........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Jan 4, 2013

ကဏ္ဍကမြင်း၏ လားရာဂတိ


မေး။ ။သတ္တ၀ါ တို့၏ ဘ၀သစ်ကို ဘ၀ဟောင်းရှိ စုတေခါနီး ဇောစိတ်များက ပို့ဆောင်ပေးကြောင်း မှတ်သားရပါသည်။ လောဘနှင့်သေလျှင် ပြိတ္တာ၊ ဒေါသနှင့်သေလျှင် ငရဲ၊ မောဟနှင့်သေလျှင် တိရစ္ဆာန်၊ ဖြစ်သည်ဟုလည်း သိရပါသည်။ ဇာတ်တော်များလည်း နာကြားရပါသည်။ ဘုရားလောင်း သိဒ္ဓတ္ထမင်းသား တောထွက်ရာတွင် စီးနင်းသွားခဲသော ကဏ္ဍကမြင်းသည် ဘုရားလောင်းနှင့် ခွဲခွာရသဖြင့် ၀မ်နည်းပူဆွေးသော ရင်ကွဲနာဖြင့် သေဆုံးသွားကာ နတ်သားဖြစ်သွားသည် ဆိုသောအခါ ကျွန်တော် မကြံဆတတ်တော့ပါ။ ပူဆွေးသောကသည် ဒေါသပင်ဖြစ်ရာ ဒေါသနှင့်သေသော သတ္တ၀ါ အဘယ်ကြောင့် သုဂတိဘုံသို့ လားရကြောင်း ဝေခွဲမရသဖြင့် အကြောင်းရင်းမှန်ကို မြတ်ပန်းရဂုံမှတစ်ဆင့် မေးမြန်းအပ်ပါသည်။
ဖြေ။ ။ `ဘုရားအလောင်း သိဒ္ဓတ်မင်းသား၏ ဖွားဘက်ကဏ္ဍက မြင်းဖြစ်စဉ် တောထွက်သော အခါ ဘုရားအလောင်းကို တောသို့ အရောက် စီးတော်ယာဉ်အဖြစ် ကူညီခဲ့ခြင်း၊ အတိုင်းမသိ ၀မ်းမြောက်ခြင်း ဖြစ်ရ၍ ဘုရားလောင်းနှင့် ခွဲခွာရသောအခါ ပြင်းထန်သော လွမ်းနာကြောင့် သေဆုံးခဲ့ပြီးနောက် နေလုလင်အသွင် ရောင်ရှင်တောက်ပသော ဗိမာန်၌ နှလုံးမွေ့လျော်ဖွယ် ရေကန်သစ်ပင် ပျော်ရွှင်ဖွယ် အစုံအလင်ဖြင့် ခံစံရသော နတ်သား-အကြောင်း အပြည့်အစုံ ပြဆိုထားသော ၀ိမာန၀တ္ထုပါဠိတော် မြန်မာပြန်မှ ကဏ္ဍက၀ိမာန၀တ္ထုပါ ကဏ္ဍကမြင်း တစ်ဖြစ်လဲ ကဏ္ဍကနတ်သား၏ လျှောက်ကြားချက်များကို ထုတ်ပြပါမည်။´
`မြတ်သောဗိမာန်၌ တက်သစ်စ နေလုလင်အသွင် ရောင်ရှင်တောက်ပသော နတ်သားကို တွေ့မြင်သောအခါ အရှင်မဟာ မောဂ္ဂလာန်မထေရ်သည် ဤသို့မေး၏။
` ဤအကျိုးသည် သင် နတ်သား၏ ဒါနကုသိုလ်၏ အကျိုးလေလော၊သို့မဟုတ် သီလကုသိုလ်၏ အကျိုးလေလော၊ သို့မဟုတ် လက်အုပ်ချီခြင်း ကုသိုလ်၏ အကျိုးလေလော၊ သင့်ကို ငါ မေးပါ၏၊ ထိုအကြောင်းကို ငါ့အား ဖြေကြားပါလော့ ´။
