........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Oct 19, 2012

သမိုင်း၏တရားခံ အခန်း(၉) ရေးသားသူ-ဆရာတော် ၀ီရသူ(မစိုးရိမ်)


"သာသနာသန့််ရှင်းစေလိုလျှင်။ ။"


လက်ရှိ မဟနအဖွဲ့သည်ကား သာသနာသန့်ရှင်းရေးကဏ္ဍကို လျစ်လျူရှုထားကြလေသည်။ ထို့ကြောင့် ဤဆယ်စုနှစ် နှစ်ခုကာလ၌ သာသနာတော် ပို၍ညှိုးနွမ်းခဲ့ရလေသည်။ သာသနာသန့်ရှင်းရေးအတွက် ဖွဲ့စည်းထားသော အဖွဲ့အစည်းက သာသနာသန့်ရှင်းရေးမလုပ်လျှင် အဘယ်အဖွဲ့က လုပ်ကြလိမ့်မည်နည်း။
ဤမဟနအဖွဲ့လက်ထက်ကျမှပင် အလှူခံအတုအပများ၊ ဒုစရိုက်ဂိုဏ်းများ၊ ဆိုးသွမ်းကိုယ်တော်များ၊ အနုကြမ်းစီးသူများ၊ အောင်းကောင်ကြီးများ၊ ခြစားမှုများ အမြင်မတော်အောင်၊ အမြင်မကောင်းအောင်
အထင်အမြင်သေးခံရအောင်၊ ရွံစရာကောင်းလောက်အောင် ပေါများလှလေသည်။

မဟနအဖွဲ့ကား ရုံးမှာသာထိုင်ပြီး စားပွဲပေါ်ရောက်လာသော ဖိုင်တွဲလောက်သာ စိတ်ဝင်စားသူ ဖြစ်လေသည်။ အရပ်ထဲဆင်းရကောင်းမှန်းမသိ၊ ရပ်ရွာသာသနာကို အကဲခတ်ရကောင်းမှန်းမသိကြပေ။ တိုင်ကြာသူရှိမှ အလုပ်လုပ်လိုကြ၏။ ကန်တော့ပွဲကောင်းမှ ကန်တော့ပွဲပါမှ အလုပ်လုပ်လိုကြ၏။
ပျံလွန်တော်မူသော ကျွန်ုပ်တို့ဆရာတော်က သံဃာများအားဩဝါဒပေးခဲ့ဖူးလေသည်။ သံဃမဟာနာယကဆိုပြီး အထင်မကြီးကြနဲ့၊ ငါတို့သံဃမဟာနာယကအဖွဲ့ထဲမှာ လူယုတ်မာတွေ အများကြီးဟူ၍ ဖြစ်၏။
ကျွန်ုပ်တို့ဆရာနှင့်အတူ လိုက်ပါ၍ ဝေယျဝစ္စလုပ်ခဲ့ကြသော တပည့်များကလည်း သာသနာရေးဌာနကြီး ပျက်စီးနေပြီဟု ပြောကြ၏။ နိုင်ငံကျော်ဆရာတော်ကြီးတစ်ပါးကလည်း ကျွန်ုပ်တို့၏ မဟာနာယကဆရာတော်ကြီးနှင့် ဆုံသည့်အခါ ကမ္ဘာအေးဟာ ကမ္ဘာမအေးတော့ပါဘူး
ဘုရားဟု လျှောက်တင်ခဲ့ဖူး၏။

သံဃာဦးသျှောင်ဆရာတော်ကြီးများ၏ အရှိန်အဝါဩဇာ ကျဆင်း၍နေပေပြီ၊
သံဃာ့အဖွဲ့အစည်းကြီး အကြည်ညိုပျက်၍နေပေပြီ။ ဤသည်မှာ အနာဂတ်သာသနာအတွက် ကောင်းသော
လက္ခဏာမဟုတ်ပေ။ အချိန်မီပြုပြင်မှ တော်ကာကျပေလိမ့်မည်။


 


"ရဟန်းပျိုအုပ်ချုပ်ရေး။ ။ "

