........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Mar 23, 2014

မြန်မာ့ ပရိယတ္တိသာသနာ



အရှင်တိလောကာဘိဝံသ (အင်းစိန်၊ရွာမ)
ဒုတိယပါမောက္ခချုပ်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် - ရန်ကုန်။

မြန်မာနိုငံသို့ ဗုဒ္ဓသာသနာ ရောက်ရှိခဲ့ ပုံများကို သာသနာလင်္ကာရစာတမ်း စသည်တို့ အဆိုအရ ဘုရားသက် တော်ထင်ရှား ရှိစဉ်ကပင် ၂-ကြိမ်ရောက်ခဲ့ပုံနှင့် တတိယသင်္ဂါယနာ တင်ပြီး နောက် ၉-တိုင်း, ၉-ဌာန သာသနာပြု စေလွှတ်ရာ၌လည်း ၃-ဌာနပါဝင်ကြောင်း သိရသည်။

ပထမ ၂-ကြိမ်
၁။ သုဝဏ္ဏဘူမိတိုင်း၊ အသိတဉ္ဇန ပေါက္ခရ၀တီမြို့သား တပုဿနှင့် ဘလ္လိက ညီနောင်တို့သည် လှည်း ၅၀၀-တို့ဖြင့် မဇ္ဈိမ ဒေသသို့ ကုန်ကူးသွားကြသည်။ မြတ်စွာဘုရား ပွင့်တော်မူပြီး ၄၉-ရက်အလွန် လင်းလွန်းပင်ရင်း ၌ သီတင်းသုံးတော်မူခိုက် ကြုံကြိုက်နေသဖြင့် သွားရောက်ဖူးမြော်ကြသည်။ အသင့်ယူဆောင် လာသော ပျားမုန့်ဆုပ်နှင့် မုန့်ကြက်ကျစ်တို့ကို ဆက်ကပ်လှူဒါန်းကြသည်။
မြတ်စွာဘုရားနှင့် မြတ်စွာဘုရားတရား တော်ကို ကိုးကွယ်ဆည်းကပ်သူ ဥပါသကာ အဖြစ် ခံယူကြသည်။ ထိုအချိန်၌ သံဃာရတနာ မရှိသေး၊ ဗုဒ္ဓ, ဓမ္မ, သရဏဂုံ ၂-ပါးကို ကိုးကွယ်သည့် ဒွေဝါစိက သရဏဂုံသာ ဖြစ် သည်။ လူသားထဲမှ ပထမဆုံး သရဏဂုံ တည်သူများသည် မြန်မာနိုင်ငံသားဆိုပါက တပုဿနှင့် ဘလ’ိက-တို့ပင် ဖြစ်သည်။ ဘုရားရှင်ထံမှ အမြဲ ဆည်းကပ်ကိုးကွယ်စရာကို တောင်းခံကြသည်။ မြတ်စွာဘုရားက လက်ယာ လက်တော်ဖြင့် ဦးခေါင်းကို သုံးသပ်၍ လက်တော်တွင် ကပ်ငြိပါလာသော ဆံတော် ၈-ဆူကို သူတို့အား ချီးမြှင့်ပေးသနားတော် မူလိုက်သည်။
ထိုကုန်သည်ညီနောင်တို့လည်း မိမိတို့နေရာ အသိတဉ္ဇန ပေါက္ခရ၀တီမြို့သို့ ပြန်ရောက်လာသောအခါ မိမိတို့ရရှိလာသော ဘုရားရှင်ဆံတော်များကို ဥက္ကလာပမင်းကြီးထံ အပ်နှံကြသည်။ ဥက္ကလာပမင်းကြီးသည် ဆံတော် ၈-ဆူကို ရွှေကြုတ်ထဲ၌ ထည့်၍ စေတီတည်ကာ ဌာပနာ ထားလေသည်။ ယင်းစေတီကား ယခု ဖူးမြော်နေကြရသော ရွှေတိဂုံစေတီတော်ကြီးပင်ဖြစ်သည်။
ဤသို့ မြန်မာနိုင်ငံသို့ ပထမဆုံး သာသနာရောက်ခြင်းသည် ဘုရားဖြစ်ပြီး ၄၉-ရက်မြောက် ၀ါဆိုလဆန်း ၅-ရက်နေ့ ဖြစ်ကြောင်းနှင့် တပုဿသည် သောတာပန် ဥပါသကာ၊ ဘလ’ိကသည် ရဟန္တာသာဝက ဖြစ်ကြောင်း သာသနာလင်္ကာရစာတမ်း၌ ဆိုသည်။

