........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Dec 11, 2015

ပအိုဝ်​ႏတော်​လှန်​​ရေး​န​ေ့

ဒီဇင်ဘာလ (၁၁) ရက်
တို့ ပအို၀်းတိုင်းရင်းသားတို့ တသက်...
ပဒေသရာဇ် ခေတ်စနစ်ဆိုးတခု
တွန်းလှန် အောင်မြင်
သမိုင်း၀င်နေ့ တနေ့ ဖြစ်ခဲ့သည်။

၁၉၂၉ မှစ ရှမ်းပြည် ပဒေသရာဇ် စော်ဘွားများက
ပအို၀်းပြည်သူများအပေါ်
မတရား ခွန်ကောက်စနစ် ကျင့်သုံး
ဖိနှိမ့်အုပ်ချုပ် မင်းလုပ်ခဲ့သည်။

ပအို၀်းတိုင်းရင်းသားတို့အတွက်
အခွင့်ထူးခံ လူတန်းစားတရပ်
ပေါ်ပေါက်မလာစေရေးအတွက်
ပအို၀်းခေါင်ဆောင်များနှင့် ပြည်သူလူထုများက
ပအို၀်းတော်လှန်ရေးု စတင်ခဲ့သည်။

ပဒေသရာဇ် တော်လှန်ရေးအတွက်
စွန့်လွတ်ပေးဆပ် ၊ ကျဆုံးခဲ့သည့်
အာဇာနည်အပေါင်း၊ သူရဲကောင်းအပေါင်းအား
ဒီနေ့ဒီအချိန်မှစ နောင်လာနောက်သား ပအို၀်းလူငယ်များထိ
အောင်းမေ့တမ်းတ ဂုဏ်ပြုခြင်းများနှင့်
ဒီကနေ့ကျရောက် ပအို၀်းတော်လှန်ရေးနေ့အား
ဦးညွှတ်၊ အလေးပြုပါသည်။

       ••••••••ပဒေသရာဇ်ရှမ်းပြည်••••••••

    အရင်းရှင်စနစ်မတိုင်မှီ ရောမခေတ် ကုန်ခါနီး အေဒီ(၆)ရာစုမှစ၍ ဥရောပအလယ်ပိုင်းတွင် လှည့်လည်နေ ထိုင်ကြသော ဟန်လူမျိုးများ၊ ကျူတန်လူမျိုးများသည် ရောမအင်ပါယာကို မကြာခဏဝင်ရောက် တိုက်ခိုက် ခဲ့ကြသည်။ အလယ်ခေတ်တွင်ကား ကျူတန်လူမျိုးတို့၏ ဒေသန္တရအလိုက် နယ်ပယ်ခွဲခြားအုပ်ချုပ်လာသော နည်းစနစ်လွမ်းမိုးလာခဲ့လေသည်။
ကျူတန်တို့သည် ရောမတို့၏ ဧကရာဇ်ဆန်သော လူနေမှုစနစ်ကို ဆန့်ကျင်ရာမှ ကာလ ကြာလာသောအခါ ကျူတန်တို့၏ ဒေသအလိုက်နေထိုင်အုပ်ချုပ်သောစနစ်နှင့် ရောမတို့၏ ဧကရာဇ်ဆန်သော နေထိုင်မှုစနစ် တို့ရောယှက်လာပြီး ပဒေသရာဇ်စနစ်တစ်မျိုး ဥရောပ တိုက်တစ်ခွေတွင် ပေါ်ပေါက်လာခဲ့ရသည်။ ပဒေသရာဇ် စနစ်သည် မြို့စား၊ နယ်စားများက ဗဟိုမြို့တော်ရှိ ဧကရာဇ်မင်းတစ်ပါးကို အထိမ်းအမှတ်အားဖြင့် အသိအမှတ် ပြုကြသည်။ သို့သော် နယ်အုပ်ချုပ်ရေးအာဏာကိုမူ ပဒေသရာဇ်မင်းများ၏ လက်ထဲတွင်သာ ထားရှိ ကြလေ သည်။

အင်းဝခေတ်တွင် ဟံသာဝတီဘုရင့်နောင်မင်းသည် ယိုးဒယား၊ ဇင်းမယ်၊ လင်းဇင်း အောင် နိုင်ပြီးနောက် ရှမ်း ပြည်နယ်စားပယ်စား ပဒေသရာဇ်များကို စော်ဘွား၊ မြို့စား၊ ရွေှခွန်မှူး၊ ငွေခွန်မှူး၊ ဟိန်၊ ထမုန်၊ ကြော့ စသည်ဖြင့် အဆင့်အတန်း သတ်မှတ်ခွဲခြားပေးခဲ့သည်။ ပဒေသရာဇ်စော်ဘွားများသည် ဗမာဘုရင်၏ သစ္စာတော်ကို ခံယူ ကြောင့် တစ်နှစ်တစ်ကြိမ် မင်းနေပြည်တော်သို့ အခစားဝင်ရောက်ခြင်း၊ လက်ဆောင်ပဏ္႑ာဆက်သခြင်း ပြုပြီး မိမိ တို့အုပ်ချုပ်သော နယ်ပယ်အတွင်းတွင် သက်ဦးဆံပိုင်စနစ်သဖွယ် အုပ်စိုးခဲ့သည်။ ကုန်း ဘောင်ခေတ် ရောက်သောအခါ မြန်မာနိုင်ငံကို ဗြိတိသျှနယ်ချဲ့တို့က ၁၈၂၄ မှ ၁၈၈၅ အထိ ကျူးကျော်စစ်သုံးကြိမ်ဖြင့် ဆင်နွဲပြီး ဗမာ့ဧကရာဇ်ဘုရင်စနစ်လည်း နိဂုံးချုပ်ခဲ့ရ သည်။ သို့သော်လည်း ရှမ်းပြည်နယ်တွင် ဗမာ့ဘုရင်၏ သစ္စာတော်ခံ ပဒေသရာဇ် စော်ဘွားများသည် ဆက်လက်ရှင်သန်လျက်ရှိသည်။

