........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Aug 3, 2017

သိမ်အကြောင်း သိကောင်းစရာ

သံဃာတော်များ ကံကြီးကံငယ်ပြုရာ နေရာဋ္ဌာနကို သိမ်ဟုခေါ်သည်။
သိမ်ဟူသည် ရှိသမျှ ရဟန်းတော်များ တစုတဝေးတည်း အညီအညွတ် ပေါင်းစု၍ ကံကြီးကံငယ်ဆောင်ရာ နယ်တခုအဖြစ် သီးခြားသတ်မှတ်ထားသောနေရာပင်ဖြစ်သည်။ ရဟန်းတော်တို့ခြည်း သာပြုလုပ်ဆောင် ရွက်ရသော ရဟန်းခံခြင်း၊ ဥပုသ်ပြုခြင်း၊ ပဝါရဏာပြုခြင်း၊ ကထိန်သင်္ကန်းပေးခြင်းစသော ကိစ္စများကို သာသနာတော် အသုံးအနှုန်းအားဖြင့် ကံကြီးကံငယ် ဟုခေါ်၏။

ထိုကံကြီးကံငယ်တို့တွင် တခုခု ကို ဆောင်ရွက်လိုသောအခါ ရဟန်းတော်တို့ သိမ်အတွင်း စုဝေးကြရသည်။ ထိုသို့စုဝေးရာ၌ တပါးနှင့်တပါး ၂-တောင့်ထွာ်ထက် မဝေးစေဘဲ ထိုင်နေစည်းဝေးခြင်းကိုပင် ကာယသာမဂ္ဂီ ပေးသည်ဟုခေါ်သည်။ ကိုယ်ဖြင့်ညီညွတ်မှု သဘောတူ ကျေနပ်မှုကို ပြသည်ဟုဆိုလိုသည်။
ထိိုသို့စည်းဝေး၍ ကံပြုသောအခါ အစွန်ဆုံးရဟန်းမှ အပြင်ဖက် ၂-တောင့်ထွာ အရပ်အတွင်းသို့ လူဝတ်ကြောင်၊ သာမဏေစသူတို့ မဝလာ မရှိစေရပေ။ ဝင်လာခဲ့ ရှိခဲ့သော် ပြုဆဲကံ မပျက်သော်လည်း ကံပြုသော ရဟန်းတော်တို့ အာပတ်သင့်လေသည်။ ထို့ကြောင့် ကံပြုနေစဉ် အဆိုပါပုဂ္ဂိုလ်များ မဝင်လာ မရှိစေဖို့ အရေးကြီးသည်။ ထို့အပြင် ကံပြုနေသော သံဃာ၏ ၂-တောင့်ထွာအရပ်၌ အပြင်ဘက်သိမ်နယ်ပယ်အတွင်း တနေရာ၌ ရဟန်းတပါးပါး သို့မဟုတ် ၂-ပါး၊ ၃-ပါးစသည် မရှိစေဖို့လည်း အရေးကြီးပြန်သည်။ ယင်းသို့ရှိလျှင် ကာယသာမဂ္ဂီကို မပေးသဖြင့် ပြုသောကံကို သဘောမတူရာ ရောက်သောကြောင့် ပြုဆဲကံပျက်လေသည်။ ထို့သို့သိမ်နယ်ပယ်တခုအတွင်းမှာပင် ကံပြုသံဃာ၏ ၂-တောင့်ထွာ အရပ်မှ လွှတ်လျက် အခြားရဟန်းဖြစ်စေ၊ ရဟန်းများဖြစ်စေ ရှိနေခြင်းကို ဝဂ်ဖြစ်သည်ဟု ခေါ်လေသည်။ အစုကွဲသည်ဟု ဆိုလိုပေသည်။
သာသနာတော် အရှည်တည်တံ့နိုင်ရန် ရဟန်းတော်များ အဆက်မပြတ်ရှိနေဖို့ အရေးကြီးသည်။ ရဟန်းအဖြစ်သို့ ရောက်အောင် ဆောင်ရွက်ရန်မှာလည်း သိမ်တမျိုးမျိုးမရှိပဲ မဖြစ်နိုင်ပေ။ ထို့ကြောင့် သိမ်သည် သာသနာတော် အရှည်တည်တံ့ရေးတွင် ရေသောက်မြစ်ပမာ လွန်စာ ရေးကြီးသောအရာ ဖြစ်ပေသည်။
သိမ်အမျိုးအစားအကျဉ်း
ထိုသိိမ်သည် အကျဉ်းအားဖြင့် ၂-မျိုး၊ ၂-စားရှိ၏။ ယင်းတို့ကား ၄ပါး၊ ၄ပါးထက်များသော ရဟန်းတော်တို့ စုပေါင်း၍ ဉ တ်ကမ္မဝါစာဖတ်၍ မသမုတ်ရပဲ အလိုလိုသိမ်ဖြစ်နေသော သိမ်တို့ဖြစ်လေသည်။ ထို ၂-မျိုးတွင် ပထမအမျိုးအစားကို ဗဒ္ဓသိမ် (ဉ တ်ကမ္မဝါစာဖြင့် ဖွဲ့အပ်သောသိမ်ဟု ခေါ်၍ ဒုတိယအမျိုးအစားကို အဗဒ္ဓသိမ် (ဉ တ်ကမ္မဝါစာဖြင့် မဖွဲ့အပ်သောသိမ်) ဟု ခေါ်လေသည်။
ထို ၂-မျိုးတွင်လည်း ဗဒ္ဓသိမ်သည် (၁) ခဏ္႑သိမ် (၂) သမာနသံဝါသကသိမ် (၃) အဝိပ္ပဝါသသိမ်ဟု ၃မျိုးပြား၍ အဗဒ္ဓသိမ်လည်း (၁) ဂါမသိမ် (၂) ဥဒကုကေ္ခပသိမ် (၃) သတ္တဗ်ဘန္တရသိမ်ဟု ၃မျိုးပင် ပြားပြန်သည်။ (ခဏ္႑သိမ်စသည်၏ အဓိပ္ပါယ်ကို လာလတ္တံ့ ကထာတို့၌ ပြဆိုပါမည်။)
ဂါမ- ဂါမသိမ်- ဂါမခေတ်
အထက်၌ပြခဲ့သော ဗဒ္ဓသိ်မ်၊ အဗဒ္ဓသိမ် ၂-မျိုးတို့တွင် ဗဒ္ဓသိ်မ်ဟူသည် ဂါမ သိမ်ပေါ်မှာ သမုတ်ရသော သိမ်ဖြစ်၏။ ထို့ကြောင့် ဗဒ္ဓသိမ်ကို လေ့လာ သောအခါ ရှေးဦးစွာ ဂါမသိမ်အကြောင်းကို နားလည်ရန် လိုအပ်ပေသည်။
ဂါမသိမ် ဟူသော စကားမှာ ဂါမသီမာဟူသော ပါဠိစကားမှလာသော စကား ဖြစ်၏။ ထို၏အနက်မှာ ရွာအပိုင်းအခြား ဖြစ်၏။ ရွာအပို်င်းအခြားဟူသည်မှာလည်း လူတို့နေရာ ရွာသက်သက် (စည်းရိုးအတွင်း) သာမက ထိုရွာပိုင်ဆိုင်ရာ ကုန်းမြေများအပါအဝင် ရွာအရပ်ကိုပင် ဤသိမ်ဆိုင်ရာ၌ ဂါမဟု လည်းကောင်း၊ ဂါမခေတ်ဟုလည်းကောင်း၊ ဂါမသိမ်ဟုလည်းကောင်းခေါ်ပေသည်။ အကျဉ်းအားဖြင့် အစိုးရ တို့က ရွာတရွာနယ်မြေဟု သတ်မှတ်ထားသော အရပ်ကို ဂါမသိမ်တခုဟု ခေါ်ဆိုရသည်။
ထိုဂါမသိမ်အတွင်းရှိ မြစ်၊ ဆားငန်ချောင်း၊ ဇာတဿရ (အလိုလိုဖြစ်သော) အိုင်တို့ကိုကား ဂါမသီမာဟူသောပုဒ်၏ တိုက်ရိုက် အနက်မှာ ရွာအပိုင်းအခြားဖြစ်သော်လည်း ဤအရာ၌ ဆိုခဲ့ပြီး ရွာအပို်င်းအခြားသာမကပဲ နိဂုံးအပို်င်းအခြား၊ မြို့အပိုင်းအခြားတို့ကိုလည်း ဂါမသိမ်ဟု ခေါ်ရလေသည်။
