........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Jul 20, 2017

အမြင့်မြတ်ဆုံးအမျိုးသမီး (သို့မဟုတ်)အနိုင်းမဲ့အဖြည့်ခံ အပိုင်း(၃)



ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၁၇ ) သီလပါရမီ

အမှန်စစ်စစ် ပါရမီသီလဟူသည် မည်သည့်စည်းစိမ်နှင့် မည်သည့် နတ်ဘုံ ဗြဟ္မာ့ဘုံကိုမျှ မတမ်းတ မတွယ်တာပဲ ဆောက်တည်ကျင့်သုံးသောသီလပင်ဖြစ်၏။ စာအသုံးအရပြောရလျှင် ဘဝသမ္ပတ္တိနှင့် ဘောဂသမ္ပတ္တိတို့ကို မငဲ့ကွက်ဘဲ ကျင့်သုံးသောသီလဖြစ်၏။ မှန်၏။ စည်းစိမ်ချမ်းသာနှင့် ဘုံဗိမာန်ဌာနများကို တောင့်တ၍ စောင့်သုံးသော သီလသည် စိတ်အားဖြင့် အပြည့်အဝ မဖြူစင် မဖြောင့်မတ်နိုင်ချေ။ အကြောင်းကား စိတ်နှလုံးဖြူစင်မှုနှင့် ရိုးသားဖြောင့်မတ်မှုကို အခြေခံ၍စောင့်သုံးသော သီလသာလျှင် ဖြူစင်မြင့်မြတ်၍ ပါရမီသီလဖြစ်နိုင်သောကြောင့်တည်း။ သာမန်သီလတွင် ကိုယ်မှုနှင့်နှုတ်မှုသည်သာ ပဓာနကျ၏။ ထိုသာမန်သီလကိုအကြောင်းပြု၍ လူ့စည်းစိမ်ကိုလည်း တမ်းတနိုင်၏။ နတ်စည်းစိမ်ကိုလည်း တမ်းတနိုင်၏။ စိတ်ထဲထွင် မကောင်းသည့်အရာများ ကြံစည်နေနိုင်၏။ ကောက်ကျစ်စဉ်းလဲမှုလည်း အစ္ဇျတ္တတွင် ဖြစ်နေနိုင်၏။ ကိုယ်နှင့်နှုတ်ကိုသာ လုံခြုံအောင် အပြင်သို့ ပေါက်မထွက်အောင် စောင့်ထိန်းရခြင်းဖြစ်၏။   ပါရမီသီလတွင်ကား ထိုသို့မဟုတ်၊ ရိုးသားဖြူစင်ဖြောင့်မတ်သော စိတ်နှလုံးကို အခြေခံ၍သာ ကိုယ်မှုနှင့်နှုတ်မှုတို့ကို စောင့်စည်းရ၏။ သို့ဆိုလျှင် မည်သည့်စည်းစိမ်ကိုမျှမတမ်းတ မမက်မောဘဲ စင်ကြယ်သော စိတ်ကိုအခြေခံ၍သာ ဆောက်တည်ရသော ထိုပါရမီသီလသည် အဘယ်သို့ဦးတည်ပါသနည်း။ အဖြေကား ဗောဓိဥာဏ်သို့သာ ဦးတည်ပါသတည်း။ ထိုဗောဓိဥာဏ်သည်လည်း သမ္မာသမ္ဗောဓိဥာဏ် ပစ္စေကဗောဓိဥာဏ် သာဝကဗောဓိဥာဏ်စသည်ဖြင့်ရှိလေ၏။ မှန်၏။ထိုဗောဓိဥာဏ်ကိုရရှိမှသာလျှင် ဘေးထွက်ဆိုးကျိုးလုံးဝကင်းစင်သော ပျော်ရွှင်မှု ငြိမ်းချမ်းမှု ပြည့်ဝမှုတို့ကို ရနိုင်ပေသည်တကား။  အဘယ့်ကြောင့်ဆိုသော် ဤဗောဓိဥာဏ်ပညာတော်တို့သည် ကိုယ်မှု နှုတ်မှု စိတ်မှုတို့ ဖြူစင်ဖြောင့်မတ်သော ပါရမီသီလကို အခြေခံ၍ ရှာဖွေရရှိခဲ့ခြင်းကြောင့်ပင်တည်း။   ဤအကြောင်း အနည်းငယ်ရှင်းပါမည်။ ကမ္ဘာပေါ်ရှိ ပညာရှင်အချို့နှင့် စာရေးဆရာအချို့တို့က ယနေ့ခေတ်သည် ပညာခေတ်ဟု ဆိုကြ၏။ ထိုသူတို့ဆိုသည့်အတိုင်း ယနေ့ခေတ်သည် ပညာခေတ်ဆိုက တိုးတက်လာသော သိပ္ပံ ဝိဇ္ဇာပညာရပ်များကိုထောက်ထား၍ ငြင်း၍မရ၊မှန်လှ၏။ သို့သော် ထိုထိုတိုးတက်လာသောပညာရပ်များကြောင့် ဤကမ္ဘာကြီး ပြည့်စုံသွားပီလော၊ လူသားတို့မျှော်မှန်းသော ပျော်ရွှင်မှု အေးချမ်းမှု တည်ငြိမ်မှုတို့ကိုရော ရရှိပါပြီလော။ လူမှုလောကကြီးတစ်ခုလုံး ရည်မှန်းချက်တွေ ပြည့်ဝနေပြီလော။ စဉ်းစားဘွယ်ဖြစ်၏။ အမှန်စင်စစ် ထိုရည်မှန်းချက်များ ပြည့်ဝဘို့ဝေးစွ၊ ပြဿနာများ အတောမသတ်နိုင်အောင်ပင် ဆက်ကာဆက်ကာဖြစ်ပွါးနေ၏။  ကမ္ဘာ့နေရာများစွာ လုပ်ငန်းများစွာ ဌာနများစွာဝယ် ထိုထိုလောကီပညာရပ်များကိုအသုံးပြု၍ စိတ်ထိခိုက်ဖွယ်ရာများ အနိဋ္ဌာရုံများ အော့နှလုံးနာစရာ ဖြစ်ရပ်ဆိုးများ နေ့စဉ်နှင့်အမျှဖြစ်ပေါ်နေကြ၏။ နည်းပညာကိုသုံး၍ ဘဏ်တွေကိုဖောက်၏။ သူတစ်ပါးနိုင်ငံ၏ ထိပ်တန်းလျှို့ဝှက်ချက်တို့ကို ဖောက်၍ ခိုး၏။ သူတစ်ပါးစီးပွါးရေး လုပ်ငန်းများကို နည်းပညာဖြင့် နည်းမျိုးစုံဖျက်၏။ သည်ထက်မက ဘေးထွက်ဆိုးကျိုးများကား များပြားလှပါ၏။ ဤသည်မှာ သီလကိုအခြေမခံသော ကိုယ်ကျင့်သီလမဲ့သော ပညာရပ်တို့၏ ဘေးထွက်ဆိုးကျိုးတို့ပင်တည်း။  ထို့ပြင် တိုးတက်လာပါသည်ဆိုသော ပညာရပ်များကိုအကြောင်းပြု၍ ကိုယ်ကျိုးရှာ လောဘသမားများလည်းပေါ်ပေါက်လာ၏။ တစ်ဖန် ထိုပညာရပ်များကို အသုံးပြု၍ နျူကလီးယားလက်နက်များနှင့် အခြားစွမ်းအားပြင်းလက်နက်များ ထုတ်လုပ်ကာ ကမ္ဘာကို မင်းမူ၍ ခြိမ်းခြောက်နေသော လောဘနှင့် ဒေါသသမားများလည်း ဒုနှင့်ဒေး။ အဆိုးဆုံးမှာ အမှားကို အမှန်ဟုသိကာ အမှန်ကို အမှားဟုပြောင်းပြန်သိနေသော မောဟဖြင့် ထိုထိုလောကီပညာရပ်များကိုအသုံးပြုလျှက် လူမှုလောကကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်ခြင်းပင်တည်း။ တိုက်ခိုက်နေခြင်းပင်တည်း။ ဆိုလိုသည်မှာ ယနေ့တိုးတက်လာသော ပညာရပ်များကို လောဘနှင့်လည်းရှာခဲ့၏။
ဒေါသဖြင့်လည်းကြိုးစားခဲ့၏။ မောဟဖြင့်လည်း ပြောင်းပြန်တွေဖြစ်အောင် ကျင့်ဆောင်ခဲ့၏။ နိုင်ထက်စီးနင်း မတရားလွှမ်းမိုးရာ၌ မရှက်မကြောက်ခြင်းဟူသော အဟိရိက အနောတ္တပတို့ဖြင့်လည်း ရက်စက်ခဲ့၏။ ထို့ကြောင့်မည်သည့် လောကီပညာရပ်မဆို ဘေးထွက်ဆိုးကျိုးများ
အနည်းနှင့်အများပါရှိမြဲပင်ဖြစ်၏။ ဤသို့ဆိုခြင်းကြောင့် လောကီပညာရပ်များသည် လောကအတွက် အန္တရာယ်သက်သက်သာဖြစ်သည်ဟုမဆိုလိုပါ။ လောကီပညာရပ်များကြောင့် ကောင်းကျိုးများဖြစ်ထွန်းခဲ့သည်မှာလည်း အထင်အရှားပင်ဖြစ်၏။ လောကအတွက်လောကီပညာရပ်များသည် လိုအပ်ပါ၏။ ကျေးဇူးများပါ၏။  ကိုယ်ကျင့်သီလမပါလျှင် တွေ့ကြုံ ဖြစ်ပျက်နိုင်သော အခြေအနေတို့ကိုသာ ဆိုခြင်းဖြစ်ပါ၏။ အကယ်၍ သီလတရားကိုသာ အခြေခံကျင့်သုံးပါက ထိုထိုလောကီ ပညာရပ်တို့သည် လူမှုလောကကြီးတစ်ခုလုံးအတွက် အလွန်တရာပင် တန်ဘိုးရှိမည်ဖြစ်၏။ ထိုကြောင့်ကိုယ်ကျင့် နှုတ်ကျင့် ဟူသော သီလတရားကို အခြေခံထားသော ပညာရပ်တို့သာလျှင် လူသားတို့မျှော်မှန်းသော ပြီးပြည့်စုံသည့် အခြေအနေသို့ရောက်နိုင်ပါ၏။ ထို့ထက် ပါရမီသီလကိုအခြေခံ၍ ကျင့်သုံးခြင်းဖြင့် ကြိုးစားရှာဖွေရယူခဲ့သော ဗောဓိဥာဏ်ပညာသည် မည်သည့်ဘေးထွက်ဆိုးကျိုးမျှမရှိ။ အလုံးစုံကို ပြီးပြည့်စုံစေနိုင်၏။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက်ဖြစ်စေ၊ မိသားတစ်စုအတွက်ဖြစ်စေ၊ လူမှုအဖွဲ့အစည်းအတွက်ဖြစ်စေ၊ ကမ္ဘာလောကအတွက်ဖြစ်စေ အေးချမ်းမှု ပျော်ရွှင်မှု တည်ငြိမ်မှု တိုးတက်မှု ရင့်ကျက်မှု ပြည့်ဝမှု ချမ်းသာမှုတို့ကိုသာ အတိပေးလေ၏။ ပါရမီသီလသည် ထိုသို့သော