........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Feb 28, 2013

ကုသိုလ်ဖြစ်အောင် တွေးမယ်

တစ်ခါတုန်းက သီဟိုဠ်ကျွန်းမှာ မဟာဂါမလို့ အမည်ရတဲ့ ရွာကြီးတစ်ရွာကို စားရတဲ့ တိဿအမတ်ဆိုတာ ရှိခဲ့ဖူးပါတယ်။ အဲဒီအမတ်ကို ဘုရင်ကိုယ်တိုင်ကလဲ ကြည်ညို မြတ်နိုးတော် မူတယ်လို့ ဆိုပါတယ်။

တစ်နေ့တော့ အဲဒီ တိဿအမတ်ကို သူကိုးကွယ် ဆည်းကပ်နေကျ ဆရာ ဘုန်းကြီးက "ဒက္ခိဏ၀ိဘင်္ဂသုတ်"ကို ဟောလိုက်ပါတယ်။ ဒက္ခိဏ၀ိဘင်္ဂသုတ်ဆိုတာ အလှူခံ တစ်ကျိပ်လေးယောက် အကြောင်းကို အကျယ် ဝေဘန် ပြထားတဲ့ သုတ်ပါ။ တိဿအမတ်ဟာ အဲဒီ သုတ်ကို နာကြားပြီးတဲ့နေ့ကစပြီး သူ့ရဲ့ စားဦးကို မလှူဘဲ ထမင်း မစားတော့ပါဘူး။ ပြီးတော့ စားဦးကို လှူပြီးမှ ထမင်းစားမယ်ဆိုပြီး သန္နိဌာန် ချခဲ့ပါတယ်။ ချခဲ့တဲ့ အတိုင်းလဲ စားဦးကို လှူပြီးမှ ထမင်းစားလေ့ ရှိပါတယ်။

ဒီလိုနဲ့ တစ်နေ့မှာ ဇနပုဒ်က ရောက်လာတဲ့ ဧည့်သည်တွေနဲ့ တိုင်းရေးပြည်ရေး ကိစ္စတွေ တိုင်ပင်ဆွေးနွေးရင်း မွန်းတည့်လွန်မှ ထမင်းစားဖို့ အခွင့်ရပါတယ်။ မွန်းတည့် လွန်သွားပြီဆိုတော့ စားဦးကို ရဟန်း သံဃာတွေ လှူဖို့ ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ဒီတော့ စားဦးကို ဘယ်သူ့များ လှူရမလဲလို့ စဉ်းစားပါတယ်။ အနားမှာရှိတဲ့ တပည့်တစ်ယောက်က သင်္ချိုင်းမှာနေတဲ့ ပရိဗိုဇ်ကို လှူဖို့ အကြံပေးပါတယ်၊ တိဿ အမတ်ကလဲ သဘောတူစွာနဲ့ပဲ သူ့ရဲ့ တပည့်တွေကို သင်္ချိုင်းမှာနေတဲ့ ပရိဗိုဇ်ဆီကို စားဦးကို လှူဖို့ လွှတ်လိုက်ပါတယ်။

တကယ်တော့ ပရိဗိုဇ်ဟာ အ၀တ်ဖြူဝတ်ထားပေမယ့် အကျင့်သီလလဲ ထူးထူးခြားခြား မရှိလှပါဘူး။ ထူးခြားတာဆိုလို့ အ၀တ်ဖြူ ၀တ်ထားတာ တစ်ခုပဲ ရှိပါတယ်။

တိဿ အမတ်ရဲ့ တပည့်တွေ ပရိဗိုဇ်ဆီသွားတဲ့ အချိန်မှာ ပရိဗိုဇ်က ဘာလုပ်နေသလဲ ဆိုတော့ ရေကန်ဘောင်ပေါ်မှာ ငါးမျှားနေပါသတဲ့။ ပရိဗိုဇ်က ခပ်လှမ်းလှမ်းက လူတွေ လာနေပြီဆိုတာ သိလိုက်တာနဲ့ တစ်ပြိုင်နက် ငါးမျှားတံကို ရေထဲပစ်ချ၊ ခြေထောက်နဲ့ အသာနင်းထားပြီး သူမဟုတ်သလိုလို တရားကျင့်နေသလိုလိုနဲ့ ဣနြေ္ဒရရ တည်တည်ငြိမ်ငြိမ်လေး နေနေလိုက်ပါတယ်။

