........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Jan 4, 2013

ပဋ္ဌာန်း ဒေသနာတော် မှ သိမှတ်ဖွယ်ရာများ

ပဋ္ဌာန်း = ပ + ဌာန
ပ = အမျိုးမျိုးအစားစား များပြားသော
ဌာန = အကြောင်း
(ဒီနေရာမှာ စာလုံးပေါင်းမူကွဲနေတာ သတိထားမိပါတယ်။ ဋ္ဌ နဲ့ ဌ ဖြစ်ပါတယ်။ စာအုပ်တော်တော်များများမှာ ပဋ္ဌာန်း ကို ဋ္ဌ နဲ့ ဖော်ပြပြီးတော့ ဌာန လို့ ပြန်ခွဲတာကိုတော့ ဌ နဲ့ပဲ ဖော်ပြထားတာ တွေ့ရပါတယ်။ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းမှာ ကြည့်တော့ ဋ္ဌ = ဋ + ဌ လို့ တွေ့ရပါတယ်။ ပ+ဌာန ကို သီဟိုဠ် ပါဠိ ပြင်လိုက်တော့ ပဋ္ဌာန်း လို့သာ မြန်မာ အက္ခရာနဲ့ ရေးရမယ်ဆိုပါတယ်။ ပဌာန်း လို့ မရေးကြရပါဘူး။ အရေးမကြီးလှပေမယ့် အဓိပ္ပါယ်ဖွင့်ဆိုမှု လွဲသွားမှာစိုးလို့ သတိထားမိပါတယ်။ ) ။
နောက် အမည်တစ်မျိုးကတော့ -
အနန္တနယ သမန္တ ပဋ္ဌာန်းကျမ်း = အနန္တနယ + သမန္တ
အနန္တနယ = အဆုံးမရှိသောကျမ်း
သမန္တ = ထက်ဝန်းကျင်
အဆုံးမရှိသော နည်းလမ်းတို့ဖြင့် တန်ဆာဆင်ထားသော ထက်ဝန်းကျင် ပြည့်စုံသောကျမ်း လို့ခေါ်ကြပါတယ်။
ဒီတော့ ပဋ္ဌာန်း ဆိုတာ အမျိုးမျိုးအစားစား များပြားသော အကြောင်း တရားများကို လေ့လာဟောကြားတဲ့ တရားတော်ဖြစ်ပါတယ်။
လောကကြီးမှာ ပညတ်သဘောအရ သတ္တလောက ၊ သြကာသ လောက ၊ သင်္ခါရ လောက ရယ်လို့ (၃)မျိုးရှိပါမယ်။ ဒီလောကတွေကို ပရမတ်အားဖြင့် ခွဲစိတ်ရင်တော့ ရုပ် နဲ့ နာမ် ( ၂ ) ပါးပဲ ရှိပါမယ်။ ဒီအထဲမှာမှ အကြမ်းအားဖြင့် နာမ် ကို ထပ်ခွဲတော့ စိတ် နဲ့စေတသိတ် (၂)မျိုး ထပ် ရှိမယ်။ ဒီတော့ သက်ရှိမှန်သမျှမှာ ရုပ်နဲ့ နာမ် ( တနည်း ) ရုပ် ၊ စိတ် ၊ စေတသိတ် တို့ ရှိနေပြီး ၊ သက်မဲ့မှာတော့ ရုပ်သာလျှင် ရှိပါမယ်။ လောကကြီးမှာ ရှိတဲ့ နိယာမတရား(၅)ပါးနဲ့ ထိတွေ့တဲ့ အခါ အချို့သော သက်မဲ့များဟာ သက်ရှိအလား ထင်မှတ်မှားရပါတယ်။ မွေးဖွားတယ် ၊ ကြီးရင့်တယ် ၊ အိုဟောင်းလာတယ် ၊ မျိုးပွားတယ် ၊ သေကြေပျက်စီးတယ် သဘောတွေ တူနေကြလို့ သက်မဲ့ ကို သက်ရှိ အဖြစ် အယူမှားတာတွေ ရှိခဲ့ ၊ ရှိနေကြတယ်။ အထင်ရှားဆုံးကတော့ သစ်ပင်တွေပေါ့ ။
