........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Feb 11, 2018

သဒ္ဓါတရား ၄ မျိုး

သဒ္ဓါတရား ၄ မျိုး
သဒ္ဓါတရား ၄ မျိုး ၄ စားရှိသည်ကို သိစေချင်ပါသည်။
(၁) ပသာဒ သဒ္ဓါ
(၂) သြကပ္ပန သဒ္ဓါ
(၃) အာဂမသဒ္ဓါ
(၄) အဓိဂမ သဒ္ဓါ။

(၁) ပသာဒ သဒ္ဓါ (သို့) ပသန္နသဒ္ဓါ
ယုံကြည်သင့် ယုံကြည်ထိုက်သောဂုဏ်ကို မြင်ရကြားသိရရုံနှင့် ဝေဖန်ဆန်းစစ်မှုမပါဘဲ လွယ်လွယ်နှင့် ယုံကြည်တတ်သော သဒ္ဓါကိုခေါ်သည်။ ပညာနှင့်ယှဉ်၍ ယုံကြည်ခြင်းမျိုး မဟုတ်ဘဲ သဒ္ဓါအရင်းခံမျှ ကြည်ညိုခြင်းဖြစ်သဖြင့် မခိုင်မြဲတတ်ပါ၊ အချိန်မရွေး ပျက်ပြယ်သွားနိုင်သော သဒ္ဓါမျိုးဖြစ်သည်။

(၂) သြကပ္ပန သဒ္ဓါ
ဘုရားတရားသံဃာ ရတနာမြတ်သုံးပါး၏ဂုဏ်များကိုသိမြင်ပြီးမှ သက်ဝင်ယုံကြည်သော သဒ္ဓါမျိုးဖြစ်သည်။ ပညာနှင့်ယှဉ်၍ ယုံကြည်ဖြစ်ပေါ်လာသော သဒ္ဓါတရားမျိုးဖြစ်သဖြင့် ယခုဘဝတွင် ခိုင်မြဲသော သဒ္ဓါဖြစ်သည် ဟူ၍ စိတ်ချရသည်။ ယခုဘဝတွင်ဘာသာပြောင်းသွားသူ လုံးဝမဖြစ်နိုင်ပါ။ သို ့သော် နောင်ဘဝများတွင် စိတ်ချ၍မရပြန်ပါ။ ယခုဘဝမှ သေသွားလျှင် ပျောက်သွားတတ်သော သဒ္ဓါမျိုး ဖြစ်သည်။

(၃) အာဂမသဒ္ဓါ
နိယတဗျာဒိတ်တော် ခံယူရရှိထား ပြီးသော ဘုရားလောင်းတို ့၏ သဒ္ဓါမျိုးဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရားဖြစ်တော်မူသည့် ဘဝအထိ ဘဝတိုင်းအစဉ်မြဲလျက်ရှိသည်။

(၄) အဓိဂမ သဒ္ဓါ
ဝိပဿနာဘာဝနာတရား ပွားများအားထုတ်လျှင် ဒုက္ခဆုံးရာ သန္တိသုခ အငြိမ်းဓာတ် နိဗ္ဗာနဓာတ် ကို မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် သိမြင်ရရှိတော်မူသွားကြသော အရိယာပုဂ္ဂိုလ်များ၏ ယုံကြည်မှုသဒ္ဓါတရားကို ခေါ်သည်။ ဘယ်နှစ်ဘဝဘဲ ဖြစ်ဖြစ်၊ ဘယ်နှစ်ဘဝဘဲ ပြောင်းပြောင်း ပရိနိဗ္ဗာန်ဝင်စံသော အချိန်အထိ ဘဝဆက်တိုင်းမှာ ခိုင်မြဲ ပကတိ ခိုင်မြဲလျက်ရှိနေမည့် သဒ္ဓါမျိုးဖြစ်သည်။
နတ်ပြည်မှ စုတိခါနီးတွင် အခြားသောနတ်များ၏နောက်ဆုံးမှာတမ်းမှာ လူ ့ဘုံဘဝသွားဖြစ်ကာ ဤ အဓိဂမ သဒ္ဓါ မျိုးရှိသောအဆင့် ရောက်အောင် ထိမ်းသိမ်းစောင့်ရှောက်ရန် အထူးသတိပေးမှာကြားကြသည်။-
ကုသ်ိုလ်အစ သဒ္ဓါက
သဒ္ဓါတရားသည် ကုသိုလ်ကောင်းမှုများ အနန္တပြုလုပ်အောင်မြင်နိုင်ရန် အဓိကလိုအပ်ပေသည်။ အိုနာသေရေး သံသရာဘေးဘယ ဝဲသြဃ ရေအယဉ်ကို ကူးမြောက်ကျော်လွှားသွားနိုင်ရန်မှာဤ သဒ္ဓါတရား ကိုအမှီပြုပြီးကူးခတ်သွားရမည်ဖြစ်သည်။ ထို့ကြောင့် ပိဋကတ်တော်များတွင် သဒ္ဓါတရား ကိုဥပမာအမျိုးမျိုးဖြင့် ဂုဏ်ယူဖွင့်ဆို ထောပနာပြုထားကြပေသည်။

သဒ္ဓါဆိုတာ စကြာမင်း၏ ပတ္တမြားနှင့် တူသည်။
သဒ္ဓါတရားသည် လက်နှင့်တူသည်။
သဒ္ဓါတရားသည် အရင်းအနှီးဥစ္စာနှင့် တူသည်။
သဒ္ဓါတရားသည် မျိုးစေ့နှင့်တူသည်


No comments:

Post a Comment