........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

May 3, 2013

ရွှေခိုးတဲ့ပန်းထိမ် နှင့် ရေမထိုးတဲ့တံငါ


ကိုယ်တိုင်လည်းအမြဲတမ်းကျက်သရေရှိနေပြီးလောကရဲ့ကျက်သရေကိုလည်းအပြည့်အ၀ဆောင်ပေးနိုင်သူဖြစ်ဖို့အတွက်အရေးအကြီးဆုံးအခြေခံတရားကကံနဲ့ကံရဲ့အကျိုးကိုပြတ်သတ်ထင်ထင်သိမြင်လက်ခံဖို့အရေးကြီးတယ်ဆိုတဲ့အကြောင်းအရင်ကပြောခဲ့ပြီးပါပြီ။
   ‘ကံ’ဆိုတာနဲပပတ်သက်လို့ အရပ်စကားအနေနဲ့ ‘ကံဆိုတာအလုပ်၊ အလုပ်ဟာ ကံပဲ’လို့ အများသူငါ အလွယ်တကူ ပြောလေ့ရှိပါတယ်။
   တချို့ကလည်း ဒါကိုပဲ ခေတ်မီတိုးတက်တဲ့ အမြင်တစ်ခု အဖြစ်နဲ့ အလွယ်တကူ လက်ခံတတ်ကြတယ်။ ဟုတ်သလိုလို ထင်ရသလောက် အန္တရယ် အလွန်များတဲ့ စကားပါ။
   မြတ်ဗုဒ္ဓရဲ့ အလိုအရကတော့ အလုပ်တိုင်းကို ‘ကံ’လို့ မဆိုနိုင်ပါဘူး၊ စေတနာပါတဲ့ အလုပ်မျိုးမှသာ ‘ကံ’မြောက်ပါတယ်၊ စေတနာမပါရင် ကံမမြောက်ပါဘူး။
 
   မြတ်ဗုဒ္ဓကလည်း ‘ချစ်သားတို့… စေတနာကို ကံလို့ ငါဘုရား မိန့်ဆိုတယ်’လို့ ဟောညွန်ခဲ့ပါတယ်။ အလုပ်နဲ့ စေတနာဟာ တစ်ခါတစ်လေ တထပ်တည်း မတူကြ တာတော့ ရှိနေပါတယ်၊ ဒါကြောင့် ကံကို ဆုံးဖြတ်ရာမှာ အလုပ်ကို ကြည့်ပြီး ဆုံးဖြတ် လို့မရဘူး၊ စေတနာနဲ့ ရည်ရွယ်ချက်ကို သိပြီးမှ ဆုံးဖြတ်လို့ ရတယ်ဆိုတာ အလေးအနက် သဘောပေါက်သင့်ပါတယ်။
   ဒီကိစ္စနှင့်ပတ်သက်လို့ နည်းနည်း စဉ်းစားနိုင်ဖို့အတွက် လောလောဆယ် ကြုံရပုံလေးကို ပြောပါဦးမယ်၊ မကြာသေးခင် နာဂစ်အလွန် တစ်ပတ်လောက်က ပင်စင်စားဆိုတဲ့ ဒကာကြီးတစ်ယောက် မိမိနှင့် ရင်းနှီးတဲ့ ဒကာတစ်ဦးကို အဖော် ပြုပြီး ကျောင်းကို ရောက်လာပါတယ်။
   အလုပ်က အနားယူပြီးကတည်းက တရားအားထုတ်တဲ့ဘက်ကို အဓိက ထားနေကြာင်းနဲ့ အစချီပြီးနောက်ဆုံးမှာ ဘာပဲဖြစ်ဖြစ်ပေါ့ဘုရား လောကမှာ တံခါမုဆိုးတို့ သွားရမယ့်လမ်းနဲ့ သူတော်ကောင်းတို့ သွားရမယ့် လမ်းလောက်ကိုတော့ ကွဲကွဲပြားပြား သိသွားပြီပေါ့ဘုရား’ဆိုပြီး ကျေနပ်ဝမ်းမြောက်တဲ့ အမူအရာနဲ့ စကားကို အဆုံးသတ်လိုက်ပါတယ်။
   ပြီးတော့မှ အခုပြောခဲ့တာတွေနဲ့ ပတ်သက်လို့ အရှင်ဘုရား သဘောထား သြ၀ါဒကိုလည်း နာယူပါရစေလို့ တောင်းဆိုပါတယ်။
   မိမိက ဒကာကြီး… ဘယ်ကိစ္စမဆို သူများပါးစပ်နဲ့ လမ်းမဆုံးစေပဲ ကိုယ်ပိုင်အသိနဲ့ ဆုံးဖြတ်နိုင်အောင် စဉ်းစားတာ ကောင်းတယ်၊ အခု  ဦးဇင်းပြောမယ့် စကားများနဲ့ ပတ် သက်လို့လည်း သတိကြီးကြီး သဘောထားကြီးကြီးထားပြီး နားထောင်ပြီး ကိုယ့်အသိနဲ့ကိုယ် ဆုံးဖြတ်ပါ။