နောက်တစ်ချက် ဒီ လောက (၃)ပါးမှာ အ၀ိဇ္ဖာနဲ့ တဏှာ ကို အရင်းခံပြီး ဥပါဒါန် ၊ ကံ (သင်္ခါရ) နဲ့ အာဟာရ တွေ ထောက်ပံ့ တည်ပေးနေသမျှကတော့ သတ္တလောက က သတ္တ၀ါတွေဟာ သြကာသလောကထဲက ဘုံ အမျိုးမျိုးမှာ ကျင်လည်နေကြရမှာပါပဲ ။ ဒီလို ဒုက္ခတွေ မွေးလိုက်၊သေလိုက်နဲ့ လည်နေတာကို သံသရာလို့ ခေါ်တာပါပဲ ။ ဒီလို လူဖြစ်လိုက် ၊ နတ်ဖြစ်လိုက် ၊ တိရ စ္ဆာန် ဖြစ်လိုက် ၊ အပယ်ရောက်လိုက်၊ ငရဲကျလိုက်ဖြစ်နေတာတွေဟာ ကိုယ် ပြုဖူးတဲ့ အကြောင်းတရားတွေကြောင့် ဖြစ်တယ်။ ဘယ်တန်ခိုးရှင်တစ်ဦးတစ်ယောက်မှ ဖန်တီးပေးနေတာ မဟုတ်ဘူး။ အကြောင်းတရား ရှိခဲ့ လို့ ဒီလို အကျိုးတွေ ဖြစ်နေတယ်ဆိုတာကို တိတိကျကျ ပိုင်းခြားဟောထားတာကတော့ ပဋိစ္စ သမုပ္ပါဒ် ဒေသနာတော် ပါပဲ ။
မြတ်စွာဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့်နေ့ ရဲ့ ညဉ့်ဦးယံမှာ ရှေးက ခန္ဓာ စဉ်ကို ပြန်အောက်မေ့ သိရှိနိုင်သော ပုဗ္ဗေနိဝါသာနုဿတိ ဥာဏ် ၊သန်းခေါင်ယံမှာ နတ်မျက်စိနဲ့ တူတဲ့ ဒိဗ္ဗစက္ခှုဥာဏ်တွေကို ရရှိပြီးတော့ အာသ၀က္ခာဥာဏ် လို့ ခေါ်တဲ့ ဗောဓိဥာဏ်ကို အလွယ်တကူ မရပါဘူး။ ဒါကြောင့် ဘာမှားနေလဲ ဆိုပြီး ပုဗ္ဗေနိဝါသာနုဿတိ ဥာဏ် နဲ့ ရှေး ဘုရားတွေကို ပြန် ကြည့်ပါတယ်။ ဒီအခါမှာ ရှေးရှေးကပွင့်တော်မူပြီးသော ဘုရားရှင်အားလုံးဟာ ပဋိစ္စ သမုပ္ပါဒ် ဒေသနာတော် ကို ဆင်ခြင်ပြီးမှသာ ဘုရားဖြစ်တော်မူကြကြောင်း သိတော်မူပြီး အနုလောမ ၊ ပဋိလောမ အားဖြင့် ဆင်ခြင်နှလုံးသွင်းပါတယ်။ ဒါကြောင့်လဲ မိုးသောက်ယံမှာ အာသ၀က္ခယဥာဏ် လို့ ခေါ်တဲ့ ဗောဓိဥာဏ်ကို ရရှိပြီး ဗုဒ္ဓ အဖြစ်ရောက်တော်မူပါတယ်။