၂။ ဒုတိယအကြိမ် ဗုဒ္ဓသာသနာ ရောက်ရှိပုံကား-မြတ်စွာဘုရား ဘုရားဖြစ်ပြီး နောက် ၀ါ ၂၀-ကျော်လောက်တွင် သာဝတ္ထိ ပြည်မှ ယူဇနာ-၃၀၀ ကွာဝေးသော သုနာပရန္တ တိုင်း (အပရန္တတိုင်း) ၀ါဏိဇဂါမခေါ် မင်းဘူး နယ်၊ လယ်ကိုင်းကျောင်းတော်ရာ ရွာသား စူဠပုဏ္ဏနှင့် မဟာပုဏ္ဏ ညီနောင် ၂-ဖော်တို့ သည် နောက်ပါကုန်သည် ၅၀၀-နှင့် တစ်ယောက်တစ်လှည့်စီ ကုန်ကူးသွားလာလေ့ ရှိကြသည်။ နောင်တော် မဟာပုဏ္ဏသည် လှည်း ၅၀၀-ဖြင့် မဇ္ဈိမဒေသသို့ ကုန်ကူးသွားသည်။ သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်း မြတ်စွာဘုရား ထံသို့ရောက်၍ တရားတော်ကို နာရသဖြင့် အကျွတ်တရား ရသွားသည်။
မဟာပုဏ္ဏသည် လက်ထောက် ကုန်သည်ကြီးကို ခေါ်၍ ““ဤပစ္စည်းဥစ္စာများကို ညီဖြစ်သူ စူဠပုဏ္ဏအား ပေးပါ””ဟု မှာကြားပြီး မြတ်စွာဘုရား အထံတော်၌ ရဟန်းပြုလိုက် သည်။ မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်းတောင်း ကာ ခွင့်ပန်၍ မိမိနေရာ အပရန္တတိုင်းသို့ ပြန်လာသည်။ ကမ္မဋ္ဌာန်းတရားကို အားထုတ်ရာ ၀ါတွင်း၌ပင် ရဟန္တာအဖြစ်သို့ ရောက်သွား သည်။ ညီဖြစ်သူ စူဠပုဏ္ဏသည် စန္ဒကူးကျောင်း ဆောက်လုပ်ပြီး နောင်တော် မဟာပုဏ္ဏနှင့် တိုင်ပင်ကာ မြတ်စွာဘုရားကို ပင့်၍ လှူဒါန်း လေသည်။
မြတ်စွာဘုရားသည် တပည့်သံဃာ ၄၉၉-ပါးနှင့်တကွ ကြလာတော်မူ၍ စန္ဒကူး ကျောင်း၌ သီုတင်းသုံးတော်မူသည်။ ကြလာ ခိုက်မှာပင် ခြေတော်ရာများ ချထားခဲ့သဖြင့် ယခုတိုင်အောင် လူအများ စက်တော်ရာအဖြစ် ကိုးကွယ်လျက်ရှိကြသည်။ ဤကား ဒုတိယ အကြိမ် မြန်မာနိုင်ငံသို့ ဗုဒ္ဓသာသနာ ရောက်ခြင်း ပင်တည်း။
ထိုသို့ ဘုရားလက်ထက်တော်ကပင် မြန်မာနိုင်ငံသို့ သာသနာရောက်ရှိခဲ့သော်လည်း ပိဋကတ်တော် သင်ကြားပို့ချသည့် ရဟန်း တော်များ မရှိသဖြင့် သာသနာတော်မှာ နှစ်ကာလ ရှည်လျားစွာ တည်တံ့ပြန့်ပွားမှု မရှိခဲ့ပေ။
သာသနာ မကွယ်,မပဖို့အတွက် မြတ်စွာဘုရား အင်္ဂုတ္တိုရ်၌ ဟောထားခဲ့သည် များကို ၀ိသုဒ္ဓါရုံဆရာတော်ဘုရားကြီးက ဤသို့မှတ်တမ်းတင်ခဲ့သည်။
အင်္ဂုတ္တိုရ်လာ၊ သာသနာကွယ်ကြောင်း၊ တရားပေါင်းကား၊ ရဟန်းများတို့၊ တရားမနာ၊ စာပေမသင်၊ နှုတ်တွင်မဆောင်၊ သိအောင်မပြု၊ ဓမ္မာနုဓမ္မတ်၊ ပဋိပတ်ကွာ၊ ဤ ၅-ဖြာတည်း။
ထ၀ါ ထို့ပြင်၊ စာသင်ပယ်လျော၊ ကျယ်,မဟောကြ၊ ကျယ်,မချနှင့်၊ ကျယ်စွာ, မအံ၊ မကြံမစည်၊ ဤ ၅-မည်တည်း။
ဝါ တနည်းမှာ၊ အက္ခရာပုဒ်ပျက်၊ လေ့ကျက်သင်ကြ၊ ဒုဗ္ဗစ မူ၊ စာချသူရှား၊ လာဘ်များအောင်ဖန်၊ ခိုက်ရန်ကွဲပြား၊ ဤ ၅-ပါးသည်၊ ဘုရားသာသနာကွယ်အကြောင်း တည်း။