   ဒကာကြီး ပြောတဲ့အထဲမှာ ‘မဆိုးတံငါ’လို့ ပါတယ်၊ အရပ်ထဲမှာကလည်း ‘ကံဆိုတာ အလုပ်၊ အလုပ်ဟာ ကံပဲ’လို့ လွယ်လွယ် ပြောဆိုနေကြတော့ ဒကာကြီးလည်း ကိုယ်တွေ့မြင်နေရတဲ့ လုပ်ငန်းတွေကိုပဲ ကြည့်ပြီး ကံကို ဆုံးဖြတ်နေပုံရတယ်၊ ဒကာကြီး စဉ်းစားဖို့ ဖြစ်ရပ်ကလေးတစ်ခု ပြောမယ်နော်။
   အဲဒီရွာမှာ    ဘာမှကြီးကြီးမားမား မဆုံးရှုံးပဲ အကောင်းပကတိ ကျန်နေတာဆိုလို့ အုတ်နံကပ်နဲ့ အခိုင်အမာ ဆောက်ထားတဲ့ ဆန်ဆိုင်တစ်ခုပဲရှိတယ်။ ကျန်တဲ့ လူတွေမှာတော့ အားလုံးပျက်စီး ဆုံးရှုံးကြလို့ စားစရာလည်းမ၇ှိ၊ ၀ယ်စရာလည်း မရှိ၊ ၀မ်းဟာနေတဲ့ ကလေးအချို့လည်း ငိုကြယိုကြဖြစ်နေကြတာပေါ့။
   အဲဒီအချိန်မှာ ရွာထဲက တံငါသည်တစ်ယောက်က သူ့မှာရှိနေတဲ့ ပိုက်ကွန်လေးယူပြီး ငါးရှာထွက်တယ်၊ ရလာတဲ့ အခါကျတော့ ရွာသားတွေကို ချက်စားဖို့ ပေးလှု ကူညီတာပေါ့လေ၊ ရွာသားတွေမှာ ဟင်းစားအတွက်က ရပြီဆိုတော့ ထမင်းချက်စရာ ဆန်ဝယ်ဖို့ ရှိစုမဲ့စု အားလုံးစုကြပြီး  ဆန်ဆိုင်ကို သွားကြတယ်၊ ဒီရွာမှာ ဒီဆန်ဆိုင် တစ်ခုကလွဲလို့ တခြားဆိုင်လည်း မရှိဘူး။
   ဒီမှာတင် ဆန်ဆိုင်ရှင်က အရင်က တစ်ပြည်ငါးရာလောက်တန်တဲ့ ဆန်ကို ထောင့်ငါး ရာဈေးပေးမှ ရောင်းမယ်ဆိုပြီး အကျပ်ကိုင်ပါလေရော၊ ငါ့ဝမ်းပူဆာ မနေသာတော့ လည်း တောင်းသမျှ ပေးပြီးတော့ပဲ ၀ယ်ကြရတော့တာပေါ့။
   ကဲ… အဲဒါ ဒကာကြီး စဉ်းစားကြည့်ပါ၊ တံငါသည်နဲ့ ဆန်ကုန်သည် ဘယ်သူက ကောင်းမှုလုပ်သူ ဖြစ်ပြီး ဘယ်သူက မကောင်းမှု လုပ်သူဖြစ်မဲ။
   ဒကာကြီးတို့ ငယ်ငယ်က ဒေါင်းဖတ်စာတွေ ဖတ်ဖူးမယ်ထင်ပါတယ်၊ အဲဒီထဲမှာ သားရေကုန်သည်နဲ့ ဆန်ကုန်သည်အကြောင်းကို မဖတ်ဖူးရင်တောင် ကြားတော့ ကြားဖူးမှာပါ။
   ကုန်ဝယ်ဖို့အသွားမှာ ဘုန်းတော်ကြီးကျောင်း တည်းခိုကြတော့ ဘုန်းတော်ကြီးက ဆန်ကုန်သည်ကို ကျောင်းပေါ်မှာ နေရာကောင်းကောင်းပေးပြီး သားရေ ကုန်သည်ကိုတော့ မီးတင်းကုတ်မှာ နေရာပေးပါသတဲ့။
   အပြန်ကျတော့ ဘုန်းတော်ကြီးက သားရေကုန်သည်ကို ကျောင်းပေါ်မှာ နေရာ ကောင်းကောင်းပေးပြီး ဆန်ကုန်သည်ကိုတော့ မီးတင်းကုတ်မှာ နေရာပေးသတဲ့။
