........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Jan 23, 2014

ရှေးပအိုဝ်း သမိုင်း အစဉ်အလာကို မှေးမိန်အောင် ဘယ်သူက လုပ်နေတာလဲ

အရင်တုန်းက ပအိုဝ်းအမျိုးသားနေ့ကို သူရိယစန္ဒာမင်း တည်ထားကိုးကွယ်ခဲ့တဲ့ သထုံမြို့ ရွှေစာရံ ဘုရားဝင်းထဲမှာပဲ စုဝေးပြီး မင်းကြီးရဲ့ ဂုဏ်ကျေးဇူးကို ချီးမွမ်းရင်း ရိုးရာအခမ်းအနားတွေ၊ ယဉ်ကျေးမှု အကပဒေသာတွေ၊ ကျွေးမွေး လှူဒါန်းပွဲ အစဉ်အလာတွေနဲ့ တစု၊တစီတည်း နှစ်စဉ် စည်စည်ကားကား ကျင်းပခဲ့ပါတယ်။
...
သထုံနေ ပအိုဝ်းတွေ နှစ်စဉ် ရွှေစာရံ ဘုရားဝင်းအတွင်း စုဝေးပြီး ရိုးရာယဉ်ကျေးမှု ဆန်ဆန် အမျိုးသားနေ့ပွဲလုပ်တာ သမိုင်းအရ အနှစ်သာရ ရှိခဲ့ပါတယ်။ ပအိုဝ်းတွေက ရွှေစာရံဘုရားအား သူရိယ စန္ဒာမင်း တည်ထားကိုးကွယ်ခဲ့တယ်လို့ ယုံကြည် လက်ခံထားကြပါတယ်။ ဒါကြောင့် လယ်သိမ်း၊ ခြံသိမ်းတဲ့ အချိန်ကာလဖြစ်တဲ့ တပေါင်းလပြည့်နေ့ အချိန်ရောက်ရင် ရွှေစာရံဘုရားသို့ မိသားစုတွေနဲ့ အရောက်လာပြီး ဂါရ၀ပြုလေ့ ရှိတက်ပါတယ်။

နှစ်စဉ် ၄င်းနေရာကို အမြတ်တနိုးထားပြီး ပအိုဝ်း အဘိုးတွေ၊ အဖွားတွေက မြေးလက်တွေကို ဆွဲပြီး "သထုံ ဆင်းမယ်" ဆိုတဲ့ ပအိုဝ်းစကားနဲ့ ပြောပြီး ရွှေစာရံဘုရားကို အရောက်လာပြီး သူရိယစန္ဒာမင်း အကြောင်း ဂုဏ်ယူ ပြောပြလေ့ရှိပါတယ်။

တကယ်တော့ သထုံမြို့ဆိုတာ မကျယ်ဝန်ဘဲ၊ သမိုင်းဆန်ဆန် အထင်ကရ အမှတ်သားတွေ အများကြီး မရှိတော့ပေမယ့်လည်း ပအိုဝ်းတိုင်းရင်းသားများအတွက် ရှေးကျတဲ့ သမိုင်းဆိုင်ရာ နေရာတခု ဖြစ်နေပါတယ်။ ပအိုဝ်းတွေရဲ့ ရှေးသမိုင်း ယုံကြည်လက်ခံထားမှု၊ ဘာသာရေးအရ ကိုးကွယ်ယုံကြည်မှု၊ နောက်ဆုံးအမျိုးသားရေး လှုပ်ရှားမှု စတာတွေကာ သထုံသမိုင်း၊ သထုံရှိ ပအိုဝ်းတိုင်းရင်းသားများနှင့် အများကြီး ဆက်စပ်နေပါတယ်။

ရှုပ်ထွေးနေတဲ့ သမိုင်းအချက်အလက်အမျိုးမျိုးကြောင့် သုဝဏ္ဏဘူမိ သထုံဆိုတာ ပအိုဝ်းတွေ တည်ထားခဲ့တဲ့ မြို့ဟောင်းလို့ မပြောလို့ပေမယ့် ပအိုဝ်းတွေ သထုံမှာ ရှေးကျကျ နေထိုင်ခဲ့တယ်ဆိုတာ ငြင်းလို့တော့ မရဘူး။ ဒါပေမယ့် သထုံမြို့ဟောင်းကို ပညာရှင်များက နေရာအမျိုးမျိုး သတ်မှတ်တဲ့အထဲမှာ ပအိုဝ်းတွေ လက်ရှိနေထိုင်တဲ့ သထုံလည်း ပါဝင်နေပါတယ်။

