........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Oct 19, 2012

“ဂျီဟက်အဓိပ္ပါယ်” အပိုင်း(၂)



-->
ဂျီဟဒ်အကြီးစားနှင့် ဂျီဟဒ်အသေးစား ခြားနားမှု”
၁၁ ရာစုခေတ် အစ္စလမ် ပညာရှင် Al-Khatib al-Baghadadi က သူရေးတဲ့ the history of Baghdad ဆိုတဲ့ စာအုပ်မှာ Jabir ibn Abd-Allah ရဲ့ Companion of Muhammad စာအုပ်မှာပါတဲ့ ဖော်ပြချက်ကို အောက်ပါအတိုင်း ကိုးကားထားပါတယ်။ တမန်တော်သည် စစ်ပွဲတစ်ခုမှအပြန် ကျွန်ုပ်တို့ကို  သင်တို့ဟာ ကောင်းသောပြန်လာခြင်းနဲ့ ပြန်လာခဲ့ကြတာဖြစ်တယ်၊ သင်တို့ဟာ အသေးစားဂျီဟဒ်မှ  မြင့်မြတ်သောစစ်ပွဲလို့ခေါ်တဲ့ ကိုယ့်အလိုဆန္ဒကိုဆန့်ကျင်ကာ အလ္လာအရှင်ရဲ့ တပည့်တစ်ယောက်အနေနဲ့ ကြိုးစားအားထုတ်မှုခေါ် အကြီးစားဂျီဟဒ်သို့ ရောက်ရှိလာတာဖြစ်တယ်လို့ ပြောပါတယ်။ ဒီကိုးကားချက်က အကြီးစားဂျီဟဒ်နှင့် အသေးစားဂျီဟဒ်လို့ ဂျီဟဒ်နှစ်မျိုး ကွဲပြားစေခဲ့ပါတယ်။ တချို့ အစ္စလမ်ပညာရှင်တွေကတော့ ဒီကိုးကားချက်ရဲ့ အရေးပါမှုနဲ့ ပတ်သက်လို့ အငြင်းပွါးကြပြီး ဂျီဟဒ်ရဲ့ အဓိပ္ပါယ်ကို မြင့်မြတ်သောစစ်ပွဲလို့ ဖွင့်ဆိုတာက ပိုအရေးပါတယ်လို့ ထင်မြင်ကြပါတယ်။
David Cook ဆိုတဲ့ မွတ်စလင်မဟုတ်တဲ့ ပညာရှင်ရဲ့ အလိုအရ ဘာသာရေး ဂျီဟဒ်က အကြမ်းဖက်မှုပါတဲ့ ဂျီဟဒ်ကို ဘယ်လိုမှ မလွှမ်းမိုးနိုင်ဘူးလို့ အောက်ပါ အတိုင်း သူ့အမြင်ကို ရေးထားပါတယ်။ ရှေးဟောင်းရော ခေတ်ပြိုင်ပါ မွတ်စလင်စာပေတွေကို လေ့လာကြည့်တဲ့အခါ ဘာသာရေးဂျီဟဒ်ရဲ့ အရေးပါမှုကို မျက်ကွယ်ပြုထားလို့ရတယ်ဆိုတဲ့ အထောက်အထားမျိုးတွေ့နိုင်ပါတယ်။ ဒီဘက် ခေတ်မှာ သေချာတာကတော့ ဂျီဟဒ်ဆိုတာ အဓိကအားဖြင့် အကြမ်းဖက်မှုမပါတဲ့ သဘောတရားလို့ (သို့မဟုတ်) ဘာသာရေးဂျီဟဒ်က အကြမ်းဖက်မှုပါတဲ့ ဂျီဟဒ်ကို လွှမ်းမိုးသွားပြီလို့ မွတ်စလင်မဟုတ်တဲ့ဘယ်သူကမှ အာရဗီစာ၊ ပါရှန်းစာ၊ အူရဒူစာလို ဘယ်ဘာသာစကားနဲ့မှ ကြွေးကြော်မှာ မဟုတ်ဘူးဆိုတာပါဘဲ။ အခုလိုမျိုး ကြွေးကြော်မှုကို ပြုလုပ်တာက အနောက်တိုင်းပညာရှင်များ အဓိကအားဖြင့် ဆူဖီဇမ် (Sufism) ကိုလေ့လာထားတဲ့ (သို့မဟုတ်) ဘာသာပေါင်းစုံ ဆွေးနွေးပွဲတွေမှာ အလုပ်လုပ်တဲ့ အနောက်တိုင်း ပညာရှင်တွေနဲ့ အစ္စလမ် ဘာသာကို လုံးဝအန္တရာယ်ကင်းတဲ့ ဘာသာအဖြစ် တတ်နိုင်သမျှ တင်ပြလိုကြတဲ့ မွတ်စလင်ကာကွယ်ရေး သမားတွေသာ ဖြစ်ပါတယ်။
အဇ္ဈတ္တရုန်းကန်လှုပ်ရှားမှုဟာ အကြီးစားဂျီဟဒ်ဖြစ်တယ်လို့ မိုဟာမက်က ပြောတယ်ဆိုပြီး ကိုးကားထားတာဟာ မယုံကြည်ရတဲ့ အရင်းအမြစ်ကလာတာပါလို့ မွတ်စလင် ဥပဒေပညာရှင် Ibn Hajar al-Asqalani ကဆိုပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ ဒီစကားဆင်းသက်လာမှု ဖြစ်စဉ်မှာ အားနည်းချက်ရှိနေတယ်လို့ ဆိုထားလို့ပါဘဲ။
                                                             
