........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Oct 26, 2012

"အတွင်းရန်သူ"

၂၀၁၂-ခု နိုဝင်ဘာလထုတ် မေတ္တာရှင် မဂ္ဂဇင်းပါ အရှင်ဝီရသူ၏ “အတွင်းရန်သူ”ဆောင်းပါး- (၂၀၀၈- အိုးဘိုထောင်၌ ရေးသားသည်)


                                          “အတွင်းရန်သူ”
                                                                                                                                                   အရှင်ဝိစိတ္တာဘိဝံသ( ၀ီရသူ )
မေတ္တရှင်ဆရာတော်သည် ၎င်းရေးသားသော မဂ္ဂဇင်းပါဆောင်းပါးသုံးပုဒ်ကို ဤစာအုပ်၌ စုစည်းဖော်ပြထား၏။  ဤစာအုပ်၏ အမည်ကိုလည်း ထိုဆောင်းပါးသုံးပုဒ်တွင် ပါဝင်သော “အတွင်းရန်သူ” ဆောင်းပါးအတိုင်း အမည်ပေးထား၏။
         အတွင်းရန်သူ ဟူသည် သတ္တ၀ါတို့၏ ကိုယ်တွင်းသန္တာန်၌ ဖြစ်ပေါ်လျက်ရှိသော သံယောဇဉ် ဆယ်ပါးပင် ဖြစ်၏။ ထိုဆယ်ပါးအနက် ကိုယ်နှင့်စိတ်ကို ဖွဲမီးပမာ တငွေ့ငွေ့ လောင်ကျွမ်း တတ်သော မနာလိုခြင်း ဣဿာ၊ ၀န်တိုခြင်း မစ္ဆရိယ ဟူသော အကုသိုလ်မျိုး တရားဆိုးတို့၏ သရုပ်သဏ္ဍာန်ကို ဦးစားပေးရေးဖွဲ့ထားသည့် စာအုပ်ဖြစ်၏။
တရားခံအစစ်။    ။ ကျွန်ုပ်သည် ဣဿာမစ္ဆရိယလောကသားတို့ကို တွေ့မြင်ခဲ့ရသဖြင့် သူတို့ကိုအကြောင်းပြု၍ ဤသို့ကောက်ချက်ချဖူး၏။
         ကိုယ်ဆင်းရဲခြင်း၏
         အဓိကတရားခံမှာလည်း
         ဣဿာမစ္ဆရိယပင် ဖြစ်၏။
         စိတ်မချမ်းမြေ့ခြင်း၏
         အဓိကတရားခံမှာလည်း
         ဣဿာမစ္ဆရိယပင် ဖြစ်၏။
         စိတ်နှလုံးပူလောင်ရခြင်း၏
         အဓိကတရားခံမှာလည်း
         ဣဿာမစ္ဆရိယပင် ဖြစ်၏။
        ပစ္စည်းဥစ္စာ မွဲတေခြင်း၏
        အဓိကတရားခံမှာလည်း
        ဣဿာမစ္ဆရိယပင် ဖြစ်၏။
       ကိုယ်အဆင်း ပိန်ကပ်မွဲခြောက်၍
       ကျက်သရေယုတ်ခြင်း၏

       အဓိကတရားခံမှာလည်း
       ဣဿာမစ္ဆရိယပင် ဖြစ်၏။
       လူမုန်းများခြင်း၏
       အဓိကတရားခံမှာလည်း
