........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Mar 17, 2013

အကုသိုလ် ဖြစ်သွားသော အချစ် ။(ရဝေနွယ်- အင်းမ)


အချစ်ဟာ မဂ်ဖိုလ် နိဗ္ဗာန်ကို ကျေးဇူးပြုသလို ဆိုးကြိုး ဆိုးပစ် အတွက်လည်း ကျေးဇူး ပြုတတ်ပြန်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ အချစ်ကြောင့် အကုသိုလ် ပြုဖြစ်သွားလို့ပါ။ ဒါကိုလည်း ပဋ္ဌာန်းကပဲ ပြထားပါတယ်။
အကုသလောဓမ္မော အကုသလဿ ဓမ္မဿ ဥပနိဿယ ပစ္စယေန ပစ္စယော။

အကုသိုလ်က အကုသိုလ် ကို ပြန်ကျေးဇူး ပြုပါတယ်တဲ့။ ဘယ်လိုပြုတာလဲ ဆိုတော့

အချစ်ဆိုတဲ့ ရာဂကို အမှီပြုပြီး အချစ်အတွက် သူတစ်ပါး အသက်ကို သတ်မယ်။ သူတစ်ပါး ဥစ္စာကိုခိုးမယ်။ လိမ်ပြောမယ်။ ကုန်းတိုက်စကား ကိုပြောမယ်၊ ကြမ်းတမ်းတဲ့ စကားကို ပြောမယ် စသည်တွေ ပြုမိမယ်။ ပြောမိမယ် ဆိုရင် အချစ်ကနေ ကုသိုလ် မဖြစ်ပဲ အကုသိုလ် ဖြစ်သွားတာပါ။

ပေါ်လွင်အောင် နည်းနည်းချဲ့ ပြောရင် ကိုယ့်ရဲ့ ဇနီး မယား စားဖို့ သောက်ဖို့ ၀တ်ဖို့ နေဖို့ ထိုင်ဖို့ စီးဖို့ အတွက် သူတစ်ပါး အသက် သတ်မယ်။ မသမာတဲ့ နည်းနဲ့ စီးပွားရှာမယ်၊ လာဘ်စားမယ်၊ အောက်စိုက်ရှာမယ်၊ လိမ်ပြောမယ် ဆိုရင်၊ အချစ်ကြောင့် အကုသိုလ် ဖြစ် သွားတာပါ။ ဋ္ဌာန ဆိုင်ရာတွေမှာ ငွေအလွဲ သုံးစားလုပ်လို. ထောင်ကျ သွားတာတွေ၊ အလုပ်ပြုတ် သွားတာတွေ ကြားရ သိရဖူးမှာပါ။
လာဘ်စားတယ်၊ အောက်စိုက်ရှာတယ်၊ ငွေအလွဲ သုံးစားလုပ်တယ် ဆိုတာတွေဟာ တကယ်တော့ ကိုယ်တစ်ဦး တစ်ယောက်တည်း စားဖို့ သောက်ဖို့ ဘယ်သူမှ မလုပ်ကြပါဘူး။ ကိုယ့်ချစ်သူ ဇနီးမယားအတွက် လုပ်ဖြစ်သွားတာ များပါတယ်။ တကယ် သေချာ စဉ်းစားကြည့် ရင် အကုသိုလ် ပြုရတော့ ကိုယ်တစ်ယောက်တည်း ခံစားတော့ ကိုယ်ချစ်ရတဲ့ သူတွေ လောကအပြစ် သံသရာအပြစ် ခံရတော့ ကိုယ်တစ်ယောက်ထဲ ၊ကိုယ့်ဘက်က အရူံးချည်းပါပဲ။ ဒါပေမယ့် အချစ်ဆိုတဲ့ ရာဂက ပူးဝင်ထားတာ ဆိုတော့ ကုသိုလ် အကုသိုလ် ကို ခွဲမသိနိုင် တော့ပါဘူး။ ချစ်ချစ် အတွက်ဆို ဘာပဲလုပ်ရ လုပ်ရ၊ သူတစ်ပါး အသက်ပဲ သတ်ရသတ်ရ၊ သူတစ်ပါး ဥစ္စာပဲ ခိုးရ ခိုးရ လုပ်တော့မှာပါ။ အဓိက ကတော့ အချစ်အတွက် အပြစ်တွေ လုပ်ဖြစ်သွားကြတာပါ။