ပဋိစ္စ သမုပ္ပါဒ် ဒေသနာတော်ဆိုတာကလည်း ခန္ဓာဥာဏ်ရောက် သဘောပေါက်အောင် ဟောရ ၊ရေးရမယ်ဆိုရင် ခက်လွန်း ၊ ပရိယာယ် များလွန်းလို့ ၀ိသုဒ္ဓမဂ် အဋ္ဌကထာကို စီရင်ရေးသားတဲ့ အရှင်ဗုဒ္ဓဃောသ ကိုယ်တော် ကြီး ကတောင် သမုဒ္ဒရာပြင်ကျယ် ရေပင်လယ်မှာ ယုန်သူငယ် ခြေထောက်လို့ မမီနိုင်သလိုပဲလို့ ညည်းတော်မူခဲ့ရပါတယ်။ ဘုရားရှင်တောင် ပဋိစ္စ သမုပ္ပါဒ်ကို ဆင်ခြင်ပြီးမှ ဘုရားဖြစ်တယ်ဆိုတော့ ကနေ့ နိဗ္ဗာန်ကို မျက်မှောက်ပြုလိုသူ ၀ိပဿနာ ယောဂီတိုင်း ၀ိပဿနာကျင့်စဉ် ၊ သစ္စာတရား နဲ့ ပဋိစ္စ သမုပ္ပါဒ်ကို ယှဉ်တွဲ သွားမှသာ လမ်းမှန်မယ်လို့ ဆိုရပါမယ်။ ပရိညာ (၃) ပါး ရှိတဲ့ အထဲမှာ ဥာတပရိညာ နဲ့ ဒိဋ္ဌိဖြုတ်မှုကို ရှေ့တန်းတင်ရပါမယ်။ တိရဏ ပရိဥာကို ရှေ့တန်းတင်ပါက ရှေ့နောက်လွဲပြီး တရားမရဖြစ်နေတတ်ပါတယ်။
ပဋိစ္စ သမုပ္ပါဒ်ကို နားမလည်ပါက ဒိဋ္ဌိကို ဥာတပရိညာ (အသိ) နဲ့ တောင် ခွာမရတော့ပါဘူး။ ဒီတော့ ဗုဒ္ဓဘာသာဝင် မိစ္ဆာ ဒိဋ္ဌိတွေ ဖြစ်နေကြဦးမှာပေါ့ ။ပဋိစ္စ သမုပ္ပါဒ်ကို နားလည်ရင်တော့ အဟေတုက ၊ နတ္ထိက ၊ အကိရိယ ဟူသော နိယတ မိစ္ဆာ ဒိဋ္ဌိ (၃)ပါးမှ စပြီး အားလုံး (၆၂)ပါးသော မိစ္ဆာ ဒိဋ္ဌိများကို ဥာတပရိညာ (အသိ) နဲ့ ကင်းစင်စေပါမယ် ။ ပိဋကတ်တော်တွေမှာ ရှိတဲ့ အခြားအခြားသော သုတ္တာန် များ ၊ ဓမ္မများကို တဦးတယောက်က ၀င်ရေးသွားခဲ့တာ လို့ ပြောရင် ပြောနိုင်လိမ့်မယ်။ အငြင်းပွားစရာ ရှိနိုင်တယ်။ သစ္စာတရား ၊ ပဋိစ္စ သမုပ္ပါဒ် နဲ့ ပဋ္ဌာန်း ကိုတော့ မည်သူမျှ ကြားဝင် စဉ်းစားနိုင်သော တရားမဟုတ်ပါ ။ ဘုရားရှင်ကိုယ်တိုင် သဗ္ဗညုတ ဥာဏ်တော်နဲ့ ဖော်ထုတ်ဟောပြောခဲ့သော တရားစစ်စစ်များဖြစ်ကြောင်း ခေတ် အဆက်ဆက် ထောက်ခံခဲ့ကြပါတယ်။
