........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

May 10, 2013

ဘုရားရှင်ဟာ ဆင်းရဲသူကိုလဲ မကယ်နိုင်ဘူး၊ ချမ်းသာကိုလဲ မပေးနိုင်ဘူးဆိုရင် ကိုးကွယ်နေဖို့ လိုပါသေးလား?

ဘုရားရှင်က ဆင်းရဲသူကိုလဲ မကယ်နိုင်ဘူး၊ ချမ်းသာအောင်လဲ မမစနိုင်ဘူး။ ဗုဒ္ဓဘာသာတွေ ဘုရားရှိခိုးတာက အခြားဘာသာဝင်တွေ သူတို့ရဲ့ ဘုရားကို ရှိခိုးတာနဲ့မတူဘူး။ အခြားဘာသာတရားတွေကတော့ ရှိခိုးသူရဲ့ အပြစ်ကို ခွင့်လွှတ်တယ်။ အပြစ်ကလွတ်အောင် ကယ်တင်တယ်။ ချမ်းသာသုခရအောင်လဲ ဖန်တီးပေးတယ်လို့ သူတို့က ယုံကြည်တယ်။

ဂေါတမ ဘုရားရှင်ကတော့ ကယ်လဲ မကယ်ဘူး။ မလဲ မမဘူး။ ချမ်းသာတယ် ဆင်းရဲတယ်ဆိုတာ သူတို့နဲ့လဲ မဆိုင်ဘူး။ ကယကံရှင် လူသားနဲ့သာ ဆိုင်တယ်။ ကောင်းတာလုပ်ရင် အကျိုးခံစားရမယ်။ ဆိုးတာလုပ်ရင် အပြစ်ခံရမယ်။ ဘုရားရှင်ကတော့ လူသားကို အကောင်းနဲ့အဆိုး ခွဲခြားညွှန်ပြ ရုံသာညွှန်ပြတယ်။ ဗုဒ္ဓဘာသာတွေက ဘုရားကို ရှိခိုးတာလဲ ဆင်းရဲက ကယ်တင်ဖို့၊ နိဗ္ဗာန်ရအောင် လုပ်ပေးဖို့ ရှိခိုးကြတာမဟုတ်ပါဘူး။ အမှန်နဲ့အမှားကို ညွှန်ပြတဲ့ ဆရာတစ်ဆူအနေနဲ့ အရဟံစတဲ့ ဂုဏ်တော်တွေကို အောက်မေ့ပြီးသာ ရှိခိုးပူဇော်ခြင်း ဖြစ်ပါတယ်။

ဘုရားရှင်ကလဲ ငါဘုရားကို ရုပ်အဆင်း သပ္ပာယ်လှပလို့လဲ မမှီဝဲနဲ့။ ပစ္စည်းလေးပါး လွယ်လွယ်ကူကူရလို့လဲ မမှီဝဲနဲ့။ လမ်းမှားနဲ့လမ်းမှန်ကို ခွဲခြားညွှန်ပြနိုင်တဲ့ ဆရာတစ်ဆူ ဖြစ်တယ်လို့ ယုံကြည်မှသာ ကိုးကွယ် ဆည်းကပ်ကြလို့ မှုလပဏ္ဏာသမှာ ဟောကြားထားပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာတွေဟာ ဆင်းရဲက ကယ်တင်ဖို့ ချမ်းသာသုခကို ပေးဖို့ရှိခိုး တောင်းပန်တာ မဟုတ်ပါဘူး။ လမ်းမှန်ကို ညွှန်ပြပေးတဲ့ ဆရာအနေ ကျေးဇူးရှင်အနေနဲ့သာ အရိုအသေပြုခြင်း၊ ရှိခိုးပူဇော်ခြင်း ဖြစ်ပါတယ်။

မြတ်စွာဘုရား မကယ်တင်နိုင်ဘူးဆိုတဲ့အတွက် ဘုရားရှိခိုးတာ အကျိုးမရှိဘူးလို့ မဆိုလိုဘူး။ ဓမ္မပဒ ၀တ္ထုတော်မှာ အသက်ဂုဏ်သိက္ခာကြီးသူတွေကို ရှိခိုးတဲ့လူတွေဟာ အသက်ရှည်၊ အဆင်းလှ၊ ကိုယ်စိတ်ချမ်းသာ၊ ခွန်အားဗလ ကောင်းမယ်လို့ ဟောထားပါတယ်။ ဂုဏ်အားဖြင့် ကြီးသူတွေထဲမှာ ဘုရားရှင်လောက် ဂုဏ်ကြီးတဲ့ ပုဂ္ဂိုလ်မရှိဘူး။

ဒါကြောင့် ရတနာသုံးပါးရဲ့ ဂုဏ်ကို ယုံယုံကြည်ကြည်နဲ့ပွားများအောက်မေ့ ရှိခိုးတဲ့လူဟာ အသက်ရှည်မယ်။ သူတပါး လေးစားနိုင်လောက်အောင် တည်ကြည်ခန့်ညားတဲ့ ဥပဓိရုပ်မျိုး ရှိမယ်။ အလုပ်အကိုင် ရောင်းရေးဝယ်တာ အဆင်ပြေပြီး လာဘ်လာဘပေါများ၍ ကိုယ်ရောစိတ်ပါ ချမ်းသာမယ်။ ကာယဗလကျန်းမာရေး ကောင်းမယ်။ ဥာဏဗလ စိတ်ကြည်လင်ပြီး စာသင်လို့ အကြံထုတ်လို့ ကောင်းမယ်။ မိတ္တဗလ လူချစ်လူခင်ပေါများမယ်။ စာရိတ္တဗလ အကျင့်ကောင်းမယ်။ ဘောဂဗလ ၀င်ငွေကောင်းပြီး ချမ်းချမ်းသာသာနေနိုင်၊ စားနိုင်မယ်။ ဒီဓမ္မပဒမှာ ဘုရားရှင်ဟောတဲ့အတိုင်း ကြီးပွားချမ်းသာချင်ရင်၊ အကြံအစည်အောင်ချင်ရင် ဘုရားဂုဏ်တော်တွေကို များများပွားပေးကြပါ။ လက်တွေ့အကျိုးရကြ ပါလိမ့်မယ်။

No comments:

Post a Comment