........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Feb 8, 2013

အချိန်ကိုပြန်စားခြင်း

သင်္ကြန်ဆိုတဲ့ စကားလုံးသည် ပါဠိစာမှဆင်းသက်လာခြင်းဖြစ်ပြီး ပုဒ်အဆင့်ဆင့်ပြောင်းလဲကာ မြန်မာစာမှမွေးစားထားသော စာစုဖြစ်သည်။ သူ့အဓိပ္ပါယ်ကတော့ ကာလများရွှေ့လျောခြင်းလို့ အဓိပ္ပါယ်ရပါတယ်.. (ပြောင်းလဲလာပုံ အဆင့်ဆင့်ကိုတော့ ကိုးကားစရာမရှိလို့ မဖော်ပြတော့ပါဘူး) နှစ်ဟောင်းများကုန်ဆုံးပြီး နှစ်သစ်ဆီသို့ ပြောင်းလဲသွားခြင်းပဲဖြစ်ပါတယ်.. နှစ်ဟောင်းများကုန်ဆုံးတယ်ဆိုတာ မကောင်းတာတွေကုန်သွားတယ်လို့မယူလိုက်ပါနဲ့.. နှစ်သစ်တွေတိုးလာတိုင်း တိုးလာတိုင်း သက္ကရာဇ်တွေကြီးလာတိုင်း ကြီးလာတိုင်း ကိုယ့် အသက်တွေလည်း လိုက်ကြီးရသလို ကျန်တဲ့သက်တမ်းတွေက နည်းနည်းသွားရတယ်ဆိုတာ အထင်အရှားမို့ အထွေအထူးတောင် ပြောစရာမလိုတော့ပါဘူး.. ကိုယ့်သက်တမ်းကနည်းနည်းသွားပြီး သေမယ့်ရက်နီးနီးလာတာကြောင့် နှစ်သစ်ကူးတိုင်းပျော်ဖို့ပဲ လုပ်မနေကြပါနဲ့..(ဒါကြောင့်သင်္ကြန်ဆိုတာ သေမင်းတမန်လို့ မနေ့ကပို့စ်မှာ ရေထားတာပေါ့) မသေခင် သတိပေးတဲ့အနေနဲ့ရောက်လာပြီး ကိုယ်လုပ်စရာတွေ လုပ်နိုင်အောင်လို့ပေါ့.. ဒီလိုတွေးလဲဖြစ်ပါတယ်.. ဘ၀မှာ ကိုယ်လုပ်စရာတွေ ကိုယ်ဖြစ်ချင်တာတွေကလည်း ကိုယ့်ဟာနဲ့ကိုယ် ရှိကြမှာပဲ.. အဲဒီကိုယ်လုပ်စရာတွေကို မလုပ်သေးပဲ ရှေ့မှ နောက်မှ နဲ့ နေ့ရွှေ့ညရွှေ့လုပ်နေမယ်ဆိုရင် ကိုယ်လုပ်မယ့်အချိန်တွေ နည်းသွားပြီး ကိုယ့်ကိစ္စမပြီးမှာ စိုးတဲ့အတွက် ကိုယ့်ကိစ္စမပြီးသေးသူများက ဒီသေမင်းတမန်တွေကို ကြည့်ကြည့်ပြီးတော့ ကိုယ်လုပ်စရာတွေ မပြီးဆုံးသေးတာတွေကို မြန်မြန်ပြီးဆုံးအောင်လုပ်သင့်တယ်.. ဘယ်သူမဆိုကိုယ့်အတွေးနဲ့ကိုယ် ကိုယ်ဥာဏ်မှီသလောက် ကိုယ့်အတွက်တော့ ဘာအရေးကြီးတယ်ဆိုတာ ကိုယ့်ကိုယ်ကို သိကြပါတယ်.. တချို့ကြတော့ ဒီဘ၀ဒီလောကမှာ ချမ်းသာချင်တယ်. တချို့ကြတော့သံသရာချမ်းသာချင်ကြတယ်. တချို့ကြတော့ ချစ်တဲ့သူနဲ့ပေါင်းဆုံလိုကြတယ်.. စသဖြင့်အမျိုးမျိုးသော