........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Apr 16, 2017

အဓိဋ္ဌာန်သတ်မှတ် နှစ်ဆန်း (၁) ရက်

အဓိဋ္ဌာန်သတ်မှတ် နှစ်ဆန်း (၁) ရက်

ယနေ့သည် မြန်မာနှစ်သစ်၏ အဦး အစ ပထမရက်ဖြစ်သော နှစ်ဆန်း တစ်ရက်နေ့ ဖြစ်ပါသည်…
ယခုလို နေ့မျိုးကို ကျရောက်ဖို့ရန် ဤရက်သည် နောင်နှစ်မှ တွေ့ရမည် ဖြစ်၍ တစ်နှစ်မှာ တစ်ရက်သာ တွေ့နိုင်သောကြောင့် မှတ်မိရန်လည်းလွယ်ကူပေသည်…
ယခုလို ကြုံတောင့်ကြုံခဲ ရက်မျိုးကို မေ့လျော့ကာဖြင့် မနေကြပဲ ဗုဒ္ဓဘာသာကောင်း ပီသစွာ ကောင်းမြတ်တဲ့ အဓိဋ္ဌာန်တစ်ခုခု ခံယူ ဆောက်တည်သင့်တယ်..။

အဓိဋ္ဌာန်ဟူသည် ပရိနိဗ္ဗာန် စံဝင်တော်မူကြကုန်သော မြတ်စွာဘုရားရှင်တို့ ကိုယ်တော်တိုင် ကျင့်သုံးတော်မူခဲ့သော ပါရမီ(၁၀) ပါး ထဲတွင် တစ်ပါး အပါအဝင်ဖြစ်တယ်…။
♦ အဓိဋ္ဌာန်ပါရမီ ♦
(အဓိ = စွဲစွဲမြဲမြဲ (ဝါ) ဇွဲသန်သန် ၊ ဋ္ဌာန =တည်တံ့ခြင်း) သီလစသော ပါရမီကို စွဲစွဲမြဲမြဲ ဇွဲကောင်းကောင်းနှင့် ပြုလုပ်မည်ဟု ဆုံးဖြတ်ထားမှု ၊ ဆုံးဖြတ်သည့်အတိုင်း ပြုလုပ်မှုကို “အဓိဋ္ဌာန်” ဟု ခေါ်သည်။

အဓိဋ္ဌာန်ဆိုတဲ့စကားဟာ မြန်မာပြည်သူ ပြည်သားတွေအနေနဲ့ စိမ်းမနေပါဘူး။ ရင်းနှီးနေတဲ့စကားတစ်ခုပါ။ ကိုယ့်ရဲ့ အဓိဋ္ဌာန်အတိုင်း ကုသိုလ်မျိုးစုံ ပွားနေကြ ပြုနေကြတဲ့သူတွေလည်း အများကြီးရယ်ပါ။
လိုရင်းကတော့ ဒီအလုပ်ကိုလုပ်မယ်လို့ ဆုံးဖြတ်ထားတဲ့ စိတ်ပဋိညာဉ်ကို မရွှေ့မပြောင်းတော့ဘဲ အလုပ် ပြီးဆုံးတဲ့အထိ လုပ်တော့တာပါ။
လောကီအလုပ်ပဲဖြစ်ဖြစ် ၊ လောကုတ္တရာအလုပ်ပဲလုပ်လုပ် “အဓိဋ္ဌာန်” ပါမှ လမ်းဆုံးအထိ လုပ်နိုင်မှာပါ။
ဒါနပဲပြုပြု၊ သီလပဲဆောက်တည်ဆောက်တည်၊ သမထပဲပွားပွား၊ ၀ိပဿနာပဲပွားပွား၊ အများကောင်းကျိုး ပရဟိတတွေပဲ ဆောင်ရွက်ဆောင်ရွက် အဓိဋ္ဌာန် ပါရမီမပါရင် ကိုယ့်ရဲ့ကုသိုလ်ဟာ အာရုံဆိုး တစ်ခုခုကြောင့် အဆုံးအထိ မရောက်ဘဲ ပျက်ပြားသွားတတ်ပါတယ်။
ပါရမီကုသိုလ်တွေ ဖြည့်ကျင့်နေတဲ့အခါမှာ ပါရမီမြောက်အောင် ပြုချင်တဲ့လူတစ်ယောက်အတွက် အဓိဋ္ဌာန်ပါရမီက သိပ်ကိုလိုအပ်တဲ့အတွက် ယခုလို နေ့ကြီးရက်ကြီးများမှ စတင်ကာ မိမိတို့ နိုင်ရာ ဂုဏ်တော်ရွတ်ခြင်း၊ ပုတီးစိပ်ခြင်း၊ သီလဆောက်တည်ခြင်း စသော ကောင်းမြတ်တဲ့ ကျင့်စဉ်များကို ယနေ့မှ စတင်ကာ ပြုလုပ်ကြပါရန် နှိုးဆော် အသိပေးအပ်ပါတယ်..။

