........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Mar 2, 2013

နိုင်ငံ့အမတ်ကောင်း


“နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”

နိုင်ငံ့အမတ်ကောင်း”ဆိုသည်မှာ မင်းနှင့်ပြည်သူတို့၏အကျိုးကို အမှန်တကယ်အလိုရှိသော စိတ်ကောင်းရှိသူဖြစ်ပြီး မည်သို့အကျိုးရှိအောင်ဆောင်ရွက်သင့်သည်ကိုလည်း မြော်မြင်သိရှိ ကာ ထိုအတိုင်း လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေသူပင်ဖြစ်၏။


မင်း ဆိုသည်မှာ သမ္မတဦးဆောင်သော အစိုးရအဖွဲ့ပင်ဖြစ်ပါသည်။ သက်ဦးဆံပိုင်ဘုရင်စနစ် တွင် ပြည်သူ့အရေးဆုံးဖြတ်ရာ၌ ဘုရင်၏ဆုံးဖြတ်ချက်မှန်ကန်မှုက လွန်စွာအရေးပါ၏။ ဤသို့ ဆုံးဖြတ်ချက်မှန်ကန်ရေးအတွက်လည်း ဘုရင့်ပညာရှိအမတ်တို့က အကြံဉာဏ်များပေးကြရ ၏။ ပညာဉာဏ်အမြော်အမြင်ရှိသောဘုရင်ဖြစ်ပါက ပညာရှိအမတ်တို့၏အကြံဉာဏ်ကို ကိုယ်တိုင်ဆင်ခြင်ထောက်ရှု၍ဆုံးဖြတ်ကာ ပြည်သူများ ချမ်းသာပွားရပေသည်။ ဉာဏ်အမြော် အမြင်နည်းသော ဘုရင်ဖြစ်ပါက ပညာရှိမှူးမတ်တို့၏ အကြံဉာဏ်တစ်ခုသာလျှင် အားထားရာ ဖြစ်သလို ဘုရင်က စိတ်လိုက်မာန်ပါဖြင့် မိမိအလိုတစ်ခုကိုသာကြည့်ဆုံးဖြတ်၍ ဆုံးဖြတ်ချက် မှားသွားပါက ပြည်သူများ ဒုက္ခပွားကြရပေသည်။ ထိုစနစ်တွင် ပညာရှိအမတ်များသည် မင်းနှင့် ပြည်သူတို့၏ အကျိုးစီးပွားဖြစ်ထွန်းရေးအတွက် လွန်စွာအရေးပါသူများဖြစ်ကြလေသည်။ ပညာရှိမှူးမတ်တို့၏ ဘုရင်အား သံတော်ဦးတင်လျှောက်ထားသောစကားများသည် တိုင်းပြည် အရေး၊ လူမှုအရေး၊ စီးပွားအရေး၊ ဘာသာသာသနာအရေး၊ တစ်ဦးတစ်ယောက်၏အရေးများ ကို ကောင်းသွားအောင်၊ ဆိုးသွားအောင် ဖန်တီးနိုင်သော မီဒီယာတစ်ခုဖြစ်ပါသည်။

ဥပမာ သာဓကထုတ်ပြရပါလျှင် ရှေးမြန်မာဘုရင်လက်ထက်အခါက သူဆင်းရဲလင်မယား နှစ်ယောက်ရှိကြ၏။ တစ်နေ့စားရဖို့အရေး လင်မယားနှစ်ဦးစလုံး နဖူးကချွေး ခြေမကျအောင် အလုပ်လုပ်ကြရသည့် သူဆင်းရဲများဖြစ်ကြ၏။ ၎င်းတို့နှစ်ဦးတွင် သံယောဇဉ်နှောင်ကြိုး ချည်နှောင်ကာထပ်တိုးလာသည်မှာ မယား၌လွယ်ထားရသော သန္ဓေဦးပင်ဖြစ်၏။ တစ်နေ့သ၌ မယား၏ချင်ခြင်းဖြစ်ပုံမှာ တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူ၏ ပွဲတော်အုပ်ကိုမှ လွန်စွာစားချင်လှ ကာ မစားရပါက သေရတော့မည့်အရေး ပေါ်ပေါက်လာလေသည်။ သန္ဓေသား၏ ပူစာသည့် အရေး ဖခင်ကြီး တွေးပူရချေပြီ။ ဖခင်ခမျာ မိဘမေတ္တာစဦးဖြာသည့် ရှေးကုသလာအမှီပြု၍ အကုသလာ လုပ်ငန်းစဉ်ကို ကြံတွေးကာလုပ်မိလေတော့၏။ ဦးပြည်းကို ပြောင်အောင်ရိတ် ကာ သူတော်အယောင်ဆောင် သပိတ်သင်္ကန်းတို့ဖြင့် ဘုရင့်ပွဲတော်အမီ ကြွမြန်းလေသည်။ ပွဲတော်တည်တော့မည့် ဘုရင့်ရှေ့မှောက်တွင် မျက်လွှာချရပ်တော်မူရာ ဘုရင်ကြီးတွေးလိုက် သည်မှာ “ဤမျှ ရဲဝံ့လှသည့်အရှင်ဟာ သာမန်သူ မဖြစ်တန်ရာ။ တရားထူးရရှိပြီးသည့် အရှင် မြတ် ဧကန်ဖြစ်တန်ရာ၏။” ဟူ၍ စဉ်းစားပြီး ဆွမ်းဟင်းတို့ကို သပိတ်တွင် အပြည့်လောင်းလှူ လိုက်လေသည်။