ဗြိတိသျှတို့သည် မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်နိုင်ပြီးနောက် ၁၈၈၆ ခုနှစ် မေလ(၄) ရက်နေ့တွင် ရှမ်းပြည်ကို အိနိ္ဒယပြည်နယ်အဖြစ် သိမ်းပိုက်ကြောင်း ကြေငြာခဲ့သည်။ ၁၈၈၇ ခုနှစ်တွင် ရှမ်းပြည်တောင်ပိုင်း၊ ရှမ်းပြည် မြောက်ပိုင်း၊ မြေလတ်ပိုင်းဟူ၍ ပိုင်းခြားအုပ်ချုပ် ခဲ့သည်။ ၁၈၈၉ ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် ရှမ်းပြည် နယ်များ လက်စွဲဥပဒေကို သတ်မှတ်ကြေငြာခဲ့သည်။ ထိုလက်စွဲဥပဒေဖြင့် စော်ဘွားများ၊ မြို့့စားများ၊ ငွေခွန်မှူး များ တို့အား Sanad ခေါ်အမိန့်ဖြင့် Shan Shief ရှမ်းအကြီးအကဲအဖြစ် လက်ဖတင်နင် ဂါဝါနာက အသိအမှတ ််ပြုခန့်ထားခဲ့သည်။ ၁၈၉၅ ခုနှစ် ဇူလှိုင်လတွင် ရှမ်းပြည်တောင်ပိုင်း နှင့် မြောက်ပိုင်းကို ဗြိတိသျှအုပ်ချုပ် ရေးအရာရှိ နှစ်ဦးခန့်အပ်ပြီး စော်ဘွားများအပေါ် ကြီးကြပ်အုပ်ချုပ်စေခဲ့သည်။ မြောက်ပိုင်းဆိုင်ရာအရေးပိုင်ရုံးကို လားရှိုး၌ သော်လည်း ကောင်း၊ တောင်ပိုင်းဆိုင်ရာအရေးပိုင်ရုံးကို တောင်ကြီး၌ သော်လည်းကောင်း ထားရှိခဲ့ သည်။

ဆာနာဒ် အမိန့်ဖြင့် ရှမ်းပြည်(၃၃)နယ်ကို ဗမာပြည်ဗြိတိသျှဝန်ကြီးများနှင့် ဥပဒေပြုလွှတ် တော်အပြင်ဘက်တွင် ထားရှိခဲ့သည်။ ပဒေသရာဇ်ရှမ်းပြည်သည် ဥပဒေပြုမှု၊ စံမံအုပ်ချုပ်မှု၊ တရားစီရင်မှု အာဏာများကို ဘုရင်ခံ လက်တွင်း၌သာ ထားရှိခဲ့သည်။ ၁၉၂၂ ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းကို ပေါင်း၍ ပဒေသရာဇ်ရှမ်းပြည်ဟု ကြေငြာသတ်မှတ်ခဲ့သည်။ ၁၉၂၃ ခုနှစ် မြန်မာပြည်မကို ဒိုင်အာခီ အုပ်ချုပ်ရေးတိုးမြင့်ပေးချိန်တွင် ပြည်မဥပဒေပြုကောင်စီက ပြုလုပ်သောအက်ဥပဒေများ သည် ပဒေသရာဇ်ရှမ်းပြည်ကို အာဏာသက်ရောက်ခြင်းမရှိခဲ့ပေ။ ထိုနည်းတူ ၁၉၃၇ တွင် မြန်မာပြည်အား(၉၁)ဌာန အုပ်ချုပ်ရေး ပြောင်းလဲတိုးမြင့်ပေးသောအခါလည်း ပဒေသရာဇ် ရှမ်းပြည်ကို အကျုံးမဝင်ခဲ့ပေ။ မြန်မာနိုင်ငံ လွတ်လပ်ရေးရသည်အထိ ပဒေသရာဇ်ရှမ်းပြည် သည် ဆက်လက်သီးသန့်ရှိခဲ့လေသည်။

••••ပဒေသရာဇ်စနစ် တော်လှန်ရေး•••••

ပထမကမ်ဘာစစ်အပြီးတွင် ဥရောပနိုင်ငံများသည် စီးပွားရေးကျဆင်းလာမှုကြောင့် ဗြိတိသျှ ကိုလိုနီအုပ်ချုပ်မှု အောက်ရောက် မြန်မာပြည်ကိုလည်း အထွေထွေအကျပ်အတည်းများ ရိုက်ခတ်လာသည်။ စီးပွားရေးကျပ်တည်း မှုကြောင့် နယ်ရှင်စော်ဘွားများလည်း ခါတိုင်း ထက် အခွန်ကို (၅ဝ)ရာခိုင်နှုန်း တိုးမြင့်ကောက်ခံသဖြင့် သေမထူး နေမထူးဆင်းရဲသား ပြည်သူများသည် ပဒေသရာဇ်စနစ်ကို တော်လှန်လိုသော စိတ်ဓါတ်ပြင်းပြလာကြသည်။
ပဒေသရာဇ်မင်းများသည် အခွန်မဆောင်နိုင်သော ရွာများမှ ရွာသူရွာသားများအား ဖမ်းဆီး နှိပ်စက်ခြင်း၊ အိမ်ရှိ ပစ္စည်းအသုံးအဆောင်များကို သိမ်းယူသည့်အပြင် နောက်ဆုံးတွင် ရွာများကိုပါ မီးရှို့ဖျက်ဆီးခဲ့သည်။

ထိုလုပ်ရပ်များကို မခံမရပ်နိုင်သည့် ဖြားတန်ကောင်ခဲက ဖိနှိပ်ညှင်းပမ်းမှုများကို တွန်းလှန် ကြရန် ၁၉၂၉ ခုနှစ်တွင် စတင် နိုးဆော်စည်းရုံးခဲ့သည်။ ပင်လုံနယ် ဟွေးဟွမ်းပအိုဝ်းရွာကို မီးရှို့ရာမှ လူထုများက မခံမရပ်နိုင် ဖြစ်လာပြီး ရရာလက်နက်များကို စွဲကိုင်၍ ပဒေသရာဇ် စနစ်ကို ပြန်လှန်ခုခံခဲ့ကြသည်။ ပဒေသရာဇ် စနစ် တော်လှန်မှုအရှိန်အဟုန်သည် ပင်လုံနယ်၊ လဲချားနယ်သာမက အခြားနယ်များပါ ကူးစက်ပျံ့နှံ့လာသည်။ လဲချား စော်ဘွားက ဖြားတန် ကောင်ခဲ၏ ဦးခေါင်းကို ရပါက ဆုငွေ ၅ဝဝ ကျပ်ပေးမည်ဟု ကြေငြာခဲ့သည်။ ဖြားတန် ကောင်ခဲဦးဆောင်သော တော်လှန်ရေးအင်အား ၃၂ ဦးသည် ဓါးလွယ်ကိုစီဖြင့် မြင်းစီးပြီး ပင်လုံဈေးအတွင်း ပဒေသရာဇ်အခွန်ကောက်ခံပေးသူ ဟိန်ထွန်းအား လိုက်လံခုတ်ဖြတ် ခဲ့သည်။ ဖြားတန်ကောင်ခဲက လွိုင်လင်ဝန် ထောက်၏ လာတောင်းပန်မှုကို လက်မခံဘဲ ပယ်ချခဲ့သည်။