`နတ်သားက ပြန်လည်လျှောက်ထားသည်မှာ---
(အရှင်ဘုရား) အကျွန်ုပ်သည် သာကီဝင်တို့၏ ကပိလ၀တ်အမည်ရှိသော ပြည်မြတ်တွင် သုဒ္ဓေါဒနမင်း၏သား ဘုရားအလောင်း၏ ဖွားဖက်ဖြစ်သော ကဏ္ဍက အမည်ရှိသော မြင်း ဖြစ်ခဲ့ဖူးပါ၏။
အရှင်ဘုရား ထိုဘုရားအလောင်းသည် အကြင် ညဥ့်သန်းခေါင်ယံအခါ၌ သစ္စာလေးပါးကို သိသောဉာဏ် အကျိုးငှါ တောထွက်တော်မူ၏၊ ထိုအခါဝယ် ထိုဘုရားလောင်းသည် နူးညံ့ကုန်သော လက်တို့ဖြင့်လည်းကောင်း ကွန်ရက် ကဲ့သို့ရှိသော အလွန်နီသော လက်သည်းတို့ဖြင့် လည်းကောင်း အကျွန်ုပ်၏ ပေါင်ကို ပုတ်၍ `အချင်းကဏ္ဍက (ငါ့ကို တစ်ညဥ့်တာမျှ) ရွက်ဆောင်လော့၊ ငါသည် မြတ်သော အရဟတ္တမဂ်ဉာဏ်ကို ရသည်ရှိသော် နတ်နှင့်တကွသော လူကို ထုတ်ဆောင် ကယ်တင်အံ့´ ဟုလည်း ပြောဆိုပါ၏။
`အရှင်ဘုရား ထိုစကားကို ကြားနာရသော အကျွန်ုပ်အား ပြန့်ပြော များမြတ်သော နှစ်သက်ရွှင်လန်းမှု ဖြစ်ခဲ့ပါ၏၊ ထိုအခါ အကျွန်ုပ်သည် ပီတိဖြင့် တက်ကြွသောစိတ် ၀မ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ လိုလား ၀န်ခံခဲ့ပါ၏။
`များသော အခြံအရံရှိသော သာကီဝင်မင်းသား ဘုရားအလောင်းကို အကျွန်ုပ်သို့ တက်စီးနေသည်ကို သိရသောကြောင့် ပီတိဖြင့် တက်ကြွသောစိတ် ၀မ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ယောက်ျားမြတ်ကို ဆောင်ကြဉ်းခဲ့ဖူးပါ၏။
`အရှင်ဘုရား ထိုယောက်ျားမြတ်သည် သူတစ်ပါးတို့၏ တိုင်းနိုင်ငံသို့ ရောက်၍ နေတက်လတ်သော် အကျွန်ုပ်ကို လည်းကောင်း ဆန္နအမတ်ကို လည်းကောင်း ငဲ့ကွက်မှု မရှိဘဲ စွန့်ပစ်ဖဲသွားခဲ့ပါ၏။
`အကျွန်ုပ်သည် ထိုယောက်ျားမြတ်၏ နီသော ခြေသည်းရှိသော ခြေတို့ကို လျှာဖြင့် လျက်ခဲ့ပါ၏၊ ဖဲသွားသော ကြီးသော လုံ့လရှိသော ယောက်ျားမြတ်ကိုလည်း ငိုလျက် မျှော်ကြည့်ခဲ့ပါ၏။
`အရှင်ဘုရား အကျွန်ုပ်သည် ဘုန်းပညာရှိတော်မူသော သာကီဝင်မင်းသား ဖြစ်တော်မူသော ထိုယောက်ျား မြတ်ကို မမြင်ရသောကြောင့် ပြင်းထန်သော အနာကိုရ၍ လျင်မြန်စွာ သေဆုံးခဲ့ပါ၏။