ဂုဏ်ပေါင်းခသည့် ဗောဓိဥာဏ်သို့သာ ဦးတည်ချေသည်တကား။သို့သော်လည်း ဘုရားအလောင်းတော်သည်ပင် ပါရမီဖြည့်စဉ်ကာလဝယ် မကောင်းမှုများ အားလုံးကင်းစင်ခဲ့သည်တော့မဟုတ်ချေ။ အကြောင်းမှာ မကောင်းမှုများ အားလုံးကင်းစင်သွားလျှင် သမ္မာသမ္ဗောဓိဥာဏ်တော်ကိုရရှိကာ ဘုရားအဖြစ်သို့ ရောက်ရှိမည်ဖြစ်သောကြောင့်ပင်တည်း။ ထို့ကြောင့်စာဖတ်သူတို့လည်း သီလပါရမီကို ဖြည့်ကျင့်ရာဝယ် နိုင်သလောက် တဖြည်းဖြည်းကျင့်ကြရမည်ပင်ဖြစ်၏။ တစ်ကြိမ်တည်း တစ်ဘဝတည်းဖြင့် စင်ကြယ်ပြည့်စုံစေရန်ဖြစ်နိုင်လိမ့်မည်မဟုတ်ချေ။ သီလ၏ ကောင်းကျိုးတို့ကား များပြားလှပါ၏။ ဤနေရာ၌ မဖေါ်ပြတော့ပါ။ ဤမျှဆိုလျှင် သီလ၏အကျိုးကျေးဇူးမည်မျှအထိကျယ်ပြန့်ကြီးမားမည်ကို  စာဖတ်သူများ အလွယ်တကူ ကိုယ်ပိုင်ဥာဏ်ဖြင့် စဉ်းစား၍ သိနိုင်ပါ၏။ ရိုးရိုးသာမန်သီလကိုဖြစ်စေ၊ ပါရမီသီလကိုဖြစ်စေ မိမိနှင့်လောက၏ကောင်းကျိုးကို လိုလားသူမှန်သမျှကျင့်ဆောင်အပ်ပါ၏။ ကျင့်ဆောင်ကြပါရန်လည်း တိုက်တွန်းအပ်ပါ၏။


ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၁၈ ) နေက္ခမ္မပါရမီ

နေက္ခမ္မ ဟူသော ပါဠိစကားလုံးကို မိမိငယ်စဉ်က တောထွက်ခြင်းဟူ၍နားလည်ခဲ့၏။ မှန်သင့်သလောက် အတိုင်းအတာတစ်ခုအထိတော့မှန်၏။ သို့သော် မူရင်းစကားလုံး၏ အဓိပ္ပါယ်ကို မထိမိချေ။ အဘယ်ကြောင့်ဆိုသော် နေက္ခမ္မဟူသောစကားလုံးသည် ကိလေသာမှထွက်မြောက်ခြင်း တနည်း ကာမမှ ထွက်မြောက်ခြင်း ဟူ၍အဓိပ္ပါယ်ရှိသောကြောင့်ပင်တည်း။ ဤနေရာ၌ ထွက်မြောက်ခြင်းဟူသည် ကိလေသာတို့ကို စွန့်လွှတ်ခြင်းပင်တည်း။ မှန်၏။ ကိလေသာတို့ကို စွန့်လွှတ်နိုင်မှသာလျှင် လောကကောင်းကျိုးကိုသယ်ပိုးနိုင်မည်ဖြစ်၏။ လောကပွါးစီးရေး အေးချမ်းရေး ဖွံ့ဖြိုးရေးတို့ကို နည်းမှန်လမ်းကျ ဆောင်ရွက်နိုင်မည်ဖြစ်၏။ ပစ္စက္ခအခြေအနေဆိုးတို့မှ လွတ်မြောက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်၏။ ထို့ပြင် သံသရာဘေး အိုဘေး နာဘေး သေဘေးစသော ဘေးဒုက္ခအမျိုးမျိုးမှလည်း မုချ လွတ်မြောက်နိုင်ပေမည်။ နေက္ခမ္မဟူသော စကားလုံးအရ စွန့်လွှတ်ဟူရာ၌ ပြင်ပဗဟိဒ္ဓအရာဝတ္ထုတို့ကိုစွန့်လွှတ်ခြင်းနှင့် အတွင်းအစ္ဇျတ္တအရာတို့ကို စွန့်လွှတ်ခြင်းဟူ၍ နှစ်မျိုးရှိ၏။ တနည်းဆိုသော် ရုပ်ပိုင်းဆိုင်ရာကို စွန့်လွှတ်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာကို စွန့်လွှတ်ခြင်းပင်ဖြစ်သတည်း။ ထိုနှစ်မျိုးတွင် စိတ်ပိုင်းဆိုင်ရာကို စွန့်လွှတ်နိုင်ပါမှ ရုပ်ပိုင်းဆိုင်ရာကိုစွန့််နိုင်မည် အမှန်ဖြစ်၏။အရာရာကို တပ်မက်ခင်မင်လိုချင်တတ်သော တဏှာလောဘကို စွန့်လွှတ်နိုင်လျှင် ရာထူးကိုလည်းစွန့်နိုင်၏။ အာဏာကိုလည်းစွန့်နိုင်၏။ ထင်ပေါ်ကျော်ကြားမှု အလေးမြတ်ပြုခြင်းကိုခံရမှု အခြံအရံများမှု စသည့်ပြင်ပအာရုံဝတ္ထုများကို စွန့်လွှတ်နိုင်၏။ ထို့အတူပင် ဒေါသစိတ်ကိုစွန့်လွှတ်နိုင်လျှင် ရန်သူကိုလည်း မေတ္တာပွါးနိုင်၏။ ကြမ်းတမ်းစွာပြောဆိုခြင်း