........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Nov 1, 2013

“နှစ်ဦးနှစ်ဖက် ဘာမှ အကျိုးမရှိတဲ့ကိစ္စ မင်းတို့ ဗမာပြည်က အတော်လုပ်တယ် ”

ဒို့ဘုရားရှင် ဟောကြားထားတဲ့ ဇာတ်တော်တခုရှိတယ်၊
အဲဒီဇာတ်တော်က နှစ်ဦးနှစ်ဖက် ဘာမှ အကျိုးမများတဲ့ ကိစ္စ အဲဒီဟာကို ဘုရားရှင်က ဒေါသ အာဃာတတွေ ပြင်းထန်တဲ့အတွက် နှစ်ဦးနှစ်ဖက်လုံး ဆုံးရှုံးတယ်လို့ သင်္ခန်းစာပေးချင်လို့ ဟောကြားထားတဲ့ ဇာတ်၊ အေး ကြို့ပင်စောင့်နတ်ရဲ့ဇာတ်။...
တောထဲပေါက်နေတဲ့ ကြို့ပင်၊ အရိပ်ကလေးကလဲ ကောင်း၊ အဲဒီကြို့ပင်မှာ စောင့်နေတဲ့ နတ်လည်းရှိတယ်ပေါ့၊ တောဝက်တကောင်က ဒီကြို့ပင်လေး အရိပ်ကောင်းတာပဲ ဆိုပြီးတော့ သူက ကြို့ပင်အရိပ်အောက်မှာ အိပ်နေတယ်၊ အိပ်မောကျနေတုန်း၊ မတော်တဆ သစ်ကိုင်းခြောက်က ကျိုးကျတော့ အောက်က အိပ်နေတဲ့ တောဝက် လန့်နိုးပြီး ထပြေးတယ်ပေါ့၊

အဲဒီတော့ တောဝက်က ဘယ်လိုထင်သွားတုန်းဆိုတော့ ကြို့ပင်စောင့်နတ် အတော်ဆိုးတဲ့ကောင်၊ ငါ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာ သူက သစ်ကိုင်းချိုးပြီးတော့ ပေါက်တယ်ပေါ့၊ အဲသလိုထင်ပြီးတော့ ကြို့ပင်စောင့်နတ်ကို သူက ရန်ငြိုးထားတယ်၊ အာဃာတထားတယ်၊

သူ့လမ်းသူသွား၊ သွားတော့ နန်းတော်က အမတ်ကြီးတွေက တောထဲ လာကြတော့ ၀က်နဲ့အရင်တွေ့တယ်၊ တွေ့တော့ ၀က်က မေးတယ်၊ အမတ်ကြီးတို့ တောထဲ ဘာကိစ္စနဲ့ လာကြတာလဲ? ဟာ ဒို့ကွာ ရှင်ဘုရင်ကြီးက စည်တော်လုပ်မလို့ ကွ၊ အဲဒီစည်တော်အတွက် သစ်ပင်လိုလို့မို့ ဒို့ သစ်ပင်လာခုတ်တာ၊ အဲသလိုပြောတော့ ၀က်က ကြို့ပင်စောင့်နတ်ငြှိုးထားတာကိုး၊

ခင်ဗျားတို့ စည်လုပ်ချင်ရင်တော့ ကြို့ပင်ဟာ အကောင်းဆုံးဗျာ၊ ဒိအပြင် ဘယ်အသားမှ မခုတ်နဲ့၊ ကြို့ပင်သာခုတ်။
အဲသလို ပြောတော့ အမတ်ကြီးတွေက ကြို့ပင် ဘယ်နားရှိုတုန်းကွ၊ ဟော ဒီကနေ တန်းတန်းသွား ခင်ဗျားတို့ ကြို့ပင်တွေ့လိမ့်မယ်၊ ကောင်းလိုက်တာ၊ ပင်စည်ကလဲ သိပ်ကောင်းတာပဲ၊ စည်လုပ်ဘို့တော့ ခဗျားတို့ အတော်ပဲ။

အဲသလိုပြောတော့ အမတ်ကြီးတွေက ကြို့ပင်သွားခုတ်၊ ခုတ်မယ်လုပ်တော့ ကြို့ပင်စောင့်နတ်က မေးတယ်၊ ဘာလုပ်ဖို့တုန်း စည်လုပ်မလို့ကွ၊ ဒို့နန်းတော်မှာ ထားဘို့ စည်တော်ကြီးလုပ်မလို့ ၊ အဲဒီအတွက် ဒီကြို့ပင်ကို ခုတ်မှာ၊ ကြို့ပင်စောင့်နတ်က သိပြီ၊ ဒါ ၀က်ရဲ့လက်ချက်ဆိုတာ သူက သိတယ်၊

သိတော့ စည်တော်လုပ်မယ်ဆိုရင်တော့ ခင်ဗျားတို့ သားရေလဲ လိုမှာပေါ့၊ အဲဒီလိုဆိုရင် သားရေဆိုရင် ၀က်သားရေက အကောင်းဆုံးဗျာ၊ အဲဒီတော့ ခဗျားတို့ တောဝက်ကို ရအောင်ရှာ၊ တောဝက်ရဲ့သားရေနဲ့ စည်ကျက် အဲဒါ သိပ်မြည်တာ။
ကြို့ပင်စောင့်နတ်က အဲသလို ပြောလိုက်တော့ ၀က်ကို လိုက်သတ်ပြီးတော့ သူ့ရဲ့သားရေကို ယူပေါ့၊ ကြို့ပင်လဲ အခုတ်ခံရ။

အဲဒါ ကြို့ပင်စောင့်နတ်နဲ့ ၀က် အာဃာတပြင်းထန်တဲ့အတွက် ဘာမှ မဟုတ်လောက်တဲ့ ကိစ္စ နှစ်ဦးနှစ်ဘက်လုံး ပျက်စီးတယ်ဆိုတာကို မင်းတို့ ဘုရားရှင်က ဟောကြားထားတာ။
ဘုရားဟောကြားထားတဲ့ ဇာတ်တွေက ဒဏ္ဍာရီမဟုတ်ဘူး၊ သင်္ခန်းစားပေးတဲ့ဇာတ်တွေ၊ လိုက်နာရမယ်ဇာတ်တွေ၊
အဲသလို နှစ်ဦးနှစ်ဖက် ဘာမှ အကျိုးမရှိတဲ့ကိစ္စ မင်းတို့ ဗမာပြည်က အတော်လုပ်တယ်၊
အတော်အသိညာဏ်နည်းပါးတယ်။ မင်းတို့ လူထုရော အထက်က လူတွေရော အသိညာဏ်က အတော်နည်းတယ်၊ အတ္တသမားချည်းပဲ များနေတယ်၊
ဒါကြောင့်မို့ ဒီနိုင်ငံ ဒီလိုဖြစ်နေတာ။

မစိုးရိမ်တိုက်သစ်ကြီးများ၏
ပဓာနမဟာနာယကချုပ်ဆရာတော်
ကျေးဇူးတော်ရှင် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ
(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)
မစိုးရိမ်တိုက်သစ် ရတနာပုံနေပြည်တော် မန္တလေး

No comments:

Post a Comment