........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Sep 2, 2017

ဂရုဓမ္မအခါတော်နေ့

ဗုဒ္ဓဘာသာ၀င်တို့က တော်သလင်း လပြည့်နေ့ကို ''ဂရုဓမ္မ အခါတော်နေ့'' ဟု သတ်မှတ်ခေါ်ေဝါ်ကြ၏။ အလေးအမြတ် ပြုအပ်သောတရား၊ လူသားတို့ အခြေခံအားဖြင့် လိုက်နာအပ်သော တရားဖြစ်၍ ငါးပါးသီလကို ဂရုဓမ္မဟု ခေါ်ခြင်းဖြစ်၏။ ငါးပါးသီလကို ကုရုတိုင်းတွင် မင်းနှင့်အတူ တစ်ဆယ့်တစ်ဦးသော ပုဂ္ဂိုလ်တို့သည် လည်းကောင်း၊ မြောက်ကျွန်းသူ၊ မြောက်ကျွန်းသားတို့သည် လည်းကောင်း စောင့်ထိန်းအပ်သော တရားဖြစ်သောကြောင့် ''ကုရုဓမ္မ'' ဟုလည်း ဆိုအပ်၏။

တစ်နှစ်သော တော်သလင်းလတွင် ကာလိင်္ဂတိုင်းနိုင်ငံတွင် မိုးခေါင်ပြီး ရာသီဥတု ဖောက်ပြန်၍ စိုက်ပျိုးအပ်သော ကောက်စပါးတို့ မဖြစ်ထွန်းတော့သဖြင့် အစာရေစာ ရှားပါးပြတ်လပ်ပြီး အငတ်ဘေးဆိုက်၏။ အာဟာရကို လောက်ငစွာ မစားကြရခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော အစာအာဟာရတို့ကို မစားကြရခြင်း တို့ကြောင့် လူတို့တွင် ရောဂါဘယတို့ ထူပြောလာကြ၏။ ထိုသို့ မိုးခေါင်ခြင်းဘေး၊ အငတ်ဘေး၊ ရောဂါဘေးတို့ တစ်နိုင်ငံလုံးတွင် ဖြစ်ပေါ်သောအခါ နိုင်ငံသူ/နိုင်ငံသား တို့သည် ဒန္တပူရမင်း နေပြည်တော်၊ မင်းနန်းတော် တံခါးရှေ့ မင်းရင်ပြင်တွင် စုရုံးကြပြီး ''အရှင်မင်းကြီး မိုးရွာအောင် ဆောင်ရွက်ပေးတော်မူပါ'' ဟု အရေးဆိုကြ ဆန္ဒထုတ်ဖော်ကြ၏။
ဆန္ဒထုတ်ဖော် သံတို့ကို ကြားသောအခါ ကာလိင်္ဂမင်းက ရှေးမင်းကောင်း မင်းမြတ်တို့သည် မိုးရွာအောင် မည်သို့ဆောင်ရွက် ကြပါသနည်းဟု သူ၏ပညာရှိ အမတ်တို့အား မေးမြန်းရာ။
ရှေးမင်းကောင်း မင်းမြတ်တို့သည် ထိုကဲ့သို့ ရာသီဥတု ဖောက်ပြန်၍ ကပ်ဘေးတို့ ကျရောက်သော် မိုးရွာအောင် ''ဒါနအလှူကို ပေးလှူခြင်း၊ ဥပုသ်သီလကို အဓိဋ္ဌာန်ဖြင့် ဆောက်တည်ခြင်း၊ အိပ်ဆောင်တွင် မြေစာမြက်ကို ခင်းလျက် ခုနစ်ရက် ရက်ဆက် အိပ်စက်ခြင်း အမှုတို့ကို ဆောင်ရွက်ကြပါကြောင်း သံတော်ဦး တင်ကြသဖြင့်- ကာလိင်္ဂမင်းသည် ပညာရှိ အမတ်တို့ အကြံပေးသည့်အတိုင်း မင်းနေပြည်တော် အရပ်လေးမျက်နှာတို့တွင် ဒါနတင်းကုပ် (အလှူမဏ္႑ပ်)များ ဆောက်လုပ်စေလျက် နေ့စဉ်အလှူဒါန ပြုလုပ်ပေး၏။ ဥပုသ်ဆောင်၀င်လျက် ဥပုသ်သီလ ဆောက်တည်ပြီး မကျိုးပေါက်အောင် စောင့်ထိန်း၏။ စက်တော်ခေါ်ရာ အိပ်ခန်းဆောင်တွင် မြေစာမြက်တို့ခင်းလျက် ခုနစ်ရက် အိပ်စက်၏။
ထိုကဲ့သို့ ဆောင်ရွက်ပါသော်လည်း မိုးကမရွာ၊ ရာသီဥတုက ကောင်းမလာ၍ ''ငါ ပြုလုပ် ဆောင်ရွက်သင့်သော ကိစ္စများကို ပညာရှိအမတ််တို့ အကြံပေးသည့်အတိုင်း ဆောင်ရွက်ခဲ့ပါသည်။ သို့သော် မိုးမရွာ၊ ရာသီဥတုကလည်း ကောင်းမလာပါ။ မည်သို့ ဆက်လက် ဆောင်ရွက်ရပါဦး မည်နည်းဟု တစ်ဖန်မေးမြန်းရာ- ''ကုရုတိုင်း၊ ဣန္ဒပတ္တ မင်းနေပြည်ကို စိုးစံသော ဓနဉ္စယကောရဗျ မင်းကြီးတွင် အဉ္စန၀ဏ္ဏ အမည်ရှိ ရတနာ ဆင်ဖြူတော် ရှိပါသည်။ ထိုရတနာ ဆင်ဖြူတော်ကို နိုင်ငံတော်သို့ ဆောင်ယူရပါမည်။ ရတနာ ဆင်ဖြူတော် ရောက်လာလျှင် ဧကန်မိုးရွာ ပါလိမ့်မည်'' ဟု သံတော်ဦး တင်သဖြင့် ပုဏ္ဏားတော် ရှစ်ဦးတို့အား ရတနာ ဆင်ဖြူတော်ကို သွားရောက် တောင်းခံစေ၏။
ဓနဉ္စယကောရဗျ မင်းကလည်း ကြည်ဖြူစွာ ရတနာဆင်ဖြူတော်ကို ရတနာကကြိုး တန်ဆာများဆင်လျက် ပေးလှူလိုက်၏။ ရတနာ ဆင်ဖြူတော် နိုင်ငံတော်သို့ ရောက်ရှိ လာပါသော်လည်း မိုးကမရွာ၊ ရာသီဥတုက ဆိုးမြဲမို့ ''မောင်မင်းတို့ ရတနာဆင်ဖြူတော် ရောက်ရှိလာပါသော်လည်း အကြောင်းမထူး လှပါတကား'' ဟု တစ်ဖန်မေးမြန်းတော် မူသဖြင့်- ပညာရှိ အမတ်တို့သည် ''ဓနဉ္စယကော ရဗျမင်းကြီးသည် ကုရုဓမ္မကို မကျိုးအောင် စောင့်ထိန်းတော်မူ၏။ သို့အတွက် ကုရုတိုင်း၌ ရာသီဥတု မိုးလေ၀သမှန်ပြီး သာယာ၀ပြောဟန် ရှိ၏။ မိုးလေ၀ သရာသီဥတု ကောင်းမွန်ခြင်းသည် ဓနဉ္စယကောရဗျ မင်းကြီး၏ အာနုဘော်တော်ကြောင့် ဖြစ်လိမ့်မည်။ ရတနာ ဆင်ဖြူတော်သည် တန်ခိုးအာနုဘော် ရှိမည်ဆိုသော်လည်း တိရစၧာန်မျှဖြစ်၍ အဘယ်မျှ ရှိနိုင်ပါမည်နည်း'' ဟု ဉာဏ်ဖြင့် တွေးဆစဉ်းစား မိကြသဖြင့် ကာလိင်္ဂမင်းအား လျှောက်တင်ကြ၏။