တတိယအကြိမ် သာသနာရောက်ရှိပုံ
၃။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီး နောက် ၂၃၅-နှစ်သို့ရောက်သောအခါ တတိယသင်္ဂါယနာတင်ပြီးနောက် ၉-တိုင်း, ၉-ဌာန သာသနာပြုစေလွှတ်ရာတွင်-
(က) အရှင်ယောနကဓမ္မရက္ခိတထေရ် ဦးဆောင်သည့် အပရန္တ တိုင်း သာသနာပြုအဖွဲ့၊
(ခ) အရှင်မဟာရက္ခိတထေရ် ဦး ဆောင်သည့် ယောနကတိုင်း သာသနာပြုအဖွဲ့၊
(ဂ) အရှင်သောဏ, ဥတ္တရထေရ်တို့ ဦးဆောင်သည့် သုဝဏ္ဏဘူမိ သာသနာပြုအဖွဲ့၊
ဤသာသနာပြုအဖွဲ့ ၃-ဖွဲ့သည် မြန်မာနိုင်ငံနှင့် သက်ဆိုင်သည်ဟု ဆိုသည်။

အပရန္တတိုင်းသည် မင်းဘူးနယ်၊ ကျောင်းတော်ရာဒေသ ဖြစ်၍ ယောနကတိုင်း သည် ယွန်းပြည်နယ်ခေါ် ရှမ်းပြည်နယ် ဖြစ်သည်။
သုဝဏ္ဏဘူမိတိုင်းသည် သထုံပြည် ဖြစ်သည်။

အဆိုပါ ၉-တိုင်း, ၉-ဌာနစာရင်းတွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော ၃-ဌာန ပါဝင်သည်ဆိုသော်လည်း မြန်မာ့သာသနာဝင်နှင့် စပ်လျဉ်းသည့် စာအုပ်၊ စာတမ်း၊ မှတ်တမ်း အမျိုးမျိုးတွင် အပရန္တတိုင်း သာသနာပြု အဖွဲ့ခေါင်းဆောင် အရှင်ယောနကဓမ္မရက္ခိတ ထေရ်နှင့် ယောနကတိုင်းသာသနာပြုအဖွဲ့ ခေါင်းဆောင် အရှင်မဟာရက္ခိတထေရ်တို့၏ ဆရာတပည့် အဆက်အနွယ်များ မထင်ရှားချေ။ သုဝဏ္ဏဘူမိတိုင်း သာသနာပြုအဖွဲ့ခေါင်းဆောင် အရှင်သောဏနှင့် အရှင်ဥတ္တရထေရ်တို့၏ ဆရာ တပည့် အဆက်အနွယ်များသာ ထင်ရှားလေ သည်။
ပိဋကတ်သင်ကြားရေးနှင့် ပတ်သက်၍ ပုဂံခေတ်မတိုင်မီက သိပ်မထင်ရှားခဲ့၊ ပုဂံခေတ်မှ စ၍ နောက်ပိုင်းခေတ် အဆက်ဆက် ယနေ့တိုင် အောင် မြန်မာ့ပရိယတ္တိအခြေအနေသည် ကမ္ဘာကျော်လောက်အောင် ထင်ရှားခဲ့သည်။

