........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Mar 21, 2015

ဂေါတမ ဗုဒ္ဓလောင်းလျာ အမျိုးသမီးဘ၀ မရောက်ခဲ့ဖူးဘူး ဆိုတာ ဟုတ်လို့လား

ဤဘဒ္ဒကမ္ဘာမှရေတွက်သော် ကမ္ဘာပေါင်း၂၀သင်္ချေနှင့် ကမ္ဘာတစ်သိန်း အထက်
ပေါရာဏဒီပင်္ကရာဗုဒ္ဓ ပွင့်သည့်ကာလတွင်ဂေါတမဗုဒ္ဓလောင်းလျာသည် ဘုရင် သမီးတော် (အမျိုးသမီး)ဘ၀၌ ဖြစ်ခဲ့သည်။

ပေါရာဏဒီပင်္ကရာဗုဒ္ဓ၏ လူ့ဘ၀က နှမတော်လည်းဖြစ်သည်။ မင်းသမီးသည် တစ်နေ့သော ညနေအခါတွင် ဆီးမီးအလို့ငှာ မုန့်ညှင်းဆီကိုအလှူခံနေသော ရဟန်းတော်တစ်ပါးအား မုန့်ညှင်းဆီလှူဒါန်းပြီး ဗုဒ္ဓဖြစ်ရန်ဆုပန်ခဲ့သည်။
ပေါရာဏဒီပင်္ကရာဗုဒ္ဓက ဂေါတမဗုဒ္ဓလောင်းလျာမင်းသမီးအား ယောက်ျားဘ၀ကိုအရင်ဆုတောင်းရန်ညွန်ကြားခဲ့သည်။

မင်းသမီး လောင်းလှူလိုက်သော ဆီးမီးကို အလှူခံသောရဟန်းတော်သည် ဒီပင်္ကရာဗုဒ္ဓ ကဲ့သို့ဗုဒ္ဓဖြစ်ရန်ဆုတောင်းခဲ့ရာ-" ဗုဒ္ဓက ထိုရဟန်းတော်အား နောင် ၁၆-သင်္ချေ ကမ္ဘာ တစ်သိန်းကြာအောင် ပါရမီဖြည့်တော်မူပြီးနောက် ဒီပင်္ကရာဗုဒ္ဓ (၀ီရိယ ဓိက) သုမေဓာ ရှင်ရသေ့အား ဗျာဒိန်ပေးတော်မူမည့် ဘုရားတစ်ဆူ ဖြစ်လာမည် " ဟုဗျာဒိတ်ပေးခဲ့သည်။ မင်းသမီးသည် ဗျာဒိတ်ရ ရဟန်းတော်ထံတွင်နောက်နေ့၌ မုန့်ညှင်းဆီ ဒါနပြု ပြီးယောက်ျား ဘ၀ကိုဆုပန်ခဲ့သည်။ မင်းသမီးသည် ဒီပင်္က ရာ ဗုဒ္ဓလောင်းလျာ ရဟန်းတော်နှင့် အတူအသက်ထက်ဆုံး ဒါန၊ သီလ၊ ဘာဝနာမှုပြုကာ ပါရမီ အတူ ဖြည့်တော် မူခဲ့သည်။
၇-သင်္ချေ နှင့် ကမ္ဘာတစ်သိန်း ( ပထမကာလကြီး)

ထို့နောက် ယောက်ျားဘ၀အဖြစ်ကိုရရှိနေပြီးဖြစ်သည့် ဂေါတမဗုဒ္ဓလောင်းလျာ အမျိုးသား သည် ကမ္ဘာပေါင်း ၇-သင်္ချေကာလအတွင်းပွင့်တော်မူသော ဗုဒ္ဓပေါင်း ၁-သိန်း ၂-သောင်း ၅-ထောင်ဆူတို့ထံတွင် ဒါန၊ သီလ၊ ဘာဝနာမှုပြုပြီး ဗုဒ္ဓဖြစ်ရန် စိတ်ထဲမှ ဆုပန် ခဲ့သည်။ဤကာလသည် ဂေါတမဗုဒ္ဓလောင်းသည် " ဗုဒ္ဓဖြစ်လိုစိတ် " ပြင်းပြစွာထားကာ ပါရမီဖြည့် ရ သည့် ပထမဆုံးကာလကြီးဖြစ်သည်။

၉-သင်္ချေ နှင့် ကမ္ဘာတစ်သိန်း ( ဒုတိယကာလကြီး)

