ဖော်ပြပါ နံပါတ် (၂) ပုံသည် ထွက်လေ၊ ၀င်လေနှစ်ပါးတို့ကို ရေတွက်ပြီး
ဖမ်းယူရာ နှာသီးဖျား(နာသိကဂ္ဂ) အာနာပါနနိမိတ္တ ခေါ် အာနာပါနကသိုဏ်းကွက်ကို
မြှားနှင့်အသေအချာ နေရာတကျ ပြသထားသောပုံဖြစ်ပါသည်။ လေတို့တိုးဝင်ရာအရပ်၍သာ
စိတ်မြဲမြဲသတိစွဲအောင် သမာဓိမြဲအောင် သိမှတ်အားထုတ်ရသောကြောင့် အာနာပါနကသိဏဟု
ခေါ်ဆိုရလေသည်။
သတိမြဲစွာ ပထမာ-ဟူသည်မှာ ဤကဲ့သို့
နည်းလမ်းတကျ ဖမ်းယူရှုမှတ်သော ယောဂီသူမြတ်၏စိတ်သည် ထိုအာနာပါနကသိုဏ်းကွက်၍
ရပ်တည်လျှက် သတိမြဲပြီး သမာဓိတည်နေသည်ကိုပင် ပထမအားထုတ်စ
အာနာပါနကမ္မဋ္ဌာန်းအားထုတ်သူယောဂီ၏ သတိမြဲစွာ ပထမာ ပင်ဖြစ်ပေတော့သည်။ ထိုကြောင့်
အာနာပါနပါရဂူကျမ်း၌ နှာသီးဖျားဟူသော ကသိဏ၊ ထွက်လေ၀င်လေဟူသော အာရမ္မဏဟူသော
နှစ်ပါးတို့ကို တစ်ထပ်တည်းကျအောင် အားထုတ်နိုင်မှသာ အာနာပါနဘာဝနာ၏ ပြည့်စုံမှုကို
ရနိုင်လေသည်ဟု ပြဆိုထားခြင်းဖြစ်သည်။ ဥပမာအားဖြင့် ထုတ်စည်းထိုးတမ်းကစားကြသော
ကလေးတို့သည် သတ်မှတ်ထားသော စည်းပေါ်မှသာ ထိုစည်းပေါ်သို့ ဖြတ်ကျော်ဆဲသူတို့ကိုသာ
ဖမ်းယူရသကဲ့သို့ပင် ဖြစ်ပါသည်။ ထိုစည်းကို လွှတ်၍(စည်းပေါ်မှ မဟုတ်ဘဲ) ဖမ်းယူ၍
မရသကဲ့သို့ နှာသီးဖျားဟူသော ကသိဏကို လွှတ်၍ (နှာသီးဖျားမှ မဟုတ်ဘဲ)
ထွက်လေ၀င်လေဟူသော အာရမ္မဏကို ဖမ်းယူ၍ မရပေ။ သို့ဖြစ်၍ နှာသီးဖျားသို့
မရောက်လာသေးသော လေ၊ နှာသီးဖျားကို ကျော်လွန်သွားသော လေတို့ကို ဖမ်းယူရှုမှတ်ခြင်း
မပြုသင့်ချေ။ ထိုသို့ပြုနေပါက အကျိုးမရဖြစ်တတ်လေသည်။
ပြဆိုခဲ့ပြီးသည့်အတိုင်း စည်းကမ်းတကျ ဂဏန(ရေတွက်ခြင်း)၊
အနုဗန္ဓန(ဖွဲ့ချည်ခြင်း၊ ဖုသန(ထိတွေ့ခြင်း)၊ ဌပန(တည်ခြင်း)ဟူသော
နည်းလေးမျိုးတို့ဖြင့် တစ်ပေါင်းတည်းကျအောင် ထွက်တယ်၊ ၀င်တယ် ၁၊ ထွက်တယ်ဝင်တယ်
၂….စသည်ဖြင့် အသိအမှတ် ယတိပြတ်ဖမ်းယူနိုင်အောင် အားထုတ်ရပါမည်။
ထိုသို့နည်းလမ်းတကျ အားထုတ်ပြီး သတိမြဲလာပါက မိမိ၏နှာသီဝကြီးကို
မြင်လာပြီး ကျဉ်းသွားသကဲ့သို့လည်းကောင်း၊ ကျယ်သွားသကဲ့သို့လည်းကောင်း
ထင်မြင်လာတတ်သည်။ ထို့အပြင် အချို့ယောဂီတို့အား နှာပိတ်နေသကဲ့သို့လည်းကောင်း၊
နှာခေါင်းဝ၌ တုတ်ချောင်းကလေး ကန့်လန့်ကန့်လန့်နှင့် ခုနေသကဲ့သို့လည်းကောင်း
ထင်မြင်လာတတ်ကြသည်။ အချို့ယောဂီတို့အား နှာသီးဝကလေး ပွင့်ချည်ပိတ်ချည်
ဖြစ်နေသကဲ့သို့လည်းကောင်း၊ မျော့တွယ်ထားသကဲ့သို့လည်းကောင်း၊
ခွက်တောင်းပြည်တောင်းခန့် နှာဖုကြီး ကြီးကြီးလာသကဲ့သို့လည်းကောင်း၊
ဆင်နှာမောင်းပမာဏ ရှည်ထွက်သွားသကဲ့သို့လည်းကောင်း၊
မီးခိုးတန်း-အဖြူတန်း-အလင်းတန်း-အလင်းကွက်စသော အခြင်းအရာအမျိုးမျိုး
ထင်မြင်လာတတ်ကြပါသည်။ ထင်မြင်လာပုံခြင်းကား တစ်ဦးတစ်ဦး မတူတတ်။
အမျိုးမျိုးအဖုံဖြစ်နိုင်ပါသည်။ ဤသို့ ထင်မြင်လာရမည်ဟု တထစ်ချ မှတ်ယူ၍
မရနိုင်ချေ။
သို့ရာတွင် နှာသီးဖျားအရပ်တွင် ထူးခြားမှုတစ်ခုမှ မရရှိသေးပါက
သတိမမြဲနိုင်သေးဟု မှတ်ရမည်။ ထို့ကြောင့် မိမိ၏နှာသီးဖျားကို စိတ်မလွတ်စေဘဲ
ထွက်တိုင်းဝင်တိုင်းသောလေတို့ကိုသိအောင် မှတ်နိုင်အောင်
ကြိုးစားရှုမှတ်ကြရမည်ဖြစ်သည်။ သို့မှသာ ဓမ္မရောင်ခြည်ခေါ် ဥဂ္ဂဟနိမိတ်ထူးကို
