........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Sep 2, 2016

ရေစက်ချပြီးလှူက ကုသိုလ် သုံးမျိုးရ

အမေး။ ။ အလှူဒါနတစ်ခုပြုလျှင် အခြေအနေအရ ရေစက်ချလှူဒါန်းခြင်း မပြုနိုင်သောအလှူနှင့် ကိုယ်တိုင် ရေစက်ချပြီးလှူသောအလှူ အလှူနှစ်မျိုးတွင် အကျိုးသက်ရောက်မှု ကွာခြားခြင်း ရှိ - မရှိ ပြတ်ပြတ်သားသား သိချင်ပါ၍ လေးစားစွာဖြင့် မေးမြန်းပါသည်ခင်များ။

( မောင်ငြိမ်းချမ်း ) - အမှတ် - ၃၃၄ ၊ စာတိုက်လမ်း ၊ ညောင်တုန်းမြို့။

အဖြေ။ ။ အလှူဒါနပြုတဲ့အခါ ရေစက်မချဘဲ လှူတာနဲ့ ရေစက်ချပြီးလှူတာ နှစ်မျိုးဟာ ကွာခြားမှုရှိပါတယ်။ ကုသိုလ်ဟာ ဒါန ၊ သီလ ၊ ဘာဝနာ ၊ အပစာယန ၊ ဝေယျာဝိစ္စ ၊ ပတ္တိဒါန ၊ ပတ္တာနုမောဒန ၊ ဓမ္မဿဝနာ ၊ ဓမ္မဒေသနာ ၊ ဒိဋ္ဌိဇုကမ္မ လို့ (၁၀) မျိုး ရှိပါတယ်။ သည်ပုညကြိယဝတၳု (၁၀) ပါးရဲ့ အဓိပ္ပာယ်တွေကိုတော့ ဗုဒ္ဓဘာသာ လေ့လာလိုက်စားသူမှန်သမျှ အားလုံးလောက်ပဲ သိပြီးသားဖြစ်လို့ မဖော်ပြတော့ပါဘူး။ လိုရင်းလောက်ပဲ အဓိပ္ပာယ် ဖော်ပြသွားပါ့မယ်။ လိုရင်းလောက်ပဲ အဓိပ္ပာယ် ဖော်ပြသွားပါမယ်။

ဒါနဆိုတာ ပေးကမ်းလှူဒါန်းခြင်းပဲဆိုတာ အားလုံးသိပြီးသားပါပဲ။ အဲသည် ဒါနပြုတဲ့အခါ ရေစက်ချကြပါတယ်။ တချို့က မလိုပါဘူး ၊ ကိုယ်လှူပြီး , ပြီးတာပါပဲဆိုပြီး ကိုယ့်အလှူကို ကိုယ်သိပ်အလေးမထားဘဲ ခပ်ပေါ့ပေါ့သဘောမျိုးနဲ့ နေလိုက်တတ်ကြပါတယ်။

ရေစက်ချရာမှာ အစိတ်အပိုင်း သုံးခုရှိပါတယ်။

(၁) ပထမ မိမိ ဘာတွေ ဘာတွေ လှူဒါန်းပါတယ်လို့ ပရိတ်သတ်များ သိအောင် ၊ သိပြီး မုဒိတာသဘောထားရှိတဲ့ ပုဂ္ဂိုလ်များသာဓုခေါ် ဝမ်းမြောက်နိုင်ဖို့ ထုတ်ဖော်ပြောဆို ကြေငြာပါတယ်။ ကြွားဝါတဲ့ သဘောမျိုး မဟုတ်ပါဘူး။

(၂) ဒုတိယ သည်လိုလှူတဲ့ ကုသိုလ်စေတနာကြောင့် မိမိလိုတဲ့ဆုကို တောင်းပါတယ်။

(၃) မိမိပြုလုပ် ရရှိထားတဲ့ ဒါနကုသိုလ်ကို အခြားသူများလည်း မိမိလိုပဲ မိမိနဲ့အညီအမျှ ရရှိပါစေဆိုတဲ့ ဣဿာ မစၧရိယကင်းကွာ ဖြူစင်သော စေတနာဖြင့် ပေးဝေပါတယ်။ သည်လို အမျှဝေတာကို ' ပတ္တိဒါန ' လို့ ခေါ်ပါတယ်။ အဲသည်လို အစိတ်အပိုင်း သုံးခုရှိပါတယ်။

