........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Apr 14, 2017

“မြတ်ဗုဒ္ဓ၏ ဘွဲ့အမည်မှန်”

မေး။ အရှင်ဘုရား နောက်ဆုံးပွင့်တော်မူခဲ့သော ဂေါတမဗုဒ္ဓ မြတ်စွာဘုရား၏ ဘွဲ့အမည်မှန်ကို သိလိုပါသည်ဘုရား။ အချို့က ဗုဒ္ဓ , အချို့က ဂေါတမ , အချို့က သကျမုနိ အမျိုးမျိုး ခေါ်နေကြပါသည် ဘုရား။
ဖြေ။ ဒီမေးခွန်းကို ဖတ်လိုက်ရတယ်ဆိုရင်ပဲ မြတ်စွာဘုရားရှင်ရဲ့ ဘွဲ့အမည်တစ်ခုနဲ့ ပတ်သက်ပြီး ” ဟုတ်လောက်တယ် , ဟုတ်လောက်တယ်” လို့ မှတ်ချက်ချဖူးတဲ့ ဥပကတက္ကတွန်းကြီးကို ချက်ချင်း သတိရလိုက်မိပါတယ်။
ဥပကတက္ကတွန်းကြီးဟာ ခရီးတစ်ခုကို အသွား , ဘုရားရှင်ကလည်း တရားဦးဟောဖို့ မိဂဒါဝုန်တောကို အကြွ လမ်းခရီးမှာ ( မဟာဗောဓိပင်နဲ့ ဗုဒ္ဓဂါယာ အကြား )  ဆုံတွေ့ကြတယ်။
မြတ်စွာဘုရားရှင်ရဲ့ ကြည်လင်သန့်ရှင်းတဲ့ သရေတော်ကို ဖူးမြင်ရတဲ့ ဥပကတက္ကတွန်းကြီး ဟာ လူချင်းမသိပေမယ့် သဘောကျ နှစ်ခြိုက် လွန်းလို့ ချဉ်းကပ်ပြီး မေးခွန်းတွေ မေးပါတော့တယ်။
ငါ့ရှင် . . . သင့်ရဲ့ မျက်စိ , နား, နှာ , လျှာ , ကိုယ် , စိတ် ဆိုတဲ့ ဣနြေ္ဒခြောက်ပါးဟာ ကြည်လင်လွန်းလှတယ်။ အရောင်တွေလည်း ထွက်လို့ နေတယ်။ သင် ဘယ်ဆရာကို ရည်မှန်းပြီးတော့ ရဟန်းပြုခဲ့တာပါလဲ ? သင့်ဆရာက ဘယ်သူလဲ ? ဘယ်သူ့တရားကို သင် နှစ်သက်ပါသလဲ ?
ဥပကတက္ကတွန်းကြီးရဲ့ အဖြေတွေကို မြတ်စွာဘုရားရှင်က ဂါထာ(၄)ပုဒ်နဲ့ ပြန်ဖြေကြားတယ်။
ဥပက . . . ငါဟာ တရားအားလုံးကို လွှမ်းမိုးနိုင်တဲ့သူ။ တရားအားလုံးကို အကုန်အစင် အကြွင်းမဲ့ သိမြင်သူ။ တရားအားလုံး အပေါ်မှာ ကိလေသာ လိမ်းကျံ ကပ်ငြိခြင်း မရှိသူ။ တရားအားလုံးကို ပယ်ရှား စွန့်ပစ်ပြီးသူ။ တဏှာကုန်ရာ နိဗ္ဗာန်မှာ သက်ဝင်တည်နေသူ ဖြစ်တယ်။ တရားအားလုံးကို ဆရာမရှိ မိမိကိုယ်ပိုင်ဉာဏ်နဲ့ ထိုးထွင်းသိမြင်ခဲ့တာ ဖြစ်လို့ ဆရာရယ်လို့ ညွှန်ပြရမယ့်သူ ဘယ်သူများ ရှိဦးမှာလဲ ?
ဥပက . . . ငါ့မှာ ဆရာဆိုတာ မရှိဘူး။ ငါ့ထက် မြတ်တဲ့ ဆရာဆိုတာ အသာထား။ ငါနဲ့ တန်းတူတဲ့သူတောင် မရှိပါဘူး။ နတ်နှင့်တကွ သတ္တလောကကြီးတစ်ခုလုံးမှာ ငါနဲ့ နှိုင်းယှဉ်စရာ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်မှ မရှိပါဘူး။
ဥပက . . . ငါဟာ လောကမှာ တရားအားလုံးကို အမှန်အတိုင်း ကိုယ်ပိုင်ဉာဏ်နဲ့ သိမြင်နိုင်တဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ် , ကိလေသာမီး ငြိမ်းအေးပြီးသူ ဖြစ်တယ်။ ပူဇော်အထူးကို ခံယူထိုက်ပြီး , အတုမရှိ ဆုံးမသွန်သင်နိုင်စွမ်း ရှိသူ ဖြစ်တယ်။
ဥပက . . . အခု ပညာမျက်စိ မရှိတဲ့အတွက် အကန်းလို ဖြစ်နေတဲ့ နတ်လူ သတ္တဝါတွေကို တရားဒေသနာတော် ဟူသော အမြိုက်တရား ဟောကြားဖို့အတွက် ကာသိတိုင်း , ဗာရာဏသီပြည်က မိဂါဒါဝုန်တောကို ဓမ္မစင်္ကြာ တရားဟောဖို့ ကြွချီမယ်။
မြတ်စွာဘုရားရဲ့ ဖြေကြားချက်ကို အားရကျေနပ်လွန်းလို့ ဥပကတက္ကတွန်းကြီးက