ဒါနဲ့ ပတ်သက်ပြီး အတွေးထဲမှာ ငါ့ရာ့ငါးဆယ် ဇာတ်တော်ထဲက ပုပ္ဖရတ္တဇတ် ကလေးကို သွားသတိရမိ လိုက်ပါတယ်။
တစ်ခါတုန်းက ဇာရာဏသီ ပြည်မှာ ဗြဟ္မဒတ်မင်း မင်းပြုနေတဲ့ အချိန်၊ ဘုရား အလောင်း တော်ဟာ အာကာသစိုး နတ်ဖြစ်နေတဲ့ အချိန်၊ မြို့ကို နတ်မြို့ တစ်မြို့လို တန်ဆာ ဆင်ရင်ပြီး တန်ဆောင်မုန်းလ နက္ခတ်ပွဲ သဘင် ကျင်းပ နေကြပါတယ်။ ဒီတော့ မြို.သူမြို.သား တွေလည်း အကောင်းဆုံး အ၀တ်အစား တွေဝတ်ပြီး ပွဲသဘင်မှာ လှည့်လည် ပျော်ပါး နေကြပါတယ်။

အဲဒီမြို့မှာ ဆင်းရဲသား လင်မယား နှစ်ယောက်ကလည်း ရှိနေပါတယ်။ သူတို့မှာ အ၀တ်ဖြူ တစ်စုံပဲ ရှိပါတယ်။ ယောက်ျား လုပ်သူက အ၀တ်ဖြူ လေးကို ကိုယ်တိုင်လျော်ပြီး ခေါက်ထားပေးပါတယ်။ အပြင်မှာ လူအများ ၀တ်ကောင်းစားလှတွေနဲ့ ပျော်ပါးနေတာ မြင်တော့ မိန်းမ လုပ်သူက ယောကျာ်း လုပ်သူကို စကားစ ပါတယ်။

“ မောင်ရယ်၊ ၀တ်ပန်းဆိုး အ၀တ်ကို ၀တ်ပြီး မောင့် လည်ပင်းကို ဖက်ပြီး လည်ချင်တယ် “

“အို..မိန်းမကလည်း ငါတို့မှာ ၀တ်ပန်းဆိုး အ၀တ်မှ မရှိဘဲ အ၀တ်ဖြူ ပဲရှိတာ၊ ရှိတဲ့ အ၀တ်ဖြူ ၀တ်ပြီး လည်ကြတာပေါ့ “

“၀တ်ပန်းဆိုး အ၀တ်မှ မ၀တ်ရရင် ပွဲလည်း မသွားတော့ဘူး။ ရှင်ပဲ အခြား မိန်းမ တစ်ယောက်ကို ခေါ်ပြီးသွားပေတော့ “
မိန်းမလုပ်သူက အဲဒီလို ပြောလိုက်တော့ ယောကျာ်းလုပ်သူက တော်တော်လေး စိတ်ဆင်းရဲ သွားရပါတယ်။ “မိန်းမရယ် ငါ့ကို စိတ်ဆင်းရဲ အောင် မလုပ်ပါနဲ့ ငါတို့မှာ ၀တ်ပန်းဆိုး အ၀တ်မှ မရှိဘဲ ဘယ်ကရမှာလဲ”

“ဘုရင်စိုက်ထားတဲ့ ၀တ်ပန်းပင်တွေ ရှိတယ် မဟုတ်လား။ အဲဒီ စိုက်ခင်းထဲက သွားခူုးပေါ့။ “

“အဲဒီဘုရင်ရဲ့ ၀တ်ပန်းစိုက်ခင်းက ဘီလူးစောင့်တဲ့ ရေကန်လိုပဲ အစောင့်တွေ အများကြီးပဲ။ ဘယ်လိုလုပ် သွားခူးမှာလဲ “

“အို..ညမှာ သွားခူးရင် ဘယ်သူမှ မမြင်ပါဘူး”

