေး အစာလည်းကျွေးသော ဖြစ်ရပ်မျိုးသည် ပိဋကတ်သုံးပုံတွင် ဤ၀တ္ထုမှတစ်ပါး အခြားသောနေရာများ၌ လုံးဝမရှိ ဟု အဋ္ဌကထာက ဆိုလေသည်။
                                     (ဓမ္မပဒသုခ၀ဂ်၊ ဧကဥပါသက၀တ္ထု)
  တရားလည်းပေး၊ အစားလည်းကျွေးသော တရားဟောဆရာများတွင် မြတ်စွာဘုရားပြီး လျှင် မေတ္တာရှင်ဆရာတော်သည် ကျွန်ုပ် ကြုံတွေ့ခဲ့ရသည့် ပထမဦးဆုံးသော ဓမ္မကထိကဖြစ်ပါပေ၏။
                                               ကံကောင်းသောအမိုး
   ကျွန်ုပ်သည် ပျဥ်းမနားမြို့၌ အမိုးလိုအမျိုးသမီးတစ်ယောက်ကို တွေ့ဖူး၏။ သူ့ခများလည်း ဆွေပြတ် မျိုးပြတ်ဒဏ်ကို ခံရရှာ၏။ အိမ်နှင့်ဆိုင်ကို အသိမ်းခံရရှာ၏။ သူ၏ သားသမီးများက ပထမတွင် စည်းစိမ်ဥစ္စာဖြင့် မက်လုံးပေး စည်းရုံး၏။ ထို့နောက် ဆွေပြတ်မျိုးပြတ်၊ ရိက္ခာပြတ်ဖို့ ခြိမ်းခြောက်ပြန်၏။ မရသည့်အဆုံးတွင် ပါလာသည့် ကြံချောင်းများဖြင့် ၀ိုင်းဝန်းရိုက်နက်ပြီး ပြန်သွားကြလေ၏။ ထိုအမျိုးသမီးကြီးမှာ မျက်နှာမှာသွေးစများဖြင့် တရားဆက်လက်ရှုနေခဲ့၏။
   ထိုစဉ်အခါက အဆိုပါအမျိုးသမီးကြီးသည် ရိပ်သာတစ်ခု၌ တရားဝင်နေချိန်ဖြစ်၏။ ရိပ်သာဆရာတော်က အကာအကွယ်မပေးသည့်အပြင် ကျောင်းဝင်းအပြင် ထွက်ကြဖို့ မောင်းထုတ်လိုက်သေး၏။ အကယ်၍ ရိပ်သာဆရာတော်က အကာအကွယ်ပေးခဲ့မည်ဆိုခဲ့လျှင် ထိုအမျိုးသမီးကြီး ယခုလို အနှိပ်စက်ခံရမည် မဟုတ်ပေ။ ထိုအမျိုးသမီးကြီးသည် အိမ်ထောင်သည်မဟုတ်၍ ယခုအခါ အထီးကျန်ဘ၀မျိုး ရောက်နေပေ လိမ့်မည်။ လွန်ခဲ့သည့် ခြောက်နှစ်ခန့်က ကျွန်ုပ်ကိုယ်တိုင် စားဝတ်နေရေးအတွက် ငွေကြေးနှစ်သောင်း မတည်လှူဒါန်းခဲ့သေး၏.
   ထို့ကြောင့် မေတ္တာရှင်ဆရာတော်၏ အရိပ်အာဝါသအောက်မှာနေရသော အမိုးကို ကံကောင်းသည်ဟု ဆိုရခြင်းပင် ဖြစ်သည်။
                                                   ဦးနှောက်တံခါးဖွင့်ထားသူ
     ဤစာအုပ် ဒုတိယပိုင်းသည်လည်း စိတ်ဝင်းစားစရာ ကောင်း၏။ ဘုရာရှာပုံတော် ဖွင့်နေသော မောင်ရဲမြင့်ကို မေတ္တာရှင်ဆရာတော်က ဘာသာတရား၏ အတိမ်အနက်ကို အခြေခံမှစ၍ ရှင်းပြသောအခန်းဖြစ်၏။ ဒါနကထာ၊ သီလကထာ၊  သဂ္ဂကထာ၊ မဂ္ဂကထာ စသည်ဖြင့် စုံလင်စွာ ရှင်းပြထား၏။ ပါရမီဖြည့်ခန်းတွေကို ကြားနာရသော မောင်ရဲမြင့်တစ်ယောက် ဗုဒ္စဘုရား ထံမှောက် ရောက်ရှိမည်ဟုဆိုလျှင်လည်း ရောက်ရှိစရာပင်။ မောင်ရဲမြင့်၏ ဓမ္မဆရာသည်လည်း လေးစား ထိုက်သော ဆရာတစ်ဆူဖြစ်၏။ ထိုဓမ္မဆရာ၏ ကျေးဇူးကြောင့် မောင်ရဲမြင့်တစ်ယောက် ဦးနှောက် တံခါးပွင့်သွားခြင်းဖြစ်၏။  ထိုတံခါးမှတစ်ဆင့်၊ နက်နဲသိမ်မွေ့သော ဗုဒ္စအဘိဓမ္မာ သဘာဝဘာသာတရား တို့သည် မောင်ရဲမြင့်၏ နှလုံးသားသို့ စိမ့်ဝင်သွားခဲ့ပေတော့သည်။
