........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Oct 29, 2017

ကိုယ်စောင့်နတ်ဆိုတာ တကယ်ရှိမရှိ သိချင်သူများအတွက်

၁။ ဦးဇင်းကိုယ်စောင့်နတ်ဆိုတာတကယ်ရှိပါသလား ၊

၂။ လူကိုနတ်ကစောင့်တယ်ဆိုတာ ဗုဒ္ဓဘာသာနဲ့ကိုက်ညီမှုရှိပါသလား ၊

၃။ တကယ်လို့ကိုယ်စောင့်နတ်ဆိုတာရှိခဲ့ရင်ဘယ်လိုမျိုးပုံစံနဲ့ လူကိုစောင့်ရှောက်ပေးပါသလဲ ၊

၄။ သူဟာလူ့ခန္ဓာကိုယ်ထဲမှာ နေတာပါလားပြင်ပမှာ သီးခြားနေတာပါလားဆိုတာကို

ဘုရားတပည့်တော်ကိုသနားစောင့်ရှောက်ချီးမြှောက်သောအားဖြင့်ဖြေကြားပေးတော်မူပါဘုရား ။ ။

မေးခွန်းတွေကများလိုက်တာ။ ဦးဇင်းခပ်တိုတိုနဲ့ လိုရင်းပဲဖြေပေးလိုက်ပါတယ်။

ကိုယ်စောင့်နတ်ဆိုတာတကယ်ရှိပါတယ်။

“မကောင်းမှုပြုသောသူသည် သူမကောင်းမှုပြုတဲ့အကြောင်းကို သူကိုယ်တိုင်ပဌမဦးစွာ သိ၏။

ထို့နောက်သူ၏ ကိုယ်စောင့်နတ်သိ၏။ထို့နောက် သူတစ်ပါး၏ စိတ်ကိုဖောက်ထွင်းပြီး သိနိုင်တဲ့တန်ခိုးရှင်များသိကြ၏”လို့

ပါရာဇိကဏ်အဋ္ဌကထာ သုဒိန္ဒကဏ္႑ အဖွင့်မှာပါတဲ့ဒီစကားရပ်ကို ထောက်ပြီးတော့ကိုယ်စောင့်နတ် တကယ်ရှိတယ်ဆိုတာသိရပါတယ်။

ဒီစကားရပ်ကိုထောက်ပြီးတော့လူကို နတ်စောင့်တယ်ဆိုတာဗုဒ္ဓဘာသာနဲ့လည်း ကိုက်ညီမှုရှိပါတယ်။

အခြားသောအထောက်အထား ကျမ်းကိုးကျမ်းကားထုတ်ပြစရာတွေအများကြီးရှိပေမယ့် သိသာရုံမျှဒီလောက်နဲ့ပဲ ကျေနပ်တော်မူကြပါ။

နောက်မေးခွန်းတစ်ခုကလူကို ဘယ်လိုမျိုးစောင့်ရှောက်သလဲဆိုတာနော်။

ဘုန်းကံကြီးမားတဲ့လူကို တန်ခိုးကြီးမားတဲ့စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းမှုရှိတဲ့သူတော်ကောင်း နတ်များကစောင့်ရှောက်ပါတယ်။

ဘုန်းကံမွဲမွဲလူများကိုတော့တန်ခိုးသေးနုပ်တဲ့ စိတ်ဓာတ်အင်အားခိုင်မာတောင့်တင်းမှုမရှိတဲ့နတ်သေးနတ်မွှားလေးတွေကစောင့်ရှောက်ပါတယ်။

တန်ခိုးအာနုဘော်ကြီးမားလေလုပ်နိုင်တဲ့အရာတွေလုပ်ပိုင်ခွင့်တွေ ပိုရှိလေမို့သူလုပ်နိုင်တဲ့ ပမာဏသူလုပ်ပိုင်ခွင့်ရှိတဲ့အတိုင်းအတာထဲကနေကူညီစောင့်ရှောက်ပေးပါတယ်။

ဗာရာဏသီမင်းဟာကောသလမင်းကိုသတ်ပြီးတော့တိုင်းပြည်ကိုသိမ်းပိုက်ပြီးတော့ကောသလမင်းရဲ့ မိဖုရားကြီးကိုတော့သူရဲ့ မိဖုရားကြီးအဖြစ်ဗာရာဏသီမင်းက သိမ်းပိုက်ခဲ့တယ်။အဲဒီ မိဖုရားကြီးမှာ သွားလေသူကောသလမင်းနဲ့ ရထားတဲ့ကိုယ်၀န်ကျန်နေခဲ့တယ်။အချိန်တန်တော့ သားယောကျာၤးလေးမွေးဖွားခဲ့တယ်။

ရွယ်ရောက်တော့ ဗာရာဏသီမင်းအခြားမိဖုရားနဲ့ ရထားတဲ့ကုရုင်္ဂဒေ၀ီဆိုတဲ့ မင်းသမီလေးနဲ့ချစ်ကြိုက်သွားကြတယ်။

ဗာရာဏသီမင်းကြီးကသိလို့မင်းသာလေးကို သတ်ဖို့လုပ်တယ်။မင်းသားလေးကို သေဘေးကနေလွတ်အောင် ကယ်တင်ပေးခဲ့တယ်။ကယ်တင်ပေးသူကတော့ မင်းသားလေးရဲ့ကိုယ်စောင့်နတ်ပဲဖြစ်တယ်။(မဟာဏုဏာလဇာတက)