ထိုကြောင့် အကျဉ်းချုပ်လိုက်လျှင် ရွာအပိုင်းအခြား နိဂုံး (ရွာကြီး) အပိုင်းအခြား၊ မြို့အပိုင်းအခြား အားလုံးကိုပင် ဂါမ၊ ဂါမသိမ်၊ ဂါမခေတ်ဟု ဆိုအပ်တော့သည်ဟု မှတ်အပ်၏။ ပြဆိုခဲ့ပြီးသော ရွာအပိုင်းအခြား၊ နိဂုံးအပိုင်းအခြား၊ မြို့အပို်င်းအခြား အရပ်တို့သည် ဉ တ်ကမ္မဝါစာဖြင့် မသမုတ်ရပဲ အလိုလိုသိမ်ဖြစ်နေသော အရပ်များဖြစ်လေ သည်။ ထို့ကြောင့် အဆိုပါဂါမသိမ်တို့၌ ရဟန်းတော်တို့သည် တစုတည်းပေါင်းစု၍ ဥပုသ်ပြုခြင်း၊ ရဟန်းခံခြင်း စသော သံဃာ့ကံများကို ဆောင်ရွက်နိုင်ကြတော့သည်။ (ဝိနယာလင်္ကာရ ပ၊ ၃၄၈။ ဤကား မှတ်နှင့်ရုံသာ၊ အကျယ်ကို အဗဒ္ဓသိမ်အခန်းမှာ ရှုပါရန်)။
ဘာကြောင့် သိမ်သမုတ်ရသနည်း
အထက်၌ပြခဲ့သည့်အတိုင်း ရွာအပိုင်းအခြားစသော ဂါမသိမ်သည် အလိုလိုဖြစ်နေခဲ့သော် ရဟန်းတော်တို့သည် အဘယ်ကြောင့် ထိုဂါမသိမ်အတွင်း၌ ဗဒ္ဓသိမ်တို့ကို သမုတ်ကြသနည်း။ အလုပ်ပိုကို လုပ်နေသည်နှင့် မတူပါ လောဟု စောဒနာဖွယ်ရှိ၏။ အဖြေကား ဤသို့တည်း။
သံဃာတော်များ ကံကြီးကံငယ် ပြုသောအခါ ကျယ်သည်ဖြစ်စေ၊ ကျဉ်းသည်ဖြစ်စေ သိမ်တခုအတွင်းရှိ ရဟန်း တော်အားလုံး ကံပြုရာအရပ်သို့ စုဝေးလာရောက်ကြရသည်။ အကယ်၍ မလာရောက်နိုင်သူ ရှိနေပါက ကံပြုခြင်းကို သဘောတူကြောင်း ဆန္ဒပေးလိုက်ရသည်။ ဆန္ဒမပေးပါက သိမ်နယ်၏ အပြင်ဘက်သို့ ထွက်နေ ရမည်။ ဤသို့ ဆန္ဒလည်းမပေး၊ စည်းဝေးရာသို့လည်း မလာရောက်၊ သိမ်အပြင်ဖက်ကိုလည်း ထွက်မနေသော ရဟန်းတပါးမျှပင် ရှိနေခဲ့သော် အခြားသံဃာအားလုံး စုဝေး၍ ပြုအပ်သောကံသည် အချည်းနှီးဖြစ်လေ တော့သည်။
ဤသို့ ဂါမသိမ် တခုအတွင်းရှိ သံဃာတို့ကို စုဝေးရန်မှာ တကျောင်း၊ နှစ်ကျောင်းမျှသာရှိသော ရွာငယ်တို့၌ ဖြစ်နိုင်စရာရှိသော်လည်း ကျောင်းများစွာရှိသော ရွာကြီးတို့၌မူ ဖြစ်နိုင်ရန် မလွယ်ကူလှပေ။ ထို့ပြင် ကံပြု နေစဉ်အတွင်း ကျယ်ဝန်းလှသော ဂါမသိိမ်အပိုင်းအခြားအတွင်းသို့ အပြင်အပမှ ရဟန်းများမဝင်လာရန် စောင့် ရှောက်တားဆီးရသည်မှာလည်း ဖြစ်နိုင်စရာမရှိသော အလုပ်ဖြစ်လေသည်။ ရွာထက်ကြီးသော နိဂုံ၊ မြို့တို့၌မူ မဖြစ်နိုင်ဟုပင် ဆိုရပေမည်။
ယင်းသို့ ဂါမသိမ်သည် မသမုတ်ရပဲ သိမ်ဖြစ်နေသော်လည်း သံဃာများစွာရှိသော ဂါမသိမ်တို့၌ သံဃာသိမ်းရန် မလွယ်ကူမဖြစ်နိုင်သောကြောင့်လည်း၊ ယခုခေတ်ကဲ့သို့ မော်တော်ကား၊ မီးရထားစသော ယာဉ်တို့ဖြင့် ခရီး အသွားအလာ များသောအခါ၌ ဂါမသိမ်အတွင်းသို့ ပြင်ပရဟန်းများ မဝင်လာရန် တားဆီးစောင့်ရှောက်ဖို့ မဖြစ်နိုင်သောကြောင့်လည်းကောင်း။ လက်တွေ့အားဖြင့်မူ ယင်းဂါမသိမ်မှာ စိတ်ချလက်ချ သံသယ ကင်းရှင်း စွာဖြင့် ကံပြုနိုင်သောရော မဟုတ်ပဲ ဖြစ်နေလေတော့သည်။
ထို့ကြောင့် သံဃာအသိမ်ရလွယ်၍ စိတ်ချလက်ချ ချမ်းချမ်းသာသာ ကံပြုနိုင်ရန် အလို့ငှာ ကျယ်ဝန်းလှသော ဂါမသိမ်ထဲ၌ ဗဒ္ဓသိမ်များကို သမုတ်ကြရခြင်း ဖြစ်လေသည်။ ဗဒ္ဓသိမ် သမုတ်ထားသောအခါ ဂါမသိမ် တခုလုံး အတွင်းရှိ ရဟန်းများကို သိမ်းစရာမလိုတော့ပဲ သမုတ်ထားသည့်နေရာ (ဥပမာ- ကျောင်းတကျောင်းစာမျှ အရပ်) အတွင်းမှာသာ သံဃာကို သိမ်းရတော့သဖြင့် လွယ်လည်းလွယ်ကူသည်။ ဖြစ်လည်းဖြစ်နိုင်လေ တော့သည်။ ဗဒ္ဓသိမ်အပြင်ဘက် ဂါမသိမ်၌တည်သော ရဟန်းက ဗဒ္ဓသိမ်အတွင်း၌ ပြုအပ်သောကံကို မပျက်စေနိုင်တော့ပေ။ ကံပြုနေစဉ်အတွင်း အခြားရဟန်းများလည်း ဝင်ရောက်လာစရာ မရှိသလောက်ဖြစ်၍ နယ်နိမိတ်တို့၌ အစောင့်အရှောက်ထားရသည့် တာဝန်လည်း ပေါ့သွားလေတော့သည်။ ဤသို့လျှင် သံဃာ့ကံများကို စိတ်ချလက်ချ သံသယကင်းရှင်းစွာဖြင့် အောင်အောင်မြင်မြင်ပြုနိုင်ရန် အလို့ငှာ လည်းကောင်း၊ ဆိုခဲ့ပြီးတာဝန်များ ဒုက္ခများမှ ကင်းလွတ်ခွင့် ရစေရန်လည်းကောင်း၊ ဂါမသိမ်ပေါ်၌ ဗဒ္ဓသိမ် များကို သမုတ်ကြရခြင်းဖြစ်ရာ ထိုသို့သမုတ်ခြင်းမှာ အကျိုးလည်းရှိ၊ ကျေးဇူးလည်းများသော လုပ်ငန်းတရပ် ဖြစ်ပါတော့သည်။
ဘာကြောင့် သိမ်နုတ်ရသနည်း