 “အကောင်းဆုံး ဂျီဟဒ်”
အာရပ်နွေဦးလှုပ်ရှားမှုအတွင်းမှာ အာရပ်နိုင်ငံများမှာ ဖြစ်ပွါးခဲ့တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများဟာ အစိုးရပိုင်းက အာဏာရှင်များရဲ့ အကြမ်းဖက်မှု ပစ်သတ်မှုများနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ဒီလိုပစ်ခတ်နှိမ်နင်းမှုများက ဆန္ဒပြသူများကို အားဖြစ်စေခဲ့တယ်၊ အကောင်းဆုံးဂျီဟဒ်လို့သူတို့ခေါ်တဲ့အပေါ် ပြင်းပြင်းထန်ထန် ယုံကြည်မှုကို အခြေခံကာ တော်လှန်ရေးဆီသို့ သယ်ဆောင်ပေးခဲ့တယ်။ နှိပ်စက်လွန်းတဲ့ ဆူလတန်တွေရှေ့မှာ တရားမျှတမှုကို ပြောဆိုခြင်းဟာ အကောင်းဆုံးဂျီဟဒ်ဘဲ ဆိုတဲ့ တမန်တော် မိုဟာမက်ရဲ့ စကားက အကောင်းဆုံးဂျီဟဒ်ကို အားဖြစ်စေ ခဲ့ပါတယ်။
စစ်မြေပြင်ဆိုင်ရာ အသုံးအနှုံးမှာတော့ ဂျီဟဒ်ကို စစ်ပွဲလို့ဖွင့်ဆိုပါတယ်။ အလ္လာရဲ့ တမန်တော် (မိုဟာမက်)ကို အကောင်းဆုံးဂျီဟဒ်ဆိုတာဘာလဲလို့မေးတော့ သင့်မြင်းလဲ သေပြီ သင့်ကိုယ်မှာလဲ သွေးအလိမ်းလိမ်းဖြစ်နေချိန်အထိ တိုက်ပွဲဝင်သူဟာ အကောင်းဆုံးဂျီဟဒ်ဘဲလို့ ဖြေထားတာကိုတွေ့ရပါတယ်။ ထို့အတူဘဲ နောက်ဆုံးသွေးစက်ကျသည်အထိ တိုက်ပွဲဝင်သူကိုလဲ အမြင့်ဆုံး ဂျီဟဒ်လို့ တမန်တော်ရဲ့စကားကို ကိုးကားပြီး ဖွင့်ဆိုတာလဲတွေ့ရပါတယ်။ ဆော်ဒီ အာရေးဗီးယားနိုင်ငံမှာရှိတဲ့ မက္ကာကို ဘုရားဖူးသွားခြင်းဟာ မွတ်စလင် အမျိုးသမီးတွေအတွက် အကောင်းဆုံးဂျီဟဒ်ဖြစ်တယ်လို့ မိုဟာမက်က သတ်မှတ် ပါတယ်လို့လဲ ဖော်ပြထားတာရှိပါတယ်။
                                                              