ထို့နောက် တစ်ခုသောဘ၀တွင် ဗုဒ္ဓလောင်းလျာသည်အလွန် ခွန်အားဗလကောင်းသော၊ အရပ်အမောင်းကြီးမားသော ဆင်းရဲသားအမျိုးသားဖြစ်ခဲ့သည်။ ဆင်းရဲချို့တဲ့စွာ မိခင်နှင့်အတူနေရသည်။ ထိုဆင်းရဲချို့တဲ့မူကိုပြေလည်ရန်အလို့ငှာ သင်္ဘောသားအဖြစ်လုပ်ကာ သုဝဏ္ဏဘုမ္မိ(ယခု-မြန်မာပြည်)သို့ လိုက်သွားရန်ပြင်ခဲ့သည်။

သူ့အမေပါ ထိုသင်္ဘောပေါ်သို့ခေါ်ပြီး ပင်လယ်ခရီးကိုစတင်ခဲ့သည်။ ပင်လယ်ထဲတွင် မုန်တိုင်းကျ၍သင်္ဘောပျက်သောအခါ ဗုဒ္ဓလောင်းလျာသည် မိခင်ကို ကျောပိုးကာ ပျဉ်ပြားပေါ် တွင် သားအမိနှစ်ယောက် ကူးကာနေ ခဲ့သည်။ ထိုအချိန်တွင် ဗြဟ္မာ (သုဒ္ဓါဝါသ ၅-ဘုံမှ )ကြီးတစ်ဦးက ဘုရားပွင့်ခဲ့သည့်ကာလကိုချင့်တွက်ကာ ဗုဒ္ဓများ မပွင့်ပေါ် သည်မှာ ကြာလာပြီဖြစ်သဖြင့်ဗုဒ္ဓဖြစ်နိုင်ရန်ပုဂ္ဂိုလ်ကိုရှာဖွေနေစဉ်၊လုံလ၀ီရိယ ထက်သန်သော ဂေါတမဗုဒ္ဓ လောင်းလျာသဘောင်္သားကိုတွေ့ရှိပြီး ဗုဒ္ဓဆုပန်ရန် တိုက် တွန်း သဖြင့် ဂေါတမဗုဒ္ဓလောင်းလျာသည် ဤသို့-

" ငါ ဗုဒ္ဓဖြစ်လို့ သစ္စာလေးပါးသိသလို၊ သတ္တ၀ါတွေကို သစ္စာလေးပါးတရားကို သိစေ မည်။ငါ သံသရာမှလွတ်မြောက်သွားသလို၊ သတ္တ၀ါတွေကို လွတ်မြောက်စေရမည်။
ငါ သံသရာသမုဒ္ဒရာကြီးကိုကူးပြီး ( နိဗ္ဗာန်တည်းဟူသော ဟိုဘက်ကမ်းရောက်သလို) ၊
သတ္တ၀ါတွေကိုလည်းနိဗ္ဗာန်တည်းဟူသော ဟိုဘက်ကမ်းကိုပို့ဆောင်ပေးမည် "
ဟု နှုတ်မြွက်ပြီး ဆုပန်ခဲ့သည်။

ဂါတမဗုဒ္ဓလောင်းလျာသည် ထိုသင်္ဘောသားကြီးဘ၀မှ စတင်ကာ ကမ္ဘာပေါင်း ၉-သင်္ချေကာလကြီး၌် ပွင့်တော်မူသည့် ဗုဒ္ဓပေါင်း ၃-သိန်း ၈- သောင်း ၇- ထောင်ဆူ တို့ထံတွင် ဒါန၊ သီလ၊ ဘာဝနာမှုတို့ပြုကာ ဗုဒ္ဓဖြစ်ရန်နှုတ်မြွက်ပြီး ဆုတောင်းခဲ့သည်။ ဤကာလသည် ဂေါတမဗုဒ္ဓလောင်းသည် ဗုဒ္ဓဖြစ်တော်မူလိုသောစိတ်တို့ အပြင်းပြ ဆုံးရောက်ရှိကာ၊ နှုတ်တော်မှ မြွက်ကြားကာ ပါရမီဖြည့်တော်မူရသည့် ဒုတိယကာလကြီးဖြစ်သည်။

၎-သင်္ချေနှင့် ကမ္ဘာတစ်သိန်း ( တတိယကာလကြီး နှင့် ဗုဒ္ဓဖြစ်ချိန် )

ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာပေါင်း ၄-သင်္ချေ နှင့် ကမ္ဘာတစ်သိန်းထက် ကာလတွင် ဂေါတမဗုဒ္ဓလောင်းလျာသည် ဈာန်အဘိဥာဉ်ရသော သုမေဓာအမည်ရှိ ရသေ့ဖြစ်လာသည်။ ပေါရာဏဒီပင်္ကရာဘုရားထံတွင်ဝိရီယဓိကဘုရားအဖြစ်ဖြင့် ဗျာဓိတ်ရသော ရဟန်းတော်သည် ပါရမီပြည့်၍ ဒီပင်္ကရာဗုဒ္ဓ ဖြစ်တော်မူသည်။

ဒီပင်္ကရာဗုဒ္ဓသည် သုမေဓာရသေ့ကိုလွန်ခဲ့သော ၁၆ သင်္ချေနဲ့ကမ္ဘာတစ်သိန်းကာလက အတိတ်ဖြစ်တော်စဉ်ကိုဟောကြားပြီးမုန့်ညှင်းဆီလှူသောအကြောင်းကြောင့်လည်းကောင်း၊ ဗုဒ္ဓဖြစ်ရန်ဆုပန်သဖြင့်လည်းကောင်း၊ နောင် ၄-သင်္ချေ နှင့် ကမ္ဘာတစ်သိန်းကာလကြာအောင် ပါရမီဖြည့်ပြီးနောက်၊ ဘဒ္ဒကမ္ဘာတွင်(သိဒ္ဓတ္ထ- မုန်ညှင်း၊ တေလ-ဆီ ) - မုန့်ညှင်းဆီ) သိဒ္ဓတ္ထမင်းသားအဖြစ်မှ ဂေါတမအမည်ရ ဗုဒ္ဓတစ်ဆူဖြစ်မည်ဟုဗျာဓိတ်တော်ပေးခဲ့သည်။

ထိုအချိန်တွင် ယသော်ဓရာဒေ၀ီလောင်းလျာ သုမိတ္တာအမည်ရှိ သူဋ္ဌေးသမီးသည် နောက်တော်ပါအခြွေအရံတော် တွေနဲ့ ဒီပင်္ကရာဗုဒ္ဓကို ကြာပန်းလှူရန်ရောက်ရှိနေသည်။ သူမသည် သုမေဓာရသေ့ ဗုဒ္ဓဗျာဓိတ်ရတော်မူသည်ကို ကြားသိကာ သုမေဓာရသေ့၏ ပါရမီဖြည့်ဘက်ဆုကို တောင်းရာ ဗျာဓိတ်တော်ရခဲ့သည်။ ( သုမိတ္တာသည် လှူရန် ကြာပန်း ၈-ခိုင်ကို ယူလာရာ ၅-ခိုင်ကို သုမေဓာရှင်ရသေ့အားလှူပြီး၊၃-ခိုင်ကို ဒီပင်္ကရာဗုဒ္ဓအား လှူခဲ့သည် ။

ဂေါတမဗုဒ္ဓသည် ပါရမီဖြည့်ဘက် ယသော်ဓရာဒေ၀ီနှင့်အတူ ဤဘဒ္ဒကမ္ဘာ၌ ဝေဿန္တာရာမင်းကြီးဘ၀ဖြင့်ပါရမီတော် အလုံးစုံပြည့်တော်မူသည်။ ထို့နောက် တုဿိတာနတ်ပြည်ရှိ သေတကေတုနတ်သားအဖြစ်မှ နတ်သက်ကြွေကာ ၊ လူပြည်တွင်သိဒ္ဓတ္ထမင်းသားဖြစ်လာခဲ့သည်။

ဂေါတမဗုဒ္ဓဖြစ်တော်မူသောအခါ ကပ္ပိလ၀တ်ပြည်သို့ဗုဒ္ဓဖြစ်တော်မူပြီးသည့်နောက် ပထမဆုံးပြန်လာ စဉ်တွင် ယသော်ဓရာဒေ၀ီအား ထို ၁၆-သင်္ချေနှင့်ကမ္ဘာတစ်သိန်းကာလ ပါရမီဖြည့်ခဲ့ရပုံကို ဟောကြားတော်မူခဲ့သည်။

နောင်သောအခါတွင် အခြားသူတို့မေးမြန်းလျှောက်ထားသဖြင့် ယသော်ဓရာရဟန္တာထေရီမကြီးသည် ၄သင်္ချေနှင့်ကမ္ဘာ တစ်သိန်းအလွန်၁၆သင်္ချေနှင့်ကမ္ဘာတစ်သိန်းကာလ) ဂေါတမဗုဒ္ဓပါရမီဖြည့်ရာကာလ နှင့်ပါရမီဖြည့်ရာဖြစ်တော်စဉ်ကို
တစ်ဆင့်ဟောကြားပေးခဲ့သည်။

မှီငြမ်း- ယသော်ဓရာထေရီအပဒါန်
ထေရီအပဒါနဒီပနီ
( ဗန်းမော်ဆရာတော်ကြီး- နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌ)
.......................