အတွေးအခေါ် အယူအဆတွေနဲ့ဗုဒ္ဓဘာသာလည်း ဗုဒ္ဓဘာသာအလိုက် အခြားသောဘာသာဝင်တွေလည်း ထို့နည်းတူ သူ့အယူအဆနဲ့သူ ထုံးတမ်းစဉ်လာ ဓလေ့ပေါင်းစုံမပါမကျန် ကိုယ့်ရည်မှန်းချက်အတိုင်းလုပ်ဆောင်နေကြသူချည်းပါပဲ.. အဲဒီလို ဘယ်လိုပဲကွဲပြားကွဲပြား ကိုယ်ရည်မှန်းချက်အတိုင်း လုပ်ဆောင်ဖို့ရာကတော့ အသက်ရှင်နေစဉ်အတွင်းမှာပဲ လုပ်နိုင်မှာပါ.. ဒါကြောင့် အချိန်လေးရှိတုန်းမှာ နေ၀င်လိုက် မိုးချုပ်လိုက်နဲ့ ကိုယ်လုပ်စရာရှိတာကို မလုပ်ပဲ ကိုယ့်အချိန်တွေကို ဖြုန်းနေကြလို့ရှိရင်ဖြင့် နောက်ဆုံး သေတဲ့အချိန်မှာ ကိုယ့်ရည်မှန်းသလို ကိုယ့်ကိစ္စမပြီးပဲ ရှိနေကြလိမ့်မယ်..
ဒီ blog လေးက ကျွန်တော့အတွေး ကျွန်တော့်အမြင်တွေအတိုင်းဆောက်ထားတာဆိုတော့ ဒီသင်္ကြန်နဲ့ပက်သက်တဲ့အပိုင်းမှာလည်း ကျွန်တော်မြင်သလိုပဲရေးထားတာပေါ့..အဲဒီတော့ ကိုယ်လုပ်စရာရှိတာကို ကိုယ့်ကိစ္စပြီးအောင် မသေခင်မှာပြီးအောင်လုပ်ဖို့ဆိုတဲ့နေရာမှာလည်း ကျွန်တော့် အမြင်တွေပဲတင်ပြရမှာပဲ..
သင်္ကြန်ဆိုတာ ကာလတွေရွှေ့လျောပြီး ပြောင်းလဲတာလို့ အစပိုင်းမှာတင်ပြခဲ့တယ်.. အဲဒီကာလဆိုတာက အတိတ်ကာလ၊ ပစ္စုပ္ပန်ကာလ၊ အနာဂါတ်ကာလဆိုပြီးတော့ ကာလသုံးပိုင်းရှိတယ်.. ကျွန်တော်တို့ အခုရောက်နေတဲ့အပိုင်းကတော့ ပစ္စုပ္ပန်ကာလ မှာရောက်နေတာပါ.. အခု ပစ္စုပ္ပန်ကာလ ကအတိတ်ကာလက လာခဲ့ပြီး အနာဂါတ်ကာလသွားနေတာပေါ့.. အနာဂါတ်ကာလရောက်ရင် အခု ပစ္စုပ္ပန်ကာလ ကလည်း အတိတ်ကာလဖြစ်သွားပြန်ရော.. အဲဒီလို အတိတ်ကလာလိုက် ပစ္စုပ္ပန်ကာလရောက်လိုက် အနာဂါတ်ကာလကိုသွားလိုက်နဲ့ ကာလသုံးမျိုးက လှည့်နေရတယ်.. ကာလကသူ့ဟာနဲ့သူလှည့်နေရင်တော်ရဲ့.. အခုဟာက ကာလတွေကလှည့်တိုင်းလှည့်တိုင်း ကျွန်တော်တို့ကို အို အို သွားအောင်လုပ်ခဲ့တယ်.. ကာလက ကျွန်တော်တို့တွေကို စားနေတာပေါ့.. ၀ါးမျိုနေတာ.. ၀ါးမျိုတာများလေလေ ကျွန်တော်တို့ အသားအရေတွေရင့်ရော်လေလေ. ဆံတွေဖြူလေလေပေါ့.. သူကဘယ်လောက်တောင် ကိုယ့်ကို ၀ါးမျိုသလဲဆိုတော့ ဒီဘ၀ထဲမှာဆိုရင် ကိုယ့်အသက်နဲ့အမျှပဲ… ကိုယ့်မှာကလည်းဝါးမျိုခံစရာဆိုလို့ ဒီခန္ဓာပဲရှိတော့ ဒီကာလကလည်း ဒီခန္ဓာပဲ စက္ကန့်တွေ လှည့်နေတဲ့အမျှ ၀ါးမြိုစားသောက် ပွဲတော်တည်နေတာပေါ့.. သူကစားစရာ ကိုယ့်ခန္ဓာလည်းကုန်ရော တစ်ဘ၀တာကို ၀ါးမြိုတဲ့ တဲ့ကာလလက်ထဲလည်းအပ်လိုက်ပါရော ကိုယ့်ပစ္စုပ္ပန်ဘ၀ ကိုစွန့်ရတော့တာပဲ.. အတိတ်ဘ၀က၀ါးမြိုခံခဲ့ရပြီး ၀ါးမြိုစရာကုန်လို့ ဒီ ပစ္စုပ္ပန်ဘ၀ကိုရောက်လာတာပဲ. ဒီ ပစ္စုပ္ပန်ဘ၀ကိုလည်းသူက ကုန်အောင်ဝါးမြိုပြီးသွားရင်တော့ အနာဂါတ်ကာလကို လိုက်ပြီး ၀ါးမြိုဦးမှာပါပဲ.. ဥာဏ်ကလေးနဲ့ကြည့်ကြပါ.. အဲဒါကြောင့်သံသရာ တစ်လျှောက်လုံး ကျွန်တော်တို့တွေ ကာလရဲ့စားဖတ်ဝါးဖတ်ကနေ ဘယ်သောအခါမှ မလွတ်ခဲ့ဘူး. အခုချိန်ထိပဲ.. အခုလည်း ဒီလိုပဲ ဒီအချိန်ကာလကနေ လွတ်အောင်မလုပ်တော့ပါဘူးဆိုရင် အနာဂါတ်သံသရာထိ သူကလိုက်ပြီး ကိုယ့်ခန္ဓာကို စားသောက်ဝါးမြိုနေဦးမှာပဲ.. အဲဒီအချိန်တွေက ကိုယ့်ကို လိုက်စားပြီးသေခဲ့လို့ပဲ့ ကိုယ့်ကိစ္စက ဘယ်ဘ၀ကမှမပြီးခဲ့ဘူး. သေခါနီးမှာ ကိုယ်က လုပ်စရာကိစ္စတွေပြီးလို့ ဘာမှလုပ်စရာမကျန်တော့ပဲ စိတ်အေးလက်အေး သေခဲ့တဲ့ဘ၀ တစ်ဘ၀မှမပါခဲ့ဘူး.. ပါခဲ့ရင်လည်း အခုအချိန်ထိရောက်စရာလိုဘူး.. အခုချိန်ထိ ရောက်နေတဲ့အတွက်ကြောင့်လည်း အရင်ဘ၀တွေက ကိစ္စမပြီးပဲသေခဲ့ကြတယ်ဆိုတာပေါ်လာတာပါပဲ.. ဘာလို့ ကိစ္စမပြီဘူးလို့ပြောလဲဆိုတော့ သေခါနီး ဟိုလူသတိရလိုက် ဒီလူစိတ်မချလိုက်. ပစ္စည်းနဲ့ မခွဲချင်လိုက်. ကောင်းတာတွေမလုပ်ခဲ့တာတွေသတိရလိုက် မကောင်းတာတွေလုပ်ခဲ့တာတွေသတိရလိုက် နဲ့ မသေချင်ပဲသေခဲ့ရတဲ့ ဘ၀တွေကြီးပဲ.. ဘယ်တုန်းကမှလည်း ဒီကာလရဲ့စားဖတ်ဝါးဖတ်ကနေလွတ်အောင်လုပ်မယ် အသေလွတ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ကူးမျိုးလဲ မပေါ်ခဲ့ကြဘူး..စိတ်ကူးမပေါ်တော့ လွတ်ချင်တဲ့စိတ်လည်းမပေါ်.. လွှတ်ချင်တဲ့စိတ်မှမရှိတော့ လွတ်အောင်လုပ်မယ်ဆိုတာ ဝေးပေါ့.. လွတ်တဲ့နေရာရှိတယ်လို့လည်းမသိ . မသိလို့လည်း လွှတ်အောင်မလုပ်ဖြစ်တာပေါ့.. မလုပ်ခဲ့လို့လဲ မလွှတ်တာပေါ့..