သိမ်သမုတ်ရန် လိုအပ်သောကြောင့် သိမ်သမုတ်ကြရသည်ဖြစ်လျှင် မိမိတို့သမုတ်လိုသည့်နေရာ၌ သိမ်သမုတ်ရန်ပင် ဖြစ်သည်မဟုတ်ပါလော။ အဘယ့်ကြောင့် သိမ်မသမုတ်မီ သိမ်နုတ်ခြင်းကိစ္စကို ပြုလုပ်ကြပြန်ပါ သနည်းဟု မေးဖွယ်ရှိပြန်ပါသည်။
ဤအမေး၏အဖြေကို နားလည်နိုင်ရန် ရှေးဦးစွာ သိမ်ပျက် ၁၁- လုံးတို့တွင် အပါအဝင်ဖြစ်သော (က) စပ်၍ သမုတ်အပ်သောသိမ်နှင့် (ခ) လွှမ်းမိုး၍ သမုတ်အပ်သောသိ်မ်။ ဤနှစ်မျိုးကို သိရှိနားလည်ရန် လိုအပ်ပေသည်။ သိမ်သမုတ်လိုသော မြေအရပ်အတွင်း၌ သိမ်ဟောင်းတခုခုရှိနေခဲ့လျှင် အသစ်သမုတ်သည့်သိမ်မှာ မအောင်မြင်တော့ပေ။ သိမ်သစ် သမုတ်မြေအတွင်း သိမ်ဟောင်းမှာ မြေအားလုံးသော်လည်းကောင်း၊ အယုတ်ဆုံးအားဖြင့် ရဟန်း ၄- ပါး ကံပြုလောက်ရုံ အရပ်သော်လည်းကောင်း ပါရှိနေခဲ့ပြီး သိမ်သစ်သမုတ်လျှင် ထိုသိမ်ကို လွှမ်းမိုး၍ သမုတ်အပ်သောသိမ်ဟု ခေါ်သည်။
ရဟန်းလေးပါးနေလောက်ရုံ အရပ်မှအောက် တဆံခြည်မျှပင်ဖြစ်စေကာမူ လွှမ်းမိုး၍ သိမ်သစ်သမုတ်လျှင် ထိုကို စပ်၍ သမုတ်အပ်သောသိမ် ဟုခေါ်သည်။ ထိုသိမ်နှစ်မျိုးလုံးပင် မအောင်မြင်သော သိမ်များဖြစ်၍ သိမ်ပျက်များ ဖြစ်လေသည်။ ထိုသို့စပ် လွှမ်း၍ သမုတ်အပ်သောအခါ နဂိုရှိရင်းသိမ်ဟောင်းတို့ကား ပျက်၍ မသွားကြပေ။ တည်မြဲတိုင်းပင် တည်ကြလေသည်။ (ဤ၌စပ်၊ လွှမ်း၏ အဓိပ္ပါယ်ကို သာရတၳ၊ ဝိမတိ၊ ကင်္ခါဋီကာသစ်တို့နှင့်အညီ ရေးသည်) ထိုသို့စပ်၊ လွှမ်း၍ သမုတ်အပ်သောသိမ်တို့မှာ သိမ်ပျက်ဖြစ်ကုန်ရကား မိမိတို့သမုတ်မည့်သိမ်ကို ယင်းအပြစ်နှစ်ပါးမှာ လွတ်စေဖို့ရန် အရေးကြီးလေသည်။
သိမ်သစ်သမုတ်မည့်နေရာ၌ ရှေးက သိမ်ဟောင်းများ မရှိဟု သံသယကင်းလောက်အောင် အတိအကျသိရလျှင်မူကား သိမ်ကို နုတ်ဖို့ပင်မလို၊ သမုတ်လိုသောနေရာ၌ သိမ်ကို သမုတ်လိုက်ရုံသာရှိသည်။ သို့သော် ဂေါတမဘုရားရှင်၏ သာသနာတော် ၂၅၀၀ကျော် အတွင်း မိမိတို့ သိမ်သစ်သမုတ်မည့် နေရာ၌ ရှေးမည်သည့်အခါကမှ သိမ်မသမုတ်ခဲ့ဖူးသေးဟု မည်သူပြောနိုင်ပါမည်နည်း။ ထို့သို့မပြောနိုင်သည့်အတွက် ရှေးက သမုတ်ခဲ့ဖူးသော သိမ်ဟောင်းများ အကယ်၍ရှိခဲ့သော် ထိုသိမ်ဟောင်းများ ကျွတ်လွတ်သွား၍ သန့်ရှင်းသောမြေဖြစ်ဖို့ရာ သိမ်နုတ်ရခြင်းဖြစ်လေသည်။ ထို့ကြောင့် သိမ်နုတ်ခြင်းသည် ရှေးကသိမ်ဟောင်းရှိခဲ့သော် ထိုသိိမ်ဟောင်းတို့ ကျွတ်လွတ်သွားခြင်း အကျိုးရှိ၍ ရှေးကသိမ်ဟောင်းများ မရှိခဲ့လျှင်လည်း မိမိတို့ သိမ်သစ်သမုတ်မည့် နေရာသည် စင်ကြယ်သော မြေနေရာနှစ်မျိုးကို မျှော်ကိုး၍ပင် သိမ်သစ်သမုတ်မည့်နေရာ၌ သိမ်နုတ်ကြရခြင်း ဖြစ်လေသည်။
အထပ်ထပ်နုတ်ရန် လိုအပ်ပုံ
ထိုသို့သိမ်နုတ်သောအခါ တကြိိမ်တခါမျှသာ မနုတ်မူ၍ သိမ်သစ်မြေနေရာအတွင်း နေရာအနှံ့အပြား အထပ်ထပ် နုတ်ရလေသည်။ အဘယ်ကြောင့် ယင်းသို့နုတ်ရသနည်းဟူမူ သိမ်ဟောင်းမည့်သည့်နေရာမှာ ရှိသည်ဟု ဧကန်သိရသည်မဟုတ်။ မှန်းဆ၍သာ နုတ်ရသောကြောင့် မိမိတို့ ကမ္မဝါစာဖတ်၍ နုတ်ခဲ့သော နေရာတို့တွင် တနေရာရာ၌ သိမ်ဟောင်းကို ကျကျနနမိ၍ ယင်းသိမ်ဟောင်း ကျွတ်လွတ်သွားပြီဟု စိတ်ချလက်ချ မှတ်ယူနိုင်ရန် အလို့ငှာ နေရာအနှံ့အပြား အထပ်ထပ် နုတ်ရခြင်းဖြစ်လေသည်။ ထိုသို့စေ့စပ်အောင် နုတ်လိုက်သောအခါ သိမ်သစ်မြေနေရာ၏ မည့်သည့်နေရာမှာပင် သိိမ်ဟောင်းရှိခဲ့ရှိခဲ့ ထိုသိိမ်ဟောင်းမှာ ဧကန်ကျွတ်လွတ်သွားပြီးဟု စိတ်ချလက်ချ သံသယ ကင်းရှင်းစွာ မှတ်ယူနိုင်လေတော့သည်။
ပို၍နုတ်ရပုံ
ထို့သို့နုတ်သောအခါ သိမ်သမုတ်မည့် မြေနေရာသာမကပဲ နေရာ၏ အရပ် ၄- မျက်နှာလုံးမှာပင် အပြင်သို့ တိုးချဲ့၍ ပို၍နုတ်ရသည်။ အဘယ်ကြောင့် ပိုနုတ်ရသနည်းဟူမူ အကယ်၍ မြေနေရာသစ်တွင်း၌ ပါဝင်နေသော သိမ်ဟောင်းမှာ ရဟန်း ၄-ပါး ထိုင်လောက်ရုံမဟုတ်ပဲ ထိုအောက်လျော့၍ အနည်းငယ်မျှသာ ပါဝင်နေသည်ဖြစ်အ့ံ။ ထိုသို့ဖြစ်လျှင် သိမ်သစ်တနေရာမှာသာနုတ်က ထိုအနည်းငယ်မျှသာ ပါဝင်နေသော သိမ်ဟောင်း ကျွတ်သွားမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုသိမ်ဟောင်းပေါ်၌ ရဟန်း ၄- ပါးနေ၍ ကမ္မဝါစာဖတ်သည် မဟုတ်သောကြောင့်တည်း။