ရဟန်း ပျိုခေတ်တုန်းက ဤကဲ့သို့အကျည်းတန်မှုမျိုး မကြုံသေးပေ၊ သာသနာကို စော်ကားကြသော ကျေးဇူးကန်း အဓမ္မဝါဒီများလည်း မထွန်းကားပေ၊ ရဟန်းပျိုအဖွဲ့ကား ဩဇာရှိ၏။ အာဏာရှိ၏။ ရဟန်းပျိုအဖွဲ့၏ နောက်မှာ သံဃာထုက တစ်ခဲနက် တည်ရှိ၏။ ရဟန်းပျိုများသည် သံဃာထု၏ စံပြခေါင်းဆောင်များ ဖြစ်ကြ၏။ သို့သော် ရဟန်းပျိုများခေတ်က ဓမ္မစက်သည် အာဏာစက်၏ အကူအညီကိုမရ၍ အုပ်ချုပ်မှုစနစ် မသိမ်မွေ့လှအေ။ ရုတ်ရုတ်သဲသဲ နိုင်လွန်းသည်လည်း ရှိ၏။ ထို့ကြောင့် ရဟန်းပျို၏ ဓမ္မစက်မျိုးကို အာဏာစက် အကူအညီဖြင့် ထူထောင်သင့်လှပေသည်။
ကျွန်ုပ်အား နန်းတွင်းစစ်အကျဉ်းထောင်၌ စစ်ဆေးစဉ် ထောက်လှမ်းရေးများက သံဃာမကောင်းကြောင်း ပြောလေသည်။ ထိုအခါ ကျွန်ုပ်က ခင်ဗျားတို့ အသုံးမကျတာလဲ ပါတယ်၊ ဒုစရိုက်သမား၊ မှောင်ခိုသမား၊အကျင့်ပျက်များကို ခင်ဗျားတို့က ဘာလို့ကြည့်နေလဲ၊ အရေးယူပါလားဟု ပြောလိုက်၏။ ထိုအခါ သူတို့က ဦးဇင်းလို စိတ်မျိုးဆိုရင် ဟုတ်တယ်၊ သံဃနာယက က ဦးဇင်းလိုမဟုတ်ဘူး၊ ဖမ်းဆီးဖို့ သွားလျှောက်ရင် မလိုက်ရဲတာနဲ့ မလိုက်ချင်တာနဲ့၊ အလုပ်မအားတာနဲ့၊ သံဃာမပါဘဲ ဘယ်လိုလုပ် အရေးယူမလဲဟု ပြန်ပြောကြ၏။
သူတို့ဘက်ကကြည့်လျှင်လည်း အမှန်ပင်။ တစ်ချို့အာဏာပိုင်များက သံဃာများ ဘာလုပ်လုပ် နိုင်ငံရေးမလုပ်လျှင် ပြီးရောဆိုပြီး ပစ်ထားကြ၏။ သတိပေးတားမြစ်ခြင်း၊ အရေးယူဆောင်ရွက်ခြင်း မလုပ်ကြပေ။ လူမိုက်အားပေးနည်းဖြင့် သာသနာကို တစ်ဖက်လှည့် ဖျက်ဆီးခြင်းပေတည်း။ ထို့ကြောင့် သံဃာတော်များ အငြိုငြင်မခံရလေအောင် အကျင့်ပျက်၊ အညစ်အကြေးများကို တိုက်ကြီးများမှ ဦးဆောင်၍ လူ့အဖွဲ့အစည်းအကူအညီဖြင့် သန့်ရှင်းသင့်လှပေပြီ။ သံဃာ့အဖွဲ့အစည်းသည် သူကိုယ်တိုင်လည်း မလုပ်ချင်၊ မလုပ်ရဲ၊ သူများလုပ်လျှင်လည်း အားမပေး၊ ထောက်မခံ လုပ်တတ်ပေသည်။ သူတို့ထက် ဩဇာကြီးသွားမည်၊ သူတို့ကို ဩဇာလွှမ်းသွားမည်၊ သူတို့ဩဇာကျဆင်းသွားမည်၊ သူတို့အာဏာမဲ့သွားမည်ကို မလိုလား၍ မထောက်ခံကြခြင်း ဖြစ်၏။
ထို့ကြောင့် အဆိုပါသံဃာ့အဖွဲ့အစည်းမှ ဆရာကြီးများကို ဦးထိပ်တင်၍ ဆရာကြီးများ၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်မှသာ အဆင်ပြေချောမွေ့မည် ဖြစ်လေသည်။
ကျွန်ုပ်သည် ရဲနှင့်သံဃနာယကနှင့်တွဲ၍ ထိုကဲ့သို့ ဆောင်ရွက်ခဲ့ဖူး၏။ ဘီယာဆိုင်တွင်
မူးပြီး CD-OK ဆိုနေသည့် ရဟန်းတစ်ပါးကို ဆိုင်ရှင်တို့က မတားရဲ၍ ရဲကိုအကြောင်းကြားရာ ရဲက ကျွန်ုပ်အား အကူအညီတောင်းသဖြင့် လိုက်ခေါ်ပေးခဲ့ရပေသည်။ ပြီးလျှင် သံဃနာယကထံ အပ်နှံခဲ့၏။ နောက်တစ်ပါးမှာ မူးပြီး အရပ်ထဲမှာ သောင်းကျန်းနေ၍ သံဃာထုနှင့်သွားပြီး ခေါ်ဆောင်ခဲ့ရပေသည်။ ထိုတစ်ပါးကိုလည်း ရဲနှင့်သံဃနာယကထံ အပ်နှံလိုက်ပေသည်။

အုပ်စုဖွဲ့၍ အကြမ်းဖက်နေသည့်လူဆိုးဂိုဏ်းများကိုလည်း အာဏာပိုင်များ၊ သံဃာ့အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး သံဃာထုက သုတ်သင်ရှင်းလင်းပစ်သင့်ပေသည်။ 
ထိုသူတို့ရှိနေသမျှ သာသနာတစ်ရပ်လုံး သိက္ခာကျလေ၏။

No comments:

Post a Comment