အကျိုးအကြောင်း လျှောက်ထားကြတဲ့အခါ ဘုန်းတော်ကြီးက ‘      အေးကွဲ့.. အသွားတုန်း ကတော့ ဆန်ကုန်သည်က သွားရမယ့်အရပ်မှာ ဆန်ရေစပါး ပေါများပါစေဆိုတဲ့ စိတ်ထားနေမှာ၊ သားရေကုန်သည်ကတော့ အဲဒီအရပ်မှာ ကျွဲတွေ နွားတွေများများ သေပါစေဆိုတဲ့ စိတ်ထားနေမှာ၊ အပြန်ကျတော့ ဆန်ကုန်သည်က သူ့အရပ်မှာ ဆန်ရေစပါးတွေ ရှားပါစေ၊ ဆန်ဈေးတွေ တက်နေပါစေလို့ ဆုတောင်းနေမယ်။
   သားရေကုန်သည်ကတော့ သူ့သားရေတွေ ဈေးတက်ဖို့အတွက် သူ့အရပ်မှာ ကျွဲနွား တွေ အသေ အပျောက်နည်းပါစေလို့ ဆုတောင်းနေမှာ၊ အဲဒါ ဒကာတို့ရဲ့  စိတ်ထား အကောင်းအဆိုး ကြည့်ပြီး နေရာ အကောင်း အဆိုး ခွဲခြားပေးတာလို့ မိန့်ကြားပါသတဲ့။
   ဒကာကြီးသဘောပေါက်သလား၊ အဲဒီ ဘုန်းတော်ကြီးက လုပ်ငန်းကိုကြည့်ပြီး ကံကို ဆုံးဖြတ်တာ မဟုတ်ဘူး၊ စေတနာပါတဲ့ စိတ်ထားကိုကြည့်ပြီး ကံကို ဆုံးဖြတ် တာမို့လား။
   ‘ကဲ.. စောစောကပြောတဲ့ တံငါသည်နဲ့ ဆန်ကုန်သည်ကိုတော့ ဒကာကြီး ဘယ်လိုဆုံးဖြတ်မလဲ’ဆိုတော့ ဒကာကြီးက နဲနဲတွေနေပြီး ‘အင်း… ဒါဟာ အလေး အနက် စဉ်းစားရမယ့် ကိစ္စပဲ’လို့ ညည်းပါတယ်။
   ပုထုဇဉ်ဆိုတာကတော့ ကောင်းမှုနဲ့ မကောင်းမှု အရောရော အနှောနှောပြုလေ့ရှိကြ တာပါပဲ မဟုတ်လား။
   ဒီအမှုနှစ်မျိုးကလဲ ‘ရေများရေနိုင် မီးများမီးနိုင်’ ဆိုသလိုပဲ အင်အားကောင်းရာက အနိုင်ရတာပါ၊ အချိန်များ အကြိမ်များတဲ့ကံက အသားတင် လက်ကျန်ဖြစ်တယ်လို့ ဆိုရမှာပေါ့။
   ခုနရွာက တံငါသည်ဟာ ငါးရှာမသွားမီမှာ သူစိတ်တွေက ဒုက္ခရောက်နေကြတဲ့ ဘ၀တူတွေကို သူစွမ်းနိုင်ရာက ကူညီလိုတဲ့စိတ် ဖြစ်နေမှာသေချာတယ်နော်၊ ငါးကို ရှာဖွေဖမ်းဆီးနေချိန်မှာတော့ ငါးတွေကို သေစေလိုတဲ့ စိတ်စေတနာတွေ ဖြစ်ကောင်း ဖြစ်မှာပေါ့။
   အဲ… ငါးရပြီးပြီ ဆိုတာနဲ့ သူ့စိတ်တွေ ဘယ်လိုဖြစ်သွားလဲ၊ ဘ၀တူတွေအတွက် ထောက်ပံ့ကူညီဖို့ဆိုတဲ့ စိတ်တွေပဲဖြစ်နေမယ် မဟုတ်လား။ ဆန်ကုန်သည်ရဲ့ စိတ်ထား ကိုလည်း မှန်းဆကြည့်ပေါ့၊ ‘သူများတွေ အကျပ်ရိုက်လေ ငါ့အတွက် အကွက်ဆိုက်လေ’ ဆိုတဲ့ စိတ်ထားဟာ နိုးချိန်က အိပ်ချိန်အထိပဲ မဟုတ်လား။
   အခုလို ‘စီးပွားရှာ ပြည်နာမှ’ဆိုတဲ့ စိတ်ထားပြီး ကျေနပ်ပျော်ရွှင်နေကြတာဟာ အသုဘများများလာမှ ၀မ်းသာတတ်တဲ့ ဒွန်းစဏ္ဍားစိတ်ထားမျိုးနဲ့ ထူးပါဦးမလား။
   ကဲ…. ဒကာကြီး စဉ်းစားကြည့်ပါ။  ခုနရွာလေးက တံငါသည်နဲ့ ဆန်ကုန်သည် ဘယ်သူက ကောင်းမှုများသလဲ၊ ဘယ်သူက မကောင်းမှု များသလဲ၊ ဒကာကြီးနေတဲ့ ရွာတစ်ရွာမှာသာဆိုရင် ဒီလူ နှစ်မျိုးထဲက ဘယ်လိုလူမျိုးရှိတာ ရွာ့ကျက်သရေကို ဆောင်နိုင်မယ်ထင်သလဲ ဆိုတော့….