       ဣဿာမစ္ဆရိယပင် ဖြစ်၏။
       မျက်မှောက်ဘ၀၌သာမကဘဲ သံသရာဘဝ
       အဆက်ဆက်ထိ ၀ဋ်ခံရခြင်း၏
       အဓိကတရားခံမှာလည်း
       ဣဿာမစ္ဆရိယပင် ဖြစ်၏။
ဣဿာ မစ္ဆရိယရပ်ဝန်း။       ။ ဣဿာမစ္ဆရိယအားကြီး၍ ပျက်စီးကြရသော ရဟန်းဘ၀၊ လူဘ၀များ ကို မေတ္တာရှင်ဆရာတော်မှ ဇာတ်နိပါတ်ဝတ္တုတို့မှ ထုတ်နုတ်ဖော်ပြတော်မူ၏။ တကယ့်ဖြစ်ရပ်မှန် ဘ၀ဆိုး များကို ရှာဖွေတင်ပြထားသည်မှာလည်း လက်တွေ့ကျလွန်းလှပါသည်။
               သာဓုခေါ်လျှင် ကျွတ်နိုင်မှန်းသိပါလျက် သာဓုခေါ်စရာ ပါးစပ်ပေါက် ပါမလာ၍ ပြိတ္တာသံသရာ ကျင်လည်ရတော့မည့်အကြောင်း မြေးကလေးကို အိမ်မက်ပေးရှာသော ရန်ကုန်မြို့မှ ပြိတ္တာမကြီး အကြောင်း၊ ရဟန္တာ ဖြစ်မည့်ပစ္ဆိမဘ၀ိက(နောက်ဆုံးဘ၀)သားဖြစ်ပါလျက် ထိုတရားဆိုးနှစ်ပါးကြောင့် (၅၅)နှစ်တိုင်တိုင် မစင်စား၍ အသက်ရှင်ခဲ့ရသော ဇမ္ဗုကမထေရ်အကြောင်း၊ အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလာန်ကိုတောင် မနာလိုသူ၊ ကျောင်းဒကာ၏လဘ်လာဘကို ၀န်တိုသူ၊ အနာဂါမ် အရိယာကျောင်းဒကာ၊ အလှူရှင် စိတ္တသူကြွယ် ကိုတောင် အလိုဆိုးဖြင့် ပြစ်မှားမိသူ၊ ပုထုဇဉ်ဘ၀မှာသာ ရှိသေးသည့် ကျောင်းထိုင်အရှင်သုဓမ္မမထေရ်၏ ၀န်ချ တောင်းပန်ပွဲ၊ မနာလိုစိတ်ကြောင့် ရဟန်းသိက္ခာ၊ ရဟန်းဝိနည်းကိုတောင် အားမနာနိုင်ဘဲ သူတော်ကောင်း ရဟန်းကို လုပ်ကြံဖို့ရန်လာသော၊ လမ်းခုလတ် မှာတင် သူများမကောင်းကြံကိုယ့်ကိုဘေးဒဏ်ပြန်ထိသော၊ ရိုက်သူကိုမမြင်ရဘဲ ကျောပေါ်ကျကြိမ်ဒဏ် ကိုသာ နာကျင်စွာခံရသော၊ ကြောက်အားလန့်အား ပြေးပါလျက်နဲ့ ရိုက်ချက်က ကပ်လျက်ပါ၍ သတိလစ်မေ့လဲကျသွားသော၊ သေလွန်သောအခါ ဘီလူးဘ၀ရောက်ရှိသွားရရှာ သောဦးခေမိန္ဒ အကြောင်းတို့ကိုဖတ်ရသည်မှာ အံ့သြဖွယ် အဗ္ဘုတရသ၊ ထိတ်လန့်ခြောက်ခြားဖွယ် ဘယာနက ရသ၊ ကြင်နာသနားဖွယ် ကရုဏာရသ၊ ဒေါသအမြက်ထွက်ဖွယ် ရုဒ္ဓရသ၊ သင်ခန်းစာယူဖွယ် သံဝေဂရသတို့ကို ဖြစ်ပေါ်စေပါသည်။
