........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Sep 20, 2018

#တော်သလင်း_လပြည့်နေ့ ( သို့ ) ဂရုဓမ္မ_အခါတော်နေ့


မြန်မာတို့ရဲ့ လ ( ၁၂ ) လကို
ဘာသာရေးဆိုင်ရာ နေ့ထူး နေ့မြတ်များနဲ့
ထူးခြားစွာ သတ်မှတ်ထားကြရာမှာ …

တော်သလင်းလရဲ့ လပြည့်နေ့ကို
ဂရုဓမ္မ အခါတော်နေ့ အဖြစ်
သတ်မှတ်ချက်ဟာလည်း
တစ်ခု အပါအ၀င်ပဲ ဖြစ်ပါတယ် …

ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့
ငါးရာငါးဆယ် ဇာတ်နိပါတ်တော်တွေထဲက
" ကုရုဓမ္မဇာတက " ကို အကြောင်းပြုပြီး …

တော်သလင်း လပြည့်နေ့ကို
ဂရုဓမ္မ အခါတော်နေ့လို့
သတ်မှတ်ကြခြင်း ဖြစ်ပါတယ် …

မူရင်း စကားမှာ “ ကုရုဓမ္မ ” ဖြစ်ပြီး
နောက်ပိုင်း ဝေါဟာရ အပြောင်းအလဲ တစ်ခုအနေနဲ့
“ ဂရုဓမ္မ ” လို့ ပြောဆိုကြခြင်း ဖြစ်ပါတယ် …

ဒီ ဂရုဓမ္မဆိုတဲ့ ဝေါဟာရကိုပဲ
တိုက်ရိုက်ပြောမယ် ဆိုရင်တော့ …

#ဂရု က
ရိုရိုသေသေ , လေးလေးစားစား ,
မြတ်မြတ်နိုးနိုး …

#ဓမ္မ ဆိုတာက
လိုက်နာကျင့်သုံး ထိန်းသိမ်းသင့်တဲ့
တရားဓမ္မလို့ အဓိပ္ပါယ်ပြောနိုင်တာ ဖြစ်ပါတယ် …

အဋ္ဌကထာများမှာတော့
“ ကုရုတိုင်းသား ” တို့ ကျင့်သုံးတဲ့
တရားဖြစ်တဲ့ အတွက် …

" ကုရုဓမ္မ " လို့ ဆိုခြင်းဖြစ်ကြောင်း
ဖွင့်ဆို ရှင်းပြပါတယ် …

ဘာပဲဖြစ်ဖြစ်
ဒီ ကုရုဓမ္မ ( ခ ) ဂရုဓမ္မ ဆိုတာ
ပဉ္စသီလ ( ခ ) ငါးပါးသီလကို ဆိုခြင်းပဲ
ဖြစ်ပါတယ် …

အတိတ် ဘ၀တစ်ခုမှာ
ဘုရားလောင်းဟာ ဣန္ဒပတ္တနဂိုရ်ပြည်ရဲ့
ကောရဗျဘုရင် အဖြစ် အုပ်ချုပ်စဉ်အခါက …

တိုင်းပြည် တစ်ပြည်လုံးကို
ငါးပါးသီလ စောင့်ထိန်းဖို့ ညွှန်ကြားပြီး
သီလတရားနဲ့ ပြည့်စုံစေပါတယ် …

တစ်တိုင်းပြည်လုံး ပဉ္စသီလကို
လုံခြုံအောင် စောင့်ထိန်းကြတဲ့ အတွက် …

အဲဒီ တိုင်းပြည်မှာ
မိုးလေ၀သ မှန်ကန်ပြီး ကောက်ပဲသီးနှံနဲ့
ဆန်ရေစပါး ပေါများကာ
တိုင်းသူ ပြည်သားတွေဟာ
အေးအေးချမ်းချမ်း ငြိမ်းချမ်းတည်ငြိမ်တဲ့ အပြင် …

သီလလုံခြုံကြတဲ့ အတွက်
အသက်ရှည်ပြီး ၊ ရောဂါဘယများလည်း
ကင်းဝေးကြပါတယ် …

အဲဒီအချိန်မှာ
တစ်ဘက်မှာရှိတဲ့ ကာလိင်္ဂမင်း အုပ်ချုပ်တဲ့
ဒန္တပူရပြည်မှာတော့ မိုးခေါင်ရေရှား ဖြစ်ကာ
ဆန်ရေစပါး ရှားပါပြီး
တိုင်းသူ ပြည်သားတွေဟာလည်း
ဒုက္ခအမျိုးမျိုးကြုံနေရပါတယ် …

ဒီတော့
ကလိင်္ဂမင်းဟာ ကောရဗျမင်းရဲ့
တိုင်းပြည် အခြေအနေကို စုံစမ်းပြီး …

ကောရဗျမင်း ကျင့်သုံးတဲ့
ကုရုဓမ္မကို လိုက်နာကျင့်သုံးစေကာ
မိမိတိုင်းသူပြည်သားတွေကိုလည်း
သီလနဲ့ ပြည့်စုံစေပါတယ် …

