........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Jan 7, 2014

တစ်ကမ္ဘာကို ဘယ်လောက်ကြာသလဲ ( သို့ ) ကပ်ကြီး လေးကပ်အကြောင်း


ကပ္ပ-ဟူသော ပါဠိကို ကမ္ဘာ-ဟု မြန်မာပြန်ပါသည်၊
နှစ်ပေါင်းမည်၍မည်မျှရှိသည်ဟု အတိအကျမသိနိုင်၊ မရေတွက်နီုင်သဖြင့် ကြံဆ၍သိအပ်သော ကာလအပိုင်းအခြား တခုကို ကပ္ပ-ကမ္ဘာ-ဟုခေါ်ပါသည်။

ကြံဆ၍သိအပ်ပုံကား-
အလျား အနံ အမြင့် တယူဇနာစီရှီသော တိုက်ကြီးတလုံးထဲ၌ အလွန်သေးငယ်သော မုန်ညင်းဖြူစေ့ ကလေးများ အပြည့်ထည့်ထားပြီး နှဏ်ပေါင်း တရာတရာလွန်သောအခါမှ တစေ့တစေ့သာ ယူပစ်သဖြင့် ထိုမုန်ညင်းစေ့ပုံကြီး ကုန်သွားသော်လည်း တကမ္ဘာ-ဟုခေါ်သော အချိန်ကာလကား မကုန်နိုင်သေး-ဟူ၍ ဥပမာ ပြကြပါသည်။


ကမ္ဘာ-ဟုခေါ်သော ထိုကပ် ( ကပ္ပ ) သည်
၁။ မဟာကပ်
၂။ အသင်္ချေယျကပ်
၃။ အန္တရကပ်
၎။ အာယုကပ် ဟူ၍ လေးမျိုးရှိသည်။

မဟာကပ်တခုကို တကမ္ဘာဟု ခေါ်ခြင်းဖြစ်သည်။
ထိုမဟာကပ်တခုသည် အသင်္ချေယျကပ် လေးခုနှင့်ညီမျှသည်။

အသင်္ချေယျကပ် လေးခုကား 

  • သံဝဋ္ဋကပ် (ကမ္ဘာပျက်ဆဲ)၊
  • သံဝဋ္ဋဌာယီကပ် (ပျက်ပြီးတည်နေဆဲကာလ)၊
  • ၀ိဝဋ္ဋကပ် (ကမ္ဘာပြန်လည်ဖြစ်လာဆဲကာလ)၊
  • ၀ိဝဋ္ဋဌာယီကပ် (ကမ္ဘာဖြစ်ပြီးတည်နေဆဲကာလ) တို့ဖြစ်သည်။

ထိုတွင်
၁။ ကမ္ဘာဖျက်မိုး ရွာသည်မှစ၍ မီးဖြင့်ပျက်မည့် ကမ္ဘာဖြစ်လျှင် မီးလျှံ စပ်သည့်တိုင်အောင်၊
ရေဖြင့်ပျက်မည့်ကမ္ဘာဖြစ်လျှင် ရေရပ်စဲသည့်တိုင်အောင်၊
လေဖြင့်ပျက်မည့်ကမ္ဘာဖြစ်လျှင် လေရပ်စဲသည့်တိုင်အောင်သော အချိန်ကာလကို သံဝဋ္ဋကပ်-ပျက်ဆဲ အချိန်ဟု ခေါ်သည်။

၂။ မီး ရေ လေ တခုခုဖြင့် ပျက်စီးသည်မှစ၍ ကမ္ဘာပြုမိုး ရွာသည့်တိုင်အောင်သော အချိန်ကာလကို သံဝဋ္ဋဌာယီကပ်-အပျက်အတိုင်းတည်သော အချိန်ဟုခေါ်သည်။

၃။ ကမ္ဘာပြုမိုး ရွာသည်မှစ၍ နေလ နက္ခတ်တာရာတို့ ပေါ်ထွက်လာသည့်တိုင်အောင်သော အချိန်ကာလကို ၀ိဝဋ္ဋကပ်-ဖြစ်ပေါ်တိုးတက်ဆဲ အချိန်ဟု ခ်ါသည်။

၎။ နေလနက္ခတ်တာရာတို့ ပေါ်ထွက်လာသည့် အချိန်မှစ၍ နောက်တဖန် ကမ္ဘာဖျက်မိုး ရွာသည့်တိုင်အောင်သော အချိန်ကာလကို ၀ိဝဋ္ဋဌာယီကပ်-ဖြစ်ပေါ်တိုးတက်လာပြီးနောက် တည်တံ့နေသော အချိန်ဟုခေါ်သည်။