သိမ်နုတ်ရာ၌ အင်္ဂါနှစ်ချက်ရှိ၏။ တချက်မှာ နုတ်မည့်သိမ်ပေါ်၌ အနည်းဆုံး ရဟန်း ၄-ပါးစုဝေးခြင်းဖြစ်၍ နောက်တချက်မှာ သိမ်နုတ်အံ့ဟု နှလုံးသွင်း၍ ကမ္မဝါစာဖတ်ခြင်းဖြစ်၏။ အထက်၌ပြခဲ့သော အနည်းငယ်မျှသာ ပါဝင်နေသော သိမ်ဟောင်း၌ သိမ်သစ်ဧရိယာ ရှိသမျှသာနုတ်လျှင် ရဟန်း ၄- ပါး စုဝေးမိနိုင်မည် မဟုတ်သောကြောင့် ထိုသိမ်ဟောင်း ကျွတ်မည်မဟုတ်ချေ။ ထိုသိမ်ဟောင်းမကျွတ်ပဲ အပေါ်ကထပ်၍ သိမ်သစ်သမုတ်လျှင် ထိုသိမ်မှာ အောင်မြင်သောသိမ် ဖြစ်လာတော့မည်မဟုတ်။
ထိုသိမ်သစ်မအောင်မြင်လျှင် အောင်မြင်သည့်အထင်ဖြင့် ထိုသိမ်၌ပြုသမျှသော သံဃာ့ကံတို့မှာ မအောင်မြင်သော ကံတို့သာဖြစ်ကုန်မည်။ ထိုသို့ဖြစ်သော် သာသနာတော်ကြီးကို များစွာထိခိုက်မည် ဖြစ်လေသည်။ ထို့ကြောင့်သိမ်နုတ်သောအခါ သိမ်သစ် မြေနေရာ၏ အပြင်ဘက် အရပ်လေးမျက်နှာလုံးမှာပင် ညောင်စောင်းတခု၊ နှစ်ခုစာမျှ (ဝိနယာလင်္ကာရအလို) တိုးချဲ့၍ နုတ်မှာသာ စိတ်ချရလေသည်။
ထိုသို့ စိတ်ချလောက်အောင် တိုးချဲ့၍ နုတ်ခဲ့လျှင် “စပ်၍ သမုတ်ခြင်း” အပြစ်မှ လွတ်ရုံသာမက အခြားအကျိုးတခုလည်း ရေသေးသည်။ အကယ်၍ သိမ်ဟောင်းနယ်နိမိတ်နှင့် သိမ်သစ်နယ်နိမိတ်တို့သည် ဖြစ်တောင့်ဖြစ်ခဲ တိုက်တိုက်ဆိုင်ဆိုင်တခုခုသောဘက်၌ တလျှောက်လုံး ထိစပ်ရုံမျှသာ ထိစပ်နေသည်ဆိုကြပါစို့၊ ထိုသို့ဖြစ်နေရာဝယ် တိုး၍လည်းမနုတ်မိခဲ့သော် သိမ်ချင်းထိနေသည့်အတွက် သိမ်နှစ်ခုရောစပ်ခြင်း “သီမာသင်္ကရ”အပြစ် ပေါ်လာဦးမည်ဖြစ်သည်။ (ဝိနယာ လင်္ကာရ- ပ၊ ၃၆၂) သို့ ဖြစ်သော် သိမ်သစ်သည် သိမ်ပျက်ကား မဖြစ်ပေ။ သို့သော် သိမ်ချင်းထိနေသည့်အတွက် တသိမ်တည်းလို ဖြစ်နေရကား တသိမ်၌ ကံပြုလျှင် အခြားတသိမ်တွင်းရှိ သံဃာများကို ကံပြုရာနေရာသို့လည်းကောင်း ပင့်ရမည်။ သို့မဟုတ် ဆန္ဒသော်လည်းကောင်း ဆောင်ရမည်။ သို့မဟုတ် ထိုအခြားသိမ်မှ လွတ်ရာကျွတ်ရာ အပြင်ဘက်သို့သော်လည်းကောင်း ထွက်နေစေရမည်။ ထိုကဲ့သို့ မဟုတ်ပဲ ကံပြုသော် ကံပျက်လေတော့သည်။ သိမ်သစ်၊ သိမ်ဟောင်း ထိနေသည်ကို သိရလျှင် တော်သေးသည်။ ထိုသို့မသိပဲ သိမ်သစ်၌ကံပြုအ့ံ။ သိမ်ဟောင်နေရာ၌လည်း ရဟန်းများရှိသည်ဖြစ်အံ့၊ ထိုကံသည်အောင်မြင်သောကံ မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် သိမ်နေရာ၏ အပြင်ဘက်ကိုပါ တိုးချဲ့၍နုတ်ခြင်းသည် ဤဆိုအပ်ပြီး သီမာလင်္ကာရအပြစ်မှ လွတ်စေခြင်း အကျိုးရှိလေသည်။
ထို့ကြောင့် သိမ်နုတ်သောအခါ တိုးချဲ့၍လည်း နုတ်ရမည်၊ သိမ်နုတ်သည့်မြေနေရာ အတွင်း၌လည်း အနေအထားအမျိုးမျိုးနေ၍ အထပ်ထပ်နုတ်ရမည်၊ ထိုသို့ ကျနစွာနုတ်မှသာ သိမ်သစ် သမုတ်မည့် နေရာသည် သန့်ရှင်းသော မြေနေရာဖြစ်ကြောင်း ယုံကြည်စိတ်ချရမည်ဖြစ်လေသည်။
အောင်မြင်သော ဗဒ္ဓသိမ်လက္ခဏာ
သိမ်နုတ်ပြီးနောက် သန့်ရှင်းသော မြေအပြင်ဝယ် သိမ်သမုတ်သောအခါ မိမိတို့ သမုတ်သည့်သိမ်သည် အောင်မြင်သောသိမ်ဖြစ်ရန် များစွာအရေးကြီးလေသည်။ သမုတ်သောသိိမ်သည် အကြောင်းတစုံတရာကြောင့် မအောင်မြင်ပါက အကျိုးမရှိရုံမျှမဟုတ် အကျိုးမဲ့အပြစ်ပင် ဖြစ်နိုင်လေသည်။ မိမိတို့သမုတ်သော သိမ် မအောင်မြင်သည်ကို မသိပဲ အောင်မြင်သည်အထင်ဖြင့် ထိုသိမ်ပျက်၌ ရဟန်းခံမိသော ပုဂ္ဂိုလ်များလည်း ရဟန်းဖြစ်တော့မည်မဟုတ်။ ထိုအခါ သာသနာတော်ကြီးကို လွန်စွာ ထိခိုက်ပေတော့မည်။ ထို့ကြောင့် သိမ်သမုတ်သောအခါ အောင်မြင်သော သိမ်ဖြစ်ရန် များစွာ အရေးကြီးလေတော့သည်။
အောင်မြင်သော ဗဒ္ဓသိမ်၏ လက္ခဏာကို ကင်္ခ ါအဋ္ဌကထာ (၈၇)၌ (၁) ဧကာဒသဝိပတ္တိသီမာယေ အတိက္ကမိတွာ၊ (၂) တိဝိဓ သမ္ပတ္တိယုတ္တာ၊ (၃) နိမိတေ္တန နိမိတ္တံ သမ္ဗန္ဓိတွာ သမ္မတာဟု ၃- ပါးပြထားပေသည်။ မိမိတို့ သမုတ်မည့်သိမ်ကို အောင်မြင်သော ဗဒ္ဓသိမ် ဖြစ်စေလိုလျှင် (၁) သိမ်ပျက် ၁၁- လုံး အဖြစ်မှ လွတ်ကင်းစေရခြင်း၊ (၂) သမ္ပတ္တိ (ပြည့်စုံခြင်း) ၃- ပါးနှင့် ပြည်စုံစေရခြင်း၊ (၃) နိမိတ်ခြင်းစပ်အောင် နိမိတ်ကြား၍ သမုတ်ခြင်း။ ဤလိုအပ်ချက် ၃-ပါးနှင့် ညီညွတ်စေရမည်ဟု ဆိုလိုပေသည်။ ဤအင်္ဂ ါ ၃- ပါးကို ကျကျနန နားလည်အောင် ရှေးဦးစွာ အားထုတ်ရမည် ဖြစ်လေသည်။
သိမ်ပျက် ၁၁- လုံး
ထိုအင်္ဂါ ၃-ပါးတွင် ပထမအင်္ဂါ၌ပါသော သိမ်ပျက် ၁၁- လုံးကား ပါဠိတော်၌ပင်လာသော သိမ်ပျက်များတည်း။ ကံပျက်ခြင်း၏ အကြောင်း ၅-ပါးတွင် အပါအဝင်ဖြစ်သော သိမ်ကြောင့် ကံပျက်ပုံကို ပြရာဝယ် ပရိဝါ ပါဠိတော် ကမ္မဝဂ် (၃၈၁) ၌ သိမ်ပျက် ၁၁- လုံးကို ထုတ်ပြ၍ ဤသိမ်တို့ကြောင့်ကံပျက်နိုင်ကြောင်း ဟောကြားမိန့်ဆိုထားသည်ကို တွေ့ရသည်။ (ထို့ကြောင့် ထိုသိမ်ပျက်တို့၏ အဖွင့်ကို မဟာဝါ အဋ္ဌကထာမှာ အပြည့်အစုံ မတွေ့ရပဲ ပရိဝါအဋ္ဌကထာ, အင်္ခါအဋ္ဌကထာတို့မှာသာ တွေ့ရခြင်းဖြစ်သည်။)
ထိုသိမ်ပျက် ၁၁- လုံးတို့ကား-
(၁) ငယ်လွန်းသောသိမ်
(၂) ကြီးလွန်းသောသိမ်
(၃) နိမိတ်ကျိုးသောသိမ်
(၄) အရိပ်ကို နိမိတ်လုပ်သောသိမ်
(၅) နိမိတ်လုံးဝ မရှိသောသိမ်
(၆) သိမ်ပ၌တည်၍ သမုတ်အပ်သောသိမ်
(၇) မြစ်၌ သမုတ်အပ်သောသိမ်
(၈) သမုဒြာ၌ သမုတ်အပ်သောသိမ်
(၉) ဇာတဿရအိုင်၌ သမုတ်အပ်သောသိမ်
(၁၀) မိမိသိမ်ဖြင့် သူတပါးသိမ်ကို စပ်၍ သမုတ်အပ်သောသိမ်
(၁၁) မိမိသိ်မ်ဖြင့် သူတပါးသိမ်ကို လွှမ်း၍ သမုတ်အပ်သောသိမ်တို့ ဖြစ်လေသည်။
(ဆောင်) ကြီး, ငယ်, ကျိုး, ရိပ်၊ အနိမိတ်၊ ဗဟိဒ်တည်သမုတ်။
အိုင်, သမုဒ်, မြစ်, စပ်, လွှမ်းလစ်၊ ဆယ့်တသိမ်ပျက်ထုတ်။
(ဝိနယသံခိပ်)
(၁) ငယ်လွန်းသောသိမ်
ငယ်လွန်းသောသိမ်ဟူသည် ရဟန်း ၂၁ ပါး ထိုင်မနေနိုင်လောက်အောင် သေးငယ် ကျဉ်းမြောင်းသော သိမ်တည်း၊ သံဃာ့ကံတို့တွင် သံဃာ ၄- ပါး လိုအပ်သောကံ၊ ၅- ပါး၊ ၁၀- ပါး၊ အပါး ၂၀- လိုအပ်သောကံဟု အမျိုးမျိုးရှိ၏။ သိမ်ဟူသည်မှာလည်း မည်သည့် သံဃာ့ကံကိုမဆို ပြုနိုင်လောက်အောင် ကျယ်ရမည်ဖြစ်၏။ သံဃာအများဆုံး လိုအပ်သော ကံကိုပြုနိုင်လျှင် ထိုအောက်နည်းသော သံဃာလိုအပ်သည့် ကံများကိုလည်း ပြုနိုင်တော့သည်။ ထို့ကြောင့် အများဆုံးလိုအပ်သော သံဃာ ၂၀၊ ကံပြုခံရမည့် သံဃာ ၁-ပါး အားဖြင့် အနည်းဆုံး ရဟန်း ၂၁- ပါး ထိုင်နေလောက်မှသာ အောင်မြင်သော သိမ်ဖြစ်သည်။ ထို့အောက်ငယ်လျှင် “ ငယ်လွန်းသော သိမ်” ဖြစ်၍ သိမ်ပျက်ဖြစ်တော့သည်။
အဋ္ဌကထာတို့၌ “ ရဟန်း ၂၁- ပါး ထိုင်မနေလောက်လျှင် ငယ်လွန်းသောသိမ် ဖြစ်သည်” ဟု ဤမျှသာ ပြထားသည်။ ထို့ကြောင့် အလျားအနံကို မိမိတို့ဘာသာ တွက်ယူရမည်ဖြစ်၏။ ရဟန်းတပါး ထိုင်လောက်ရာ အရပ်ကို တိုင်းတာကြည့်သောအခါ ၂- ပေ ပတ်လည်ခန့် ရှိသည်ကို တွေ့ရ၏။ ထို့ကြောင့် ၂- ပေ ပတ်လည် အကွက်ပေါင်း အနည်းဆုံး ၂၁- ကွက်ရှိမှ အငယ်ဆုံး အောင်မြင်မည့်သိိမ် ဖြစ်မည်ကို မှတ်သင့်သည်။ ထို ၂၁- ကွက်ကို အတိအကျဖြစ်အောင် စီစဉ်ကြည့်လျှင် ၇- ကွက် ၃- တန်းရမည်ဖြစ်၏။ ထိုကို အလျားအနံ ပေဖွဲ့လျှင် အလျား ၁၄- ပေ, အနံ ၆- ပေ အနည်းဆုံး ရှိရမည်ဖြစ်သည်။ ၇- ကွက် ၃- တန်း မဟုတ်ပဲ ကြိုက်သလို ၂- ပေ ပတ်လည် ၂၁- ကွက် ဖြစ်အောင်လည်း စီစဉ်နိုင်သည်ပင်။
ဤသို့ တွက်ရာ၌ စတုရန်းနှင့် တွက်ခြင်းကို ရှောင်သင့်သည်၊ အဘယ်ကြောင့်ဟူမူ စတုရန်းနှင့် တွက်လျှင် စတုရန်း ပြည့်သော်လည်း ၂- ပေ ပတ်လည် ၂၁- ကွက် မရနိုင်သော အလျား အနံလည်းဖြစ်နိုင်သောကြောင့်တည်း။ ရှင်းဦးအံ့ ၂- ပေပတ်လည်ကွက်တွင် စတုရန်း ၄- ပေရှိ၏။ ထို့ကြောင့် ၂- ပေပတ်လည် ၂၁- ကွက်တွင် စတုရန်း ၈၄- ပေဖြစ်သည်။ သို့ဖြစ်ရာ အလျား ၁၂ ပေ၊ အနံ ၇-ပေ လုပ်လျှင် စတုရန်း ၈၄- ပေကား ပြည့်သည့်၊ သို့သော် ယင်းအလျားအနံတွင် ၂- ပေ ပတ်လည် ၂၁ ကွက်ရမည် မဟုတ်ပေ။ ထို့ကြောင့် စတုရန်းပေမည်ရွေ့မည်မျှဟု ဆိုခြင်းထက် ၂- ပေပတ်လည် ၂၁- ကွက်ရှိမှဟု ဆိုခြင်းက စိတ်ချရသည်ဟု မှတ်သင့်ပေသည်။
ကင်္ခါဋီကာသစ် (၁၃၆) ၌ ရဟန်းတို့ ထိုင်ပုံကို “ ပရိမဏ္႑မာ ကာရေန” ဝန်းဝိုင်းသော အခြင်းအရာဖြင့် ဟု ဆို၏။ ထိုအတိုင်းဖြစ်လျှင် အလျားအနံ မျှအောင်လုပ်ရပေမည်။ အလျားအနံလည်းမျှ၊ ၂၁- ပါးစာ အတိအကျလည်းရအောင် လုပ်ရန် ခဲယဉ်းသည်။ ထို့ကြောင့် အလျားအနံလည်းမျှအောင် အလျားလိုက် ၅- ပါး၊ ထောင်လိုက် ၅- ပါးအားဖြင့် ၂၅- ပါးထိုင်လောက်ရာကို သတ်မှတ်လျှင် ၁၀- ပေပတ်လည်ဖြစ်လေသည်။ ထို့ကြောင့် ကင်္ခါဋီကာသစ်အလို ၁၀- ပေပတ်လည် အနည်းဆုံး ရှိရမည်ဟု သတ်မှတ်သင့်ပေသည်။