ပုဂံခေတ်ဦးပိုင်း
ရှင်သောဏ၊ ရှင်ဥတ္တရမထေရ်တို့၏ အဆက်အနွယ်ဖြစ်သည့် ရှင်အရဟံထေရ်သည် ပုဂံပြည်သို့ သွားရောက် သာသနာပြုချိန်မှစ၍ ဆရာဖြစ်သူ ရှင်အရဟံနှင့် ဒါယကာဖြစ်သူ အနော်ရထာမင်းတို့ ဆရာ,ဒကာ လက်တွဲ ညီညီ သာသနာပြုခဲ့သဖြင့် ထေရ၀ါဒဗုဒ္ဓသာသနာ သည် မြန်မာတစ်နိုင်ငံလုံး ပျံ့နှံ့သွားခဲ့သည်။

ပုဂံသို့ သာသနာရောက်စအခါက ပိဋကတ်သင်ကြားမှု ပရိယတ္တိသာသနာမရှိလျှင် သာသနာအရှည်မတည်နိုင် ပရိယတ္တိသာသနာ တည်တံ့အောင် ပိဋကတ်သင်ကြားဖို့ လိုအပ်သည်ဟု ရှင်အရဟံ၏ မိန့်ကြားချက်အရ ပိဋကတ်သင်ကြားရေးကို အပတ်တကုတ် ကြိုးစားကြသည်။ ပိဋကတ်သင်ကြားရေး၏ အခြေခံဖြစ်သော ပါဠိသဒ္ဒါကျမ်းဂန် သင်ကြား ရေးကိုလည်း အထူးလေ့လာ သင်ကြားကြသည် ကို တွေ့ရသည်။

ပရိယတ္တိသင်ကြားရေး၌ ရဟန်း, သာမဏေများသာမက -
၁။ ကျစွာမင်း-စသော ဘုရင်စာချ, စာသင်ပုဂ္ဂိုလ်များ၊
၂။ သံပျင်မင်းသမီး-စသောမင်းသမီ
း, မင်းသား, မောင်းမမိဿံ စာချ အကျော်များ၊
၃။ သံပျင် အမတ် -
စသော မင်းမှုထမ်း ကျမ်းပြုပုဂ္ဂိုလ်များ မှစ၍ ထမင်းချက်, ရေခပ်, ထင်းခွေ, ယာလုပ် နေသော အမျိုးသမီးများပါမကျန် အလွှာ အသီးသီးတို့ သာသနာတည်တံ့ရေး ရှေးရှု၍ ပရိယတ္တိစာပေ သင်ကြားနေကြသည်။


သက်ကြီးစကား သက်ငယ်ကြား ပုံပြင် တစ်ခု အဆိုအရ-
ပုဂံခေတ် ကုန်ခါနီးလောက်အချိန်မှာ အင်းဝဘက်မှ ကိုရင်တစ်ပါး ပုဂံသို့ရောက်လာ ရာ ရေတွင်း၌ ရေခပ်နေသော အမျိုးသမီးများ နှင့်တွေ့၍ -
အမျိုးသမီးများက ““ကိုရင်၊ ဘယ်သွား မလို့လဲ””ဟု မေးသည်။
ကိုရင်က ပုဂံအမျိုးသမီးများ စာတတ် ကြောင်း ကြားဖူးသဖြင့် ပညာစမ်းလိုကြောင်း စိတ်ကူးပြီး-
““အဟံ ပေါက္ကံ နဂရံ ဂစ္ဆတိ”” ဟု ပါဠိဘာသာဖြင့် ဖြေလိုက်သည်။
ကိုရင်ဖြေသော ပါဠိဘာသာ မှာအမြီး, အမောက် မတည့်ကြောင်းကို အသိပေးလိုသော အမျိုးသမီးက- ““ပ-မှာ နာမ၊ မဇ်-တုမှ၊ အမှ ဥတ္တမာ၊ အဟံ ဂစ္ဆတိ၊ သင့်ပါဠိ၊ ပြန်ကြည့် သင့်လှပါ။”” ဟူသည်နှင့်အညီ-
ကိုရင်-
၁။ နာမပယောဂဖြစ်လျှင် ပထမပုရိသ်ဖြင့် သုံးရသည်၊
၂။ တုမှယောဂဖြစ်လျှင် မဇ္ဈိမပုရိသ်ဖြင့် သုံးရသည်၊
၃။ အမှယောဂဖြစ်လျှင် ဥတ္တမပုရိသ် ဖြင့် သုံးရသည်၊

