........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Apr 3, 2014

ဆင်းရဲသော်လည်းမနှိမ်ချခြင်း

ဆင်းရဲသော်လည်းမနှိမ်ချခြင်း
မိတ်ဆွေကောင်းမည်သည် အသားစီးရမှ ပေါင်းသင်းသူမဟုတ်။ ဂုဏ်ရှိမှ ချဉ်းကပ်သူ မဟုတ်။ ဆင်းရဲနိမ့်ကျသော မိတ်ဖက်ကိုသော်လည်း မနှိမ်မချ ကိုယ်နှင့် ထပ်တူ ချီးမြှောက်နိုင်သူ၊ ဖေးမ ကူညီသူ ဖြစ်၏။
ဆင်းရဲသော မိတ်ဆွေကို ချီးမြှောက်ရာ၌ ကာဠကဏ္ဏိဇာတ်တော်လာ အနာထပိဏ် သူဌေးသည် အတုယူလောက်သူ ဖြစ်၏။
...
ကာဠကဏ္ဏီဇာတ်
ကာဠကဏ္ဏီသည် အနာထပိဏ် သူဌေး၏ မိတ်ဆွေဖြစ်၏။ ကာဠကဏ္ဏီနှင့် အနာထပိဏ်တို့သည် ငယ်ဖော်ကစားဖက်များ ဖြစ်ကြ၏။ အတူ ပညာသင်ယူဖက်လည်း ဖြစ်ကြ၏။
အရွယ်ရောက်သောအခါ အနာထပိဏ် ချမ်းသာချိန်၌ ကာဠကဏ္ဏီသည် ဆင်းရဲနေ၏။ စားရမဲ့ သောက်ရမဲ့ အခြေအနေထိ ရောက်သွား၏။
ထို့ကြောင့် အနာထပိဏ်သည် ဆင်းရဲနေသော ငယ်သူငယ်ချင်းကို အိမ်မှာခေါ်ထား၍ စောင့်ရှောက်၏။ ကာဠကဏ္ဏီသည် အနာထပိဏ် သူဌေး၏ ဥစ္စာတို့ကို ထိန်းသိမ်း စောင့်ရှောက်ပေးရ၏။
တစ်ခါသော် အနာထပိဏ်သည် မိမိအပိုင်စားရသော ရွာသို့သွားစဉ် ကာဠကဏ္ဏီကို အိမ်စောင့်ထားခဲ့၏။ အနာထပိဏ်မရှိဟု သတင်းကြားသော သူခိုးတို့သည် လက်နက်ကိုယ်စီဖြင့် အနာထပိဏ်၏ အိမ်ကို ဝိုင်းရံကြ၏။
ကာဠကဏ္ဏီသည် ခိုးသူတို့ ရောက်လာသည်ကို သိ၍ အိမ်ထဲ၌ လူများရှိနေဟန် ပြု၏။ “ခရုသင်းမှုတ်လော့၊ စည်တီးလော့” စသည်ဖြင့် အိမ်တွင်း၌ ပွဲသဘင် ကျင်းပနေဟန်ဆောင်၏။ ခိုးသူတို့သည် အထင်မှားကာ လက်နက်တို့ကိုစွန့်၍ ပြေးကြ၏။ မိတ်ဆွေကောင်း ကာဠကဏ္ဏီကြောင့် အနာထပိဏ်သူဌေး၏ ပစ္စည်းများ မဆုံးရှုံးရခြင်း ဖြစ်၏။
ဆင်းရဲသောမိတ်ဆွေကို မနှိမ့်ချဘဲ ကူညီသင့်ကြောင်း၊ ထိုမိတ်ဆွေက ပြန်လည် ကျေးဇူးပြုတတ်ကြောင်း ဤဇာတ်တော်၌ ထင်ရှား၏။


ထေရဝါဒ တို့တိုင်းပြည်

No comments:

Post a Comment