  " တပည့်တို့ ဓမ္မဆရာက ဘာသာတစ်ခုကို မျက်စိမှိတ် မကိုးကွယ်သင့်ဘူး။ မျက်စိဖွင့်ပြီး ကိုးကွယ်သင့်တယ်။ မင်းတို့အနေနဲ့ အခြားဘာသာက ဓမ္မစာပေတွေကို လေ့လာပါ။ အထူးသဖြင့် ၀ိဘဇ္ဖညဏ်ကို အားပေးတဲ့ ဗုဒ္စစာပေတွေကို အများဆုံးလေ့လာပါ" လို့တိုက်တွန်းခဲ့ပါတယ်။
   ဤကား မောင်ရဲမြင့်က မေတ္တာရှင်ဆရာတော်အား လျှောက်ထားသော စကားဖြစ်၏။ ထိုစကားအရ မောင်ရဲမြင့်၏ ဓမ္မဆရာသည် ဆရာကောင်းလက္ခဏာရှိသော သူတော်ကောင်းတစ်ယောက်ဖြစ်မှန်း သိသာလှပေသည်။
                                                       သာသနာပြု အပြေးပြိုင်းပွဲ
    မောင်ရဲမြင့်၏ ဓမ္မဆရာသည် မောင်ရဲမြင့်၏ ဦးနှောက်တံခါး ဖွင့်ပေးရုံသာ မဟုတ်ပေ။ ကျွနိုပ်တို့ ဗုဒ္စဘာသာရဟန်းတော်များ၏ အားနည်းချက်များကိုပါ ထောက်ပြနိုင်ပေသည်။ ၎င်း၏ထောက်ပြမူမှာ အောက်ပါအတိုင်း ဖြစ်၏။
    " ဗုဒ္စဘာသာရဟန်းတော်တွေရဲ့ သာသနာပြုနည်းက ဗျိုင်းနဲ့တူတယ်။ ဗျိုင်းဟာရေပေါ်ပေါ်လာတဲ့ ငါးကိုသာ ဖမ်းစားတယ်။ ရေအောက်ထဲထိ လိုက်ပြီး ငါးကို မဖမ်းစားတတ်ဘူး။ ထို့အတူ ဗုဒ္စဘာသာရဟန်းအများစုဟာလည်း မြို့ပေါ် ရွာပေါ်က တွေ့သမျှ လူလောက်ကိုပဲ ဟောပြောပြတတ်ပြီး သာသနာပြုတယ်။ ဝေးလံခေါင်သီတဲ့ တောရွာတွေအထိ လိုက်ပြီးသာသနာမပြုကြဘူး။
" အခြားဘာသာခြားဆရာတွေကတော့ တင်ကျီးငှက်နဲ့တူတယ်။ တင်ကျီးငှက်ဟာ ရေပေါ်ပေါ်လာတဲ့ ငါးကိုလည်း ဖမ်းစားတယ်။ ရေအောက်က ငါးကိုလည်း လိုက်ပြီးဖမ်းစားတယ်။ ထို့အတူ ဗုဒ္စဘာသာမှတစ်ပါး အခြားသောဘာသာရေး ဆရာတော်တွေဟာ မြို့ပေါ်ရွာပေါ်မှာလည်း သူတို့ရဲ့ သာသနာကို ဖြန့်တယ်။ ဝေးလံခေါင်သီတဲ့ တောတွေရွာတွေမှာလည်း ဖြန့်တယ်။ ဒါကြောင့် ခေါင်တဲ့အရပ်ဆိုရင် ဗုဒ္စဘာသာ သာသနာပြုတွေ မရောက်တဲ့အတွက် ဘာသာခြားတွေများနေတယ်"
                                  (စာ-၁၅၃၊ ၁၅၄)
   ဤသဘောကို မေတ္တာရှင်ဆရာတော်က ယုန်နဲ့လိပ်  အပြေးပြိုင်ပွဲကို ဥပမာပေးထားသည်ကို တွေ့ရ၏။ ကျွန်ုပ်တို့ ရဟန်းတော်များ အိပ်ပျော်နေ၍ ဆုံးရှုံးခဲ့ရပြီ။ နိုးကြားလျှင် ရှုံးကြွေးကို ပြန်ဆပ်နိုင်မည်ဟု ဆိုလို၏။
                                                     ကျောင်းထိုင်သာသနာပြုနည်း
