........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Jan 16, 2013

နိယာမတရား (၅) ပါး

နိယာမအဓိပ္ပာယ်
လူ၊ နတ်၊ ဗြဟ္မာ ဖန်ဆင်းရှင်ဟူသော တစ်စုံတစ်ယောက်၏ ပြုလုပ်ဖန်ဆင်းမူကြောင့်မဟုတ်ဘဲ သဘာဝဓါတ်အလျောက်မဖောက်မပြန် အစဉ်အမြဲ သူ့အကြောင်းနှင့် သူ့အကျိုး၊ သူ့အမျိုးနှင့် သူ့အနွယ် အစဉ်အပျက် အဆက်ဆက် ဖြစ်ပွားနေမူကို နိယာမတရားဟု ခေါ်၏။

ထိုနိယာမတရားများမှာ -

(၁) ဗီဇ နိယာမ

(၂) ဥတု နိယာမ

(၃) ကမ္မ နိယာမ

(၄) ဓမ္မ နိယာမ

(၅) စိတ္တ နိယာမ - ဟူ၍ ငါးပါးရှိ၏။

ဗီဇနိယာမ
ဗီဇနိယာမမှာ တစ်စုံတစ်ယောက်၏ ပြုလုပ်ဆောင်ရွက်ပေးမူမရှိပါဘဲလျက် ပြုလုပ်ဆောင်ရွက်ပေးသည့် အလား မြက်သစ်ပင်တို့၌ မျိုးစေ့၏ ဓါတ်သဘောဖြင့် ဖေါက်ပြန်ကွဲလွဲမူ လုံးဝမရှိဘဲ ထိုမြက်၊ ထိုသစ်ပင်မျိုးဖြစ်ခြင်း မြဲသောသဘောကို ဗီဇနိယာမဟုခေါ်၏။

ကုလားပဲအညွန့်များမှာ မြောက်အရပ်သို့သာ အညွန့်ဖျား လှည့်ခြင်း၊ ဒက္ခိဏနွယ်ပင်မျိုးများမှာ အခြားသစ်ပင်များကို လက်ျာဘက်မှနွယ်ကာတက်ခြင်း၊ နေကြာပန်းများမှာ နေမင်းရှိရာသို့မျက်နှာမူခြင်း၊ မာလောနွယ်များမှာ သစ်ပင်ရှိရာသို့ ရှေ့ရူခြင်း၊ အုန်းသီးများ၏ ထိပ်၌ အပေါက်ရောက်ခြင်းသည် ဗီဇနိယာမ မည်၏။ ရှိရှိသမျှမျိုးစေ့တို့မှ ပေါက်ကြသည့် အပင်များ၏ အညွန့်၊ အရွက်၊ အပွင့်၊ အသီးများသည် မူလ မျိုးစေ့နှင့်တူစွာ အညွန့်အရွက်ထွက်၍ ဖူးကြ ပွင့်ကြ သီးကြကုန်၏။ သရက် မျိုးစေ့မှ သရက်ပင်ပေါက်၍ သရက်ညွန့် သရက်ရွက်ထွက်ကာ သရက်ဖူး၊ သရက်ပွင့် ပွင့်လျက် သရက်သီးသာသီး၏၊ ပိန္နဲ၊ မာလကာ စသည်ဖြစ်မလာပေ၊ ထိုကဲ့သို့ မူလမျိုးစေ့နှင့်တူစွာ ဖူးကြ၊ ပွင့်ကြ၊ သီးကြသည်မှာလည်း ဗီဇနိယာမ၏ ဓါတ်သဘောပင်ဖြစ်၏။

ဥတုနိယာမ
ဥတုနိယာမမှာလည်း ပြုလုပ်စီရင်ပေးသူမရှိဘဲ ဥတု၏အစွမ်းဖြင့် မြက်သစ်ပင်များ၌ အစဉ်အမြဲဖြစ်လေ့ရှိသောသဘောကို ဥတုနိယာမဟုခေါ်၏။