ထိုကြောင့် စော်ဘွားများသည် ၎င်းတို့၏ ပဒေသရာဇ်ကောင်စီတွင် ညှိနှိုင်းကြပြီး ပအိုဝ်းတိုင်းရင်းသားများက နိုင်ငံတော်ကို ပုန်ကန်သည်ဟု စွပ်စွဲခဲ့သည်။ ထိုစွပ်စွဲချက်ကြောင့် အခြေအနေပို၍ တင်းမာလာပြီး နောက်ဆုံး တွင် စော်ဘွားများက အင်္ဂလိပ်အစိုးရထံ လက်နက်နှင့် စစ်ကူများတောင်းခံခဲ့ရသည်။ အဆိုပါ ပဒေသရာဇ်စနစ် တော်လှန်ရေးသည် လဲချားစော်ဘွားက မိမိ၏လက်အောက်စော်ဘွား ပုလိပ်များသာမက အင်္ဂလိပ်မျက်နှာ ဖြူတို့ အုပ်ချုပ်သော ကုလားတပ်များကိုပါ အကူအညီခေါ်ယူပြီး ပအိုဝ်း ကျေးရွာများအား မြေလှန်ပစ်စနစ်ဖြင့် ရက်ရက် စက်စက်နှိပ်နှင်းခဲ့ကြသည်။ ပထမအကြိမ် ပဒေသရာဇ်တော်လှန်ရေးသည် လက်နက်အင်အား၊ လူအင်အား မမျှတခြင်းကြောင့် နောက်ဆုံးတွင် ဖြားတန်ကောင်ခဲ ဦးဆောင်သော ပထမပဒေသရာဇ်တော်လှန်ရေးသည် အရေးနှိမ့်ခဲ့ရသည်။

ထိုနောက် ၁၉၄၉ ခုနှစ် သြဂုတ်လ(၁၃)ရက်နေ့တွင် နော်ဆိုင်းဦးဆောင်သော ကချင်တပ်၊ ကာနယ်အက်စသိမ်း ဦးဆောင်သော ကရင်တပ်နှင့် ဗိုလ်ကြီးပန်းမောင် ဦးဆောင်သော ပအိုဝ်းတပ်တို့ပူးပေါင်းကြပြီး ရှမ်းပြည်နယ်မြို့ တော်တောင်ကြီးကို သိမ်းပိုက်လိုက်သည်။ တောင်ကြီးမြို့ကို သုံးလကြာသိမ်းပိုက်ပြီးနောက် နိုဝင်ဘာလ(၂၃) ရက်နေ့တွင် ပြည် ထောင်စုအစိုးရတပ်က ပြန်လည်သိမ်းယူသောအခါ ပအိုဝ်းတပ်များသည် တောင်ကြီးမြို့ တောင်ဘက်သို့ ဆုတ်ခွာခဲ့သည်။ ထို့နောက် ၁၉၄၉ ခုနှစ် ဒီဇင်ဘာလ(၁၁)ရက်နေ့တွင် “ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့(ပအလဖ)”ကို ဖွဲ့စည်း၍ ဒုတိယအကြိမ် ပဒေသ ရာဇ်တော်လှန်ရေးကို ဆင်နွဲရန် စော်ဘွား များကို စတင်စစ်ကြေငြာခဲ့သည်။

ပြည်ထောင် စုအစိုးရ၏ ပြည်တွင်းဆူပူမှုငြိမ်းချမ်းရေးကမ်းလှမ်းချက်ကြောင့် ၁၉၅ဝ ခုနှစ် ဇူလှိုင်လတွင် ဗိုလ်ဟိန် မောင်နှင့် ဗိုလ်ချန်ဇုံ ဦးဆောင်သော ပအလဖအဖွဲ့သည် ပထမအကြိမ် ပြည် ထောင်စုတပ်၏ ငြိမ်းချမ်းရေးကမ်း လှမ်းချက်ကို သဘောတူခဲ့သည်။ သို့သော်လည်း စော်ဘွားများသည် လွတ်လပ်ရေးအချုပ်အချာအာဏာကို အလွဲသုံးစားပြုကာ အခွန်များကို မတရားကောက်ခံလာကြပြန်သည်။ အခွန်မဆောင်နိုင်လျှင် ပြည်ထောင်စုရန် သူဟူ၍ ပြည်ထောင်စုအစိုးရနှင့် လှည့်တိုက်ပေးသည်။ အခွန်မဆောင်နိုင်သူများကို ပြည်ထောင်စု ကို ဖြိုခွဲသူ အဖြစ် ပြည်ထောင်စုအစိုးရထံ တိုင်တန်းကြသည်။ ၁၉၅၁ ခုနှစ် ဇန္နဝါရီလ (၂၁)ရက်နေ့တွင် စော်ဘွားများစိုး ရိမ်မှုဖြင့် ဗိုလ်ချန်ဇုံကို ရုတ်တရက်ဖမ်းဆီးပြီး မန္တလေး ထောင်သို့ပို့လိုက်သည်။ ထောင်မှလေးလကြာသောအခါ ပြန်လွတ်လာသော ဗိုလ်ချန်ဇုံ သည် အလင်းဝင် ပအလဖရဲဘော်များနှင့်အတူ အစိုးရအပေါ်မယုံသင်္ကာသဖြင့် တောပြန်ခို ခဲ့သည်။

တရုတ်နိုင်ငံတွင် ကွန်မြူနစ်ပါတီသည် ကိုမင်တန်အစိုးရကို နှစ်ရှည်ကြာတော်လှန်ခဲ့ရာမှ ၁၉၄၉ ခုနှစ် အောက် တိုဘာလတွင် တပြည်လုံးကို အောင်ပွဲခံခဲ့သည်။ ထိုကြောင့် စစ်ရံှုး ကိုမင်တန်တပ်များသည် နယ်နိမိတ်ကို ဖြတ် ကျော်၍ ရှမ်းပြည်နယ်အရှေ့ပိုင်းသို့ ဝင်ရောက်လာပြီး တဖြည်းဖြည်းဖြင့် သံလွင်မြစ်အရှေ့ပိုင်းသာမက ရှမ်း-ကယားနယ်စပ် ကန္တူကြီးဒေသအထိ ကျူးကျော်ဝင်ရောက်လာသည်။

တနေ့တခြားကြီးထွားလာသော တရုတ်ဖြူတပ်မျာကို တားဆီးနိုင်ရန် ရှမ်းပြည်နယ် (၂၂)နယ်ကို ၁၉၅၂ ခုနှစ် အောက်တို ဘာလတွင် နိုင်ငံတော်သမ္မတက စစ်အုပ်ချုပ်ရေးကြေငြာခဲ့သည်။ ပဒေသရာဇ်ကို ဆန့်ကျင် တော်လှန်နေသည့် ပအလဖ တပ်များလည်း ပဒေသရာဇ်စနစ်ထက် ပို၍အရေး ကြီးသော ပြည်ပကျူးကျော်သူ တရုတ်ဖြူများကို အဓိကထားတိုက်ထုတ်ခဲ့ရသည်။ ၁၉၅၄ ခုနှစ် ဖေဖော်ဝါရီလတွင် ဘုရင့်နောင်စစ်ဆင်ရေးနှင့် ရန်ကြီးအောင်စစ်ဆင်ရေးဖြင့် ဗိုလ်မှူး ချုပ်ကျော်ဇော ဦးဆောင်သော ပြည်ထောင်စုတပ်က တရုတ်ဖြူများကို ထိုင်း-မြန်မာ နယ်စပ်အထိ တိုက်ထုတ်နိုင်ခဲ့သည်။ ထိုနှစ် ဇူလှိုင်လ(၃၁)ရက်နေ့တွင် ရှမ်းပြည်နယ် စစ်အုပ်ချုပ် ရေးကို ပြန်ရုပ်သိမ်းခဲ့သည်။

