........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Oct 27, 2015

အဘိဓမ္မာအခါ​တော့​နေ့

မာတရံ ပမုခံ ကတွာ၊ တဿာ ပညာယ တေဇသာ။
အဘိဓမ္မကထာမဂ္ဂံ၊ ဒေဝါနံ သမ္ပဝတ္တယိ။

ဗုဒ္ဓဒေသနာအရ သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့အဖြစ် ပညာရှင်တို့
သတ်မှတ်ခဲ့ကြသည်။ အကြောင်းက နတ်ပြည်၌ နတ်ပရိသတ်များအား အဘိဓမ္မာဒေသနာကို အကျယ်ဟောကြား ပြီးဆုံးသောနေ့သည် သီတင်းကျွတ်လပြည့်နေ့ဖြစ်သည်။ စန္ဒကူး
တော၌ အရှင်သာရိပုတ္တရာအား အဘိဓမ္မာဒေသနာအကျဉ်း ဟောကြား ပြီးဆုံးသောနေ့သည်လည်း သီတင်းကျွတ်လပြည့်နေ့ဖြစ်သည်။ အရှင်သာရိပုတ္တရာက လင်းနို့သားဖြစ်ခဲ့ဖူးတဲ့ တပည့် ငါးရာတို့အား အဘိဓမ္မာ ဒေသနာကို မကျဉ်းမကျယ် အလယ်အလတ် ဟောကြား
ပြီးဆုံးသော နေ့သည်လည်း သီတင်းကျွတ်လပြည့်နေ့ဖြစ်သည်။
(အမှန်က သီတင်းကျွတ်လပြည့်နေ့ည ၁၂ နာရီကျော်သွားချိန်ဖြစ်၍ လပြည့်ကျော် ၁.ရက်နေ့ဟု တိတိကျကျ သတ်မှတ်ပါသည်။)

ဘုရားရှင်သည် မဟာသက္ကရာဇ်(၁၀၉)ခုနှစ်၊ ဝါဆိုလပြည့် ညနေချမ်းအခါ၌ သာဝတ္ထိပြည်အနီး ကောသလမင်း၏ ဥယျာဉ်မှူးကဏ္ဍသည် ဘုရားရှင် မိန့်ကြားချက်အတိုင်း စိုက်ပျိုး
အပ်သော ကဏ္ဍမ္ဗသရက်ဖြူပင်အနီးတွင် တိတ္ထိတို့ကို နှိမ်နင်းတော်မူရန် ရေမီးအစုံစုံ တန်ခိုးပြာဋိဟာ ပြပွဲကြီးကို အဆန်းတကြယ် ဖန်ဆင်းပြတော်မူသည်။ ထိုပွဲအပြီးတွင် မယ်တော်ဖြစ်ခဲ့ဖူးတဲ့ နတ်သားအား အဘိဓမ္မာဒေသနာဖြင့် ကျေးဇူးဆပ်ရန် ခြေလှမ်းနှစ်လှမ်း
(သုံးဖဝါး)ဖြင့်သာ တာဝတိံသာနတ်ပြည်သို့ ကြွသွားတော်မူသည်။ ပရိသတ်က ဘုရားရှင်ကို မမြင်တွေ့၍ အရှင်အနုရုဒ္ဓါမထေရ်အား မေးမြန်းရာ မထေရ်မြတ်ရှင်းပြမှ အကြောင်းစုံသိကြရသည်။ပရိသတ်ကြီးက ဘုရားရှင်ကို မဖူးရပဲ မပြန်ဟု တိုင်ပင်ကြကာ ထိုနေရာမှာပဲ ယာယီ တဲနန်းထိုးကာ နေကြလေသည်။ သီတင်းကျွတ်ခါနီးမှ အရှင်မဟာမောဂ္ဂလန်ထံမှ တဆင့် ဘုရားရှင်သင်္ကဿမြို့သို့ ကြွဆင်းတော်မူမည့်အကြောင်း သိရသဖြင့် သင်္ကဿမြို့ကနေ သွားရောက်ကြိုဆိုကြသည်။

