........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Apr 21, 2013

ထိတ်လန့်သံဝေဂယူဖွယ်ရာ ဝဋ်မှာအမြဲ”

(န အန္တလိက္ခေ)အစရှိသော ဒေသနာတော်ကိုသာဝတ္ထိပြည်ဇေတဝန်ကျောင်းတော်၌သုံးဦးသောသူတို့ကို အကြောင်းပြု၍ ဟောကြားတော်မူ၏။ မြတ်စွာဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူ၏။ ရဟန်းတို့သည် ဆွမ်းအလို့ငှာ ရွာသို့ကြွဝင်တော်မူကြ၏။

မီးကွင်းလည်ဆွဲ ကျီးမိုက်မဲ
ရွာသူတို့သည် ရဟန်းတို့အား ဆွမ်းဘောဇဉ်တို့ကို ဆက်ကပ်၏။ ထိုစဉ်အခိုက် အိမ်တစ်အိမ်မှ မိန်းမတစ်ယောက်သည် ဟင်းလျာချက်ပြုတ်နေစဉ် မီးတောက်သည် သက်ငယ်အမိုးကို လောင်၏။ သက်ငယ်အခွေတစ်ခွေသည် ကောင်းကင်သို့ မီးတောက်နှင့်တကွ လွှင့်တက်သွား၏။ ကျီးတစ်ကောင်သည် ပျံသန်းလာရင်း ထိုမီးကွင်းထဲသို့ တိုးဝင်မိ၍ တစ်ကိုယ်လုံးလောင်ကျွမ်းပြီး ကောင်းကင်မှကျ၍ သေလေ၏။ ရဟန်းတော်များက ထိုကျီးမိုက်၏ ဝဋ်ကြွေးကို မြတ်စွာဘုရားရှင်သာလျှင် သိတော်မူ၏။ ကျောင်းသို့ရောက်လျှင် လျှောက်ထားအံ့ဟု ကြံ၏။


အိုးထုပ်လည်ဆွဲ ရေနက်ထဲသို့
အခြားရဟန်းတို့သည် မြတ်စွာဘုရားကို ဖူးမြော်ရန် အလာ လှေကြုံစီး၍ လာကြ၏။ သမုဒ္ဒရာ အလယ်သို့ ရောက်လျှင် လှေသည် မတုန်မလှုပ် ရပ်၍နေ၏။ လှေသူကြီးသည် ဤလှေပေါ်၌ ယုတ်မာသူ ပါရှိလိမ့်မည်ဟု ပြောဆို၍ စာရေးတံမဲ နှိုက်ကြစေ၏။ ငယ်ရွယ်သေးသော လှေသူကြီး၏ မယားသည် မဲကျ၏။ သုံးကြိမ်သုံးခါတိုင်တိုင် ထိုအမျိုးသမီးငယ်၌ မဲကျသော် လှေသူကြီးက တစ်ယောက်အတွက် အများဒုက္ခမခံနိုင်၊ ရေလယ်သို့ ပစ်ချကြကုန်လော့ဟု အမိန့်ပေး၏။ထိုသူမငယ် ရေထဲမှတဖန် ပေါ်လာသည်ကို ငါမမြင်လို၊ သဲအိုးကို လည်ပင်း၌ဆွဲပြီး တစ်ခါတည်း မြုပ်သွားအောင် ပစ်ချကြဟု အမိန့်ပေး၏။ ထိုသို့ အမိန့်တိုင်းပြုလုပ်ကြသော် ငါးလိပ်တို့သည် လုယက်၍စားကုန်ကြ၏။ ရဟန်းတို့သည် ဤအချင်းအရာကို ကြည့်၍ အဘယ်သို့ဖြစ်လေသနည်း၊ မြတ်စွာဘုရားရှင်သည်သာ သိပေမည်။ မေးမြန်းလျှောက်ထားကုန်အံ့ဟု စိတ်ကူးထားကြ၏။