တစ်သက်စာ သြ၀ါဒ။  ။ မောင်စန္ဒာသီရိရေ၊ မင်း ………ကြီးတဲ့အခါ ဘုန်းကြီးလုပ်မှာဖြင့် စာတတ်အောင်သင်၊ ဘုန်းကြီးလုပ်ပြီး စာမတတ်ရင် ငရဲကျမှာ သေချာတယ်။……စာမတတ်တဲ့ ဘုန်းကြီးကိုးကွယ်လို့ ဘာဗဟုသုတ မှမရတော့ လူတွေက စာတတ်တဲ့ဘုန်းကြီးဆီသွားကြတယ်ဆိုရင်၊ ဟော…….အလကားနေရင်း စိတ်ဆင်းရဲရပြီ၊ စာတတ်တဲ့ဘုန်းကြီးတွေကို ပျက်စီးရာပျက်စီးကြောင်း၊ ကြံပါလေရော။
အဲ့ဒီဘုန်းကြီးမျိုး သေလို့မှ အ၀ီစိမရောက်ရင် ဘယ်ရောက်စရာရှိတော့မတုံး။အေး……..ကိုရင်ကြီး လည်း ဘုန်းကြီးလုပ်မယ်ဆိုရင် အ၀ီစိမရောက်ဖို့ စာတတ်အောင်သင်၊ ကြားလား…….။
မောင်းထောင်ညောင်ကန်နယ်မှ ကျောက်ဂူဆရာတော်ကြီး၏ အထက်ပါသြ၀ါဒကြောင့် တပည့် အရှင်စန္ဒာသီရိသည် နောင်အခါ မုံရွာမြို့၊ မဟာဇောတိကာရာမ စာသင်တိုက်ကြီး၏ ဦးစီးပဲ့ကိုင် ဥသျှောင်ပဓါန နာယကမထေရ် ဖြစ်လာခဲ့သည်။
သာသနာကို  ချစ်တာလား၊ ဂိုဏ်းကို  ချစ်တာလား။     ။ မေတ္တာရှင်ဆရာတော်၏ အောက်ပါရင်ဖွင့်စာလေးက နှောင်လူတို့ သတိမူစရာပင်။
                                     “ဂိုဏ်းမတူရင် ကျောင်းမဆောက်ရ”
" ဘာသာခြားပလီများ၊ ဘုရားရှစ်ခိုးကျောင်းများ၊ ဟောတစ်လုံး ဟောတစ်လုံး ပေါ်နေသောအခါတွင် ကိုယ်နှင့် မဆိုင်သလို လက်ပိုက်ကြည့်နေခဲ့ကြသော ဗုဒ္စဘာသာဘုန်းကြီးများသည် မိမိတို့ဗုဒ္စဘာသာ ဘုန်းကြီးကျောင်း တစ်ကျောင်းပေါ်ပေါက်လာရေးကြမှ အဘယ့်ကြောင့်ထ၍ ကန့်ကွက်နေကြသနည်း။ ကန့်ကွက်သောဘုန်းကြီး များ၏ အကြောင်းပြချက်ကား ဂိုဏ်မတူသောကြောင့်ဟူ၍ " ( စာ- ၂၇ )
               လွန်ခဲ့သော ဆယ်နှစ်ကျော်ကဖြစ်သည်။ ကျွန်ုပ်၏ဖခင်ဘက်မှ တော်စပ်သော မြို့ကလေးတစ်မြို့မှ (ဘကြီးဘုန်းကြီး ) ဆရာတော်ကြီးတစ်ပါးက စာသင်တိုက်ဖွင့်စေလိုသော ရည်ရွယ်ချက်ဖြင့် ကျွန်ုပ်အားအမွေ ပေးခဲ့၏။ စာချုပ်စာတမ်းဖြင့်ကျောင်းလွဲအပ်သည့်အချိန်ရောက်သောအခါမှ ဆရာတော်ကြီး၏ ဂိုဏ်းဝင်ဘုန်းကြီး များက၀ိုင်းဝန်း၍ ကန့်ကွက်လေတော့၏။ ထိုသူတို့၏ အကြောင်းပြချက်ကိုလည်း ကြည့်စေချင်ပါသည်။