`အရှင်ဘုရား (ကြည်ညိုခြင်းအားကြီးသော) ထိုကောင်းမှု၏ အစွမ်းအာနုဘော်ကြောင့် နတ်ပြည်၌ ထွန်းပသော ကာမဂုဏ် အားလုံးတို့နှင့် ပြည့်စုံသော ဤဗိမာန်၌ နေရပါ၏။
`အရှင်ဘုရား `မြတ်သော အရဟတ္တမဂ်ဉာဏ်ကို ရပြီ´ ဟူသော အသံကို ကြားရခြင်း ကြောင့် အကျွန်ုပ်အား နှစ်သက်မှု ဖြစ်သည်သာလျှင်တည်း၊ ထိုကုသိုလ် အရင်းခံ ကြောင့်သာလျှင် အာသဝေါတရားတို့၏ ကုန်ရာဖြစ်သော အရဟတ္တဖိုလ်သို့ ရောက်ပါလတ္တံ့။
`အရှင်ဘုရား နတ်လူတို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရား၏ အထံတော်သို့ အကယ်၍ သွားရောက်ခဲ့ပါမူ အကျွန်ုပ်၏ စကားဖြင့်လည်း ထိုမြတ်စွာဘုရားအား ကဏ္ဍကနတ်သားသည် ဦးခေါင်းဖြင့် ရှိခိုးလိုက်ပါ၏ဟု လျှောက်ထားပြောဆိုပါလော့။
`အရှင်ဘုရား အကျွန်ုပ်သည်လည်း တုဖက်မရှိ ပုဂ္ဂိုလ်ဖြစ်တော်မူသော မြတ်စွာဘုရားကို ဖူးမြင်ခြင်းငှါ သွားပါအံ့၊ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူကုန်သော လောက၏ ကိုးကွယ်ရာ မြတ်စွာဘုရားတို့ကို ဖူးမြင်ရခြင်းသည် ခဲယဉ်းလှပါ၏ ဟု (လျှောက်၏)။
`သူ့ကျေးဇူးကို သိတတ်သော သူ့ကျေးဇူးကို ထင်စွာပြုတတ်သော ထိုကဏ္ဍက နတ်သားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်လေ၏၊ (ချဉ်းကပ်ပြီးလျှင်) စက္ခုငါးပါး ရှိတော်မူသော မြတ်စွာဘုရား၏ တရားစကားတော်ကို ကြားနာရ၍ သောတာပတ္တိမဂ်ဉာဏ်ကို ရလေ၏။
`အယူမှားခြင်း မိစ္ဆာဒိဋ္ဌိကို လည်းကောင်း၊ မဝေခွဲနိုင်ခြင်း ၀ိစိကိစ္ဆာကို လည်းကောင်း၊ မှားသောအားဖြင့် သုံးသပ်အပ်သော အကျင့်တို့ကို လည်းကောင်း (သောတာပတ္တိမဂ်ဉာဏ် ဖြင့်) သုတ်သင်ပြီး၍ မြတ်စွာဘုရား၏ ခြေတော်တို့ကို ရှိခိုးပြီးလျှင် ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။´