ဘုရားရှင်သည် တာဝတိံသာပြည် မဏ္ဍုကမ္ဗလာ မြကျောက်ဖျာ၌ မယ်တော်ဟောင်း သန္တုဿိတ အမှူးရှိသော နတ်ဗြဟ္မာတို့အား  ဝါတွင်းသုံးလ နေ့ညမစဲ အဘိဓမ္မာတရားကိုဟောကြားတော်မူခဲ့ရာ သီတင်းကျွတ်လပြည့်နေ့၌ ပြီးဆုံးလေသည်။ သီတင်းကျွတ်လပြည့်
နေ့၌ သိကြားမင်းအား လူ့ပြည်သို့ ပြန်တော့မည့်အကြောင်း နှုတ်ဆက်စကား မိန့်ကြားရာသိကြားမင်းက ရွှေစောင်တန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်း၊ စောင်းတန်းသုံးသွယ်တို့ကို ဖန်တီးပေးသည်။ လကျာ်ဘက် ရွှေစောင်းတန်းက နတ်များအဖို့ ရည်ရွယ်
သည်။ လက်ဝဲဘက် ငွေစောင်းတန်းက ဗြဟ္မာများအတွက် ရည်ရွယ်သည်။ ပတ္တမြား
စောင်းတန်းက ဘုရားရှင်အတွက် ရည်ရွယ်သည်။ စောင်းတန်းတို့၏ မုခ်ဦးက မြင့်မိုရ်တောင် ထိပ်မှာရှိ၍ အခြေက သင်္ကဿမြို့တံခါးဝမှာ ရှိသည်။

ဘုရားရှင်သည် လူ့ပြည်သို့ ပြန်ဆင်းခါနီး မြင်းမိုရ်တောင်ထိပ်တွင် ရပ်လျက် ရေအစုံ မီးအစုံတန်ခိုးပြာဋိဟာတို့ကို ပြတော်မူ၍ ထက်ကောင်းကင်သို့ ကြည့်တော်မူသောအခါ အကနိဋ္ဌ
ဗြဟ္မာပြည်တိုင်အောင် အဆီးအတားမရှိ ဟင်းလင်းပြင် ဖြစ်သွားတော့၏။ အောက်ကို ကြည့်သောအခါ အဝီစိငရဲတိုင်အောင် အပိတ်အပင် အတားအဆီးမရှိ ဟင်းလင်းပြင်ကြီး ဖြစ်သွား
တော့၏။ ယင်းအဘိဓမ္မာသည် ဓမ္မသင်္ဂဏီ၊ ဝိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊
ယမိုက်၊ ပဋ္ဌာန်းဟူ၍ ခုနစ်ကျမ်းရှိသည်။ ကုသိုလ်အကုသိုလ်စသောတရားတို့ကို အကျဉ်း
ချုပ်အားဖြင့် ဟောကြားတော်မူသောကျမ်းကို"ဓမ္မသင်္ဂဏီကျမ်း"ဟုခေါ်သည်။ ခန္ဓာစသောတရားတို့ကို သုတ္တန်နည်း၊အဘိဓမ္မာနည်းတို့ဖြင့် အမေးအဖြေ ပြုလုပ်ကာ အကျယ်ဝေဖန်ဟောကြားသောကျမ်းကို "ဝိဘင်းကျမ်း"ဟုခေါ်သည်။