ကာလိင်္ဂမင်းသည် ရတနာ ဆင်ဖြူတော်ကို ပြန်ပို့စေပြီး မင်းတရား စောင့်ထိန်းအပ်သော ကုရုဓမ္မကိုသာ ရွှေပေလွှာတွင် ရေးထိုးစေလျက် ဆောင်ယူခဲ့ရန် အမတ်တို့ကို တစ်ဖန်စေလွှတ်ပြန်၏။ မင်းနှင့်အတူ ၁၁ ယောက်သော ပုဂ္ဂိုလ်တို့ စောင့်ထိန်းအပ်သော ကုရုဓမ္မကို ရွှေပေလွှာ၌ ဤသို့ ရေးထိုးပေးလိုက်ပါသည်။
၁။ ပါဓောန ဟန္တဗေ္ဗာ- သူ့အသက်ကို မသတ်အပ်၊ ၂။ အာဒိန္နံ နာဒါတဗ္ဗံ - မပေးလိုသော သူတစ်ပါးပစ္စည်းကို မသိမ်းယူအပ်၊ ၃။ ကာမေသုမိစၧာ နစရိတဗ္ဗံ - ကာမဂုဏ်တို့၌ မှားယွင်းစွာ မကျင့်အပ်၊ ၄။ မုသာန ဘဏိတဗ္ဗံ - သူတစ်ပါးတို့ ကောင်းကျိုးပျက်ပြားအောင် မုသားစကား မပြောအပ်၊ ၅။ မဇ္ဇံ န ပါတဗ္ဗံ - သေရည်အရက် မသောက်အပ် ဟူ၍ဖြစ်၏။
ကာလိင်္ဂမင်းသည် ကုရုဓမ္မကို ဆောက်တည်လျက် ငါးပါးသီလကို ဖြည့်ကျင့်၏။ ထိုအခါ ကာလိင်္ဂ တစ်တိုင်းပြည်လုံး မိုးလေ၀သ ရာသီဥတုတွေ မှန်ကန်မျှတပြီး ကပ်ဘေးတို့မှလည်း ငြိမ်းအေးသွားကြ၏။ နိုင်ငံတော်သည်လည်း သာယာဖွံ့ဖြိုးတော့၏။ နိုင်ငံသူ၊ နိုင်ငံသား တို့သည်လည်း အေးချမ်းပျော်ရွှင်လျက် နှလုံးစိတ်၀မ်း ငြိမ်းချမ်းကြကုန်၏။ ထို့ကြောင့် တော်သလင်း လပြည့်နေ့ကို ဂရုဓမ္မ(ကုရုဓမ္မ) အခါတော်နေ့ဟု ခေါ်ဆိုခြင်း ဖြစ်ပါသည်။
ထိုခေတ်က တိုင်းသားပြည်သူတို့သည် မိမိတို့ ခံစားနေကြရသော ဘေးဒုက္ခတို့ကို ဖယ်ရှားပေးရန် ရှင်ဘုရင်မှာ တာ၀န်ရှိကြောင်း အခိုင်အမာ လက်ခံထားကြဟန်တူ၏။ ရှင်ဘုရင်ကလည်း တိုင်းသားပြည်သူတို့၏ ဒုက္ခကို 'ငါ့ဒုက္ခ' ဟု သဘောပိုက်ထား၏။ သက်ဦးဆံပိုင် ဘုရင်စနစ် ဖြစ်သော်လည်း တိုင်းသား ပြည်သူတို့က မိမိတို့၏ဆန္ဒကို ထုတ်ဖော် တောင်းဆိုဝံ့ကြသလို ရှင်ဘုရင်ကလည်း မျက်ကွယ်မပြုဘဲ လိုက်လျောဖြည့်ဆည်း ပေး၏။ အတော်မြတ်နိုးစရာ ကောင်းသော လူ့အဖွဲ့အစည်းဖြစ်၏။
ရာသီဥတု ဖောက်ပြန်ခြင်းသည် ရှင်ဘုရင်နှင့် မည်သို့မျှ မသက်ဆိုင်သည်ကို ယနေ့ခေတ်၌ အလွယ်သိနိုင်သော ကိစ္စဖြစ်သော်လည်း မင်းတရားသည် တိုင်းသားပြည်သူတို့၏ ဆန္ဒကို မပစ်ပယ်ရုံမျှမက သူဆောင်ရွက်ရမည့် ကိစ္စတို့ကို အလွယ်တကူပင် လိုက်လျောလုပ်ဆောင်ပေး၏။