          " ပရိယတ္တိ အရည်အချင်းမှာလည်း အရှင်ဘုရားကသာပါတယ်။ ဆရာတော်ကြီး၏ မြေးအရင်းဖြစ်လို့ လည်း ပြောစရာမလိုပါ။ မြို့ပေါ်မှာလည်းစာသင်တိုက်ရယ်လို့ တစ်ခုတစ်လေမှမရှိသေးလို့ ကြိုဆိုပါတယ်။ သို့ပေမယ့် ဂိုဏ်မတူလို့ သဘောမတူနိုင်ပါ " ဟူ၏။
         ထိုဂိုဏ်းမှ ဂိုဏ်းဝင်ဘုန်းကြီးများသည် ကျောင်းတိုင်းကျောင်းတိုင်း၌ သန္တကဖွဲ့၍ စာချုပ်ထားကြ၏။ တစ်ချို့ကျောင်း၌ လေးပါးပိုင် စတုသန္တက၊ တချို့ ကျောင်း၌ ရှစ်ပါးပိုင် အဋ္ဌသန္တက စသည်ဖြင့် စာချုပ်ထား ကြ၏။ သန္တကအဖွဲ့ဝင်များအားလုံးသည် ကျောင်းထိုင် ဘုန်းကြီးများ ဖြစ်ကြ၏။ ကိုယ့်ကျောင်းကို ထိုင်ရုံတင်မကဘဲ သူများထိုင်သည့်ကျောင်းကိုပါ ပိုင်ဆိုင်ဖို့ စီစဉ်ထား ကြခြင်းဖြစ်၏။ ရည်ရွယ်ချက်ကား ဂဏန္တရ (ဂိုဏ်တစ်ပါး) မှ သံဃာများလက်ထဲ ကျောင်းရောက်မသွားရန် ဖြစ်၏။ ထိုသန္တကစည်းမျဉ်းကြောင့် ကျောင်းထိုင်ဘုန်းကြီး ပျံလွန်လျှင် ကျောင်းဒကာကဖြစ်စေ၊ မြို့ရွာကဖြစ်စေ အရည်အချင်းရှိသော၊ သာသနာ့စိတ်ရှိသော သာသနာပြုရဟန်းတော်များကို ပင့်ဖိတ်ခွင့်မရှိတော့ပေ။ အဆိုပါ အဖွဲ့ဝင်ဆရာတော်များ၏ စီမံမူကိုသာခံယူရတော့၏။ ထို့ကြောင့် စာတတ်သည်ဖြစ်စေ၊ မတတ်သည်ဖြစ်စေ၊ တောထွက်သည်ဖြစ်စေ၊ တောမထွက်သည်ဖြစ်စေ မျက်စိမှိတ်၍ ကိုးကွယ်ရတော့၏။ ထို့ကြောင့်ပင် မြို့ပေါ်၌ ဘုန်းကြီးကျောင်း(၃၅)ကျောင်းအနက် (၂၃)ကျောင်းမှာ တောထွက်များဖြစ်ပြီး၊ ကျန်(၁၂) ကျောင်းမှာလည်း ဓမ္မာစရိယဘွဲ့ရသူဟူ၍ တစ်ပါးနှစ်ပါးမျှသာရှိလေသည်။ စာသင်တိုက်မရှိသော ထိုမြို့လေး၏ သာသနာကို အဘယ်သူဦးဆောင်မည်၊ မြို့သူမြို့သားတို့၏ ဘာသာရေးအသိဉာဏ် မည်မျှနိမ့်ကျနေမည်ကို မှန်းဆ၍ ကြည့် နိုင်ပေသည်။
         မည်သူမဆို မိမိဂိုဏ်းကို မိမိချစ်မည်သာဖြစ်၏။ သို့သော် ဂိုဏ်းကိုချစ်သလိုလိုနှင့် ဂိုဏ်းကိုမနှစ်ကြ ရန်လို၏။ ဂိုဏ်းကိုနှစ်သောအားဖြင့် သာသနာကို မပစ်ကြရန် ပို၍လိုအပ်၏။ ဤသည်ကို ဂိုဏ်းစွဲဘုန်းကြီး များ အထူးသဖြင့် သိစေလိုပါသည်။