ထို့နောက် မင်းကြီးသည် သပိတ်ဖြင့်ကြွမြန်းသွားသောအရှင်ကို သဒ္ဓါဖြင့် ကြည်ညိုမဆုံးဖြစ် သည့်အပြင် သူထင်ခဲ့သည့်အတိုင်း ထပ်မံကြည်ညိုနိုင်ရေးအတွက် နောက်ယောင်ခံကြည့်ရှုရန် ပညာရှိအမတ်တစ်ယောက်ကို စေလွှတ်တော်မူလေသည်။ ပညာရှိအမတ်လည်း မင်းကြီး၏ စေခိုင်းချက်အတိုင်း နောက်ယောင်ခံကြည့်ရှုရာ ရှေ့မှ တရွေ့ရွေ့ကြွကာသွားနေသည့်အရှင် သည် ဇရပ်တစ်ခုနားအရောက်တွင် သင်္ကန်းကို လျင်စွာချွတ်၍ လူဝတ်လဲကာ ဇရပ်၌ စောင့်နေ ရစ်ခဲ့သော မယားနှင့်အတူ ပွဲတော်အုပ် ထမင်းဟင်းတို့ကို အမြန်မနှေး နှစ်ဦးသား လွေးကြ လေတော့၏။ ပညာရှိအမတ်သည် ထိုအခြင်းအရာကိုမြင်သော် လွန်စွာမှစိတ်မကောင်းဖြစ်ရ သော်လည်း တွေးခေါ်၍စဉ်းစားလိုက်သည်မှာ “အမှန်အတိုင်း ဘုရင့်ထံ လျှောက်ကြားပါက ဘုရင်အမျက်တော်ရှ၍ ထိုလင်မယားနှင့်အတူ ၀မ်းဗိုက်ထဲက ကလေးပါ သေရလိမ့်မည်။ မင်းကြီးသည်လည်း ကြည်ညိုသဒ္ဓါတရားစိတ်များ ပျက်ယွင်းကာ ကုသိုလ်စိတ်ပျောက်၍ ဒေါသစိတ် ထောင်းထောင်းထရပေလိမ့်မည်။ ထို့ကြောင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းအောင် သာ ငါ လျှောက်တင်ရပေမည်”ဟူ၍ တွေးခေါ်မြော်မြင်ပြီး ဘုရင့်ထံရောက်ချိန်တွင် ဘုရင်ကြီး က သိလိုဇောဖြင့် အားပါးတရ အလျင်အမြန်မေးလေသော် ပညာရှိအမတ်၏ လျှောက်ထားပုံ မှာ “မှန်လှပါ အရှင်မင်းကြီး၊ အရှင်မင်းကြီး စေလွှတ်သည့်အတိုင်း ကျွန်တော်မျိုး နောက်ယောင်ခံလိုက်ပါသွားရာ ဇရပ်တစ်ခုနားအရောက်တွင် ရှေ့မှကြွမြန်းနေသောအရှင် သည် ရဟန်းအသွင်ပျောက်သွားပါ၍ ပြန်လာခဲ့ရပါသည်ဘုရား”ဟု လျှောက်တင်လေသော် မင်းကြီးက “ငါ မပြောပေဘူးလား၊ ဒီအရှင်ဟာ ဈာန်အဘိညာဉ်ရထားသည့်ပုဂ္ဂိုလ်ထူးဆိုတာ” ဟူ၍ ပိတိသောမနဿများ ထပ်ဖြစ်ကာ ကြည်ညိုသဒ္ဓါတရားစိတ်များ ပိုမို၍ ဖြစ်ပွားခဲ့ရပေ သည်။