   ဒကာကြီးက ‘အား…သဘောပေါက်ပြီဘုရား တပည့်တော်တို့က အလုပ်ကို ကြည့်ပြီး သာမန်ကာလျှံကာ ပြောနေမိတာကိုး၊ အရှင်ဘုရား စကားအတိုင်းလိုက်ပြီး ပြောရမယ် ဆိုရင် တံငါသည်က ကျက်သရေရှိသူပေါ့ဘုရား၊ ဟို… ဆန်ကုန်သည်ကတော့ ဒွန်းစကဏ္ဍား ပျော်ပျော်နေသူ ဆိုမှတော့ သူ့ထက် ကျက်သရေ ယုတ်တာ ဘာရှိဦးမလဲ ဘုရား’တဲ့။
   ဒီနေရာမှာ ဒကာကြီးတစ်ခုတော့ သတိပြုရမယ်နော် ဦးဇင်းပြောလိုတာက ‘တံငါအလုပ်ဟာ ကောင်းမှုဖြစ်တယ်၊ ဆန်ကုန်သည်အလုပ်က မကောင်းမှုဖြစ်တယ်’လို့ ဆိုတာ မဟတ်ုဘူးနော်၊ တစ်နေ့တာအတွင်း ဘယ်သူမှာ ဘယ်လို စိတ်ဓာတ်တွေက များနေ နည်းနေမယ်ဆိုတာ နှိုင်းယှဉ်းပြီး စဉ်းစားတတ်ဖို့ပြောတာ။
   အမှန်ကတော့ သူတစ်ပါး အကျပ်ဆိုက်နေတာကို အကျပ်ကိုင်ပြီး မတန်တစ်ဆ ရယူတယ် ဆိုတာ ခိုးခြင်းနှစ်ဆယ့်ငါးပါးမှာတော့ ‘အနိုင်အထက် နှိပ်စက်ခိုးယူခြင်း’ ဆိုတဲ့ သဘောထဲမှာ ပါဝင်တယ်ဆိုတော့၊ ဒကာကြီးက ‘ဒါဖြင့် စိတ်ရွှေ ရတနာ ကုန်သည်တွေဆိုပြီး အတုတွေ အကြံအဖန်တွေ လုပ်ရောင်းတဲ့ လူတွေလည်း ဘာထူးမလဲဘုရားတဲ့’။
   ဒါတော့ ဒကာကြီးစဉ်းစားပေါ့၊ ဦးဇင်းပြောချင်တာကတော့ လောကရဲ့ ကျက်သရေကို ဆုံးဖြတ်တဲ့နေရာမှာ ‘အလုပ်’သက်သက်ကိုသာ မကြည့်ဘဲ သူတို့ရဲ့ စိတ် စေတနာကို ကြည့်တတ်ဖို့ပါ၊ ကိုယ်ကိုယ်တိုင်လဲ စဉ်းစားဆင်ခြင်တတ်ဖို့ပေါ့။
   ဘာပဲဖြစ်ဖြစ် ရာထူးဂုဏ်သိန် စည်းစိမ် ဥစ္စာတွေ လုပ်ငန်းကြီးတွေက လောကအမြင်မှာ ဘ်ယလောက်ပဲ ကြီးကျယ်နေနေ၊ သူတို့ရဲ့ စိတ်ထားတွေက ဒွန်းစဏ္ဍား စိတ်မျိုးထားနေရင်တော့ ကျက်သရေမဲ့တဲ့ အလုပ်ကို လုပ်နေကြသူတွေလို့ သာ ဆိုရမှာကတော့ အမှန်ပဲထင်တယ် ဒကာကြီးလို့လည်း ပြောလိုက်ရော၊ ဒကာကြီးက ‘တပည့်တော် အဲဒီထဲမပါအောင် သတိထားပါမယ်ဘုရား’ဆိုပြီး ၀န်ခံသွား ရလေရဲ့။
   စေတနာမှန်နဲ့ ကျက်သရေ ဆောင်နိုင်ကြပါစေ။
                                 ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

No comments:

Post a Comment