၁၉၅၈ ခုနှစ်တွင် ပအမဖ အမှုဆောင် ဦးဖြူနှင့် ဦးကျော်စိန် တို့ပြန်လည်လွတ်မြောက် လာပြီး တောတွင်းပအိုဝ်း လက်နက်ကိုင် ပအလဖနှင့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးခဲ့ သည်။ ထိုနှစ် မေလ(၅)ရက်နေ့တွင် ပအလဖအဖွဲ့ လူအင်အား(၁ဝဝဝ)က ပြည်ထောင်စု အစိုးရ၏ ဒုတိယအကြိမ် ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို သဘောတ ူခဲ့သည်။

••••••••ပဒေသရာဇ်စနစ် ဆန့်ကျင်ရေး••••••••••

၁၉၃၈ ခုနှစ်ခန့်မှစ၍ ရှမ်းပြည်မှ လူငယ်အချို့သည် နိုင်ငံရေးအသိစိတ်ဓါတ် နိုးကြား လာကာ ကိုတင်အေးနှင့် ကိုဘမောင် စသည့် ရှမ်းလူငယ်များက ဦးစီး၍ အလင်းရောင် စာကြည့်တိုက်ဖွင့်လှစ်ခြင်းကြောင့် နိုင်ငံရေး စာပေများ ပိုမိုပျံ့နှံ့လာခဲ့သည်။ ဒုတိယကမ်ဘာ စစ်အတွင်း ၁၉၄၂ ခုနှစ် မေလတွင် မြန်မာတစ်ပြည်လုံးကို ဖက် ဆစ်ဂျပန်က သိမ်းယူခဲ့ သည်။ ၁၉၄၃ ခုနှစ်တွင် ဂျပန်အစိုးရသည် မြန်မာပြည်ကို လွတ်လပ်သော နိုင်ငံအဖြစ် ကြေငြာကာ ရှမ်းပြည်နယ်များကို မြန်မာနိုင်ငံအတွင်းသို့ တည့်သွင်းလိုက်သည်။
ထိုအုပ်ချုပ်ရေးသစ်ကြောင့် ရှမ်းပြည်ရှိ နိုင်ငံရေးနိုးကြားသော လူငယ်များသည် ပြည်မနိုင်ငံရေး သမားများနှင့် ပူးပေါင်းပြီး လွတ်လပ်ရေးအတွက် လှုပ်ရှားလာကြသည်။ ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလ(၈)ရက်နေ့တွင် ဖဆပလ အဖွဲ့ချုပ်အမှုဆောင်များနှင့် ပအိုဝ်းအမျိုးသား ဦးဘတင်အပါအဝင် ရှမ်းပြည်ကိုယ်စားလှယ်(၁ဝ)ဦး တွေ့ဆုံဆွေး နွေးခဲ့သည်။ နိုးကြား တက်ကြွသော ဦးတင်အေးနှင့် ရှမ်းလူငယ်များ လှုပ်ရှားမှုကြောင့် ၁၉၄၆ ခုနှစ် စက်တင်ဘာ လ(၂ဝ)ရက်နေ့တွင် “ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ချုပ်(ရပလ)”ကို ဖွဲ့စည်းနိုင်ခဲ့ သည်။ ဤအဖွဲ့၏ အဓိက ဦးတည် ချက်မှာ ဗြိတိသျှနယ်ချဲ့လက်အောက်မှ လွတ်မြောက် ရေးနှင့် ပဒေသရာဇ်စနစ်လက်အောက်မှ လွတ်မြောက် ရေးတို့ဖြစ်သည်။

ရှမ်းပြည်သည် ဒုတိယကမ်ဘာစစ်အပြီး၌ ရှမ်းပြည် ပြည်သူ့ရဲဘော်အဖွဲ့၊ ကျောင်းသားသမဂ္ဂ၊ အလုပ်သမားသမဂ္ဂ၊ တောင်သူလယ်သမားသမဂ္ဂ၊ လူငယ်အစည်းအရုံး၊ အမျိုးသမီးအဖွဲ့၊ ဘတ်စ်ကားသမဂ္ဂ စသောလူထု လူတန်းစား အဖွဲ့ ပေါ်ပေါက်လာခဲ့သည်။ ထိုနည်းတူ ၁၉၄၆ တွင် ဦးဘိုးခင် ဦးဆောင်မှုဖြင့် ပအိုဝ်းအမျိုးသားကို ကိုယ်စားပြု သည့် “ပအိုဝ်းလွောင်း ဗူးအဖွဲ့” လည်းပေါ်ပေါက်လာသည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပသော ဒုတိယ ပင်လုံညီလာခံကို တက်ရောက်လာသော တောင်ကြီးမှ ပြည်သူ့ရဲဘော်များ၊ ကျောင်းသူ ကျောင်းသားများ၊ ရပလ အဖွဲ့ဝင်များ စသည်ဖြင့် လွတ်လပ်ရေးရရှိရေး၊ တောင်တန်း မြေပြန့်ညီညွတ်ရေးနှင့် ပဒေသရာဇ်စနစ် ပျက်စီးရေး ဟူ၍ ကြွေးကြော်ကြသည်။ ထိုအချိန် တွင် ပဒေသရာဇ်စော်ဘွားဆန့်ကျင်ရေး၌ အဓိကဦးဆောင်သူများမှာ ရှမ်းပြည် ပြည်သူ့ ရဲဘော်တပ်ဖွဲ့နှင့် ရပလ အဖွဲ့များဖြစ်သည်။ သို့သော်လည်း ပြည်မနှင့်အတူ လွတ်လပ် ရေးရရှိရေးကို ရှေ့တန်းတင်ခဲ့ရသည့်အတွက် လွတ်လပ်ရေးမရမှီ စော်ဘွားနှင့် ပြေလည် အောင်ဆက်ဆံခ ဲ့ကြရသည်။ လွတ်လပ်ရေးကို အဓိကထားပြီး စော်ဘွားများနှင့် လက်တွဲ ခြင်းကို မကျေနှပ်သော ရပလ အဖွဲ့ဝင် တချို့သည် ရပလမှ ခွဲထွက်ကာ ရှမ်းပြည်သစ် အဖွဲ့ကို တည်ထောင်ခဲ့သည်။ ဤအဖွဲ့တွင် ကိုဘရီနှင့် ကိုစံတင်တို့ ဦးဆောင်၍ မိုးမိတ်မှ လူငယ်အများအပြား ပါဝင်ခဲ့သည်။ ပဒေသရာဇ်စော်ဘွားများ ဆန့်ကျင်လှုပ်ရှားမှုသည် နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုနှင့်အတူ ပေါ်ပေါက်လာခဲ့သော်လည်း လွတ်လပ်ရေးကို အဓိကဦးစားပေး ခြင်း ကြောင့် ပဒေသရာဇ်ဆန့်ကျင်ရေး အင်အားစုမှာ အကွဲကွဲအပြားပြား ဖြစ်ခဲ့ကြရသည်။