ထိုပညာရှိအမတ်ကြီးကား နိုင်ငံ့အမတ်ကောင်းပင်တည်း။ မင်း၏အကျိုးကိုလည်း အမှန်စင်စစ် လိုလားသူဖြစ်သလို ပြည်သူအကျိုးကိုလည်း အမှန်တကယ်လိုလားသော စိတ်ကောင်းရှိသူ ဖြစ်၏။ မုသားစကားကိုမဖြစ်စေဘဲ ပညာဉာဏ်ဖြင့် ပရိယာယ်စဉ် လျှောက်ကြားခဲ့ပုံ၊ မှန်သော် လည်း အကျိုးမရှိသောစကားကိုရှောင်ရှား၍ အမြော်အမြင်ရှိရှိ လျှောက်ထားခဲ့ပုံ၊ အမတ်ကြီး၏ စိတ်ထားမွန်မြတ်ပုံတို့မှာ အတုယူဖွယ်ရာဖြစ်ပေသည်။

နှစ်ဦးနှစ်ဖက် အကျိုးရှိအောင်ဆောင်ရွက်ခြင်းသည် ပညာရှိတို့ဆောင်ရွက်သည်လုပ်ငန်းဖြစ် ၏။ ထိုလုပ်ငန်းမျိုးကို ပညာဉာဏ်အမြော်အမြင်ရှိမှသာလည်း ဆောင်ရွက်နိုင်ပေသည်။ သုစိန္တိတ စိန္တီ- ကောင်းသောကြံစည်ခြင်း၊ သုဘာသိတ ဘာသီ- ကောင်းသောပြောဆိုခြင်း၊ သုကရ ကမ္မကာရီ- ကောင်းသောအလုပ်တို့ကိုသာဆောင်ရွက်ခြင်းတို့သည် သူတော် ကောင်းတို့၏ ဂုဏ်အင်္ဂါအရည်အချင်းတို့ပင်ဖြစ်ပေသည်။

ယခုအခါ၌ ကျွန်ုပ်တို့၏ ပြည်ထောင်စုနိုင်ငံတော်ကြီးသည် စည်းကမ်းပြည့်ဝ၍ ခေတ်မီဖွံ့ဖြိုးတိုး တက်သောဒီမိုကရေစီနိုင်ငံတော်အဖြစ် ကမ္ဘာ့အလယ်တွင် ရပ်တည်နိုင်အောင် ကြိုးစားကာ ဒီမိုကရေစီစနစ်ကိုကျင့်သုံးနေသောနိုင်ငံဖြစ်၏။ ယခုစနစ်သည်ကား ရှေးအခါက သက်ဦးဆံ ပိုင်ဘုရင်စနစ်ကဲ့သို့ မဟုတ်တော့ချေ။ နိုင်ငံအမတ်ကောင်းစိတ်ဓာတ်ဖြင့် တာဝန်ယူဆောင် ရွက်ရန်အတွက် ဘုရင်စနစ်က ပညာရှိအမတ်များ(ယခု အကြံပေးပုဂ္ဂိုလ်များ)ကသာ နိုင်ငံ အရေး ကောင်းစားဖို့ အဓိကကျသည် မဟုတ်တော့ချေ။ လူတိုင်းလူတိုင်းက အသိရှိရှိ တာဝန်သိသိဖြင့် မိမိ၏ဆန္ဒကို ဖော်ထုတ်ခွင့်၊ ဟောပြောခွင့်၊ ရေးသားခွင့်၊ အကြံပြုခွင့်၊ သိလိုက မေးမြန်းခွင့် အစရှိသည့် လူ့ဘောင်လောက လူသားဓမ္မတာအတိုင်း စိတ်ထဲတွင် ချုပ်တည်းမထားဘဲ ချမှတ်ထားသောစည်းကမ်းစနစ်တကျဖြင့် ဖော်ထုတ်ပိုင်ခွင့်ရှိလေသည်။

