........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Oct 23, 2018

ပဝါရဏာပွဲ

ပဝါရဏာပွဲ ဆိုတာ
<><><><><><><>

ဘုန်းကြီးတို့ ဒကာကြီးတွေ ဒကာမကြီးတွေ
ပဝါရဏာပွဲဆိုတာ ကြားဖူးကြပါလိမ့်မယ်
တစ်ချို့ကလည်း မသိတော့
ဘာဝနာပွဲ ဆိုပြီး ပြောကြတယ် …

“ ပဝါရဏ ” ပွဲနော်
#ပဝါရဏ_ဆိုတာက_ဖိတ်ကြားတဲ့_ပွဲဘဲ …

ဒီပွဲလေး ဖြစ်လာရတဲ့
အကြောင်းအရင်း ကြည့်လိုက်တော့ …

တစ်နေ့
ရဟန်းတော်တွေ ခပ်များများ ဆိုကြပါစို့
ကျောင်းတိုက် တစ်ခုမှာ
သူတို့က ဝါဆို ဝါကပ်ကြတယ် …

အဲ့ဒီ အချိန်အခါမှာ သူတို့က
ဘယ်လို ကတိကဝတ်ထားသလဲ ဆိုတော့ …

ဒီဝါတွင်း တပည့်တော်တို့ အချင်းချင်း
စကား မပြောကြရစတမ်း ဆိုပြီး
ဒီလို ကတိထားပါတယ် …

တစ်ဝါတွင်းလုံး တစ်ပါးနှင့် တစ်ပါး
စကားတစ်ခွန်းမှ မပြောကြပါဘူး …

ဝါကျွတ်တဲ့ အချိန်အခါကျ
ထုံးတန်းစဉ်လာ အတိုင်း
မြတ်စွာဘုရားရှင်အား သွားရောက်
ကန်တော့ကြပါတယ် …

အဲ့ဒီ အချိန်အခါကျ
ဘုရားရှင်တို့ မည်သည် -
-  သိလျှက်နဲ့လည်း မေးတော်မူတယ်
-  သိလျှက်နဲ့လည်း မေးတော်မမူပါဘူး …

ဒီနေရာမှာ
အကြောင်းက ရှိလာပြီ ဆိုတော့
ဘုရားရှင်က သိလျှက်နဲ့ မေးတော်မူပါတယ် …

ရဟန်းတို့
ဒီဝါတွင်းမှာ မပင်မပန်း ချမ်းချမ်းသာသာ
နေထိုင် သီတင်းသုံးခဲ့ရပါသလား ? လို့
မေးတော်မူပါတယ် …

ရဟန်းတော်တွေကလည်း
ချမ်းချမ်းသာသာနေထိုင် ခဲ့ရပါတယ် လို့
ပြန်လည် လျှောက်ထားပါတယ် …

ဘယ်ပုံဘယ်လမ်း ဘယ်နည်းလမ်းဖြစ်
ချမ်းချမ်းသာသာ သင်တို့ နေထိုင်ခဲ့ ပါသလဲ လို့ ဘုရားရှင်က ဆက်ပြီးတော့ မေးမြန်းလိုက်ပါတယ် …

ရဟန်းတော်တို့က
ဒီဝါတွင်း ဘုရား ၊ တပည့်တော်တို့
တစ်ပါးနှင့် တစ်ပါး စကားမပြောကြဘဲ
နေထိုင်ကြလို့ ချမ်းသာကြပါတယ် ဘုရား လို့
ပြန်ပြီး လျှောက်ထားလိုက်ပါတယ် …

ဒီအခါ
မြတ်စွာဘုရားရှင်က ကဲ့ရဲ့ပါတယ် …

ဒါက
မူဂပက္ခ  =  ငဆွံ့ အ,အတွေ ကျင့်တဲ့
                  အကျင့်ဖြစ်တယ် တဲ့ …

ငါဘုရားရှင်ရဲ့ သာသနာတော်မှာ
ဒီလို အကျင့်မျိုး မကျင့်ရဘူး …

အဲ့ဒါကို အကြောင်းအထုပ္ပတ်ကို
အကြောင်းပြုပြီးတော့
သံဃာ့အစည်းအဝေးခေါ်ပြီးတော့
ရဟန်းတွေကို ပဝါရဏာပြုဖို့ ရန်အတွက်
သိက္ခာပုဒ် ပညတ်ပါတယ် …

#ပဝါရဏာ_ဆိုတာက
#ဖိတ်ကြားတဲ့ပွဲဘဲ
ဘာ ဖိတ်ကြားလည်း ?

