........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Mar 4, 2015

မြတ်ဗုဒ္ဓ၏စကားတော် နှင့် သာသနာငါးထောင်

- မင်းနန် (မော်ကျွန်း)

အရှင်ဂေါတမ မေးလျှောက်ပါရစေ။ ခွင့်ပြုတော်မူ ပါ။

ဤလောက၌ ကျော်စောထင်ရှားသော ဂိုဏ်းဆရာကြီးများရှိပါကုန်၏။ ပုရာဏကဿပ၊ မက္ခ လိဂေါသာလ၊ အဇိတကေသကမ္ဗလ၊ ပကုဓကစ္စာယန၊ ဗေလဠသဉ္စယ၊ နိဂဏ္ဌနာဋပုတ္တတို့ ဖြစ်ပါကုန်၏။ ထို ပုဂ္ဂိုလ်ကြီးတို့သည် မိမိတို့ဝန်ခံသည့် အတိုင်း တရားကို သိကြပါကုန်သလား၊ သို့မဟုတ် မသိကြဘူးလား၊ သို့ တည်းမဟုတ် တချို့ကသိ၍ တချို့ကမသိဖြစ်ကြပါကုန် သလား။ တပည့်တော်အား ခွဲခြားပေးတော်မူပါဘုရား'' ဟူ၍ သုဘဒ္ဒက လျှောက်ကြားလေသည်။

''အချင်းသုဘဒ္ဒ ဤစကားများကို ထားလိုက် စမ်းပါ။ မေးမနေပါနှင့်။ သင့်အတွက် အရေးကြီးသည် ကိုသာလျှင် ငါပြောကြားပါမည်။ ကောင်းစွာနားထောင် လိုက်စမ်းပါ''ဟူ၍ မြတ်စွာဘုရားက ပြန်လည်မိန့်ကြား လေသည်။

အလွန်အရေးကြီးလှသော အချိန်ပိုင်းကလေး ၌ သုဘဒ္ဒအတွက် အမှန်တကယ် အကျိုးရှိမည့်စကား ကိုသာလျှင် မြတ်စွာဘုရား ဟောကြားတော်မူလေသည်။

''သုဘဒ္ဒ- အကြင်သာသနာ၌ အင်္ဂါရှစ်ပါး ရှိသော အရိယာမဂ်တရား မရှိငြားအံ့။ ထိုသာသနာ၌ သောတာပန်ပုဂ္ဂိုလ်လည်း မရှိ။ သကဒါဂါမ်ပုဂ္ဂိုလ်၊ အနာ ဂါမ်ပုဂ္ဂိုလ်၊ ရဟန္တာပုဂ္ဂိုလ် တို့သည်လည်း မရှိသည်သာ တည်း။

သုဘဒ္ဒ- အ ကြင်သာသနာ၌ အင်္ဂါ ရှစ်ပါးရှိသော အရိယာ မဂ်တရား ရှိငြားအံ့။ ထိုသာသနာ၌ သော တာပန်ပုဂ္ဂိုလ်လည်း ရှိပေ၏။ သ ကဒါဂါမ်ပုဂ္ဂိုလ်၊ အနာဂါမ်ပုဂ္ဂိုလ်၊ ရဟန္တာပုဂ္ဂိုလ်တို့ သည်လည်း ရှိသည်သာတည်း။
သုဘဒ္ဒ- ငါဘုရား၏ သာသနာတော်၌ အ ရိယာမဂ်တရားသည် ရှိ၏။ ဤသာသနာတော်၌သာ လျှင် သောတာပန်ပုဂ္ဂိုလ်ရှိပေ၏။ သကဒါဂါမ်ပုဂ္ဂိုလ်၊ အနာဂါမ်ပုဂ္ဂိုလ်၊ ရဟန္တာပုဂ္ဂိုလ်တို့ရှိပေ၏။

