........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Oct 6, 2018

"မိဘကိုလုပ်ကျွေးသူ ကျေးမင်း"

"မိဘကိုလုပ်ကျွေးသူ ကျေးမင်း"
=================

ရာဇဂြိုဟ်ပြည်ဝယ် မာဂဓမင်း မင်းပြုချိန်အခါ ဘုရားလောင်းကျေးမင်းသည် ကျေးအပေါင်း ခြံရံလျက် ကေသီယဂေါတ္တ အမည်ရသော ပုဏ္ဏားတစ်ဦး၏ လယ်မြေအနီး တောင်ပေါ်နေရာ လက်ပံတောကြီးထဲတွင် မိဘနှစ်ပါးကို အဓိပတိထား၍ လုပ်ကိုင်ကျွေးမွေးပြီး နေထိုင်ပါတယ်။

တစ်နေ့ ကျေးမင်းနှင့် သူ့ပရိသတ်အပေါင်းသည် ပုဏ္ဏား၏လယ်မှ မှည့်ဝင်းနေသော သလေးစပါးကို သွားရောက်စားသောက်ကြပြီး၍, အပြန်ခရီးမှာ ကျေးမင်းဟာ ထသလေးနှံ့တို့ကို ကိုက်ချီပြီးယူလာခဲ့ပါတယ်။
နောက်ရက်များမှာလည်း ကျေးမင်းဟာ ကျေးပရိသတ်များနဲ့ စားသောက်ပြီး အပြန်ခရီးမှာ ရှေ့ကအပြုအမူအတိုင်း ပြုမူပြီး ပြန်သန်းသွားတာကို လယ်စောင့် စာရင်းငှားမြင်ပြီး ထိုအကြောင်းအရာကို လယ်ပိုင်ပုဏ္ဏားကြီးအား ပြောကြားရာ.. ပုဏ္ဏားကြီးက ကျေးသားအားလုံးထဲမှ သလေးနှံကို ကိုက်ချီယူသွားလေ့ရှိတဲ့ ကျေးမင်းကိုပဲ မြင်းမြီးကျော့ကွင်းနဲ့ ထောင်ဖမ်းရန် အမိန့်ပေးလိုက်ပါတယ်။
စာရင်းငှားလည်း ပုဏ္ဏားကြီးစေခိုင်းတဲ့အတိုင်း ထောင်ဖမ်းရာ ကျေးမင်းကိုမိပြီး ပုဏ္ဏားကြီးထံယူလာခဲ့လေ၏။ ပုဏ္ဏားသည် ကျေးမင်းကို မြင်လျှင်မြင်ချင်း သားသမီးကဲ့သို့  ချစ်ခင်စိတ် ဖြစ်ပေါ်လာပါတယ်။ ပုဏ္ဏားက ကျေးမင်းကို “ အသင် ကျေးမင်း၊ သလေး စပါးနှံများကို စားရုံမျှသာ မဟုတ်ဘဲ၊  ဘာကြောင့် ကိုက်ချီ  ယူ
ဆောင်သွားပါသလဲ၊ ကျွန်ုပ်သည် သင်၏ရန်ဖက် ဖြစ်လို့ပါလား၊ သို့မဟုတ်က သင်၏အိမ်မှာ ၀မ်းဗိုက်အ
ပို ရှိနေသေးလို့ပါလား၊  ဒါမှမဟုတ်  သိုလှောင်ထားစရာ စပါးကျီ ရှိလို့ပါလား၊ ” ဟု မေးလေ၏။

ထိုအခါ ကျေးမင်းက "မိမိသည် ကြွေးမြီဟောင်းများကို ပေးဆပ်၍, ကြွေးမြီသစ်များကို ပေးနေသူဖြစ်ကြောင်း၊ ထိုမျှသာမက လက်ပံတော၌ ရွှေအိုးများလည်း မြှုပ်နှံထားပါကြောင်း ပြောပြရာ…ပုဏ္ဏားကြီးက ယင်းစကားများ၏ အဓိပ္ပာယ်ကို ရှင်းပြပေးပါရန် တောင်းဆိုသည့်အခါ...
ကျေးမင်းက.."ပုဏ္ဏား၊ သားသမီးငယ်များအား ရှာဖွေကျွေးမွေးခြင်းမှာ ကြွေးမြီသစ်ချပေးခြင်း ဖြစ်၏။ ကြွေးမြီဟောင်းများ ပေးဆပ်ခြင်းမှာ အရွယ်လွန်ပြီးသော မိဘနှစ်ပါး အဘိုးအဖွားများအား ရှာဖွေကျွေးမွေးခြင်းဖြစ်ပြီး၊ ကုသိုလ်ပွားလို၍ အခြားသော ကျေးသားအိုကြီးများအား ရှာဖွေကျွေးမွေးနေခြင်းကို ရွေအိုးမြှုပ်နှံသည်ဟု ဆိုခြင်းဖြစ်သည်" ဟူ၍ ရှင်းပြလေရာ ပုဏ္ဏားကြီးသည် အလွန်နှစ်ထောင်း ဝမ်းမြောက်အားရစွာဖြင့် ကျေးမင်းအား အနှောင်အဖွဲ့မှ ဖြေလွှတ်ပေးပြီး မိမိ၏ လယ်ခွင်၌ အလိုရှိတိုင်း လာရောက်စားသောက်ပါရန် ဖိတ်ခေါ်လှူဒါန်းလေသည်။
သို့ရာတွင် ကျေးမင်းက ရှစ်ပယ်သော လယ်မြေကိုသာ လက်ခံ၍ မိဘများထံ ပြန်လာပြီး အသက်ထက်ဆုံး ပြုစုလုပ်ကျွေး နေထိုင်သွားလေသည်။
ဤဝတ္ထု၌ ကျေးမင်းသည် မိဘများတွင်သာမက အဘိုးအဖွား သားသမီး သက်ရွယ်ကြီးရင့်ကြပြီဖြစ်သော အခြားသော သက်ကြီးရွယ်အိုများကိုပါ လုပ်ကိုင်ကျွေးမွေး ပြုစုသွားသည်ကိုထောက်၍, အားလုံးသော သူတော်ကောင်းတို့သည်လည်း ဘုရားလောင်းကျေးမင်း ဥပမာအတိုင်း စံနမူနာယူ၍ မိမိတို့၏ မိဘ, ဘိုးဘွား သားသမီး ဇနီး မယား သက်ကြီးရွယ်အိုသူတို့အား ပြုစုလုပ်ကျွေးနိုင်ကြသူများ ဖြစ်ကြပါစေ။

(၅၅၀-သာလိကေဒါရဇာတ်)


No comments:

Post a Comment