အထက်ပါ လျှောက်ကြားချက်များကို ဖတ်ရသောအခါ ပူဆွေးသောကကြောင့် ရင်ကွဲနာကျကာ သေဆုံးရသော်လည်း မသေခင်အချိန်လေးတွင် `သဗ္ဗညုတဉာဏ်ရရှိဖို့၊ နတ်နှင့်တကွသော လူတို့ကို ထုတ်ဆောင်ကယ်တင်နိုင်ဖို့ တောထွက်တော်မူခြင်းကို အစွမ်းကုန်ကူညီလိုက်ရခြင်းကို (တိရစ္ဆာန်ပင်ဖြစ်သော်လည်း) ပါရမီရှင်ပီပီ သိရှိနားလည်ပြီး မိမိလုပ်ရပ်အတွက် နှစ်သက်ကျေနပ်ကာ ဘုရားအလောင်းတော်အပေါ် ချစ်ခင်ကြည်ညိုသော စိတ်ထားဖြင့် သေးဆုံးသွားခြင်းဖြစ်ရကာ့း သောက ဒေါသတို့ဖြင့် သေဆုံးသွားခြင်းမဟုတ်ဘဲ သဒ္ဓါဖြင့် သေဆုံးသွားခြင်းဖြစ်သောကြောင့် နတ်ပြည်ရောက်ရခြင်းဖြစ်ကြောင်း သဘောပေါက် နိုင်လိမ့်မည် ထင်ပါသည်။
ပို၍ သံသယကင်း ရှင်းလင်းနိုင်ရန် အလားတူ ဖြစ်ရပ်များကို ထုတ်ပြပါဦးမည်။
`တနေ့သ၌ ဘုရားရှင်သည် စမ္ပာမြို့ ဂဂ္ဂရာရေကန်အနီးတွင် တရားဟော တော်မူနေ၏။ ထိုအချိန်တွင် ထိုရေကန်၌ ကျင်လည်ပေါက်ဖွားသော ဖားသူငယ်တစ်ကောင် သည် မြတ်စွာဘုရားသခင်၏ အင်္ဂါရှစ်ဖော် အသံတော်မြတ်၌ လေးမြတ်သာယာသဖြင့် ရေကန်မှ တက်ပြီးလျှင် တရားသံဟူသော အမှတ်နိမိတ်ကို ယူ၍ ရပ်တည်နေ၏။ တစ်ယောက်သော နွားကျောင်းသားသည် နွားနှင့်တံကို ထောက်၍ ပရိသတ်အစွန်၌ ရပ်တည်လတ်သော် ဖားကိုထောက်မိလေ၏။ ထိုခဏ၌ပင် ဖားသူငယ်သည် သေဆုံးကာ နတ်ပြည်၌ ဖြစ်၍ မိမိ၏ အဖြစ်ကို ဆင်ခြင်သည်ရှိသော် တရားသံ၌ ကြည်ညိုမိသည်၏ အဖြစ်ကို သိရှိသဖြင့် ထိုတရားပွဲမပြီးမီပင် ဘုရားရှင်ထံသို့ သွားရောက်ရှိခိုး၏။
`တန်ခိုးအားဖြင့် လည်းကောင်း အခြံအရံ အကျော်အစောအားဖြင့် လည်းကောင်း ထွန်းလင်းတောက်ပလျက် အလွန်နှစ်သက်ဖွယ်ရှိသော အရောင်အဆင်းဖြင့် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းတောက်ပစေလျက် ငါ၏ ခြေတော်တို့ကို ရှိခိုးသောသူကား အဘယ်သူပါနည်း (ဟုမြတ်စွာဘုရားက မေးတော်မူ၏)။´
`အကျွန်ုပ်သည် ရှေးဘ၀က ရေ၌ ပေါက်ဖွား၍ ရေ၌ ကျက်စားသော ဖားသတ္တ၀ါ ဖြစ်ခဲ့ဖူးပါ၏၊ အရှင်ဘုရား၏ တရားတော်ကို နာနေစဉ် နွားကျောင်းသားသည် အကျွန်ုပ်ကို သေစေခဲ့ပါ၏။
`တစ်ခဏမျှ စိတ်ကြည်ညိုခြင်း၏ အကြောင်းကြောင့်ဖြစ်သော အကျွန်ုပ်၏ ပြည့်စုံခြင်းကိုလည်းကောင်း အခြံအရံများခြင်းကို လည်းလောင်း ရှုတော်မူပါလော့၊ အကျွန်ုပ်၏ အာနုဘော်ကိုလည်း ရှုတော်မူပါလော့၊ အကျွန်ုပ်၏ ကိုယ်ရေအဆင်းကို လည်းကောင်း အရောင်အ၀ါကို လည်းကောင်း ရှုတော်မူပါလော့။