ထိုသို့ ထုတ်ဖော်မှုကို ဖော်ထုတ်ပေးကြသော သတင်း၊ မီဒီယာ၊ စာပေစာနယ်ဇင်းတို့သည် ဘုရင်စနစ်က နိုင်ငံအမတ်ကြီးများသဖွယ်ဖြစ်၏။ မင်းနှင့်ပြည်သူအကြား စေ့စပ်ညှိနှိုင်းပေးကြ သော၊ နှစ်ဖက်စလုံးအကျိုးရှိရေးကို ဆောင်ရွက်ပေးကြသူများအဖြစ် တာဝန်ယူဆောင်ရွက်ကြ ရပေမည်။ နိုင်ငံ့အမတ်ကောာင်းဖြစ်ဖို့ရန်ကား လွန်စွာကြိုးစားအားထုတ်ရပါမည်။ အစွန်း ရောက် တွေးခေါ်မှုမျိုး မဖြစ်စေရ။ အစွန်းရောက်ပြောကြားရေးသားမှုမျိုး မဖြစ်စေရ။ အစွန်း ရောက်လုပ်ကိုင်ဆောင်ရွက်မှုမျိုး မဖြစ်စေရပေ။ လွန်စွာ သတိကြီးကြီး ရှိရပေမည်။ မျှတသော တွေးခေါ်မှု၊ ဘက်မလိုက်သော ဆင်ခြင်စဉ်းစားမှုမျိုးရှိကာ သမာသမတ်ကျသော ပြောဆို ရေးသား လုပ်ကိုင်ဆောင်ရွက်မှုမျိုး အမြဲရှိကြရမည်ဖြစ်၏။ မင်းနှင့်ပြည်သူတို့၏အကျိုးကို အစဉ်လိုလားသောစိတ်ကောင်းရှိသူဖြစ်ပြီး အမှန်တကယ်အကျိုးဖြစ်နိုင်သော စာပေတို့ဖြင့် အကျိုးပြုဆောင်ရွက်နိုင်အောင် ကြိုးပမ်းဆောင်ရွက်သင့်ပေသည်။

ရဟန်းသံဃာတော်တို့သည်လည်း တိုင်းပြည်အရေး၊ လူမျိုးအရေး၊ ဘာသာသာသနာအရေး အပါအ၀င် ဒီမိုကရေစီနိုင်ငံတော်ကြီးတည်ဆောက်ရေးအတွက် အဓိကပါဝင်ရမည်ဖြစ်၏။ ရဟန်းသံဃာတို့ကား ပြည်သူများကဲ့သို့ အခြေခံဥပဒေဘောင်တစ်ခုကိုသာ လိုက်နာဆောင် ရွက်ကြရမည့်ပုဂ္ဂိုလ်မျိုးများ မဟုတ်ကြပေ။ မြတ်စွာဘုရားပညတ်တော်မူသော ၀ိနည်းဒေသနာ ဥပဒေကိုပါ လိုက်နာပြီး ဥပဒေဘောင်နှစ်ခုအတွင်းမှ ဆောင်ရွက်ကြရမည့်ပုဂ္ဂိုလ်များ ဖြစ်ကြ၏။ မင်းနှင့်ပြည်သူတို့ကို ဟန်ချက်ညီစွာ ပေါင်းစပ်ဆောင်ရွက်နိုင်ရန်အတွက် ဘုရား အဆုံးအမတော်တို့ဖြင့် လမ်းကြောင်းမှန်ပြ ဆုံးမနိုင်သောပုဂ္ဂိုလ်များ ဖြစ်ကြပေသည်။

ဒီမိုကရေစီနိုင်ငံတော်ကြီးတွင် နိုင်ငံသားအားလုံး လိုက်နာဆောင်ရွက်ကြရမည့် စည်းကမ်း နည်းလမ်းအားလုံးသည် မြတ်စွာဘုရားဟောကြားခဲ့သော ပိဋကတ်သုံးပုံမှမလွတ်သည့် စည်းကမ်းနည်းလမ်းဥပဒေသတို့သာဖြစ်ပါသည်။ ယနေ့ခေတ်နိုင်ငံသားတို့အနေဖြင့် ပါဠိဖြင့် မရင်းနှီးကြသောကြောင့် ရဟန်းသံဃာတော်တို့က ဘုရားရှင်၏ ပါဠိတော်ကို ယနေ့ခေတ် လူများ နားလည်လွယ်သည့် အညတ်စကားတို့ဖြင့် သုံးနှုန်းကာ နှလုံးသားအတွင်း ဒီမိုကရေစီ စည်းကမ်းများ ရိုက်သွင်းပေးနိုင်ပေသည်။