ပြန်ပြီးချုံငုံသုံးသပ်ကြည့်လိုက်မယ်ဆိုရင် တသံသရာလုံး ကာလရဲ့ အစားကိုခံခဲ့ရပြီး ဘ၀တိုင်း အသေဇာတ်ကြီးပဲ ခင်းခဲ့ကြရတယ်.. အသေမျိုးဟေ့ တို့သတ္တ၀ါလို့ ဆိုရမလိုတောင်ဖြစ်နေပြီ.. ဒီဘ၀လည်း အသေကမလွတ်သေး အသေဇာတ်ကခင်းခဲ့လို့ အခုအသေပွဲကနေရတာတောင် ကိုယ့်အဖြစ်ကို ကိုယ်မသိရင် နောင်ဘ၀ဘာဖြစ်ရပါလို၏လို့ ဆုတောင်းတာတွေက လာသေးတာပဲ.. ဒီဘ၀သေတာအားမရသေးလို့ နောက်ဘ၀ ကာလရဲ့ အစားကို ခံရပြီးသေရပါလို၏ ဆိုသလို ဖြစ်နေပြီ.. အသေဆုတောင်းတာကြနေတာပဲ.. ဒီဘ၀မကောင်းလို့ ကောင်းတဲ့ဘ၀ကိုတောင်းတယ်. ဒီဘ၀မလှလို့ လှတဲ့ဘ၀ကိုတောင်းတယ်.. ဒီဘ၀ ချစ်သူနဲ့မပေါင်းရလို့ နောင်ဘ၀ပေါင်းရဖို့ရာကို ဆုတောင်းကြတယ်.. နောင်တစ်ဘ၀ထဲတင်ကို မကသေးပါဘူး.. ဘ၀ဆက်တိုင်းဆက်တိုင်း ပေါင်းရပါလို၏ ဆိုတာပါသေးတယ်.. တကယ်ပေါင်းရလား မပေါင်းရလားတော့မသိပါဘူး.. သေချာတာကတော့ ကာလရဲ့အစားခံရမှာကိုပဲ.. မထူးတော့ပါဘူး.. ဘ၀ဆက်တိုင်းဆက်တိုင်း ကာလရဲ့အစားကိုခံရပါလို၏.. အသေဇာတ်က မလွတ်ရပါလို၏လို့သာ တောင်းလိုက်ပါတော့.. မဟုတ်လည်း ကိုယ်တောင်းသမျှထဲမှာ သူကပါနေမှာပဲ.. ရှိသေးတယ်… ဆုတောင်းရင်ဒီအတိုင်းတောင်းတာလားဆိုတော့ တောင်းတဲ့အခါ ဘုရားဆီမှာ သွားတောင်းတယ်.. ဘုရားကလည်း အို နာ သေ ဆိုတာမကောင်းဘူး ဒုက္ခသစ္စာ လွတ်အောင်လုပ်ကြလို့ သေသေချာချာမှာတယ်.. အသေလွတ်တာကိုကြိုက်တယ်. ကိုယ်ကလည်း တောင်းတာက အသေဆု.. တောင်းတော့လည်း ဘုရားဆီ.. ဘုရားကလည်းအသေကိုမကြိုက်.. အင်း.. ခက်တော့ခက်နေပြီ.. ဒါတောင် ဒီအသေဆုမပြည့်မှာစိုးလို့ဆိုပြီး ဆုတောင်းပြည့်ကို ပြေးရသေးတယ်.. မလွတ်တာလည်းမပြောနဲ့.. နောင်ဘ၀လို့ ဘ၀ပါနေရင် အသေပါတာပဲလို့ မှတ်ထားလိုက်.. ဘ၀ကိုတောင်းရင် အသေကိုတောင်းတာပဲ..