ပဋိစ္စ သမုပ္ပါဒ် က အကြောင်းအကျိုး ဆက်နွယ်မှုကို ပြတယ် ။ ဒီအကြောင်းတွေ ကြောင့် ဒီ အကျိုး ပေါ်လာတယ် ၊ ဒီအကြောင်းမရှိရင် ဒီအကျိုးအပေါ်ဘူး။ ဒီအကြောင်းချုပ်ရင် ဒီအကျိုးချုပ်မယ်။ စသည်ဖြင့် ရှင်းလင်းဟောကြားထားတယ်။ သုတ္တန် ဒေသနာ နည်းနဲ့ဟော ပါတယ်။
ဒီတော့ အကျိုးဖြစ်နေတာတွေကတော့ သိပါပြီ။ ဒီအကျိုးပေါင်းစုံကို ဖြစ်စေတဲ့ အကြောင်းတရား တွေနဲ့ သူတို့ရဲ့ စွမ်းအင်တွေက ဘာတွေဖြစ်မလဲဆိုတာကိုတော့ မြတ်စွာဘုရားရှင်က ပဋ္ဌာန်းမှာ ဟောကြားပါတယ်။ ပဋ္ဌာန်းကိုတော့ အဘိဓမ္မာနည်း နဲ့ ပရမတ္တ တိတိကျကျ ခွဲခြားပြီးဟောပါတယ်။ ဒါကြောင့် ပဋ္ဌာန်းဆိုတာ အမျိုးမျိုးအစားစား များပြားသော အကြောင်းတရား လို့ အဓိပ္ပါယ်အားဖြင့်လဲ ပေါ်လွင်လာပါတယ်။
ပဋ္ဌာန်းကို(၃)မျိုးခွဲလေ့လာကြပါတယ်။
(၁) အမျိုးမျိုးအစားစား များပြားသော အကြောင်းတရားများ
(၂) ကုသိုလ်တရား ၊ အကုသိုလ်တရားများ ကိုဖန်တီးခြင်း
(၃) ကုသိုလ်တရား ၊ အကုသိုလ်တရားများမှ နောက်ဆက်တွဲ ဖြစ်စဉ်များ ဖန်တီးခြင်း ။ အကြောင်းတရားပေါင်းများစွာထဲက အထင်ရှားဆုံး ရွေးထုတ်တဲ့အခါ (၂၄)ပါးထွက်လာပါတယ်။ အခြားသော အကြောင်းတရားများကိုပါ ပေါင်းရင် အများကြီး ရှိပါသေးတယ်။ ဒါကြောင့် ပဋ္ဌာန်းတရားတော်ဟာ သဗ္ဗညုတ ဥာဏ်တော်နဲ့ သာ ပြီးပြည့်စုံအောင် သိနိုင်ပါမယ်။
ဒီတော့ လေးနက်ကျယ်ပြန့်မှု အရ ပဋ္ဌာန်းကျမ်းကို(၃)မျိုးခွဲကြပါတယ်
(၁) အတိဝိတ္ထာရ ဒေသနာ
(၂) အတိသင်္ခေပဒေသနာ
(၃) နာတိ ၀ိတ္ထာရ နာတိသင်္ခေပ ဒေသနာ ဆိုပြီး ခွဲပါတယ်။
(၁)အတိဝိတ္ထာရ ဒေသနာ ဆိုတာ အရမ်းကို ကျယ်ပြန့်လွန်းတယ် ၊ မြတ်စွာဘုရား တာဝတိသာမှာ ဟောတဲ့ အပြည့်အစုံပဋ္ဌာန်း ဖြစ်တယ်။