မြတ်စွာဘုရားသည် သန့်ရှင်းမှုကို နှစ်သက်မြတ်နိုးတော်မူ၏။ အခါတစ်ပါး၌ ရှင်သာရိပုတ္တရာ ကိုယ်တော်ကြီးသည် သန့်ရှင်းရေးဆောင်ရွက်ပြီး အမှိုက်ပုံဘေးတွင် ဖလသမာပတ်ဝင်စားရာ ဘုရားရှင်ကြွလာပြီး ဤမျှ အထွတ်အထိပ်ထားအပ်သောတရားကို ဤကဲ့သို့ အမှိုက်ပုံ ဘေး၌ ၀င်စားရန်မသင့်တော်ကြောင်း ဆုံးမတော်မူခဲ့ဖူးလေသည်။ နိုင်ငံသားများအနေဖြင့် ကားပေါ်ကနေ ပလပ်စတစ်အမှိုက်များပစ်ချခြင်း၊ ကွမ်းတံတွေးများ ထွေးချင်သလိုထွေးခြင်း၊ အမှိုက်များကို စွန့်ပစ်ချင်သလို စွန့်ပစ်နေကြခြင်းသည် ဘုရားရှင်ဆုံးမစကားနှင့် ဆန့်ကျင်နေ သလို ဒီမိုကရေစီနိုင်ငံတော်က နိုင်ငံသားများ ရှောင်ကြဉ်ရမည့်လုပ်ရပ်များဖြစ်၏။ အမှိုက်များ ကို အမှိုက်ပုံးအတွင်း စနစ်တကျစွန့်ပစ်၍ သတ်မှတ်ထားသောနေရာသို့ရောက်အောင် ပို့ဆောင်ရှင်းလင်းခြင်းသည် မြတ်စွာဘုရား နှစ်သက်တော်မူသော၊ ချီးကျူးတော်မူသော၊ တစ်နည်း တရားအားထုတ်ခြင်းဖြစ်ပေသည်။

ရဟန်းသံဃာတော်တို့သည် ဘုရားအဆုံးအမသြ၀ါဒတို့ဖြင့် နိုင်ငံသားများ၏နှလုံးသားထဲသို့ ဘာသာရေးအသိစိတ် တည်ဆောက်ပေးခြင်းဖြင့် ဒီမိုကရေစီစည်းကမ်းများ ပြည့်ဝလာကြ အောင် ဆုံးမပြီး “နိုင်ငံအမတ်ကောင်း”တာဝန်ကို ယူနိုင်ကြပေသည်။ ရဟန်းသံဃာတော်များ ၏ ဆောင်ရွက်နိုင်မှုကား မင်းနှင့်ပြည်သူအားလုံးအတွက် လောကီအရေး ကောင်းစားရေး သာမက လောကုတ္တရာအသိအမြင် ရရှိရေးကိုပါဖြစ်စေပြီး နိုင်ငံတော်၏ မျက်လုံးများသဖွယ် ဖြစ်၏။ အမှားကိုမြင်အောင်၊ အမှန်ကို လမ်းပြဆောင်ကြဉ်းပေးကြသော ပုဂ္ဂိုလ်များဖြစ်ကြ၏။ စည်းကမ်းပြည့်ဝပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောင်နိုင်ရန်အတွက် မည်သူ့ဘက်ကိုမှမလိုက် သစ္စာဓမ္မသက်သက်ဖြင့် လမ်းပြနိုင်သူများဖြစ်ကြပေသည်။

ဗွီဒီယိုရုပ်ရှင်နှင့် အနုပညာသမားတို့သည်လည်း စည်းကမ်းပြည့်ဝပြီး ခေတ်မီဖွံ့ဖြိုးတိုးတက် သောနိုင်ငံတော်ကြီး ပေါ်ထွန်းလာစေရေးအတွက် ကျယ်ပြန့်စွာစွမ်းဆောင်နိုင်လေသည်။ လူ့ သဘောသည် ခံစားမှု ရသ,ကိုသာ နှစ်သက်သူ များကြ၏။ အနုပညာသဘောအရ ခံစားမှု ရသ,များ ပါနေရမည်ဖြစ်သော်လည်း ထိုခံစားမှုဖြင့် ဖန်တီးထားသော အနုပညာများကြားထဲ တွင် သုတရသများ၊ ဒီမိုကရေစီနည်းလမ်း ပညာပေးဗဟုသုတများပါဝင်စေကာ အနုပညာ ဖန်တီးမှုဖြင့် ပညာပေးဖော်ထုတ်ပြနိုင်ပေသည်။ အနုပညာသမားတို့သည် မင်းနှင့်ပြည်သူတို့၏ အချစ်တော်များဖြစ်ကြ၏။ တဏှာဖြင့် နှောင်ဖွဲ့၍ အချစ်မခံလိုကြပါနှင့်။ မေတ္တာဖြင့် ချစ်ခြင်း ခံကြရအောင် နေထိုင်ကျင့်ကြံကြရန် တင်ပြလိုပါသည်။ တဏှာဖြင့်ကား လွန်စွာရှုပ်ထွေး ပွေလီလှသဖြင့် တဏှာဖြင့် ဆွဲဆောင်စည်းရုံးနေပါက မြန်မာ့ယဉ်ကျေးမှု ပျက်ယွင်းသွားလျှင် မြန်မာတို့ကျင့်သုံးရမည့် ဒီမိုကရေစီစနစ်မျိုး တည်ဆောက်နိုင်လိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် လူတို့သဘောအရ မိမိချစ်မြတ်နိုးသောသူတို့၏ အပြုအမူ၊ အနေအထိုင်၊ အကျင့်စာရိတ္တတို့ကို အတုလိုက်တတ်ကြသည်ဖြစ်ရာ အနုပညာသမားအားလုံးအနေဖြင့်  မိမိနိုင်ငံသားတို့ကို ကောင်းမွန်သောအမူအကျင့်များဖြစ်လာအောင်၊ ကောင်းမွန်သောနိုင်ငံသားများဖြစ်လာအောင် ဆောင်ရွက်ကြပြီး “နိုင်ငံအမတ်ကောင်း”တာဝန်ကို ယူနိုင်ကြပေသည်။