♦ ပြုလုပ်ပုံ ♦
ဘုရားရှေ့မှာ အဓိဋ္ဌာန်မဝင်မီ မိမိကိုယ်ကို ကိုယ်လက် သန့်ရှင်းစေခြင်း၊
တိတ်ဆိတ်ငြိမ်သက်သော ပတ်ဝန်းကျင် ရှိနေစေခြင်း၊
ဘုရားရှင်အား ပန်းနံ့သာ အမွှေးတိုင် ဖယောင်းတိုင် စသည်တို့ တင်လှူဆပ်ကပ်ခြင်း၊
ရိုသေစွာထိုင်ပြီး ဘုရားရှင်အား သြကာသ အစချီကာ ရှိခိုး၍၊ နိုင်ရာ (၅/၈/၁၀ -ပါး) သီလများကို ဆောက်တည်ခြင်း၊
တရားထိုင်ခြင်း၊
တရားမှတ်ခြင်းများကို အစဉ်တိုင်း ပြုလုပ်၍ “ အရှင်ဘုရား တပည့်တော်/မသည် ယနေ့ နှစ်ဆန်းတစ်ရက်နေ့မှ စတင်ကာ နေ့စဉ်/ညစဉ် ပုတီး(…)ပတ်/ ဂုဏ်တော်ပွား/ ဂါထာရွတ်/ ပရိတ်ရွတ်/ ပဋ္ဌာန်းတော်တို့ကို အခေါက်ရေ (…)၊ ရွတ်ဖတ်ပူဇော်ပါမည်ဘုရား” လို့ မိမိနိုင်ရာ နှစ်သက်ရာများကို (တစ်ပါတ်ဖြစ်စေ၊ တစ်လဖြစ်စေ၊ တစ်နှစ်ဖြစ်စေ) အဓိဋ္ဌာန်ပြုရမယ်…

♦ အကျိုးတရားများ ♦
ကောင်းမှု မကောင်းမှု အလုပ်များတွင် အကြောင်းတရားရှိက အကျိုးတရားဟူသည် အရိပ်ပမာ နောက်မှ လိုက်ပါ လာလိမ့်မည်မှာ မလွဲပါ…။
ယခုလို အဓိဋ္ဌာန်ကောင်းမှုများကို ဖြည့်ကျင့်ရာမှာလည်း သမ္မာဒေဝ နတ်ကောင်း နတ်မြတ်များက စောင့်ရှောက်ကြမည့်အပြင်
တစ်စုံတစ်ခုသော အခက်အခဲကြုံပါက မိမိ ယခုပြုလုပ်ခဲ့သော အဓိဋ္ဌာန်ကို အာရုံပြု၍ “အရှင်ဘုရား တပည့်တော်သည် ဘယ်ရက် ဘယ်နေ့မှ စတင်ကာ (တစ်ပါတ်၊တစ်လ၊ တစ်နှစ်တိုင်အောင်) အဓိဋ္ဌာန် ဂုဏ်တော်ရွတ်၊ ပုတီးစိပ်၊ ပဋ္ဌာန်း ရွတ်ဖတ်ခဲ့ပါသည်ဘုရား… ဤမှန်သော သစ္စာစကားကြောင့် တပည့်တော်၏ ကြံတွေ့နေရသော အခက်အခဲ ဒုက္ခများမှ လွတ်မြောက်ရပါလို၏ အရှင်ဘုရား” လို့  မှန်သော သစ္စာစကားကိုသာ ပြောဆိုလိုက်ပါ.. ကြုံတွေ့နေရသော အခက်အခဲများ ပိန်းကြာရွက်မှာ ရေမတင်ကဲ့သို့ လျောကျ ပျောက်ကွယ်သွားမည် ဖြစ်ပါသည်လို့ စာဖတ်သူအကျိုး မျှော်ကိုး၍
ရေးသားလိုက်ရပါသည်…

အရှင်ဇောတိ (နံ့သာနီ)
http://ashinjawti.blogspot.com/2016/04/blog-post_16.html

No comments:

Post a Comment