(၂) အတိသင်္ခေပဒေသနာ ဆိုတာ အလွန်ကျဉ်းတဲ့ဒေသနာ နတ်ပြည်မှာ အသံမစဲ တရားဟောနေရာကနေ နိမ္မိတရုပ်ပွားတော်ကို တရားဆက်ဟောနေစေပြီး လူသားစစ်စစ်ဘုရားရှင် ခန္ဒာဝန်ဆောင်ဖို့ လူပြည်ကိုဆင်းပြီး ၀တ်ပြုတဲ့ အရှင်သာရိပုတ္တရာကို ဟောတဲ့ ဒေသနာတော် ဖြစ်ပါတယ်။ (ဖြစ်စဉ်ကို အရှေ့မှာ ရေးပြီးပါပြီ ၊ ပြန်ဖတ်လိုက်ပါ) ။ အလွန်အတိုချုပ်ဟောပေမယ့် အရှင်သာရိပုတ္တရာက နည်းပေါင်းများစွာနဲ့ တန်ဆာဆင်ပြီး အကျယ်သိနိုင်ပါတယ်။
(၃) နာတိ ၀ိတ္ထာရ နာတိသင်္ခေပ ဒေသနာ ကတော့ မကျဉ်းလွန်း ၊ မကျယ်လွန်းသော တရားတော်လို့ အဓိပ္ပါယ်ရပါတယ်။ ဒါကတော့ အရှင်သာရိပုတ္တရာက မိမိတပည့် ရဟန်း (၅၀၀)ကို့ ပြန်ဟောတဲ့ တရားဖြစ်ပါတယ်။ လက်ရှိ ထေရ၀ါဒ ဗုဒ္ဓဘာသာမှာ သင်ကြားဟောပြောနေတဲ့ ပဋ္ဌာန်းဟာ အရှင်သာရိပုတ္တရာက ပြန်ဟောတဲ့ မကျဉ်းလွန်း ၊ မကျယ်လွန်းသော ပဋ္ဌာန်းတရားတော် ဖြစ်ပါတယ်။
ဘုရားရှင်ပဋ္ဌာန်းကို ဟောပုံ၊ဟောနည်းကလည်း (၃)မျိုးရှိပါတယ်။
(၁) ပု စ္ဆာ ၀ါရ = အမေး

မြတ်စွာဘုရားဟောတဲ့ ပဋ္ဌာန်းဟာ ဘယ်လောက်ကျယ်ပြန့်သလဲဆိုရင် အမေးပုစ္ဆာပေါင်း ၄၀၄၉၄ ကုဋေ ၊ ( ၈ ) သန်း၊ ( ၅ )သိန်း ၊ ( ၃ )သောင်း ၊ ( ၃ )ထောင် ၊ ( ၂ ) ရာ ၊( ၄ )ဆယ့် ( ၈ ) ရှစ် ရှိတယ်လို့ ဆိုပါတယ်။
အမေးပု စ္ဆာပေါင်း ဂဏာန်းဖြင့် - (၄၀၄၉၄ ၈၅၃ ၃၂၄၈) ပု စ္ဆာ ရှိတယ်။
အဲဒီတော့ လူတစ်ယောက်က တစ်နေ့ကို အမေးပု စ္ဆာပေါင်း တစ်သိန်း (၁၀၀ ၀၀၀) ကို ရွတ်ပြီး ဘုရားရှင်ကို ပူဇော်မယ်ဆိုရင် ( ပဋ္ဌာန်းတစ်ခုတည်းနော်၊ အဘိဓမ္မာ (၇) ကျမ်းလုံးထဲက မဟုတ်ဘူး) အဲဒီလူ နှစ်ပေါင်း ၁၀၀၀၀ ရွတ်မှာ အမေးပုစ္ဆာတွေ ကုန်နိုင်မယ်လို့ ကျမ်းပြု ဆရာတော်တွေ တင်စားရေးသားကြတယ်။ ဒီအမေးပုစ္ဆာတွေကို ပုံနှိပ်မယ်ဆိုရင်လည်း စာရွတ်လောက်မှာ မဟုတ်ဘူးတဲ့ ။
(၂) ၀ိသဇ္ဖနာဝါရ = အဖြေ
အမေးတောင် ဒီလောက်များတာ အဖြေကတော့ ပြောမနေတော့ဘူး။
(၃) သခ်ာၤ ၀ါရ = သရုပ္ခြဲ
သရုပ်ခွဲပြီး ချဲ့ ဦးမယ် ဆိုရင်တော့ ဘာပြောကောင်းမလဲ ။
ဒါကြောင့် ပဋ္ဌာန်းကို
မဟာ ပကရဏကျမ်း လို့လဲခေါ်တယ်။
မဟာ = ကြီးကျယ်
ပကရဏ = ခမ်းနားခန့် ငြား