သတ်ခြင်း နှိပ်စက်ခြင်း နိုင်ထက်စီးနင်းပြုခြင်းတို့ကိုလည်း ပြုလုပ်လိမ့်မည်မဟုတ်တော့။ မောဟကိုစွန့်လွှတ်နိုင်လျှင်လည်း မသိမိုက်မဲစွာ မှားယွင်းခြင်း တွေဝေခြင်း အသိဥာဏ် အဆင်အခြင်မဲ့စွာ ပြောဆိုပြုမူကြံစည်ခြင်းများ ကင်းဝေးသွားပေမည်။ မာနကိုစွန့်နိုင်လျှင် ယဉ်ကျေးသိမ်မွေ့လာပေမည်။ ညီညွတ်မှုများပိုမိုရရှိလာမည်။ မောက်မာခက်ထန်ခြင်း ရိုင်းပြခြင်းများရှိမည်မဟုတ်တော့။ မနာလိုဝန်တိုမှုတို့ကိုစွန့်နိုင်လျှင် အချင်းချင်း မေတ္တာထားကာ သူတစ်ပါးကြီးပွါးအောင်မြင်သည်ကို ကျေနပ်  ဝမ်းမြောက်နိုင်ကြပေမည်။ယနေ့လူမှုအဖွဲ့အစည်းကြီးတစ်ခုလုံးအတွင်းဝယ် ဖြစ်ပျက်နေသောပြဿနာများ၏ ဇစ်မြစ်သည် ကိလေသာတို့ကို မစွန့်လွှတ်နိုင်ခြင်းပင်တည်း။ ကိလေသာများကို မြဲမြံစွာဆုပ်ကိုင်ထားခြင်းကြောင့်ပင်တည်း။  လောကီဆရာတို့၏သမိုင်းမှတ်တမ်းအရ မည်သည့်နိုင်ငံကြောင့် မည်သည့်အဖွဲ့အစည်းကြောင့် မည်သူ့ကြောင့်စသည်ဖြင့် အပေါ်ယံပညတ်ကိုသုံးသပ်၍ ပြဿနာ၏ဇစ်မြစ်ကိုရှာဖွေဖေါ်ထုတ် မှတ်တမ်းတင်ကြရိုးပင်တည်း။ သို့သော် ဓမ္မသဘောစစ်စစ်အရသုံးသပ်လျှင် ကိလေသာများကြောင့်ပြဿနာများဖြစ်ပွါးနေရသည်မှာ ထင်ရှားလှ၏။ မြတ်ဗုဒ္ဓသည် ပြဿနာ၏အဖြေကိုရှာရာ၌ ဇစ်မြစ်အကြောင်းတရားတို့ကို အချက်ပိုင်ပိုင် တိတိကျကျ မိမိရရ ဖေါ်ထုတ်သင်ကြားခဲ့၏။ အဆိုပါ ထိုစွန့်လွှတ်မှုနှစ်မျိုးတွင် စိတ်ပိုင်းဆိုင်ရာစွန့်လွှတ်မှုသည် ပို၍လည်းခက်ခဲသလို ပို၍လည်း အဓိကကျ၏။ စိတ်ပိုင်းဆိုင်ရာကို စွန့်လွှတ်ရာဝယ်ခက်၏ဟု ဆိုရာ၌ ကိလေသာများကို စွန့်လွှတ်ဘို့်ခက်၏ဟု ဆိုခြင်းဖြစ်ပါ၏။ အများစုအနေဖြင့် ကုသိုလ် စိတ်စေတသိက်တို့ကို စွန့်လွှတ်ဘို့ ဝန်မလေး မဖင့်နှေးတတ်ကြပေ။ အကြောင်းမှာ ပုထုဇဉ်အများစုသည် ပါပသ္မိံရမတိ မနော ဆိုသည့်အတိုင်း မကောင်းမှု၌သာ မွေ့လျော် ပျော်ပိုက်ကြသောကြောင့်ပင်တည်း။ ထိုထိုကိလေသာတို့ကိုစွန့်လွှတ်နိုင်လျှင် လောကကြီးငြိမ်းချမ်း၏။ မစွန့်နိုင်လျှင် နယ်ပယ်အသီးသီး၌ ပြဿနာကြုံ၏။ အခက်ပွေ၏။ ထိုသို့ရုပ်ပိုင်းနှင့်စိတ်ပိုင်းကိုစွန့်လွှတ်ရာတွင်လည်း သာမန်ကုသိုလ်ဖြစ်စွန့်လွှတ်ခြင်းနှင့် ပါရမီကုသိုလ်ဖြစ်စွန့်လွှတ်ခြင်းဟူ၍ နှစ်မျိုးရှိ၏။ မိမိအတွက် လူ့စည်းစိမ် နတ်စည်းစိမ် ဗြဟ္မာစည်းစိမ်များကို တောင့်တ၍စွန့်လွှတ်ခြင်းသည် သာမန်ကုသိုလ်ဖြစ်၏။ ပါရမီကုသိုလ်မဖြစ်။ ထို့ပြင် ဤကုသိုလ်မျိုးသည် အခိုင်အမာအမြုတေ အနှစ်အဖြစ်ဖြင့် မတည်မြဲနို်င်ချေ။ ဘဝတစ်ကွေ့ကွေ့ဝယ် အကျိုးမပေးဘဲ ပျက်သုဉ်းနိုင်၏။ အကျိုးမပေးသော အဟောသိကံဖြစ်နိုင်၏ဟုဆိုလိုပါ၏။ အမှန်စင်စစ်ပါရမီမြောက်စွန့်လွှတ်ခြင်းဟူသည် (ဝါ) နေက္ခမ္မပါရမီဟူသည် လောကကောင်းကျိုးကိုရည်ရွယ်၍ စွန့်လွှတ်ခြင်းဖြစ်၏။ မိမိအတွက်ရည်ရွယ် တမ်းတ မှန်းဆခြင်း အလျဉ်းမရှိချေ။ ထိုသို့ ပါရမီမြောက်စွန့်လွှတ်သော ကုသိုလ်မျိုးသည် အစဉ်ထာဝရတည်မြဲ၏။ ဘဝအဆက်ဆက် အမြုတေအဖြစ်ဖြစ်လိုက်ပါ၏။ အရှိန်အဝါကောင်း၏။ ခိုင်ခံ့၏။ အစစ်အမှန်အားကိုးထိုက်၏။ ဖြည့်ကျင့်ထိုက်၏။ထိုထိုပါရမီကုသိုလ်စိတ်ဓါတ်ရှိသူများ၏ ကျင့်ကြံဖြည့်ဆည်းခြင်းကြောင့် ယနေ့ကမ္ဘာကြီး တိုးတက်ခဲ့၏။ထိုထိုပါရမီရှင်များသည် မိမိအတွက် ပစ္စုပ္ပန်အခွင့်အရေးနှင့် လောကအတွက်အမှန်တရားဟူသောထိုနှစ်ခုတွင် တစ်ခုခုကိုရွေးချယ်ရသည့်အခါ လောကကြီး၏အမှန်တရားအတွက် ပစ္စုပ္ပန်အခွင့်အရေးတို့ကိုစွန့်လွှတ်ခဲ့ကြ၏။ စွန့်လွှတ်ရဲကြ၏။ စွန့်လွှတ်ခြင်း၌ အလွန်သတ္တိကောင်းသူများဖြစ်ကြ၏။ဂရိမှအတွေးအခေါ်ပညာရှင် ဆော့ခရတ္တိသည် သူ၏သဘာဝတ္ထအမှန်တရားအတွက် အဆိပ်ကိုတည်ငြိမ်စွာသောက်ကာ အသက်ကိုပင်စွန့်ပြခဲ့၏။ ထိုသို့စွန့်လွှတ်ခြင်းကြောင့်ပင် လောကသားအများမှာ သူ၏သဘာဝတ္ထတရားများ သိခွင့် လေ့လာခွင့်ရခဲ့ကြ၏။ လောကအတွက် အတွေးအခေါ်အယူအဆများလမ်းပွင့်ခဲ့၏။ ထို့ပြင် နေက ကမ္ဘာကိုပတ်သည်ဟူသော ရှေးဟောင်းအယူအဆမှားကြီးကို ပြင်ဆင်၍ ကမ္ဘာကသာ နေကိုလည်ပတ်နေသည်ဟူသော နေဗဟိုပြုစကြာဝဠာ အယူအဆမှန်ကိုဖေါ်ထုတ်ပြခဲ့သော နီကိုလပ်စ် ကိုပါးနီးကပ်စ် သည်လည်း လောကသားများအမှန်သိရေးအတွက် အသက်ကိုစွန့်ခဲ့ရ၏။ တို့အတူ နေသည် ကမ္ဘာထက်ကြီး၏ဟု ဖေါ်ထုတ်တင်ပြခဲ့သူ ဘရူနိုသည်လည်း စစ်မှန်သော ပညာရပ်အတွက် အသက်စွန့်ခဲ့ရသူပင်တည်း။ ထိုသူတို့၏စွန့်လွှတ်မှုကြောင့်ပင် ယနေ့လူသားများအမှန်ကိုသိခွင့်ရခဲ့ကြ၏။ထို့ကြောင့်ပင် လောကကြီးက သူတို့ကို ချစ်ခြင်းမေတ္တာဖြင့် အစဉ်ထာဝရနေရာပေးလေးစားခဲ့ကြ၏။ မေတ္တာစိတ် စာနာစိတ်တို့ဖြင့်သမိုင်းတင်ခဲ့ကြ၏။ သူတို့၏စွန့်လွှတ်မှုသည် လောကအတွက် အသိဥာဏ်တံခါးဖွင့်ခြင်းပင်ဖြစ်၏။ ထိုသို့ စွန့်လွှတ်မှုကြောင့်ပင် သူတို့သည် ထိပ်တန်းသို့ ရောက်ခဲ့ကြ၏။ မစွန့်လွှတ်ဘဲ ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက် ခိုးဆိုးသူတို့သည်လည်း ဘဝတွင်အခိုက်အတန့်အားဖြင့် အောင်မြင်သည်ဟုဆိုနိုင်သော်လည်း ( အစစ်မှန်အောင်မြင်သည်မဟုတ်သည့်တိုင် )သူတို့၏သမိုင်းသည် အစဉ်အမြဲ အမဲစက်စွန်း၏။ သွေးချင်းချင်းရဲ၏။ လောကအတွက် အရုပ်ဆိုးအကျဉ်းတန်၏။ သူတို့သည် လောက၏အသိဥာဏ်တံခါးကိုပိတ်၏။ ကိုယ်ကျင့်တရား ထောက်တိုင်ကို ရိုက်ချိုးကြ၏။ အခွင့်အရေးအတွက်ဆိုလျှင် ဘနဖူး သိုက်တူးရဲကြသည့် ငမိုက်သားတို့ပင်တည်း။  မိမိတို့ ပိဋကတ်စာပေတွင်လည်း ယသောဓရာသည်လောကအတွက် ဘုရားအလောင်းတော်နှင့်တူယှဉ်ကာစွန့်လွှတ်ခဲ့၏။ ထို့အတူ ရှင်သာရိပုတ္တရာ ရှင်မောဂ္ဂလာန် စသော မထေရ်မြတ်ကြီးတို့သည်လည်းစွန့်လွှတ်ခဲ့ကြ ဖြည့်ဆည်းခဲ့ကြ၏။ ထိုထိုစွန့်လွှတ်ကြသူများ ပိဋကတ်စာပေတွင် များစွာရှိပါ၏။ ဤသည်မှာ ထိုထိုစွန့်ဝံ့သူများ  သစ္စာနှင့်ပညာကိုချစ်ကြသူများ၏စွန့်လွှတ်မှုများစွာထဲမှ ထင်ရှားရာကိုပြောခြင်းဖြစ်၏။ ထို့ပြင်အထင်ရှားဆုံး အများဆုံးနှင့် အမြင့်မြတ်ဆုံး စွန့်ဝံ့သူကိုပြောရလျှင် အများသိပြီးဖြစ်သည့် ဗုဒ္ဓရှင်တော်မြတ်ဘုရားဖြစ်၏။ ထို့ကြောင့်ပင် အနှိုင်းမဲ့သော