ဒါပေမယ့် တိဿအမတ်ရဲ့ တပည့်တွေက ပရိဗိုဇ်ရဲ့ အပြုအမူကို မြင်ဖြစ်အောင် မြင်သွားပါတယ်။ ဒါကြောင့် ဒီလောက်ယုတ်မာတဲ့ ပရဗိုဇ် စားဦးနဲ့ မတန်ဘူးဆိုပြီး တိဿအမတ်ဆီ စားဦးကို ပြန်ယူခဲ့ကြပါတယ်။ တိဿအမတ်ဆီ ရောက်တော့ တပည့်တွေက တိဿအမတ်ကို အကြောင်းစုံ ပြောပြပါတယ်။ ဒီတော့ တိဿအမတ်က ဘာပြန်ပြောသလဲ ဆိုတော့ -

"အမောင်တို့၊ ပရိဗိုဇ်ဟာ ယုတ်မာတဲ့ အကျင့် ရှိတယ်လို့ ဆိုပေမယ့် သင်တို့ကို မြင်တော့ မကောင်းမှုကို လူမြင်မှာ ရှက်တတ်တဲ့ စိတ်ကလေးနဲ့ ငါးမျှားတံကို ရေထဲမှာ နှစ်ပြီး ၀ှက်ထားရှာတယ်၊ အဲဒီ မကောင်းမှုကို လူမြင်မှာ ရှက်တတ်တဲ့ စိတ်ကလေးသည်ပင် ပရဗိုဇ်အတွက် စားဦးကို အလှူခံထိုက်ပါတယ်။ ငါ့အနေနဲ့လည်း အဲဒီ မကောင်းမှုကို လူမြင်မှာ ရှက်တတ်တဲ့ စိတ်ကလေးကိုပဲ ကြည်ညိုလို့ရပါပြီ၊ ကဲ - ပြန်လှူလိုက်ကြပါ" လို့ ပြောပြီး ပရိဗိုဇ်ကို ပြန်လှူခိုင်းလိုက်ပါတယ်။ စာမှာတော့ ဒုတိယနေ့မှာလဲ ဆက်ပြီး လှူခိုင်းတယ်လို့ ဆိုပါတယ်။

ဒီဝတ္တုလေး ဖတ်ပြီးတော့ "တိဿအမတ်နေရာမှာ ငါသာဆိုရင်" ဆိုတဲ့ အတွေးက မသိမသာ ၀င်လာပါတယ်၊ "အေးကွာ - မင်းတို့ ပြောတာ မှန်တယ်၊ ဒီလောက် ယုတ်မာတဲ့ ပရိဗိုဇ် စားဦးနဲ့ မတန်ဘူး၊ အဆိပ်ပင် ရေလောင်းတာနဲ့ အတူတူပဲ၊ ငါတို့ စားတာမှ ဗိုက်ဝဦးမယ်" အဲဒီလိုများ ခပ်ညံ့ညံ့စိတ်ဓါတ်နဲ့ တွေးဖြစ်မလား မသိပါဘူး။

ဘာပဲ ပြောပြော တိဿအမတ်ကတော့ ဒါနကုသိုလ် ဖြစ်သွားတာပါပဲ။ ဆရာကြီး ဦးရွှေအောင် စကားနဲ့ ပြောရရင် ဒါနကို ပါရမီမြောက်အောင် ပြုကျင့်လိုက်တာပါ။

အဋ္ဌသာလိနီအဋ္ဌကထာမှာ ကုသိုလ်ဖြစ်ရခြင်းနဲ့ အကုသိုလ်ဖြစ်ရခြင်း အကြောင်းတွေကို ဒီလို ပြထားပါတယ်။

ကုသလံ ယောနိသော မနသိကာရ ပဒဋ္ဌာနံ၊
အကုသလံ အယောနိသော မနသိကာရ ပဒဋ္ဌာနံ၊

အဓိပ္ပါယ်ကတော့ - ကုသိုလ်ဖြစ်ရခြင်းရဲ့ အကြောင်းက ယောနိသောမနသိကာရ ရှိလို့ပါတဲ့၊ အကုသိုလ်ဖြစ်ရခြင်းရဲ့ အကြောင်းကတော့ အယောနိသောမနသိကာရ ရှိလို့ပါပဲတဲ့၊ ဆိုလိုချက်ကတော့ ယောနိသောမနသိကာရရှိရင် ကုသိုလ်ဖြစ်မယ်၊ အယောနိသောမနသိကာရ ရှိရင် အကုသိုလ်ဖြစ်မယ် ဒါပါပဲ။

ဒါကြောင့် မဟာစည် ဆရာတော်ဘုရားကြီးက ယောနိသောမနသိကာရ ကို ကုသိုလ်ဖြစ်အောင် တွေးခြင်းလို့ မြန်မာပြန်ဆိုပေးခဲ့ပါတယ်။ တစ်ခြား ဆရာတော်ကြီး တစ်ပါးကတော့ ယောနိသောမနသိကာရကို အကောင်းမြင်ဝါဒ ရှိခြင်းလို့ ပြန်ပေးပါတယ်၊ အများနားလည်နိုင်မယ့် စကားလုံးတွေနဲ့ ပြန်ပေးထားကြတာဆိုတော့ သက်ရောက်မှု အဓိပ္ပါယ်တွေကတော့ အတူတွေပါပဲ။