ဒါကြောင့်လဲ သံဃာယနာတွေမှာ ပဋ္ဌာန်းကို အတိုဆုံးချုပ်ပြီးသာ ချန်ပြီးတင်ပါတယ်။
(၃)မျိုးအားဖြင့် ခွဲခြားဝေဖန်ကြပါတယ်။-
ပစ္စယုဒ္ဒေသ = ပစ္စယ + ဥဒေသ = ပစ္စည်း + အကျဉ်း ဝေဖန်ခြင်း
ပစ္စယနိဒ္ဒေသ = ပစ္စယ + နိဒ္ဒေသ = ပစ္စည်း + အကျယ် ဝေဖန်ခြင်း
ပရိ နိဒ္ဒေသ = ပဋ္ဌာန်းကို အကျယ် ဝေဖန်ခြင်း ။

သံဃာယနာဆဋ္ဌမူအရ ကိုပဲ အကျယ်ဝေဖန်မယ်ဆိုရင် အမေးပုစ္ဆာ တစ်ခုကို ကျယ်ကျယ်ပြန့်ုပြန့် ရှင်းလင်းဖြေကြားနိုင်ဖို့ ကျမ်း ( ၃၀ ) အုပ် ၊ ရွက်ရေ ( ၄၀၀၀ )ကျော် ရိုက်မှ ရမယ်။ အမေး ကုဋေ (၄၀၀၀၀)ကျော်ဆိုရင် ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ ပဋ္ဌာန်းအကျယ်ကို အသံမစဲ ပူဇော်ကြတော့ ဆရာတော်တွေက ပ၊ပ၊ပ ၊လ၊လ၊လ စသည် အတိုတွေကို ရွတ်သွားကြတာရှိတယ်။ ဒါကို မြုပ်ပြီးဆိုတာ ၊ ညှို့တယ်လို့လဲ ပြောကြတယ်။ အကျယ်သိချင် ဖော်ပြီးကြည့်ရမယ်လို့ ဆိုလိုတယ်။
အဲဒီလို မတရားချုံ့ ထားတဲ့ ဟာတောင် ပဋ္ဌာန်းက (၅)ကျမ်းရှိတယ် ။ (၅) အုပ်ပေါ့ ၊စာမျက်နှာ - ၂၆၄၀ ရှိတယ်။ အချိန် (၁၃၂)နာရီရွတ်ရမယ်။
ကျမ်းကြီးအနေနဲ့ ကတော့ ပဋ္ဌာန်းကျမ်းကြီး (၄)မျိုး ရှိပါတယ်။
၁- ဓမ္မာနုလောမ ပဋ္ဌာန်း - အကျဉ်း ၆ ကျမ်း
၂- ဓမ္မပစ္စနီယပဋ္ဌာန်း - အကျဉ်း ၆ ကျမ်း
၃- ဓမ္မာနုလောမ ပစ္စနီယပဋ္ဌာန်း - အကျဉ်း ၆ကျမ်း
၎- ဓမ္မပစ္စနီယာနုလောမ ပဋ္ဌာန်း - အကျဉ်း ၆ ကျမ်း ဆိုပြီး ဟောပုံ ဟောနည်းအရ ကျမ်း (၄)မျိုးရှိပါတယ် ။ဒီတော့ အားလုံးက အကျဉ်းအားဖြင့် (၂၄ )ကျမ်း ရှိတယ်။
ဓမ္မာနုလောမ ပဋ္ဌာန်း - အကျဉ်း ၆ ကျမ်း ကို အကျယ်အားဖြင့် ဒီလို ပြန်ခွဲနိုင်ပါတယ် ။
၁- ဓမ္မာနုလောမ တိက ၂၂ ၊
၂- ဓမ္မာနုလောမ ဒုက ၁၀၀ ၊
၃- ဓမ္မာနုလောမ ဒုက တိက ၆၆၀၀ ၊
၎- ဓမ္မာနုလောမ တိက ဒုက ၄၄၀၀ ၊
၅- ဓမ္မာနုလောမ တိကတိက ၁၃၈၆ ၊