၁၉၄၇ ခုနှစ် စက်တင်ဘာလတွင် တတိယအကြိမ်မြောက် တိုင်းပြုပြည်ပြုညီလာခံကျင်းပ၍ မြန်မာနိုင်ငံ၏ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေကို အတည်ပြုနိုင်ခဲ့သည်။ ဤဖွဲ့စည်း အုပ်ချုပ် ပုံအခြေခံဥပဒေအရ ရှမ်းပြည်နယ်နှင့် ပတ်သက်၍ စော်ဘွားများမှာ မိမိတို့နယ်ပယ်၌ အုပ်ချုပ်ခွင့်၊ တရားစီရင်ခွင့်၊ အခွန်ကောက်ခံခွင့်အာဏာများကို ဆက်လက်ရရှိပြန်သည်။ ထိုပြင် ယခင်က မရဖူးသော ဥပဒေပြုအာဏာကိုပါ လက်ဝယ်ရရှိလိုက်ကြသည်။ ဤသို့ဖြင့် လွတ်လပ်သော မြန်မာနိုင်ငံတွင် စော်ဘွားများက ပဒေသရာဇ်အခွင့်အရေး အာဏာများ အပြည့်အဝရ ရှိလာကြသည်။ ထိုကြောင့် ရပလ အဖွဲ့က ဤဖွဲ့စည်းပုံကို ပြင်းထန်စွာကန့် ကွက်ကြသည်။ ရပလ အဖွဲ့သည် ဖဆပလ အဖွဲ့ကို အားကိုးသည်မှာ လွဲမှားကြောင်း ၁၉၄၈ ခုနှစ် ဇန္နဝါရီလ (၃)ရက်နေ့တွင် ပထမအကြိမ် ရှမ်းပြည်နယ်ကောင်စီ ဥက္ကဋ္ဌ ရွေးကောက်ပွဲ၌ ကြုံတွေ့ခဲ့သည်။ ဤရွေးကောက်ပွဲသည် စော်ဘွား(၁၁)ဦး၊ ပြည်သူ့ ကိုယ်စား(၁၁)ဦး၊ ကချင်ကိုယ်စားလှယ်(၂)ဦးနှင့် ကိုးကန့်စော်ဘွားတရုတ်အမျိုးသား(၁)ဦး စုစုပေါင်း (၂၅)ဦးတို့ပါဝင်သော ရှမ်းပြည်နယ်ကောင်စီ ဥက္ကဋ္ဌရွေးကောက်ပွဲအတွက် မိုးမိတ် စော်ဘွားကြီး စဝ်ခွန်ချိုနှင့် ပြည်သူ့လွတ်တော်အမတ် ဦးထွန်းမြင့်(လင်းခေး)အပါအဝင် ယှဉ်ပြိုင်ကြသည်။ မဲစနစ်ဖြင့် ရွေးချယ်ခဲ့ရာ ဦးထွန်းမြင့်က အနိုင်ရ၍ ပြည်နယ်ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ သို့သော်လည်း ဝန်ကြီးချုပ်ဦးနုသည် ဦးထွန်းမြင့်ကို ပြည်နယ်ဥက္ကဋ္ဌမှ ဖြုတ်ချပြီး စဝ်ခွန်ချိုကို ပြည်နယ်ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့သည်။

၁၉၅ဝ ခုနှစ် သြဂုတ်လ(၂၂)ရက်နေ့တွင် ယခင်က ဖွဲ့စည်းသော “ပအိုဝ်းလွောင်းဗူးအဖွဲ့”မှ “ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပအမဖ)” ဟူ၍ ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ၎င်း၏ ဦးတည်ချက်မှာ ပဒေသရာဇ်စနစ် ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီရေးဖြစ်ပြီး ပအိုဝ်းအမျိုးသား ရေးအတွက် ဥပဒေဘောင်အတွင်း လှုပ်ရှားလာခဲ့လေ သည်။ ဤအဖွဲ့၏ ဥက္ကဌ ဦးဘိုးခင်နှင့် အတွင်းရေးမှူး ဦးဖြူနှစ်ဦးလုံးမှာ ရှမ်းပြည်နယ်ကောင်စီဝင်များ ဖြစ်လေ သည်။ ဒီဇင်ဘာလ (၄)ရက်နေ့တွင် ပအမဖ ဦးဆောင်မှုဖြင့် တောင်တန်းဒေသ ပအိုဝ်းလူထုဆန္ဒပြပွဲကြီး တစ်ရပ် ကျင်းပခဲ့သည်။ ထိုဆန္ဒပြပွဲ၌ ပဒေသရာဇ်စနစ်အလိုမရှိ၊ ပအိုဝ်းအရေးချက်ချင်းပေး၊ ပြည်ထောင်စုတည်မြဲပါစေ၊ ဒီမိုကရေစီအရေးတို့အရေးစသဖြင့် ကြွေးကြော်ကြသည်။ လူထုတစ်သောင်းနီးပါးပါဝင်၍ တောင်ကြီးမြို့အတွင်း လှည့်လည်ဆန္ဒပြပြီး လူထုစည်းဝေး ပွဲညီလာခံကို တောင်ကြီးမြို့ဘောလုံးကွင်းတွင် ပြုလုပ်ခဲ့သည်။ ထို့ပြင် ထိုစည်းဝေးပွဲ၏ တောင်းဆိုချက်များနှင့် ပတ်သက်၍ အစီရင်ခံစာ တင်သွင်းချက်တစ်စောင်ကို ထိုစဉ်က ရှမ်း ပြည်နယ် ဝန်ကြီးတစ်ဦးဖြစ်သော ပအိုဝ်းဝန်ကြီး ဦးဘိုးခင်မှတဆင့် ပြည်ထောင်စု အစိုးရသို့ပေးပို့ခဲ့သည်။