ဂူတွင်ပိတ်မိနေသော ရဟန်းခုနစ်ပါး
အခြားတစ်နေရာ၌လည်း ရဟန်းခုနစ်ပါးတို့သည် မြတ်စွာဘုရားထံဖူးမြင်ရန် လာကြ၏။ ညနေချမ်း လမ်းခရီး၌ ကျောင်းတစ်ခုသို့ ဝင်၍တည်းခိုကြ၏။ ကျောင်းရှိရဟန်းတို့က ဂူလိုဏ်တွင် အင်ပျဉ်ခုတင် ခုနစ်လုံးရှိသည်ဖြစ်၍ ဂူလိုဏ်အတွင်း နေရာခင်းကျင်းပြီး အာဂန္တုက ရဟန်းတို့အား ပေး၏။ ညဉ့်အချိန်ရောက်လျှင် တောင်စောင်းမှ ကြီးစွာသော ကျောက်တုံးကြီးလိမ့်ကျလာပြီး ဂူဝ၌ပိတ်ဆို့၏။ ကျောင်းနေရာ ရဟန်းတို့သည် ရွာသူရွာသားများကို သွားရောက်ခေါ်ယူပြီး ဖယ်ရှားကြ၏။ ကျောက်တုံးသည်ရွေ့သည်မျှပင်မရှိပေ။ အတွင်းမှ ရဟန်းခုနစ်ပါးတို့သည် ရှိသမျှအားနှင့်တွန်းကြ၏။ ရွေ့သည်မှမရှိ၊  ခုနစ်ရက်တိုင်တိုင်ပင် ဖယ်ရှားသော်လည်းမရ၊ လိုဏ်ဂူအတွင်းရှိ ရဟန်းခုနစ်ပါးတို့သည် ခုနစ်ရက်တိုင်တိုင် အစာရေစာငတ်ပြတ်၍ ကြီးစွာသော ဆင်းရဲဒုက္ခရောက်ကြရ၏။ ခုနစ်ရက်မြောက်မှ ကျောက်တုံးကြီးသည် အလိုလိုသာလျှင် လိမ့်၍ သွားတော့၏။ ဤသို့မကောင်းကျိုးသည် အဘယ့်ကြောင့် ဖြစ်ရသနည်းဟု အာဂန္တုကရဟန်းတို့သည် မြတ်စွာဘုရားထံရောက်မှ လျှောက်ထားကြကုန်အံ့ဟု ကြံစည်၍ သွား၏။

မြတ်စွာဘုရားဖြေကြားတော်မူပုံ
ရဟန်းသုံးဖွဲ့တို့သည် မြတ်စွာဘုရားအထံတော်၌ ဆုံမိကြ၏။ မိမိတို့တွေ့ကြုံသိမြင်ရသမျှကို လျှောက်ထားမေးမြန်းကြ၏။ မြတ်စွာဘုရားရှင်က အတိတ်ဇာတ်များကို အကြောင်းပြုကာ ဟောကြားတော်မူ၏။
ကျီးမိုက်သည် မိမိပြုခဲ့သောကံကို ခံစားရခြင်းဖြစ်၏။ အတိတ်ဘဝတုန်းက ဗာရာဏသီပြည်မှာ လယ်သမားတစ်ယောက်သည် နွားကတ်တစ်ကောင်ရှိ၏။ နွားသည် အလုပ်ရှိ၍ခိုင်းလျှင် အနည်းငယ်သာသွား၍ လှဲအိပ်၏။ ကြိမ်ဖြင့်ရိုက်သော် အနည်းငယ်သွား၍ တစ်ဖန်အိပ်ပြန်၏။ လယ်သမားသည် ဒေါသထွက်၍ တစ်သက်လုံးအိပ်ပေတော့ဟု နွား၏လည်ကို ကောက်ရိုးတို့ဖြင့်ပတ်ပြီး မီးတိုက်သတ်၏။ ထိုအကုသိုလ်ကံ မကောင်းမှုတို့ကြောင့် ထိုကျီးသည် ငရဲ၌ရှည်လျားစွာခံရပြီး ကံကြွင်းကြောင့် ခုနစ်ကြိမ်တိုင်တိုင် ဤသို့ မီးလောင်၍ သေရဖူးပြီးဟု မိန့်တော်မူ၏။