အဲဒီတော့ ဒီဘ၀ဆိုတဲ့ အသေကနေလွတ်အောင် တနည်းအားဖြင့် အချိန်တွေ ကာလတွေရဲ့ အစားကနေလွတ်အေင်ဘယ်လိုလုပ်ကြမလဲ..
ဆိုကြပါစို့… အခု တသံသရာလုံး ကာလရဲ့စားဖတ်ဝါးဖတ်ကနေ မလွတ်တာက ဘာကြောင့်လဲဆိုတော့ အစားခံနေရတာ သေပဲသေနေရတာလို့ မသိခဲ့တဲ့အတွက်ကြောင့်ပဲ.. အဲလို သေပဲသေနေရတာလို့ မသိတဲ့အတွက် ဟိုဘ၀ရရင်ပဲကောင်းနိုးနိုး ဒီဘ၀ရရင်ပဲကောင်းနိုးနိုး နဲ့ အဲဒီဘ၀တွေကို လိုချင် တပ်မက်ပြီးတော့ ရအောင်လုပ်နေလို့.. အဲဒီဘ၀တွေပဲရ ရနေတာ.. တနည်းအားဖြင့် သေပဲသေနေရတာ.. အဲဒီလို ကိုယ်က သေပဲသေနေရတယ် မွေးလိုက် အိုလိုက် သေလိုက် နဲ့ ဘ၀တိုင်း ဘယ်ဘ၀ရရ သေရတဲ့အဖြစ်ကို မကြိုက်တဲ့အခါကြမှ နောင်ဘ၀လိုချင်နှစ်သက်မှုတွေက မလာမှာ.. အဲဒီလို နောင်ဘ၀လိုချင်နှစ်သက်မှုတွေ မလာတဲ့အခါကြတော့မှ နောင်ဘ၀ရအောင်အားထုတ်မှုတွေ မလုပ်တော့ဘူး.. နောင်ဘ၀ရအောင်အားထုတ်မှုမှမရှိတော့ နောင်ဘ၀ က လာစရာမရှိတော့ဘူးပေါ့.. အဲ့ဒီနောင်ဘ၀ ဆိုတဲ့ ဘ၀က လာစရာမရှိ ရင် ဘ၀နဲ့အတူပါလာမယ့် အသေကလည်း မရှိတော့ဘူးပေါ့.. အသေကနေလွတ်ပြီပေါ့.. ကာလလက်ကနေ လွတ်မြောက်သွားပြီပေါ့..