ဂေါတမဗုဒ္ဓ၏ ပါရမီဖြည့်ဆည်းရာကာလများ - အနှစ်ချုပ်

ဂေါတမဗုဒ္ဓ (ပညာဓိကဗုဒ္ဓ) ပါရမီပြည့်ရန် ကိုယ်၊ နှုတ်၊ စိတ် သုံးပါးလုံးဖြင့် ဖြည့်ဆည်းရာ ကာလကြာချိန်-
( ၂၀ ) သင်္ချေထက် ကမ္ဘာတစ်သိန်း

ပါရမီဖြည့်ရာ ပထမကာလကြီး -
ကမ္ဘာပေါင်း ၇-သင်္ချေ နှင့် ကမ္ဘာတစ်သိန်း
( ပွင့်တော်မူသည့် ဗုဒ္ဓပေါင်း - ၁- သိန်း ၂- သောင်း ၅- ထောင်ဆူ )
( အမျိုးသမီးဘ၀မှ ယောက်ျားစဖြစ်တဲ့အချိန်ထိ စိတ်ဖြင့်ဆုတောင်း )

ပါရမီဖြည့်ရာ ဒုတိယကာလကြီး -
ကမ္ဘာပေါင်း ၉ သင်္ချေနှင့် ကမ္ဘာတစ်သိန်း
( ပွင့်တော်မူသည် ဗုဒ္ဓပေါင်း -၃- သိန်း ၈- သောင်း ၇- ထောင်ဆူ )
( သင်္ဘောသားဘ၀မှစတင်ကာ နှုတ်ဖြင့်ဆုတောင်း )
( ကမ္ဘာပေါင်း ၁၆- သင်္ချေကာလတွင် ဗုဒ္ဓရှင်ပေါင်း ၅- သိန်း ၁- သောင်း ၂- ထောင် ဆူ ပွင့်တော်မူသည်။ထိုကာလတွင် ဘုရားအလောင်းတော်သည် စိတ် ၊ နှုတ် နှစ်ပါးဖြင့်သာ ဆုတောင်းခဲ့သည် )

ပါရမီဖြည့်ရာ တတိယကာလကြီး - ပါရမီပြည့်ပြီး ဗုဒ္ဓဖြစ်တော်မူသည့်အချိန်ထိ

ကမ္ဘာပေါင်း ၄-သင်္ချေ နှင့် ကမ္ဘာတစ်သိန်း
( ပွင့်တော်မူသည် ဗုဒ္ဓပေါင်း နှစ်ကျိပ်ရှစ်ဆူ (၂၈)ဆူ )
(သုမေဓာရသေ့ဘ၀မှစတင်ကာ ကိုယ်၊ နှုတ်၊ စိတ် သုံးပါးလုံးဖြင့် ဆုတောင်း )
( ကမ္ဘာပေါင်း ၂၀-သင်္ချေ နှင့် ကမ္ဘာတစ်သိန်းကာလတွင် ဗုဒ္ဓရှင်တော်မြတ်ပေါင်း ၅ -သိန်း ၁-သောင်း၂-ထောင် - နှစ်ကျိပ်ရှစ်ဆူ ၂၈ဆူ ပွင့်တော်မူသည် )

ဤနေရာ၌ သမ္ဗုဒ္ဓေဂါထာတော်လာ ( ၅ သိန်း ၁ သောင်း ၂ ထောင် ၂ ကျိပ် ၈ ဆူ )သော ဘုရားရှင်တို့၏ အရေအတွက်ကို သိရှိကြည်ညိုနိုင်ကြပါသည်။ စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ သမ္ဗဒ္ဓေဘုရားမှ များပြားလှစွာသော ရုပ်ပွားတော်များသည်လည်း ဤသည်ကို ရည်ရွယ်ကာ ထွင်းထုသွန်းလုပ် ပူဇော်ထားခြင်း ဖြစ်သည်။