    အဆိုပါ ဓမ္မဆရာ၏ ထောက်ပြချက်ကို သတိမှု၍ ကျွန်ုပ်တို့ ရဟန်းများလည်း မအောင်မြင်ဘဲ ကျရှုံးခဲ့ရသော ရှေးရိုးစွဲ ကျောင်းထိုင်သာသနာပြုနည်းကို စွန့်လွတ်သင့်ပေသည်။ ကျွန်ုပ်တို့ ဗုဒ္စဘာသာ ရွှေမြန်မာတို့ကို အဖြူအသင်းကလည်း အနုနည်းဖြင့် သိမ်းသွင်းနေ၏။ အမည်းအသင်းကလည်း အကြမ်းနည်းဖြင့် ဖမ်းဆီးနေ၏။ ကျွန်ုပ်တို့ရွှေဝါရောင်အသင်းမှာ အလူးအလဲခံနေရပေပြီ။ အချိန်မီပြုပြင်လျှင် နိုင်ခြေရှိနိုင်ပါသေး၏။ သို့မဟုတ်ပါ  မူ ကျောင်းထိုင်ကျောင်းထိုင်နှင့် ကြာလျှင် ကိုယ့်ခေါင်းကိုယ်တောင် မပိုင်သည့် ခေါင်းပြတ်ကျောင်းထိုင်ကြီးများ ဖြစ်သွားပေလိမ့်မည်။
                                                   မှန်မကြောက်သော စိန်
   ဤစာအုပ်နောက်ပိုင်း၌ မောင်ရဲမြင့်ကို ရှင်ပြထားသော ပါယာသိမြို့စားကြီးအကြောင်းကား စိတ်ဝင်စားစရာ ကောင်းလှ၏။ ၀ိဇ္ဖာကို သိပ္ပံနည်းအတိုင်း လက်တွေ့လေ့လာနေသော ပါယာသိမြို့ကြီးကိုလည်း အတုယူထိုက်လှ၏။ ပါယာသိမြို့စားကြီး၏ အမေးကို တော်တန်ရုံ မခံနိုင်ကြ။ ရှင်ကုမာရကဿပမို့သာ မြို့စားကြီး၏ အယူမှားမူကို ဖယ်ရှားနိုင်ခဲ့ခြင်းဖြစ်၏။ ဥပမာပေါင်းများစွာဖြင့် သံသယကင်းအောင် ရှင်းပြတော်မူသော ကုမာရကဿပမထေရ်၏ မေတ္တာ စေတနာကလည်း ကြည်ညိုလေးစားဖွယ်ကောင်းလွန်း၏။
    ပါယာသိမြို့စားကြီးသည် ဥစ္ဆေဒဒိဌိ အယူရှိသူဖြစ်၏။ သေလျှင် ဘ၀ပြတ်သည်။ တမလွန်ဘ၀ဆိုသည်မှာ မရှိဟု ယုံကြည်ခြင်းကို ဥစ္ဆေဒဒိဌိ ဟု ဆို၏။ ဥစ္ဆေဒဒိဌိနှင့်ပတ်သက်၍ မေတ္တာရှင်ဆရာတော်၏ ဖွင့်ဆိုချက်သည်လည်း လက်ဖျားခါလောက်အောင် ကောင်းလှ၏။ ထိုဦးနှောက်မျိုး ကျွန်ုပ် ရှိခိုးချင်ပါ၏။
   " ဥစ္ဆေဒဒိဌိ အယူဆိုတာ မိမိတို့ရဲ့ ပျင်းရိ မူကို ဖုံးကွယ်ရန် ကြိုးစားကြတဲ့ ဆင်ခြေကန်မူတစ်ခု လည်း ဖြစ်တယ်။ ကောင်းမူကို မပြုဘဲ ၊ မကောင်းမှုကိုသာ ပြုထားသူတို့ရဲ့ ဖြေဆေးတစ်ခုလည်း ဖြစ်တယ်။ ရုပ်နာမ် သဘာဝကို ထိုးထွင်းမသိနိုင်မူဆိုတဲ့ အ၀ိဇ္ဖာရဲ့ ထိုးနက်ချက်တစ်ခုလည်း ဖြစ်တယ်"
                                                                      စာ(၃၀၂)
    နောက်ဆုံး၌ ပါယာသိမြို့စားကြီးသည် သူ၏ အယူဝါဒဆိုးကြီးကို စွန့်လွတ်ပြီး အမြင်မှန်ရခဲ့လေတော့သည်။ စိန်စစ်လျှင် မှန် မကြောက်ပါ။ မည်သည့်မှန်မဆို စိန်နှင့်တွေ့လျှင် ကွဲသွားကြသည်သာ ဖြစ်၏။ ဗုဒ္စ၏တရားတော်များသည် စိန်နှင့်တူသည်၏။ ထို့ကြောင့် မည်သည့်အယူဝါဒကိုမျှမကြောက်။ ဗုဒ္စတရားကို အန်တုလာသည့် အယူဝါဒမှန်သမျှသည် နောက်ဆုံး၌ ဗုဒ္စရှေ့မှောက်၌ ဒူးထောက်ကြရသည်သာ။