ဒါကြောင့်သူလုပ်ပိုင်ခွင့်ရှိတဲ့ပမာဏ သူလုပ်ပေးနိုင်တဲ့ပမာဏအားလျော်စွာ စောင့်ရှောက်ပေးတယ်လို့မှတ်သားစေချင်ပါတယ်။

နောက်မေးခွန်းတစ်ခုကလူ့ခန္ဓာကိုယ်ထဲမှာ နေတာလားအပြင်ဘက်မှာနေတာလားဆိုတာနော်.။

အပြင်ဘက်မှာနေပါတယ်။ကိုယ်စောင့်နတ်ဆိုတာကိုယ်ပတ်၀န်းကျင်မှာရှိနေတဲ့ဘုမ္မစိုး ရုက္ခစိုးစတဲ့နတ်တွေပါ။

လူ့ခန္ဓာကိုယ်ထဲမှာနတ်ရှိရင် အဲဒီလူကိုမြန်မာလူမျိုးတွေက စုန်းလို့သတ်မှတ်ကြပါတယ်။ အဲဒီအကြောင်းကိုဦးဇင်း သီးခြားပို့စ်တစ်ခုတင်ပြီးတော့ရှင်းပြပေးမယ်နော်။ အခုတော့ပို့စ်သိပ်ရှည်သွားမှာမို့ရှင်းမပြတော့ပါဘူး။

သူ့မေးခွန်းကဒီလောက်ဆိုရင် ပြီးသွားပါပြီနော်။ဒါပေမယ့် မေးခွန်းမှာ မပါလို့အများသိသင့်သိထိုက်တယ်ထင်လို့အကြောင်းအရာတစ်ခုကိုဦးဇင်းဘာသာမေးပြီးတော့ဦးဇင်းဘာသာပဲ ဖြေပေးလိုက်ပါတယ်။

လူတိုင်းမှာကိုယ်စောင့်နတ်ရှိပါသလား..။

လူတိုင်းမှာသဘာ၀အားဖြင့် ကိုယ်စောင့်နတ်ရှိပါတယ်။

ဘုန်းကံကြီးမားတဲ့လူကို တန်ခိုးကြီးမားတဲ့စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းမှုရှိတဲ့သူတော်ကောင်း နတ်များကစောင့်ရှောက်ပါတယ်။ဘုန်းကံမွဲမွဲလူများကိုတော့တန်ခိုးသေးနုပ်တဲ့ စိတ်ဓာတ်အင်အားခိုင်မာတောင့်တင်းမှုမရှိတဲ့နတ်သေးနတ်မွှားလေးတွေကစောင့်ရှောက်ပါတယ်။ လို့အထက်မှာလဲ ဦးဇင်းပြောခဲ့တယ်နော်။

ကိုယ်စောင့်နတ်တွေဆိုတာလူစောင့်ရှောက်တဲ့ လူရဲ့အလိုကိုလိုက်ပြီးတော့ပြောင်းလဲတတ်ကြပါတယ်။များသောအားဖြင့် ဒီလိုမျိုးလူ့ရဲ့အလိုကိုလိုက်ပြီးတော့ပြောင်းလဲတတ်တာဟာတန်ခိုးသေးနုပ်ပြီးတော့စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းမှုမရှိတဲ့ကိုယ်စောင့်နတ်တွေပေါ့။ဒီလို နတ်တွေကတော့သူစောင့်လျှောက်တဲ့လူကကောင်းရင် သူကကောင်းပြီးတော့လူကဆိုးရင် သူလဲဆိုးသွားတတ်ပါတယ်။

တန်ခိုးကြီးမားတဲ့စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းတဲ့ကိုယ်စောင့်နတ်များကတော့သူတို့မကြိုက်တာကို လုပ်ရင်အဲဒီလူကို စွန့်ပစ်ပြီးတော့ထွက်သွားတတ်ကြပါတယ်။လူပြောင်းလဲတိုင်း သူတို့ကလိုက်ပြီးတော့ မပြောင်းလဲကြပါဘူး။

ဥပမာအားဖြင့်စေတီယမင်းရဲ့ အဖြစ်အပျက်ကိုကြည့်ပါ။

စေတီယမင်းဟာတန်ခိုးကြီးမားတဲ့ နတ်သားလေးယောက်ကစောင့်ရှောက်ပါတယ်။

စေတီယမင်းမုသားစကားပြောတော့ နတ်သားလေးယောက်ဟာစေတီယမင်းကို တစ်ခါထဲစွန့်ပစ်ထွက်ခွါသွားခဲ့ကြပါတယ်။(စေတီယဇာတက)

ဒါကြောင့်လူတိုင်းမှာ သဘာ၀အားဖြင့်တော့ကိုယ်စောင့်နတ်ရှိကြပါတယ်။သို့သော် အချို့သူများကတော့ကိုယ်စောင့်နတ်မကြိုက်တာလုပ်လို့ကိုယ်စောင့်နတ်ရဲ့ စွန့်ပစ်ခြင်းကိုခံကြရလို့ ကိုယ်စောင့်နတ်မရှိတာမျိုးတွေလဲ ရှိပါတယ်။
#ဓမ္မရတနာ


No comments:

Post a Comment