ဒီလိုနဲ့ သူဆင်းရဲ ယောကျာ်းလည်း မိန်းမလုပ်သူ ၀တ်ဖို့ ဘုရင့် ၀တ်ပန်းစိုက်ခင်းထဲကို သွားရပါတော့တယ်။ တစ်ခါမှလည်း မခိုးဘူးတော့ စိုက်ခင်းထဲ ရောက်တာနဲ့ မိပါလေရော။ မိတော့ ဘုရင်ဆီပို့ ဘုရင်က တံကျင်လျို သတ်ဖို့ အမိန်.ချလိုက်ပါတယ်။ ဒီတော့ ကျီးတွေက သူဆင်းရဲ ရဲ့မျက်လုံးကို ၀ိုင်းပြီး ထိုးဆိတ်ကြပါတယ်။

သူဆင်းရဲ ငမိုက်သားကတော့ တံကျင်လျို ထားတဲ့ ဒဏ်ရာ၊ ကျီးထိုးထားတဲ့ ဒဏ်ရာတွေကို အာရုံ မပြုနိုင်ပဲ အိမ်မှာ ကျန်ခဲ့တဲ့ မိန်းမကို သတိရပြီး “ င့ါ မိန်းမတော့ ၀တ်ပန်းဆိုး အ၀တ်ကလေး ၀တ်ပြီး ငါ့လည်ပင်းကို ဖက်ပြီး ပွဲသဘင်မှာ မလည်ရတော့ဘူး” လို.တွေးပြီး စိတ်ဆင်းရဲ နေပါသတဲ့ ။

ပြီးတော့ ဂါထာ တပုဒ်နဲ့ စကားပြောပါတယ်။ “ ကျီးထိုး နေတဲ့ ဒဏ်ရာ၊ တံကျင်လျို ထားတဲ့ ဒဏ်ရာက ငါ့အတွက် မဆင်းရဲပါဘူး၊
ဝတ်ပန်းဆိုး အ၀တ်နဲ့ မောင်နှံစုံ လည်ချင်တဲ့ မိန်းမအတွက် အလွဲကြီး လွဲသွားတာက ပိုခံစားရပါတယ်”

သူဆင်းရဲ ယောကျာ်းလည်း အိမ်မှာ ကျန်ခဲ့တဲ့ မိန်းမကို အာရုံပြုပြီး သေသွားပါတယ်။ သေတော့ ငရဲ ကျသွား ရပါတော့တယ်။
ဒါကတော့ အချစ်ကြောင့် အကုသိုလ် ပြုဖြစ်ရင်း ငရဲကျ သွားရတာပါ။ ငရဲမှာ အချစ်ကြောင့် ကျနေတဲ့သူတွေ ဘယ်လောက်များ ရှိနေမလဲ မသိဘူး ။ ကိုယ် က မသိရ လို့ရယ်ပါ ။ ငရဲ ရောက်ကာမှ နောင်တ ရလို့ လည်း အပိုပါပဲ။

အချစ်မှာ အသိဥဏ် ရှိတဲ့ အချစ်ရယ်၊ အသိဥဏ် မရှိတဲ့ အချစ်ရယ် ဆိုပြီး နှစ်မျိုးရှိပါတယ်။
အသိဥဏ် ရှိတဲ့ အချစ်တွေနဲ့ ချစ်ကြတဲ့ သူတွေ ကတော့ မိန်းမက ယောကျာ်းကို ကုသိုလ် ပြုဖို့ တိုက်တွန်းပါတယ်။ ယောကျာ်းကလည်း မိန်းမကို ကုသိုလ်ပြုဖို. ပြန်တိုက်တွန်း ပါတယ်။ ယောကျာ်း ဖြစ်သူက တစ်ခါတစ်လေ မသမာတဲ့ နည်းနဲ့ စီးပွား ရှာချင်ဦးတော့ မိန်းမဖြစ်သူက အကျိုးသင့် အကြောင်းသင့် ပြောပြပြီး တားမြစ်ပါတယ်။ ပြီးတော့ ဇနီးမောင်နှံ နှစ်ယောက် ကုသိုလ်တွေကို စိတ်တူကိုယ်တူ ပြူပြီး ဘ၀ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်း နေကြပါတယ်။ အသိဥဏ် ရှိတဲ့ အချစ်နဲ့ ချစ်ကြတဲ့ အတွက် သူတို.ဘ၀ဟာ သိပ်ပြီး ငြိမ်းချမ်း နေပါတယ်။ ဘ၀ရဲ့ အဓိကတွေထဲမှာ ငြိမ်း ချမ်းဖို.ကလည်း အစိတ်အပိုင်း တစ်ခုအနေနဲ့ ပါပါတယ်။ ငြိမ်းချမ်းနေရင် ဘ၀က နေပျော်ပါတယ်။