ထိုသို့ဆောင်ရွက် နိုင်ခြင်းကား တိုင်းသားပြည်သူတို့အပေါ် ကျရောက်နေသော ဘေးဒုက္ခသည် မိမိ၏ဘေးဒုက္ခအဖြစ် သဘောထားနိုင်ခြင်း၊ မိမိနိုင်ငံသားတို့အပေါ် မေတ္တာစစ်၊ မေတ္တာမှန် ထားနိုင်ခြင်း တို့ကြောင့် ဖြစ်၏။

ကာလိင်္ဂတိုင်းသား ပြည်သူတို့သည် သူတို့ကို အုပ်ချုပ်သူ မင်းတရားအပေါ် ယုံကြည်အားကိုးခြင်း၊ ကာလိင်္ဂမင်းကလည်း သူ့နိုင်ငံသူ၊ နိုင်ငံသားတို့အပေါ် ရင်၀ယ်သားကဲ့သို့ မေတ္တာတရား ထားနိုင်ခြင်းတို့သည် ရာသီဥတု ဖောက်ပြန်ခြင်းကြောင့် ပေါ်ပေါက်နေသော သဘာ၀ဘေးဆိုးတို့မှ ကာလိင်္ဂတိုင်း လွတ်မြောက်စေနိုင်ခြင်း၏ အဓိကအကြောင်း ဖြစ်မည်။ ရှေးမင်းကောင်း မင်းမြတ်သည် တိုင်းသား ပြည်သူတို့၏ ဆန္ဒကို အလွန်အလေးထားကြ၏။ ေ၀ဿန္တရာ မင်းသားသည် နိုင်ငံတော်၏ သယံဇာတ ဆင်ဖြူတော် ရတနာကို မိုးခေါင်သော ကာလိင်္ဂတိုင်းက အလှူခံသဖြင့် ကုရုဓမ္မဇာတ်တော်အတိုင်း လှူဒါန်းလိုက်ပါသည်။ အလှူဒါန ဝါသနာထုံသော မင်းတရားကို အခြားသော အ၀တ်အစား စသည်တို့ကို နေ့စဉ်လှူဒါန်းခြင်း၌ မည်သို့မျှ မပြောခဲ့ကြ၊ နားလည်ပေးနိုင်ခဲ့ ကြသော်လည်း နိုင်ငံတော်၏ အဖိုးတန် သယံဇာတ ဆင်ဖြူတော် ရတနာကို လှူဒါန်းခြင်း၌ကား တိုင်းသားပြည်သူတို့သည် လုံး၀ သည်းမခံနိုင်ကြတော့။

ခမည်းတော် သိဦ္ဇးမင်းကြီး၏ နန်းရင်ပြင်တွင် စုေ၀းကြလျက် နိုင်ငံတော်၏ အဖိုးတန် သယံဇာတ ဆင်ဖြူတော်ကို နိုင်ငံသူ၊ နိုင်ငံသားတို့အား အသိပေးခြင်း မရှိဘဲ ကိုယ့်သဘောနှင့်ကိုယ် လှူဒါန်းသော ေ၀ဿန္တရာ မင်းသားကို နိုင်ငံတော်မှ နှင်ထုတ်ပေးရန် သူတို့ဆန္ဒကို ထုတ်ဖော်ကြပါသည်။

သိဦ္ဇးမင်းကြီးသည် တိုင်းသားပြည်သူတို့၏ ဆန္ဒကို မလွန်ဆန်၊ လက်ခံပြီး သားတော်ရင်းကို နိုင်ငံတွင်းမှ နှင်ထုတ်ပေး၏။ ထိုခေတ်က ရေမြေ့ရှင်ဟု ဆိုသော်လည်း နိုင်ငံတော်၏ အဖိုးတန် သယံဇာတတို့သည် နိုင်ငံသူ နိုင်ငံသားတို့သာ ပိုင်ရှင်အစစ် ဖြစ်တာကို သိဦ္ဇးမင်းကြီး နားလည်သောကြောင့် ဖြစ်၏။ မေတ္တာနှင့် ကရုဏာတို့သည် အပြန်အလှန် ထောက်ပံ့ကြ၏။ အများ၏ အကျိုးစီးပွားကို ဖော်ဆောင်ပေးလိုခြင်း၊ ကောင်းကျိုးကို လိုလားခြင်းသည် မေတ္တာဖြစ်၏။ ပို့မေတ္တာ (၀စီကံမေတ္တာ)၊ ပွားမေတ္တာ(မနော ကံမေတ္တာ၊ ထားမေတ္တာ (ကာကယံမေတ္တာ) အားဖြင့် သုံးမျိုးရှိ၏။ ပို့ခြင်း၊ ပွားခြင်းမေတ္တာ အဆင့်မှ ကာယကံမြောက် အများကောင်းအောင် ကျေနပ်အောင် တရားသော ဆန္ဒတွေ ပြည့်၀အောင် ဆောင်ရွက်ပေးကြရမှာ အုပ်ချုပ်သူတို့ ၀တ္တရားဖြစ်၏။