ဂိုဏ်းကွဲလျှင် မှိုင်းစွဲခံရမည်။   ။ မေတ္တာရှင်ဆရာတော်က ဂိုဏ်းစွဲခြင်း၏ အကျိုးအဆက်များကို ဤသို့ ထုတ်ပြ ထားသည်ကိုတွေ့ရ၏။
" တပည့်တော်တို့ မြန်မာပြည်မှာ ဘုန်းကြီးကိုးကွယ်ကြတာ ဒကာ/ ဒကာမ နှစ်မျိုးတွေ့ရတယ် တစ်မျိုးက ဂိုဏ်းဂဏမရွေး သံဃာမှန်သမျှ ကိုးကွယ်တဲ့ ဒကာ/ ဒကာမ၊ တစ်မျိုးက ဂိုဏ်းဂဏရွေးချယ်ပြီး ကိုယ့်ဂိုဏ်း သံဃာမှ ကိုးကွယ်တဲ့ ဒကာ/ ဒကာမ အဲ့ဒီနှစ်မျိုးအနက် ဂိုဏ်းဂဏမရွေးတဲ့ ဒကာ/ ဒကာမတွေ ကသာ သံသရာ မှာအထက်တန်းက နေရမှာပဲ။
       " ဂိုဏ်းဂဏ မရွေးချယ်တဲ့သူက ဘုန်းကြီးမှန်လျှင် ဘယ်ဘုန်းကြီးဘဲဖြစ်ဖြစ် ၀တ်ချမှာဘဲ၊ လှူစရာရှိ လှူ မှာပဲ။ ဒီတော့ဘုန်းကြီးတွေ့တိုင်း ကုသိုလ်ဖြစ်တာပေါ့။ ဂိုဏ်ဂဏရွေးတဲ့သူက ကိုယ့်ဂိုဏ်းဘုန်းကြီးမှ ၀တ်ချချင်၊ လှူချင်မှာ သူများဂိုဏ်းကဘုန်းကြီးဆိုရင် ၀တ်ချချင်မှ ချမှာ၊ လှူချင်မှလှူမှာ၊ ဒီတော့သူများဂိုဏ်းက ဘုန်းကြီး တွေ့လျှင် သူ့မှာ ကုသိုလ်ဖြစ်မှာမဟုတ်ဘူး "   ( စာ- ၃၃-၃၄ )
         ထို့ကြောင့် ဂိုဏ်းခွဲလျှင် ဂိုဏ်းကွဲမည်သာ ဂိုဏ်းကွဲလျှင် မှိုင်းစွဲမည်သာ၊ ထိုမှတစ်ဆင့် မှိုင်းစွဲလျှင် ၀ိုင်းဆဲ ခံရမည်သာ ဖြစ်ပါ၏။ သတိပြုတော်မူကြပါကုန်။
အတွင်းရန် နှစ်မျိုး။    ။ ရန်သူဟူသည် ကိုယ်တွင်းရန်သူ၊ ကိုယ်ပရန်သူ၊ သာသနာတွင်း ရန်သူ၊ သာသနာ ပ ရန်သူဟူ၍ နှစ်မျိုးရှိ၏။ ထိုနှစ်မျိုးနှစ်စုံအနက် ကိုယ်တွင်းရန်ရော၊ သာသနာတွင်းရန်ကိုပါ အတွင်းရန်သူ ဟု ဤစာအုပ်၌ ဆိုထားသည်ကို တွေ့ရ၏။
            ဤစာအုပ်ဖတ်ခြင်းအားဖြင့် ဘုရားကိုးဆူ သမိုင်းဇာစ်မြစ်ကို သိရမည်ဖြစ်ပြီး၊ ထိုဘုရားကိုးဆူ ပူဇော်ခြင်း၌ ဂြိုလ်စောင့်နတ်များ၊ မဟာပိန္နဲ၊ သူရဿတီ စသောဘာသာခြားနတ်များကို ထည့်သွင်းပူဇော် လာ ခြင်းသည် ထေရ၀ါဒကို အင်အားချည့်နဲ့အောင် ဖျက်ဆီးနေကြခြင်းပင် ဖြစ်သည်ကိုလည်းကောင်း သိရှိခွင့်ရမည် ဖြစ်၏။
