........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Apr 19, 2013

တောင်စွန်း ဓမ္မဘေရီ အမှာစကား

အသိနဲ့အတတ်
ကောင်းကျိုး၊ ဆိုးကျိုးတို့ရဲ့ အကြောင်း တရားကို သိတတ်တာ အသိပညာ၊ ဘယ်အရာမဆို စနစ်တကျ သုံးတတ်တာ အတတ်ပညာ၊ အသိပညာနဲ့ အတတ်ပညာ နှစ်မျိုးစုံမှ ဘ၀ပြည့်စုံတယ်။

အသုံးအစွဲ
ပစ္စည်းဥစ္စာ၊ ခြေလက်အင်္ဂါ၊ သြဇာအာဏာ၊ အသက်ခန္ဓာတို့ကို စနစ်တကျသုံးလျှင် သုံးတတ်သလောက် ကောင်းကျိုးရတယ်။ လောကအတွက် သုံးရင် လောကကောင်းကျိုးရမယ်။ ဓမ္မအတက်သုံးရင် ဓမ္မကောင်းကျိုးရမယ်။

အခွင့်နဲ့အရေး
ကံကောင်းထောက်မလို့ အခွင့်အကောင်းတွေနဲ့ ကြုံနေပေမယ့် ဥာဏ်ကောင်း၊ လုံ့လကောင်းတွေနဲ့ အရေးပါအောင် အသုံးချ တတ်မှ ကောင်းကျိုး အပြည့်အ၀ ရနိုင်တယ်။

အစွမ်းနဲ့အစ
ပင်ကိုယ် ဗီဇ ဘယ်လောက်ပဲ အစွမ်းတွေ ကောင်းနေနေ၊ စနစ်တကျ စေဖော်ပေးမှ အစမ်းပြနိုင်တယ်။ အစပျောက်နေရင်တော့ အစွမ်းတွေလည်း ပျောက်နေမှာပဲ။

အရှိနဲ့ အသိ
ဘာပဲရှိရှိ အရှိတွေအားလုံးဟာ အသိနဲ့ အသုံးချတတ်မှ ချမ်းသာရမယ်။ အသိနဲ့အသုံးမချတတ်ရင် အရှိများသလောက် ဒုက္ခများတတ်တယ်။

အကောင်းပြောနဲ့ အပြောကောင်း
ဘယ်လောက်ပဲ ကောင်းတာကိုပြောပြော၊ ပြောပုံမကောင်းရင် ဆဲသလို ဖြစ်မယ်။ ဘယ်လောက်ပဲ အပြောကောင်းကောင်း စိတ်စေတနာကောင်း မပါရင် လိမ်ညာသူပဲ ဖြစ်မယ်။

အမှန်နဲ့အကောင်း
အဖေကို အမေ့လင်လို့ ပြောတာမျိုးဟာ မှန်ပေမယ့် မကောင်းလို့ ရိုင်းရာကျတယ်။ လူမိုက်ကို အကြိုက်လိုက်ပြီး မြှောက်ပြောတာမျိုးဟာ မမှန်ကန်တဲ့အတွက် မှန်လည်းမှန်၊ ကောင်းလည်းကောင်းမှ ကောင်းကျိုးအစစ် ဖြစ်နိုင်တယ်။

အထိန်းနဲ့အကျောင်း
ဘယ်သတ္တ၀ါမဆို အထိန်းလွန်ရင် ငတ်သေတတ်တယ်။ အကျောင်းလွန်ရင်လည်း ကျပ်သေတတ်တယ်။ ကိုယ်ကျင့်တရားနဲ့လည်း ထိန်း၊ စီးပွားရှာမှုနဲ့လည်း ကျောင်းနိုင်မှ ဘ၀လှပ ပြည့်စုံမယ်။

လိုချင်တာနဲ့ လိုအပ်တာ
လိုချင်သမျှ လိုက်ရှာနေရင်လည်း ဆင်းရဲမယ်။ လိုအပ်သမျှ ရအောင် မရှာနိုင်ရင်လည်း ဆင်းရဲမယ်။ လိုချင်တာကို ရှောင်၊ လိုအပ်တာကို ရှာနိုင်မှ ချမ်းသာမယ်။

အလုပ်နဲ့အရှုပ်
ရှေ့ကိုသွားနေသူက အလုပ်လုပ်တာ၊ ဘေးကိုသွားနေသူက အရှုပ်လုပ်တာ။ ရှေ့ကိုကြည့်ပြီး ရှေ့ကိုသွားတော့ ဘေးနဲ့တွေ့ပြီး ဆင်းရဲတယ်။ အရှုပ်ထဲမှာ အလုပ်ရှာပါ။ အလုပ်ထဲမှာ အရှုပ်မပါစေနဲ့။

ဝန်ထမ်းနဲ့ဝန်ထုပ်
တာဝန်သိပြီး တာဝန်ကျေသူက ၀န်ထမ်း၊ တာဝန်ပိပြီး တာဝန်ပျက်တသူက ၀န်ထုပ်။ ၀န်ထမ်းရင် ၀န်ပေါ့မယ်။ ၀န်ထုပ်ရင် ၀န်လေးမယ်။

နေရာနဲ့လူ
ကိုယ့်အတွက် ရေကန်အသင့် ကြာအသင့် ဖြစ်တဲ့ အရပ်ကို ရှာဖွေနေသူဟာ ကိုယ်စွမ်းကိုယ်စ ပျောက်နေတဲ့အတွက် ဘ၀ပါပျောက်ပြီး သေနေမယ်။ ရောက်ရာအရပ်မှာ ရေကန်တူးပြီး ကြာပေါက်အောင် စွမ်းဆောင်နိုင်မှသာ ကိုယ်စွမ်းကိုယ်စ ပြည့်ဝတဲ့အတွက် ဘ၀ပါပြည့်ဝ ရှင်သန်မယ်။

No comments:

Post a Comment