အခြားသူတို့၏ ဘေးဒုက္ခတို့ကို ကြားရ၊ မြင်ရသည်ရှိသော် စိတ်ထိခိုက်ခြင်း၊ စာနာခြင်း၊ ဘေးဒုက္ခကို ဖယ်ရှားပေးလိုခြင်း၊ သနားခြင်းသည် ကရုဏာဖြစ်၏။ ကရုဏာကြောင့် မေတ္တာဖြစ်ပေါ် သကဲ့သို့ မေတ္တာကြောင့်လည်း ကရုဏာဖြစ်၏။ မည်သို့ပင် မေတ္တာရှိတယ် ပြောနေပါစေ ကရုဏာ အခြေခံ မရှိပါက မိမိတိုင်းသား ပြည်သူတို့၏ ဆန္ဒကို ကာယကံမြောက် မေတ္တာဖြင့် ဆောင်ရွက်ပေးမည်မဟုတ်။ တိုင်းသားပြည်သူတို့၏ ဆန္ဒလည်း မည်သည့်အခါမျှ ပြည့်၀ကြမည် မဟုတ်။ ထိုအခါ တိုင်းသားပြည်သူတို့သည် ၎င်းတို့၏ အုပ်ချုပ်သူအပေါ် အားကိုးခြင်း၊ လေးစားခြင်း၊ ကြည်ညိုခြင်းတို့ မဖြစ်သည့်အပြင် မေတ္တာပါ ပျက်တော့၏။
သက်ဦးဆံပိုင် ဘုရင်စနစ်၊ အာဏာရှင်စနစ်၊ တစ်ပါတီစနစ်၊ ပါတီစုံ ဒီမိုကရေစီစနစ် စသဖြင့် မည်သို့ပင် စနစ်တွေ ကွဲပြားပါစေ အချုပ်ကတော့ တိုင်းပြည်တစ်ပြည်မှာ အုပ်စိုးသူနှင့် အုပ်စိုးခံရသူ ဟူသော အစိုးရနှင့် ပြည်သူ နှစ်မျိုးနှစ်စားသာ ရှိကြသည်။ ထိုနှစ်မျိုးနှစ်စား တို့သည် ဗုဒ္ဓဒေသနာတော်အရ အချင်းချင်း မေတ္တာကရုဏာတို့ဖြင့် အပြန်အလှန် နွယ်ယှက်ထားကြရမှာ ဖြစ်၏။ အပြန်အလှန် မေတ္တာကရုဏာ ရှိကြပါမှ ပွင့်လင်းမြင်သာသော လူ့အဖွဲ့အစည်းဆိုတာ ဖြစ်နိုင်၏။
ဆန္ဒထုတ်ဖော်ကြသူ ပြည်သူလူထုကို ထိုခေတ် မင်းမှုထမ်း မင်းခစားတို့သည် ပိတ်ဆို့ဟန့်တားခြင်း၊ နှောင့်ယှက်ခြင်း၊ ဖမ်းဆီး ချုပ်နှောင်ခြင်းမျိုး မရှိတတ်ကြ၍ မင်းမှုထမ်း မင်းခစားတို့၏ မေတ္တာကရုဏာ တို့ကိုပါ တွေ့ရသည်။ မင်းနားတစ်ထောင်ဟု ဆိုသော်လည်း မင်းတရား မကြားမသိအောင် မင်းခစား မင်းမှုထမ်းတို့ လုပ်ဆောင်လေ့ ရှိတတ်သဖြင့် ရှေးကဆို မင်းတရား ကိုယ်တိုင်ပင် ပြည်သူလူထု အတွင်းဆင်း၍ စနည်းနာရ၏။ ပြည်သူ့အသံ နားထောင်ရ၏၊ ထောက်လှမ်းရ၏။ ဂရုဓမ္မဟု ဆိုအပ်သော ငါးပါးသီလသည် စကြာမင်း၏ ဓမ္မသတ် ဥပဒေလည်း ဖြစ်၏။ စကြာမင်းသည် သူ့နိုင်ငံတော်ကို ထိုငါးပါးသီလခေါ် ဂရုဓမ္မဖြင့်သာ အသက်ထက်ဆုံး အုပ်ချုပ်သွား၏။ ထိုငါးပါးသီလတွင် အဒိန္နာဒါနနှင့်နွယ်၍ စကြာမင်းနှင့် သူ၏ပညာရှိ အမတ်တို့ ဆွေးနွေးခန်းမှ စကား အချို့သည် မှတ်သား လိုက်နာစရာ ဖြစ်၏။