ဖူးတွေ့ရပေလိမ့်မည်။ မဂ်ဖိုလ်အထိ အားထုတ်နည်းများအတိုင်း အားထုတ်နိုင်စေရန်
အထူးလုံ့လစိုက်၍ အားထုတ်တော်မူနိုင်ကြပါစေ။
ဤနံပါတ်(၃)ပုံသည် ဂဏန(ရေတွက်ခြင်း)အစွမ်းအားဖြင့် ဌာနမှတ်၊ ၀ါရတင်၍
မမှတ်နိုင်သော ယောဂီများအတွက်သာ အားထုတ်နည်းကို ညွှန်ပြထားခြင်း ဖြစ်ပါသည်။
ဤနည်းမှာ မိမိ၏ ညာလက်ဖမိုးကို နှာခေါင်းအ၀နှင့် လက်တစ်သစ်၊ နှစ်သစ်အကွာတွင်
ပုံတွင်ပြထားသည့်အတိုင်း ခွါထားပြီး နှာခေါင်းဝမှ တိုးထွက်လာသောလေ၊
လက်ဖမိုးကိုထိပြီး အတွင်းသို့ပြန်ဝင်လာသောလေတို့ကို ရှုမှတ်အားထုတ်ရသည်။
ထိုသို့အားထုတ်ရင်း မိမိ၏စိတ်က အနှစ်သက်ဆုံး သို့မဟုတ်
အစွဲအမြဲထားနိုင်ဆုံးဖြစ်သော အဖြူရောင်၊ အပြာရင့်ရောင်၊ အပြာနု၊ အ၀ါ၊ အစိမ်း၊
အနီစသော အရောင်တန်းကလေး၊ သက်တန့်၊ မီးတန်း၊ ရွှေချောင်း၊ ငွေချောင်း၊
ရွှေမှုံမွှားစသည်ဖြင့် အချောင်းတန်းကလေး သို့မဟုတ် ပုလဲလုံးခန့် အလုံးလေးတစ်ခုခုကို
စိတ်နှင့်ဥပါဒ်လျှက် မထင်မမြင်မချင်း ထင်အောင်စွဲကိုင်၍ အားထုတ်ရပါမည်။
ဤအရာ၌ အချို့ဆရာများက စိတ်နှင့်ဥပါဒ်မထားရ၊ မမှန်းထားရဟု
ပြောဆိုရေးသားတတ်ကြကုန်သည်။ သို့သော် လက်တွေ့အားထုတ်သောယောဂီများ၏ အတွေ့အကြုံအရ
အကောင်းဆုံးသောနည်းတစ်ခုဖြစ်ကြောင်း မှတ်ယူနိုင်ပါသည်။ လွယ်လှပေ၏။ မရမချင်း
မဖြစ်မနေ ဤနည်းဖြင့် နှစ်နာရီခန့် ကြိုးစားပြီး
လက်တွေ့အားထုတ်ကြစေချင်ပါသည်။
ကသိုဏ်းရှုမှတ်ရာတွင် နည်းသုံးမျိုးရှိပါသည်။
(၁) ကသိုဏ်းအဓိက-အာရုံသာမည ဖမ်းယူနည်း
(၂) အာရုံအဓိက-ကသိုဏ်းသာမည ဖမ်းယူနည်း
(၃) အာရုံနှင့်ကသိုဏ်း အညီအမျှထားကာ ဖမ်းယူနည်းဟု
သုံးမျိုးရှိပါသည်။
ဤသုံးမျိုးတို့တွင် ယခုရှုမှတ်နည်းမှာ ဒုတိယမြောက်နည်းဖြစ်သည်။
အာရုံဖမ်းဖို့အဓိက ထွက်လေ၀င်လေဟူသော ကသိုဏ်းက သာမညဖြစ်သည်။ ၇-နှစ်၊
၈-နှစ်အရွယ်ကလေးများကို ဤနည်းအတိုင်း အားထုတ်စေရာ အလွန်ရလွယ်ကြသည်ကို
တွေ့ရသည်။
အထက်ပါအတိုင်း စိတ်ဖြင့် ဥပါဒ်ပေးရာ၌ စိတ်အာရုံကောင်းစွာပိုင်နိုင်စေရန်
မီးခြစ်ဆံခန့်၊ ပဲနောက်စေ့ခန့်ထက် ပိုလွန်၍ မကြီးစေရအောင်
အထူးသတိပြုသင့်ပါသည်။
ထိုကဲ့သို့ အားထုတ်ဖန်များလာသောအခါ မိမိဥပါဒ်၍ထားသော တစ်နည်းအားဖြင့်
စိတ်နှင့်လုပ်ပေးထားသော အချောင်း၊ အလုံးကလေး ထွက်ချည်တစ်ခါ၊ ၀င်ချည်တစ်လှည့်၊
မထင်တစ်ချက်၊ ထင်တစ်ချက် ဖြစ်လာပေလိမ့်မည်။ ထိုသို့ဆက်လက်၍အားထုတ်သောအခါ နံပါတ်
၎-ပုံအတိုင်း အမှန်တကယ်ပင် ထင်ရှားပြတ်သားစွာ အဿာသပဿာသဥဂ္ဂဟနိမိတ်ထူးကို
တွေ့မြင်လာပေလိမ့်မည်။
ဤနည်းသည် အာနာပါနကမ္မဋ္ဌာန်းကို
အားထုတ်ကြရာတွင် အလွန်လွယ်ကူသောနည်းဖြစ်သည်ကို လက်တွေ့အားထုတ်ကြသူယောဂီအပေါင်းက
သက်သေခံလျှက်ရှိပါသည်။ အထူးမှတ်သားသင့်သည်မှာ ထိုသို့အားထုတ်၍ ဥဂ္ဂဟနိမိတ်ရသောအခါ
အစပထမက မိမိစိတ်ဖြင့် ဖန်ဆင်းပေးထားသော အရောင်အဆင်း၊ ပုံသဏ္ဍာန်အတိုင်းလည်း
ပေါ်လာတတ်ကြသည်။ အခြားအရောင်၊ ပုံသဏ္ဍာန်များလည်း ထင်လာတတ်ကြသည်။ ပိုးချည်မျှင်၊
အုံးဆံမျှင်၊ သက်တန့်ရောင်၊ ၀ါဂွမ်းစိုင်ကြီး၊ ရွှေချည်၊ ရွှေမှုံကလေးများ၊ ပုလံလုံး၊
ပုလဲသွယ်စသော ပြောပြ၍မကုန်နိုင်လောက်အောင် ထူးထူးခြားခြား ဆန်းဆန်းကြယ်ကြယ်
ထင်မြင်လာတတ်ကြသည်။