ဒီလို ကုရုဓမ္မကို ကျင့်သုံးတဲ့ အတွက်
ကလိင်္ဂမင်းရဲ့ တိုင်းပြည်မှာလည်း
မိုးလေ၀သ မှန်ကန်ကာ
တိုင်းပြည်လည်း ငြိမ်းချမ်းသာယာ လာခဲ့ပါတယ် …

ဒါဟာ
ကရုဓမ္မ ခေါ် ငါးပါးသီလကို လုံခြုံ
စောင့်ထိန်းစေလို့ပဲ ဖြစ်ပါတယ် …

ဒါက
ကုရုဓမ္မဇာတ်တော်ရဲ့ အနှစ်ချုပ်ပဲ
ဖြစ်ပါတယ် …

ဒီဇာတ်တော်ကို အကြောင်းပြုပြီး
မြန်မာဗုဒ္ဓဘာသာများဟာလည်း
ဆန်ရေစပါး စိုက်ပျိုးရာဖြစ်တဲ့ မိုးရာသီရဲ့
တော်သလင်းလမှာ မိုးလေ၀သ မှန်ကန်စေဖို့နဲ့

ဗုဒ္ဓဘာသာတွေ အနေနဲ့
ဂရုဓမ္မ ခေါ် ငါးပါးသီလကို အလေးထားပြီး
စောင့်ထိန်းစေဖို့

တော်သလင်း လပြည့်နေ့ကို
ဂရုဓမ္မအခါတော်နေ့ အဖြစ် နေ့ထူးနေ့မြတ် တစ်ခု
သတ်မှတ်ကြခြင်း ဖြစ်နိုင်ပါတယ် …

ဒီနေရာမှာ
အဓိက အရေးကြီးဆုံး တရားက
ဂရုဓမ္မ တရားပဲ ဖြစ်ပါတယ် …

ငါးပါးသီလရဲ့
အစွမ်းထက်မြက်မှုပဲ ဖြစ်ပါတယ် …

လူတိုင်းလူတိုင်း အနည်းဆုံး -
- သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်တာ
- သူ့ဥစ္စာခိုးခြင်းမှ ရှောင်ကြဉ်တာ
- အိမ်ထောင်ရေး ဖောက်ပြန်မှုများမှ
  ရှောင်ကြဉ်တာ
- လိမ်ညာပြောဆိုတာတွေမှ ရှောင်ကြဉ်တာ
- အရက်သေစာ မူးယစ်ဆေးဝါး
  သောက်စားသုံးစွဲတာတွေမှ
  ရှောင်ကြဉ်တာတွေကို ပျောက်ပျက်မှု မရှိအောင်
  ထိန်းသိမ်းစောင့်ရှောက် နိုင်ကြမယ် ဆိုရင်
  တစ်ဦးချင်းရဲ့စိတ်အစဉ်မှာ ငြိမ်းချမ်းနေပြီး
  အချင်းချင်း နှိပ်စက်ခြင်းတွေ ကင်းနေကြမှာ
  ဖြစ်ပါတယ် …

တစ်ခုချင်းရဲ့ စိတ်အစဉ်မှာ
သီလတွေနဲ့ ထိန်းသိမ်းလို့ ငြိမ်းနေကြမယ် ဆိုရင် …

အဲဒီနိုင်ငံ ၊ အဲဒီ လူမျိုးတွေကို
စောင့်ရှောက်ကြတဲ့ နတ်ဒေ၀တာတွေဟာလည်း
စောင့်ရှောက်မှု အားကောင်းပြီး
အဆိုးတွေ မဖြစ်အောင် မစကြမှာ ဖြစ်ပါတယ် …

သမ္မာဒေ၀ နတ်ကောင်း နတ်မြတ်များရဲ့
အစောင့်အရှောက်ကို ခံကြရတဲ့ တိုင်းပြည်ဟာ
မိုးလေ၀သ ရာသီဥတုမှ အစ ကောင်းမွန် မှန်ကန်ပြီး
ရာသီဥတု မှန်တဲ့ အတွက် …

စိုက်ပျိုးရတဲ့ သီးနှံစပါးဟာလည်း
ဖွံ့ဖြိုးတိုးတက်ကာ စားဝတ်နေရေးမှ အစ
အစစ အရာရာ ငြိမ်းချမ်းသာယာ နေကြမှာ
ဖြစ်ပါတယ် …

ဒါဟာ
အခြေခံဖြစ်တဲ့ ဂရုဓမ္မ ခေါ်
ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်း
နေထိုင်ကြလို့ပဲ ဖြစ်ပါတယ် …

ဆိုလိုတာက
အရာရာဟာ အကြောင်းကြောင့် အကျိုးဖြစ်တဲ့
သဘောရှိတဲ့ အတွက် …

အကြောင်းကောင်းရင်
အကျိုးလည်းကောင်းမှာ ဖြစ်လို့
အကျိုးပေး ကောင်းချင်သူတွေ အနေနဲ့
အကြောင်းကောင်းအောင် လုပ်ကြဖို့နဲ့ …