ငါ့ရှင် . . . သင်ပြောတဲ့အတိုင်းဆိုရင် သင်ဟာ ” အနန္တဇိန ”  ဘွဲ့အမည်ရတဲ့ ပုဂ္ဂိုလ်ထူး , ပုဂ္ဂိုလ်မြတ် တစ်ဦး ဖြစ်မှာပေါ့နော် ?
ဟုတ်ပါတယ်။ ဘုရားရှင် အားလုံးဟာ အရဟတ္တ မဂ်ဉာဏ် ရတာနဲ့ ယုတ်ညံ့တဲ့ ကိလေသာနဲ့ အကုသိုလ်တရားတွေကို အကြွင်းမဲ့ အနိုင်ယူခဲ့တာမို့ ” ဇိန” ဘွဲ့အမည် ရကြတယ်။
အဲဒီအခါ ဥပက . . က ” ငါ့ရှင် သင်ပြောတာ ဟုတ်လောက်တယ် , လို့ ရေရွတ်ပြီး လိုရာခရီးကို ဆက်လက်ထွက်ခွါသွား ပါတော့တယ်။
နောင်တချိန် မြတ်စွာဘုရားရှင်ထံမှောက် ကျွတ်တမ်းဝင်ဖို့ ရောက်လာတော့လည်း မြင်မြင်သမျှသူတွေကို ” အနန္တဇိန ဘယ်အရပ်မှာ နေသလဲ ? အနန္တဇိန ဘယ်မှာလဲ ? လို့ မေးမြန်းခဲ့ပါတယ်။
တကယ်တော့ အနန္တဇိန ဆိုတာ . .

အနန္တ = အဆုံးမရှိ သိမြင်သူ။

ဇိန = ရန်မာရ် အားလုံးကို အောင်နိုင်သူ။

ဂုဏ်နှစ်ခုကို ပေါင်းလိုက်တော့ “အနန္တဇိန ” ဆိုတဲ့ ဘွဲ့အမည် ဖြစ်လာတာပါ။
မြတ်စွာဘုရားရဲ့အမည်ကို . .