မည်သည့်အရောင်၊ မည်သည့်ပုံသဏ္ဍာန်ဖြစ်စေ ထွက်လေ၀င်လေတို့နှင့် တစ်သားတည်း၊
တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ဖြစ်စေအောင် အားထုတ်ရမည်။ ရှင်းအောင်ဆိုရလျှင်
ထွက်လေထွက်သောအခါ နိမိတ်ကိုလည်း တစ်ပြိုင်တည်းထွက်စေ၊ ၀င်လေ၀င်သောအခါ
နိမိတ်ကိုလည်း တစ်ပြိုင်တည်း ၀င်စေရန် အားထုတ်ရမည်။
စင်စစ်အားဖြင့် နှာသီးဝနှင့်လက်ဖမိုး ကြားအရပ်သည် ကသိုဏ်းဌာန၊
ဥပါဒ်ပေးထားသော(စိတ်က ဖန်တီးပေးထားသော)အရောင်တန်း၏ ထွက်ဝင်ထွက်ဝင်
တရိပ်ရိပ်တလှုပ်လှုပ်သည် လေအာရုံပင်ဖြစ်၍ အာရုံနှင့်ကသိုဏ်း ထပ်မိစပ်မိသည်ဟု
ဆိုနိုင်ပါသည်။ အဋ္ဌကထာ၌လည်း သွားခေါသောယောဂီ၏ အဿာသပဿာသကသိဏ-နိမိတ္တကို
အထက်နှုတ်ခမ်းသာ ဖြစ်ရမည်ဟု ပြဆိုထားသည်။ အဆိုပါစကားရပ်ကိုထောက်ဆ၍
နှာသီးဝနှင့်လက်ဖမိုးကြားအရပ်သည် အမှန်စင်စစ် ကသိုဏ်းဖြစ်သောကြောင့် ရလွယ်လှသည်ဟူ၍
ဆိုလိုရင်းဖြစ်ပါသည်။
အထူးဖော်ပြလိုသည်မှာ
အချို့ယောဂီများသည် ကသိုဏ်းဝန်း(နှာသီးဖျား)ကိုပင် မထင်မမြင်နိုင်
ဖြစ်နေသောကြောင့် စိတ်ဖြင့် “မီးတောက်မီးခဲကလေး နှာသီးဝတွင် ရှိသည်၊ ၀င်လေထိသောအခါ
လင်းသွားသည်၊ ထွက်လေထိသောအခါ လင်းသွားသည်”ဟုပင် ဥပါဒ်ပေးကြရ၊
ဖန်ဆင်းပေးကြရကုန်သည်။ အချို့ယောဂီများသည် နှာသီးဖျားတွင် စက္ကူဝိုင်း၊
ထုံးကွက်စသည်တို့ကို တကယ်ထားပြီး မှန်နှင့်ကြည့်ပြီးနောက် မျက်စိမှိတ်ပြီး
စိတ်နှင့်စွဲယူကြရသည်။ မည်သို့ပင် အားထုတ်သည်ဖြစ်စေ အကျိုးများဖို့သာ
လိုရင်းဖြစ်ပါသည်။ အကျယ်သိလိုလျှင် ယောဂိပါရဂူကျမ်း၊ အာနာပါနပါရဂူကျမ်းတို့တွင်
ကြည့်ရှုနိုင်ပါသည်။
သတိ၊ သမာဓိခိုင်မြဲစွာ
တည်သည်နှင့်တစ်ပြိုင်နက် ထိုကသိုဏ်းကွက်၊ ကသိုဏ်းတန်းကလေးသည် လင်းထိန်လာတတ်သည်။
ထိုအခါမျိုးတွင် ရွှင်လန်းအားတက်ခြင်းများ အလွန်ဖြစ်ပေါ်၍
အမြဲမပြတ်ဆက်လက်အားထုတ်လိုစိတ်များ ဖြစ်ပေါ်လာတတ်ပါသည်။ အားထုတ် ရသည်မှာလည်း
အလွန်ရှင်းလင်းကြည်လင်လာတတ်ပါသည်။
ရရှိထားသော ခိုင်မြဲသောသမာဓိကို
အရင်းတည်၍ ၀ီရိယစိုက်ကာ ဆက်လက်အားထုတ်လျှင် နှာသီးဖျားကသိုဏ်းကွက်မှ
နံပါတ်(၆)ပုံအတိုင်း အရောင်တလက်လက် ကြည်လင်ပြတ်သားစွာ ပေါ်ထွက်၍ လာပေလိမ့်မည်။
ထို့နောက် ကသိုဏ်းကွက် အရောင်အလင်းအတွင်း၌ ထွက်လေ၊ ၀င်လေဟူသော အာရုံတန်းကလေးသည်
ပုံတွင်ပါသည့်အတိုင်း ရှေ့တိုးနောက်ဆုတ်၊ ရှေ့တိုးနောက်ဆုတ်နှင့်
ဝင်ထွက်နေသည်ကိုလည်း တွေ့မြင်လာရတတ်ပါသည်။ ဤနည်းအတိုင်း ကသိုဏ်းနှင့်နိမိတ်လေတို့
အစုံအစုံပေါ်လာရခြင်းကိုပင် ပါမောဇ္ဖ (ရွှင်လန်း ဝမ်းမြောက်ခြင်း) အခြင်းအရာဟု
အဋ္ဌကထာတွင် ပြဆိုထားပါသည်။ ထိုအခြင်းအရာ ထိုအဆင့်ထူးကို ရောက်ရှိသော
ယောဂီပုဂ္ဂိုလ်အား အန္ဓပုထုဇဉ်နယ်မှ ကလျာဏပုထုဇဉ်နယ်သို့ ဧကန်မုချ
တတ်လှမ်းနိုင်ခဲ့ပြီဟု ဆိုနိုင်ပါတော့သည်။
ဤအခန်း၌ပင်
အချို့ပါရမီထူးသောယောဂီများသည် ကံ၊ ဉာဏ်၊ ၀ီရိယကြောင့် အာနာပါနအမှတ်ပြ
ကသိုဏ်းတန်းကလေးသည် အရောင်တလက် လက်ဖြာထွက်ကာ ထင်းစည်း၊ ကောက်လှိုင်းစည်းများ၏
စည်းဖွဲ့ကြိုးပမာ အာရုံလေတန်းကို အလယ်က စည်းထားသကဲ့သို့ ငုံ့လျှိုး ထွက်ဝင်လျှက်
နေပါတော့သည်။ အထူးသတိပြုရန်မှာ ထိုကသိုဏ်းအလင်းတန်းကလေး၏ ရှေ့ကိုလည်း
