........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Jan 6, 2013

ကံ၏ အနက်အဓိပ္ပါယ်


‘ကံ’ဆို သည်မှာ ပါဠိဘာသာ ‘ကမ္မ’ မှဖြစ်လာသော မြန်မာဝေါဟာရ ဖြစ်သည်။ ပြုလုပ်မှုဟု အဓိပ္ပာယ်ရသည်။
ထိုပြုလုပ်မှုဟူသော ကံသည်-
(က) ကိုယ်ဖြင့် ပြုလုပ်မှု (ကာယကံ)
(ခ) နှုတ်ဖြင့် ပြောဆိုမှု (၀စီကံ)
(ဂ) စိတ်ဖြင့် ကြံစည်မှု (မနောကံ)
ဟူ၍ (၃)မျိုးရှိသည်။


ကံ အမျိုးအစား
အတိတ်ကံသည် အလွန်အားကောင်း သောကံ၊ အလယ်အလတ် အားကောင်းသော
ကံ၊ နုံချာသောကံ ဟူ၍ သုံးမျိုးရှိသည်။ ထို့အတူပင် ပစ္စုပ္ပန်ကံသည်လည်း ကံ ဉာဏ် ၀ီရိယ မျှတစွာ သုံး၍ လက်ရှိ အခြေအနေ ထက် တိုးတက်လာအောင် ကြိုးစားခြင်း၊ တည်တံ့ရုံသာ ကြိုးစားခြင်း၊ တည်တံ့ရုံ လောက်ကိုပင် အားမထုတ်ခြင်း ဟူ၍ သုံးမျိုးရှိသည်။ အလွန် အားကောင်း သော အတိတ်ကံတို့ကြောင့် မိကောင်း ဘကောင်း အထက်တန်းစား ဆရာသမား မိဘကောင်းတို့ထံတွင် လူဖြစ်လာရသည်။ ထိုသူသည် အရွယ်ရောက်လာ သောအခါ ကံ ဉာဏ် ၀ီရိယ သုံးပါး ညီညွတ်စွာ ပစ္စုပ္ပန်ကောင်းအောင် ကြိုးစားက လူ့ဘ၀တွင် အထွတ်အထိပ် မင်းစိုးရာဇာ သူဌေးသူကြွယ် ပညာရှင်ကြီး ဖြစ်နိုင်သည်။

အတိတ်ကံ အလွန်အားကောင်း၍ မိကောင်း ဘကောင်း ထံတွင်လူဖြစ်လာရ သော်လည်း ပစ္စုပ္ပန်အားထုတ်မှုမှာ အလယ်အလတ်တည်တံ့ရုံသာ ကြိုးစားလျှင် အလယ်အလတ်တန်းစား ဘ၀သာ ရောက်ရှိမည်။ ထိုသူသည်ပင် ပစ္စုပ္ပန်ကြိုးစားမှုမရှိ၊ တည်တံ့ရုံပင် ကြိုးစားမှု မပြုပါလျှင် နိမ့်ကျ ဆင်းရဲ မွဲတေသူ ဘ၀သို့ ရောက် သွားရသည်။ပစ္စုပ္ပန်၏ အင်အား အပေါ်လိုက်၍ မိဘတို့ထက် ပိုတိုးတက်သူ- အတိဇာတသား၊ မိဘခြေရာနင်း၍ မိဘတို့အဆင့် ကိုမှီ သူ-အနုဇာတသား၊ မိဘတို့အဆင့်မမီဘဲ ယုတ်ညံ့နိမ့်ကျသွားသူ-အ၀ဇာတသား ဟူ၍ သားသုံးမျိုး ပေါ်ထွက်လာသည်။ အတိတ်ကံမှာ မိကောင်းဖခင်သား ဖြစ်အောင် ပို့ပေးရုံသာ ပေးခဲ့၏။
အတိတ်ကံ အလတ်တန်းစားကြောင့် သာမန်မိဘတို့ ၀မ်း၌လူဖြစ်ရ သော်လည်း ပစ္စုပ္ပန် ကြိုးစားအားထုတ် မှုများပြားလျှင် အထက်တန်းအဆင့်သို့ ရောက်ကြရသည်။ မင်းစိုးရာဇာ သူဌေးသူကြွယ် ပညာရှင်ကြီးများ ဖြစ်ကြရသည်။
ထိုသူသည်ပင် အလယ်အလတ် တည်တံ့ရုံသာ ကြိုးစားလျှင် အလတ်တန်းစားထဲက အလတ်တန်းစားသာ ဖြစ်ရသည်။ ထိုသူသည်ပင် ပျင်းရိပြီး ကြိုးစားမှုမရှိ၊ ပစ္စုပ္ပန်ကံမွဲလျှင် ဆင်းရဲသူဘ၀ ရောက်ရသည်။

ထို့အတူပင် အတိတ်ကံအားနည်း၍ ဆင်းရဲသူမိဘများ ၀မ်း၌ဖြစ်ရသော်လည်း ပစ္စုပ္ပန်ဘ၀အားထုတ်မှု များပြားလျှင် ကြီးပွားသူဘ၀ရောက်ရသည်၊ အလတ်တန်းစား တည်တံ့ရုံသာ ကြိုးစားလျှင် သာမန်ဆင်းရဲသား ဘ၀သာ ရရှိမည်။ ပစ္စုပ္ပန် ကြိုးစားမှုမပြုလျှင်မူ လွန်စွာနိမ့်ကျ သောဘ၀ သို့ရောက်ရသည်။

အတိတ်ကံကောင်၍ အလွန်ရခဲလှသည့် ဒုလ္လဘငါးဖြာ အပါအ၀င်လူအဖြစ်ကို ရခဲ့ကြပြီ ဖြစ်သည်။ လူ့ဘ၀ လူဖြစ်နေရခြင်းသည် အလွန်ကြီးကျယ် လှသော အခွင့်အရေးကြီး ဖြစ်သည်။ ဒုဂ္ဂတိဘ၀များတွင်သာ သတ္တ၀ါတို့ အမြဲထာဝရ နေအိမ် ဖြစ်နေကြရသည်။ ဒုစရိုက် တရားတို့ကို သာထပ်တလဲလဲ လုပ်ဆောင်နေကြသဖြင့် ဒုဂ္ဂတိဘ၀များသာ အဆက်မပြတ် ဖြစ်ပေါ်နေကြသည်။ ကြုံခဲလှသည့် ဘုရားသာသနာနှင့် ကြုံတွေ့လာသည့် အခိုက် ကမ္မဿကတာသမ္မာဒိဌိအမြင်မှန်ဖြင့် ပစ္စုပ္ပန်ကံကောင်းများ အမြဲဖြစ်ပွားနေရေး၊ သူစရိုက် တရား များတိုးပွားနေရေးအတွက် အလေးထားလုပ်ဆောင်ရပေမည်။

No comments:

Post a Comment