အမတ်ပညာရှိက ''သူခိုးများ၊ ဆန့်ကျင်ဘက် လက်နက်ကိုင်များ၊ အကျင့်ပျက် ၀န်ထမ်းများဟာ တိုင်းနိုင်ငံကို စူးနေတဲ့ ဆူးများ ဖြစ်ပါတယ်။ ၎င်းတို့ကြောင့် တိုင်းသား ပြည်သူတို့ အထိနာ ဆင်းရဲနေကြရပါတယ်။ ဒါကြောင့် ထိုဆူးများကို အရင်နုတ်ရပါမယ်။ ဆူးတို့ကိုမနုတ်ဘဲ အလှူငွေ ကောက်ခံပြီး လှူတယ်ဆိုရင် မပြုသင့်တာကို ပြုခြင်း မည်ပါတယ်''။ ''ထိုဆူးတို့ကို သတ်ပစ်ခြင်း၊ ထောင်ချခြင်း၊ ဒဏ်တပ်ခြင်း၊ ကဲ့ရဲ့ရှုတ်ချခြင်း၊ နိုင်ငံအပြင် ထွက်ခွာစေခြင်း နည်းလမ်းတွေနဲ့ နုတ်ပစ်မယ်ဆိုရင် နည်းမှန်လမ်းမှန် မဟုတ်ပါ။ ကြွင်းကျန်ဆူးများက အားပြန်ကောင်းလာရင် တိုင်းနိုင်ငံကို ထပ်စူးဦးမှာပါ'' ဟု လျောက်တင်၏။
စကြာမင်းက ''နည်းလမ်းမှန်နဲ့ ဆူးများကို ဘယ်လိုနုတ်ရမှာပါလဲ'' ဟု မိန့်တော်မူရာ- ''လယ်သမားတို့ကို မျိုးကောင်းမျိုးစေ့များ ပေးရပါမယ်။ ကုန်သည်ပွဲစား လုပ်ငန်းရှင်များကို အရင်းအနှီးများ ထုတ်ပေးရပါမယ်။ မင်းမှုထမ်းတို့ကို လစာရိက္ခာများ တိုးပေးရပါမယ်။ ဆန့်ကျင်သူများကို ပြေငြိမ်းအောင် ဆောင်ရွက်ရပါမယ်။ ထိုအခါ နိုင်ငံသူ၊ နိုင်ငံသားတွေဟာ ကိုယ့်အလုပ်ကို စိတ်အေးလက်အေး လုပ်ဆောင်နိုင်ကြပြီး စီးပွားဖြစ်ထွန်းလာရင် နိုင်ငံလည်း ချမ်းသာလာမှာ ဖြစ်ပါတယ်။ အချင်းချင်း မနှိပ်စက်ကြတော့ ရွှင်ကြည်နှလုံး အပြုံးမျက်နှာ ၀မ်းသာစွာနဲ့ သားသမီးငယ်များကို ရင်ခွင်မှာထားပြီး ကခုန်၍ပင် နေကြပါလိမ့်မယ်။ အိမ်တိုင်းလည်း တံခါးတွေဖွင့်လို့ စိတ်ချလက်ချနဲ့ ငြိမ်းချမ်းခြင်း ရသကို ခံစားနေကြရ ပါလိမ့်မယ်'' ဟု လျောက်ထားပါသည်။

ထို့ကြောင့် ''ဂရုဓမ္မ အခါတော်နေ့'' ဟူသည် တိုင်းသားပြည်သူတို့က မိမိတို့ ခံစားနေကြရသော ဘေးဒုက္ခတို့ကို ဆန္ဒထုတ်ဖော် အသိပေးခြင်း၊ အုပ်ချုပ်သူ တို့ကလည်း တိုင်းသားပြည်သူတို့၏ ဘေးဒုက္ခတို့ကို ကူညီဖြေရှင်း ပေးခြင်းဖြင့် တိုင်းသူပြည်သားများနှင့် အုပ်စိုးသူတို့အကြား အားကိုးခြင်း၊ စာနာခြင်း၊ မေတ္တာထားခြင်းတို့ကို ပြဆိုသောနေ့ ဖြစ်ပါကြောင်း။          


No comments:

Post a Comment