လက်တစ်သစ်ခန့်၊ နောက်ကိုလည်း လက်တစ်သစ်ခန့်ထက်ပို၍ အတို၊ အရှည်ဖြစ်မသွားစေဖို့ပင်
ဖြစ်ပါသည်။
ဤနေရာ၌ အချို့ယောဂီများမှာ
ကသိုဏ်းအလင်းတန်းက စ၍ပေါ်ပြီးနောက် လေအာရုံတန်း ပေါ်လာတတ်ကြသည်။ အချို့ယောဂီများမှာ
လေအာရုံတန်းကလေး ၀င်လိုက်ထွက်လိုက်ပေါ်ပြီးနောက် ကသိုဏ်းအလင်းတန်း
ပေါ်လာတတ်ကြကုန်သည်။ တစ်ဦးတစ်ဦး မတူညီတတ်၊ အမျိုးမျိုးဖြစ်တတ်ပါသည်။ မည်သည့်အရာက
စ၍ပေါ်ပေါ် အမှန်ဟုသာ မှတ်ယူရပါမည်။ ထင်ရှားစွာပေါ်ခဲ့ရခဲ့ပါလျှင်
ဧကန်ပါရမီအထူးရှိသူဟု မှတ်ယူနိုင်ပါတော့သည်။ ဝီရိယထားကာ
ကြိုးစားအားထုတ်လိုက်ကြစေလိုပါသည်။
အနုတ္တရိယတရား (၆)ပါးတို့တွင်
ဤကဲ့သို့ထင်မြင်မှုမျိုးကို ဒဿနာနုတ္တရိယ (မြင်ခြင်းတကာတို့တွင်
ထူးခြားမြင့်မြတ်သောမြင်ခြင်း)၊ မြတ်စွာဘုရားရှင်၏ ဓမ္မရောင်ခြည်ကို
ဖူးတွေ့ရခြင်းတို့ကြောင့် ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်ခေါ်ဆိုထိုက်ကြောင်း
အဋ္ဌကထာများတွင် ရေးသားတော်မူကြသည်။ ထိုသို့သော အဆင့်ကို ရောက်ရှိသူအတွက်
ထိုနေ့ထိုအချိန်သည် ပျော်မွေ့ဖွယ်ရာ အကောင်းဆုံး၊ အရသာအရှိဆုံး၊ လူဖြစ်ရကျိုး
အနပ်ဆုံးအချိန်ဟု ထင်မှတ်နေတတ်သည်ဖြစ်၍ ၀မ်းမြောက်ဖွယ်ဖြစ်ပါတော့သည်။
ရေးသားသူ-အရှင်ကုသလသာမိ
ရုပ်ပုံနံပါတ် ၆-တွင်
ပြဆိုခဲ့သော ဓမ္မရောင်ခြည်ခေါ် အာနာပါနသမထ သမာဓိလေအာရုံဟူသော ဥဂ္ဂဟနိမိတ်ထူးကို
ရလာရခြင်း၊ ပေါ်ထွက်လာရခြင်းသည် အားထုတ်သူယောဂီပုဂ္ဂိုလ်၏ ပါရမီထူးကြောင့်
ဖြစ်ပေသည်။ ထိုပါမောဇ္ဖ (ကျေနပ်ဝမ်းမြောက်ခြင်း) ပေါ်လုနီးသောအခါ မနေမနား
ကြိုးစားလိုသောစိတ်၊ မဖြစ်မနေ မလျှော့တန်း အားထုတ်လိုသော ၀ီရိယ၊ သတိ၊
သမာဓိမဂ္ဂင်တို့ ခိုင်မြဲစွာတည်လာမှုကိုပင် အဋ္ဌကထာ၌ ကုသလစ္ဆန္ဒ၊ ဆန္ဒာဝသာကာရဟူ၍
ပြဆိုတော်မူကြသည်။
ထိုဆန္ဒ၊
ပါမောဇ္ဖအခြင်းအရာများကား ဤနံပါတ် ၇-ပုံအတိုင်း မိမိ၏ နှာခေါင်း ကြီး၍
ခွက်တောင်းပြည်တောင်း၊ အုန်းသီးခန့် ကြီး၍ဖု၍လာသည်ဟုလည်း ထင်မြင်တတ်ကြသည်။
ရှေ့သို့ တစ်ထွာတစ်တောင်ခန့် ကြီးလာသည်ဟုလည်း ထင်လာတတ်ကြသည်။ လွှဆွဲသကဲ့သို့
ပုခတ်လွှဲနေသကဲ့သို့ စသည်ဖြင့် အမျိုးမျိုးအဖုံဖုံ မိမိ၏နှာခေါင်း၌ ထင်လာတတ်ကြသည်။
ဤကား ဆန္ဒာဝသာကာရလိုက်၍ ဖြစ်ပေါ်နေခြင်းသာဖြစ်သည်ဟု အဋ္ဌကထာ၌ ပြဆိုထားသည်။
ထိုအခြင်းအရာများကို အထူးဂရုပြု၍ မှတ်သင့်ပါသည်။
ဆန္ဒပြင်းထန်နေသော ယောဂီပုဂ္ဂိုလ်သူမြတ်သည် ထွက်လေနှင့်ဝင်လေတို့ အထူးသဖြင့်
သန့်ရှင်းလာပြီး ရေတွက်၍ မှတ်ရာတွင်လည်း အမြဲတမ်းသတိ မလွတ်ဖြစ်လာလျှက်
အရှုအရှိုက်အထုတ်အသွင်းတို့ ညင်သာသိမ်မွေ့လာတတ်ပါသည်။
ကောင်းကင်ယံတွင်
ပန်းဆိုင်းဆွဲထားသကဲ့သို့ မိမိ၏ခန္ဓာကိုယ်ကြီးမှာ
ကောင်းကင်ပျံတက်နေသကဲ့သို့ထင်မှတ်ကာ တစ်နေကုန်ထိုင်၍ ရှုမှတ်နေရသော်လည်း
ညောင်းခြင်း၊ ကိုက်ခဲခြင်းအလျဉ်းမရှိ၊ ဆာလောင်မွတ်သိပ်ခြင်းအလျဉ်းမရှိ၊
မပင်မပန်းမနွမ်းမနယ် အားထုတ်၍ မွေ့လျော်လာတော့သည်။ ကာယလဟုတာ
(ကိုယ်ခန္ဓာပေါ့ပါးခြင်း)၊ စိတ္တလဟုတာ (စိတ်ပေါ့ပါးခြင်း)၊ ကာယမုဒုတာ
(ကိုယ်ခန္ဓာနူးညံ့ခြင်း)၊ စိတ္တမုဒုတာ (စိတ်နူးညံ့ခြင်း)၊ ကာယကမ္မညတာစိတ္တကမ္မညတာ