 “စိတ်ဓာတ်ပိုင်းဆိုင်ရာ အားထုတ်မှု”
မှန်ကန်တဲ့ ဂျီဟဒ်ရဲ့ ပန်းတိုင်ဟာ အစ္စလမ်ဘာသာ၊ ယုံကြည်မှုနှင့် မှန်ကန်တဲ့ အသက်မွေးမှုတို့အကြား ညီညွတ်မှုရရှိခြင်းဖြစ်တယ်လို့ မွတ်စလင်ပညာရှင် မာမွတ် အာယွဘ်က ဖော်ပြထားပါတယ်။ ခေတ်သစ်မှာတော့ ဂျီဟဒ်ကို ကိုယ်ကျင့်တရားနဲ့လူမှုရေးအစီအစဉ်ညီမျှမှု တည်ဆောက်ဖို့ကြိုးစား အားထုတ်ခြင်း လို့ ပါကစ္စတန်ပညာရှင် ပါမောက္ခ Fazlur Rahman malikက ဖွင့်ဆိုသလို တူနီးရှား သမ္မတ Habib Bourguibaက ဂျီဟဒ်ကို တူနီးရှားနိုင်ငံမှာ စီးပွါးရေးဖွံ့ဖြိုး တိုးတက်အောင် ကြိုးစားအားထုတ်မှုလို့ ဖွင့်ဆိုထားပါတယ်။
                                                                      
  “စစ်ပွဲ”
တမန်တော်သေဆုံးပြီးနောက် ပထမပိုင်းရာစုနှစ်အနည်းငယ်အတွင်းမှာ တိုးတက် လာတဲ့ ရှေးဟောင်းအစ္စလမ်ဥပဒေလေ့လာမှုများမှာ- အစ္စလမ်ဥပဒေ အောက်မှာ ခွင့်ပြုပေးလို့ရတဲ့ တစ်ခုတည်းသော စစ်ပွဲဟာ ဂျီဟဒ်ပါ၊ ဒီဂျီဟဒ်မှာ အစ္စလမ်ကိုမယုံကြည်သူများ၊ အစ္စလမ်ဘာသာကို ပစ်ပယ်သွားသူများ၊ သူပုန်များ၊ လမ်းဓားပြများနှင့် အစ္စလမ်အာဏာကို စွန့်လွှတ်ငြင်းဆန်ကြသူများကို ဆန့်ကျင်တဲ့ စစ်ပွဲလဲ ပါဝင်ပါတယ်။ စစ်ပွဲအသွင်ပါတဲ့ ဂျီဟဒ်ရဲ့ အဓိက ရည်မှန်းချက်က မွတ်စလင်မဟုတ်သူများကို မွတ်စလင်အဖြစ် သွတ်သွင်းခြင်းမျိုးမဟုတ်ဘဲ အစ္စလမ်နိုင်ငံချဲ့ထွင်ခြင်းနှင့် အစ္စလမ်နိုင်ငံကို ကာကွယ်ခြင်းဘဲဖြစ်ပါတယ်။ နောက်ပိုင်းရာစုနှစ်တွေမှာ အထူးသဖြင့် မွတ်စလင်ကမ္ဘာရဲ့နေရာများစွာကို ကိုလိုနီလုပ်လာတဲ့ခေတ် တစ်လျှောက်မှာတော့ စစ်သဘောမပါတဲ့ ဂျီဟဒ်ကို ပိုအလေးပေးလာခဲ့ပါတယ်။ ဒီဘက်ခေတ်မှာတော့ တချို့မွတ်စလင်စာရေးဆရာတွေ ဆိုရင် စစ်ပွဲဆိုတာ ကိုယ့်ပိုင်နက်ကို ကာကွယ်ဖို့နဲ့ တရားဝင် ဘာသာရေး လွတ်လပ်ခွင့်ကို ကာကွယ်ဖို့ လောက်ဘဲ သိထားပါတော့တယ်။