`ဂေါတမနွယ်ဖွား မြတ်စွာဘုရား တရားတော်ကို ရှည်ကြာစွာသော ကာလပတ်လုံး နာကုန်သော သတ္တ၀ါတို့သည်ကား စိုးရိမ်ပူပန်ခြင်း မရှိရာဖြစ်သော မတုန်လှုပ်သော (နိဗ္ဗာန်) အရပ်သို့ (မချွတ်) ရောက်ကြရကုန်သည်သာတည်း (ဟု ဖြေကြား၏)။
(မဏ္ဍူကဒေ၀ပုတ္တ၀ိမာန၀တ္ထု)
ဘုရားရှင် ပလလဲတော၌ တစ်ပါးတည်း ၀ါကပ်တော်မူစဉ်အခါက ပလလဲဆင်မင်း၏ တစ်ဝါတွင်းလုံး အလုပ်အကြွေးပြုပုံတို့ကို ကြားဖူးကြပေလိမ့်မည်။ ထိုတော၌ သီတင်းသုံးတော် မူစဉ် မျောက်တစ်ကောင်၏ အဖြစ်အပျက်ကို ဓမ္မပဒအဋ္ဌကထာမှ ထုတ်ပြပါမည်။
`ထိုအခါ၌ မျောက်တစ်ကောင်သည် နေ့စဉ်နေ့တိုင်း မြတ်စွာဘုရားအား ထထကြွကြွ ၀တ်ကြီးဝတ်ငယ်ပြုလုပ်နေသော ထိုပလလဲဆင်မင်းကို မြင်၍ `ငါသည်လည်း တစ်စုံတစ်ခုကို ပြုအံ့´ဟု ကြံစည်လှည့်လည်လတ်သော် တနေ့သ၌ ပျားကောင်မရှိသော ပျားလဘို့ကို တွေ့မြင်၍ ကိုင်းတံကိုချိုးခဲ့ပြီးလျှင် ကိုင်းတဘံနှင့်တကွသော ပျားလဘို့တို့ကို မြတ်စွာဘုရားအထံသို့ ယူလာပြီးလျှင် ငှက်ပျောရွက်ကို ဖြတ်ယူ၍ ထိုငှက်ပျောရွက်၌ ထည့်လျက် လှူဒါန်း၏။ မြတ်စွာဘုရားသည် အလှူခံတော်မူ၏။ မျောက်သည် သုံးဆောင်ခြင်းကို ပြုအံ့လော၊ မပြုအံ့လောဟု ကြည့်သော် ခံယူ၍ ထိုင်နေသည်ကို မြင်လျှင် အဘယ်ကြောင့်နည်းဟု ကြံစည်၍ ပျားလဘို့တံကို ကိုင်၍ ပြန်လှန်ကြည့်ရှုသော် ပျားဥတို့ကို မြင်သဖြင့် ထိုပျားဥတို့ကို ဖြည်းညှင်းစွာ ဖယ်ရှားပြီးမှ တစ်ဖန် ကပ်လှူပြန်၏။ မြတ်စွာဘုရားသည် သုံးဆောင်တော်မူ၏။ ထိုမျောက်သည် နှစ်သက်ဝမ်းမြောက်သည်ဖြစ်၍ ထိုထိုသစ်ကိုင်းကို ကိုင်၍ ကခုန်လေ၏။ ထိုအခါ ကိုင်သောသစ်ခက် နင်းသောသစ်ကိုင်း တို့သည် ကျိုးလေကုန်၏။ ထိုမျောက်သည် တစ်ခုသော သစ်ငုတ်ပေါ်သို့ကျသဖြင့် ခန္ဓာကိုယ် ပေါက်ထွက်ကာ မြတ်စွာဘုရား၌ ကြည်ညိုသော စိတ်ဖြင့်သာ ကွယ်လွန်လျက် တာဝတိံသာ နတ်ဘုံတွင် ယူဇနာသုံးဆယ်ရှိသော ဗိမာန်၌ ဖြစ်လေ၏။ နတ်သမီးတစ်ထောင် ခြံရံလျက် မျောက်နတ်သားဟု အမည်တွင်လေ၏။´