(ကိုယ်အမှု၊ စိတ်အမှုတို့၌ လွယ်ကူစွာစွမ်းနိုင်ခြင်း)ဟူသော အခြေအနေတို့
ဖြစ်ပေါ်နေခြင်း ဖြစ်ပါသည်။ ဤသည်တို့မှာ အာနာပါနဘာဝနာ၏ ကုသလစ္ဆန္ဒခေါ်
ဆန္ဒာဝသာကာရလိုက်ခြင်းတို့၏ အကျိုးတရားများပင် ဖြစ်ပါသည်။
ပါမောဇ္ဖ၀သာကာရ၏
အကျိုးတရားဖြစ်သော အလင်းကွက်၊ အလင်းတန်းတို့သည် ပေါ်တစ်လှည့်၊ ပျောက်တစ်လှည့်သာ
ဖြစ်နေပေလိမ့်မည်။ ထိုကဲ့သို့ ဖြစ်နေသေးလျှင် ထပ်ကာထပ်ကာ မနေမနား
အားထုတ်သင့်ပါသည်။ တစ်ချက်မှိတ်၊ တစ်ချက်ရှု၊ တစ်ချက်ပေါ်နှင့် ကောက်လိုက်တိုင်း
ကောက်လိုက်တိုင်း မြင်ထင်နေသော လေနိမိတ်စွဲထင်လာတော့သည်ကိုပင် သတိမြဲစွာ ပထမာဟု
ဆိုလိုရင်း ဖြစ်ပါတော့သည်။
အထက်တွင် ပြဆိုခဲ့သော ဆန္ဒ၊
ပါမောဇ္ဖအခြင်းအရာများသို့ မသက်မူ၍ ကိုယ်ခန္ဓာကြီး
လေးလံထိုင်းမှိုင်းလာသကဲ့သို့လည်းကောင်း၊ အသက်ရှုကျပ်ကာ
မောပန်းလာသကဲ့သို့လည်းကောင်း၊ မိမိထိုင်နေသော အခင်း၊ ဖျာတို့
တွန်လိမ်လာသကဲ့သို့လည်းကောင်း၊ မြေကြီးကြမ်းပြင်တို့သည် ညွတ်ကုန်
ကြိတ်ကြိတ်မြည်ကုန်သကဲ့သို့လည်းကောင်း ထင်မြင်လာလျှင် နိမိတ်မရဘဲ ကြာနေတတ်ပါသည်။
အခြင်းအရာ မဖက်သူဟု ဆိုပါသည်။ မဉ္ဖပိဋ္ဌံ သြဏမတိ၊ ၀ိကူဇတိဟု အဋ္ဌကထာပြလိုရင်း
စကားတော်ဖြစ်ပါသည်။
ဤနံပါတ် ၈-ရုပ်ပုံသည်
သတိမြဲပြီး အခြင်းအရာနှစ်ပါး (ဆန္ဒ၊ ပါမောဇ္ဖ)ဖြစ်လာပြီးသော ယောဂီတို့သည်
မိမိရအပ်သော လေတန်းလေချောင်းဟူသော ဥဂ္ဂဟအထူးကို တစ်ထပ်တည်း တစ်ချက်တည်း
ပိုင်ပိုင်နိုင်နိုင် နိုင်နင်းစွာ အားထုတ်လေ့လာပွားများ၍ နေပုံဖြစ်ပါသည်။
အထူးမှာ
နိုင်နင်းပိုင်နိုင်ပြီဟု သေချာကျနသိပြီးသောအခါ တစ်ခါတစ်ရံ ရှေ့သို့ တစ်ထွာခန့်၊
တစ်ပေခန့်၊ တစ်တောင်ခန့်၊ တစ်လံခန့် မှုတ်အပ်၊ ရှိုက်အပ်၊ လေ့လာအားထုတ်သင့်ပါသည်။
ထိုကဲ့သို့ အားထုတရှုမှတ်ရာတွင် မိမိစိတ်က ရှေ့မှပြေးစေ ပြန်လာစေပြီးမှ
စိတ်နှင့်တစ်ထပ်တည်းသော လေနိမိတ်တန်းကိုလည်း ပြေးစေပြန်စေအောင် အားထုတ်ရမည်။
သို့မှသာ လွယ်ကူမည်ကို အထူးသတိပြုသင့်ပါသည်။
သဘောတရားကို သေချာနားမလည်ကြသော
အချို့ယောဂီများမှာ မိမိစိတ်က ပြေးစေရန် ပြန်စေရန် လုံ့လမပြုရဘဲ မိမိရသော
အလင်းနိမိတ်ကိုသာ ပြေးစေရန် ပြန်စေရန် ရှုမှတ်ကြသည်။ ထိုကဲ့သို့ ရှုမှတ်ရာတွင်
နိမိတ်တန်းမှာ မိမိလိုသလို မပြေး မပြန်ရှိနေသဖြင့် စိတ်ပျက်ပြီး ဆရာထံလာ၍
ပြောတတ်ကြသည်။ သတိပြုသင့်ပါသည်။
အာနာပါနတရားကို
သဒ္ဓါတရားထက်သန်စွာ ကြိုးစားအားထုတ်ကြသော ယောဂီပုဂ္ဂိုလ်တိုင်း ဤနံပါတ်ကို
(၉)ရုပ်ပုံနှင့် အမှာစကားများကို သေချာစေ့ငု အကြိမ်ကြိမ်သတိပြုလျှက်
အားထုတ်ကုန်ရာသည်။ အထပ်ထပ် ဖတ်ရှုပြီး ဆင်ခြင်သုံးသပ်ဖို့ တိုက်တွန်းပါသည်။
အလွန်သတိပြုသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော်
ဤပါမောဇ္ဖအခြင်းအရာဖြစ်သော လင်းရောင်ခြည်ခေါ် သမာဓိရောင် ဥဂ္ဂဟနိမိတ်ထူးကို
ရလာခြင်းသည် အနည်းဆုံး ကမ္ဘာရာထောင် အားထုတ်ဖူးမှသာ ရနိုင်သောတရားထူးဖြစ်ပေသည်။
လွယ်လွယ်နှင့်ပေါ့ပေါ့ အားထုတ်ခြင်းဖြင့် ရနိုင်သောသဘောမရှိပေ။ ဤအချက်မှာ လွန်စွာ
အားတက်ဖွယ်ဖြစ်ပေသည်။ ထိုကဲ့သို့ ကမ္ဘာအဆက်ဆက်အားထုတ်ဖူးမှ ရနိုင်သော တရားအထူးကို