စီးပွားရေးအောင်မြင်ကြသော ကုန်သည်များ၊ ကုမ္ပဏီများ၊ နိုင်ငံ့သူဌေးသူကြွယ်များသည် လည်း တိုင်းပြည်နှင့်နိုင်ငံသားများအတွက် အရေးပါလှပေသည်။ စီးပွားရေးဆောင်ရွက်ရာတွင် အတ္တစီးပွားရေးသမားနှင့် ပရစီးပွားရေးသမားဟူ၍ နှစ်မျိုးရှိရာ ပရစီးပွားရေးသမားဖြစ်အောင် အားထုတ်ခြင်းဖြင့် “နိုင်ငံ့အမတ်ကောင်း”တာဝန်ကို ယူနိုင်ကြ၏။ မိမိချမ်းသားရေးကိုသာ ဦးတည်ပြီး မင်းကိုလာဘ်ပေးစည်းရုံးကာ ပြည်သူကို ဆင်းရဲသည်ထက်ဆင်းရဲအောင် လုပ်ဆောင်ကြသူများကား အတ္တစီးပွားရေးသမားတို့ဖြစ်၏။ မင်းနှင့်ပြည်သူတို့၏အကျိုးကို အလိုရှိပြီး စိတ်ကောင်းစေတနာကောင်းထားကာ မေတ္တာဖြင့်စီးပွားရှာခြင်းသည် ပရစီးပွားရေး သမားတို့ဖြစ်၏။ တိုင်းပြည်၏ ပညာရေး၊ ကျန်းမာရေး၊ အခြားအခြားသောတိုးတက်ရေးတို့ကို စီးပွားရေးအောင်မြင်နေကြသော တိုင်းပြည်၏သူဌေးကြီးများက ၀ိုင်းဝန်းကူညီပံ့ပိုးပေးခြင်းဖြင့် မိမိနိုင်ငံတော်ကို အမြန်ဆုံးတိုးတက်အောင် ဆောင်ရွက်နိုင်ပေသည်။

မိမိတို့နိုင်ငံတော်တွင် စာသင်ကျောင်းကောင်းကောင်း မတည်ဆောက်နိုင်သော ကျေးရွာလေး များ၊ ဆေးရုံကောင်းကောင်း၊ ဆေးပစ္စည်းအထောက်အပံ့ကောင်းကောင်း မရှိကြသော နယ်မြေဒေသများ၊ စာပေပညာ သင်ကြားလိုသော်လည်း ပညာသင်စရိတ်အခက်အခဲဖြစ်နေ သော ကျောင်းသူကျောင်းသားလေးများ၊ သားသမီးတို့ပညာရေးကို မြှင့်တင်ပေးချင်သော် လည်း မထောက်ပံ့နိုင်ကြသော ဆင်းရဲသားမိဘပြည်သူများကို နိုင်ငံတော်ရှိ သူဌေးသူကြွယ် ကြီးများက နိုင်ငံတော်၏ ကျန်းမာရေးနှင့်ပညာရေးကဏ္ဍ မြှင့်တင်နိုင်ရေးအတွက် မိမိတို့နိုင် သလောက် ၀ိုင်းဝန်းပြီး အထောက်အပံ့အကူအညီပေးခြင်းဖြင့် မင်းနှင့်ပြည်သူတို့၏အကျိုး အတွက် “နိုင်ငံအမတ်ကောင်း”အဖြစ် တာဝန်ယူဆောင်ရွက်နိုင်ပေသည်။