သုဘဒ္ဒ-တရားကိုသိမြင်သော ထိုပုဂ္ဂိုလ်တို့ သည် အဆင့်ဆင့် ဟောပြောလျက်နေကုန်ငြားအံ့။ ဤ လောက၌ ရဟန္တာတို့ မဆိတ်သုဉ်းကုန်။
သုဘဒ္ဒ- ငါဘုရားဟောကြားသည့် တရား ကို သိမြင်သော ပုဂ္ဂိုလ်မြတ်တို့ရှိငြားအံ့။ ထိုပုဂ္ဂိုလ်မြတ် တို့သည် အဆင့်ဆင့်အားဖြင့် ဟောကြားလျက်ရှိနေ ငြားအံ့။ ဤလောက၌ ရဟန္တာတို့ မဆိတ်သုဉ်းပေရာ၊ မကွယ်ပျောက်ပေရာ။''

သုဘဒ္ဒပရဗိုဇ်သည် ဤမျှသောတရားစကား ကို ကြားနာရလျှင် သဘောသက်ဝင်လျက် လွန်စွာ နှစ်သက်ကျေနပ်ခြင်းဖြစ်သွားလေ၏။ ထို့ကြောင့် မြတ်စွာဘုရားထံ ရဟန်းအဖြစ်တောင်းခံ ၍ ဗုဒ္ဓ၏လမ်းစဉ်ကို ဆက်လက်ကျင့် သုံးလေသည်။ မကြာမီပင် တရားထူး ဉာဏ်အမြင်ကိုရ၍ ရဟန္တအရှင်သုဘဒ္ဒ အဖြစ်သို့ ရောက်ရှိလေသည်။
အရှင်သုဘဒ္ဒသည် ဗုဒ္ဓမြတ်စွာ ၏ နောက်ဆုံးဝေနေယျပေတည်း။ ဗုဒ္ဓထင် ရှားရှိစဉ်၌ နောက်ဆုံး ကယ်တင်လိုက်သော ပုဂ္ဂိုလ်ပေတည်း။

(ဒီဃနိကာယ်၊ မဟာဝဂ်ပါဠိတော်၊ မဟာ ပရိနိဗ္ဗာနသုတ်)
[ဗုဒ္ဓ၏ဝါဒစစ်ပွဲများ(လေးမြိုင်)၊ စာ-၃၄/၃၅]

အထက်ပါ သုဘဒ္ဒပရိဗိုဇ်ကမေး ၍ မြတ်စွာဘုရား၏ ဖြေကြားတော်မူ ချက်ကို ဖတ်ရှုရသောအခါ ယေဘုယျ အားဖြင့် အများစုက ယုံကြည်လက်ခံနေသော ဗုဒ္ဓ သာသနာတော်သည် နှစ်ငါးထောင်သာ တည်တံ့မည် ဟူသော သာသနာငါးထောင်ဝါဒနှင့် အထက် ပါမြတ်စွာဘုရား၏ မိန့်တော်မူချက်မှာ ခြားနားလျက် ရှိကြောင်း အလေးအနက် သက်ဝင်ဆင်ခြင်မိပါသည်။
သုဒ္ဒပရိဗိုဇ်အား မြတ်စွာဘုရားမိန့်ကြား သောစကားသည် ပရိနိဗ္ဗာန်စံဝင်ခါနီး ပြောကြားသော စကားဖြစ်ပါ၏။ ထိုစကားကို မိန့်တော်မူပြီးနောက် ညီ တော်အာနန္ဒာအား မိန့်ကြားတော်မူသော စကား သည် ဘုရားရှင်၏ နောက်ဆုံးစကားဖြစ်ပါ၏။