အထက်ပါ အသင်္ချေယျကပ် လေးမျိုးတို့တွင် ၀ိဝဋ္ဋဌာယီကပ် အတွင်း၌သာလျှင် လူ့ပြည်၌ လူသတ္တ၀ါများ ဖြစ်ပေါ်လာကြသည်၊ ထိုလူသတ္တ၀ါတို့သည် ကမ္ဘာဦးအစတွင် နှစ်ပေါင်းအသင်္ချေ အသက်ရှည်ကြသည်၊
သို့သော် နောက်ပိုင်းတွင် လောဘ ဒေါသစသည့် အကုသိုလ်တရားများ ထူပြောလာ၍ သက်တမ်းတဖြည်းဖြည်း ဆုတ်ယုတ်သွားရာ ဆယ်နှစ်တမ်းအထိ ရောက်သွားသည်၊
ထို့နောက် လူတို့က ကုသိုလ်တရားများကို ကျင့်သုံးကြပြန်သဖြင့် ဆယ်နှစ်တမ်းမှ အနှစ် ၂၀၊ အနှစ် ၄၀-စသည်ဖြင့် တဆထက်တဆ တိုးတက်ကာ အသက်အသင်္ချေယျတမ်းသို့ ရောက်သွားကြပြန်သည်၊ ဤသို့ လူတို့သက်တမ်း အသင်္ချေယျမှ ဆယ်နှစ်တမ်းအထိ ဆုတ်သွားပြီး၊ တဖန် ဆယ်နှစ်တန်းမှ အသင်္ချေယျအထိ ပြန်တက်သွားသည့် အချိန်ကာလ (ဆုတ်ကပ် တက်ကပ် တစုံ) ကို အန္တရကပ် တခုဟုခေါ်ပါသည်။

လူတို့ သက်တမ်းဆုတ်ယုတ်ရာတွင် လောဘလွန်ကဲမှုကြောင့် ဆုတ်ယုတ်ခြင်းဖြစ်လျှင် နောက်ဆုံး၌ လူတို့သည် ငတ်မွတ်ခြင်းဘေး-ဒုဗ္ဘိက္ခန္တရကပ် ကျရောက်၍ သေကြေပျက်စီးကြရသည်။

ဒေါသလွန်ကဲမှုကြောင့် ဆုတ်ယုတ်ခြင်းဖြစ်လျှင် အချင်းချင်း လက်နက်ဖြင့် သတ်ဖြတ်ခြင်း-သတ္ထန္တရကပ် ကျရောက်၍ သေကြေပျက်စီးကြရသည်။

မောဟလွန်ကဲမှုကြောင့် ဆုတ်ယုတ်ခြင်းဖြစ်လျှင် ရောဂါဆိုး ကျရောက်ခြင်း-ရောဂန္တရကပ်ဖြင့် သေကြေပျက်စီးကြရသည်ဟု ဆိုပါသည်။

ဝိ၀ဋ္ဋဌာယီကပ်တခု၌ အန္တရကပ်ပေါင်း (၆၄)ခု ရှိသည်၊
သံဝဋ္ဋကပ်စသည့် ကျန်အသင်္ချေယျကပ် သုံးခုတို့သည်လည်း အန္တရကပ်ပေါင်း (၆၄)ခုနှင့် အသီးသီး ညီမျှကြသည်။ ထို့ကြောင့် တကမ္ဘာဟုခေါ်သော မဟာကပ်တခု၌ အသင်္ချေင်္ယျကပ်ပေါင်း လေးခုရှိသည်။ အန္တရကပ်ပေါင်းကား ( ၆၄-၄=၂၅၆ ) ကပ်ရှိသည်ဟု အချုပ်အားဖြင့် မှတ်ယူနိုင်ပါသည်။

ထိုထိုအချိန်ကာလ အားလျော်စွာ တည်ရှိသောလူတို့၏ သက်တမ်းကို အာယုကပ်ဟုခေါ်ပါသည်။ လူတို့ သက်တမ်းတရာဖြစ်လျှင် နှစ်ပေါင်းတရာသည် အာယုကပ် တခု ဖြစ်သည်။
သက်တမ်းတထောင်ဖြစ်လျှင် နှစ်ပေါင်းတထောင်သည် အာယုကပ်တခု ဖြစ်သည်။
သက်တမ်းရှည်လွန်းသောခေတ်၌ လူတို့အား အနိစ္စ ဒုက္ခတရားများ ထင်မြင်ရန် ခဲယဉ်းသည်၊
သက်တမ်းတိုလွန်းသောခေတ်၌ လူများသည်လည်း လောဘ ဒေါသ ထူပြောလွန်းသောကြောင့် ထိုတရားများကို မြင်ရန်မလွယ်ကြ၊
ထို့ကြောင့်မြတ်စွာဘုရားတို့သည် သက်တမ်းတသိန်းအထက်၌၄င်း၊ သက်တမ်းတရာအောက်၌၄င်း၊ မပွင့်ကြပဲ ထိုသက်တမ်းနှစ်ခုကြား၌သာ ပွင့်တော်မူကြသည်။
ဂေါတမမြတ်စွာဘုရားကား သက်တမ်း တရာခေတ်၌ ပွင့်တော်မူသည်ဖြစ်၍ သက်တမ်းအတိုဆုံး မြတ်စွာဘုရား ဖြစ်လေသည်။