“ သံဃံ ဘန္တေ ပဝါရေမိ ဒိဋ္ဌေန ဝါ သုတေန ဝါ ပရိသင်္ကာယ ဝါ ဝဒတု မံ သံဃော အနုကမ္မံ ဥပါဒါယ ပဿန္တော ပဋိကရိဿာမိ ”

ဒါက
ပဝါရဏာပွဲမှာ ဆိုရတဲ့ စကားလေးဖြစ်ပါတယ်
သုံးကြိမ် ဆိုရပါတယ် …

အဓိပ္ပါယ်ကတော့ -

#သံဃံ_ဘန္တေ_ပဝါရေမိ -

သံဃာတော်မြတ်တို့ကို တပည့်တော်
ဖိတ်ကြားပါတယ်ဘုရား …

#ဒိဋ္ဌေန_ဝါ_သုတေန_ဝါ_ပရိသင်္ကာယ_ဝါ -

တပည့်တော် ရဟန်းတွေနဲ့
မလျော်တဲ့ လုပ်ငန်းတစ်ခုကို လုပ်နေခဲ့သည်ကို
မြင်ခဲ့ရင်သော်လည်းကောင်း ၊ ကြားခဲ့ရင်
သော်လည်းကောင်း ၊ ယုံမှား သံသယရှိခဲ့ရင်
သော်လည်းကောင်း တပည့်တော်ကို
ပြောကြားဖို့ရန်အတွက် ဖိတ်ကြားပါတယ် …

#ဝဒတု_မံ_သံဃော_အနုကမ္မံ_ဥပါဒါယ -

အရှင်တို့သည်
တပည့်တော် အပေါ်၌
အစဉ်သနား စောင့်ရှောက်ခြင်းကို
အကြောင်းပြု၍ တပည့်တော်ကို ပြောဆို
ဆုံးမတော်မူကြပါဘုရား …

#ပဿန္တော_ပဋိကရိဿာမိ -

အရှင်ဘုရားတို့က ပြောဆို ဆုံးမလိုက်လို့
တပည့်တော်ကလည်း တပည့်တော်၏
အပြစ်ကို မြင်ခဲ့လျှင် ဒီအပြစ်တွေကို
အပြစ်အားလျော်စွာ တပည့်တော်
ကုစားပါ့မယ်ဘုရား … ဆိုပြီးတော့

ရဟန်းသံဃာ အချင်းချင်း
ဖိတ်ကြားတဲ့ ပွဲဘဲ …

အဲ့ဒီလို
ဖိတ်ကြားတဲ့ ပွဲရဲ့ ရည်ရွယ်ချက်ကဘာလဲ ?

သီလနဲ့ ပါတ်သတ်ပြီး
-  ပျက်စီးနေတာ မြင်မယ်
-  ချို့ယွင်းနေတာ မြင်မယ်
-  တစ်ပါးနှင့် တစ်ပါး ပြောဆိုရမယ် ဆိုဆုံးမရမယ် …

သမာဓိနဲ့ ပါတ်သတ်ပြီး
ထူထောင်ပုံမှာ အခက်အခဲ ရှိနေမယ်
တစ်ပါးထံ တစ်ပါး သွားပြီ
တင်ပြလျှောက်ထားရမယ် ( သို့ ) ဆရာသမားထံ
ချဉ်းကပ် လျှောက်ထားခွင့် ရှိတယ် …

ဘာမှမပြောဘဲ နေတယ် ဆိုတော့
အခက်အခဲ ရှိရင် ဘယ်နှယ့် လုပ်မလဲ …

သမာဓိ ထူထောင်နေတယ်
တရား ဘယ်လိုအားထုတ်ရမယ်ဆိုတာ မသိဘူး
စကားမပြောရဘူး ဆိုတဲ့ စည်းကမ်း
ထုတ်ထားတော့
စကားမပြောဘဲ နေလိုက်တော့ …

သမာဓိ ဘယ်လိုထူထောင်ရမယ်
ပညာအဆင့်ကို လေ့လာမယ်ဆိုလည်း
-  ရုပ်ကို ဘယ်လို ရှုရမယ်
-  နာမ်ကို ဘယ်လို ရှုရမယ်
   ဆရာသမားထံ ချဉ်းကပ်မေးမြန်းသင့်တယ် …

နောက်
ဆရားသမားထံ မသွားနိုင်ခဲ့သော်
မိမိထက်ကျွမ်းကျင်တဲ့ သီတင်းသုံးဖော်တွေထံ
မေးမြန်းသင့်ပါတယ် …

ဒီလို
-  သီလ ကျင့်စဉ်
-  သမာဓိ ကျင့်စဉ်
-  ပညာ ကျင့်စဉ်တွေနဲ့ ပါတ်သတ်ပြီး
   အခက်အခဲ ရှိရင်
   ဆွေးနွေးမေးမြန်း သင့်ပါတယ် …

ပြောသင့်ပြောထိုက်တဲ့
စကားလောက်တော့ ပြောဆိုဖို့
မြတ်စွာဘုရား ခွင့်ပြုပါတယ် …

ပြောသင့်ပြောထိုက်တဲ့
စကားအတိုင်းအတာထက် ပိုလွန်တဲ့
ဟိုး … ဘိုးတော်ဘုရား လက်ထက်ကနေ
မင်းတုန်းမင်း လက်ထက်
မင်းတုန်းမင်း လက်ထက်ကနေ
ဖဆပလ လက်ထက် …

ဒီလို
မိုးမဆုံး လေမဆုံး ထိုင်ပြီးတော့ ပြောနေမယ် ဆိုရင်
ဘုရားရှင် နှစ်ခြိုက်သလား ?
မနှစ်ခြိုက်ပါဘူး …
ဒါက ပဝါရဏာ_ပေါ်ပေါက်လာပုံပါ …

#ဖားအောက်_ဆရာတော်_ဘုရားကြီး

Credit , Original Uploader


No comments:

Post a Comment