ဒီဃနိကာယ်၊ မဟာဝဂ်ပါဠိတော်၊ မဟာပရိနိဗ္ဗာန သုတ်တွင် ပါရှိသောစကားဖြစ်သောကြောင့် ဗုဒ္ဓ၏ ဝစန အစစ်အမှန်ဖြစ်ကြောင်း စဉ်းငယ်မျှယုံမှားစရာ မလိုပါချေ။ သို့ဆိုသော် ဗုဒ္ဓသာသနာတော်သည် နှစ် ငါးထောင်သာ တည်တံ့မည်ဆိုသော 'သာသနာငါး ထောင်ဝါဒ'သည် အဘယ်က မြစ်ဖျားခံလာပါသနည်း။ လက်လှမ်းမီသမျှ လေ့လာသောအခါ ဤသို့တွေ့ရှိ ရပါသည်။

စင်စစ် သီဟိုဠ်(သီရိလင်္ကာ)ဖြစ်၊ မဟာဝံ သပါဋ္ဌ်နှင့် ဒီပဝံသပါဋ္ဌ် ကျမ်းနှစ်ကျမ်းမှစတင်၍ သာ သနာငါးထောင်ဝါဒ မြစ်ဖျားခံလာခဲ့ခြင်း ဖြစ်ပါသည်။ မဟာဝင်စာကိုယ်၊ တတိယအပိုင်း သတ္တမဂါထာ၌
''အရှင်မဟာကဿပမထေရ်သည် ဘုရား ရှင်၏ သာသနာတော်ကြီးကို အနှစ်ငါးထောင်ကြာ သမျှကာလပတ်လုံး(ဝါ) နှစ်ပေါင်းငါးထောင်ကြာသည့် တိုင်အောင် ဖြစ်ပွားစေခြင်း၌ စွမ်းနိုင်အောင်ပြုတော် မူခဲ့ပေ၏''ဟူ၍ပါရှိပါသည်။ မဟာဝံသကျမ်းပါ ရေး သားချက်အပေါ်အမှီပြုပြီး အဋ္ဌကထာဆရာကြီး 'အရှင် မဟာဗုဒ္ဓဃောသ'က ပါရာဇိကဝတ်သုတ် သီလက္ခန် အဋ္ဌသာလိနီ၊ အဋ္ဌကထာနိဒါန်းတို့၌

''အရှင်မဟာကဿပ မထေရ်မြတ်သည် အားတော်ဆယ်တန် ဉာဏ်တော်ဆယ်ပါးသခင် ဘု ရားရှင်၏ သာသနာတော်ကို အနှစ် ငါးထောင်အတိုင်း အရှည်ကာလပတ်လုံး တည်အောင် ပြုလုပ်တော်မူ ၏''ဟု ရေးသားခဲ့ပါသည်။

ဤသို့ မဟာဝံသကျမ်းနှင့် ဒီပဝံသကျမ်း တို့တွင် အရှင်မဟာကဿ ပမထေရ်မြတ်ကြီး၏ စကား တွင် သာသနာနှစ်ငါးထောင် တည်အောင်ဟူသော အဓိပ္ပာယ်ကို ဖော်ပြထားသော်လည်း ပိဋကတ်တော် လာ အရှင်မဟာကဿ ပမထေရ် အရှင်သူမြတ်ကြီး ၏ စကားတော်တွင် 'အနှစ်ငါးထောင်'ဟူ၍ မပါခဲ့ပါ။

''သူယုတ်မာတို့၏တရား မထွန်းကားမီ သူတော်ကောင်းတို့၏ တရားဓမ္မ တားမြစ်ပိတ်ပင်ခြင်း မခံရမီ အကျင့်ပျက်မှု၊ စည်းကမ်းမဲ့မှုများ မထွန်းကားမီ၊ အကျင့်မြတ် ဝိနည်းတရားများ တားမြစ်ပိတ်ပင်ခြင်း မခံရမီ၊ အဓမ္မဝါဒီရဟန်းဆိုးများ အင်အားမကောင်း မီ ဓမ္မဝါဒီရဟန်းကောင်းများ အင်အားမနည်းမီ ဓမ္မ နှင့်ဝိနယကို သင်္ဂါယနာတင်အံ့၊ ထိုသို့ သင်္ဂါယနာတင် ပြီးသောအခါ၌ ရဟန်းဆိုးများ ခေါင်းထောင်နိုင်တော့ မည်မဟုတ်သဖြင့် သာသနာတော် စည်ပင်ပြန့်ပွား လတ္တံ့''ဟူ၍သာ မိန့်တော်မူခဲ့ပါ၏။