            အကြံအဖန်ကိုသာ အရိုးစွဲ ပူဇော်လာကြ၍ အမှန်အကန်ဘုရားကိုးဆူကို ပူဇော်မည့်သူ မရှိတော့ ကြောင်း၊ ဘုရားကိုးဆူဆရာ ဦးကျော်ဝင်း၏ ရင်ဖွင့်ချက်ကလည်း ငိုရမလို၊ ရယ်ရမလိုပင်။ ကိုးကွယ်မူအဆင့် အတန်း နိမ့်ကျလွန်းသော ရွှေမြန်မာတို့အတွက် အလွန်တရာပင် ရင်လေးစရာဖြစ်နေ ပါ၏။
       နတ်ကတော်တစ်ယောက်၏ ဖွင့်ဟ၀န်ခံချက်ကြောင့် နတ်ကတော်တို့၏လျှို့ဝှက်ချက်ကို သိမြင်ပြီး၊ ကိုးကွယ်မူအဆင့်အတန်းကို ရွှေမြန်မာတို့ကို မြှင့်တင်စေချင်သော စေတနာသည် မေတ္တာရှင်ဆရာတော်၌ ထင်ရှားပေါ်လွင်နေသည်ကို တွေ့ရပါ၏။
နေရာမှန် အတ္တ ။       ။ နွားချိုလို အချင်းချင်းဝှေ့ဖို့သာ ရည်ရွယ်သော အတ္တလည်းရှိ၏။ ၀က်စွယ်လို ရန်သူအ စစ်ကိုချေမှုန်းပစ်ဖို့သာ ရည်ရွယ်သောအတ္တလည်းရှိ၏။  ထိုနှစ်မျိုးတွင် ကျွန်ုပ်တို့ရဟန်းသံဃာတို့ သည် ခေတ် ဟောင်းကာလ၌ နွားချိုလို အတ္တမျိုးကို ကျင့်သုံးခဲ့ကြသည်ကို တွေ့ရ၏။ ခေတ်သစ်  ရဟန်းတော်တို့သည် ၀က်စွယ်လို အတ္တမျိုးကို ကျင့်သုံးလာကြပြီဖြစ်သည်။ သာသနာအတွက် အားတက် စရာပင်။
     "  မြန်မာပြည်၌လည်း မြန်မာတို့ဘာသာသည် ဗုဒ္ဓဘာသာမှ ဟုတ်ပါလေစ။ နတ်များဂြိုလ်များကိုကိုးကွယ် နေသည့် ဘာသာဖြစ်နေရော့သလားဟု နိုင်ငံခြားသားများ အထင်မှားလောက်အောင်ပင် ကြောက်ခမန်းလိလိ သည်းခံနေတတ်ကြ၏။ " ( စာ-၉၇ )
           အချုပ်အားဖြင့် ဗုဒ္ဓဘာသာဝင်မြန်မာတို့ မှားယွင်းချက်သည် မိမိတို့နှင့် မသက်ဆိုင်သော အယူဝါဒဟူ သမျှကို လိုက်လျောနေခြင်းဖြစ်ပေသည်။
        မြန်မာပြည်၌ နတ်ကိုးကွယ်မူများ ကြီးထွားလာခြင်းမှာ နတ်ကတော်များ၏မီဒီယာက အစွမ်းထက်ပြီး ဓမ္မ ကထိကများ၊ ဆရာတော်သမားတော်များ၏ ဆုံးမသြ၀ါဒပေးမူက နည်းပါးနေသောကြောင့် ဖြစ်၏။ ထို့ကြောင့် နတ်ကတော်တို့၏ အယူမှားမီဒီယာကို ဗုဒ္ဓဒေသနာတော်ဖြင့် ကျယ်ကျယ်ပြန့်ပြန့်   ချေပပစ် ရပေမည်။ သို့မှသာ ထေရ၀ါဒသာသနာတော်မြတ်ကြီး သန့်ရှင်းဝင်းပ၍ ကြည်လင် အေးမြနေမည်ဖြစ်ပါ၏။ ဤတာဝန်သည် သံဃာ့ တာဝန်အစစ်ဖြစ်ပါ၏။