လက်တွေ့တွင် ဤမျှသေးငယ်သော သိမ်ကို သမုတ်ကြသည်ကား မဟုတ်ပေ။ သို့သော် ကျမ်းဂန်၌ ရှိသောကြောင့် အသေးဆုံးသိမ်ပမာဏကို မှန်းဆနိုင်ရန် တွက်ချက်၍ ပြရခြင်း ဖြစ်ပေသည်။
(၂) ကြီးလွန်းသောသိမ်
တဆံခြည်ဖျားမျှဖြင့်သော်လည်း ၃- ယူဇနာကိုလွန်၍ သမုတ်အပ်သောသိမ်ကို “ ကြီးလွန်းသောသိမ်” ဟု ခေါ်၏။ ထို့ကြောင့် အောင်မြင်သောသိမ်၏ အကြီးဆုံးပမာဏမှာ ၃- ယူဇနာဟု မှတ်အပ်၏။ ဤ၌ ၃- ယူဇနာ သတ်မှတ်ခြင်းမှာလည်း ဥပေါသထက္ခန္ဓကလာ မြတ်စွာဘုရား၏ ပညတ်တော်မူချက်ကြောင့် ဖြစ်လေသည်။
ချဲ့ဦးအံ့- သိမ်သမုတ်ခြင်းကို မြတ်စွာဘုရား ခွင့်ပြုတော်မူလေသည်ဆိုလျှင်ပင် ဆဗ္ဗီရဟန်းတို့သည် ၄- ယူဇနာ, ၅- ယူဇနာ, ၆- ယူဇနာကျယ်သောသိမ်တို့ကို သမုတ်ကြတော့သည်။ ဥပုသ်ပြုရန်လာသော ရဟန်းတို့သည် ဥပုသ်ပြုသည့်နေရာ ဝေးလွန်းသည့်အတွက် ပါတိမောက် ပြနေစဉ်မှလည်း ရောကလာကြ၏။ ပြီးခါစမှာလည်း ရောက်လာကြ၏။ ပါတိမောက်ပြသည်ကို လုံးဝမမှီပဲလည်းရှိကြ၏ ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်လာသောအခါ မြတ်စွာဘုရားက “ ၄- ယူဇနာရှိသော, ၅- ယူဇနာ, ၆- ယူဇနာရှိသော ကြီးလွန်းသော သိမ်များကို မသမုတ်ရ။ မဟုတ်လျှင် ဒုက္ကဋ် အာပတ်သင့်စေ” ဟု မိန်တော်မူ၍ အလွန်ဆုံး ၃- ယူဇနာရှိသောသိမ်ကိုသာ သမုတ်ရန် ခွင့်ပြုတော်မူလေသည်။ (မဟာဝါပါဠိတော်၊ ၁၄၄- ၅)။
ထိုပညတ်တော်အရပင် ၃- ယူဇနာထက်အနည်းဆုံး ဆံခြည်တမျှင်စာမျှ ပိုလွန်သောသိမ်ကို ကြီးလွန်းသော သိမ်ပျက်ဖြစ်သော သိမ်ဟုဆိုရကြောင်း အဋ္ဌကထာဆရာ ဖွင့်ပြတော်မူခြင်းဖြစ်လေသည်။ အဋ္ဌကထာ၌ “ တဆံခြည်ဖျားမျှဖြင့်သော်လည်း” ဟု ဆိုသောစကားမှာလည်း ၃- ယူဇနာအတိုင်းအတာကို မည်သည့်နည်းနှင့်မျှ မကျော်လွန်ရသည်ကို လေးနက်အောင် ဆိုသောစကားသာ ဖြစ်လေသည်။ လက်တွေ့တိုင်းတာရာတွင်မူ တဆံခြည်လွန်သည်, မလွန်သည်ကို သိနိုင်ရန် ခဲယဉ်းဘိတောင်း၊ ထို့ကြောင့် ၃- ယူဇနာရှိသော သိမ်ကို အကယ်၍ သမုတ်လိုပါမူ ၃- ယူဇနာအောက် အတော်အတန်လျော့၍ သမုတ်သင့်သည်။ သို့မှ စိတ်ချရမည်ဖြစ်သည်။
၃- ယူဇနာဟူရာ၌ ၄-ထောင့်သိမ်ဖြစ်လျှင် အလျား ၃- ယူဇနာ အနံ ၃- ယူဇနာဖြစ်ရမည်။ ၃- ထောင့်သိိမ်ဖြစ်လျှင် ထောင့်တခုမှ တခုသို့ ၃- ယူဇနာထက် လွန်စေ၍ သိိမ်သမုတ်အံ့။ သမုတ်သော ရဟန်းများလည်း အာပတ်သင့်၍ သိမ်လည်းမအောင်ပဲ သိမ်ပျက်ဖြစ်တော့သည်။ (မဟာဝါ၊ ဋ္ဌ၊ ၃၂၇)။
(၃) နိမိတ်ကျိုးသောသိမ်
နိမိတ်ကျိုးသောသိမ်ကား ၂- မျိုးရှိသည်၊ ထိုတွင် ပထမ အမျိုးအစားမှာ နိမိတ်ချင်းစပ်အောင် မကြားပဲ သမုတ်အပ်သော သိမ်မျိုးတည်း။ သိမ်ကို အရှေ့အနောက် တောင်မြောက်၌ နိမိတ်တခုစီထား၍ သမုတ်သည်ဆိုကြပါစို့၊ နိမိတ်ကြားသောအခါ အရှေ့နိမိတ်ကို ရှေးဦးစွာကြား၍ အစဉ်အတိုင်းလှည့်ကာ တောင်, အနောက်, မြောက်နိမိတ်တို့ိကိုကြားပြီး တဖန် အရှေ့နိမိတ်ကိုထပ်၍ စပ်သွားအောင် မကြားပဲသမုတ်လျှင် ထိုသိမ်သည် နိမိတ်ကျိုးသော သိမ်ဖြစ်၍ သိိမ်ပျက်ဖြစ်လေတော့သည်။ (နိမိတ်ခန်း၌ အကျယ်တွေ့ရဦး လတ္တံ့)။
ဒုတိယအမျိုးအစားကား နိမိတ်လောက်သော နိမိတ်များအကြား၌ နိမိတ်မလောက်သော နိမိတ်ဝတၳုကိုဖြစ်စေ, နိမိတ်မလုပ်ကောင်းသော ဝတၳုကိုဖြစ်စေ နိမိတ်အဖြစ်ထား၍ ကြားပြီး သမုတ်အပ်သော သိမ်တည်း။ ဥပမာ- နိမိတ်အများဖြင့် သမုတ်ရာ၌ အခြားနေရာတို့ဝယ် နိမိတလောက်သော သစ်ပင်ကို နိမိတ်လုပ်၍ တနေရာ၌ဖြစ်စေ, နှစ်နေရာ၌ဖြစ်စေ နိမိတ်မလောက်သောသစ်ပင်ကို နိမိတ်လုပ်၍သော်လည်းကောင်း, သဲပုံစသော နိမိတ်မလုပ်ကောင်းသော အရာကို နိမိတ်လုပ်၍သော်လည်းကောင်း, သမုတ်လျှင် ထိုသိမ်လည်း နိမိတ်ကျိုးသောသိမ် ဖြစ်တော့သည်။
