........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Dec 19, 2017

''ညီညွတ်မှုကင်း ပျက်စီးခြင်း အရင်းအမြစ်သာ'

''ညီညွတ်မှုကင်း ပျက်စီးခြင်း အရင်းအမြစ်သာ''
.
အဖွဲ့အစည်း တစ်ခုပဲဖြစ်ဖြစ်၊ တိုင်းပြည်တစ် ပြည်ပဲဖြစ်ဖြစ်၊ လူမျိုးတစ်စုပဲဖြစ်ဖြစ်၊ ညီညွတ်မှု မရှိလျှင် ပျက်စီးရတတ်၏။ ဤအကြောင်းကို ဂေါတမမြတ်စွာဘုရားရှင်သည် သမေ္မာဒမာန ဇာတ်တွင် ဟောတော်မူ၏။ လွန်လေပြီးသော အတိတ်ကာလတစ်ခုက ဗာရာဏသီပြည်ကြီးတွင် ဗြဟ္မဒတ်မင်းကြီး မင်းပြု၏။ ငါတို့ ဘုရားလောင်း သည် ထိုစဉ်က ငုံးမျိုးဖြစ်၍ ငုံးမင်းဖြစ်ခဲ့၏။ ဘုရား လောင်းငုံးမင်းသည် ငုံးအပေါင်းခြံရံလျက် တော၌ သာနေ၏။ ထိုအခါ တစ်ယောက်သော မုဆိုးသည် ငုံးများကိုကွန်ယက်ဖြင့် ဖမ်းပြီးအိမ်သို့ယူ ဆောင်၏။ သတ်၍ အသက်မွေးဝမ်းကျောင်းပြု ၏။ ငုံးများသေကြေရသည်ကို သိရှိရသော ဘုရား လောင်းငုံးမင်းသည် ငုံးများကို စုဝေးစေ၏။ အစည်းအဝေးပြုလုပ်၏။ အသက် အန္တရာယ်မှ  လွတ်လိုလျှင် ငါခိုင်းသည့်အတိုင်း လုပ်ကြပါ။ သင်တို့ကို မုဆိုးက ပိုက်ကွန်နှင့် ပစ်၍မိနေပါက ငုံးတို့သည် ပိုက်ကွန်ပေါက်မှာ ခေါင်းတွေထားပါ။ ပြီးလျှင် ညီညီညွတ်ညွတ် ထပံျပါ။ ဘုရားလောင်း ငုံးမင်း၏ ညွှန်ပြချက်အတိုင်း ငုံးများသည် ပိုက် ကွန်တွင် မိပါက ညီညီညွတ်ညွတ် တစ်ပြိုင်တည်း ထပြန်ပါသဖြင့် အားလုံးလွတ်မြောက်ကုန်ကြရ၏။ ညီညွတ်ခြင်း၏ အကျိုးပေးတည်း။ ငုံးမုဆိုး၏ ဇနီး မယားသည် လင်ယောကျ်ားငုံးငှက်များ မမိလာ သဖြင့် လင်ကိုဒေါကန်နေ၏။ တစ်နေ့လာလည်း ငုံးမရ၊ နေ့စဉ်ငုံးငှက်မရ ဖြစ်နေပါတော့၏။ မုဆိုး လည်း ငုံးငှက်ဖမ်းရန် စဉ်းစားရတော့၏။ ငုံးငှက် တွေ ညီညွတ်နေ၍ ငါ့ပိုက်ကွန်ပါသွားရ၏။ သူတို့ မညီညွတ်ခဲ့ပါလျှင် ငါဖမ်းနိုင်ရမည်ဖြစ်၏။ ငုံးမုဆိုး စဉ်းစားပါတော့၏။ ငုံးအချင်းချင်းရန်ဖြစ်ရအောင် ငုံးမုဆိုးစဉ်းစားရတော့၏။ တစ်နေ့သ၌ ငုံးမုဆိုး