(ဤ၀တ္ထုတွင် သစ်ငုတ်စူးသဖြင့် ဒေါသ-ဒေါမနဿများ ဖြစ်မည်မှန်သော်လည်း စုတိစိတ်မကျခင် ဘုရားရှင်အပေါ်၌ ကြည်ညိုသော စိတ်ထားများ ဖြစ်ပွားခဲ့ခြင်းကြောင့် ထိုစိတ်ထားကြောင့်ဖြစ်သော ကုသိုလ်အာသန္နကံသည် နောက်ဘ၀တွင် နတ်ပြည်၌ ပဋိသန္ဓေအကျိုးကို ပေးလေ၏။)
ပလလဲဆင်၏ အဖြစ်အပျက်ကို ကြည့်ပါဦး။
`သီတင်းဝါလကျွတ်၍ အရှင်အာနန္ဒာမထေရ် နှင့် ရဟန်းတော်ငါးရာတို့ လာရောက် ပင့်လျှောက်သောအခါ ပလလဲဆင်မင်းသည် ခံတွင်း၌ နှာမောင်းကို ထည့်ကာ ငိုးကြွေးလျက် နောက်မှ နောက်မှ လိုက်၏။ မြတ်စွာဘုရားသည် ရွာဥပစာသို့ ရောက်လျှင် ထိုဆင်ကို `ပါလိလေယျက ဤအရပ်မှစ၍ သင်၏နေရာ မဟုတ်တော့၊ လူတို့နေရာသည် ဘေးအန္တရာယ်များ၏။ သင်နေရစ်ပေတော့´ဟု မိန့်တော်မူလေ၏။ ထိုပလလဲဆင်သည် ငိုကြွေးလျက် ထိုနေရာ၌သာလျှင် ရပ်၍ မြတ်စွာဘုရားသည် မျက်စိတစ်ဆုံးကို လွန်သောအခါ နှလုံးကွဲ၍ သေဆုံးကွယ်လွန်သည်ရှိသော် မြတ်စွာဘုရား၌ ကြည်ညိုစိတ်ကြောင့် တာဝတိံသာ နတ်ဘုံ၌ ယူဇနာသုံးဆယ်ရှိသော ရွှေဗိမာန်ဝယ် နတ်သမီးတစ်ထောင်အလယ်၌ ဖြစ်လေ၏၊ ပါလိလေယျကနတ်သားဟူ၍သာလျှင် အမည်တွင်လေသတည်း။´(ဓမ္မပဒ၊ ကောသမ္ဗက၀တ္ထု)
`စိတ်တို့၏ ဖြစ်ခြင်းသည် အလွန်လျင်မြန်ရကား ငရဲနိမိတ်များ ထင်လာပြီးမှ စေတီတွင်ပန်းလှူကာ ကြည်ညိုစေသဖြင့် နတ်ပြည်သုဂတိနိမိတ်များ ပြန်ထင်လာခြင်း၊ မိမိကိုယ်ကို လည်လှီးသတ်ပြီးမှ မိမိ၏ စင်ကြယ်သော သီလကိုဆင်ခြင်ကာ ပီတိများဖြစ်ပွားလာပြီး ၀ိပဿနာရှုကာ ရဟန္တာဖြစ်ပြီးမှ ပရိနိဗ္ဗာန်စံရခြင်း စသော အဖြစ်အပျက်များကို ကြည့်က သာမန် နတ်ပြည်လောက်ရောက်ခြင်းသည် မထူးဆန်းတော့၊ ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးအပေါ်၌ ကြည်ညိုရိုသေခြင်းသည် အမြတ်ဆုံးသော ကြည်ညိုရိုသေခြင်းဖြစ်၍ အမြတ်ဆုံးသော အကျိုးတရားများ ရရှိနိုင်ပေစွတကား။

No comments:

Post a Comment