တစ်ထိုင်တည်းနှင့်ဖြစ်စေ၊ တစ်ပါတ်နှစ်ပါတ်တည်းနှင့်ဖြစ်စေ၊ တစ်နာရီ၊ နှစ်နာရီ၊
တစ်ရက်၊ နှစ်ရက် ရကာမျှဖြင့် အလွယ်သားပဲဟု ပေါ့ပေါ့ဆဆ မအောက်မေ့ မမှတ်ထင်အပ်ပေ။
နောက်တစ်ကြိမ်ပြန်ထိုင်လျှင် တွေ့ချင်မှ တွေ့ရတတ်သည်။ အချို့ယောဂီများမှာ ၅-လ၊
၆-လကြာအောင် ထပ်မံအားထုတ်ပါသော်လည်း မိမိရရှိခဲ့ဖူးသောနိမိတ်မျိုးကို မတွေ့ရဘဲ
ရှိတတ်ကြ၊ ကြာတတ်ကြကုန်သည်။
သို့ဖြစ်၍ ထွက်လေ၊ ၀င်လေနိမိတ်၌
သတိ၊ သမာဓိတို့ စူးစူးစိုက်စိုက် အာရုံမမြဲသေး၊ မစွဲသေးမှီ မလွှတ်လိုက်၊
မတော်လိုက်ပါနှင့်ဦး။ စွဲမှမြဲမှ နိမိတ်ပေါ်ပြီးနောက် အနည်းဆုံး ၅-ပါတ်၊
၆-ပါတ်ဖြစ်စေ၊ ၁-နာရီ၊ ၂-နာရီဖြစ်စေ သိမ်မွေ့နူးညံ့စွာ အာရုံစိုက်ပြီးလျှင်
သိမ်းဆည်းသင့်ပါသည်။
နိမိတ်နှင့် မိမိ၏ သတိသမာဓိတို့
ခိုင်မြဲလောက်ပြီ၊ စွဲမှတ်နိုင်လောက်ပြီဟု ထင်သောအခါ ဤနံပါတ် ၉-ပုံအတိုင်း
မျက်စိကို မှေးမှေးထားပြီး စမ်းသပ်အားထုတ်ကြည့်သင့်ပါသည်။ နောက်ပြီး
အကုန်ဖွင့်လျှက်လည်း စမ်းသပ်အားထုတ်ကြည့်သင့်ပါသည်။
မျက်စိကို ဖွင့်လျှက်
အားထုတ်ပြန်သောအခါတွင်လည်း မှိတ်ထားစဉ်ကကဲ့သို့ နိမိတ်ဝင်သည်ကိုလည်းကောင်း၊
နိမိတ်ထွက်သည်ကိုလည်းကောင်း လေတို့နှင့် တစ်ထပ်တည်း အချိုးတကျဖြစ်နေမှသာ
စွဲသည်မြဲသည်ဟု ဆိုရပါသည်။ အာရုံကို မလွှတ်နှင့်ဦး။ အသာထ၍ လမ်းလျှောက်ရင်း
အားထုတ်ကြည့်ပါ။ ထိုကဲ့သို့ ထိုင်နေလဲမပျောက်၊ လမ်းလျှောက်သောအခါမှာလည်း မပျောက်၊
လျောင်းနေသော်လည်း မပျောက်၊ ရပ်နေသော်လည်းမပျောက်ပျက်တော့မှသာ သတိမြဲစွာ၊
ပထမာဖြစ်၍ အာနာပါနပထမအဆင့်ပြီးဆုံးပြီဟု မှတ်ယူရပါမည်။ (သတောဝ အဿသတိ၊
ပဿသတိ-အပိုဒ်ပြီးလေပြီ။)
ထွက်လေ၊ ၀င်လေ အားထုတ်တိုင်း
အားထုတ်တိုင်း အမှန်ထင်မြင်လာသောအခါ ရှေ့အဆင့်သို့ကူး၍ ပဋိဘာဂနိမိတ်ဖြစ်လာအောင်
အားထုတ်ရပါတော့သည်။ နိမိတ်မမြဲသေးဘဲလျှက် စိတ်ကူးတည့်ရာ
စမ်းလုပ်မိ၍သော်လည်းကောင်း၊ အတိုအရှည် ရှုမိ၍သော်လည်းကောင်း အာရုံထွေပြား၍
ပျောက်ပျက်သွားတတ်ကြကုန်သည်။ ဆရာနည်းကျကျ မရှုမှတ်တတ်လျှင် ဤအဆင့်တွင်
စိတ်ပျက်အားလျော့သွားတတ်ကြသဖြင့် သတိပြုသင့်ပါသည်။
ဤကမ္မဋ္ဌာန်းအလုပ်ကို ဆရာမရှိဘဲ
စိတ်အထင်နှင့်ဖြစ်စေ၊ ပြောသံကြားဖူးရုံဖြင့် အားထုတ်ကြလျှင် အပိုင်းအဖြတ်၊
အာရုံထား နေရာမကျဖြစ်သဖြင့် လိုရာခရီးမရောက် ဖြစ်တတ်ကြပါသည်။
အချို့ပုဂ္ဂိုလ်များမှာ စ၍အားထုတ်ကာမျှဖြင့် အလင်းနိမိတ်ကို ရရှိကြသော်လည်း
အထက်သို့ တက်လှမ်းနိုင်ခြင်းမရှိ၊ ဆက်၍ရှုမှတ်ရမည့်နည်းကိုလည်း မသိသဖြင့်
အကျိုးမများ၊ လိုရာခရီးမရောက် ဖြစ်တတ်ကြလေသည်။ သို့ဖြစ်၍ ဤနံပါတ် (၉)နှင့်
အမှာစကားများကို လိုက်နာသင့်လေသည်။
အာနာပါနနိမိတ် ၁၂-ပါးနှင့်
အကျယ်သိမှတ်ဖွယ်ရာများကို သိလိုလျှင် ၀ိသုဒ္ဓိမဂ်၊ မဟာဋီကာ၊ ယောဂိပါရဂူကျမ်း၊
အာနာပါနပါရဂူကျမ်းများတွင် ကြည့်ရှုမှတ်သားကြစေလိုပါသည်။
ဤသို့ အထပ်ထပ် သတိပေးရ၊
မှားထားရခြင်းသည် အကြောင်းမဲ့ မဟုတ်ပါ။ အလွန်ဝမ်းသာပြီး ပေါ့ဆမိသဖြင့် အလျှင်အမြန်
ထလိုက်မိသောကြောင့် မောင်မြမောင်ဆိုသော ယောဂီတစ်ဦး နိမိတ်ပျောက်သွားသည်မှာ
ယနေ့အထိ ပြန်မရနိုင်ဖြစ်ခဲ့လေသည်။ ဦးဘခင်ဆိုသော ယောဂီမှာလည်း ဤအတိုင်းပင်ဖြစ်ပြီး
ပြန်မရသည်မှာ ယနေ့ကာလအထိ ၂-နှစ်ခန့် ကြာမြင့်ပြီ ဖြစ်သည်။ ပေါ့ဆမိသဖြင့်
အိပ်မက်ထဲရွှေအိုးရသကဲ့သို့ ဘာမှမသုံးလိုက်ရဘဲ ဗြုန်းကနဲဝမ်းသာ
ကဗျာကရာဝမ်းနည်းရတတ်လေသည်။ တစ်မဂ်၊ တစ်ဖိုလ်နှင့်လည်း ဝေးတတ်ကြလေသည်။
နိဗ္ဗာန်သွားလမ်းလည်း အစပျောက်နေတတ်ကြသောကြောင့် အထူးသတိပြုသင့်ပါသည်။
နောက်ဆုံးအနေဖြင့်
အထူးသတိပြုစေလိုသည်မှာ ရုပ်ပုံ နံပါတ် ၈-နှင့် နံပါတ် ၉-တို့အတိုင်း မှိတ်တစ်လှဲ့၊
ဖွင့်တစ်လှည့်၊ မှိတ်တစ်လှဲ့၊ ဖွင့်တစ်လှည့်နှင့် အကြိမ်ကြိမ် စမ်းသပ်အားထုတ်၊
မြဲပြီစွဲပြီထင်သောအခါမှ လမ်းလျှောက်ရင်း အားထုတ်။ မည်သို့အားထုတ်အားထုတ်
နိမိတ်အလင်းမပျောက်လျှင် ပထမအဆင့် ပြီးပြည့်စုံပြီဟု မှတ်ယူနိုင်ကြပါသည်။
သိန်းထီဆုကြီး ပေါက်ထားသော်လည်း ထီလက်မှတ် ပျောက်နေသောသူ၏စိတ်ကဲ့သို့
ဖြစ်နေမှာစိုးသောကြောင့် ထပ်ခါထပ်ခါ သတိပေးနေခြင်းဖြစ်ကြောင်း
မှတ်သားကြစေလိုပါသည်။
ပထမအဆင့် အားထုတ်နည်း
ပြီးပြီ။
အရှည်ရှုနည်းအရ နိမိတ်တန်းဟူသော
လေအာရုံကို ရှည်ရှည်ထုတ်၊ ရှည်ရှည်ရှူ၊ သို့မဟုတ် ပြင်းပြင်းမှုတ်၊
ပြင်းပြင်းရှိုက်ရမည်။ လေအာရုံကို တိုတိုထုတ်၊ တိုတိုရှူ၊ သို့မဟုတ် သာသာမှုတ်၊
သာသာရှိုက်ရမည်။ ထိုကဲ့သို့ အတို၊ အရှည်အားဖြင့် ရှူရှိုက်နေသော
နိမိတ်ဟူသောလေအာရုံတန်းကို အမှတ်သတိထားပြီး ရှုမှတ်ပွားများ အားထုတ်နေခြင်းကိုပင်
တို၊ ရှည်ရှုနည်း(ဒုမှာ တိုရှည်သိ)ဟု ခေါ်ပေသည်။
ဤရုပ်ပုံနံပါတ် ၁၀-တွင်
လေနိမိတ်၏ အတိုအရှည်ရှုမှတ်နေပုံကို မြားပြထားသည်။ နှလုံးသွင်းရှုမှတ်ပုံကား
မိမိရရှိစွဲမြဲစွာ ထင်မြင်နေသော လေနိမိတ်အာရုံတန်းကို လက်လေးသစ်ခန့်
ရှည်ရှည်ထုတ်မည်၊ ပြန်၍ရှိုက်မည်ဟု ရှုမှတ်ရမည်။ ထိုမှတစ်ဆင့် တစ်ထွာခန့်၊
တစ်ပေခန့်၊ တစ်တောင်ခန့်၊ နှစ်တောင်ခန့်၊ သုံးတောင်ခန့် စသည်အားဖြင့်
ရှည်ရှည်ထုတ်မည်၊ ပြန်၍ရှိုက်မည်ဟု တစ်ဆင့်ပြီးတစ်ဆင့် ပွားများအားထုတ်ရပါမည်။
ဤအဆင့်သည် မိမိ၏စိတ်ကို သတိပြုပြီး အာရုံကို ထင်ရှားပြတ်သားစေလျှက်
ပြဓာန်းထားရသောကြောင့် သတုပ္ပဋ္ဌာနကာရီအဆင့်ဟု အဋ္ဌကထာ၌ ပြဆိုထားသည်။ သို့ဖြစ်၍
မိမိ၏စိတ်ကို ပြောင်းရွှေ့ပေးရခြင်း ဖြစ်သည်။
အားထုတ်ပုံ ထင်ရှားအောင်
ဆိုပါအုံးမည်။ လေနိမိတ်တန်း တစ်တောင်ခန့် ရှေ့သို့ ထွက်စေဟု စိတ်ဖြင့် ထွက်လေကို
ထုတ်လိုက်သောအခါ လက်နှိပ်ဓာတ်မီးခလုပ်ကို နှိပ်လိုက်ဘိသကဲ့သို့ ထင်းခနဲ့လင်းခနဲ
အလင်းတစ်တောင်ခန့် ပြေးထွက်စေရမည်။ တစ်ဖန် မိမိစိတ်ဖြင့် ထိုအလင်းတန်း
ပြန်ဝင်လာစေဟု စိတ်ကို ထိုအာရုံနှင့် တစ်ကိုက်တည်းလှစ်ခနဲ ပြန်ဝင်လာစေလျှက်
အားထုတ်ရမည်။
နိမိတ်အာရုံတန်းကို
တစ်တောင်ခန့်ရှေ့သို့ ထွက်စေဟု နှာသီးဝမှ ထုတ်လေနှင့်မှုတ်လိုက်သောအခါ
ဖန်ချောင်းကြီးကို သွင်းလိုက်ထုတ်လိုက် လုပ်နေသကဲ့သို့ အလင်းတန်းကြီး
ထွက်လိုက်ဝင်လိုက် လုပ်နေသည်ဟု ထင်မြင်လာတတ်ပါသည်။
ပြဆိုခဲ့ပြီးသော
နိမိတ်ရအာနာပါနယောဂီသည် နံပါတ် ၁၁-ပုံမှာကဲ့သို့ တစ်တောင်၊ တစ်လံ စသည် ပို့လွှတ်၍
ရှုမှတ်ရာတွင် ယောဂီလေးမျိုး ကွဲပြားသွားတတ်ပါသည်။ ၎င်းတို့မှာ
၁။ နိမိတ်ကြောင်း၏ အစ၌သာ