ဓာတ်အမျိုးမျိုး ဟောကြားသောကျမ်းကို "ဓာတုကထာ" ဟုခေါ်သည်။ ပုဂ္ဂိုလ်အမျိုးတို့ကိုခွဲခြားသတ်မှတ် အမည်တပ်၍ ဟောကြားသောကျမ်းကို "ပုဂ္ဂလပညတ်"ဟုခေါ်သည်။
အယူဝါဒနှင့်ဆိုင်သောစကားတို့၏ တည်ရာဖြစ်၍ အဘိဓမ္မာ အနှစ်သာရတို့နှင့် ပြည့်စုံသောကျမ်းကို"ကထာဝတ္ထု"ဟုခေါ်သည်။ အနုလုံနှင့် ပဋိလုံ၊ ပုစ္ဆာနှင့်ဝိသဇ္ဇာနာ၊ သန္နိဋ္ဌာန်နှင့်
သံသယ အစုံစုံပြု၍ ဟောကြားတော်မူသောကျမ်းကို"ယမိုက်ကျမ်း"ဟုခေါ်သည်။
အကြောင်းအမျိုးမျိုးကို ဟောတော်မူသောကျမ်း၊ ကုသိုလ်စသောတရားတို့ကို နှစ်ဆယ့်
လေးပစ္စည်းဖြင့် ဝေဖန်ပိုင်းဖြတ် ခွဲခြားပြသောကျမ်း၊ သဗ္ဗညုတဉာဏ်တော်၏ ကျက်စားရာ
ဖြစ်သော ကျမ်းကို "ပဋ္ဌာန်းကျမ်း"ဟု ခေါ်သည်။

အဘိဓမ္မာတရားသည် အမိကျေးဇူးဆပ်တရားဖြစ်ခြင်း၊ နတ်ပြည်၌ဟောကြားခြင်း၊ သုံးလ
ကြာမျှဟောရခြင်း၊ ပကတိဘုရားနှင့် နိမ္မိတဘုရားတို့ တလှည့်စီဟောကြားခြင်းဟု ထူးခြား
ချက်လေးမျိုးနှင့် ပြည့်စုံသော တရားဖြစ်သည်။ ပါဠိတော်၏ နက်နဲခြင်း၊ သဘောအဓိပ္ပာယ်၏
နက်နဲခြင်း၊ ဟောကြားပုံ အစီအစဉ်၏နက်နဲခြင်း ဉာဏ်တော်၏ နက်နဲခြင်းစသော ဂမ္ဘီရ
လေးမျိုးနှင့် ပြည့်စုံသောတရားဖြစ်သည်။

အဘိဓမ္မာတရားတော်ကို သင်ယူခြင်း၊ ကြားနာခြင်း၊ ရွတ်ဖတ်ပူဇော်ခြင်းကြောင့် လင်းနို့သား
ရဟန်းငါးရာကဲ့သို့ နမရူပပရိစ္ဆေဒဉာဏ် ရင့်သန်ခြင်း၊ မဂ်ဖိုလ်နိဗ္ဗာန် ရရန် အကြောင်း
အထောက်အပံ့ ကောင်းဖြစ်ခြင်း၊ဘေးဥပါဒ် အန္တရယ်များမှ ကင်းဝေးခြင်း၊ အသိပညာ
ဉာဏ်နှင့် ပြည့်ဝစေသလို သံသရာ ဘဝခရီးတလျှောက်မှာ ပညာပါရမီ ပြည့်ဝစေနိုင်ရန်
အတွက် အဘိဓမ္မာတရားများကို လေ့လာသင်ယူခြင်းဖြင့် အရှင်သာရိပုတ္တရာကဲ့သို့ ဘဝ
အဆက်ဆက်မှာ ပညာဉာဏ်ရည် ပြည့်ဝစေနိုင်ခြင်း၊ ပစ္စည်းဥစ္စာ လာဘ်လာဘများကို ဖြစ်
ထွန်းစေပြီး ကျက်သရေမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံခြင်းဟူသော အကျိုးထူး တရားများ
ရရှိနိုင်သည်။

Nwehninmoe

“ ကြာငါးမည် ကြိုင်သင်းလို့၊
လျှံဝင်းတဲ့ ပြောင်ထိန်၊
ရွှေမန်းတောင်တော်ဦးမှာ၊
ကွန့်မြူး မြင်းမိုရ်မီး၊
ညီတဲ့ခါချိန်။
ရှိဦးငယ်နှိမ်၊
သုံးကြိမ်ရိုပျောင်း။
သက္ကစ္စာ ဂါရ၀ါနှင့်၊
စဉ်အလာ ပူဇော်ပွဲကို၊
နွှဲကြပေတောင်း”
ဟူသော
ကဗျာနှင့်အညီ ကြာမျိုးငါးပါး ကဗျာနှင့်အညီ ကြာမျိုးငါးပါးပွင့်သော တူရာသီ သီတင်း
ကျွတ်လ၌ မီးထွန်းပွဲတော်ကို ကျင်းပကြသည်။