ကိုရမ်ကျမ်းက ကာကွယ်ဖို့စစ်ပွဲကိုသာ သတ်မှတ်ထားသလား မွတ်စလင်မဟုတ်သူ တွေကို ဆန့်ကျင်တဲ့ စစ်ပွဲတွေဆင်နွှဲဖို့ အမိန့်ပေးထားသလားဆိုတာ ကျမ်းစာမှာ ပါတဲ့ စကားတွေကို ရှင်းလင်းဖွင့်ဆိုမှုပေါ်မူတည်ပါတယ်။ ဘာကြောင့်လဲဆိုရင် မွတ်စလင် တွေ ဆင်နွှဲရမဲ့ စစ်ပွဲရဲ့ ရည်မှန်းချက်ကို တိတိကျကျဖော်ပြထားတာ မရှိသလို၊ ဂျီဟဒ်နဲ့ ပတ်သက်တဲ့ စာပိုဒ်တွေဟာလဲ စစ်ပွဲဆိုင်ရာကျင့်ဝတ်တွေကို ဆွေးနွေးထားတာ မျိုးမရှိဘဲ၊ အစ္စလမ်အရေးအတွက် တိုက်ပွဲဝင်မဲ့သူတိုးပွါးရေးသာ ဦးတည်တာတွေ့ရပါတယ်။
အစ္စလမ်ဥပဒေဆိုင်ရာ ရှေးဟောင်းလက်စွဲတွေမှာ လက်နက်ကိုင်စစ်ပွဲနဲ့ပတ်သက်တဲ့ ဥပဒေအများ အပြားပါရှိပါတယ်။ ဒီဥပဒေတွေထဲမှာ အမျိုးသမီးများ ကလေးသူငယ်များ၊ စစ်ပွဲမှာ မပါဝင်သူများ ကိုမသတ်ဖို့နဲ့ စိုက်ပျိုးသစ်ပင်များ လူနေအိမ်ယာများကို မဖျက်စီးဖို့လဲ ပါဝင်ပါတယ်။ သိပ်မကြာသေးခင်ကဘဲ ခေတ်သစ်မွတ်စလင်တွေက ဂျီဟဒ်သည် အဓိကအားဖြင့် မွတ်စလင်များနှင့် အစ္စလမ်ဘာသာကို ကာကွယ်ဖို့ ရည်ရွယ်တဲ့ ကာကွယ်ရေးစစ်ပွဲပါလို့ အစ္စလမ်ဘာသာလာ မူလအဆိုအမိန့်များကို ထပ်ဆင့်ဖွင့်ဆိုဖို့ကြိုးစားလာကြပါတယ်။ အချို့မွတ်စလင်ပညာရှင်တွေက ဂျီဟဒ်ကို အကောင်အထည်ဖော်တဲ့နေရာမှာ ခြားနားတဲ့ အယူအဆရှိကြသော်လဲ ဂျီဟဒ်မှာ ခွဲခြားဆက်ဆံမှုနဲ့ နှိပ်စက်ညှင်းပန်းမှုတွေကို ဆန့်ကျင်တဲ့ လက်နက်ကိုင်လှုပ်ရှားမှုအမြဲပါနေရမယ်ဆိုတဲ့သဘောတရားကို အားလုံးက သဘောတူကြပါတယ်။

No comments:

Post a Comment