အဲသည်လို ..... အမျှဝေတာကို တွေ့မြင်ကြားသိသဖြင့် ဝမ်းမြောက်နုမော် သာဓုခေါ်တာကို ' ပတ္တာနုမောဒန ' လို့ ခေါ်ပါတယ်။ အဲသည်လို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်တဲ့ပုဂ္ဂိုလ်ဟာလည်း အမျှဝေသူလိုပဲ ကုသိုလ်တွေ များစွာရရှိပါတယ်။ အမျှဝေတဲ့ ပုဂ္ဂိုလ်မှာလည်း မိမိရရှိထားတဲ့ကုသိုလ်ကို မျှတဝေငှလိုက်ရတဲ့အတွက် ကုသိုလ်တွေ လျော့နည်းမသွားဘဲ အဆများစွာ တိုးပွားသွားပါတယ်။

ဥပမာ ထွန်းထားတဲ့ ဖယောင်းတိုင်တစ်တိုင်က မီးကို အခြားဖယောင်းတိုင်များဖြင့် ကူးယူညှိထွန်းရာ မူလဖယောင်းတိုင်မီးမှာ အလင်းရောင် အရှိန်အဝါ လျော့နည်းမသွားတဲ့အပြင် နောက်ထပ် အရောင်အလင်းအကူညီရသဖြင့် ပိုပြီး လင်းလာသလိို ပတ္တိဒါန ကုသိုလ်အပိုတွေ များစွာရရှိပါတယ်လို့ ကျမ်းဂန်များမှာ ဆိုပါတယ်။

သေပြီးနောက် ပြိတ္တာဖြစ်နေသူများကို ရည်စူးကုသိုလ်ပြုပြီး ကုသိုလ်အဖို့ကို အမျှပေးဝေလိုက်လို့ အဲသည်ပြိတ္တာက ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်လိုက်ရင် အငတ်ငတ်အပြတ်ပြတ် စားရမဲ့ သောက်ရမယ့် အလွန်ဆင်းရဲနေတဲ့ ဘဝကနေပြီး ချက်ချင်း နတ်စည်းစိမ်များလောက် ကြီးကျယ်တဲ့ စည်းစိမ်ချမ်းသာကြီးများကို ရရှိခြင်း အကျိုးကို ဒိဋ္ဌဓမ္မ လက်ငင်းရရှိတယ်လို့ ဆိုပါတယ်။ ဒါဟာ ရေစက်ချပြီး ပြုလုပ်တဲ့ ကုသိုလ်ကြောင့် ရရှိတဲ့ အကျိုးတွေပါပဲ။ ရေစက်မချဘဲ ပြုလုပ်တဲ့ ကုသိုလ်ကတော့ သည်လိုကြီးကျယ်များပြားတဲ့ အကျိုးတရားများကို မရရှိနိုင်ပါဘူး။ သည်လောက်ဆိုရင် ကုသိုလ်နှစ်မျိုး အကျိုးပေးကွာခြားခြင်းရှိ မရှိ သိလောက်ပါပြီ။

အချုပ်ပြောရရင် ရေစက်မချဘဲ လှူတဲ့အလှူက ဒါနကုသိုလ် တစ်မျိုးသာရပြီး ရေစက်ချပြီး လှူတဲ့အလှူက ဒါနကုသိုလ် ၊ ပတ္တိဒါနကုသိုလ် ၊ ပတ္တာနုမောဒနကုသိုလ် - သည်ကုသိုလ်သုံးမျိုးတို့ကို ရနိုင်ပါတယ်လို့ မှတ်သားရန် ဖြစ်ပါတယ်။

( ရတနာမွန်မဂ္ဂဇင်း ၊ အတွဲ - ၂၆ ၊ အမှတ် - ၃ )

ဆရာတော်ဟံသာသီရိ ဖြေဆိုသည်။

ဆရာတော်ဟံသာသီရိ ၏ ဗုဒ္ဓဝါဒဆိုင်ရာအမေးအဖြေများ စာအုပ် (တတိယ) တွဲမှ ကူးယူဖော်ပြပူဇော်ခြင်းဖြစ်ပါသည်။

Credit to ဓမ္မရတနာ

No comments:

Post a Comment