ရှေးက မင်းနှင့်ပြည်သူတို့သည် မြတ်စွာဘုရားသခင်အား ဆီမီးတန်ဆောင် ညှိထောင်
ထွန်းလင်း ပူဇော်ခဲ့သော အစဉ်အလာအတိုင်း သီတင်းကျွတ်လတွင် မီးထွန်းပွဲကို ပြုလုပ်
ကြသည်။ ဥပုသ်သီလ စောင့်ထိန်းကြသည်။ အလှူဒါန ပြုကြသည်။ သက်ကြီးရွယ်အို
ဘိုးဘွား မိဘတို့အား သက္ကစ္စ ဂါရ၀နှင့် အညီ ရှိခိုးကန်တော့ကြသည်။

ဘာသာ၊သာသနာ၊ ရောင်ဝါ နေသို့ ထွန်းလင်းစေရန်လည်ကောင်း၊ တဦးနှင့်တဦး ဂါရဝ
တရား လက်ကိုင်ထား၍ လေးစားရိုသေမှုဖြင့် ယဉ်ကျေးသိမ်မွေ့စွာ နေထိုင်ကျင့်ကြံသည့်
အစဉ်အလာသည်လည်းကောင်း ဤလ၏ အနှစ်သာရ ဖြစ်ပေသည်။

ထို့ပြင် တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရား ဟောကြားတော်မှုခဲ့သည်ကို အ
ကြောင်းပြု၍လည်း သီတင်းကျွတ်လပြည့်ကို အဘိဓမ္မာအခါတော်နေ့မြတ်ဟု သတ်မှတ်
ကာ ပူဇော်ကြပေသည်။ မြတ်ဗုဒ္ဓဘုရားအဖြစ်ကို ရောက်တဲ့ ကဆုန်လပြည့်နေ့မှာ
သဗ္ဗညုတဉာဏ်တော်ကိုရဖို့၊ ဗောဓိပင်နဲ့ ရွှေပလ္လင်မှာ အောင်တော်မူဖို့အတွက်
အလောင်းတော်ဟာ လေးသင်္ချေနဲ့ ကမ္ဘာတသိန်း ပါရမီတော်တွေကို ဖြည့်ကျင့်ပြီးမှ
ပွင့်တော်မူနိုင်တာဖြစ်တယ်။ လပြည့်နေ့ဟာ မြတ်ဗုဒ္ဓရဲ့ ဘ၀ဖြစ်စဉ်မှာ ထူးခြားတဲ့
အဖြစ်အပျက်တွေနဲ့ ဆက်စပ်မူရှိနေလို့ ဗုဒ္ဓဘာသာဝင်တွေအတွက် အထူးအကျိုး
သက်ရောက်မူရှိတယ်လို့ ယူဆကြပါတယ်။

မြတ်စွာဘုရားဖွားတော်မူတဲ့နေ့ဟာ လပြည့်နေ့ဖြစ်တယ်။ မြတ်စွာဘုရား တောထွက်
တော်မူတဲ့နေ့ဟာ လပြည့်နေ့ဖြစ်တယ်။ သဗ္ဗညုတဉာဏ်ကို ဗောဓိပင်ရင်းမှာ ရရှိတော်မူ
တဲ့နေ့ဟာ လပြည့်နေ့ဖြစ်တယ်။ တရားဦးဓမ္မစကြာကို ဟောတော်မူတဲ့နေ့ဟာလည်း
လပြည့်နေ့ပါ။ ဒါ့အပြင် သက်တော် ၈၀၊ ၀ါတော် ၄၅၀ါအတွင်းမှာ အရေးပါတဲ့ အဖြစ်
အပျက်လေးတွေဟာလည်း လပြည့်နေ့မှာဖြစ်ခဲ့တာများပါတယ်။
ဒါကြောင့် တစ်ကမ္ဘာလုံးမှာရှိကြတဲ့ ဗုဒ္ဓဘာသာဝင်များဟာ လပြည့်နေ့ကို အထွတ်အမြတ်
ထားပြီး ဘာသာရေးအကျိုး သက်ရောက်မူရှိတယ်ဆိုတာ ယုံကြည်ကြတယ်။