အဟံ ဂစ္ဆတိ-ဟူသော ကိုရင်၏ ပါဠိ ပြန်ကြည့်ပါဦးဟု ပြောသောအခါ ကိုရင် အရှက်ရသွားသည်။
တစ်ဖန် အမျိုးသမီးတစ်ယောက်က ““ကိုရင့် ဘွဲ့နာမည် ဘယ်လိုခေါ်ပါသလဲ””လို့ မေးသည်။ ထိုအခါကိုရင်က ရှင်ခေမာ-ဟု ပြန်ဖြေသည်။
အခြားအမျိုးသမီးတစ်ယောက်က ကိုရင့်ဘွဲ့ကလည်း ဣတ္ထီဇောတက အာ-ပစ္စည်းနှင့်ပါလားဟု ပြောသည်။ အခြား အမျိုးသမီးတစ်ယောက်က နင်ကလည်း သျာစ-သုတ်ကို ထောက်ပါဦးဟု ပြောပြန်သည်။

ဤသည့် အမျိုးသမီးများ ပြောဆိုချက် ကို ကြည့်လျှင် ထမင်းချက်, ရေခပ်-စသော အိမ်မှုလုပ်ငန်း လုပ်နေသည့် အမျိုးသမီးများ သည်ပင် ပရိယတ္တိသင်ကြားမှု အဆင့်အတန်း မည်မျှမြင့်မားကြောင်း တွေ့နိုင်သည်။

အမျိုးသမီးအချင်းချင်း တွေ့ရာ၌လည်း-
တစ်ဦးက ညည်း ဘာစာတွေ ရသလဲ ဟုမေးသည်-
အခြားတစ်ဦးက ငါကတော့အေ- အိမ်မှုကိစ္စတွေ ရှုတ်တာနဲ့ စာသိပ်မပြန်နိုင်လို့ သဂြိုဟ် ၉-ပိုင်းလောက်ပဲ ရပါတော့တယ်ဟု ပြန်ပြောသည်။

ဤသို့ ပြောကြားကြသည်ကို ကြည့် လျှင် သင်ကြားထားသော စာပေများကို မည်မျှ တန်ဖိုးထား, မြတ်နိုးကြောင်းကိုလည်း သိရသည်။

ပုဂံခေတ်မှစ၍ ပရိယတ္တိစာသင်တိုက် များ ဦးဆောင်၍ သာသနာပြုခဲ့သည်။ ယင်း စာသင်တိုက်များ၏ ကျေးဇူးကြောင့် ပုဂံခေတ်က စ၍ပင် သဒ္ဒနီတိ-စသော သဒ္ဒါကျမ်းကြီးများ၊ ကာရိကာ, သဒ္ဒတ္ထဗေဒစိန္တာ-စသော သဒ္ဒါငယ် ကျမ်းများ၊ ဒီဃနိကာယ်နိသျ-စသော နိဿယ ကျမ်းဂန်များ စသော ကျမ်းဂန်အမျိုးမျိုးတို့ကို ပြုစုခဲ့ကြသည့် ကျမ်းပြုပုဂ္ဂိုလ်များလည်း မြောက်များစွာ ပေါ်ထွန်းခဲ့ကြသည်။ စာချ အကျော်အမော်များ၊ ဓမ္မကထိက အကျော်အမော် များ၊ ကမ္မဋ္ဌာန်းနည်းပြပုဂ္ဂိုလ်များ၊ တိပိဋကဓရ ပုဂ္ဂိုလ်များ စသည်တို့လည်း များစွာပေါ်ထွန်း ခဲ့ကြသည်။

ဤကဲ့သို့ ပုဂံခေတ်မှစ၍ ယနေ့ခေတ် တိုင်အောင် ခေတ်အဆက်ဆက် ပိဋကတ် ကျမ်းဂန်သင်ကြားမှု အားကောင်းခဲ့ခြင်း၊ စနစ် ကျနခဲ့ခြင်း၊ အားပေးမှုရှိခြင်းတို့ကြောင့် မြန်မာ့ ပရိယတ္တိသာသနာသည် ကမ္ဘာလွှမ်းအောင် ကျော်ကြားခဲ့ခြင်းဖြစ်သည်။