ဤသို့လူထုဆန္ဒပြပွဲ၊ လူထုစည်းဝေးပွဲပြုလုပ်၍ စော်ဘွားများကို ဆန့်ကျင်မှုအရှိန်အဟုန် မြင့်မားလာခြင်းကြောင့် ၁၉၅၁ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့၌ စော်ဘွားများသည် ပအိုဝ်း ခေါင်းဆောင်များကို ခေါ်ယူတွေ့ဆုံ၍ အပြန် အလှန်စေ့စပ်မှုများ ပြုလုပ်သည်။ သို့သော် ပအမဖ တို့၏ တောင်းဆိုချက်များအတိုင်း ပြုပြင်ဆောင်ရွက်မှုများ ဖြစ်ပေါ်မလာခဲ့ပေ။ ၁၉၅၂ ခုနှစ် ဖေဖော်ဝါရီလ(၂၈)ရက်နေ့တွင် ရှမ်းပြည်နယ် အနာဂါတ်တိုးတက်ရေးအတွက် အထူးစုံစမ်းရေးကော်မရှင်တစ်ရပ် နိုင်ငံတော်သမ္မတက ဖွဲ့စည်းထားကြောင်းကြေငြာခဲ့ သည်။ ထိုအထူးစုံစမ်းရေး ကော်မရှင်အဖွဲ့ကို ညောင်ရွေှစော်ဘွားကြီး စဝ်ရွေှသိုက်၏ လှုံ့ဆော်မှုကြောင့်ဖွဲ့စည်းထားသဖြင့် ပဒေသရာဇ် ဆန့်ကျင်ရေးအဖွဲ့များက ဆန့်ကျင်ဆန္ဒပြ ကြသည်။ ၎င်းကော်မရှင်ဖွဲ့စည်းရာတွင် ရှမ်းပြည်နယ်ကောင်စီနှင့် ဆွေးနွေးခြင်းမပြုဘဲ စော်ဘွားတို့၏ အလိုကျဖွဲ့စည်းထားသော ကော်မရှင်အဖွဲ့ဖြစ်သည်။ ပအမဖအဖွဲ့လည်း ဧပြီ လ(၁၂)ရက်နေ့၌ စည်းဝေးပွဲထိုင်ပြီး ဤကော်မရှင်၏ တွေ့ဆုံမေးမြန်းခြင်းကို လက်မခံ ကြရန် ဆုံးဖြတ်ချက် ချကြသည်။ ထို့ပြင် ဤအထူးစုံစမ်းရေးကော်မရှင်တွင် ပါဝင်သော ပုဂ္ဂိုလ်များကို လက်မခံနိုင်ကြောင်း လူထုဆန ္ဒပြပွဲကျင်းပ၍ ကန့်ကွက်လှုပ်ရှားခဲ့ကြသည်။

နမ်းခမ်းအမတ် ဦးထွန်းအေး ဦးဆောင်၍ ပအိုဝ်းလူထုကိုယ်စားလှယ်၊ အင်းလေးလူထု ကိုယ်စားလှယ်၊ ကုန်သည် ပွဲစား၊ ကျောင်းသားလူငယ်များ၊ ပါဝင်သည့် ရှမ်းပြည်နယ် အုပ်ချုပ်ရေး အထူးစုံစမ်းရေးကော်မရှင် တိုက်ဖျက်ရေး အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ဤအဖွဲ့ သည် ၁၉၅၂ ခုနှစ် မေလ(၂၂)ရက်နေ့တွင် တောင်ကြီးမြိုၤ့၌ လူထုအစည်း အဝေးပွဲကြီးနှင့် ဆန္ဒပြပွဲတစ်ရပ်ကို ကျင်းပခဲ့သည်။ ၎င်းစည်းဝေးပွဲသည် ရပ်စောက်၊ ပင်းတယ၊ ပွေးလှ၊ ဟိုပုံးနှင့် တောင်ကြီးနယ်ပေါင်းစုံမှ ရှမ်းပြည်နယ်တိုင်းရင်းသားများဖြစ်သော ရှမ်း၊ ဓနု၊ တောင်ရိုး၊ အင်းသား၊ လီရှော၊ ပအိုဝ်း၊ ဂေါ်ရခါးများအပါအဝင် လူထုနှစ်သောင်းကျော် တက်ရောက်ခဲ့ကြသည်။ ထိုလူထုအစီးအဝေးပွဲကြီးတွင် အဆိုသုံးရပ်တင်သွင်းဆုံးဖြတ် အတည်ပြုပြီးနောက် တောင်ကြီးမြို့တွင်း၌ “ပဒေသရာဇ်စနစ်အလိုမရှိ၊ စုံစမ်းရေး ကော်မ ရှင်အလိုမရှိ၊ ဒီမိုကရေစီအုပ်ချုပ်ရေးချက်ချင်းပေး” စသဖြင့် ကြွေးကြော်ကာ ရှမ်းပြည်နယ် များအစိုးရရုံး ရှိရာသို့ ချီတက်ဆန္ဒပြခဲ့ကြသည်။

၁၉၅၁ ခုနှစ် သြဂုတ်လ(၁၈)ရက်နေ့ကတည်းက တောင်ကြီးမြို့၌ ကျင်းပသော စော်ဘွား များအစည်းအဝေးတွင် စော်ဘွားများအုပ်ချုပ်ရေး အာဏာစွန့်လွတ်မည်ဟု ဆုံးဖြတ်ချက်ချ ခဲ့ကြသော်လည်း ၁၉၅၂ ခုနှစ် နိုဝင်ဘာလ (၂၅)ရက်နေ့ရောက်မှ ထိုဆုံးဖြတ်ချက်ကို ထုတ်ပြန်ကြေငြာခဲ့သည်။ သို့သော်လည်း ဝန်ကြီးချုပ်ဦးနုကြား ကန်ပေးမှုကြောင့် စော်ဘွား များသည် အုပ်ချုပ်ရေးအာဏာကိုချက်ချင်းမစွန့်လွတ်ဘဲ ဆက်လက်ချုပ် ကိုင်ခဲ့ သည်။ ဖဆပလအစိုးရသည် ပဒေသရာဇ်စော်ဘွားများ အာဏာစွန့်ရေးကို ထိထိရောက် ရောက်မကိုင်တွယ်ဘဲ စော်ဘွားများနှင့် ပြေလည်အောင် ညှိနှိုင်းပြီး ရှမ်းပြည်နယ်အရေးကို ခြယ်လှယ်ခဲ့သည်။ ပဒေသရာဇ် စနစ်ဆန် ကျင်ရေးစိတ်ဓါတ်ပြင်းထန်သော ပအမဖသည် စော်ဘွားအရေးနှင့် စပ်လျဉ်း၍ ဖဆပလကို လုံးဝမကျေနှပ်ခ ဲ့ကြပေ။ ပအမဖသည် ပအိုဝ်း လူမျိုးတစ်ယောက်ကျန်သည်အထိ တိုင်းရင်းသားပေါင်းစုံ ပဒေသရာဇ်စနစ်လက် အောက်မှ လွတ်မြောက်ရေးကို ရှေးရှုသွားမည်ဟု သံန္နိဌာန်ချ ကြွေးကြော်ထားသည့်အဖွဲ့ဖြစ်သည်။