ကောင်းကင်က လဟာ တခြား ဂြိုဟ်နက္ခတ်များလိုပဲ လူသားများအပေါ် သြဇာသက်
ရောက်မှု အထိုက်အလျောက်ရှိတယ်။ စိတ်ဆင်းရဲနေကြသူတွေ၊ စိတ်ဝေဒနာရှင်တွေ
ဟာ လပြည့်နေ့ကြရင် ပိုပြီးရောဂါ တိုးလာတတ်တာကို လေ့လာတွေ့ရှိရတယ်။ တချို့
ရောဂါရှင်ဟာ လဆန်းရက်တွေမှာ ရောဂါတိုးလာတာကိုလည်း တွေ့ရတယ်။ ဒီရေ
အတက်အကျဟာလည်း လရဲ့ဆွဲအားကြောင့် ဖြစ်ရကြောင်း လေ့လာတွေ့ရှိခဲ့ကြ
တယ်။
လူ့ခန္ဓာကိုယ်ရဲ့ ခုနှစ်ဆယ်ရာခိုင်နူန်းဟာ ရေဓာတ်များဖြစ်ပါတယ်။ ဆေးပညာရှင်များ
လေ့လာတွေ့ရှိထားတာက ခန္ဓာကိုယ်ထဲက ရေဓာတ်ဟာ လပြည့်နေ့တွေမှာ ပိုပြီး
လွတ်လွတ်လပ်လပ် စီးဆင်းတယ်လို့ဆိုတယ်။ မိမိရဲ့စိတ်ကို အဆင့်မြင့်အောင်
စင်ကြယ်အောင် လေ့ကျင့်ပျိုးထောင်ထားခြင်းမရှိတဲ့ လူပုဂ္ဂိုလ်များမှာ လရဲ့ သြဇာ
သက်ရောက်မူ ပိုပြီးထိရောက်တယ်လို့ ဆိုပါတယ်။ သို့ဖြစ်၍ လပြည့်နေ့မှာ ဗုဒ္ဒဘာသာ
ဝင်တွေဟာ ဥပုသ်သီလ ဆောက်တည်ပြီး မိမိခန္ဓာကိုယ်နဲ့ စိတ်ကို အစင်ကြယ်ဆုံး
ဖြစ်အောင် နေထိုင်ကြခြင်းဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်တို့သည် မိမိထက် တနေ့၊တရက်၊ တနံနက်မျှ အသက်ကြီးသူများ၊
အကျင့်သိက္ခာ မြင့်မြတ်သူများ၊ လောကီဂုဏ်၊ လောကုတ္တရာ သီလသမာဓိ ပညာ
ဂုဏ်ကြီးမားသူများကို ရိုသေကိုင်းညွတ်လေ့ရှိ၊ ပူဇော်ကန်တော့ လေ့ရှိကြသည်။
အထူးသဖြင့် သီတင်းဝါလကျွတ်သည့်အခါ အသက်သိက္ခာဂုဏ်ဝါကြီးသူများ၊ မိဘ
ဘိုးဘွားဆွေမျိုးများ၊ ဆရာသမားများကို အ၀တ်အစား စားဖွယ်သောက်ဖွယ်များဖြင့်
သွားရောက် ပူဇော်ကန်တော့လေ့ရှိကြသည်။

ဤသို့ ပူဇော် ကန်တော့ကြခြင်းမှာ ပူဇာစ ပူဇနေယျာနံ- ပူဇော်ထိုက်သူ ပုဂ္ဂိုလ်မှန်တို့ကို
ပူဇော်ရခြင်းသည်လည်း မင်္ဂလာမည်၏ဟု မြတ်စွာဘုရား ဟောကြားတော်မှုခဲ့သည်။
မင်္ဂလာတရားတော်နှင့် အညီပြုလုပ်ကြသော ဗုဒ္ဓယဉ်ကျေးမှုပွဲ တပွဲဖြစ်ပေသည်။