အသိဥဏ်မဲ့ တဲ့ အချစ်နဲ့ ချစ်ကြတဲ့ သူတွေကတော့ မိန်းမက ယောက်ျား ဖြစ်သူကို အကုသိုလ်ပြုဖို့ တိုက်တွန်းပါတယ်။ ယောကျာ်း ဖြစ်သူကလည်း ဘာမှစဉ်းစား မနေတော့ဘဲ အကုသိုလ်ကို ပြုတတ်ပါတယ်။ ကိုယ်ပြုမူ နေတာတွေကိုလည်း အကုသိုလ် ရယ်လို့ မသိပါ ဘူး။ ဒီအတွက် သူ့တို.ဘ၀မှာ မငြိမ်းချမ်းမူ့က ကပ်ကပ် နေတတ်ပါတယ်။

အချစ်ကြောင့် အကုသိုလ် ပြုကြတဲ့ နေရာမှာ ပညာတတ်တာ မတတ်တာနဲ့လည်း မဆိုင်ပါဘူး။ အသက်ကြီးတာ ငယ်တာနဲ့လည်း မဆိုင် ပါဘူး။ ရာထူးဋ္ဌာနန္တရ ကြီးတာ မကြီးတာနဲ့လည်း မဆိုင်ပါဘူး။ အသိဥဏ် ရှိတာ၊ မရှိတာနဲ့ ပဲဆိုင်ပါတယ်။ အသိဥဏ်ရှိတဲ့ သူဟာ ဘယ်တော့မှ အချစ်အတွက် အကုသိုလ် မပြုပါဘူး။ ဘာဖြစ်လို့ လဲဆို အကုသိုလ်ရဲ့ အကျိုးအပြစ်ကို သိနေလို.ပါ။

ချစ်တာချင်း တူပေမဲ့ အသိဥဏ် ကွာသွားတော့ အပြုအမူ ပိုင်းလည်း ကွာသွားတော့တာပါ။ အပြုအမူ ပိုင်းရဲ့ နောက်ကွယ်မှာ ကောင်းကျိုး ဆိုးကျိုး အကျိုးဆက်တွေက ရှိနေတာဆိုတော့ ကိုယ့် အပြု အမူကို အထူး သတိထားရမှာပါ။ ဘ၀မှာ အသိဥဏ်ရှိတဲ့ အချစ်တွေနဲ့ ချစ်ဖြစ်ဖို့ သိပ်အရေးကြီး ပါတယ်။ သံသရာ အဆက်ဆက် ချစ်ရမဲ့ ဘ၀တွေက အများကြီး ရှိချင်ရှိ နေဦးမှာပါ။ အထုံဆိုတာ ပါတတ်တာ ဆိုတော့ ဒီဘ၀ အသိဥဏ် ရှိတဲ့ အချစ်နဲ့ ချစ်ဖြစ်ရင် အဲဒီ အသိဥဏ်ရှိတဲ့ အချစ်နဲ့ ချစ်တဲ့ အချစ်က နောက်ဘ၀ နောက်ဘ၀တွေထိ လိုက်သွားတတ်ပါတယ်။ နောက်ဘ၀တွေထိ လိုက်တတ်တဲ့ အထုံလေးကိုလည်း ကိုယ်က အာရုံပြုထားရပါမယ်။

ဘာပဲပြောပြော အသိဥဏ် မဲ့တဲ့ အချစ်နဲ့ မချစ်မိဖို့နဲ့ အချစ်အတွက် အကုသိုလ်တွေ မပြုလိုက်မိဖို့ ပါပဲလေ။

ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)


အလင်းတန်းဂျာနယ် ၁၁.၉.၂၀၀၆
အချစ်နှင့် ၀ိပဿနာ စာအုပ်မှ ထုတ်နုတ် ပူဇော် ဓမ္မဒါန ပြုပါသည်။ Shwe Mandalay

No comments:

Post a Comment