........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Aug 13, 2013

"... သာသနာတော်၌ လူသားဘ၀မှ ရဟန်းဖြစ်လာသူများ ..."

...
မြတ်စွာဘုရား၏ အဆုံးအမ သာသနာတော်၌ လူသားဘ၀မှ ရဟန်းဖြစ်လာသူ (၅)မျိုးရှိသည်။

ထို (၅)မျိုးမှာ . . . . .

၁။ သဒ္ဓါပဗ္ဗဇိတ ရဟန်း

၂။ ပညာပဗ္ဗဇိတ ရဟန်း

၃။ မိရိုးဖလာပဗ္ဗဇိတ ရဟန်း

၎။ ဒုလ္လဘပဗ္ဗဇိတ ရဟန်း

၅။ ဘယာပဗ္ဗဇိတ ရဟန်း တို့ပင်ဖြစ်သည်။

ထိုရဟန်း (၅)မျိုးမှ .....

၁။ သဒ္ဓါပဗ္ဗဇိတ ရဟန်းဆိုသည်ကား .. ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးတို့၏ အပေါ်၌ ယုံကြည်မှု သဒ္ဓါတရား ထက်သန်သော စိတ်ဖြင့် လူ့အသွင်ကို ပယ်စွန့်ကာ ဘုရားအဆုံးအမ ၀ိနည်းဒေသနာနှင့်အညီ ရဟန်းအသွင် ဆောင်ယူခဲ့သူဖြစ်ပါသည်။

၂။ ပညာပဗ္ဗဇိတ ရဟန်းဆိုသည်ကား .. လူ့အသွင်ကို ပယ်စွန့်ကာ ရဟန်းအသွင်ကို ဆောင်ယူကြပြီးနောက် မြတ်စွာဘုရား ဟောကြား ဆုံးမအပ်သော တရားတော်များကို သင်ကြားမှု ခံယူနေကြသူများ ဖြစ်ပေသည်။

၃။ မိရိုးဖလာပဗ္ဗဇိတ ရဟန်းမည်သည်ကား .. ရှေးရိုးစဉ်လာ ဗုဒ္ဓဘာသာဓလေ့အတိုင်း ကုသိုလ်၊ အကုသိုလ် တရားနှစ်ပါးအနက် အကုသိုလ်တရားကို ရှောင်နိုင်ရန်နှင့် ကုသိုလ်တရားကို ဆောင်နိုင်ရန် ရှေးရှေးက လူကြီးတို့၏ အကျင့်ဓလေ့ လမ်းစဉ်နည်းကျ ရဟန်းပြုခဲ့ကြသူ များဖြစ်သည်။

၎။ ဒုလ္လဘပဗ္ဗဇိတ ရဟန်းမည်သည်ကား .. မြတ်စွာဘုရား သာသနာခေတ်ကြီး အတွင်း၌ လူဖြစ်ခွင်ရသည့် အတွက် ရခဲသော ရဟန်းဘ၀ကို ရက်လအပိုင်းအခြားဖြင့် ခံယူကျင့်သုံးကြသူများ ဖြစ်ပေသည်။

၅။ ဘယာပဗ္ဗဇိတ ရဟန်းမည်သည်ကား .. စားဝတ်နေရေး အခက်အခဲကြောင့် ရဟန်းအသွင် ဆောင်ယူခဲ့ကြသူ၊ ကြွေးမြီနှင့် မင်းပြစ် မင်းဒဏ်ဘေးကို ရှောင်ရှားရန် အကြံဖြင့် ရဟန်းအသွင် ဆောင်ယူခဲ့ကြသူတို့နှင့် ဘယာဗ္ဗဇိတ ဘေးကိုကြောက်၍ ရဟန်းအသွင် ဆောင်ပြီး သာသနာ့ဘောင် ခိုလှုံလာကြသူများပင် ဖြစ်ပေသည်။

မြတ်စွာဘုရား လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်တိုင် ပါရမီတော်များ ဖြည့်ကျင့်ပြီး တည်ဆောက်ခဲ့ရသော သာသနာတော်ကို အသုံးချပြီး ကိုယ်ကျိုးအတ္တရှာဝံ့သူများမှာ ၀ိနည်းတရားတော်ကို အရေးမထား၊ မလေးစားသော သူများဖြစ်၍ ၀ိနည်းဥပဒေနှင့် ဆုံးမခြင်းငှာ မရနိုင်၊ ရာဇဥပဒေဖြင့် ထိရောက်စွာ အရေးယူနိုင်ပါမှသာ သာသနာ့ရန်စွယ် အန္တရာယ်များ ကင်းစင်သွားပြီး မြတ်စွာဘုရားရှင် ထားခဲ့သော အဆုံးအမ သာသနာတော်ကြီး အဓွန့်ရှည်ကြာ တည်တံ့နိုင်မည် ဖြစ်ပေသည် .. ။

ဓမ္မ၀ီရ ဂျာနယ် (အတွဲ ၃၃၊ အမှတ် ၅) လူရဟန်း နှင့် ရဟန်းလူ ဆောင်းပါး မှ

ဦးနရပတိ ဆရာတော် - ငြိမ်းချမ်းရေး ပရိယတ္တိစာသင်တိုက်၊ မန္တလေးမြို့ ... ။

- ဦးနရပတိ ဆရာတော် မှကူးယူဖော်ပြပေးပါသည် . . . . .

No comments:

Post a Comment