၆- ဒုက ဒုက ၁၉၈၀၀ဆိုပြီး ရှိပြန်တယ် ။ ဒါကြောင့် အကျယ် မှာ ဓမ္မာနုလောမ ပဋ္ဌာန်းအတွက် ၃၂၃၀၈ကျမ်း ဖြစ်ပြန်တယ်။
ဒီတော့ ပြည့်ပြည့်စုံစုံ လေ့လာဖို့ အကျဉ်းချည်းပဲ ၆ * ၄ = ၂၄ ကျမ်း ၊ အကျယ်အားဖြင့် ၃၂၃၀၈ * ၄ ဆိုတော့ အားလုံး ၁၂၉၂၃၂ ကျမ်း …ရှိမယ်။ ကြည့်ပါဦး ၊ဘယ်လောက်များတယ်ဆိုတာ ၊ ဘယ်လိုများ အကုန်လေ့လာနိုင်မလဲ ။
အင်မတန်ကို ဥာဏ်ကြီးသူတွေ ပဲ နာကြားနိုင်တဲ့ တရားတော်ကြီးပါပဲ ။
ပဋ္ဌာန်းရဲ့ နက်နဲမှုမှာလဲ (၄)မျိုးရှိပြန်တယ်။ ဂမ္ဘီရ (၄) မျိုး လို့ ခေါ်ပါတယ် ။
ဓမ္မ ဂမ္ဘီရ =ဝေါဟာရ စကားလုံးနက်နဲခြင်း
အတ္ထ ဂမ္ဘီရ = အနက်အဓိပ္ပါယ် နက်နဲခြင်း
ဒေသနာ ဂမ္ဘီရ =ဟောပုံဟောနည်း နက်နဲခြင်း
ပဋိဝေဒ ဂမ္ဘီရ = ထိုးထွင်းသိမြင်နိုင်မှု နက်နဲခြင်း တို့ ဖြစ်ပါတယ်။
ပဋ္ဌာန်းဒေသနာတော် ကိုနာကြားပြီးချိန်မှာတော့ နတ် ဗြဟ္မာ ကုဋေ ( ၈၀ ၀၀၀ ) ကျွတ်တမ်းဝင် ၊ လူပြည်က ရဟန်း ၅၀၀ - ရဟန္တာ ဖြစ် တယ်လို့ ဆိုပါတယ်။ အခြားသာဓကတွေနဲ့ ပဋ္ဌာန်းဘာလို့ တန်ခိုးကြီးရကြောင်းကိုတော့ ဆရာတော် အရှင်ဇနကာဘိဝံသ ရဲ့ အခြေပြုပဋ္ဌာန်းစာအုပ်မှာ ဖတ်ရှုနိုင်ပါတယ်။
ရွတ်ဆိုခြင်းမှာတော့ အသံကို အများနဲ့ဆိုရင်လဲ အားလုံး ညီ အောင် ၊ ပီ အောင် ၊ ကြည်အောင် ရွတ်ဆိုမှ အကျိုးပိုများမယ် လို့ ဆိုပါတယ်။ (ဥပမာ - ပစ္စယော = ပျစ်စယော မဟုတ် -ျ အသံ မပါစေရ ၊၊ ရ (လျှာလိပ်) နဲ့ ယ အသံခွဲ ၊ အင်ညမင်ည ၊ ဿ = နိဿယ = နိတ်သယ ၊ အ-ရူပ (ခွဲပြီးရွတ်) ၊ အ-၀ိဂတ ၊ အိန်ဒရိယ…စသည် )…
ဟေတု စတဲ့ ပစ္စည်း တစ်ခုခြင်းတွေကိုတော့ မရေးတော့ဘူး။ ဆရာတော် အရှင်ဇနကာဘိဝံသ နဲ့ အရှင်ဆေကိန္ဒ (၂) ပါး တော့ ပဋ္ဌာန်းကို ရှင်းလင်းဟောကြားထားတာ စာအုပ်နဲ့ တရားတော်တွေ ရှိတယ် ၊ ဓမ္မဗျူဟာ ဒေါ်ခင်လှတင် ၊ဒေါက်တာမင်းတင်မွန် တို့ရဲ့ တရားတွေ ရှိမယ်။

1 comment:

  1. လေးစားစွာကျေးဇူးတင်ပါသည်..။

    ReplyDelete