သာသနာငါးထောင် တည်ရမည်ဟု လုံးဝပါရှိခြင်း မရှိပါ။
စင်စစ်- 'သာသနာနှစ်ငါးထောင်ကို ဖန်တီး ခဲ့သူများမှာ အဋ္ဌကထာဆရာများသာ ဖြစ်ပါ၏။ အဋ္ဌ ကထာအသီးသီးမှာ သာသနာနှစ်ငါးထောင်ကို ပိုင်း ခြားခဲ့ကြရာတွင် ကျမ်းအဆိုကွဲလွဲခြင်းများ ရှိကြောင်း လေ့လာသိရှိပါသည်။

သမ္မောဟ ဝိနောဒနီ အဋ္ဌကထာတို့တွင် သာသနာအနှစ်ငါးထောင်ကို အောက်ပါအတိုင်း ဖွင့် ဆိုထားပါသည်။

၁။ ပဋိသမ္ဘိဒါလေးပါးရသော ရဟန္တာခေတ်တစ်ထောင်။
၂။ အဘိညာဉ်ခြောက်ပါးနှင့် ပြည့်စုံသော ရဟန္တာ ခေတ်တစ်ထောင်။
၃။ ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသော ရဟန္တာခေတ် တစ် ထောင်။
၎။ ဈာန်မရသော ရဟန္တာခေတ်တစ်ထောင်။
၅။ အနာဂါမ်၊ သကဒါဂါမ်၊ သောတာပန် အရိယာ ခေတ်တစ်ထောင်။

ပါထိကဝဂ္ဂကထာနှင့် သုတ်ပါထေယျအဋ္ဌ ကထာတို့၌ သာသနာတော်အနှစ်ငါးထောင်ကို ဤ သို့ ဖွင့်ဆိုခဲ့ပါသည်။

၁။ ပဋိသမ္ဘိဒါလေးပါးရသော ရဟန္တာခေတ် တစ် ထောင်။
၂။ အဘိညာဉ်ခြောက်ပါးနှင့် ပြည့်စုံသော ရဟန္တာ ခေတ်တစ်ထောင်။
၃။ ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသော ရဟန္တာခေတ်တစ် ထောင်။
၎။ ဈာန်မရသော ရဟန္တာခေတ်တစ်ထောင်။
၅။ ၂၂၇သွယ်သော သိက္ခာပုဒ်တို့ကို ထိန်းသိမ်းစောင့် ရှောက်သော ရဟန္တာခေတ်တစ်ထောင်။

ဝိနယစူဠဝဂ္ဂ အဋ္ဌကထာဘိက္ခုနီခန္ဓာက အဖွင့်တွင်မူ သာသနာတော် အနှစ်ငါးထောင်ကို အောက်ပါအတိုင်း ဖွင့်ဆိုထားပါသည်။

၁။ ပဋိသမ္ဘိဒါလေးပါးရသော ရဟန္တခေတ်တစ်ထောင်။
၂။ ဈာန်မရသော ရဟန္တာခေတ်တစ်ထောင်။
၃။ အနာဂါမ်ခေတ်တစ်ထောင်။
၎။ သကဒါဂါမ်ခေတ်တစ်ထောင်။
၅။ သောတာပန်ခေတ်တစ်ထောင်။
အထက်ပါ အဋ္ဌကထာလာ ပိုင်းခြားကန့် သတ်ချက်သုံးဝါဒကို သဘောတူရာပေါင်းစပ်၍ ထုတ် နုတ်ယူသော် 'သာသနာနှစ်ရှစ်ထောင်' ဖြစ်သွားသည် ကို တွေ့ရှိရပါသည်။