ဤနေရာ၌ စဉ်းစားဖွယ်ရှိသည်၊ နိမိတ်အရေအတွက်ကို အနည်းဆုံး ၃- ခုရှိလျှင် အပ်သည်ဟု အဋ္ဌကထာတို့၌ဆိုသည်။ ထို့ကြောင့် နိမိတ် ၃- ခုဖြင့် သမုတ်ရာ၌ နိမိတ်တခုပျက်ခဲ့သော် ထိုသိမ်ပျက်မည်မှာ သေချာလှ၍ ပြဿနာဖြစ်ဖွယ်မရှိ။ နိမိတ် ၄- လုံး, ၅- လုံး စသည်ဖြင့် သမုတ်ရာ၌ကား နိမိတ်တခု ပျက်ခဲ့သော် အဘယ်သို့ မှတ်ရမည်နည်း။ ထိုသိမ်ကို နိမိတ်ကျိုးသောသိမ်ဟု ဆိုရမည်လော, မဆိုရဘူးလောဟူမူ, “ ထိုသိမ်မျိုး၌ နိမိတ်လောက်သော နိမိတ် ၃- ခု စသည် ကျန်သောကြောင့် နိမိတ်ကျိုးသည် မဟုတ်ဟု သိအပ်သည်။ အဋ္ဌကထာတို့၌ကား သာမညအားဖြင့် ဆိုအပ်သည်။ ထို့ကြောင့် ဆင်ခြင်၍ယူပါ” ဟု ကင်္ခါဋီကာသစ် (၁၃၇) ၌ မိန့်သည်။
ကင်္ခ ါဋီကာသစ်၏ အဆိုကို လက်ခံသော ဆရာတို့လည်းရှိသလို မနှစ်သက်သော ဆရာတို့လည်းရှိလေသည်။ သိမ်မျိုးစုံ မဟာဋီကာကျမ်း (၂၆၁) ၌ “ မန္တလေး စံကျောင်းဆရာတော်, စလင်းဆရာတော်တို့ကား ကင်္ခ ါဋီကာသစ်စကား အဋ္ဌကထာနှင့် မညီ၍ ဆင်ခြင်ရန်ရှိသည်” ဟု မိန့်တော်မူကြကြောင်း ပြဆိုထားလေသည်။ နဂိုက နိမိတ် ၈- ခုဖြင့် သမုတ်သည်ဖြစ်လျှင် ၈- ခုလုံး အောင်မှ သိမ်လည်းအောင်မြင်မည်၊ ၈- ခုဖြင့် သမုတ်ရင်းမှ တခုပျက်ခဲ့သော် ၇- ခုကျန်သော်လည်း အောင်မြင်သောသိိမ်ဖြစ်မည် မဟုတ်ဟုလည်း ဆရာတော်အများ အမိန့်ရှိသည်ကို နာခံရဖူးပါသည်။ ထို့ကြောင့် ဤကဲ့သို့သော အရာမျိုးတွင် မည်သို့ဖြစ်စေ စိတ်ချရသည့်ဘက်သို့ လိုက်၍ လက်တွေ့ကျင့်သုံးခြင်းသာ နောင်သံသယဖြစ်စရာ မရှိ၍ ကောင်းပေသည်။
(၄) အရိပ်ကိုနိမိတ်လုပ်သောသိမ်
ဤသိမ်ကား နိမိတ်လုပ်နိုင်သော ဝတၳု ၈- မျိုးတွင် အပါအဝင်မဟုတ်သော တောင်ရိပ်စသော အရိပ်တို့တွင် တခုခုကို နိမိတ်လုပ်၍ သမုတ်အပ်သောသိမ်တည်း။ အရိပ်ဟူသည်မှာ တနေရာတည်း၌ တည်ရှိနေသည်မဟုတ်၊ အမြဲတမ်း ရွှေ့နေသည်ဖြစ်သောကြောင့် အရိပ်ကို နိမိတ်မလုပ်ရခြင်း ဖြစ်ဟန်တူသည်။
(၅) နိမိတ်လုံးဝမရှိသောသိမ်
ဤအမှတ် ၅- သိမ်ကား အခြင်းခပ်သိမ်းနိမိတ်တို့ကို မထားမကြားပဲ သမုတ်အပ်သောသိမ်တည်း။ နိမိတ်ဟူသည် နယ်ခြားအမှတ်အသားပင်ဖြစ်၏။ နိမိတ်မရှိလျှင် မည်သည့်နေရာ၌ သိမ်ဖြစ်သည်ပြောရန်ပင် မဖြစ်နိုင်တော့၍ ဤသိမ်မျိုးမှာ သိမ်ပျက်ပင် ဖြစ်ရတော့သည်။
(၆) သိမ်ပ၌တည်၍ သမုတ်အပ်သောသိမ်
သိမ်ပ၌တည်၍ သမုတ်အပ်သောသိမ်ဟူသည် နိမိတ်တို့ကိုကြားပြီးနောက် နိမိတ်တို့၏ အပြင်ဖက်ကနေ၍ သမုတ်အပ်သောသိမ်တည်း။ ကမ္မဝါဖတ်၍ သမုတ်သောရဟန်းတို့က နိမိတ်အပြင်ဘက်ရောက်နေသဖြင့် ဤသိမ်လည်း သိမ်ပျက်ဖြစ်ရသည်။ ထို့ကြောင့်ပင် ကျောင်းတိုက်တခု၌ ခဏ္႑သိမ်, မဟာသိိမ်နှစ်မျိုးလုံး သမုတ်သောအခါ “ ခဏ္႑သိမ်၌နေ၍ မဟာသိမ်ကို မသမုတ်ရ၊ မဟာသိမ်၌နေ၍ ခဏ္႑သိမ်ကို မသမုတ်ရ” ဟု အဋ္ဌကထာ၌ မိန့်ဆိုခြင်း ဖြစ်လေသည်။ (ခဏ္႑သိမ်, မဟာသိိမ်အကြောင်း လာလတ္တံ့ကထာတို့၌ ထင်ရှားလတ္တံ့) ဤ၌ ကမ္မဝါဖတ်၍ သမုတ်သည်ကိုသာ ဆိုသဖြင့် နိမိတ်ကြားရာတွင်မူ အတွင်းဖြစ်စေ၊ အပြင်၌ဖြစ်စေနေ၍ ကြားနိုင်သည်သာ။
(ကင်္ခ ါဋီကာသစ်၊ ၁၃၇)
  (၇- ၈- ၉) မြစ်, သမုဒြာ, ဇာတဿရအိုင်၌ သမုတ်အပ်သောသိမ်များ
“ အလုံးစုံသောဖြစ်သည် သိမ်မဟုတ်၊ အလုံးစုံသော သမုဒြာသည် သိမ်မဟုတ်၊ အလုံးစုံသော ဇာတဿရအိုင်သည် သိမ်မဟုတ်” ဟု ဘုရားရှင် ဟောတော်မူချက်ရှိသောကြောင့် မြစ်, သမုဒြာ, ဇာတဿရအိုင်တို့၌ သိမ်သမုတ်သော်လည်း သိမ်မဖြစ်သည်သာ၊ သမုတ်သော်လည်း သမုတ်အပ်သည် မမည်ဟူလို။
ဤမြစ်, သမုဒြာ, ဇာတဿရအိုင်တို့၌ သမုတ်အပ်သော သိမ်တို့ကို သိမ်ပျက်ဟု ဆိုရခြင်းမှာ ယင်းတို့၌ သမုတ်အပ်သော်လည်း ဗဒ္ဓသိ်မ်မဖြစ်သည်ကို ရည်ရွယ်၍ဆိုခြင်းဖြစ်၏။ ယင်းတို့၌ လုံးဝ ကံပြု၍မရဟု ဆိုလိုသည်မဟုတ်။ ယင်းတို့ကား ကမ္မဝါစာဖြင့် မသမုတ်ရပဲ မိမိအလိုလိုပင် (ရေတကျအတွင်း) သိမ်ဖြစ်နေသော အရပ်တို့တည်း။ ထိုကြောင့် မြစ်, သမုဒြာ, ဇာတဿရအိုင်တို့၌ ဥဒကုကေ္ခပသိမ် (ရေတကျသိမ် (ဝါ) ရေသိမ်) အဖြစ်ဖြင့် သိမ်သမုတ် ကံမှတပါးသော သံဃာ့ကံအားလုံးကို ပြုကောင်းသည်သာဟု မှတ်အပ်ပေသည်။ ဤ၌ ဇာတဿရအိုင်ဟူသည် မည်သူကမျှ ပြုလုပ်အပ်သည် မဟုတ်ပဲ အလိုလို ဖြစ်နေ၍ ထက်ဝန်းကျင်မှ စီးဝင်လာသော ရေဖြင့် ပြည့်နေသော အိုင်တည်း။
(၁၀) စပ်၍ သမုတ်သောသိမ်
ဤသိမ်နှင့် ပတ်သက်၍ မဟာဝါအဋ္ဌကထာ (၃၃၇) ကင်္ခ ါ အဋ္ဌကထာ (၈၈) တို့၌ ဤသို့ဖွင့်ပြကြည်။