သီတင်းကျွတ် သက်ကြီးဝါကြီး ပူဇော်ကန်တော့ပွဲသည် ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကပင် သာသနာတော်တွင်း၌ ပြုလုပ်လေ့ရှိသည့် ပွဲတပွဲ ဖြစ်သောကြောင့် မြန်မာနိုင်ငံသို့ သာသနာတော် စတင်ရောက်ရှိချိန်ကပင် စတင်ခဲ့သည်ဟု ယူဆရပေမည်။

မြတ်စွာဘုရားရှင်သည် သံဃာတော်အရှင်မြတ်တို့အား ပ၀ါရဏာကို ခွင့်ပြုတော်မှုခဲ့သည်။ပ၀ါရဏာ၏ အဓိပ္ပာယ်မှာ ဖိတ်ကြားခြင်းဖြစ်သည်။ သံဃံ ဘန္တေပ၀ါရေမိ ဒိဋ္ဌေန၀ါ ပရိသင်္ကာယ၀ါ ၀ဒန္တု မံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ၊ ပဿန္တော ပဋိကရိဿာမိ -
အရှင်ဘုရားကို တပည့်တော်သည် သံဃာတော်ကို ဖိတ်မန္တက ပြုပါသည်။ တပည့်တော်၏အပြစ်ကို မြင်လျှင်ဖြစ်စေ၊ ကြားလျှင်ဖြစ်စေ၊ ယုံမှားသံသယရှိလျှင်ဖြစ်စေ၊ တပည့်တော်ကို
သနားစောင့်ရှောက် ချီးမြှောက်သောအားဖြင့် ဆုံးမပြောဆိုကြပါဘုရား၊ အရှင်ဘုရား ဆုံးမသည့်အတိုင်း တပည့်တော်မှာ အပြစ်ရှိနေသည်ဟု တွေ့မြင်ရလျှင် တပည့်တော် ပြုပြင်လိုက်နာပါမည် ဘုရားဟု သံဃာတော်တို့ထံ ဖိတ်မန္တကပြုကြရသည်။

ဤအစဉ်အလာသည် လွန်စွာ အဆင့်မြင့်၍ ကောင်းမြတ်လှသော အစဉ်အလာကောင်း တခုပင် ဖြစ်ပေသည်။ ပ၀ါရဏာဖိတ်ပွဲကို သံဃာတော်တို့သည် သီတင်းကျွတ်လပြည့်နေ့၌ မဖြစ်မနေ ပြုလုပ်ကြရသည်။ သံဃာအချင်းချင်း တပါးနှင့်တပါး မထေရ်ကြီးက မထေရ်ငယ်ကိုဖိတ်ရသည်၊ မထေရ်ငယ်က မထေရ်ကြီးကို ဖိတ်ရသည်။ သီတင်းသုံးဖော်ချင်း တပါးနှင့်တပါးအကျိုးရှိရှိပြောဆိုဆုံးမနိုင်ရန် ရည်သန်၍ ကျင်းပကြသည်။ စေတနာမှန်ဖြင့် ဆိုဆုံးမခြင်းထောက်ပြခြင်းသည် အမှန်တရားကို လက်ခံသူတို့အတွက် လွန်စွာတန်ဖိုးရှိလှသည်။

ဤ ပရဏာဖိတ်ပွဲကို အတုယူ၍ ဗုဒ္ဓဘာသာဝင်တို့သည် သီတင်းကျွတ် သက်ကြီးဝါကြီး
ပူဇော်ကန်တော့ပွဲကို ထည့်သွင်းခဲ့ကြသည်။ မိမိတို့၏ကာယကံ၊ ၀စီကံ၊ မနောကံတို့ဖြင့်ပြစ်မှားမှုတို့ကို ခွင့်လွှတ်ကြပါရန် လျှောက်ထားတောင်းပန်ကြသည်။
လှူဖွယ်ဝတ္ထုများဖြင့် ပူဇော်ကြလေသည်။