ဗုဒ္ဓဘာသာဝင် အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့သည် မိမိတို့၏ ဆရာဖြစ်တော်မူသောဂေါတမဗုဒ္ဓ၏ ပါရမီဖြည့်ဆည်းရသည့် ဗုဒ္ဓဖြစ်တော်စဉ် နှင့် ကာလတို့ကို ဖတ်ရှုကြည်ညိုပြီး ၊ မိမိတို့သဏ္ဍာန်၌လည်း "ဗုဒ္ဓ"ကဲ့သို့ မကောင်းမူအပေါင်းကို ရှောင်ကြဉ်ပြီး၊ ကောင်းမှုပါရမီအပေါင်းကို ဖြည့်ကျင့်ဆည်းပူးကာအနှိုင်းမဲ့စိတ်ဓာတ်ဖြူစင် အေးချမ်းမှုကို ရအောင် သမထ၊ ၀ိပဿနာတရားတို့ကို ကျင့်ကြံအားထုတ်သင့်သည်။

မိစ္ဆာဝါဒီတို့၏ မကောင်းသော အဓမ္မတရားတို့ မပေါ်ပေါက်မလွှမ်းမိုးခင်-
လောကငြိမ်းချမ်းသာယာရေးအတွက် စစ်မှန်သောလမ်းညွန်ချက်တို့ရှိသော၊
ဒုက္ခခပ်သိမ်းကင်းဝေးနိုင်သော အကျင့်ကောင်း၊ အကျင့်မြတ်တို့ရှိသော၊
သူတော်ကောင်းလမ်းစဉ်တို့နှင့် လောကတစ်ခုလုံး၏ အကောင်းဆုံးအနှစ်သာရတို့သက်ဝင်နေသည့် ဗုဒ္ဓသာသနာတော်တည်ရှိစဉ် အခါကာလမှာ - ငရဲ, ပြိတ္တာ,တိရစ္ဆာန်, အသူရကာယ်စသော ဒုဂ္ဂတိဘုံသားတို့၏ ဆင်းရဲအတိရောက်ရမှု ၊ လူဖြစ်ရတဲ့ဘ၀တန်ဖိုး၊ လူသားတို့ထက် မြင့်မြတ်သောဘုံဘ၀သို့ရောက်ရသောဘ၀တန်ဖိုးနှင့် ဆင်းရဲမူတွေသာများပြီး၊ မပြောပလောက်သည့် ချမ်းသာမှုတွေရှိသည့် ဘ၀သံသရာရဲ့ ပျင်းရိငြီးငွေ့ဖွယ်ကောင်းမှုကို သိနားလည်သူ - လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါအားလုံးက ဗုဒ္ဓ ဆုံးမ ၊လမ်းညွှန်ချက်ဖြစ်သော " သီလ၊ သမာဓိ၊ ပညာ " သိက္ခာသုံးရပ် အကျင့်မြတ်တို့ကို တသွေမတိမ်း လိုက်နာကျင့်ဆောင်ရပေမည်။
" လောကတွင် ဗုဒ္ဓရှင်တော်မြတ်တို့ပွင့်ထွန်းပေါ်ပေါက်လာခြင်းသည်
လောကသတ္တ၀ါများ ချမ်းသာခြင်း၏ အကြောင်းရင်းပေတည်း "

ဗုဒ္ဓဘာသာလူငယ်များအသင်း
ဂေါတမဗုဒ္ဓ၏ အရပ်တော်

မြတ်ဗုဒ္ဓ၏ အရပ်တော်နှင့် ပတ်သက်၍ ကွဲပြားခြားနားသော အယူအဆနှစ်မျိုးတွင် မြတ်ဗုဒ္ဓသည် ပကတိလူတို့ထက် များစွာမမြင့် ဟူသော အယူအဆသည် ယုတ္တိဗေဒသက်သက်ကို အခြေခံ၏။ ဂေါတမဘုရားရှင်၏ အရပ်တော်မှာ ၁၈-တောင် ရှိ၏=ဟူသော အယူအဆသည် ကျမ်းဂန်အထောက်အထားကို အခြေခံကာ ယုတ္တိရှာ ပြ၏။