ဓမ္မလက်ဆောင် ။       ။ မေတ္တာရှင်ဆရာတော် သာသနာပြုရန်အတွက် လိုအပ်သောအချက်များကို မာဃဒေ၀ လင်္ကာသစ်မှ ကောက်နုတ်တင်ဆက်လိုက်သည်။

အတွင်းရန်သူ  စာ- ၇ ၌ အသုံးပြုရန်
တရားမကြိုက်၊ လျှာဒုစရိုက်နှင့်
လူမိုက်တစ်သောင်း၊ ချီးမွမ်းရှောင်းလည်း၊
သူကောင်းတစ်ယောက်၊ ပြစ်တင်ကြောက်လော့
ရှေ့နောက်မဆ၊ လူ့ဗာလတို့၊
ဂုဏဒေါသ၊ နှစ်ဝကျိုးပြစ်၊
စိစစ်မြော်မြင်၊ မဆင်ခြင်ဘူး၊
ဆိုချင်မက်မော၊ ဆိုလျှင်ဆောဖြင့်၊
သဘောအလိုက်၊ တုတ်နှင့်ရိုက်သို့၊
သူမိုက်ချီးမွမ်း၊ ဂုဏ်နာနွမ်း၏။
                               မဃဒေ၀ ။ ၂၆၁ ။ ပဒ
စာ-၇၇  မိစ္ဆာဒိဋ္ဌိ (၃) မျိုး၌ အသုံးပြုရန်
မိစ္ဆာဒိဋ္ဌိ ၊ ယူဘိတိမ်းစောင်း၊
သူအပေါင်းကား၊ အကြောင်းမရှု၊
မကောင်းမှုကို၊ မပြုဟူသည်၊
တမည်မရှိ၊ ပြုသည်တိကြောင့်၊
ဝီစိအထဲ၊ ငရဲဘ၀၊
ယေဘုယျဖြင့်၊ မထနိုင်ပြီ၊
ပထ၀ီဂေါပက၊ ဟူထတုံဘိ၊
သုဂတိမျှ၊ မသိဝေးကွာ၊
လူနတ်ရွာနှင့်၊ ဖီလာကွယ်ထောင့်၊
မြေစောင့်ဝဋ်ငုတ်၊ မပြုတ်-နိုင်စွာ၊
ငရဲရွာဝယ်၊ မီးစာဖြစ်လျက်၊
ကမ္ဘာပျက်လည်း၊ စင်္ကြ၀ဠာတစ်ပါး၊
ပြောင်းသွားခံရ၊ အလွတ်ကြတည့်၊
နိယတမိစ္ဆာ၊ ပြစ်ကြီးစွာ၏၊
ကမ္ဘာသာကြေ၊ ကံမကျေဘူး၊
အာသေ၀န၊ ပစ္စယဖြင့်၊
ဘ၀အဆက်ဆက်၊ ယူမပျက်ဘဲ၊
နရက်၌သာ၊ ကျင်လည်ရာ၏၊
တစ်လည်တစ်ပတ်၊ လူနတ်လည်းကောင်း၊
ဖြစ်လားရှောင်လည်း၊ မညောင်းမညာ၊
ခဏတာမျှ၊ မာကာလျှင်မော၊
ပျက်လွယ်စော၏၊ မနောယုတ်မာ၊
ဖြစ်တိုင်းပါခဲ့။
မဃ- ၂၆၂ ။ ပဒ ။ ဒုကနိပါတ်၊ ဒဓိဝဟနဇာတ်

                           မေတ္တာအာသီသ
မေတ္တာရှင်ဆရာတော်၏ အတွင်းရန်သူစာအုပ်ကို ဖတ်ရ၍ စာရှုသူအပေါင်း သူတော်ကောင်းတို့သည် ကိုယ်တွင်းရန်ရော၊ သာသနာတွင်းရန်ကိုပါ တွန်းလှန် တော်လှန်နိုင်သော သူတော်ကောင်းကြီးများ မလွဲမသွေ ဖြစ်ကြပါစေသော်ဝ်။
                                                                                                                                                         အရှင်ဝိစိတ္တာဘိဝံသ ( ၀ီရသူ )

No comments:

Post a Comment