တစ်ဦးချင်းရဲ့ အကြောင်းတွေ ကောင်းနေရင်
တစ်ဦးချင်းရဲ့ အကျိုးလည်း ကောင်းနေပြီး
အကြောင်းကောင်းသူ တစ်ဦးချင်း ပေါင်းထားတဲ့
အများဟာလည်း အကျိုးကောင်းတဲ့ အစုအဖွဲ့
ဖြစ်လာမှာ ဖြစ်ကာ …

အစုအဖွဲ့များနဲ့ ဖွဲ့စည်းထားတဲ့
ကမ္ဘာကြီးဟာလည်း ငြိမ်းချမ်းသာယာ
တိုးတက်ဝပြောနေမှာ ဖြစ်ကြောင်း
ဆိုလိုတာ ဖြစ်ပါတယ် …

အကြောင်းကောင်း ဆိုတဲ့
ဂရုဓမ္မလို တရားများကို
ကြိုးစား ကျင့်ကြံနေထိုင်ခြင်းဖြင့်
အကျိုးကောင်းအောင် အားထုတ်ကြဖို့
အသိပေးလိုရင်း ဖြစ်ပါတယ် …

ဂရုဓမ္မ ခေါ် ငါးပါးသီလကို
အခြေခံ အဆင့်အနေနဲ့ တည်တံ့အောင် ကြိုးစားပြီး
အမြတ်ဆုံးပန်းတိုင်ကို လှမ်းကိုင်နိုင်အောင်
အားထုတ်ကြဖို့ တိုက်တွန်းလိုရင်း ဖြစ်ပါတယ် …

ဒါကြောင့် …

အကျင့်တရားတွေ အားနည်းပြီး
သီလတရားတွေ လျော့ရဲလာတဲ့ ဒီနေ့လို ခေတ်မှာ …

အများ မိုးခါးရေ သောက်လို့
ကိုယ်လည်း လိုက်သောက်တဲ့ ပုံစံမျိုး
မဖြစ်စေကြဘဲ …

အများမလုပ်နိုင်တဲ့ အလုပ်ကို
တစ်ဦးချင်း အရင်ကြိုးစား လုပ်ကိုင်ရင်း
အများအား ဖြစ်လာအောင်
အားထုတ်တဲ့ အနေနဲ့ …

လူပဲဖြစ်ဖြစ် ၊ ရဟန်းပဲ ဖြစ်ဖြစ် ဆိုင်ရာဆိုင်ရာ
အခြေခံအဆင့် သီလများကို လုံခြုံအောင်
စောင့်ထိန်းကြဖို့ …

လူတွေအနေနဲ့ တစ်ဦးချင်းရဲ့ သန္တာန်မှာ
ဂရုဓမ္မ တရားတွေ ထွန်းကားလာအောင်
နေ့စဉ် စောင့်ထိန်းရမယ့် ငါးပါးသီလကို
လိုက်နာကျင့်သုံးနိုင်အောင် ကြိုးစားကြဖို့ …

ဒီလို တစ်ဦးချင်းရဲ့ သန္တာန်မှာ
ဂရုဓမ္မတွေ ထွန်းကားလာမယ် ဆိုရင် …

အဲဒီသူ ၊ အဲဒီမိသားစု ၊ အဲဒီလူမျိုး
အဲဒီတိုင်းပြည်ဟာ အမှန်တကယ်
ငြိမ်းချမ်းသာယာ ၀ပြောလာမှာ ဖြစ်လို့ …

ဘာပဲဖြစ်ဖြစ် အနည်းဆုံး
ဒီဂရုဓမ္မကိုတော့ အတတ်နိုင်ဆုံး လုံခြုံကြစေဖို့
တိုက်တွန်းခြင်း ဖြစ်ပါတယ် …

သေချာတာကတော့
ဂရုဓမ္မတရားတွေ များများထွန်းကားလေ
ကမ္ဘာလောကကြီး ငြိမ်းချမ်းလေ ဖြစ်မယ် ဆိုတာ
အသေအချာပဲ ဖြစ်တယ်ဆိုတဲ့ အချက်ပဲ
ဖြစ်ပါကြောင်း …

ဂရုဓမ္မ အခါတော်နေ့ရဲ့
ထူးခြားမှု တစ်ခုအဖြစ် အသိပေး တင်ပြရင်း
ဗုဒ္ဓဘာသာတွေအတွက် အနည်းဆုံး အခြေခံ ဖြစ်တဲ့
ငါးပါးသီလကို လုံခြုံအောင် ကျင့်သုံးကြဖို့
စေတနာစကား မေတ္တာအားဖြင့်
တိုက်တွန်းစကား ပါးလိုက်ရပါတယ် …

#မနာပဒါယီ_အရှင်ဝိစိတ္တ { ဒိုက်ဦး }
Credit , Original Uploader


No comments:

Post a Comment