သာသနာတော် အနှစ်ငါးထောင်သာ တည် တံ့မည်ဆိုသော စကားကို အလေးအနက် ဆင်ခြင် သုံးသပ်လျှင် ဤသို့တွေ့ရှိနိုင်ပါသည်။

၁။ သာသနာတော်သည် အနှစ်ငါးထောင် မပြည့် မချင်း တည်နေမည်ဖြစ်ရာ ယခုအခါ သာသနာ နှစ် နှစ်ထောင့်ငါးရာကျော်သာ ရှိသေးသောကြောင့် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရန် အား ထုတ်စရာမလို ဟူသောသဘော သက်ရောက် လျက် ရှိပါသည်။

၂။ သာသနာတော် အနှစ်ငါးထောင်ကျော်လွန်သော် ဧကန်ပျောက်ကွယ်မည်ဖြစ်ရာ ထိုအနှစ်ငါးထောင် ထက်ပို၍ ကျော်လွန်အောင် မည်သူကမျှ မည်သို့ မျှ ဖန်တီး၍မရနိုင်ပါ။
အမှန်တော့ သာသနာဟူသည် ပြုပြင်ထိန်း သိမ်းစောင့်ရှောက်သူ ရဟန်းရှင်လူတို့၏ အစွမ်းဖြင့် အရှည်တည်တံ့ပြန့်ပွားနိုင်ပေသည်။
ကျေးဇူးတော်ရှင် ထီးချိုင့်မြို့တည်သော ဆရာတော်ကြီးက- ''သာသနာငါးထောင်ဟူသော စကားသည် ဘုရားဟောပါဠိတော်၌ မရှိပါ''ဟု မိန့် တော်မူပါသည်။

ဘဒ္ဒန္တတိလောကသာရ ဆရာတော်က လည်း- ''သာသနာငါးထောင်ဟူသော စကားသည် ဘုရားဟောစကား အတိအကျမဟုတ်။ အဋ္ဌကထာ အရှင်များ၊ သင်္ဂါယနာတင် ရဟန္တာအရှင်များ၏ စကားလည်းမဟုတ်ပါ''ဟု ရေးသားတော်မူခဲ့ပါ၏။

ကျေးဇူးရှင် မိုးကုတ်ဆရာတော်ကြီးက လည်း- ''သာသနာဆိုတာ'နှစ်'ကိုမခေါ်၊ 'အဆုံးအမ' ကိုခေါ်တာပဲဆိုတဲ့အချက်ကို သိကြရမယ်။ ဟောတဲ့ အတိုင်း လိုက်နာကြ၊ ကျင့်ကြံအားထုတ်ကြလို့ဆိုတာ က သာသနာပဲ။

သာသနာငါးထောင်ဆိုတဲ့ စကား တွေဟာ သာသနာမဟုတ်၊ ရှင်းကြရဲလား။ ဘုရား ရှင်ဟောထားတဲ့ စကားတော်အတိုင်း အဆုံးအမအ တိုင်း လိုက်နာမှု၊ မလိုက်နာမှုအပေါ်မှာသာ သာသ နာတည်တယ်ဆိုတာ အဲဒါပဲ။ ရှင်းကြပြီလား''ဟု မိန့် တော်မူခဲ့ပါ၏။

ဤမျှဆိုလျှင် ဘုရားရှင်ဟောတော်မမူခဲ့ သော ''သာသနာနှစ်ငါးထောင်သာ တည်တံ့မည်'' (တစ်နည်း) သာသနာငါးထောင်ဝါဒအပေါ် မည်သို့ သဘောထား ရမည်ဟူသော အချက်သည် ရှင်းလင်း ပြတ်သားသွားလိမ့်မည် ထင်ပါသည်။

‪#‎TheFlowerNews‬

No comments:

Post a Comment