........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Jan 5, 2014

အဝိဇ္ဇာတွေ ခြုံခိုခွင့်ရတယ်။

မဂ္ဂင်ရှစ်ပါးကို အတိုချုံ့လိုက်တော့ သီလ သမာဓိ ပညာ ဆိုတာရတယ်။ ဒီ သိက္ခာသုံးရပ် အကျင့်မြတ်သည် နိဗ္ဗာန်ရောက်ကြောင်း ဖြစ် သောကြောင့် ယော လို့ အမည်ရတယ်။ အဲဒီတရားကို မဖြည့်ကျင့်ဘူးဆိုရင် အဝိဇ္ဇာက နေရာယူပြီး ခြယ်လှယ်ချင်သလို ခြယ်လှယ်နေမှာပေါ့။ သံသရာမှာ တကယ်ခြယ်လှယ်တာက အဝိဇ္ဇာပါ။ ဒါပေမယ့် နာမည်ကြီးတာက သမုဒယသစ္စာလို့ နာမည်ကြီး တယ်။ သမုဒယသစ္စာက အဝိဇ္ဇာချုံခိုခွင့်ရလို့ သူက သောင်း ကျန်းနေတယ်။ လမ်းခရီးတစ်ခုသွားတဲ့အခါ လမ်းဘေးမှာ ချုံပုတ်တွေ အကာ အကွယ်တွေ အင်မတန်များ တဲ့အခါ ဓါးမြတွေက ချောင်းနေတတ်တယ်။ လမ်းသွားတဲ့ပုဂ္ဂိုလ်က ပိုက်ဆံတွေယူသွား ရတနာတွေ ဝတ်ဆင်သွားဆိုတော့ ချုံခိုနေတဲ့ ဓါးပြက ချောင်းပြီးတော့ ခရီးသွားတွေ ရောက်လာတဲ့အခါ တစ်ကိုယ်လုံးမှာပါတဲ့ အဖိုးတန်ရတနာတွေကို လုယူတိုက်ခိုက်တတ်တဲ့ သဘော မျိုးပေါ့။ အဲဒီအတိုင်းပဲ အလွန့်အလွန် ရှည်လျားလှတဲ့ သံသရာခရီး ရှည်ကြီးကို သွားကြရတဲ့အခါ ကာလမှာလည်း သံသရာခရီးရှည်ကြီးက အလွန်ရှည်ရတဲ့ အထဲမှာ အဆင်းအတက်ကလည်း အလွန်ပေါ ကြမ်းကလည်း ကြမ်း အဝိဇ္ဇာဆိုတဲ့ ချုံတွေ အကာအကွယ်ယူပြီး ချုံခိုနေကြတဲ့ သမုဒယသစ္စာဆိုတဲ့ ဓါးမြတွေ သမုဒယသစ္စာ အမှူးပြုတဲ့ ကိလေသာဆိုတဲ့ ဓါးပြတွေကချောင်းပြီး " ပေးကွ မင်းသီလ တွေ အကုန်ပေး မင်းသမာဓိတွေ အကုန်ပေးခဲ့ မင်းပညာတွေ အကုန်ပေးခဲ့လို့ ဒီက ဖြည့်ကျင့်မယ် လုပ်ကာရှိသေး သူက ဖြည့်ကျင့်ခွင့်မပေး ဘူး အတင်းလုယူတိုက်ခိုက်တတ်တယ်။ ဒါကြောင့် သံသရာခရီးမှာ သမုဒယသစ္စာဓါးမြတွေက အဝိဇ္ဇာ ချုံကို ခိုပြီးတော့ သီလ သမာဓိ ပညာ အဖိုးတန် ပစ္စည်းတွေကို လုယူတိုက်ခိုက်တတ်တာကြောင့် ပါးစပ်က နိဗ္ဗာန်ရရပါလို၏ လို့ ဘယ်လိုပဲ ဆုတောင်းတောင်း သူ ( သမုဒယသစ္စာ) က တိုက်ခိုက်လုယူသွားတာနဲ့ ပါ ပါ သွားတယ်။ အဲဒါကို မြင်အောင်ကြည့်မှ သိက္ခာသုံးရပ် အဖိုးတန်တွေကို ခပ်သွက်သွက် မြန်မြန်ဖြည့်ကျင့်နိုင်မှာ လို့ ယောဆရာတော်ဘုရားကြီးမှ ဆုံးမ လမ်းညွှန်ထားပါတယ်။ ကိလေသာတွေဟာ ဒီလိုမျိုး ရွံ့ရှာစက်ဆုပ်စရာ ကောင်း လှပါတယ်။ ကိုယ့်ကို စိတ်ဓါတ်ညံ့ဖျင်းအောင် သူကပဲ လုပ်ပါတယ်။ ရန်လိုတတ်သူဖြစ်အောင်လည်း သူပဲလုပ်တယ် လောဘကြီးသူ မာန်မာနကြီးသူ ဖြစ်အောင်လည်းလုပ်တယ်။ ကြမ်းတမ်းသော စကား အပြုအမူများ ဖြစ်အောင်လည်း သူပဲ လုပ်တတ်တယ်။ စိတ်သဘောထား သေးသိမ်စေတာ မနာလိုဝန်တိုမှုကို ဖြစ်စေတာ ကိုယ့်အကျိုးကိုရော သူတစ်ပါး အကျိုးကိုရော ပျက်စီးစေတာ သူပါပဲ။ ဒါမှသာ သူတော် ကောင်းတရားနဲ့လည်းဝေး နတ်လူ မုန်းလို့ သံသရာခရီးကို ဆက်လျောက်ခိုင်း ပြီး ခန္ဓာအိမ်ကို ပျော်ပျော်ကြီး ဆက်ဖွဲ့လို့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မိမိသန္တာန်မှာ လောဘ ဒေါသ မောဟ ပေါ်ပြီဆိုတာနဲ့ မိမိကိုယ် ကောင်းကောင်းကြီး ဒုက္ခပေးတော့ မယ်ဆိုတာ သေချာလှပါတော့တယ်။ ဒီလို ကိလေသာတွေ မိမိသန္တာန်မှာ ထင်ရှားလာတာကို ဥာဏ်ဖြင့် သိအပ်ခြင်းသည် ကာယကံ ဝစီကံများ အထမြောက်ဖို့ရာ ဘရိတ်သဖွယ် ထိန်းချုပ်ဖို့ရာ ဖြစ်ပါတယ်။ ဒီလို ထိန်းချုပ်နိုင်ခြင်းဖြင့် ကောင်းသောစကား ကောင်းသော အမူအရာ အပြုအမူများ ရှိသည့်အတွက် လူလည်းချစ်ခင် နတ်လည်း ချစ်ခင်၍ ကိလေသာများကို ထိန်းချုပ်လျော့ပါးသွားစေသလို ဘေးရန်အပေါင်းမှ ကင်းဝေးစေပါတယ်။ လောကီ လောကုတ္တရာ နှစ်ဖြာသောအကျိုးကို ရရှိစေပါတယ်။ သူတော်ကောင်းအပေါင်း အေးချမ်းစေဖို့ရာ မျှဝေလှူဒါန်းအပ်ပါတယ်။
 https://www.facebook.com/pages/Words-of-Buddha/478034822228446?ref=stream

No comments:

Post a Comment