Technision (စက်မှုအတတ်ပညာရှင်)များသည်လည်း စက်မှုနိုင်ငံတော်တည်ဆောက်ရန် အတွက် အဓိကကျပေသည်။ မိမိ၏ ဆန်းသစ်တီထွင်မှုတို့ဖြင့် နိုင်ငံတော်၏စက်မှုကဏ္ဍကို မြှင့်တင်ပေးနိုင်ကြသူများအဖြစ် ကြိုးပမ်းအားထုတ်နိုင်ပေသည်။ ကိုယ်တိုင် ဆန်းသစ်တီထွင် နိုင်သူများဖြစ်အောင် အားထုတ်ကြိုးပမ်းနေကြသလို မိမိနိုင်ငံ၌ စက်မှုအတတ်ပညာရှင်များ ပေါများလာအောင် လူငယ်တို့ကို အားပေးအားမြှောက်ပြုကာ မွေးထုတ်ပေးရန် လိုအပ်ပါ သည်။ ထိုသို့အားထုတ်ခြင်းဖြင့် မင်းနှင့်ပြည်သူတို့၏အကျိုးကို ဆောင်ရွက်ပေးသလိုဖြစ်သော ကြောင့် “နိုင်ငံ့အမတ်ကောင်း”များအဖြစ် တာဝန်ယူဆောင်ရွက်နိုင်ကြပေသည်။

အစိုးရအဖွဲ့သည် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍတို့ကို ပီပြင်မှုရှိအောင်၊ မျှတမှုရှိအောင်၊ ပြည်သူတို့ကို အမှန်တကယ်အကျိုးရှိစေအောင်၊ တိုင်းပြည်၏ဂုဏ်သက္ခာကို မြင့်သည်ထက်မြင့်အောင်၊ မိမိအုပ်ချုပ်နေကြရသော နယ်မြေဒေသ၊ အခန်းကဏ္ဍတို့အလိုက် ကောင်းမွန်သည်ထက် ကောင်းမွန်အောင်၊ တစ်နေ့တခြား တရိပ်ရိပ်ဖြင့် တိုးတက်မှုရှိနေ အောင် အမြော်အမြင်ရှိရှိ၊ သစ္စာရှိရှိဖြင့် ရိုးသားကြိုးစားကြရမည့်သူများဖြစ်၏။

စည်းကမ်းပြည့်ဝပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်တည်ဆောက်ရန်အတွက် အရေး ကြီးဆုံးသူများကတော့ ပြည်သူလူထုပင်ဖြစ်၏။ ဒီမိုကရေစီနိုင်ငံသားစည်းကမ်းတို့ကို တစ်ဦး ချင်းလိုက်နာကာ အစိုးရအဖွဲ့ကို ပံ့ပိုးကူညီလုပ်ကိုင်ကြရမည်ဖြစ်၏။ ပြဋ္ဌာန်ထားသည့် အခြေခံ ဥပဒေနှင့်အညီနေထိုင်ကျင့်ကြံကာ နိုင်ငံကြီးသားစိတ် မွေးမြူကြရမည်ဖြစ်၏။ အလုပ်လုပ်သူ အတွက် အခွင့်အရေးဆိုတာရှိ၏။ အလုပ်လက်မဲ့အတွက် အခွင့်အရေးဆိုတာ မရှိနိုင်ပါ။ ထို့ကြောင့် ပြည်သူပြည်သားအားလုံးက လူတိုင်း အလုပ်လုပ်ဖို့လို၏။ တစ်ဦးချင်းဝင်ငွေ တိုးတက်ဖို့ကိုသာ ဆိုလိုခြင်းမဟုတ်ပေ။ ရွာရေး၊ ရပ်ရေး၊ မြို့နယ်ရေး၊ ပြည်နယ်ရေး၊ နိုင်ငံရေး ဟူ၍ အဆင့်ဆင့်ကောင်းလာအောင် အခြေခံကစပြီးကောင်းအောင် ၀ိုင်းဝန်းကူညီ လုပ်ကိုင် ဆောင်ရွက်ကြမှ၊ အားလုံးအလုပ်လုပ်မှ နိုင်ငံ အမြန်ဆုံးတိုးတက်မည်ဖြစ်၏။ နိဗ္ဗာန်ရရှိရေး အတွက် ပါရမီဆယ်ပါးဖြည့်ကျင့်မှုကို တောင်းယူ၍ မရ၊ ကိုယ်တိုင်ဖြည့်ကျင့်ဆည်းပူးမှ ရသကဲ့သို့ (ပါရမီဆိုသည်မှာ မိုးကျရွှေကိုယ်မဟုတ် သကဲ့သို့) မိမိနိုင်ငံတော်ကို စည်းကမ်း ပြည့်ဝကာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီးဖြစ်လာအောင် ဆောင်ရွက်ရ မည်မှာလည်း တောင်းယူရမည့်အရာ မဟုတ်၊ လူတိုင်း ကိုယ်စီလုပ်ယူမှ ရမည့်အရာ ဖြစ်ပေသည်။