"မကောင်းမှုကို လူမြင်မှာ ရှက်တတ်တဲ့ စိတ်ကလေးကိုပဲ ငါ့အနေနဲ့ ကြည်ညိုလို့ ရပါပြီ" လို့ တိဿအမတ်ပြောလိုက်တဲ့ စကားရဲ့ မြစ်ဖျားခံရာဟာ ယောနိသောမနသိကာရ ပါပဲ၊ ယောနိသောမနသိကာရ ရှိတော့ ကုသိုလ်ဖြစ်သွားတာ အဘိဓမ္မာသဘောအရ သိပ်ပြီး ဆန်းလှတယ်လို့တော့ မဆိုနိုင်ပါဘူး၊ ဆန်းတာက အားကျဖို့ ကောင်းတာက တိဿ အမတ်ရဲ့ သန္တာန်မှာ ယောနိသောမနသိကာရ ရှိနေတာပါ။ တကယ်တော့ "တိမ်တိုက်မည်မျှ မဲမဲ၊ အဖြူရောင် ငွေ အနားသတ်ကတော့ ရှိစမြဲ" ဆိုတဲ့ နိုင်ငံခြား စကားပုံအတိုင်း ဘယ်လောက်ပင် ဆိုးနေတဲ့ လူဖြစ်ပါစေ၊ ငွေရောင် အနားသတ်လို့ ခေါ်ရမယ့် ကောင်းကွက်လေး တစ်ကွက်ကတော့ ရှိစမြဲပါ၊ ဒါကို ကိုယ်က ယောနိသောမနသိကာရ အခြေခံပြီး မြင်တတ်ဖို့ပါ။

့ဘာပဲပြောပြော ဘ၀ဆိုတာ ရှိနေရင် သံသရာ ခရီးဆိုတာလဲ ရှိနေဦးမှာပါပဲ၊ အဲဒီ သံသရာဆိုတဲ့ ခရီး တစ်ခုကို လျှောက်နေရသရွေ့တော့ အာရုံမျိုးစုံတွေနဲ့ နေ့စဉ် တွေ့နေကြရမှာပါ။ ကိုယ်နှစ်သက်တဲ့ အာရုံပဲ တွေ့တွေ့၊ မနှစ်သက်တဲ့ အာရုံပဲ တွေ့တွေ့၊ တွေ့လာတဲ့ အာရုံတွေအပေါ် ကိုယ်က ကုသိုလ်ဖြစ်အောင် တွေးတတ်ဖို့ပါပဲ။ တစ်နည်းအားဖြင့် ပြောရရင် တွေ့လာတဲ့ အာရုံအပေါ် မိတ်ဖွဲ့တတ်ဖို့ပါ၊ မိတ်ဖွဲ့တတ်ဖို့ ဆိုတာကလဲ သိပ်ပြီး ခက်ခဲလှတယ်လို့တော့ မဆိုနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ "ယောနိသောမနသိကာရ" ရှိနေရင် တစ်လောကလုံးနဲ့ အလိုလို မိတ်ဖွဲ့ပြီးသား ဖြစ်နေမှာ ဖြစ်လို့ပါပဲလေ။

ကျမ်းကိုး
၁။ မဓုရ, ရသ၀ါဟိနီကျမ်း (ပဏ္ဍရင်္ဂ၀တ္တု)
၂။ အဋ္ဌသာလိနီအဋ္ဌကထာ (ယောနိသောမနသိကာရ အဖွင့်)
၃။ ယနေ့ ဗုဒ္ဓ၀ါဒဆိုင်ရာ အမေး အဖြေများ (တည်တော ဆရာတော်)

အလင်းတန်း ဂျာနယ်၊ ၂၄-၆-၂၀၀၂

မှတ်ချက် ။ ဦးဇင်း ရဝေနွယ် (အင်းမ) ရဲ့ အလင်းတန်းဂျာနယ်၊ အင်တာဗျူးဂျာနယ်၊ ပေါ်ပြူလာဂျာနယ်၊ Fashion Image မဂ္ဂဇင်း၊ Faces (မုခ) မဂ္ဂဇင်းတို့၌ ဖော်ပြ ပါရှိခဲ့သော ဓမ္မအတွေး ဆောင်းပါးများကို စုစည်းဖော်ပြပေးထားသော "ကုသိုလ်ဖြစ်အောင် တွေးမယ်" ဓမ္မစာအုပ်မှ ကူးယူ ဖော်ပြပါတယ်..။

No comments:

Post a Comment