အဲဒီတော့ အချုပ်က ကိုယ်က ကာလရဲ့အစားပဲခံနေရတာ ခဏခဏသေနေရတဲ့အဖြစ်ကို သိတဲ့အခါကျတော့မှ အသေလိုချင်တဲ့ တဏှာချုပ်မှာ.. အဲဒီ အသေလိုချင်တဲ့တဏှာနဲ့အတူ သေရတဲ့အဖြစ်ကမကောင်းတာကို ကောင်းအောင်လုပ်ထား တဲ့ အ၀ိဇ္ဖာပါတွဲ ပြုတ်သွားတယ်… အဲဒီ အသေကိုရအောင် လုပ်တဲ့ အ၀ိဇ္ဖာနဲ့တဏှာ မရှိတော့ဘူး ဆိုမှတော့ နောင် သေရမယ့် ဘ၀လည်းလာစရာမလိုတော့ဘူးပေါ့.. အဲဒီလို ခဏခဏသေနေရတာက မကောင်းဘူး.. အဲဒီမကောင်းတဲ့ သေတတ်တဲ့ခန္ဓာက ဒုက္ခသစ္စာ၊ အဲဒီ မကောင်းတဲ့ ခန္ဓာ ဒုက္ခသစ္စာကို မကောင်းဘူးလို့ သိတဲ့ ဥာဏ်က မဂ္ဂသစ္စာ၊ အဲဒီမကောင်းဘူးဆိုတဲ ဒုက္ခသစ္စာကို သိတဲ့ မဂ္ဂသစ္စာနဲ့လည်း မကောင်းဘူးလို့ သိလိုက်ပါရော ကောင်းတယ်လို့ လိမ်ထားတဲ့ အ၀ိဇ္ဖာနဲ့ .. အ၀ိဇ္ဖာကလိမ်ထားလို့ အဲဒီမကောင်းတဲ့ ဒုက္ခသစ္စာကို ကြိုက်တဲ့တဏှာ ဆိုတဲ့ သမုဒယသစ္စာ က လာခွင့်မရပဲ ချုပ်သွားတယ်.. အဲဒီ တဏှာ သမုဒယသစ္စာမှ ချုပ်တော့ နောင် ခန္ဓာ၊ သေတတ်တဲ့ ဒုက္ခသစ္စာ မလာပဲ အသေကလွတ်သွားတာက နိရောဓသစ္စာ.. ဆိုပြီး သစ္စာလေးချက်လည်း ကိုယ့်ဥာဏ်ထဲမှာ တစ်ပြိုင်နက်ဆိုက်ပါရော အသေကလွတ်တဲ့အဖြစ်ကို ရောက်သွားတော့တာပဲ.. သစ္စဥာဏ် ကိစ္စဥာဏ် ကတဥာဏ် ဆိုပြီး သူ့အဆင့်နဲ့သူ သစ္စာဆိုက်သွားတဲ့အခါ ပထမတစ်ခါဆိုက်ရင် သောတာပန်.. အပါယ်မှာသေရတဲ့အဖြစ်ကနေအပြီးတိုင်လွတ်ပြီ… ဒုတိယတစ်ကြိမ်ဆိုက်ရင် တကဒါဂါမ်.. တတိယတစ်ကြိမ်ဆိုက်ရင် အနာဂါမ်.. နဲ့.. စတုတ္ထတစ်ကြိမ်ဆိုက်ရင် ရဟန္တာ.. အဲဒီ လေးကြိမ်လေးခါလည်းဆိုက်ပါရော အသေဇာတ်သိမ်းပြီ.. နောင်သေစရာကုန်ပြီ.. ပြုဖွယ်ကိစ္စတွေ အကုန်ပြုပြီးသွားပြီ. သူ့ကိစ္စအကုန်ပြီးပြီလို့ဆိုတာပါပဲ.. ကာလ၀ိမုတ္တိဖြစ်သွားပြီ…ကာလကနေလွတ်မြောက်သွားပြီ..ကာလရဲ့အစားခံရခြင်းမှ လွတ်မြောက်သွားပြီ..