သဗ္ဗညုတဥာဏ်တော်ရှင်ဘုရားအဖြစ်သို့ရောက်တော်မူခဲ့ခြင်းဖြစ်၏။ထို့ကြောင့်စွန့်လွှတ်ခြင်းသည် အောင်မြင်ကြောင်းလည်းဖြစ်၏။ ထင်ပေါ် ကျော်ဇောကြောင်းလည်းဖြစ်၏။ ဥာဏ်ပညာကြီးမားကြောင်းလည်းဖြစ်၏။ ချမ်းသာကြောင်းလည်းဖြစ်၏။ အစစ်အမှန် ငြိမ်းအေးကြောင်းလည်းဖြစ်၏။ သမိုင်း၏ ချစ်မြတ်နိုးမှုကိုလည်း ခံရ၏။ စွန့်လွှတ်ခြင်း၏ ကောင်းကျိုးတို့ကို ပိဋကတ်တော်ဝယ် များစွာလာရှိ၏။ထို့ကြောင့်လောကလူသားအများစုအနေဖြင့် ပါရမီကုသိုလ်ဖြစ်အောင် စွန့်လွှတ်ကြလျှင် မိမိတို့်မျှော်မှန်း တမ်းတသော အရာများပြီးပြည့်စုံနိုင်ပါ၏။ မိမိအတွက်သာမက လောကအတွက်လည်းပြီးပြည့်စုံနိုင်ပါ၏။ သို့ဖြစ်၍ မိမိရော လောကပါ နှစ်ဖြာနှစ်ဝ ပြီးပြည့်စုံစေရန် ကျင့်နိုင်ကြ စွန့်နိုင်ကြပါစေကြောင်းကိုလည်း ဆုတောင်းပါ၏။

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၁၉ ) ပညာပါရမီ

ပညာဟူသော သဘောတရားသည် အလွန်ကျယ်ပြန့်နက်ရှိုင်း၏။ ထိုသို့ကျုယ်ပြန့်သောပညာရပ်များကို ပညာရှင်များ စာရေးဆရာများ တရားဟောဆရာများ စသူတို့သည် လက်လှမ်းမီသလောက် သူတို့၏ရှုထောင့် သူတို့၏အတွေ့အကြုံများကိုအခြေခံကာ အသီးသီးဖွင့်ပြချပြ သင်ပြရေးပြခဲ့ကြ၏။ ပြည့်စုံသောအဓိပ္ပါယ်သို့ရောက်သည်လည်းရှိ၏။ မရောက်သည်လည်းရှိ၏။ မည်သို့ဆိုစေ ပညာ၏သဘောတရားကို သင်ပြဖွင့်ပြ ရေးပြခြင်းတို့ဖြင့် လက်ဆင့်ကမ်းခဲ့ကြသော ရှေးရှေးသောဆရာ့ဆရာများကြောင့်ပင် မိမိတို့သည်ယနေ့တိုးတက်သောပညာများဖြင့်နေနိုင်ကြ၏။ ဖွံ့ဖြိုးသောနိုင်ငံများကိုတည်ထောင်နိုင်ကြ၏။ လွယ်ကူသက်သာသော ဆက်သွယ်ရေး စားဝတ်နေရေး သွားလာရေး သယ်ယူပို့ဆောင်ရေးစသည့် လှု့အမှုအရေးအရာများမှအစ တိရစ္ဆာန်အရေး ပတ်ဝန်းကျင်အရေးစသည့်စသည့် သက်ရှိသက်မဲ့အရေးအရာ အားလုံးအတွက်ပညာဖြင့်စီမံဖန်တီးတည်ဆောက်လာနိုင်ကြ၏။ ပညာရပ်များကို
ခေတ်အဆက်ဆက်လက်ဆင့်ကမ်းခဲ့ သယ်ဆောင်ခဲ့ကြသော ရှေးရှေးသောပညာရှင်များ၏ ကျေးဇူးပေတကား။ အထူးသဖြင့် ယနေ့ကမ္ဘာတွင် အာဏာရှင်များတဖြည်းဖြည်းကျဆုံး၍ ပညာရှင်များတဖြည်းဖြည်းတိုးပွါးလာကာ နေရာရလာသည့်အတွက် မိမိအနေဖြင့် ကျေနပ်မိပါ၏။ဝမ်းသာအားရဖြစ်မိပါ၏။ အကြောင်းကား လောကအတွက်မင်္ဂလာရှိသော တိုးတက်မှုဖြစ်သောကြောင့်ပင်တည်း။ စာဖတ်သူများလည်းမိမိကဲ့သို့ခံစားမိမည်ဟုယုံကြည်မိ၏။မိမိတို့လူ့သမိုင်းကို အနည်းငယ်စေ့ငုကြည့်ပါက ကမ္ဘာဦးမှသည် ယနေ့ခေတ်အထိ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးကို တဖြည်းဖြည်းချင်း အာဏာနှင့် ပညာဟူသော ယန္တရားနှစ်ခုဖြင့်မောင်းနှင်လာခဲ့၏။ အစကနဦးတွင် အာဏာသည်အသာစီးရခဲ့သော်လည်း ရာစုနှစ်များစွာတွင်ပညာရှင်များနှင့် ပညာချစ်သူများ၏ အချိန်ကာလနှင့် အသက်များကိုပေး၍ကြိုးစားခဲ့မှုကြောင့် နောက်ပိုင်းတွင်ပညာသည်တဖြည်းဖြည်းခြင်းဖြင့် အားကောင်းလာခဲ့ကာ အသာစီးရလာခဲ့၏။ထိုသို့ပညာ၏အသာစီးရမှုကြောင့်ပင် ယနေ့ခေတ်လူသားများ ကမ္ဘာ့ရွာစံနစ်ကြီးဖြစ်အောင် တည်ဆောက်လာနိုင်ခဲ့ကြ၏။ သို့သော်လည်း နိုင်ငံတိုင်း အဖွဲ့အစည်းတိုင်းတွင် ပညာအသာစီးရသည်တော့မဟုတ်သေးချေ။ပညာအသာစီးရ၍ ပညာရှင်ကိုတန်ဘိုးထားတတ်သော နိုင်ငံနှင့်အဖွဲ့အစည်းများတွင် ရေတိုရောရေရှည်ပါ ခိုင်ခံ့တိုးတက်၏။ အဂတိတရားများကင်းလျှက်တရားမျှတသော အေးချမ်းသောလူ့အဖွဲ့အစည်းများကို တည်ဆောက်နိုင်သည်ကိုတွေ့ရ၏။ ပညာရှင်ကိုတန်ဘိုးမထားတတ်သော နိုင်ငံနှင့်အဖွဲ့အစည်းများတွင် အေးချမ်းမှုလဲမတည်ဆောက်နိင်သလို ဖွံ့ဖြိုးမှုလည်းမရှိ၊တရားမျှတမှုဟူသည်မှာ စဉ်းစား၍ပင်မရနိုင်သောအချက်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အခွင့်အရေးနှင့်အာဏာကိုသာ အလေးပေးသောကြောင့်ပင်တည်း။ မှန်၏။ အာဏာရှင်၏ ဦးဆောင်မှုနောက်တွင် အခွင့်အရေးသမားသည်သာ အစဉ်လိုက်၏။ ပညာရှင်များအလုပ်လုပ်၍ မဖြစ်နိုင်ချေ။ အကယ်၍ အာဏာရှင်စေခိုင်းတိုင်းပြုလုပ်သော ပညာရှင်ရှိသည်ဆိုပါလျှင် ထိုပညာရှင်သည် ကရုဏာမဲ့သော အတ္တကြီးသောအခွင့်ရေးသမားသာဖြစ်မည်ဟုယူဆမိ၏။ ဤအချက်ကို ယနေ့ကမ္ဘာ့ဖြစ်ရပ်ဖြစ်စဉ်တို့ကိုကြည့်၍သိနိုင်နားလည်နိုင်ပါ၏။ ထို့ပြင် မိမိတို့နေ့စဉ်အသုံးပြုနေသော ကားများ ရထားများ လေယာဉ်များစသည်ကို သက်ဆိုင်ရာဆီတစ်မျိုးမျိုးဖြင့်ထည့်ကာ မောင်းနှင်ရ၏။ ဆီမရှိပါက ထိုထိုယာဉ်ရထားကို အသုံးပြု၍ရနိုင်မည်မဟုတ်ချေ။ ထို့အတူ မိမိတို့၏ ကိုယ်ပိုင်ဘဝများ၊မိသားစုဘဝများ၊မျိုးနွယ်စုဘဝများ၊လူမှုအဖွဲ့ဘဝအသီးသီးများ၊နိုင်ငံများကို ပညာဖြင့်မောင်းနှင်ပါမှ မိမိတို့လိုရာခရီးပန်းတိုင်ကိုရောက်နိုင်ပေမည်။ ပညာမပါဘဲလျှောက်လှမ်းသောဘဝသည် ခုတ်ရာတစ်ခြား ရှရာတစ်ခြားဖြစ်နေပေလိမ့်မည်။ ထို့ပြင်ဥစ္စာကိုရှာရာ၌လည်း ပညာမဲ့သူသည်ရေတိုဖြတ်လမ်းနည်းကိုအသုံးပြုတတ်၏။ တစ်ခါသုံးဘဝဖြင့်ကုန်ဆုံးရ၏။ တစ်ခါသုံးပလပ်စတစ်ပစ္စည်းကဲ့သို့ပင်တည်း။ သူတို့၏မျိုးဆက်သစ်အဆက်ဆက်အတွက် အမွေမထားနိုင်ခဲ့ချေ။ ပညာရှိသူသည် ရေရှည်မဟာဗျူဟာချမှတ်၍ ဥစ္စာကိုရှာ၏။ ကြာလေခိုင်ခံ့လေဖြစ်၏။ မျိုးဆက်သစ်အဆက်ဆက်အတွက် ကောင်းသောအမွေများ ချန်ထားပေးထားနိုင်ခဲ့ကြ၏။ တို့ပြင် ပညာရပ်များယခုခေတ်လိုမထွန်းကားသေးသော ရှေးခေတ်တွင်သယံဇာတပစ္စည်းများကို အရောင်းအဝယ်လုပ်၍စီးပွါးရှာကာ ချမ်းသာခဲ့ကြ၏။ ဆရာများ၏အဆိုအရ ၁၉၉၀ ခုနှစ်လောက်အထိ ချမ်းသာသူ ( ၁၀ )ယောက်တွင် ( ၉ )ယောက်သည်သယံဇာတပစ္စည်းများကိုရောင်းဝယ်ခြင်းဖြင့်ချမ်းသာခဲ့၏။ တစ်ယောက်သောသူသည်သာ ပညာကိုအရောင်းအဝယ်လုပ်ခဲ့၏။ သို့သော် နောင်ဆယ်နှစ်အကြာ ( ၂၀၀၀ )ခုနှစ်ရောက်သောအခါ ချမ်းသာသူဆယ်ယောက်တွင် ( ၉ )ယောက်သည် ပညာကိုအရောင်းအဝယ်လုပ်ကာ ချမ်းသာလာခဲ့၏။ တစ်ယောက်သောသူသည်သာ သယံဇာတကိုရောင်းဝယ်ခြင်းဖြင့်ချမ်းသာ၏။ ယနေ့ကမ္ဘာတွင် သယံဇာတသည်ရှားပါးလာလေပြီ။ လူ့အဖွဲ့အစည်းတွင်ပညာသည်အသက်သွေးကြောဖြစ်လာနေချေပြီ။ ထို့ကြောင့် နောင်အနာဂတ်တွင်ပညာသည်မည်မျှအရေးကြီးကြောင်း စာဖတ်သူနားလည်နိုင်ပေမည်။ နိုင်ငံအချင်းချင်းကျူးကျော်ရာ၌လည်း ပညာကိုသာအသုံးပြုလာချေပြီ။ ယခင်ကလို ကုန်းတတန် ရေတတန်သွား၍ တိုက်ခိုက်စရာမလိုတော့။ လူအင်အားများစွာသုံးဖွယ်ရာမလိုတော့ချေ။ ပညာဖြင့်မောင်းနှင်ကာ စွမ်းအားပါသောနည်းအမျိုးမျိုးဖြင့် လွှမ်းမိုးနေသည်မှာအထင်အရှားပင်ဖြစ်ပေသည်။ ကျူးကျော်ရေးအတွက်သာမဟုတ်၊ မိမိတို့၏မျိုးနွယ်နှင့်နိုင်ငံကိုကာကွယ်ရာတွင်လည်း ပညာဖြင့်ကာကွယ်ရသောအခြေအနေသို့ရောက်နေပေပြီ။ ထို့ကြောင့် မိမိတို့နိုင်ငံနှင့် အမျိုးဘာသာ သာသနာအတွက် အသက်ပေး၍ကာကွယ်မည် ဆိုသောစကားထက် အမိနိုင်ငံနှင့်အမျိုး ဘာသာ သာသနာအတွက် ပညာဖြင့်ကာကွယ်မည် ဟူသောဆောင်ပုဒ်ကိုကိုင်စွဲသင့်သောအချိန်ရောက်နေပေပြီ။ ထို့ပြင် ပညာမရှိပါကမျိုးနွယ်မျိုးဆက်တို့လည်း ပျက်သုဉ်းသွားနိုင်ပါ၏။ ဥပမာအနေဖြင့် ဒိုင်နှိုဆောနှင့်ဂေါ်ဇီလာ သတ္တဝါတို့သည် မျိုးဆက်ပြတ်သည်အထိ မျိုးသုဉ်းခဲ့ကြပြီဖြစ်၏။ အကြောင်းမှာ မျိုးနွယ်ကိုကာကွယ်နိုင်သော ပညာမဲ့ခြင်းကြောင့်ပင်တည်း။ အခြားအခြားသော မျိုးသုဉ်းသွားသောသတ္တဝါများ၊ မျိုးသုဉ်းလုဆဲဆဲဖြစ်သောသတ္တဝါများလည်း ထို့အတူပညာမဲ့ခြင်းကြောင့်ဟူသည်မှာ အထူးပြောစရာပင်မလိုတော့။ တစ်ဖန် ကျမ္မာရေးရှုထောင့်က ကြည်ြ့ပန်လျှင်လည်း ဥစ္စာကံစောင့် အသက်ဥာဏ်စောင့် ဟူသောစကားအတိုင်း အသက်ရှင်သန်ရေးအတွက် ကျမ္မာရေးအသိပညာသည် အလွန်တရာပင်အရေးကြီးပါ၏။ ကံကြောင့်မဟုတ်ဘဲ ပညာမဲ့ခြင်းကြောင့်သေဆုံးရသူများ များစွာရှိသလို ကျမ္မာရေးအသိပညာရှိခြင်းကြောင့်အသက်ဆက်လက်ရှင်သန်ခွင့်ရရှိကြသူများလည်း များစွာရှိ၏။ အထူးသဖြင့်မိမိတို့နိုင်ငံနှင့်ပတ်သက်၍ မိမိဝမ်းနဲမိသည့်အချက်မှာ တစ်ချိန်ကပညာရည်မြင့်မားခဲ့မှုကြောင့် သမိုင်းတင်နိုင်ခဲ့ပါလျှက် တဖြည်းဖြည်းပညာရည် အားနဲလာမှုကြောင့်သမိုင်းဆက်လက်မတင်နိုင်တော့သည့်အပြင် သမိုင်းပါပျောက်တော့မည့်အနေအထားသို့ရောက်နေခြင်းပင်တည်း။ ကမ္ဘာ့အဝေးကြီးဆီသို့ကြည့်စရာမလို၊ မိမိတို့အိမ်နီးချင်းနိုင်ငံများကိုကြည့်လျှင်ပင် မိမိတို့နိုင်ငံလောက်သမိုင်းမရှိခဲ့သော နိုင်ငံများသည် ယနေ့မိမိတို့ကိုကျော်လွန်ကာ မိမိတို့လူမျိုးများကို အထက်စီးမှ ပိုင်စိုးပိုင်နင်း ခိုင်းစားနေကြပေပြီ။ မိမိတို့ကား ကျိုးနွံစွာ ကျွန်ဖြစ်ရင်းဝမ်းစာရှာနေရချေပြီ။ ပညာရည်မြင့်သူတို့က သမိုင်းသစ်ကိုရေးနေကြလေပြီ။ဤအချက်ကိုစဉ်းစားလျှင် သူတို့သည် မိမိတို့ထက် ပညာရည်မြင့်မားကြောင်းမှာ ထင်ရှားလှတော့၏။ ဝမ်းနဲဘွယ်ရှက်ဘွယ်ရှိပေစွတကား။ အထက်ပါအချက်တို့မှာ သင်ဆရာ မြင်ဆရာ ကြားဆရာများထံမှ မိမိမှတ်သားလေ့လာဖူးသည်များကို နားလည်သလောက် ပစ္စက္ခအခြေအနေနှင့်ယှဉ်၍ ပညာ၏အရေးပါပုံ လောက၏အသက်သွေးကြောဖြစ်ပုံကို ထောင့်စုံမှသုံးသပ်တင်ပြခြင်းဖြစ်ပါသည်။ ပညာ၏သဘောနှင့် ပညာပါရမီတို့၏ သဘောသဘာဝ အစစ်အမှန်ကိုမတင်ပြရသေးပါ။ အမှန်စင်စစ် ပညာ၏သဘောဟူသည်ဤသို့..


No comments:

Post a Comment