ဗုဒ္ဓ၀ါဒနှင့်အယူအဆရေးရာများ

အတိဂမ္ဘီရ တရားတော်ကြီး
ဂေါတမဗုဒ္ဓဘုရားရှင်သည် မိမိ၏ တရားတော်ကြီးကို တစ်တိုင်းပြည်လုံး၊ တစ်ကမ္ဘာလုံး၊ တစ်လောကလုံး ကျင့်သုံးလိုက်နာကြလိမ့်မည်ဟု မျှော်လင့်တော် မမူခဲ့ချေ။အလွန့်အလွန် ခက်ခဲနက်နဲတော်မူသော တရားတော်ကြီးဖြစ်သောကြောင့် လူအများကို ဟောပြခြင်းဖြင့် နားလည်နိုင်ကြမည်မဟုတ်ဟုဆိုကာ စိတ်ပျက်အားလျော့တော်မူဖူးရာတွင် သဟမ္ပတိဗြဟ္မာကြီး၏ တောင်းပန်လျှောက်ထားချက်ကြောင့် ဟောတော်မူရသည် စာဆိုရှိ၏။ဤသို့သော တရားတော်ကြီးကို တစ်တိုင်းပြည်လုံးက လက်ခံယုံကြည်ပြီး အတိအကျလိုက်နာ ကျင့်သုံးခြင်းအားဖြင့် အရိယာပုဂွိုလ်တွေ ဖြစ်ကုန်ကြဖို့ ဘယ်ကဲ့သို့ မျှော်လင့်တော်မူပါအံ့နည်း။

ချမ်းသာမှုချင်း နှိုင်းယှဉ်ချက်

ကားလ်မာ့က်စ်နှင့် မဟတ္တမဂန္ဒီတို့သည် သူတို့ဝါဒနှင့် သူတို့ လူတွေကို ချမ်းသာအောင် ဆို၍ နည်းလမ်းညွှန်ပြ ခဲ့ကြသည်။အရေအတွက်အရလည်းကောင်း၊ ကာလတာရှည် အရလည်းကောင်း ကြည့်ပါက ကားလ်မာ့က်စ်သည် မဟတ္တမဂန္ဒီထက် အောင်မြင်သည် ဟု ဆိုရပေမည်။ ထိုပုဂွိုလ်ကြီးနှစ်ဦးတို့၏ မျှော်မှန်းချက်မှာ လူသတ္တ၀ါတွေကို အစုလိုက် အပြုံလိုက်၊ တိုင်းပြည်လိုက်ချီ၍ ချမ်းသာအောင် ညျွန်ပြရန်ဖြစ်၏။ဂေါတမဗုဒ္ဓ၏ ရည်မှန်း ချက် မှာ ဤသို့မဟုတ်ပေ။ပါရမီရင့်ကျက်သူ ဝေနေယျသတ္တ၀ါများအား စိတ်ငြိမ်းချမ်းမှု ရစေဖို့၊ ကိလေသာချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ ရောက်စေဖို့သာ ဖြစ်၏။ မာ့က်စ်ဝါဒီများက ဂေါတမဗုဒ္ဓ၏ လမ်းစဉ်သည် လူအများစုအတွက် မဟုတ်၊ လူတွေကို ပစ္စည်း ချမ်း သာအောင် လုပ်ပေးနိုင်သော လမ်းစဉ်မဟုတ်ဟု ဆိုကြသည်။ ဂေါတမ ဘုရားရှင် သည် လူတွေကို ပစ္စည်းချမ်းသာအောင် လုပ်ပေးဖို့ ရည်ရွယ်ချက်လည်းမရှိ။ ပစ္စည်းချမ်းသာမှ စိတ်ချမ်းသာနိုင်သည်ဟူ၍လည်း မြင်တော်မမူ။ သတ္တ၀ါ အားလုံးအတွက် ပါရမီ အနု အရင့် အလိုက် လူချမ်းသာ၊ နတ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာကို ရရှိစေရန် ပွင့်တော်မူလာခြင်း ဖြစ်သည်။

သို့ရာတွင် ကားလ်မာ့က်စ်၏ ဆိုရှယ်လစ်မူဝါဒမှ ရရှိသော ချမ်းသာမှုမှာ ဗုဒ္ဓ၀ါဒမှ ရရှိသည့် ချမ်းသာမှုနှင့် တစ်ယောက်ချင့် အနေဖြင့် နှိုင်းယှဉ်သည် ရှိသော် ဆီးကင်းနှင့် တောင်လုံးကြီးကဲ့သို့ ကွာခြားလိမ့်မည်ဖြစ်သည်။