ထင်မြင်(ထင်ရှား)၍ အလယ်၊ အဆုံးတို့၌ မထင်မြင်သူ (အာဒိလဒ္ဓပုဂ္ဂိုလ်)
၂။ နိမိတ်ကြောင်း၏ အလယ်၌သာ
ထင်မြင်(ထင်ရှား)၍ အစ၊ အဆုံးတို့၌ မထင်မြင်သူ (မဇ္စျေလဒ္ဓပုဂ္ဂိုလ်)
၃။ နိမိတ်ကြောင်း၏ အဆုံး၌သာ
ထင်မြင်(ထင်ရှား)၍ အစ၊ အလယ်တို့၌ မထင်မြင်သူ (အန္တောလဒ္ဓပုဂ္ဂိုလ်)
၎။ နိမိတ်ကြောင်း၏ အစ၊ အလယ်၊
အဆုံး သုံးဌာနလုံး၌ ထင်မြင်သူ (တယောလဒ္ဓပုဂ္ဂိုလ်) တို့ဖြစ်ပါသည်။ ထိုလေးပါးတို့တွင်
နံပါတ်လေးဖြစ်သော တယောလဒ္ဓဖြစ်အောင် အားထုတ်နိုင်သူဖြစ်မှသာ အထက်အထက် အဆင့်တို့သို့
ကူးပြောင်းရှုမှတ်သွားနိုင်လေသည်။
ထိုကဲ့သို့ အစ၊ အလယ်၊ အဆုံး
သုံးပါးလုံးတို့ကို ထင်ထင်ရှားရှား ရှုမှတ်နိုင်သော တယောလဒ္ဓပုဂ္ဂိုလ်သည်
မိမိပို့လွှတ်လိုက်သော နိမိတ်တန်းကြောင်းမှာ အရင်းအဖျား တညီတညာတည်းရှိလျှက်
မီးရထားခေါင်းသင်္ဘောဦးဖျားက အဝေးကြည့် ဆလိုက်မီးတန်း လင်းနေသကဲ့သို့လည်းကောင်း၊
အလွန်အားကောင်းသော လက်နှိပ်ဓာတ်မီးကို ဖွင့်လိုက်သကဲ့သို့လည်းကောင်း၊
ရန်သူ၏လေယာဉ်ပျံကို ထိုး၍ရှာသော ဆလိုက်မီးတန်းကြီးကဲ့သို့လည်းကောင်း
ကြည်လင်ပြတ်သားသော နိမိတ်မျိုး ဖြစ်လေတော့သည်။ ဤကဲ့သို့
ပွားများအားထုတ်ရကြောင်းကို “ဣတိ ဗဟိဒ္ဓါ ၀ါ ကာယေ ကာယာနုပဿီ ၀ိဟရတိ”ဟူ၍
ဟောတော်မူထားသည်။
ဤရုပ်ပုံနံပါတ် ၁၂-တွင်လည်း အစ၊
အဆုံးတို့၌ မထင်မြင်၊ အလယ်၌သာ ထင်မြင်သော ယောဂီပုဂ္ဂိုလ်မျိုးကို ပြသထားခြင်း
ဖြစ်ပါသည်။ ထိုကဲ့သို့ဖြစ်နေလျှင် အစ၊ အလယ်၊ အဆုံးသုံးပါးလုံးကို
ထင်မြင်အောင်အားထုတ်နိုင်သော တယောလဒ္ဓပုဂ္ဂိုလ်ဖြစ်အောင် အားထုတ်ဖို့
တိုက်တွန်းလိုပါသည်။ အစ၊ အလယ်၊ အဆုံးသုံးပါးလုံး၌ ထင်မြင်ပြီး ကြည်ကြည်လင်လင်
ပြတ်ပြတ်သားသားဖြစ်မှသာ အာနာပါနဘာဝနာ၏ အထွတ်အထိပ်သို့ ရောက်ရှိပြီး
ဘာဝနာဗလ(ဘာဝနာအား)ဖြစ်နိုင်လေသည်။
ထိုကဲ့သို့ ဘာဝနာအားရှိလာသောအခါ
အထက်တွင်ပြဆိုခဲ့သော ဆလိုက်မီးတန်းစသော ဥပမာများကဲ့သို့ ထင်မြင်လာပေလိမ့်မည်။
ထိုသို့ နိမိတ်လွှတ်ရာ၊ သိမ်းရာတို့၌ လိုရင်းပဓာနအချက်ကား
မြန်မြန်နှင့်လင်းလင်းပြေးစေ၊ ပြန်စေနိုင်ခြင်း၊ ကြီးလိုသမျှ ကြီးစေပြီး
ငယ်လိုသမျှ ငယ်စေနိုင်ခြင်း၊ အ၀ါရောင်ဖြစ်စေ၊ ပြာစေ၊ နီစေ၊ စိမ်းစေ၊ ဖြူစေစသော
အရောင်အနုအရင့် စသည်အားဖြင့် ယောဂီ၏စိတ်ကြိုက် လိုက်ပါစေခြင်းတို့ပင်
ဖြစ်ပါသည်။
ထိုကဲ့သို့ ခန္ဓာကိုယ်ပြင်ပ (ဗဟိဒ္ဓ)သက်သက် ထွက်လေ၀င်လေတို့ကို
ပွားများအားထုတ်ရခြင်းသည် ရှေ့တွင်အဓိကအာရုံဖြစ်လတံ့သော ပဋိဘာဂထင်လာစေရန်အတွက်
ဖြစ်ပါသည်။ အကယ်၍ လေနိမိတ်ကား ပြေးစေ၊ ပြန်စေအောင် ပြုနိုင်ပါ၏။
အလင်းသဘောမရနိုင်ဘဲ ရှိပါမူ မိမိစိတ်ဖြင့် ဓာတ်မီးချောင်းကြီး မိမိ၏နှာခေါင်းဝမှ
ထွက်ရမည်၊ ၀င်ရမည်ဟု စိတ်ဖြင့် ဥပါဒ်၍ (ဖန်ဆင်း၍) အားထုတ်ရမည်။
အချိန်အတိုင်းအတာတစ်ခုထိ အားထုတ်ပြီးသောအခါ အမှန်တကယ် လင်းထိန်နေသော
ပဋိဘာဂနိမိတ်အလင်းတန်းကြီး ထင်ရှားဖြစ်ပေါ်၍ လာပေလိမ့်မည်။ နေမွန်းတည့်အချိန်တွင်
ထွက်ပေါ်နေသော စူးရှနေသော နေမင်းကြီး၏အလင်းရောင်ကဲ့သို့ မိမိ၏ အလင်းနိမိတ်ကို
လင်းထိန်နေအောင် စိတ်ကပြုပြင်ဖန်ဆင်း၍ ဆထက်ထမ်းပိုး ကြိုးစားအားထုတ်ကြရပါမည်
No comments:
Post a Comment