“ ကျောင်းဟောင်း၏ အရှေ့ဖက်၌ သရက်ပင်နှင့် သပြေပင်တို့ အချင်းချင်းရောယှက်သော အကိုင်းရှိကုန်အ့ံ။ ထိုတွှု် သရက်ပင်၏ အနောက်ဖက်၌ သပြေပင်ရှိအံ့။ ကျော်ငးဟောင်း၏သိမ် (မဟာသိိမ်) ကိုလည်း သပြေပင်ကို အတွင်းသွင်း၍ သရက်ပင်ကို နိမိတကြား၍ ဖွဲ့အပ်သည်ဖြစ်အံ့။ ထို့နောက် ထိုကျောင်းဟောင်း၏ အရှေ့ဘက်၌ ကျောင်းသစ်တည်၍ သိမ် (ထိုကျောင်းသစ် မဟာသိမ်) ကိုဖွဲ့သော ရဟန်းတို့သည် သရက်ပင်တို့ကို အတွင်းပြု၍ သပြေင်ကို နိမိတ်ကြား၍ ဖွဲ့ကုန်အံ့။ သိမ်ချင်း (မိမိသိမ်ဖြင့် သူတပါးသိမ်ကို) စပ်အပ်သည်မည်၏”။
(၁၁) လွှမ်း၍ သမုတ်အပ်သောသိမ်
“သူတပါးတို့၏ ဗဒ္ဓသိမ်ကို အကုန်လုံးဖြစ်စေ, ယင်း၏ တစိတ်တပိုင်းကိုဖြစ်စေ အတွင်းသွင်း၍ မိမိသိမ်ကို သမုတ်လျှင်” သိမ်ချင်း (မိမိသိမ်ဖြင့် သူတပါးသိမ်ကို) လွှမ်းမိုးအပ်သည်မည်ကြောင်း ဆိုခဲ့ပြီးအဋ္ဌကထာတို့၌ မိန့်သည်။ အဋ္ဌကထာတို့၌ ဤမျှသာဆိုသဖြင့် စပ်သိမ်နှင့် လွှမ်းသိမ် (သမေ်ဘဒနှင့် အဇေ္ဈာတၳရဏ) တို့ အထူးမှာ မထင်ရှားပဲရှိနေသည်။ ထိုကိုထင်ရှားအောင် ဋီကာဆရာတော်တို့က ဆက်၍ ဖွင့်ပြကြသည်။ ထိုဋီကာတို့၏ အာဘော်ကား ဤသို့တည်း။
သမေ်ဘဒသိမ်အဖွင့်၌ အဋ္ဌကထာတို့ဝယ် “ရောယှက်သော အကိုင်းရှိကုန်အံ့” ဟူသော စကားဖြင့် ထိုသစ်ပင်တို့ကို တပင်နှင့်တပင် အလွန်းနီးသည်ကို သိစေသည်။ သစ်ပင်နှစ်ပင်တို့ အလွန်နီးသည်ဆိုသဖြင့် ထိုနှစ်ပင်အကြားအရပ်သည် ရဟန်းလေးပါး ထိုင်နိုင်လောက်အောင် မကျယ်ဟုလည်း ဆိုလိုရာရောက်သည်။ “ရောယှက်သော အကိုင်း” ဟုသာ ဆိုသဖြင့် ပင်စည်ချင်းကား မရောယှက်, မထိစပ်၊ ပင်စည်ချင်း မထိစပ်သောကြောင့် တပင်ကိုအတွင်းပြု၍ တပင်ကို နိမိတ်ကြားနိုင်ခြင်းဖြစ်သည်။ အကယ်၍ ထိစပ်နေပါမူ တစပ်တည်းဖြစ်နေ၍ မည်သည့်ပင်ကိုပင် နိမိတ်ကြားသည်ဖြစ်စေ နှစ်ပင်လုံးပင် သိိမ်မှအပ ဖြစ်ရာသည်။ အဇေ္ဈာတ္တရဏကိုပြရာ စကားရပ်၌လည်း “ တစိတ်တပိုင်း”အရ သစ်ပင်နှစ်ပင်ကြားအရပ်ထက်ကျယ်သော အရပ်ကို ယူရမည်။ သို့ယူမျ အဋ္ဌကထာ စကားနှစ်ရပ် သန့်ရှင်းမည်။
ထို့ကြောင့် “ရဟန်းလေးပါး ထိုင်နေလောက်အောင် ကျယ်သောအရပ်နှင့် ယင်းမှအထက် သိမ်ဟောင်းကို အကုန်လုံးအထိ အတွင်းပြု၍ သမုတ်လျှင်လွှမ်း၍ သမုတ်အပ်သောသိမ်, ရဟန်းလေးပါး ထိုလောက်အောင်ကျယ်သော အရပ်မှ အောက်တဆံခြည်ဖျားမျှအထိ သိမ်ဟောင်းကို အတွင်းပြု၍ သမုတ်လျှင် စပ်၍ သမုတ်အပ်သော သိမ်” ဟု ခွဲခြားရမည်ဟူလို (သာရတ္တတ၊ ၂၇၅။ ဝိမတိ၊ ဒု၊ ၁၆၈။ ကင်္ခ ါဋီကာ သစ်၊ ၁၃၇။ ဝိနယာလင်္ကာရ၊ ပ၊ ၃၄၄)။
သာရတၳ, ကင်္ခ ါဋီကာသစ်တို့၌ “ ရဟန်းတို့တည်၍ ကံပြုလောက်သောနေရာ” ဟုသာဆို၍ ၄- ပါးဟု အတိအကျမဆို၊ သို့သော ရဟန်း ၄- ပါး အနည်းဆုံးရှိမှ သံဃာ့ကံပြုနိုင်သည် ဖြစ်ရကား ရဟန်း ၄- ပါးဟု ဝိမတိဆိုသည်နှင့် အတူတူပင်ဖြစ်တော့သည်။ ဤဋီကာတို့အဆိုကို မနှစ်သက်သော ဆရာတော်တို့လည်း ရှိကြသည်။ ယင်းဆရာတော်တို့ကား “တစိတ်တပိုင်း” ဆိုသော စကားအရ တဆံခြည်ဖျားမှ အထက်ကိုယူရမည်၊ ထို့ကြောင့် “သိမ်ချင်းထိရုံမျှ ဖြစ်လျှင် သမေ်ဘဒ၊ အယုတ်သဖြင့် တဆံခြည်ဖျားမျှပင် လွှမ်းမိုးကျုးကျော်လျှင် အဇေ္ဈာတၳရဏ” ဟု မိန့်တော်မူကြသည်။
ဤသို့စပ်၍, လွှမ်း၍ သမုတ်ရာ၌ အစပ်, အလွှမ်းခံရသော သိမ်ဟောင်းကား ပျက်မသွားပေ။ စပ်သော, လွှမ်းသော အသစ်သမုတ်အပ်သော သိမ်သာ သိမ်ပျက်ဖြစ်လေသည်။ ထို့ကြောင့်ပင် ဤအဖြစ်နှစ်ပါးနှင့်တကွ သီမာသင်္ကရ (သိမ်ချင်းရောသော) အပြစ်ပါကင်းစင်စေခြင်းငှာ သိမ်မသမုတ်မီ သိမ်နုတ်ရခြင်း, နုတ်သောအခါလည်း အထပ်ထပ်နုတ်ရခြင်း, ချဲ့၍ နုတ်ရခြင်းအမှုများကို ပြုကြရခြင်းဖြစ်ပေသည်။
ဤသို့လျှင် ဆိုခဲ့ပြီး သိမ်ပျက် ၁၁- မျိုးမဖြစ်စေဘဲ အောင်မြင်သော သိမ်ဖြစ်အောင် သမုတ်အပ်လေသည်။ ထိုသို့မဟုတ်လျှင် အောင်မြင်သော ဗဒ္ဓလက္ခဏာအမျတ်(၁) နှင့် ကိုက်ညီ ပြည့်စုံလေတော့သည်။

ရှင်သီလာနန္ဒာဘိဝံသ (D.Litt.)
အဂ္ဂမဟာမဏ္႑ိတ- အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ
ပါမောက္ခချုပ်ဆရာတော်
အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်
သိမ်သင်တန်း စာအုပ်မှ ကူးယူဖော်ပြပါသည်။


No comments:

Post a Comment