စေတနံ-စေတနာကို။ ကမ္မံ-ကံဟူ၍။ အဟံ-ငါဘုရားသည်။ ၀ဒါမိ-ဟော်တော်မူ၏။ ဟု ကျမ်းဂန်ပါဠိ လာရှိသော်လည်း စေတနာဟူသော သဘောတရားကို နားမလည်သော အခြားဘာသာများက ဗုဒ္ဓ၏ နှုတ်ကပါဌ်တော်ကို ပြောင်လှောင်ကြရုံမျှမက ဗုဒ္ဓဘာသာဝင် အချို့ကပင် နာဝင်သယောင် နှင့်ပြောကြ ရေးကြခြင်းများကို ဖတ်ရဖူးလေသည်။ ဗုဒ္ဓဘုရားရှင်က ငါ မပညတ်သည်ကို မပညတ်လေနှင့်၊ ငါပညတ်သည်ကို မဖျက် ဆီးလေနှင့် ဟု ဟော်တော်မူခဲ့ရာ အချို့ပုဂွိုလ်များသည် စေတနာကောင်း သယောင်နှင့် ဉာဏ်ကွန့်ကြ၍ ဗုဒ္ဓ၏ ပညတ်ချက်ကို ဖျက်ဆီးရာ သို့မဟုတ် ပြင်ဆင်ရာရောက်သော သြ၀ါဒမျိုး ပေးကြသည်ကို ကြားရ၏။ ထိုသို့သော သြ၀ါဒမျိုးသည် လူပြိန်းများအဖို့ ကောင်းတော့ မယောင် ထင်မှတ်ဖွယ်ရှိသောလည်း ဗုဒ္ဓအား ယုံကြည်မှု သဒ္ဓါစိတ်ကို နုံနဲ့စေ၍ သာသနာတော်အား ညှိုးမှိန်ဖွယ် အကြောင်းဖြစ်၍ ရေးသားရခြင်းဖြစ်ပေသည်။ဤ ပြဿနာမှာ သက်သတ်လွတ်ရှောင်ခြင်း ပင်ဖြစ်သည်။

သက်သတ်လွတ်တရား
နာမည်ကျော် သီယိုဆိုဖီသမားကြီးတစ်ယောက်က ဗုဒ္ဓသည် သက်သတ် လွတ်ရှောင်တော် မူခြင်း၊ ပရိနိဗ္ဗာန် စံတော်မူခါနီး၌ စုန္ဒဆက်ကပ်သော ၀က်ပျိုဆွမ်းကို ဘုဉ်းပေးတော်မူသည်ဆိုခြင်းမှာ မမှန်ကြောင်း၊ အမှန်းမှာ ၀က်သားမဟုတ်၊ ၀က်များစား တတ်သော မှိုတစ်မျိုးသာ ဖြစ်ကြောင်း၊ အထူအစဉ်းစားထိုက်သည်မှာ အိမ်၌ လက် သပ်မွေး ထားသော ကြက်ကလေး၊ ၀က်ကလေးသေဆုံးသည့်အခါ ၄င်း၏ အသား ကို မစားရက်သော သခင်များရှိကြောင်း၊ ကြက်ကလေး၏ သခင်သည် ကြက်ကလေး အပေါ် ၌ ကရုဏာဖြစ်၍ ၄င်း၏ အသားကို မစားရက်ဟုဆိုလျှင် မဟာကရုဏာရှင် ဖြစ်တော် မူသော ဗုဒ္ဓသည် သတ္တ၀ါ၏ အသားကို မည်သည့်နည်းနှင့် မျို၍ကျနိုင် ပါမည် နည်း စသည်ဖြင့် အကြောင်းပြဟောပြောခြင်းကို ကြားနာလိုက်ရသော လူတို့သည် ဟုတ်ပေ သည် ဟု သဘောကျ၍ သက်သတ်လွတ်သမားများ ဖြစ်သွားကာ အသားစား မိတိုင်း ခပ်တွန့်တွန့် ဖြစ်ခဲ့ကြသည်။

ဒေ၀ဒတ်၏ အကြံပေးချက်

ယောက်ဖတော် ဒေ၀ဒတ်သည် သံဃာကို ဂိုဏ်းခွဲလိုသော အကြံအစည်နှင့် ဗုဒ္ဓအား အချက်ငါးချက်ပါသော အကြံတစ်ခုပေး၏။
(၁) တပည့်ရဟန်များအား ရွာနီးကျောင်းတွင် မနေစေဘဲ တောကျောင်းတွင် သီတင်းသုံးစေရန်။