မြတ်စွာဘုရား လက်ထက်တော်က ရဟန်းတော်တို့သည် ၀ါမဆိုမီ မြတ်စွာဘုရားရှင်အား
လာရောက်ဖူးမြော်ပြီး ကမ္မဌာန်းတရားများကို တောင်းယူကြကာ ၀ါဆိုမည့်အရပ်များသို့ကြွရောက်ကြသည်။ ၀ါတွင်းသုံးလပတ်လုံး ကမ္မဌာန်းတရားကိုကြိုးစားအားထုတ်ကြပြီးသီတင်းကျွတ်လပြည့်နေ့တွင် အချင်းချင်း ပ၀ါရဏာပွဲကျင်းပကာ ဘုရားရှင်အားဖူးမြော်ရန်ရောက်လာကြသည်။ မိမိတို့ ရရှိခဲ့သော တရားထူးများကို လျှောက်ထားကြပြီး ဓမ္မပူဇာဖြင့် ပူဇော်ကန်တော့ကြသည်။

ဤအစဉ်အလာကိုအတုယူ၍ ဗုဒ္ဓဘာသာဝင်တိုပဥည် သီတင်းကျွတ်သည့်အခါ သက်ကြီးဝါကြီးများအား ပူဇော်ကန်တော့ကြရသည့် ဓလေ့ထုံးစံ အကောင်းတခုကို တီထွင်ခဲ့ကြသည်။ ဗုဒ္ဓဘာသာဝင်မြန်မာတိုင်းရင်းသားပေါင်းစုံတို့သည် ထိုဓလေ့ထုံးစံကောင်းကိုယနေ့ထိလိုက်နာကြလျက် သီတင်းကျွတ်သည့်အခါ ရွာဦးကျောင်း ဘုန်းတော်ကြီးများ၊နှစ်ဘက်မိဘဘိုးဘွားများ၊ ဆရာသမားများ၊ သက်ကြီးဝါကြီးများ၊ မြို့ရွာ ရပ်ကွက်ရှိ သက်ကြီးရွယ်အိုများအား မြန်မာမုန့်၊ နိုင်ငံခြားမုန့်စသော မွန်မြတ်သည့် အစားအသောက်များ၊ ပုဆိုး၊အင်္ကျီ၊ ပုဝါစသော အ၀တ်အထည်များ၊ ဆေးဝါးပစ္စည်းများဖြင့် မိမိတို့အင်အားအလိုက် ထိုက်သလို ပူဇော် ကန်တော့လေ့ရှိကြသည်။

ဤကောင်းမြတ်သော အစဉ်အလာကြောင့် ယခုခေတ်တွင် ရပ်ကွက်၊ မြို့ရွာအလိုက် သက်ကြီးပူဇော်ပွဲများ၊ ကျောင်းသားကျောင်းသူများက အာစရိယပူဇော်ပွဲများ၊ စာပေပညာရှင်ပူဇော်ပွဲ စသည်တို့ကို အခမ်းအနားဖြင့် စနစ်တကျ စည်ကားသိုက်မြိုက်စွာ ကန်တော့ပူဇော်သော အလေ့အထတရပ် ထွန်းကားလာသည်။

ဘုရားဒေသနာတော်လာ ပူဇော်နည်းနှစ်မျိုးဖြစ်သော အာမိသပူဇာ၊ ဓမ္မပူဇာတို့ဖြင့် ပူဇော်ကြသဖြင့် တရားနှင့်လည်း ညီညွတ်ပြီး ရရှိသူတို့အတွက်လည်း အကျိုးရှိကာပူဇော်သူတို့အတွက်လည်း ကုသိုလ်မင်္ဂလာတိုးပွားကြပေသည်။ ပူဇော်သည်ဟု အဓိပ္ပာယ်ရသော ပူဇာဟူသော ပါဠိပုဒ်ကို သက္ကရောတိ၊ ဂရုံကရောတိ၊ မာနေတိ၊ ပူဇေတိ၊ အပစိယတိ-ဟု ဖွင့်ပြတော်မှုခဲ့သည်။ ကောင်းစွာ ပြုခြင်း၊ အလေးအမြတ်ပြုခြင်း၊ ရှိခိုးပူဇော်ခြင်းဟု
အကျယ်ဖွင့်ပြခဲ့ပေသည်။