ပဒေသရာဇ်စနစ် ဆန့်ကျင်တိုက်ဖျက်ရေးကို ပထမဦးဆုံးစတင်ဦးဆောင်ခဲ့သော ရှမ်းပြည် လွတ်လပ်ရေး အဖွဲ့ချုပ် (ရပလ) မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးကာလတွင် အကွဲကွဲ အပြားပြားဖြစ်သွားသည်။ ၁၉၅၂ ခုနှစ် တွင်းတွင် အင်းလေးညီညွတ်ရေးအသင်း (ယူအိုင် အေ)နှင့် ပြည်သူ့လွတ်လပ်ရေးအဖွဲ့(ရှမ်းပြည်) ပလရ တို့ပေါ် ပေါက်လာခဲ့သည်။ ၁၉၅၃ ခုနှစ် စက်တင်ဘာလတွင် ဖဆပလ ခေါင်းဆောင်လည်းဖြစ် ကာကွယ်ရေးဝန်ကြီး တာဝန် ယူထားသော ဦးဗဆွေသည် စော်ဘွားများဦးစီးသော တစညဖ အပါအဝင် ရှမ်းပြည်နိုင်ငံ ရေးအသင်း အဖွဲ့များကို ရန်ကုန်တွင် တွေ့ဆုံခဲ့သည်။ ၎င်းနောက် တစညဖ၊ ပလရနှင့် ပအမဖ ပါဝင်သော ရှမ်းပြည် လုံးဆိုင် ရာအဖွဲ့ချုပ် (ရပလဖ)ကို ဖွဲ့စည်းခဲ့သည်။ ရပလဖ ကို ဦးဗဆွေ ကမကထပြု၍ ဖွဲ့စည်းခဲ့ရာတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ခေါင်းဆောင် များနှင့်သာ ညှိနှိုင်းဖွဲ့စည်းခြင်းကြောင့် ပလရနှင့် ပအမဖ အဖွဲ့ဝင်များက မကျေ မနှပ် ဖြစ်ခဲ့ကြသည်။ ပအမဖ အဖွဲ့သည် ရပလဖ အဖွဲ့ချုပ်၏ ဖွဲ့စည်းစကပင် အဖွဲ့ချုပ်၏ အစီအစဉ်ကို မကျေနှပ်၍ အဖွဲ့ချုပ်မှ နှုတ်ထွက်ခဲ့သည်။ ၁၉၅၄ ခုနှစ် ဇွန်လတွင် ပအမဖ အမှုဆောင် ဦးဖြူ၊ ဦးကျော်စိန်နှင့် ဦးထွန်းရီတို့ကို ပုဒ်မ(၅)ဖြင့် ဖမ်းစီးခြင်းခံရပြီး မန္တလေးထောင်သို့ရောက်ခဲ့ရသည်။ ရပလဖ အဖွဲ့ချုပ်သည် ပဒေသရာဇ်စနစ် ပပျောက်ရေး လုပ်ငန်းကို ထိရောက်စွာ မဆောင်ရွက်နိုင်သောကြောင့် ၁၉၅၅ ခုနှစ်အတွင်း ပအမဖ အဖွဲ့က ရှမ်းပြည်၌ ဒီမိုကရေစီရှင်သန်ရေး၊ ရှမ်းပြည်အုပ်ချုပ်ရေးတစ်ခုလုံး ပြောင်းပစ် ရေးနှင့် စော်ဘွားများကြီး စိုးနေ သော ရှမ်းပြည်ကောင်စီကို ပြောင်းပစ်ရေး စသဖြင့် တောင်း ဆိုခဲ့သည်။ ပလရ သည် ပဒေသရာဇ်စနစ်ဆန့် ကျင်ရေး ဦးတည်ချက်ကို ကိုင်တွယ်ထား သဖြင့် စော်ဘွားဦးစီးသော တစညဖ အဖွဲ့၏ ခံယူချက်နှင့် မတူသဖြင့် များမကြာမီ စော်ဘွားများသည် ရပလဖ အဖွဲ့ကနေခွဲထွက်ပြီး ရှမ်းပြည်တောင်တန်းသား စည်းလုံး ညီညွတ်ရေး အဖွဲ့(ရတစညဖ)ဟူ၍ ဖွဲ့စည်းခဲ့သည်။

၁၉၅၃ ခုနှစ် ဇူလှိုင်လ(၁၇)ရက်နေ့တွင် စော်ဘွားများစည်းဝေးပွဲ တစ်ရပ်ကျင်းပခဲ့သည်။ ဤစီးဝေးပွဲတွင် စော် ဘွားများ အာဏာစွန့်ရေးအတွက် ၁၉၂၂ ခုနှစ်က ရရှိထားသော အခွန်တော်အတိုင်း နယ်မြေအလိုက် ၁၅ ရာခိုင် နှုန်း (သို့) ၂၅ ရာခိုင်နှုန်းအတိုင်း တွက်ချက်၍ ဂရုဏာငွေပေးရေး၊ လောင်းကစားဝိုင်းမှရရှိသော အခွန်ငွေ ၁၅ နှစ်စာပေးရေး စသည့်အချက်များအပါအဝင် တောင်းဆို ချက်(၁၇)ချက် တင်ပြခဲ့သည်။ သို့သော် ထိုတောင်းဆို ချက်ကို ရှမ်းပြည်နယ်ကောင်စီထံသို့ မတင်ပြသဖြင့် စော်ဘွားများ အာဏာ စွန့်ရေးသည် ပြည်မအစိုးရက တိုက်ရိုက်ကိုင်တွယ်သည်ကို ထင်ရှားနေသည်။ စော်ဘွား များလျော်ကြေးတောင်းဆိုချက်နှင့် စပ်လျဉ်း၍ ၁၉၅၆ ခုနှစ် ပြည်သူ့လွတ်တော် အစည်း အဝေးဆုံးဖြတ်ချက်ဖြင့် ပထမအရစ် ထောက်ပံ့ကြေး ငွေသိန်း ၅ဝ ကို ချမှတ် ပေးခဲ့သည်။ တဖန် ၁၉၅၇ ခုနှစ် စက်တင်ဘာလတွင် ပြည်သူ့လွတ်တော်အစည်းအဝေးက သိန်း ၅ဝ ဖြင့် ထပ်မံခွင့်ပြုခဲ့ပြန်သည်။ ဝန်ကြီးချုပ်ဦးနုသည် စော်ဘွားများ အာဏာစွန့်ရေး အပြီး သတ် ဆောင်ရွက်ပေးမည်ဟု ၁၉၅၇ ခုနှစ် စက်တင်ဘာလတွင် ကြေငြာခဲ့သည်။ စော် ဘွားများမနစ်နာအောင် ဂရုဏာကြေး သိန်း(၂ဝဝ) ထုတ်ပေးမည်ဟု ထဲ့သွင်းပြော ကြားခဲ့သည်။