(၂) ပို့သောဆွမ်းကို ဘုဉ်းမပေစေဘဲ ဆွမ်းခံ၍သာ စားစေရန်။

(၃) ဒါယကာများ လှူသောသင်္ကန်းကို မ၀တ်ရုံစေဘဲ ပံ့သကူ သင်္ကန်းကိုသာ ၀တ်ရုံစေရန်။

(၄) ဆောက်လုပ်လှူဒါန်းသော ကျောင်းတွင် မထိုင်စေဘဲ သစ်တစ်ပင်၊၀ါးတစ်ပင်အောက်၌ နေစေရန်၊

(၅) အမဲသားငါးကို မစားစေဘဲ မြေပေါက်အသီးအနှံ စသည်တို့ကိုသာ မှီဝဲစေရန် ပညတ်ဖို့ လျှောက်ထားလေသည်။ ဒေ၀ဒတ်၏ အကြောင်းပြချက်ကား ဤကဲ့သို့ခြိုးခြံသော အကျင့်မျိုး ကျင့်သုံးခြင်းဖြင့် လူအများတို့ ကြည်ညိုဖွယ် ဖြစ်စေနိုင်ပါသည်ဟု ဆိုလေသည်။

ငြင်းပယ်တော်မူခြင်း

ဗုဒ္ဓသည် ဒေ၀ဒတ်၏ အကြံပေးချက်ငါးခုကို တစ်ခုမျှ လက်ခံတော်မမူဘဲ ပယ်ဖျက်ခဲ့ရာ အသားရှောင်ပြီး မြေပေါက်ကိုသာ သက်သတ်လွတ်စားဖို့ဆိုသော အကြံပေးချက်နှင့် ပတ်သက်သည့် ဗုဒ္ဓ၏ အဖြေကိုသာ ဖော်ပြလိုပါသည်။ဗုဒ္ဓမြတ်စွာဘုရားက လူတို့အား သက်သတ်လွတ်စားရမည်ဟု မိန့်တော် မမူခဲ့ဘူးချေ။ဘုရားရှင် မိန့်တော်မူသည်မှာ အစွန်း သုံးပါး လွတ်သောအသားကို စားနိုင်သည်ဟု မိန့်ဆိုခဲ့သည်။

အစွန်းသုံးပါးဆိုသည်မှာ

ကြားသား( သတ်သံကို ကြားရသောအသား)၊
မြင်သား ( သတ်သည်ကို မြင်သောအသား)၊
ရည်သား ( မိမိအတွက် ရည်ရွယ်၍ သတ်သော အသား) တို့ကိုသာ ရှောင်သင့်သည်ဟု မိန့်တော်မူခဲ့သည်။ဤတွင် အချို့သော ရဟန်းများသည် ဒေ၀ဒတ်၏ အကြံပေးချက်ကို မြတ်သည်ထင်ကြ၍ ဗုဒ္ဓကို စွန့်ခွာပြီး ဒေ၀ဒတ်နောက်သို့ ပါသွားကြသည်ဟု ဆိုသည်။အကယ်၍သာ ဒေ၀ဒတ် အကြံပေးချက်သည့် အတိုင်း သက်သတ်လွတ်ရှောင်ပြီး မြေပေါက်ကိုသာ ဘုဉ်းပေးကြမည်ဆိုပါက ဆွမ်းခံစဉ်ကတည်းက ငါတို့ မသားမစား၊ သက်သတ်လွတ်ကိုသာစားသည် ဆိုသော အဖြစ်ကို ဒါယကာ၊ ဒါယကာမများ သိစေခြင်း ငှာ မောင်းကြေးနင်းခတ်ခြင်း သို့မဟုတ် အလံထူခြင်း စသည်ဖြင့် ကြေညာ ထား ဖို့ လိုပေမည်။ အသားမစားပဲ သတ်သတ်လွတ်စားခြင်း ကုသိုလ် ယူနိုင်ပါ သည်။။

ဖေးဘွတ်စာမျက်နှာမှပြန်လည်ကူးယူခြင်းဖြစ်ပါသည်။

apkအဖြစ်ဖုန်းထဲမှာထည့်ထားချင်ရင်ဒီလင့်ကနေ
ဒေါင်းယူပါ http://www23.zippyshare.com/v/OU9XsGj9/file.html

No comments:

Post a Comment