မြက်သစ်ပင်တို့သည် တန်ခုး၊ ကဆုန်၊ နယုန် စသော တစ်ဆယ့်နှစ်ရာသီတို့တွင် ထိုထိုလ ထိုထိုသမယတို့၌ သူ့အခါ၊ သူ့သမယ နှင့်သူ ဖူးကြ၊ ပွင့်ကြ၊ သီးကြမြဲဖြစ်ကုန်၏။ တန်ခူးလ၌ ဖူး၊ ပွင့်၊ သီးကြသော သစ်ပင်တို့သည် တန်ခူးလရောက်တိုင်း ဖူး၊ ပွင့်၊ သီးကြသကဲ့သို့ ကျန်လတို့၌ ဖူး၊ ပွင့်၊ သီးလေ့ရှိသော သစ်ပင်တို့သည်လည်း မိမိတို့ ဖူး၊ ပွင့်၊ သီး နေကျ လရောက်တိုင်း ဖူး၊ ပွင့်၊ သီးကြကုန်၏၊ သူ့အခါသမယသို့ရောက်လျှင် ပြုပြင်စီရင်သူမရှိဘဲ သူတို့ ဖူး၊ ပွင့်၊ သီးသည့် အချိန်ရောက်လျှင် သူတို့အလိုလို တောင်တိုင်းတောတိုင်း၌ပင် ဖူးကြ ပွင့်ကြ သီးကြပေ၏။ ဤကဲ့သို့ ဖြစ်ကြ သည်ကိုပင် ဥတုနိယာမဟု ခေါ်၏။

ကမ္မနိယာမ
ကမ္မနိယာမမှာ သတ္တ၀ါမှန်သမျှ မိမိတို့ ရှေးကပြုခဲ့သော ကံအမူနှင့်တူစွာ အကျိုးပေးမူ မြဲခြင်းဖြစ်၏။

ချဲ့ဦးအံ့ - မြတ်စွာဘုရားလက်ထက်၌ သာဝတ္ထိမြို့တံခါးရွာကို မီးလောင်ရာ မြက်ဖြင့်ပြုလုပ်ထားသည့် ကရွတ်ခွေတစ်ခုသည် မီးစွဲလျက် ကောင်းကင်သို့ လွင့်တက်စဉ် ပျံလာသောကျီး၏လည်၌ စွပ်မိ၏၊ ကျီးသည် မြေသို့ ကျ၍သေလေ၏။

သင်္ဘောကြီးတစ်စင်းသည် သမုဒ္ဒရာ၌ ရွက်စုံလွှင့် စက်ကုန်ဖွင့်ကာ မောင်းနှင်ပါသော်လည်း လုံးဝရွေ့လျားမူမရှိ၊ ရပ်တန့်လျက်နေ၏။ ထိုအခါ သင်္ဘောသားများသည် မိမိတို့သင်္ဘော၌ လူယုတ်မာပါပြီဟု စာရေးတံမဲချကြရာ သင်္ဘောသူကြီး၏ မယားလက်၌သာ သုံးကြိမ်တိုင်တိုင်ကျလေ၏။ ထိုအခါ သင်္ဘောသူကြီးက တစ်ယောက်အတွက်နှင့် အများသူတို့ ပျက်စီးရန်မသင့်ပေဟု ဆုံးဖြတ်၍ သဲအိုးကို မိမိဇနီး၏လည်မှာဆွဲလျက် သမုဒ္ဒရာထဲသို့ ပစ်ချစေ၏။ ထိုသို့ပစ်ချသောခဏ၌ပင် သင်္ဘောကြီးသည် လေးမှ လွှတ်အပ်သည့်မြားအလား တဟုန်တည်းပြေးသွားလေ၏။

ရဟန်းတော်တစ်ပါးသည် လိုဏ်တစ်ခုအတွင်းသီတင်းသုံးနေစဉ် တောင်ထွတ်သည်ပြိုကျလေ၏။ ထိုပြိုကျသော တောင်ထွတ်သည် ရဟန်းတော် သီတင်းသုံးနေသည့် လိုဏ်ဂူပေါက်ကို ပိတ်လျက်တည်ရှိ၏၊ (၇)ရက် ပြည့်သည့်နေ့တွင် သူ့အလိုလို လိမ့်၍ ပွင့်၏။

ဇေတ၀န်ကျောင်းတော်၌ မြတ်စွာဘုရား တရားဟောနေစဉ်အတွင်း ထိုအကြောင်းအရာသုံးမျိုးစလုံး မြတ်စွာဘုရားထံ တပြိုင်နက် ဆိုက်ရောက်လာ၏၊ ထိုအခါ မြတ်စွာဘုရားသည် ထိုသတ္တ၀ါသုံးဦး၏ ရှေးအကြောင်းတရားကို အောက်ပါအတိုင်း ဟောကြားတော်မူ၏။