တစ်ဖန်လှေသူကြီး၏ မိန်းမသည်လည်း အတိတ်ဘဝက ခွေးတစ်ကောင်၏လည်ပင်းတွင် သဲအိုးချည်၍ ရေတွင်ပစ်ချခဲ့သော အကုသိုလ်ကံကြောင့် ယခုဘဝတွင် ရေထဲသို့ပစ်ချပြီးအသတ်ခံရကြောင်း မိန့်ကြားတော်မူပြီး ရဟန်းခုနစ်ပါးသည်လည်း အတိတ် နွားကျောင်းသားငယ်ဘဝတုန်းက အပေါက်ခုနစ်ခုရှိသော တောင်ပို့ကြီးထဲ၌ ဖွတ်ကြီးတစ်ကောင်ကို တစ်ယောက်တစ်ပေါက်စီ ပိတ်ကြပြီး ခုနစ်ရက်ကြာမှ သတိရ၍ အပေါက်ထိုကို ဖွင့်ကြသည်ရှိသော် ပိန်လှီ၍ အရိုးအရေမျှသာရှိသော ဖွတ်သည် တုန်လှုပ်စွာထွက်လာ၏။ သူငယ်တို့သလည်း ဖွတ်ကို သနားကြ၍ မသတ်တော့ဘဲ လွှတ်လိုက်၏။ ထိုဖွတ်ကို မသတ်သောကြောင့် ငရဲသို့မကျခဲ့ပေ။ သို့သော် ထိုကံ၏ အကျိုးဆက်ကြောင့် တစ်ဆယ့်လေးဘဝတိုင်တိုင် ခုနစ်ရက်ပတ်လုံး အစာအဟာရပြတ်သောအဖြစ်ကို ခံခဲ့ကြရကုန်၏ မိန့်တော်မူပါသည်။ ဒီဇာတ်တော်ကို လေ့လာခြင်းဖြင့် ဝဋ်ကြွေးဟူသည် အကုသိုလ်ကံ မကုန်မချင်း ပေးရဆပ်ရမည်သာဖြစ်ကြောင်းနှင့် ထိုဝဋ်သင့်မည့် အကုသိုလ်အလုပ်ကို မလုပ်သင့်ဘဲ ရှောင်သင့်ကြဉ်သင့်လှကြောင်းထင်ရှားပေမည်။ မသေမရှင်ထားပြီး အစာရေစာများဖြတ်တောက်ထားတဲ့အကုသိုလ်ကံကို ကျူးလွန်းမိလျှင်လည်း ထိုအကုသိုလ်ကံကြောင့် မိမိသည်လည်း တစ်ဖန် အစာ ရေစာဖြတ်တောက်ခြင်းကိုခံရမည်ဖြစ်ပြီး၊ ခြေဖြတ်ခြင်း လက်ဖြတ်ခြင်း၊ မျက်လုံးဖောက်ထုတ်ပစ်ခြင်း ခေါင်းဖြတ်ခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်း စတဲ့အကုသိုလ်ကံ များကို ပြုလုပ်လျှင်လည်း ထိုကံနဲ့တူညီတဲ့ဝဋ်ကြွေးကိုပြန်လည်ပေးရဆပ် ရမည်ဖြစ်ကြောင်း အသိပေး ရေးသားလိုက်ရပါသည်။

ဝဋ်ကြွေးဟူသည် ကောင်းကင်၌နေသော်လည်း မကောင်းမှုကံမှ မလွတ်နိုင်ရာ၊ သမုဒ္ဒရာအလယ်၌နေ သော်လည်း မကောင်းမှုကံမှ မလွတ်မြောက်နိုင်ရာ၊ တောင်လိုဏ်ခေါင်းသို့ ဝင်၍နေသော်လည်း မကောင်းမှုကံမှ မလွတ်မြောက်နိုင်ရာ၊မည်သည့် အရပ်၌နေနေ မကောင်းမှုတို့မှ လွတ်မြောက်ခြင်းမရှိ။ မကောင်းမှုကံတို့မှ လွတ်မြောက်သည့်အရပ်ဟူသည် မရှိဟု သင်ခန်းစာများရရှိပေသည်။

ကိုးကား။           ။ (ဓမ္မပဒ ၊ပါပဝဂ် ၊တယောဇနဝတ္ထု)

No comments:

Post a Comment