၁၉၅၆ ခုနှစ်တွင် ညောင်ရွေှအရှေ့ဘက် မဲဆန္ဒနယ် ပအမဖ လွတ်တော်အမတ် ဦးအောင်သာနှင့် လုပ်ဖော်ကိုင် ဖက်များဖြစ်သော ဦးဟိန်မောင်၊ ဦးပေါင်းစင်ထွန်နှင့် ဦးကျန် တို့သည် လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည်။ ဖဆ ပလအစိုးရသည် ပဒေသရာဇ်စနစ် ပပျောက်ရေးကို ပြတ်ပြတ်သားသား မကိုင်တွယ်ဘဲ တိုင်းရင်းသားအချင်းချင်း သွေးကွဲ အောင်ဖန်တီးခြင်း၊ ဖမ်းဆီးသတ်ဖြတ်ဖြင်း စသဖြင့် ရှမ်းပြည်နယ်ရေးကိုခြယ်လှယ်ကာ ပြဿနာပိုကြီး ထွားစေခဲ့သည်။ ရှမ်းပြည် ပြည်သူ့လွတ်တော်အမတ်များနှင့် လူမျိုးစုလွတ် တော်အမတ်များဖြစ်သော စော်ဘွား များတို့သည် ဖဆပလ အစိုးရက ရှမ်းပြည်အရေး ကိုင်တွယ်ပုံကို မကျေနှပ်သူများ ပေါများတိုးပွားလာကာ အမတ်စုစုပေါင်း (၅ဝ)ဦးအနက် ပြည်ထောင်စုမှ ခွဲထွက်ရန် ဆန္ဒရှိသူ (၁၆)ဦးအထိရှိသည်ဟု ဦးလောရုံက ထိုအချိန်က ထုတ်သည့် နေးရှင်းသတင်းစာတွင် တင်ပြခဲ့သည်။ ၁၉၅၈ ခုနှစ် ဖဆပလ နှစ်ခြမ်း ကွဲခြင်း၏ နိုင်ငံ ရေးအခြေအနေသည် ရှမ်းပြည်သို့ရိုက်ခတ်ပြီး ပြဿနာပိုရှုပ်ထွေးလာခဲ့ သည်။ စော်ဘွားများနှင့် ဘက်တော် သားများသာ ပါဝင်သော စပ်ခွန်ချိုဥက္ကဋ္ဌအဖြစ် ခေါင်း ဆောင်သော ရတစညဖ သန်းရှင်းဖဆပလဦးနုကို ထောက်ခံလှုပ်ရှားခဲ့သည်။ နမ့်ခန်း ဦးထွန်းအေးဦးစီးသော ရပလဖ အဖွဲ့က တည်မြဲဖဆပလ ဦးဗဆွေကို ထောက်ခံပြီး ပဒေ သရာဇ်စနစ်ဆန့်ကျင်ရေး၊ စော်ဘွားအုပ်ချုပ်ရေးစနစ် တိုက်ဖျက်ရေးကို ပြင်းပြင်းထန်ထန် လှုပ်ရှားခဲ့သည်။

၁၉၅၈ ခုနှစ် အောက်တိုဘာလတွင် အိမ်စောင့်အစိုးရက အုပ်ချုပ်ရေးအာဏာရလာသည်။ ၁၉၅၂ ခုနှစ်က တည်းက စော်ဘွားများအာဏာစွန့်မည်ဟု ကြေငြာပြီး ဝန်ကြီးချုပ်ဟောင်း ဦးနုနှင့် လျော်ကြေးကိစ္စ သဘောတူ ညီမှုမရရှိ၍ စော်ဘွားများ၏ အုပ်ချုပ်ရေးအာဏာစွန့် ရေးမှာ အချိန်ကြန့်ကြာခဲ့ရသည်။ အိမ်စောင့်အစိုးရ လက် ထက်တွင် စော်ဘွားများနစ်နာ ကြေးအတွက် ပေးမည့်ငွေပမာဏစုစုပေါင်းမှာ နှစ်ကုဋေ္ဋ နှင့် လေးသန်းခန့် ရှိသည်။ ၁၉၅၉ ခုနှစ် ဧပြီလ(၂၄)ရက်နေ့တွင် ပအိုဝ်းစော်ဘွား စဝ်ခွန်ကြည်၏ သားစဝ်ခွန်အောင်မြင့် ကိုယ်စား ဒေါ်အေးသန့်အပါအဝင် စော်ဘွား(၃၃)ဦးက မိမိတို့၏ နယ်ပယ်အတွင်း အုပ်ချုပ် မှုနှင့် စီမံပိုင်ခွင့်အာဏာများကို ရှမ်းပြည်နယ်အစိုးရသို့ လွဲပြောင်းပေးကြောင်း တောင်ကြီး မြို့၌ သဘောတူစာချုပ် လက်မှတ်ထိုးခဲ့သည်။ ထိုအချိန်မှစ၍ ရှမ်းပြည်တွင် ပဒေ သရာဇ်စနစ်ချုပ်ငြိမ်းသွားခဲ့သည်။

မှတ်ချက်
အထက်ပါစာသည် အောက်ဖော်ပြပါ ကျမ်းကိုးကို ထုတ်နုတ်ပြီးမှ ဆီလျှော်အောင် ပြန်ရေး ထားခြင်းဖြစ်သည်။

ကျမ်းကိုး

ကိုယ်တိုင်ရေးအတၴုပတ္တိ ပထမတွဲ၊ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော်၊ ပထမအကြိမ် ၂၀၀၆။ စာ- ၂၆၄၊ ၂၆၇
၁၉၅၈-၁၉၆၂ မြန်မာနိုင်ငံရေးဒုတိယတွဲ ဒေါက်တာကြည်မြင့်နှင့် ဒေါက်တာ နော်အင်ဂျလင်း ပြုစု၊ ၁၉၉၁ ဇွန်လ၊ ပထမအကြိမ်
ပအမဖ စတုတၴအကြိမ်မြောက်သို့ တင်သွင်းမည့် ဗဟိုအလုပ်အမှုဆောင်၏ အစီရင် ခံစာမူကြမ်း။
ပြည်ထောင်စုထဲ့က ပအို၀်း၊ ပအို၀်းအမျိုးသားအဖွဲ့ချုပ် (ပီအဲန်အို) ထုတ်ေ၀၊ ပထမအကြိမ် ၂၀၀၇

မှတ်ချက်။ ။ ခွိုပအို၀်းစာမျက်နှာမှ ပြန်လည်ကူးယူဖေါ်ပြထားခြင်းဖြစ်သည်။

No comments:

Post a Comment