အဲဒီကာလရဲ့အစားခံရခြင်းမှ လွတ်မြောက်သွားတယ်ဆိုတာက ကိုယ်က အချိန်ရဲ့အစားကိုမခံပဲ အချိန်ကိုပြန်စားလိုက်လို့သာ လွတ်မြောက်သွားတာ.. ဘယ်လိုပြန်စားတာလဲဆိုတော့ အထက်မှာပြထားသလို နားလည်သဘောပေါက်လို့ မလိုချင်ဘူးဆိုရုံနဲ့တော့မရသေးဘူး.. သူက သစ္စဥာဏ်အဆင့်ပဲရှိသေးတာ.. အဲဒီသစ္စဥာဏ်ရပြီဆိုမှ တဆင့်တက်ပြီး ကိုယ့်ခန္ဓာကို ကိုယ်လှည့်သုံးသပ်ကြည့်လိုက် တဖျပ်ဖျပ်နဲ့ ဖောက်ပြန်ပျက်စီးနေတဲ့ဘော.. ခဏခဏ ပေါ်ပြီးပျောက်သွားသဘောလေးတွေကို ဥာဏ်နဲ့တွေ့တဲ့အခါကျတော့မှ ကိုယ့်ခန္ဓာက ကာလအစားခံနေရလို့ ခဏခဏ ဖြစ်ပျက်ပြောင်းလဲနေတယ်ဆိုတာ သူများပြောလားမှတ်တယ်.. အခုတော့ ကိုယ်တိုင်မြင်တာပါလား.. အဲဒီခဏခဏ ဖောက်ပြန်ပျက်စီးနေတာက ဘာမှ အနှစ်သာရမရှိတဲ့ ဒုက္ခသစ္စာတွေပါလားလို့ ကိုယ့်ရုပ်နာမ်အပေါ် မြင်လာရင်တော့ ကိစ္စဥာဏ်ရောက်ပြီ.. (မှတ်ချက်။ ရုပ်နာမ်ကို ပရမတ်ကျကျမသိသေးရင်တော့ ရုပ်နာမ်ပေါ် ပညတ်၊ပရမတ် ကွဲအောင် ခွဲပြနိုင်တဲ့ဆရာအရင်ရှာဖို့ တိုက်တွန်းချင်ပါတယ်) အဲဒီလို ကြည့်လိုက်တိုင်း ကြည့်လိုက်တိုင်း ဖောက်ပြန်ပျက်စီးနေတဲ့ဒုက္ခလေးတွေပဲ တွေ့ပါများလာတဲ့အခါကျတော့ ဒီဖောက်ပြန်ပျက်စီးတဲ့ သဘောလေးတွေက ဒုက္ခသစ္စာအစစ်ပဲ မလိုချင်တော့ပါဘူး မကြည့်ချင်တော့ပါဘူးလို့လဲ ဖြစ်လာပါရော သူက ဖြစ်ပျက်ဒုက္ခသစ္စာ ကြည့်နေရာကနေ မဖြစ်မပျက်တဲ့ နိရောဓဆိုတဲ့ နိဗ္ဗာန်ဖက်လှည့်သွားတဲ့ ကတဥာဏ်ဆိုက်တော့တာပါပဲ.. အဲဒီကတဥာဏ်လည်းဆိုက်ရော အသေလွတ်တဲ့နေရာကိုရောက်တော့တာပါပဲ.. လေးကြိမ်လေးခါဆိုက်ရင်တော့ အသေက အပြီးတိုင်လွတ်တာကြောင့်မို့လို့ ဒီအသေလွတ်အောင် ကိုယ့်ခန္ဓာ ဖြစ်ပျက်ကို စောင့်ကြည့်တဲ့အလုပ်ကိဖြစ်တဲ့ ၀ိပဿနာအလုပ်ကို လုပ်ကြဖို့တိုက်တွန်းချင်ပါတယ်.. ဒီဝိပဿနာအလုပ်ဆိုတဲ့ မဂ္ဂင်အလုပ်ကမှ အသေလွတ်နိုင်တာမို့ ကိုယ်က ၀ိပဿနာရှုတိုင်းရှုတိုင်း အသေလွတ်ရာကို တဖြည်းဖြည်းသွားနေတဲ့အတွက် သူက အချိန်တွေကို ပြန်စားနေတာပဲ.. ကိုယ်က အဲဒီအချိန်ဆိုတဲ့ကာလကို ကိုယ်ကအပြီးတိုင်စားလို့လဲ ကုန်ပါရော အသေလွတ်တဲ့နိဗ္ဗာန် ကာလသုံးပါးကလွတ်မြောက်တဲ့နိဗ္ဗာန်ကို ရောက်နိုင်တော့မှာပဲဖြစ်ပါတယ်.. ကိုယ်ကသူ့ကို မစားရင်တော့ သူကကိုယ့်ကို စားတော့မှာ. အဲဒီတော့ သူစားလို့မကုန်ခင် ကိုယ်ကအရင်ဦးအောင် အချိန်ကိုစားတယ်ဆိုတဲ့ ၀ိပဿနာအလုပ် အားသွန်ခွန်စိုက် လုပ်ကြဖို့ တိုက်တွန်းလိုက်ချင်ပါတယ်…

No comments:

Post a Comment