ထိုသုံးဦးအနက် ကျီးသည် ရှေးဘ၀၌ လူဖြစ်စဉ်အခါ မိမိ၏ ကြမ်းတမ်းလှသော နွားရိုင်းကို ဆုံးမသွန်သင်၍ မရနိုင်သဖြင့် ဒေါသဖြစ်ကာ နွား၏လည်၌ ကောက်ရိုးစည်းကိုဖွဲ့ချည်၍ မီးတိုက်လွှတ်ခဲ့ဖူး၏၊ နွားသည် ထိုမီးကြောင့် သေခဲ့ရ၏၊ ထိုနွားရှင်သည် သေ၍ နောက်ဘ၀တွင် ကျီးသတ္တ၀ါဖြစ်လေရာ ထိုမကောင်းမူ ကံဟောင်းကြောင့် ကောင်းကင်၌ ပျံသွားစဉ် လည်မှာ မီးကွင်းစွပ်မိ၍ သေဆုံးရလေ၏။

လှေသူကြီးကတော်သည် ရှေးဘ၀၌ ခွေးတစ်ကောင်ကို အမျက်ထွက်သဖြင့် ခွေး၏ လယ်ပင်းတွင် သဲအိုးဖွဲ့၍ ရေ၌ပစ်ချသတ်ခဲ့ဘူး၏၊ ထို အကုသိုလ်ကံကြောင့် လှေသူကြီးကတော်ဘ၀၌ ပြုခဲ့သော အကုသိုလ်ကံနှင့်  အလားတူစွာ သဲအိုးဆွဲပြီး သမုဒ္ဒရာထဲ ပစ်ချခံရ၏။

လိုဏ်ဂူပိတ်ခံရသော ရဟန်းသည် ရှေးဘ၀၌ နွားကျောင်းသားဖြစ်စဉ်က ဖွတ်တစ်ကောင် တွင်းထဲဝင်သည်ကိုမြင်လျှင် သစ်ရွက်များဖြင့် တွင်းကို ပိတ်ဆို့ခဲ့၏၊ ခုနှစ်ရက်တိုင်မှ ထိုအရပ်သို့တဖန် ရောက်ပြန် လေသည့်အခါ တွင်းကိုဖွင့်လေလျှင် အစာရေစာငတ်မူကြောင့် အားနည်းလှစွာ ထွက်၍လာသော ဖွတ်ကိုမြင်လျှင် သနားသည့် စိတ်ရှိပြန်သဖြင့် လွှတ်လိုက်၏။ ထိုကံဟောင်းကြောင့် ယခုဘ၀တွင် ခုနှစ်ရက်တိုင်တိုင် လိုဏ်ပိတ်ခြင်းဒုက္ခကို တွေ့ကြုံခံစားရ၏။

ဓမ္မနိယာမ
ဓမ္မနိယာမမှာ ပစ္ဆိမဘ၀ိက ဘုရားလောင်းတော်တို့၏ ပဋိသန္ဓေတည်နေတော်မူသောအခါ၊ ဖွားမြင်တော်မူသောအခါ၊ ဘုရားအဖြစ်ရောက်တော်မူသောအခါ၊ ဓမ္မစကြာတရားဟောတော်မူသောအခါ၊ အာယုသင်္ခါရလွှတ်တော်မူသောအခါ၊ ပရိနိဗ္ဗာန်ဝင်စံတော်မူသည့်အခါတို့၌ တစ်သောင်းသော လောကဓါတ်၏ တပြိုင်နက်အားဖြင့် လူပ်ရှားမြဲသဘောကို ဓမ္မနိယာမဟုခေါ်၏။

စိတ္တနိယာမ
စိတ္တနိယာမမှာ အဆင်း၊ အသံ အစရှိသော အာရုံတို့သည် မျက်စိ၊ နား အစရှိသော ပသာဒတို့၌ ထိခိုက်ကြကုန်သော် စီမံဖန်ဆင်းသူ မရှိဘဲလျက် ပဉ္စဒွါရာဝဇ္ဇန်း၊ ပဉ္စ၀ိညာဉ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ အစရှိကုန်သော ၀ီထိစိတ်တို့၏ အစဉ်အတိုင်း သူ့ကိစ္စနှင့်သူ ဖြစ်မြဲသဘောကို စိတ္တနိယာမ ဟုခေါ်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော်  စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment