........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Oct 16, 2013

ရှင်အရဟံ ပုတီးစိပ်နည်း

သုဝဏ္ဏဘုံမြို့ သထုံသို့
ရဟန္တာ သခင်ရှင်အရဟံ ကြွလာတော်မူစဉ်က
ချီးမြှင့် ပေးသနားတော်မူခဲ့သော
လောကီလောကုတ္တရာ နှစ်ဖြာအကျိုး ပွားတိုးရာမှန်
ရှင်အရဟံ ၏ ပုတီးစိပ်နည်း နိဿရည်း အတ္ထုပ္ပတ္တိစာတမ်း

"နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ"
စစ်ကိုင်းမြို့ တောင်ခြေ တခုသော ချောင်၌ အမည်အား ဖြင့် မကျော်ကြား လိုသော ဆရာတော်တပါး တရားအားထုတ်တော်မူစဉ် တစ်နေ့သောအခါ ညနေ ၅ နာရီခန့် တွင် အသက်အရွယ်အား ဖြင့် ၃ဝ ရွယ်ရှိ ရုပ်ရည်ရူပကာရ တင့်တယ် သော မိန်းကလေးတစ်ဦးသည် ကျောင်းတိုက်အတွင်း သို့ ဝင်လာသည် ကို ဆရာတော် သည် အဝေး မှ တွေ့မြင် လေရာ ဝိသဘာဂ အာရုံဖြင့် စကားမပြောလိုသဖြင့် ကျောခိုင်းမျက်နှာလွှဲ ပြီးနေတော်မူ၏ ။ ထိုသူငယ်မ လည်း ၃ မိနစ်ခန့်နေပြီး ဦးချကန်တော့ ပြန်သွားလေသည် ။ ထိုနည်းတူစွာ ၇ ရက်ခန့်မျှ အချိန်မှန်စွာ ရောက်ရှိလာသဖြင့် ၇ ရက် မြောက်နေ့၌ ဆရာတော်က အကြံဖြစ်သည် မှာ - ဤသူငယ်မ သည် အရေးကြီးသည့် တစုံတခုသော အကြောင်းကိစ္စ ရှိ၍သာ လာခြင်း ဖြစ်ပေ မည်ဟု သဘောပိုက်တော်မူပြီး လာရောက်ခြင်း အကြောင်း ရင်းကို မေးမြန်းရာတွင် အရှင်ဘုရားကို ဖူးမျှော်လို ၍ လာပါသည် ဘုရားဟု လျှောက်ထားပြီး ဆရာတော်ဘုရားသည် သက်တော်ဝါ တော်များ ဘယ်လောက်ရှိပါပြီလဲ ဘုရား ဟု လျှောက်ထားသောအခါ ဆရာတော်ဘုရား လည်း အသက်သိက္ခာများကို ပြန်ကြား အမိန့်ရှိပြီးနောက် ဒါယိကာမလေး၏ အသက်ကို မေးမြန်းရာတွင် တပည့်တော်သည် သထုံပြည် မနူဟာမင်းကို ပေါကံ္ကရာဇာ အနော်ရထာမင်း သိမ်းယူသော နေ့ဟာ တပည့်တော်တို့ အိမ်ထောင်ကျတဲ့နေ့ ပါပဲ ဘုရား ဟု လျှောက်ထားလေသည် ။ ထိုအခါ ဆရာတော်ဘုရား က သည်လိုဆို လျှင် ဒါယိကာမလေး၏ အသက်သည် အတော်ကြီးပြီ ပေါ့ ဟု မိန့်ကြားတော်၍ ဘယ်လိုဆေးကောင်း ဝါးကောင်း များကို မှီဝဲရပါသလဲ လို့ အမိန့်ရှိသော အခါ ၊ ဆေးကောင်းဝါးကောင်း ရယ်လို့တော့ အထူးမမှီဝဲရပါဘူး ဘုရား ၊ သထုံပြည် နှင့် ပေါက္ကံပြည်ကို ရှင်အရဟံ ကြွလာစဉ် အခါက ချီးမြှင့် ပေးသနား တော်မူခဲ့တဲ့ ပုတီးစိတ်ကိုပဲ နေ့စဉ် ယုံကြည်စွာ စွဲမြဲပြီး စိတ်တာပါပဲ ဘုရားဟု လျှေက်ထားလေသည် ။ ထိုအခါ ပုတီးစိတ်ပုံ စိတ်နည်း နိဿရည်းကို ဆရာတော်အား လှူလို့ရမည်လား ဟု အမိန့်ရှိပြန်ရာ ဆရာတော်ဘုရားကို လှူလို၍ လာရောက်သည်မှာ ဤနေ့ပါ ၇ ကြိမ် ရှိပါပြီ ဘုရား ဟု လျှေက်ထားပြီး ပုတီးစိတ်နည်း ကို လှူဒါန်းလေတော့၏ ။
*****************************************************************
ပုတီးစိပ်နည်း နိဿရည်းကား
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ နာမရူပံ အနိစ္စံ ဒုက္ခံ အနတ္တာ။
ဓမ္မံ သရဏံ ဂစ္ဆာမိ၊ နာမရူပံ အနိစ္စံ ဒုက္ခံ အနတ္တာ။
သံဃံ သရဏံ ဂစ္ဆာမိ၊ နာမရူပံ အနိစ္စံ ဒုက္ခံ အနတ္တာ။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ။ နာမရူပံ အနိစ္စံ ဒုက္ခံ အနတ္တာ။
အနန္တံ ဗလ၀ံ ဗုဒ္ဓံ၊ အနန္တံ ဂေါစရံ ဓမ္မံ၊ အနန္တံ အရိယံ သံဃံ၊ အနန္တံ ဗောဓိမုတ္တမံ။
ဤ ၅ ပုဒ် ဆုံးမှ ပုတီးတလုံးချ၍ သက်စေ့အောင် ယုံကြည်စွာ နေ့စဉ် စွဲပြီး အမြဲစိတ်ပါက (၁) အသက်ရှည်ခြင်း (၂) ဘုန်းတန်ခိုး အာနုဘော် ကြီးမြတ်ခြင်း (၃) ကျက်သရေမင်္ဂလာတိုးတက်ခြင်း (၄) ကြံတိုင်းအောင်၍ ဆောင်တိုင်းပြီးမြောက်ခြင်း အစရှိသော လောကီအကျိုးတရားနှင့် တကွ လောကုတ္တရာ အကျိုးထူးတို့ကိုပါ ရရှိပါ၍ ယုံကြည်စွာစိတ်တော်မူပါဘုရား ။ ဘုရား တပည့်တော်၏ ခင်ပွန်းသည်ပင်လျှင် မယုံတယုံ စိတ်ကာမျှဖြင့် အသက် ၁၅ဝ နေပြီးသွားရ ပါသေးသည် ဘုရား ဟု လျှေက်ထားပြီး အထက်ပါ ပုတီးစိတ်နည်းကို လှူဒါန်းလေ၏ ။
လှူဒါန်းပြီးသောအခါ ဆရာတော်က သင်ဒါယိကာမလေးမှာ ယခုအခါ အဘယ်ပညာဖြင့် အသက်မွေးမြူပါသနည်း ဟု မိန့်ကြား ပြန်ရာတပည့်တော်မ မှာ ဆန်ကလေးများကို ရောင်းချပြီး အသက်မွေး ပါသည် ဘုရား လို့ လျှေက်ထားလေလျှင် ဆရာတော်က တစ်ဖန် ဆန်တစ်မျိုးရောင်းရုံနှင့် အလုံးစုံ ပြည့်စုံပါရဲ့လား ဟု မိန့်ကြား ပြန်ရာ ဆန်ဟာ ရှေးဦး တစ်ကြိမ်ပင် ဝယ်ယူရ ပါသည် ဘုရား ၊ ဆန်လည်းလျော့သွား မရှိသည့်အပြင် ဆန်ဝယ်သူတို့ကလည်း ဆန်ဖိုးထက်မက တိုး၍ပေးသွားကြပါသည် ဘုရား ဟု လျှေက်ထားပြီး ဦးချ ပြန်သွား လေတော့၏ ။
ထို့ကြောင့် ဤပုတီးစိတ်ကို ယုံကြည်စွာ စိတ်ကြပါလျှင် (၁) ဗုဒ္ဓါ နုဿတိ ၊ ဓမ္မာနုဿတိ ၊ သံဃာနုဿတိ ကမ္မဌာန်းကို နေ့စဉ်စီးဖြန်း သည်မည်ခြင်း ။ (၂) သရဏဂုံသုံးပါး နှင့် အရဟံ ဂုဏ်များကို ပွားများအားထုတ်သည် မည်ခြင်း (၃) နာမ်ရုပ်နှစ်ပါးကို သိမ်းဆည်း ၍ အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ ဆိုသော လက္ခဏာရေး သုံးပါး ဝိပဿနာများကို ပွားသည်မည် သောကြောင့် ကပ်ဆိုးဘေးတို့နှင့် ရင်ဆိုင်တွေ့နေသောခေတ်ဖြစ်၍ ကြီးသည် ငယ်သေးသည်ဟု သဘောမထားကြဘဲ ၊ ဘုရားဖက်က အသက်ရှည် ၊ တရားဖက်က အမျက်ပြေ ၊ သံဃာဖက်တော့ အခက်ဝေတယ် ဆိုသည့်အတိုင်း နိဗ္ဗာန်ကို ရည်ရွယ်စိတ်ထား နှလုံးပွား၍ အမြဲစိပ်ကြ လေတော့ အမျိုးသား အမျိုးသမီး အပေါင်း သူတော်ကောင်းတို့ ။
မှတ်ချက်
သက်စေ့စိပ်ရမည်ဆိုရာ၌ ပုတီးပတ်ရေမဟုတ် ၊ လုံးရေသက်စေ့ဖြစ်ပေသည် ။ ဥပမာ - ၁၅ နှစ် ရှိသူတဦးသည် ပုတီးလုံးရေ ၁၅ ။ အခေါက်အားဖြင့် ၁၅ ခေါက် စိပ်ရပေမည် ။ သို့သော် အသက်ထက် အခေါက်စိတ်လျှင် သာ၍သင့်လျော်လေသည် ။ ကြိုးစား၍ ယုံကြည်စွာ စိပ်ကြလေကုန် ။
သာသနာတော် ၂၄၉၈ ။ မြန်မာကောဇာ ၁၃၁၆ ခု ၊ ကဆုန်လပြည့်နေ့ တွင် စတင်ကျင်းပသော ဆဋ္ဌသံဃာယနာ ပထမ သန္နိပါတ မှ ပြန်ကြွလာသော ဆရာတော်တစ်ပါး ထံမှ ရရှိသော မူရင်းအတိုင်း ဖြစ်ပေသည် ။
***********************************************************************
ရှင်အရဟံ ၏ ပုတီးစိပ်နည်း နိဿရည်းအနက်ကား
၁။ ဗုဒ္ဓံ ၊ မြတ်စွာဘုရားကို ။ သရဏံ ၊ ကိုးကွယ်ရာဟူ၍ ။ ဂစ္ဆာမိ၊ ဆည်းကပ်ပါ၏ ။ နာမရူပံ ၊ နာမ်ရုပ်သည် ။ အနိစ္စံ ၊ အမြဲမရှိ ။ ဒုက္ခံ ၊ ဆင်းရဲ၏ ။ အနတ္တာ ၊ အနှစ်ကင်းပ အစိုးမရ ။
၂။ဓမ္မံ ၊ တရားတော်မြတ်ကို ။ သရဏံ ၊ ကိုးကွယ်ရာဟူ၍ ။ ဂစ္ဆာမိ၊ ဆည်းကပ်ပါ၏ ။ နာမရူပံ ၊ နာမ်ရုပ်သည် ။ အနိစ္စံ ၊ အမြဲမရှိ ။ ဒုက္ခံ ၊ ဆင်းရဲ၏ ။ အနတ္တာ ၊ အနှစ်ကင်းပ အစိုးမရ ။
၃။သံဃံ ၊ သံဃာတော်မြတ်ကို ။သရဏံ ၊ ကိုးကွယ်ရာဟူ၍ ။ ဂစ္ဆာမိ၊ ဆည်းကပ်ပါ၏ ။ နာမရူပံ ၊ နာမ်ရုပ်သည် ။ အနိစ္စံ ၊ အမြဲမရှိ ။ ဒုက္ခံ ၊ ဆင်းရဲ၏ ။ အနတ္တာ ၊ အနှစ်ကင်းပ အစိုးမရ ။
၎။ ဗုဒ္ဓံ ၊ မြတ်စွာဘုရားကို ။ သရဏံ ၊ ကိုးကွယ်ရာဟူ၍ ။ ဂစ္ဆာမိ၊ ဆည်းကပ်ပါ၏ ။ဓမ္မံ ၊ တရားတော်မြတ်ကို ။ သရဏံ ၊ ကိုးကွယ်ရာဟူ၍ ။ ဂစ္ဆာမိ၊ ဆည်းကပ်ပါ၏ ။ သံဃံ ၊ သံဃာတော်မြတ်ကို ။သရဏံ ၊ ကိုးကွယ်ရာဟူ၍ ။ ဂစ္ဆာမိ၊ ဆည်းကပ်ပါ၏ ။ နာမရူပံ ၊ နာမ်ရုပ်သည် ။ အနိစ္စံ ၊ အမြဲမရှိ ။ ဒုက္ခံ ၊ ဆင်းရဲ၏ ။ အနတ္တာ ၊ အနှစ်ကင်းပ အစိုးမရ ။
၅။ ဗလဝံ ၊ အားတော်နှင့်ပြည့်စုံတော်မူသော ။ ဗုဒ္ဓံ၊ မြတ်စွာဘုရားသည် ။ အနန္တံ ၊ အတိုင်းမသိ တန်ခိုးတော်တည်း ။ ဂေါစရံ ၊ မဂ်ဖိုလ်တို့၏ အာရုံဖြစ်သော ။ ဓမ္မံ၊ တရားတော်မြတ်သည် ။ အနန္တံ ၊ အတိုင်းမသိ တန်ခိုးတော်တည်း ။ သံဃံ၊ သံဃာတော်သည် ။ အနန္တံ ၊ အတိုင်းမသိ တန်ခိုးတော်တည်း ။ ဗောဓိမုတ္တမံ ၊ မြတ်သောဗောဓိပက္ခိယ တရားတော်သည် ။ အနန္တံ ၊ အတိုင်းမသိ တန်ခိုးတော်တည်း ။
အနက်ပြီး၏ ။
***********************************************************************************
( မြန်မာပြန်)
မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ်ပါ၏။
နာမ်ရုပ်သည် မမြဲ၊ နာမ်ရုပ်သည် ဆင်းရဲ၏၊ နာမ်ရုပ်သည် အစိုးမရပါတကား။
တရားတော်ကို ကိုးကွယ်ဆည်းကပ်ပါ၏။
နာမ်ရုပ်သည် မမြဲ၊ နာမ်ရုပ်သည် ဆင်းရဲ၏၊ နာမ်ရုပ်သည် အစိုးမရပါတကား။
သံဃာတော်မြတ်ကို ကိုးကွယ်ပါ၏။
နာမ်ရုပ်သည် မမြဲ၊ နာမ်ရုပ်သည် ဆင်းရဲ၏၊ နာမ်ရုပ်သည် အစိုးမရပါတကား။
ဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်ပါ၏။
တရားတော်ကို ကိုးကွယ်ဆည်းကပ်ပါ၏။
သံဃာတော်မြတ်ကို ကိုးကွယ်ဆည်းကပ်ပါ၏။
နာမ်ရုပ်သည် မမြဲ၊ နာမ်ရုပ်သည် ဆင်းရဲ၏၊ နာမ်ရုပ်သည် အစိုးမရပါတကား။
အားတော်ဆယ်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည်၊ အဆုံးအပိုင်းအခြား ရှိတော်မမူသော တန်ခိုးတော်တည်း။
မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့၏ အာရုံဖြစ်သော နိဗ္ဗာန်သည် အဆုံးအပိုင်းအခြားရှိတော်မမူသော
တန်းခိုးတော်တည်း။
အရိယာသံဃာတော်မြတ်သည် အဆုံးအပိုင်းအခြား ရှိတော်မမူသော
တန်ခိုးတော်တည်း။
(မှတ်ချက်) ဤကဲ့သို့ အဓိပ္ပါယ်သိပြီးလျှင် ပါဠိကို အစအဆုံး ရွတ်ဆိုပြီးမှ ပုတီးတလုံးချ၍ စိပ်ရပါသည်။

No comments:

Post a Comment