ပုထုဇဉ်လူသားတို့တွင် အမှားနှင့် မကင်းနိုင်ကြပေ။ လူတိုင်းတွင် အမှားကိုယ်စီ ရှိကြ၏။ ဂေါတမမြတ်စွာဘုရားအလောင်းတော်ကြီးပင် နုစဉ်အခါ ပုထုဇဉ်တုန်းက အမှားတွေ ကျူးလွန် မိခဲ့သည်များကြောင့် ၀ိပက်တော် (၁၂) ပါးကို  ဘုရားဖြစ်ချိန်တွင် ကျေအောင် ပြန်ဆပ်ခဲ့ရပေ သည်။ သာမန်လူသားတို့အတွက် အမှားဆိုတာ အပြစ်ဟုမဆိုနိုင်ပါ။ ဖြစ်တတ်သော သဘောတရားသာဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် တစ်ယောက်နှင့်တစ်ယောက်၊ တစ်ဖက်နှင့်တစ်ဖက်၊ တစ်အုပ်စုနှင့်တစ်အုပ်စု အပြန်အလှန် ရှုံ့ချခြင်း၊ ကဲ့ရဲ့ခြင်း၊ အပြစ်တင် ခြင်း၊ အထင်သေးခြင်းတွေကို ရှောင်ရှား၍ တူညီသော ဒီမိုကရေစီ စည်းကမ်းနည်းလမ်း (Common Way)အတိုင်း တစ်ဦးကတစ်ဦးကို ကူညီဖေးမ ပရဟိတစိတ်ဓာတ်ဖြင့် လျှောက် လှမ်းကာ “နိုင်ငံ့အမတ်ကောင်း”အဖြစ် လူတိုင်းက တာဝန်ယူ၍ စည်းကမ်းပြည့်ဝပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီးတည်ဆောက်ကြရန် လိုအပ်ပါကြောင်းနှင့် ဘုရားရှင်ဟောကြားတော်မူသော မဆုတ်ယုတ်ကြောင်းတရားခုနစ်ပါးတို့ကို တင်ပြပြီး ဤဆောင်းပါးကို မေတ္တာဖြင့် ရေးသားလိုက်ရပါသည်။

မဆုတ်ယုတ်ကြောင်းတရား(၇)ပါး
နိုင်ငံသားအားလုံးအနေဖြင့်-
(၁) ယုံကြည်ခြင်း(သဒ္ဓါတရား)နှင့် ပြည့်စုံနေကြသမျှ ကာလပတ်လုံး။
(၂) မကောင်းမှုပြုလုပ်ရန်ရှက်ခြင်း(ဟီရိတရား)ရှိနေကြသမျှ ကာလပတ်လုံး။
(၃) မကောင်းမှုပြုလုပ်ရန်ကြောက်ခြင်း(သြတ္တပ္ပတရား)ရှိနေကြသမျှ ကာလပတ်လုံး။
(၄) များသောအကြားအမြင်(ဗဟုသုတ) ရှိနေကြသမျှ ကာလပတ်လုံး။
(၅) မပြတ်အားထုတ်ခြင်း (လုံ့လ) ရှိနေကြသမျှ ကာလပတ်လုံး။
(၆) မမေ့မလျော့ခြင်း စွဲမြဲသော(သတိတရား) ရှိနေကြသမျှ ကာလပတ်လုံး။
(၇) ၀ိပဿနာပညာနှင့် ပြည့်စုံနေကြသမျှကာလပတ်လုံး။ ကြီးပွားရန်သာရှိပေသည်။ ဆုတ် ယုတ်ရန်ကား မရှိပေ။
(ဣဒံ မေ ပုညံ အာသ၀က္ခယံ ၀ဟံ ဟောတု)

No comments:

Post a Comment