ယနေ့ထက်တိုင် ပအိုဝ်းတွေ ဘီလင်းမြို့နှင့် ပေါင်မြို့အကြား သထုံမြို့နယ်၊ ကား လမ်းဘေးတလျှောက် လူဦးရေ အများစု နေထိုင်နေတုန်းပါပဲ။ အခြေအနေ၊ အကြောင်းအရာ အမျိုးမျိုးကြောင့် အမျိုးသားလကဏာ၊ ယဉ်ကျေးမှုတွေ၊ သမိုင်းအစဉ်အလာ ထိမ်းသိမ်းမှုတွေ မှေးမိန် ပပျောက်သွားခဲ့ပေမယ့်လည်း ရှေးလက်ခံယုံကြည်မှု အစဉ်အလာများ နှင့် လက်ရှိ ပအိုဝ်းတိုင်းရင်းသား အများစု နေထိုင်မှုက သက်သေအဖြစ် ကျန်ရှိနေတုန်းပါပဲ။

သို့သော် ပအိုဝ်း သမိုင်းယဉ်ကျေးမှု အစဉ်အလာ ပျောက်ကွယ်မှုရှိနေတဲ့ ကြားထဲက ယခင်အစိုးရ လက်ထက်တွင်လည်း ပအိုဝ်းတိုင်းရင်းသားများ ရွှေစာရံဘုရားသို့ အစဉ်အလာအရ စုဝေးရောက်ရှိ၊ အခမ်းအနားပွဲ ပြုလုပ်တာကို ပိတ်ပင်တားဆီးတာတွေ၊ ဖိအားပေး ပြောင်းရွှေ့ခိုင်းတာတွေ ရှိခဲ့ပါတယ်။ သည့်အတွက် ပအိုဝ်း ရှေးသမိုင်းအစဉ်အလာ- စုဝေးရာနေရာကို မှေးမိန်အောင် လုပ်နေသလား (သို့) အခြားနောက်ကွယ် အကြောင်းအရာများ ရှိနေသလားဆိုတာ တားဆီးပိတ်ပင်ခဲ့တဲ့ အာဏာပိုင်တွေ ပိုပြီး သိပါလိမ့်မည်။

အဲဒီနောက်- ၁၉၉၀ နောက်ပိုင်း ပအိုဝ်းအမျိုးသားနေ့ ပြလုပ်သည့်နေရာ အပြောင်းအလဲ ရှိလာခဲ့ပါတယ်။ ပအိုဝ်းတွေ နေထိုင်တဲ့ ရွာများမှ အလှည့်ကျ စနစ်ဖြင့် ပအိုဝ်းအမျိုးသားနေ့ကို ယနေ့ထက်တိုင် ကျင်းပလာခဲ့ရပါတယ်။ တပေါင်းလပြည့်နေ့ မနက်တိုင်း ရွှေစာရံ ဘုရားသို့ စုဝေးချီတက်သည့် ရှေးသမိုင်းအစဉ်အလာ အခမ်းအနားပွဲပုံစံလည်း ယနေ့အချိန်မှာတော့ ပျောက်ကွယ်သွားခဲ့ပါတယ်။

တချိန်တည်းမှာပဲ ယနေ့အချိန်မှာ ရွှေစာရံဘုရားနှင့် ပတ်သတ်ရာ တပေါင်းပွဲကို နှစ်စဉ်ကျင်းပသော်ဌားလည်း ပအိုဝ်းတိုင်းရင်းသားများနှင့် ဆိုင်သည့် ကိုယ်ပိုင်ပုံစံ၊ ရှေးထုံတမ်း သမိုင်းအစဉ်အလာ အနှစ်သာရက ကင်းမဲ့သွားခဲ့ပြီး။ အကြောင်းမှာ အခြား ဗမာအာဏာပိုင်များက ၄င်းတို့ ကိုယ်ပိုင် ယဉ်ကျေးမှု ပွဲသဖွယ် ရွှေစာရံကို အမှီပြုပြီး တပေါင်းပွဲကို နှစ်စဉ် ကျင်းပလာခဲ့ပါတယ်။

အခြားတဘက်မှာ ပအိုဝ်းတို့၏ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်အမွေအနှစ် ကတော့ ပျောက်ဆုံး၊ မှေးမိန်သွားခဲ့ရပါတယ်။ ရွှေစာရံဘုရားသမိုင်း၊ ရှေးအစဉ်အလာနှင့် သူရိယစန္ဒာမင်း ဆိုတာလည်း တကယ်တမ်းတော့ သထုံနေ ပအိုဝ်းတိုင်းရင်းသားများအတွက် သမိုင်းမှတ်တမ်းမှာဘဲ ကျန်သွားခဲ့ပါပြီး။ 

 https://www.facebook.com/groups/khunrannhto.paohyouth/

No comments:

Post a Comment