၁။ လူ့ဘဝအမည်

၂။ဘုရားအမည်

၃။ဂုဏ်ပုဒ်အမည် . . လို့ သုံးမျိုး ခွဲခြားနိုင်ပါတယ်။
လူ့ဘဝအမည် = သိဒ္ဓတ္ထ လို့ ခေါ်တယ်။

( သိဒ္ဓ = ပြီးစီး ,  အတ္ထ = ကျိုး ) အကျိုးအားလုံး ပြီးစီးသူ လို့ အဓိပ္ပာယ် ရတယ်။
ဘုရားအမည်က  = ဂေါတမ လို့ ခေါ်တယ်။

ဂေါတမမျိုးနွယ်က ဆင်းသက်လာသူမို့ မျိုးနွယ်ရဲ့ အမည်ကို အစွဲပြုပြီး ခေါ်တယ်။
အခုနေထိုင်တဲ့ ( ဘဒ္ဒကမ္ဘာ ) မှာ ဘုရာငါးဆူ ပွင့်တယ် ဆိုတာ ကြားဖူးမှာပါ။  ( ကကုသန် , ကောဏာဂုမ် , ကဿပ , ဂေါတမ , အရိမေတ္တယျ ) လို့ သုံးနှုန်းကြတာကို ကြည့်ခြင်း အားဖြင့် ယခု မြတ်စွာဘုရားရှင်ရဲ့ ဘွဲ့အမည်ဟာ ဂေါတမ ပါပဲ။
လူယဉ်ကျေးတွေရဲ့ ဓလေ့ထုံးစံဖြစ်လို့ ဘယ် သူတော်ကောင်းကမှ ဂေါတမ လို့ မသုံးနှုန်းပါဘူး။ ဘာသာခြားပုဂ္ဂိုလ်တွေ , သာသနာပ တိတ္ထိတွေကသာ “ရဟန်း ဂေါတမ ” လို့ သုံးနှုန်းကြတာပါ။
ဗုဒ္ဓဘာသာဝင်တွေ ,သူတောင်ကောင်းသူမြတ် တွေကတော့ ကြည်ညိုစရာ ဂုဏ်တစ်ခုခုနဲ့ သုံးနှုန်းကြပါတယ်။ အများသုံးက ဗုဒ္ဓ ပါပဲ။
ဗုဒ္ဓ ဆိုတာ ဘုရားရှင်တစ်ဆူတည်းရဲ့ ဘွဲ့မဟုတ်ပါဘူး။ ပွင့်ပြီး , ပွင့်ဆဲ , ပွင့်လတ္တံ့ မြတ်စွာဘုရားရှင်အားလုံးရဲ့ ဘွဲ့အမည် ဖြစ်တယ်။
သကျမုနိ . . ဆိုတာကတော့ ,

သကျဆိုတာ သာကီဝင်မင်းမျိုး။

မုနိ ဆိုတာ သစ္စာလေးပါး သိသူ။

နှစ်ခုပေါင်းတော့ ဒါလည်း မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်ပုဒ်အမည်ပါပဲ။
မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်ပုဒ်တွေက အသင်္ချေ အနန္တ မရေတွက်နိုင်အောင် များလှတယ်။ ဂုဏ်ပုဒ်တိုင်းရဲ့ နောက်ကွယ်မှာ  . . .

-ကြည်ညိုလေးမြတ်ဖွယ်

-လိုက်နာတုကျင့်ဖွယ် အနှစ်တွေက နက်ရှိုင်းစွာ ကိန်းဝပ်နေတာမို့ ကိုယ့်စိတ်ဓါတ်နဲ့ ကိုယ့်လုပ်ရပ်ကို အမြင့်မြတ်ဆုံး တည်ဆောက်လိုသူတိုင်း နှလုံးသားထဲမှာ အမြဲတမ်း ဆင်ခြင်နေသင့်ပါတယ်။

ဆရာတော် အရှင်ဆန္ဒာဓိက- ရွှေပါရမီတောရ
( ဤကောင်းမှုသည် နိဗ္ဗာန်၏ အထောက်အပံ့ ဖြစ်ပါစေ)
Credit – ဓမ္မနှစ်သက်သူ။
Credit:
ဓမ္မရေချမ်းစင်

No comments:

Post a Comment