သည် ပိုက်ကွန်အသစ်တစ်ခုကို ထမ်း၍ တောသို့ ဝင်၏။ ချုံပုတ်တစ်ခုမှ ငုံးများမမြင်ရအောင် ဝင် ပုန်းနေ၏။ ငုံးငှက်နှစ်ကောင်၏ စကားသံကိုကြား နေရ၏။ ငုံးငှက်တစ်ကောင်သည် အခြားငုံးငှက် တစ်ကောင်၏ ဦးခေါင်းကို နင်းမိသွား၏။ ထိုငုံး ငှက်နှစ်ကောင် တို့သည် အငြင်းပွားကြ၏။ ရန်ဖြစ် ကြ၏။ ပိုက်ကွန်ကို ငါကကိုက်ချီရသည်ဟု တစ် ကောင်ကပြော၏။ အခြားတစ်ကောင်က ငါ လည်း ကိုက်ချီရတာပဲဟု အပြန်အလှန် ငြင်းခုံ ကြ၏။ ဤသည်ကို ဘုရားလောင်းငုံးမင်းကြားသိ သောအခါ ရန်မဖြစ်ကြရန် ညီညွတ်ကြရန် ဖျန် ဖြေပေး၏။ မရပါ။
.
နောက်ဆုံးတော့ ဘုရားလောင်းငုံးမင်းသည် သူ့နောက်သို့လိုက်လိုသော ငုံးများကို ခေါ်ဆောင် သွားတော့၏။ ကျန်နေခဲ့သော ငုံးများသည် အစာ ရေစာပေါသဖြင့် စားသောက်ကြ၏။ ငုံးမုဆိုးသည် ပိုက်ကွန်ဖြင့် ပစ်ဖမ်း၏။ မိတော့၏။ ငုံးများယခင် ကကဲ့သို့ မညီညွတ်တော့သဖြင့် မပျံနိုင်တော့ပါ။ အားလုံးမုဆိုး၏ လက်တွင်းသို့ ကျရောက်သေဆုံး ကြရ၏။ ညီညွတ်မှုမရှိလျှင် ဆွေမျိုးတွေ ပျက်စီး ရ၏။ ငုံးတွေပျက်စီးရပြန်၏။
.
မြတ်ဗုဒ္ဓသည် ကပိလဝတ်ပြည် နိဓြောဓါရုံ ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဤဇာတ်တော် ကို ဆွေတော်မျိုးတော်တို့အား ဟောကြားတော် မူခဲ့လေသည်။ မြတ်သောမင်းကြီး ဆွေတော်မျိုး တော်တို့သည် အချင်းချင်းခိုက်ရန်ဖြစ်ပွားရန် မ သင့်ပါ။ မညီညွတ်လျှင်လည်း ပျက်စီးရပါ၏။ ညီ ညီညွတ်ညွတ်ရှိလျှင် မပျက်စီးနိုင်ပါ။ ဤဇာတ်တော် ကို စာရှုသူဖတ်ပြီး စဉ်းစားဆင်ခြင်ကြည့်ပါ။ ရွာ တစ်ရွာမှာပဲဖြစ်ဖြစ်၊ ဆွေမျိုးတစ်ခုမှာပဲဖြစ်ဖြစ်၊ မြို့ တစ်မြို့မှာပဲဖြစ်ဖြစ်၊ တိုင်းပြည်တစ်ပြည်မှာပဲဖြစ် ဖြစ် ညီညီညွတ်ညွတ် စည်းစည်းလုံးလုံး ပူးပူးပေါင်း ပေါင်း မဆောင်ရွက်ပါလျှင် ပျက်စီးရတတ်ပါ၏။

သတိပြု ဆင်ခြင်ကြပါကုန်လော။

Post>>ကို၀ဏ္ဏ (ဘုရားဖြူ)


No comments:

Post a Comment