သီတင်းကျွတ် သက်ကြီးဝါကြီး ပူဇော်ကန်တော့ပွဲသည် ဘုရားရှင်သက်တော်ထင်ရှား
ရှိစဉ်ကပင် သာသနာတော်တွင်း၌ ပြုလုပ်လေ့ရှိသည့် ပွဲတပွဲဖြစ်သောကြောင့် မြန်မာနိုင်ငံသို့ သာသနာတော် စတင်ရောက်ရှိချိန်ကပင် စတင်ခဲ့သည်ဟု ယူဆရပေမည်။

သက်ကြီးရွယ်အိုများအား ရှိခိုးပူဇော်ခြင်း၊ ရိုသေလေးစားခြင်း၊ ပြုစုလုပ်ကျွေးခြင်းတို့ကိုအမြဲတစေ ပြုလုပ်သောသူသည် အသက်ရှည်ခြင်း စသော အကျိုးတရားလေးပါးကို
ရရှိနိုင်သည်ဟု ဟောတော်မှုခဲ့သည်။ ကန်တော့ပူဇော်ရသောကောင်းမှုကြောင့် ငယ်ငယ်
ရွယ်ရွယ်နှင့် သေစေနိုင်သည့် အကုသိုလ်ကံကိုပင် ပယ်ဖျောက်၍ အသက် ၁၂၀-ထိပင်ရှည်စေခဲ့သည်။

သက်ကြီးရွယ်အိုများအား ပူဇော်ကန်တော့ခြင်းသည် အပြစ်ကို ပပျောက်စေနိုင်သည်။
သတ္တ၀ါမှန်သမျှ သံသရာခရီးသည်များချည်းသာ ဖြစ်ကြသဖြင့် အတိတ်ဘ၀များ၌ဖြစ်စေ၊ ယခုဘ၀၌ဖြစ်စေ၊ ကိုယ်နှုတ် နှလုံး သုံးပါးတို့တွင် တပါးပါးဖြင့် ပြစ်မှားခဲ့မှုများ ရှိနိုင်
ကြသည်။ ထိုအပြစ်တို့ကို ကန်တော့သောနည်းဖြင့် ပပျောက်အောင် ဆောင်ရွက်နိုင်သည်။
အကယ်၍ ကန်တော့တောင်းပန်မှု မပြုခဲ့သော် သံသရာ ရန်ညိုးကြီးအဖြစ် ပါသွားတတ်သည်။ သံသရာတလျှောက် လက်စားချေ၍ မဆုံး၊ အမုန်းသံသရာလည်နေတတ်သည်။
ကြီးလေးသော အဆိုးဆုံးသော အပြစ်များကို ကန်တော့ခြင်းဖြင့် ပပျောက်နိုင်သည်။
သောရေယျ သူဌေးသားဝတ္ထု၌ အရှင်မဟာကစ္စည်ကို ပြစ်မှားမိ၍ ယောက်ျားဘ၀မှမိန်းမဖြစ်ခဲ့ရသည်။ သို့သော် အရှင်မြတ်ကို ၀န်ချကာ တောင်းပန်ကန်တော့ လိုက်သဖြင့်ယောက်ျားဘဝကို ပြန်ရောက်ကာ ရဟန္တာ ဖြစ်ခဲ့ရသည်။

ထို့ကြောင့် လောကအကျိုး တမလွန်အကျိုးများ ရရှိနိုင်သည့်အပြင် အပြစ်ကြီးတို့ကို ပပျောက်သွားစေနိုင်သည့် ဓလေ့ကောင်း၊ အကျိုးရှိသော အစဉ်အလာကောင်း တခုဖြစ်သည့် သီတင်းကျွတ် သက်ကြီးဝါကြီး ပူဇော်ကန်တော့ပွဲများကို မြန်မာယဉ်ကျေးမှုအနေဖြင့်
မြတ်နိုးစွာ အစဉ်ထာဝရ ထိန်းသိမ်းစောင့်ရှောက် ထားရပေမည်။

(ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဋ္ဌာန
ဗုဒ္ဓဘာသာတရားတော်များစာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။)

No comments:

Post a Comment