( ကမ္ဘာနှစ်မျိုးနှင့် ကမ္ဘာငါးမျိုး )
သတ္တ၀ါတို့ ဖြစ်ပေါ်ရာ ကမ္ဘာသည်
မြတ်စွာဘုရားတို့ ကင်းဆိတ်သော
(၀ါ) မြတ်စွာဘုရားတဆူမျှ မပွင့်သော သုညကမ္ဘာနှင့်
မြတ်စွာဘုရားတို့မှ မကင်းဆိတ်သော
(၀ါ) မြတ်စွာဘုရား အနည်းဆုံး တဆူဖြစ်စေ ပွင့်သော အသုညကမ္ဘာဟူ၍ နှစ်မျိုးရှိသည်။

တဖန် ထိုအသုညကမ္ဘာသည်လည်း-
၁။ ဘုရားတဆူသာပွင်သော သာရကမ္ဘာ
၂။ ဘုရားနှစ်ဆူပွင့်သော မဏ္ဍကမ္ဘာ
၃။ ဘုရားသုံးဆူပွင့်သော ၀ရကမ္ဘာ
၎။ ဘုရားလေးဆူပွင့်သော သာရမဏ္ဍကမ္ဘာ
၅။ ဘုရားငါးဆူပွင့်သော ဘဒ္ဒကမ္ဘာဟူ၍ ငါးမျိုးရှိသည်။

ယခုရောက်ဆဲကမ္ဘာသည် ဘဒ္ဒကမ္ဘာဖြစ်၍ ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမ ဟူသော ဘုရားလေးဆူ ပွင့်ခဲ့ပြီး နောင်တွင် အရိမေတ္တေယျ ဘုရားတဆူ ပွင့်ရန်ရှိပါသည်။

ဂေါတမဗုဒ္ဓ အလောင်းတော်သည် လွန်ခဲ့သော လေးသင်္ချေနှင့် ကမ္ဘာတသိန်းထက်တွင် ဒီပင်္ကရာမြတ်စွာဘုရားထံ၌ ဘုရားဆုကို ပန်ခဲ့သည်။
ထိုကမ္ဘာ၌ ဘုရားလေးဆူ ပွင့်တော်မူရာ ဒီပင်္ကရာမြတ်စွာဘုရားသည် စတုတ္ထမြောက် ဖြစ်သည်။
ထိုဘုရားလေးဆူနှင့်တကွ ဂေါတမမြတ်စွာဘုရားကိုပါ ထည့်သွင်း ရေတွက်ပါမှ လေးသင်္ချေနှင့် ကမ္ဘာတသိန်း အတွင်း၌ မြတ်စွာဘုရားပေါင်း ( ၂၄ ) ဆူသာ ပွင့်ခဲ့သည်။

ဘုရားပွင့်သောကမ္ဘာကား ( ၁၁ ) ကမ္ဘာမျှသာ ရှိခဲ့သည်။ ကျန်သောကမ္ဘာပေါင်း ( ၉၉၉၈၉ ) ကမ္ဘာတို့မှာ ဘုရားမှဆိတ်သုဉ်းသော သုညကမ္ဘာများသာ ဖြစ်ကြသည်။ ထို့ကြောင့်ပင် ဗုဒ္ဓုပ္ပါဒေါ ဒုလ္လဘော-ဘုရားတဆူ ဖြစ်ပေါ်လာခြင်းကို ရခဲလှပေ၏-ဟူ၍ ဟေကြားတော်မူခြင်း ဖြစ်ပါသည်။
 
( ဆောင်ပုဒ် )
တဆူသာရ ၊ နှစ်မဏ္ဍ ၊ ၀ရ သုံးဆူသာ ။
သာရ မဏ္ဍ ၊ လေးဆူပြ ၊ ဘဒ္ဒငါးဆူပါ ။
တဆူသော်မျှ ၊ မပွင့်က ၊ သုည ကပ်ကမ္ဘာ ။

No comments:

Post a Comment