                                                     ဘာသာတရားတစ်ခု၏ ' စံ '
    မေတ္တာရှင်ဆရာတော်သည် ကေသမုတ္တိသုတ် အဖွင့်နှင့် အသောကကျောက်စာတို့ကို ပေါင်းစပ်၍ ဘာသာတရားတစ်ခု၌ အမှန်တကယ်လိုအပ်သည့် စံနှုန်းတစ်ခုကို ဖန်တီးပေးခဲ့၏။
         "ကိုးကွယ်သင့်တဲ့ ဘာသာတစ်ခုဆိုတာ အပြစ်ကင်းရမယ်၊ ကောက်ကျိုးရှိရမယ်၊
         ပညာရှိတို့ ကဲ့ရဲ့မှုမှ လွတ်ကင်းရမယ်၊
        အခြားဘာသာကို ဖျက်ဆီးခြင်း၊ ရှုတ်ချခြင်း ကင်းရမယ်၊
      အခြားဘာသာများ တရားသဖြင့် တိုးတက်ကြီးပွားအောင် ပြုလုပ်ခြင်းကို ခွင့်ပြုရမယ်၊
      မကောင်းမှုကို မပြုမိအောင် တားဆီးပေးနိုင်ရမယ်၊
     စိတ်ကို ကိလေသာမှ စင်ကြယ်အောင် ညွှန်ပြနိုင်စွမ်းရှိရမယ်။
    ဤစံ ဤနှုန်းများကြောင့်ပင် အမိုးနှင့် မောင်ရဲမြင့်တို့သည် ဗုဒ္စ၏တရားတော်များအပေါ် သက်ဝင်ယုံကြည်လာခြင်း ဖြစ်၏။
                                                    မေတ္တာရှင်အောင်ပွဲ
   ဤစာအုပ်ကို ခရစ်ယာန်လူငယ်လေး တစ်ယောက်အား ပေးဖတ်ရာ ထိုလူငယ်လေးက ဤသို့ ပြန်ပြောလေ၏။
     "ခင်ဗျားတို့ ဗုဒ္စဘာသာက တကယ့်ကို ဒီမိုကရေစီ ဆန်တာပဲဗျာ။ မြို့စားကြီးရဲ့မေးကွက်တွေ မထေရ်ရဲ့ထုချေချက်တွေကို ဖတ်ရတာ ကြက်သီတောင်ထမိတယ်။ ကျွန်တော်တောင် ခင်ဗျားတို့ဘာသာဘက်ကို ယိုင်ချင်သလိုလိုရှိလာပြီ အရမ်းခိုက်တယ်ဗျာ။"
    ထို့ကြောင့် ဤစာအုပ်ကို နီးစပ်ရာ ဘာသာခြားများအား ပေးဖတ်သောအားဖြင့် ကျွန်ုပ်တို့သာသနာအတွက် များစွာအကျိုးရှိမည် ဖြစ်ပါသည်။ ဤစာအုပ်ကို ဖတ်သူတိုင်း အုပ်တစ်ချပ် သဲတစ်ပွင့်ပမာ ဓမ္မအလင်းကို ဆောင်ကြဉ်သော အားဖြင့် တစ်နိုင်တစ်ပိုင် သာသနာပြုစေလိုပါသည်။
                                                        ဓမ္မအာသီသ
   မေတ္တာရှင်ဆရာတော်၏  'မရှုံးမရှိသော ဒဿန ' စာအုပ်ကို ဖတ်ရှုရသော စာရှုသူအပေါင်း သူတော်ကောင်းတို့သည် သံသရာတစ်ခွင်၌ အရှုံးမရှိသောဘ၀ကို တည်ေ်ဆာက်နိုင်ရန် ဒါန၊ သီလ၊ ဘာဝနာ ဟူသည့် ပုညကြိယာ ကုသိုလ်ထူးကို အမြဲမပြတ် ဆည်းပူးကြလျက် အရှုံးမရှိသောဒဿနကို ထာဝရပိုင်ဆိုင်သော သူတော်ကောင်း သူမြတ်လောင်းကြီးများ ဖြစ်ကြပါစေေဿဝ်………။
                            အရှင်ဝိစိတ္တာဘိသံသ(၀ီရသသူ)

"ပညာရှင်များဖြေဆိုရန်"

No comments:

Post a Comment