တက္ကသိုလ်ပညာရေး
မြန်မာ့ပရိယတ္တိအခြေအနေသည် ကမ္ဘာကျော်လောက်အောင် ထင်ရှားခဲ့သော် လည်း-
၁။ အခြေခံပရိယတ္တိသင်ကြားရေး၊
၂။ အထက်တန်း ပရိယတ္တိသင်ကြားရေး၊
ဤသို့နှစ်မျိုးနှစ်စား ကွဲကွဲပြားပြား မထားဘဲ ၂-မျိုးစလုံး ရောနှောတာဝန်ယူနေသည်က များသည်။ ရှေးခေတ်က-
၁။ ကျေးလက်တောရွာကျောင်းများ၌ အခြေခံပရိယတ္တိသင်ကြားရေးကို
သင်ကြားပေး သည်။
၂။ အလယ်အလတ် စာသင်တိုက် အတော်များများ၌ အလယ်အလတ်အဆင့်ရှိ ပရိယတ္တိသင်ကြားရေးကို သင်ကြားပေးကြ သည်၊
၃။ မန္တလေး၊ ပခုက္ကူ စသော စာသင်တိုက်ကြီးများ၌ အထက်တန်း ပရိယတ္တိသင်ကြားရေးကို ကျယ်ကျယ်ပြန့်ပြန့် သင်ကြားပေးကြသည်။


ဖော်ပြပါ စာသင်တိုက် ၃-မျိုး၊ ၃-စားတွင် နံပါတ်-၃ အမျိုးအစားသည် တက္ကသိုလ်အဆင့်မီသည်ဟု ဆိုရသည်၊ မှန်ပါသည် အဆိုပါ နံပါတ်-၃ အမျိုးအစား စာသင်တိုက်များ၌-
ပိဋကတ်ဆိုင်ရာ အဘိဓမ္မာနည်း, သဒ္ဒါနည်း, ဆန်းနည်း, အလင်္ကာနည်း, နေတ္တိနည်း, အတ္ထယောဇနာနည်း, ဉာသ် ကောက်နည်း, ၀ါကျနည်း, သံဝဏ္ဏနာနည်း, ၀ိနိစ္ဆယနည်း, ကျမ်းညှိနည်း, ကျမ်းပြုနည်း စသည်တို့ကို ပါရဂူမြောက် သင်ကြားပေးသည်။

အဆိုပါ သင်ကြားနည်းများ ပြည့်စုံ အောင် သင်ကြားပြီးပါက စာတတ်အကျော်များ, စာချအကျော်များ, ကျမ်းပြုအကျော်များ, ဖြစ်သွားကြသည်။ ပိဋကတ် ၃-ပုံ၊ နိကာယ် ၅-ရပ်၊ ဓမ္မက္ခန္ဓာ ၈-သောင်း၎-ထောင်ကို ထုံးလိုချေ, ရေလိုနှောက်သွားနိုင်ကြသည်။

ယခုခေတ်၌ကား အကြောင်းအမျိုးမျိုး ကြောင့် တက္ကသိုလ်အဆင့်မီ သင်ကြားနည်းများ တဖြည်းဖြည်း အားနည်းလာရသည်။ ဒါတွင်မက ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်ရန် ခေတ်မီ သင်ကြားနည်းများ၊ ကျယ်ကျယ်ပြန့်ပြန့် လေ့လာနည်းများ၊ နက်နက်ရှိုင်းရှိုင်း လေ့လာနည်းများနှင့် ဘာသန္တရ ကျွမ်းကျင်မှုများလည်း လိုအပ်လာ သည်။ ထိုလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ဖို့ရန် မြန်မာနိုင်ငံရှိ လက်ရှိစာသင်တိုက်များဖြင့် မလုံ လောက်တော့ပေ။

ထိုသည့် လိုအပ်ချက်များ ဖြည့်ဆည်း ပေးနိုင်ရန် အဆင့်မီတက္ကသိုလ်များ မရှိမဖြစ် လိုအပ်လာသောကြောင့်-

၁။ သာသနာတော် သန့်ရှင်းရေး၊
၂။ သာသနာတော် တည်တံ့ရေး၊
၃။ သာသနာတော် ပြန့်ပွားရေး-

ဟူသော အရေး ၃-ပါးကို တာဝန်ယူ ဆောင် ရွက်နေသော နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ကြီးသည် သာသနာတော်ပြန့်ပွားရေး အတွက် ပရိယတ္တိသာသနာ့တက္ကသိုလ်ကြီးများ တည်ထောင်ဖို့ စီမံကိန်းချ ဆောင်ရွက်ခဲ့ရသည်။ ထို့ကြောင့် ဤပရိယတ္တိသာသနာ့တက္ကသိုလ်များ ပေါ်ပေါက်လာရခြင်းဖြစ်ပေသည်။

အရှင်တိလောကာဘိဝံသ
(အင်းစိန်၊ရွာမ)
See More

No comments:

Post a Comment